အခန်း (၂၅၅၄-၂၅၅၆)
Vol. 107 Ch. 2554-2556
အပိုင်း (၂၅၅၄)
ရန်ကိုင်၏ရုပ်ခွန်အားမှာ အလွန်ကိုမှ အားကောင်းနေသည့် အတွက်ကြောင့် ဖြစ်သလို တစ္ဆေဘုရင်၏ စွမ်းအားမှာလည်း ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ စားသုံးမှုကြောင့် လျော့ကျနေရသည့် အတွက်ကြောင့်သာ မဟုတ်ပါက ထိုတိုက်ကွက်သည် ရန်ကိုင့်၏ အသက်အား ခြွေယူသွားလောက်ပေသည်။ လက်ရှိ ရန်ကိုင်သည် သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်မနေရပါသော်ငြား သူရထားသည့် ဒဏ်ရာမှာတော့ အတော်လေးကိုမှ ပြင်းထန်လွန်းလှသည်။ ဒဏ်ရာတစ်ဝိုက်တွင် အနက်ရောင်စွမ်းအားများ ရစ်သိုင်းနေပြီး သူ့အသွေးအသားများကို တတိတိနှင့် တိုက်စားနေလေသည်။ ထို့အပြင် ထိုအနက်ရောင်စွမ်းအင်ကြောင့်ပင်လျှင် ရန်ကိုင်၏ ဒဏ်ရာမှာ သူ့အလိုလို ပြန်မကောင်းနိုင်တော့ချေ။
ဤသည်မှာ ရှင်းထုတ်ပစ်ရန် အလွန်တရာကိုမှ ခက်ခဲလှသော တစ္ဆေဘုရင်၏ ယင်စွမ်းအင်သာ ဖြစ်လေသည်။
“ဒီကောင် မသေသေးတာလား…” ယင်လဲ့ရှန်း အထိတ်တလန့် ထအော်လေသည်။ ဤမျှ အားကောင်းလှသည့် တိုက်ကွက်ဖြင့် တိုက်ခိုက်ခံရပြီးသည့်တိုင် မသေသေးသည့် ရန်ကိုင်ကိုကြည့်ရင်း ယင်လဲ့ရှန် သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
ထို့အပြင် ရန်ကိုင့်နောက်တွင် ပေါ်လာသည့် နဂါးပုံရိပ်ယောင်နှင့် ပတ်သက်၍လည်း ထိတ်လန့်နေရပေသေးသည်။ ထိုအရာသည် တကယ်ကြီး နတ်သားရဲတစ်ကောင်၏ ဝိဉာဉ်များ ဖြစ်နေလေမလား။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက်တွင် ယင်လဲ့ရှန်း၏ခြေထောက်များ တုန်ရီသွားခဲ့လေသည်။
“ငါ ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး…” လင်းအာက အံကိုတင်းတင်းကြိတ်ရင်း လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေသည်။
သူမ၏ကျင့်ကြံခြင်းဖြင့် ထိုင်းရီပန်းကန်လုံးအား ဤမျှကြာအောင် ထိန်းချုပ်ထားနိုင်သည်မှာ အတော်လေးကိုမှ ချီးကျူးဖွယ်ကောင်းနေပေပြီ။ ထို့အပြင် ထိုကဲ့သို့ ထိန်းချုပ်နေစဉ်အတောအတွင်း ရန်ကိုင့်ဆီမှ ဖြာထွက်လာသော နဂါးဖိအား၏ ဖိနှိပ်မှုကိုလည်း ခံခဲ့ရပေသေးသည်။ ထို့အတွက်ကြောင့် လင်းအာမှာ ဤဧကရာဇ်အဆင့် မှော်ရတနာကို အချိန်အကြာကြီး ဆက်၍ ထိန်းမထားနိုင်တော့ချေ။
ထိုစကားကိုကြားသော် ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့ နှစ်ဦးစလုံး တုန်လှုပ်သွားကုန်ကြလေ၏။ အနည်းငယ်မျှပင် ဆက်၍ နှောင့်နှေးမနေရဲတော့ဘဲ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်ကာ တစ္ဆေဘုရင်အား နောက်တစ်ကြိမ် တိုက်ခိုက်ရန် ညွှန်ကြားလိုက်ပြန်လေသည်။
သခင်မလေးလင်းအာ၏ အကူအညီဖြင့် ရန်ကိုင့်အား ဤအတိုင်းအတာထိရောက်အောင် ဖိနှိပ်နိုင်ခဲ့ရသည်။ ယခုနေသာ ရန်ကိုင့်အား မသတ်နိုင်ခဲ့ပါက အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားရပေလိမ့်မည်။
“မင်းတို့အားလုံး သေပြီသာမှတ်ပေတော့…” ရန်ကိုင်သည် သူ့အား ချုပ်နှောင်ထားသည့် သစ်ကိုင်းများလက်မှ အတင်းအကြပ် ရုန်းထွက်တော့လေသည်။
အက်ကွဲသံများနှင့်အတူ ရန်ကိုင့်အား ချုပ်နှောင်ထားသည့် သစ်ကိုင်းများ တစ်ကိုင်းပြီးတစ်ကိုင်း ကျိုးကြေကုန်လေသည်။
လင်းအာ အလန့်တကြား ထအော်လေသည်။ သစ်ကိုင်းများ ပျက်စီးသွားသည့်အခါ တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရသည့်အလား။ ထို့အပြင် ဘေးပတ်ဝန်းကျင်တစ်ခွင်လုံးအား ပိတ်လှောင်ထားသော အဖြူရောင် အလင်းစက်ကွင်းမှာလည်း ပျောက်ကွယ်သွားခဲ့ပြီး ထိုင်းရီပန်းကန်လုံးသည် အရွယ်အစား ပြန်သေးသွားလျက် လင်းအာ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ဧကရာဇ်အဆင့်မှော်ရတနာ၏ ဖိနှိပ်မှု မရှိတော့သည့်နောက်တွင် လှုပ်ရရှားရ ပို၍ လွတ်လပ်ပေါ့ပါးလာသလို ရန်ကိုင် ခံစားလိုက်ရလေသည်။
ယခုအခါမှသာလျှင် ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား ပိတ်လှောင်ထားသော အဖြူရောင်အလင်းစက်ကွင်းမှာ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်နေမှန်း သိသွားခဲ့ရတော့သည်။
တစ္ဆေဘုရင်သည် ရန်ကိုင့်ဆီသို့ ပြေးဝင်လာနေ၏။ သို့သော်ငြား ရန်ကိုင်က ထိုတစ္ဆေဘုရင်ကို မမြင်သည့်အလား အလေးအနက်အမူအယာဖြင့် ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်လျက် လက်ကွက်များကိုသာ ဖန်တီးလိုက်လေသည်။
“အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်…”
အချိန်ကုန်လွန်ခြင်းစည်းတံဆိပ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အချိန်သည် အေးခဲသွားတော့မယောင် ဖြစ်သွားခဲ့ရသည်။
ထိုစည်းတံဆိပ်သည် ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်ဆီသို့ တိုးဝင်သွားလေ၏။ သို့သော်ငြား ထိုနှစ်ဦးမှာမူ ထိုအချက်ကို လုံးဝ သတိမထားမိဘဲ ရှေ့တည့်တည့်သို့သာ မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း နှစ်ပေါင်းထောင်နှင့်ချီကာ ကုန်ဆုံးသွားသည့်အလား နှစ်ဦးစလုံး အသိပြန်ဝင်လာချိန်တွင် အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်မှာ သူတို့ဆီသို့ ရောက်နေခဲ့လေပြီ။
ယင်လဲ့ရှန်း သွေးပျက်တုန်လှုပ် ခြောက်ခြားသွားခဲ့လေ၏။ လက်ကွက်များကို အရူးအမူး ဖန်တီးလိုက်ပြီး သွေးအဆီအနှစ်တစ်စက်ကို အလျင်စလို ထွေးထုတ်လိုက်ပြီးသည့်နောက် အော်ပြောလိုက်လေသည်။ “ဂိုဏ်းတူဦးလေး ထိန်းထားဦး…”
ထို့နောက်တွင် ယင်လဲ့ရှန်းသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်သုံးလျက် မြန်နိုင်သမျှ မြန်အောင် ထွက်ပြေးတော့လေသည်။ တစ်ချိန်တည်းတွင် သူ၏ ကျင့်ကြံခြင်းမှာလည်း စတင်၍ ယုတ်လျော့လာတော့လေသည်။ မကြာသေးခင်ကမှ ဧကရာဇ်အဆင့်သို့ ရောက်ရှိထားသော သူ့ကျင့်ကြံခြင်းမှာ စတင်၍ လျော့ကျလာခဲ့သည်။
သူထုတ်သုံးသွားသော ပညာရပ်သည် သူကိုယ်တိုင်ကိုလည်း အကြီးအကျယ် ထိခိုက်စေသည့်ပုံပင်။
“မင်း…” ဟွာဖေးချန်မှာ ဒေါသလည်းထွက် ယူကျုံးမရလည်း ဖြစ်မိသည်။ ယင်လဲ့ရှန်း မည်ကဲ့သို့သော ပညာရပ်အား ထုတ်သုံးသွားသလဲ ဆိုသည်ကို အခြားသူများ သိလိမ့်မည်မဟုတ်သော်ငြား သူကတော့ သိပေသည်။
ယင်လဲ့ရှန်းသည် သူ့ကျင့်ကြံခြင်းသူ ပြန်လည်ဖြတ်တောက်လိုက်ခြင်း ဖြစ်ပေသည်။ သူ့ကျင့်ကြံခြင်းအား ဖြတ်တောက်လိုက်သည်နှင့် တစ်ပြိုင်နက် သူနှင့် မရဏငရဲခန်းအလံတိုင်ကြားမှ ဆက်သွယ်ချက်ကိုလည်း ဖြတ်တောက်ပစ်လိုက်သည်။ ဤနည်းဖြင့် ယင်လဲ့ရှန်းအဖို့ တစ္ဆေတစ်သောင်းကိုက်ချက် ဘေးထွက်ဆိုးကျိုးကို ခံစားရစရာ မလိုတော့ချေ။ သို့သော်ငြား ထိုကဲ့သို့ လုပ်လိုက်ခြင်းဖြင့် မရဏဂိုဏ်းတွင် သူ နှစ်ပေါင်းများစွာကြာအောင် ကြိုးစားအားထုတ်ခဲ့ရသော ကျင့်ကြံခြင်းအားလုံးကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။ ယင်လဲ့ရှန်းအနေဖြင့် ပထမဆုံးအဆင့်မှနေ၍ ပြန်လည်စတင်ရမည်ဖြစ်ကာ သူ့အုတ်မြစ် ထိခိုက်သွားနိုင်ချေမှာလည်း အလွန်ကိုမှ များပေသည်။
သူ့ဂိုဏ်းတူတူလေး၏ ရန်သူကို သတ်ဖြတ်ပေးနိုင်ရန်အတွက် ဟွာဖေးချန်သည် သူကိုယ်တိုင် ရောက်လာရုံမက ဂိုဏ်းသားအယောက်နှစ်ဆယ်ကျော်ကိုပါ ခေါ်လာခဲ့လေသည်။ သို့သော်ငြား ဤကဲ့သို့သော သေရေးရှင်ရေးအခြေအနေမျိုးတွင် ယင်လဲ့ရှန်းသည် အကုန်လုံးကို ပစ်ထားကာ တစ်ကိုယ်တည်း ထွက်ပြေးသွားခဲ့သည်။ ဟွာဖေးချန် ဒေါသမထွက်ဘဲ ဘယ်နေမည်နည်း။
ဟွာဖေးချန်မှာ ဒေါသထွက်လွန်းသဖြင့် သွေးပင် ထိုးအန်တော့မလို ဖြစ်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင်လည်း ဤကဲ့သို့ ကျေးဇူးမသိတတ်သည့် မြေခွေးတစ်ကောင်ကို မွေးမြူမိခဲ့သည့်အပေါ် ကြိတ်၍လည်း နောင်တရနေမိလေသည်။ ဤကိစ္စကို ကြိုမမြင်ခဲ့သည့် သူ့ကိုယ်သူလည်း ပြန်၍အပြစ်တင်မိလေသည်။ သူ့စိတ်ထဲ ထိုကဲ့သို့ အတွေးများနေစဉ်မှာပင် အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်သည် ဟွာဖေးချန်အား ထိမှန်သွားခဲ့လေသည်။
သို့သော်ငြား ဟွာဖေးချန်၏အကူအညီကြောင့် ယင်လဲ့ရှန်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ထို့နောက်တွင် နှစ်ထောင်ပေါင်းများစွာ တမုဟုတ်ချည်း ကုန်ဆုံးသွားသည့်အလား ဟွာဖေးချန်၏အရေပြားမှာ စတင်၍ တွန့်လိမ်လာခဲ့ပြီး သူ့အသက်စွမ်းအင်မှာလည်း အလျင်အမြန် ယုတ်လျော့လာခဲ့လေသည်။
“ကျေးဇူးမသိတတ်တဲ့ ခွေးသူတောင်းစား…” ဟွာဖေးချန်သည် ယင်လဲ့ရှင်း ထွက်ပြေးသွားသည့်ဘက်ဆီသို့ ကြည့်ရင်း အံကိုကြိတ်ကာ အော်ဆဲလိုက်လေသည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျသွားကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားခဲ့လေ၏။
အချိန်ကုန်လွန်ခြင်းစွမ်းအားမှာ သူ့ခန္ဓာကိုယ်ကို တတိတိနှင့် တိုက်စားနေလေရာ ဟွာဖေးချန်အနေဖြင့် အနှေးနှင့်အမြန်ဆိုသလို သေရပေတော့မည်။
ဟွာဖေးချန်နှင့် ယင်လဲ့ရှန်းတို့၏ ထိန်းချုပ်မှု မရှိတော့သည့်အတွက်ကြောင့် တစ္ဆေဘုရင်မှာလည်း ရုတ်တရက် အရူးတစ်ပိုင်းဖြစ်သွားကာ ၎င်း၏ တံစဉ်ကို မြင်မြင်ရာ လှည့်ပတ်၍ တိုက်ခိုက်နေတော့လေသည်။
“အား…”
တစ္ဆေဘုရင်ဖြစ်ပေါ်လာအောင် အတူတကွ အားစိုက်ခဲ့ရသော မရဏဂိုဏ်းမှ တပည့်တစ်ဝက်ကျော်လောက်တို့မှာလည်း စူးစူးဝါးဝါး ထအော်ကုန်ကြလေသည်။ အနက်ရောင်စွမ်းအင်များသည် သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မီးတောက်များသဖွယ် သူတို့အား လောင်မြိုက်ပစ်နေကြသည်။ အကုန်လုံးမှာ တစ္ဆေတစ်သောင်းကိုက်ချက်ဟူသော ဘေးထွက်ဆိုးကျိုးကို ခံစားနေရခြင်းပင်။
ရန်ကိုင်သည် ထိုလူများကို ဂရုစိုက်မနေသလို တစ္ဆေဘုရင်ကိုလည်း အာရုံစိုက်မနေခဲ့ပဲ လင်းအာဆီသို့သာ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “ငါ ပြီးမှ နင်နဲ့လာရှင်းမယ်…”
ရန်ကိုင့်၏ အေးစက်စက်အကြည့်ကိုမြင်သော် လင်းအာ တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ ကောင်မလေးမှာ ကြောက်သွားခဲ့ပါသော်ငြား ရန်ကိုင့်အား ခေါင်းမာမာနှင့် ပြန်၍ စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင့်၏ခန္ဓာကိုယ် လှစ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး ယင်လဲ့ရှန်းနောက်သို့ ပြေးလိုက်သွားလေသည်။
“သခင်မလေး… မြန်မြန်ထွက်ပြေးကြရအောင်…” လူအိုကြီးဖုက အလျင်စလို တိုက်တွန်းလိုက်လေ၏။ သူ့နဖူးတစ်ပြင်လုံးမှာလည်း ချွေးအေးများဖြင့် စိုရွှဲနေခဲ့လေပြီ။
(အခုနေသာ ထွက်မပြေးရင် နောက်တစ်ကြိမ် ထွက်ပြေးလို့ ရတော့မှာမဟုတ်ဘူးနော်… မရဏဂိုဏ်းကလူတွေ ဒီလောက် အုပ်လိုက်ဖွဲ့ပြီး ဝိုင်းတိုက်တာတောင် မနိုင်တာ ငါတို့သာဆိုရင်တော့ ဘယ်လိုပြန်တိုက်လို့ရမှာမဟုတ်ဘူး…)
“ဘာလို့ထွက်ပြေးရမှာလဲ…” လင်းအာက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီသခင်မလေး ဒီမှာပဲနေမယ်… သူ ငါ့ကို တိုက်ခိုက်ရဲမလား ကြည့်ရတာပေါ့…”
လင်းအာမှာ ဒေါသထွက်ထွက်ဖြင့် ဤကဲ့သို့ ပြန်ပြောနေရခြင်းဖြစ်ပါသော်ငြား သူမတွင် ဤကဲ့သို့ ပြောရဲသည့်သတ္တိ အမှန်တကယ်ကို ရှိပေသည်။ အကြောင်းမှာ သူမ၏နောက်ခံကြောင့်ပင်လျှင်။ ထို့အပြင် သူမတစ်ကိုယ်လုံးမှာ ထုံကျဉ်လွန်းနေသည့် အတွက်ကြောင့် ပြေးပင်မပြေးနိုင်တော့သည့် အတွက်ကြောင့်လည်း ပါပေသည်။
လူအိုကြီးဖုမှာ စိုးရိမ်လာပြီး အလျင်စလို ပြောလိုက်လေ၏။ “သခင်မလေး… အဲ့ကောင် မျက်လုံးနှစ်လုံးစလုံး သတ်ဖြတ်လိုစိတ်တွေနဲ့ ပြည့်နေတာကို သခင်မလေး မတွေ့ဘူးလား… သူသာ သခင်မလေးကို မတော်တဆ ထိခိုက်မိအောင် လုပ်မိသွားလို့ရှိရင် ဒီလူအိုကြီး လူကြီးမင်းကို ဘယ်လိုပြန်ရှင်းပြရမှာလဲ…”
လင်းအာက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “သူလုပ်ရဲမှာလား…”
လူအိုကြီးဖုမှာ ဘာပြောလို့ပြောရမှန်းပင် မသိတော့ချေ။ သူ့သခင်မလေး၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ရန်ကိုင်မှာ တစ္ဆေဘုရင်၏ တိုက်ခိုက်ခြင်း ခံလိုက်ရလေရာ ရန်ကိုင်မှ သူ့သခင်မလေးအား လုံးဝကို အလွတ်မပေးမည်မှာ သေချာသလောက် ရှိပေသည်။ သို့သော်ငြား လူအိုကြီး၏ အကြံပေးချက်မှာလည်း လုံးဝ အသုံးမဝင်တော့။ သူမည်သို့ပင် ပြောနေစေကာမူ သူ့သခင်မလေးက နားမထောင်။ လူအိုကြီးဖုမှာ မီးခဲပေါ် ဖင်ခုထိုင်နေရသည့်အလား ဂနာမငြိမ်ကို ဖြစ်နေတော့လေသည်။
တစ်ခဏတာအတွင်း ရန်ကိုင်သည် ယင်လဲ့ရှန်းအား လိုက်မီသွားခဲ့လေသည်။ လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့် ရန်ကိုင့်လက်မှ ယင်လဲ့ရှန်းအနေဖြင့် မည်ကဲ့သို့များ လွတ်မြောက်နိုင်ပါမည်နည်း။ ထို့အပြင် ယင်လဲ့ရှန်း၏ ခွန်အားနှင့် ကျင့်ကြံခြင်းမှာ တတိတိနှင့် လျော့ကျနေခဲ့လေသည်။ လက်ရှိအချိန်တွင် ယင်လဲ့ရှန်း၏ ကျင့်ကြံခြင်းမှာ တာအိုသခင်အထွဋ်အထိပ်အဆင့်သို့သာ ရောက်ရှိနေတော့လေ၏။ ထိုသို့ဖြစ်လေရာ ထိုမျှလောက်သော ခွန်အားဖြင့် ရန်ကိုင့်လက်မှ မည်သို့များ လွတ်မြောက်နိုင်ပါမည်နည်း။
ပြေးနေရင်းမှ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်သည် ဆာလောင်နေသော မြေခွေးတစ်ကောင်နှယ် သူ့နောက်သို့ မီးကုန်ယမ်းကုန် လိုက်လာနေသည်ကို မြင်သော် ယင်လဲ့ရှန်း မျက်နှာပျက်သွားခဲ့လေ၏။
ယင်လဲ့ရှန်းအား လိုက်ဖမ်းနေရင်းမှ ရန်ကိုင်က အော်ပြောလိုက်လေ၏။ “ပြေးစမ်း… ပြေးထားစမ်း… မင်း ဘယ်လောက်ထိ ပြေးနိုင်မလဲ ငါကြည့်ဦးမယ်…”
သူဆက်ပြေးနိုင်တော့လိမ့်မည် မဟုတ်မှန်း ယင်လဲ့ရှန်း သိနေခဲ့လေသည်။ ထို့ကြောင့် စိတ်ကိုတင်းတင်းထား၍ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ကာ အံကြိတ်၍ ထိုအရာကို အသက်သွင်းရန် ပြင်လိုက်လေသည်။ သို့သော်ငြား သူနောက်သို့ လှည့်လိုက်ချင်းမှာပင် ရန်ကိုင်သည် သူ့ရှေ့တည့်တည့်တွင်ရပ်၍ သူ့လက်ထဲရှိအရာကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရလေသည်။
ယင်လဲ့ရှန်းမှ ထိုအရာကို အသက်မသွင်းနိုင်သေးခင်မှာပင် ရန်ကိုင်သည် အနန္တဓါးအား လွှဲယမ်းချလိုက်လေ၏။
“ရွှစ်…”
ယင်လဲ့ရှန်း၏လက် ပြတ်ထွက်သွားခဲ့ပြီး သွေးများ ရေပန်းအလား ဖြာထွက်လာခဲ့လေသည်။
ရန်ကိုင်သည် ပြတ်ထွက်သွားသော ယင်လဲ့ရှန်း၏လက်ထဲရှိ ပစ္စည်းကို လှမ်းယူလျက် စစ်ဆေးကြည့်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ဧကရာဇ်အာဏာပိုင်ဓာတ်လုံးလား… ငါသိသားပဲ…”
ယခင်က ရန်ကိုင်ကိုယ်တိုင်သည်လည်း ရမ္မက်ရှာဂိုဏ်း၏ သခင်လေးမှ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ထုတ်သုံးခဲ့သည့်အတွက်ကြောင့် ဆိုးဆိုးရွားရွား ဒုက္ခရောက်ခဲ့ရသည်။ ဂိုဏ်းတစ်ဂိုဏ်း၏ အထူးချွန်ဆုံးသော တပည့်များတွင် ဤကဲ့သို့သော အကာအကွယ်မှော်ရတနာများ ရှိနေလိမ့်မည်မှန်း ရန်ကိုင်ပြောနိုင်ပေသည်။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် အကောင်းဆုံးသော အကာအကွယ်မှော်ရတနာတစ်ခုဖြစ်ပေသည်။
ထိုဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ဖန်တီးရသည်မှာ မလွယ်ကူသလို တစ်ကြိမ်သာ အသုံးပြုနိုင်ပါသော်ငြား ထိုပစ္စည်းသာ ရှိနေမည်ဆိုပါက သေရေးရှင်ရေးအခြေအနေမျိုးမှ အရေးကြုံလျှင် လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေသည်။
ဖုန်းရှီသည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကိုသုံးလျက် ရန်ကိုင့်အား သတ်နိုင်လုနီးပါး ဖြစ်သွားခဲ့လေသည်။
တစ်ကြိမ်သေဖူး ပျဉ်ဖိုးနားလည်ဆိုသည့်အတိုင်း ရန်ကိုင်သည် ထိုကဲ့သို့ ထပ်ဖြစ်လာမည်ကို မည်ကဲ့သို့များ မပြင်ဆင်ထားဘဲ နေပါမည်နည်း။
ထို့အတွက်ကြောင့်ပင်လျှင် ယင်လဲ့ရှန်းအား ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို လုံးဝ သုံးခွင့်မပေးဘဲ သူ့လက်အား ချက်ချင်း ဖြတ်ချလိုက်ခြင်း ဖြစ်လေသည်။
“အား…”
ယခုမှသာလျှင် ယင်လဲ့ရှန်းလည်း သူ့လက်ပြတ်သွားသည်ကို သဘောပေါက်လိုက်မိသည့်အလား နာကျင်စွာအော်ဟစ်ရင်း ပြတ်သွားသည့်သူ့လက်အား ငေးကြောင်ကြောင်ဖြင့် လှမ်းကြည့်လိုက်လေသည်။ ထို့နောက် ဒယီးဒယိုင်ဖြစ်သွားပြီး နောက်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့လေ၏။ သူ့မျက်နှာတစ်ခုလုံးမှာတော့ စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေခဲ့လေသည်။
“ရွှမ်…”
အေးစက်စက်အလင်းတစ်ချက်နှင့်အတူ ရန်ကိုင့်၏အနန္တဓါးသည် ယင်လဲ့ရှန်းမျက်နှာတည့်တည့်တွင် ရပ်တန့်သွားခဲ့လေသည်။ ရန်ကိုင့်၏ ဓါးဖျားထိပ်သည် ယင်လဲ့ရှန်း၏နှာခေါင်းနှင့် ထိခါနီးပင် ဖြစ်နေခဲ့လေသည်။
ယင်လဲ့ရှန်း၏အော်သံတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။
သူရှုံးသွားပြီမှန်း ယင်လဲ့ရှန်းသိလိုက်သည်။ ယခုနေ ရန်ကိုင်မှ သူ့အား လွှတ်ပေးလိုက်မည်ဆိုလျှင် ယင်လဲ့ရှန်းအနေဖြင့် ဆက်၍ ကျင့်ကြံနိုင်တော့လိမ့်မည်မဟုတ်ချေ။ သူ့ကျင့်ကြံခြင်းမှာ တတိတိလျော့ကျနေသလို သူ့အုတ်မြစ်မှာလည်း ထိခိုက်သွားခဲ့ရလေပြီ။ ယခုဆိုလျှင် သူ့ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင်အဆင့်သို့ပင်လျှင် ရောက်ရှိသွားခဲ့လေပြီ။
“တကယ်တော့ မင်းနဲ့ငါကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမဟုတ်ဘူး…” ရန်ကိုင်သည် ယင်လဲ့ရှန်းအား ဓါးဖြင့်ချိန်ထားရင်းမှ ပြောလိုက်လေသည်။ “ဒါပေမယ့် အခုလိုဖြစ်လာအောင်ကို မင်းပဲ လုပ်ခဲ့တာ…”
ယင်လဲ့ရှန်းသည်သာ မရဏဂိုဏ်းတွင် ငြိမ်ငြိမ်လေးနေ၍ သူ့ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ကျင့်ကြံခဲ့မည်ဆိုလျှင် တစ်နေ့နေ့တစ်ချိန်ချိန်၌ သူ့ဆရာ၏ အမွေကို ဆက်ခံနိုင်ကာ မရဏဂိုဏ်းကိုပင်လျှင် ထိန်းချုပ်လာနိုင်ပေလိမ့်မည်။ သို့သော်ငြား သူ့ဘာသာသူ အေးအေးဆေးဆေးမနေဘဲ ရှေးဟောင်းကုန်းမြေထဲသို့ လာကာ ရန်ကိုင့်အား သတ်ဖြတ်ရန် ကြံရွယ်ခဲ့လေသည်။ ခြေတစ်လှမ်းမှားသွားသည့်အတွက်ကြောင့် သူ့လူများသာမက သူပါ ဒုက္ခရောက်ရတော့သည်။
ယင်လဲ့ရှန်းက ထီမထင်ဟန်ဖြင့် ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဒီလောကကြီးမှာ ကိုယ်ရွေးတဲ့လမ်းကြောင်း မှန်မမှန်ဆိုတာကို ကိုယ်တိုင်လျှောက်ပြီးမှပဲ သိရတာ… ဒီနေ့ ငါ ရှုံးသွားခဲ့တယ်… ဒါပေမဲ့ မင်းလည်း သိုင်းတာအိုရဲ့ အထွတ်အထိပ်ကို ရောက်နိုင်မယ်လို့ မဆိုလိုဘူး… အဲ့ဒါကို ဘာတွေ လာဂုဏ်ယူပြနေတာလဲ…”
“မင်းပြောတာလည်း မှန်နိုင်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ထပ်ပြောလိုက်လေ၏။ “ဒါပေမယ့် ငါကတော့ မင်းထက်ပိုပြီး ဝေးဝေးသွားနိုင်တယ်လို့ပဲ ပြောရမလား…”
ယင်လဲ့ရှန်း၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။
“မင်းနောက်ဆုံးပြောချင်တာရှိသေးလား… ပြောချင်တာရှိသေးရင်ပြောနော်…” ရန်ကိုင်က ပြောလိုက်လေသည်။
ယင်လဲ့ရှန်းက အံကြိတ်၍ ပြန်ပြောလိုက်လေ၏။ “ငါ မင်းကို မြစ်ဝါမြစ်မှာ စောင့်နေမယ်…”
“အခုချိန်ထိ မင်းအမှားတွေကို ဝန်မခံချင်သေးဘူးပေါ့…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အနန္တဓါးကို ရှေ့သို့ နည်းနည်း ထပ်တိုးလိုက်လေသည်။ “ငါ မင်းကို မသတ်ဘဲ မင်းဝိဉာဉ်ကိုဆွဲထုတ်ပြီး သန့်စင်ပစ်မယ်လို့ပြောလိုက်ရင် မင်းယုံမှာလား…”
ယင်လဲ့ရှန်း ချက်ချင်း သူ့ပါးစပ်ကို ပိတ်လိုက်လေ၏။
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ငါလိမ်လိုက်တာ…”
ပြောပြီးသည့်နောက် အနန္တဓါးဖြင့် ယင်လဲ့ရှန်းတည့်တည့်သို့ ထိုးချလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၅၅)
“ငါ့မရဏဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး…”
အနီးအနားဆီမှ အသံတစ်သံ ထွက်လာခဲ့သည်။ ရန်ကိုင်လည်း အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ အသက်မျော့မျော့လေးသာ ရှိတော့သော ဟွာဖေးချန်သည် သူ့ဘက်တည့်တည့်သို့ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်း ရေရွတ်လိုက်ခြင်းဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
နောက်ဆုံးစကားကို ပြောပြီးသည့်နောက်တွင် ဟွာဖေးချန်သည် လက်ကျန်အသက်စွမ်းအင်အားလုံးကို ဆုံးရှုံးလိုက်ရသည့်အလား အသက်ထွက်သွားတော့လေသည်။
အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ တိုက်ခိုက်ခြင်း ခံရပြီးသည့်တိုင် ဤအချိန်ထိ အသက်ရှင်နေသေးသည်မှာ အံ့ဩဖွယ်ရာ ကောင်းလှပေသည်။
ရန်ကိုင်ကတော့ သေခါနီးလူတစ်ယောက်၏ ခြိမ်းခြောက်စကားကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ ထို့အစား ယင်လဲ့ရှန်း၏ သိုလှောင်လက်စွပ်ကို ချွတ်ယူ၍ သူ့အိတ်ကတ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ ယင်လဲ့ရှန်းသည် မရဏဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့သိုလှောင်လက်စွပ်ထဲတွင် အဖိုးတန်ရတနာများစွာ ရှိနေရပေလိမ့်မည်။ ထိုကဲ့သို့သော ရတနာများကို ရန်ကိုင် လက်လွတ်မခံနိုင်ပေ။
သို့သော်ငြား ဟွာဖေးချန်၏ သိုလှောင်လက်စွပ်အား သွားချွတ်မယူနိုင်သေးခင်မှာပင် ရန်ကိုင့်အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့လက်ထဲတွင် ကိုင်ထားသော ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို အဝေးတစ်နေရာသို့ လွှင့်ပစ်လိုက်လေသည်။
“ဘုန်း…”
နားပင်းမတတ် ပေါက်ကွဲသံကြီးနှင့်အတူ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမှာ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။
ရန်ကိုင့်အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အံကိုတင်းတင်းကြိတ်၍ ရေရွတ်လိုက်လေသည်။
“ဒီတော့ အဲ့ပေါ်မှာ ချိပ်စည်းရှိတယ်ပေါ့…”
ဧကရာဇ်အာဏာပိုင်ဓာတ်လုံးပေါ်တွင် မည်ကဲ့သို့သော ချိပ်စည်း ရှိသလဲဆိုသည်ကို ရန်ကိုင်မသိပေ။ သို့သော်ငြား ထိုချိပ်စည်းသည် ယင်လဲ့ရှန်း၏ အသက်နှင့် ပတ်သက်နေလိမ့်မည်မှန်းတော့ ပြောနိုင်ပေသည်။ ထိုအရာသည် ယင်လဲ့ရှန်းအား မရဏဂိုဏ်း၏ ဂိုဏ်းချုပ်မှ ချီးမြှင့်ထားသည့် ရတနာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ယင်လဲ့ရှန်းသေသွားသည်နှင့် တစ်ပြိုင်နက် ထိုချိပ်စည်းမှာ အသက်ဝင်လာကာ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးလည်း သူ့လိုလို ပေါက်ကွဲထွက်သွားခဲ့ခြင်းဖြစ်သည်။
ရန်ကိုင် ဝမ်းနည်းသွားခဲ့လေ၏။ သို့သော်ငြား ဖြစ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ယခုမှ နောင်တရနေ၍လည်း ဘာမှ အကျိုးမရှိတော့။ ထို့အစား ဟွာဖေးချန်ဆီသို့ လျှောက်သွားပြီး သူ့သိုလှောင်လက်စွပ်ကိုသာ ကောက်ယူလိုက်လေသည်။
ထိန်းချုပ်မှုလွတ်သွားသော တစ္ဆေဘုရင်ကိုတော့ ရန်ကိုင် စိတ်မပူပေ။ မရေမတွက်နိုင်သော ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ အဆက်မပြတ်ကိုက်ဝါးမှုကြောင့် တစ္ဆေဘုရင်၏ ခွန်အားမှာ တတိတိနှင့် လျော့ကျနေလေရာ တစ္ဆေဘုရင်ပျောက်ကွယ်သွားဖို့မှာ အချိန်တစ်ခုသာ လိုအပ်ပေသည်။
ပြန့်ကျဲနေသော အလောင်းပေါင်းများစွာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ သွေးညှီနံ့များ ထောင်းထွက်နေတော့လေ၏။
ရန်ကိုင်ကိုယ်တိုင်သည်လည်း ဒဏ်ရာရထားခဲ့လေသည်။ တစ္ဆေဘုရင်ကြောင့် ရထားသည့် ဒဏ်ရာမှာ ယခုအချိန်ထိတိုင် မပျောက်ကင်းသေးပေ။ ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ လက်ယက်ခေါ်သလို လုပ်ပြလိုက်လေသည်။ ချက်ချင်းဆိုသလို ဝိဉာဉ်ဝါးမျိုအင်းစက်အချို့မှာ ရန်ကိုင့်ဆီသို့ ပျံသန်းလာပြီး သူ့ဒဏ်ရာများပေါ်တွင် ကပ်တွယ်လိုက်ကြလေသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များသည် တစ္ဆေဘုရင်ကိုပင်လျှင် ဝါးမျိုနိုင်သည့်အတွက်ကြောင့် ဤယင်ချီကိုလည်း ဝါးမျိုနိုင်လောက်ပေသည်။
ရန်ကိုင်မျှော်မှန်းထားသည့်အတိုင်း ထိုဝိဉာဉ်ဝါးမျိုအင်းစက်များသည် ရန်ကိုင့်၏ဒဏ်ရာထဲတွင် ရှိနေသော ယင်ချီအားလုံးကို ဝါးမျိုပစ်သွားခဲ့လေသည်။
တစ်ခဏအတွင်း ယင်ချီအားလုံးမှာ ပြောင်ရှင်းအောင် ဝါးမျိုပစ်ခံလိုက်ရပြီး ရန်ကိုင့်၏ဒဏ်ရာအား သူ့အလိုလို ပြန်လည်မသက်သာအောင် လုပ်နေသော စွမ်းအင်မှာလည်း အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရလေသည်။
ယင်ချီများ မရှိတော့သည့်နောက် ရွှေရောင်သွေးစက်၏ ပြန်လည်ကုစားနိုင်စွမ်းကြောင့် ရန်ကိုင့်၏ဒဏ်ရာမှာ သူ့အလိုလို ပြန်ကောင်းလာခဲ့တော့သည်။
ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ရက်အနည်းငယ်အတွင်း ထိုဒဏ်ရာမှာ အပြည့်အဝ ပြန်ကောင်းသွားပေလိမ့်မည်။
ထိုအခါမှသာ ရန်ကိုင်သည် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။ အကြည့်ချင်းဆုံသွားသည့်နှင့် လင်းအာ ကြောက်ကြောက်လန့်လန့်ဖြင့် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။ အစောပိုင်းက ရန်ကိုင့်အား မကြောက်ချင်ယောင်ဆောင် ဆောင်နေခဲ့ပါသော်ငြား တကယ့်တကယ်တွင်မူ သူမစိတ်ထဲ အလွန်တရာကိုမှ ထိတ်လန့်ကြောက်ရွံ့နေမိခဲ့လေသည်။ ရန်ကိုင့်ကဲ့သို့ လူအုပ်လိုက်ကြီးနှင့် ရင်ဆိုင်နေရသည့်တိုင် တစ်ဖက်လူအားလုံးကို ပြန်လည်၍ သတ်ဖြတ်ပစ်နိုင်သည့် အလွန်ကိုမှ အားကောင်းလှသော လူမျိုးကို သူမ မမြင်ခဲ့ဖူးချေ။ ထို့အပြင် ရန်ကိုင် သတ်ဖြတ်သွားသည်မှာ သာမန်လူများမဟုတ်။ မရဏဂိုဏ်းမှ ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦးနှင့် တာအိုသခင်အဆင့် ပညာရှင် အယောက်နှစ်ဆယ်ကျော် ဖြစ်ပေသည်။ ထို့အပြင် ထိုလူများသည် ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်ကိုလည်း အသုံးပြုထားသေးသည်။
ရန်ကိုင့်ရင်ဘတ်တွင်ရှိနေသော ဒဏ်ရာကြီးမှာ သူ့ပုံစံအား ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေစေခဲ့လေသည်။
ရန်ကိုင် သူမဆီသို့ လှည့်ကြည့်လာသည်ကိုမြင်သော် သူမ မကြောက်ဟုပြောလျှင် ညာရာကျပေလိမ့်မည်။ လင်းအာမှာ လက်ရှိအချိန်တွင် နောင်တပင် ရနေခဲ့လေ၏။ ဤကဲ့သို့ဖြစ်မည်မှန်းသာ သိခဲ့လျှင် အစောပိုင်းက လူအိုကြီးဖု ပြောသည့်အတိုင်း ထွက်ပြေးခဲ့လိုက်ပါသည်။ ဤကဲ့သို့ ခေါင်းမာနေ၍လည်း ဘာများ အကျိုးရှိပါဦးမည်နည်း။
သို့သော်ငြား ရန်ကိုင့်၏အရည်အချင်းအရ သူမထွက်ပြေးမည်ဆိုလျှင်ပင် လွတ်နိုင်လိမ့်မည်မဟုတ် ဟူသော အချက်ကိုတော့ တစ်ခါမှ ထည့်မစဉ်းစားမိခဲ့ပေ။ သူမနှင့် လူအိုကြီးဖုသည်သာ ရှေးဟောင်းကုန်းမြေ၏ လျှိုမြောင်ထဲသို့ မသွားနိုင်ပါက ရန်ကိုင့်လက်မှ လွတ်နိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် လင်းအာအား မမှိတ်မသုန် စိုက်ကြည့်ရင်း သူမဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေခဲ့လေသည်။
လူအိုကြီးဖုသည် လင်းအာရှေ့တွင် ပိတ်ကာလျက် ရန်ကိုင့်အား နိုးနိုးကြားကြားအမူအယာဖြင့် ကြည့်လိုက်လေသည်။
“အခုကြတော့လဲ အရမ်းတွေငြိမ်နေပါလား…” ရန်ကိုင်သည် လင်းအာတို့ဆီမှ ဆယ်မီတာခန့်အကွာတွင် ရပ်လိုက်ပြီး အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။ “နင်တို့ဘက်က အခုလိုမျိုး ငြိမ်ငြိမ်လေး ထိုင်စောင့်ပေးနေတဲ့အတွက် ဒီသခင်လေးကလည်း နင်တို့ကို မနာကျင်ဘဲ မြန်မြန်သေလို့ရအောင် လုပ်ပေးရတာပေါ့… ကဲ… ငါ့ကိုပြော နင်ဘယ်လိုသေချင်လဲ…”
ထိုစကားကိုကြားသည့်အခါ လူအိုကြီးဖု စတင်၍ စိုးရိမ်လာခဲ့လေသည်။ ထိုကောင် တကယ်ကြီး ပြောနေခြင်းပေလော။
ဤလောကကြီးထဲတွင် သူ့သခင်မလေးအား ဓါးဖြင့် ရွယ်၍ “နင်ဘယ်လိုသေချင်လဲ” ဟု မေးရဲသည့်လူ အနည်းငယ်သာ ရှိပေသည်။ ယခု ဤလူငယ်လေး၏ မျက်နှာပေါ်ရှိ သတ်ဖြတ်လိုစိတ်ကို ကြည့်ရသလောက် ထိုအကောင်သည် သူတို့အား တကယ်ကြီး အလွတ်ပေးမည့်ပုံမပေါ်။
ဤသည်မှာလည်း သဘာဝသာ ဖြစ်လေသည်။ သူ့သခင်မလေးသည် ဧကရာဇ်အဆင့်မှော်ရတနာကိုသုံး၍ ထိုကောင့်အား တိုက်ခိုက်ရာတွင် ဝင်ရောက်ကူညီပေးခဲ့သည် မဟုတ်ပေလော။ သူ့သခင်မလေးကြောင့်ပင်လျှင် ထိုကောင်သည် မရဏဂိုဏ်းသားများ၏ လက်ချက်အောက်၌ အသက်ပျောက်ခါနီး ဖြစ်သွားခဲ့ရသည်။ သူ့နေရာတွင် အခြားသူဆိုပါကလည်း ဒေါသထွက်မိမည်မှာ သဘာဝသာ။
သို့သော်ငြား သူ့သခင်မလေးအား မည်ကဲ့သို့များ သေခွင့်ပေးနိုင်ပါမည်နည်း။ သူမသာ သေသွားမည်ဆိုပါက လောကကြီးတစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားရပေလိမ့်မည်။
လူအိုကြီးဖုက အလျင်အမြန် ဝင်တားလိုက်လေသည်။ “သခင်လေး… ရန်ငြိုးတွေဆိုတာ မရှိရင် ပိုကောင်းတယ်ဆိုတဲ့အတိုင်း ဒီနေ့ ကျုပ်တို့မှားတာမှန်ပေမဲ့ ကျေးဇူးပြုပြီး ကျုပ်တို့ကို ဒီတစ်ကြိမ်လောက်တော့ ခွင့်လွှတ်ပေးလို့မရဘူးလား… ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးလည်း အရမ်းကြီး ထိခိုက်သွားခဲ့ရတာမှ မဟုတ်တာ… ဟုတ်တယ်မလား…”
“ဘာမှမဖြစ်ဘူး ဟုတ်လား…” ရန်ကိုင်က လူအိုကြီးဖုအား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်၍ ပြန်အော်ပြောလိုက်လေသည်။ “ငါ ဒီလောက်ဒဏ်ရာကြီးကို ရထားတာတောင် မင်းက ငါ ဘာဒဏ်ရာမှ မရထားဘူးလို့ ပြောချင်နေသေးတာလား…”
သူ့ဒဏ်ရာမှာ အပြည့်အဝ ပြန်မကောင်းသေးသဖြင့် အရိုးများကိုပင်လျှင် အတိုင်းသား မြင်နေရပေသေးသည်။
လူအိုကြီးဖု မျက်နှာပျက်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “ဒီလူအိုကြီးဖုက သခင်လေးအတွက် ပြောပေးနေတာနော်… သခင်လေး ကိုယ့်လုပ်ရပ်ကိုယ် နားမလည်လို့ရှိရင် ပြဿနာအကြီးကြီးတက်သွားမှာ…”
ရန်ကိုင်က ဒေါမာန်တကြီးဖြင့် ရယ်မောရင်းမှ ပြန်ပြောလိုက်လေသည်။ “ခင်ဗျားတို့မှာ အားကောင်းတဲ့နောက်ခံရှိမှန်း ကျုပ်သိပြီးသား… ဒါပေမဲ့ အဲ့တော့ဘာဖြစ်လဲ… ခင်ဗျားတို့ ဒီသခင်လေးရဲ့ လက်ထဲ ရောက်လာပြီဆိုမှတော့ ခင်ဗျားတို့ သေတယ်ရှင်တယ်ဆိုတာကို ကျုပ်ကပဲ ဆုံးဖြတ်တော့မှာ… အရှုံးသမားတွေဆိုရင် အရှုံးသမားတွေလိုပဲနေ… လာပြီးတော့ လျှောက်တတ်ပြမနေနဲ့… ကျုပ်ရှေ့မှာ ဟောင်ပွာဟောင်ပွာနဲ့ လာပြီး ဆရာကြီးအထာ လုပ်ပြနေရင် တစ်ခါတည်း ဇီဝိန်ချွေပစ်လိုက်မှာနော်”
ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့ဓါးအား ရှေ့တည့်တည့်သို့ ထိုးချလိုက်ရာ ဓါးသွားထိပ်ဖျားသည် လူအိုကြီးဖု ရင်ဘတ်တည့်တည့်သို့ သွားထောက်လေသည်။ ထို့နောက် သူ့လက်ကို တစ်ချက် ဝှေ့ယမ်းချလိုက်ရာ လူအိုကြီးဖု၏အင်္ကျီများ စုတ်ပြဲထွက်ကုန်လေ၏။ လူအိုကြီးဖုမှာလည်း ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ အလျင်စလို ပြန်ဆုတ်ပြေးသွားခဲ့လေသည်။
ရန်ကိုင် ဒေါသတကြီးဖြင့် သူ့အား ဓါးဖြင့်ထထိုးမည်ကို လူအိုကြီးဖု အမှန်တကယ်ကို ကြောက်နေပေသည်။ သူ့သခင်မလေးသာ သေသွားမည်ဆိုပါက ဤလူငယ်လေး ပြဿနာအကြီးကြီး တက်ရပေလိမ့်မည်။ သို့သော်ငြား သူသာ သေသွားခဲ့မည်ဆိုလျှင်ပင် မည်သူမှ သူ့အတွက် ရပ်တည်ပေးလိမ့်မည် မဟုတ်။
တကယ်တော့ သူသည် သက်တော်စောင့်တစ်ဦးသာလျှင် မဟုတ်ပေလော။ သို့သော်ငြား သူ့ကိုယ်သူပင် မကာကွယ်နိုင်ပါက သူ့သခင်မလေးအား မည်ကဲ့သို့များ ကာကွယ်ပေးရမည်နည်း။
ဤကဲ့သို့ အရူးတစ်ယောက်နှင့်မှ လာတိုးရသည့် ကံမှာ ဆိုးလှလိုက်ပါလေတကား။
လူအိုကြီးဖုမှာ ဒေါသထွက်နေပါသော်ငြား ရန်ကိုင် မည်မျှ အားကောင်းကြောင်းကိုလည်း သိထားသည်။ မရဏဂိုဏ်းမှ တပည့်များသည်သာ ဤမျှ အသုံးမဝင်သည့်လူများမှန်း သိခဲ့မည်ဆိုပါက သူတို့ဆီသို့ လာ၍ အကူအညီမတောင်းခဲ့ချေ။ ထို့အပြင် ဧကရာဇ်ပထမအဆင့်သို့သာ ရောက်သေးသော ရန်ကိုင်သည်လည်း ဤမျှအားကောင်းလိမ့်မည်ဟု သူ့အနေဖြင့် မည်ကဲ့သို့များ ကြိုသိခဲ့ပါမည်နည်း။
“အဲ့ဒါဆို မင်း… မင်း ဘာလုပ်ချင်လဲ…” လူအိုကြီးဖုက လေသံကိုလျှော့၍ ပြန်မေးလိုက်လေသည်။
လက်ရှိအချိန်တွင် သူတို့ဘဝမှာ စဉ်းနီတုံးပေါ်သို့ ရောက်နေသည့် ငါးများနှယ် ဖြစ်နေရလေသည်။ ထို့အတွက်ကြောင့် အခြေအနေအချိန်အခါအရ ဦးညွှတ်ရုံသာ တတ်နိုင်တော့လေသည်။ ဆိုးရိုးစကားတစ်ခုပင် ရှိသေးသည် မဟုတ်ပေလော။ လူတစ်ဦးအတွက် လက်စားပြန်ချေဖို့ရာမှာ ဆယ်နှစ်ကြာသွားသည့်တိုင် နောက်မကျသေးချေ။ ထို့အတွက်ကြောင့် ယနေ့ကိစ္စကို နောက်နောင်မှ ပြန်၍ လက်စားချေ၍လည်း ကိစ္စမရှိချေ။
ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ… ဒီသခင်လေး ခင်ဗျားတို့ကို တစ်ကြိမ်မက၊ နှစ်ကြိမ်မက လွှတ်ပေးပြီးသွားပြီ… သုံးကြိမ်တော့ လွှတ်ပေးတော့မှာ မဟုတ်ဘူး… ခင်ဗျားသခင်မလေးက ဒီလောက် ခေါင်းမာမာနဲ့ ကျုပ်ကို မရမက ပြဿနာလိုက်ရှာနေတယ်ဆိုမှတော့လည်း ဒီသခင်လေးကလည်း ခင်ဗျားတို့ဂိုဏ်းနဲ့ ခင်ဗျားတို့ရဲ့ နောက်ကွယ်က လူမင်းကြီးကိုယ်စား နောင်ဖြစ်လာမယ့် ပြဿနာတွေကို ကြိုရှင်းပေးထားရတာပေါ့…”
လူအိုကြီးဖု အလွန်ကိုမှ ထိတ်လန့်သွားတော့လေသည်။ သူ့ခမျာ ထိတ်လန့်လွန်းလှသဖြင့် စကားပင်မပြောနိုင်တော့။ ရန်ကိုင့်၏ သတ်ဖြတ်လိုစိတ်မှာ အနည်းငယ်မျှပင် လျော့ကျသွားခြင်းမရှိ။ ရန်ကိုင်သည် ယနေ့တွင် သူ့သခင်မလေးအား ကျိန်းသေ သတ်ပစ်မည့်ပုံပင်။
နောက်ဆုံး ဆက်၍ တုံ့ဆိုင်းမနေရဲတော့သည့်နောက်တွင် လူအိုကြီးဖုက အလျင်စလို ဝင်ပြောလိုက်လေသည်။ “ငါတို့ဘယ်သူလဲ မင်းသိလား… ငါ့သခင်မလေးရော ဘယ်သူလဲ မင်းသိလား… သခင်မလေးက…”
“ခင်ဗျား သောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း…” လူအိုကြီးဖု ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့ခြေထောက်ဖြင့် ဆောင့်ကန်လိုက်လေသည်။
လူအိုကြီးဖုမှာလည်း ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့်အတွက်ကြောင့် အလစ်အငိုက်မိသွားကာ ရန်ကိုင့်၏ခြေထောက် သူ့မျက်နှာအား လာရောက်ထိမှန်တော့လေ၏။ နာကျင်စွာအော်ဟစ်ရင်းမှ လူအိုကြီးဖုသည် နောက်သို့ လွင့်စင်ထွက်သွားခဲ့ရလေသည်။ ရန်ကိုင့်ခြေထောက်စာကြောင့် သူ့နှာခေါင်းရိုးမှာ ကျိုးသွားခဲ့ရပြီး နှာခေါင်းမှ သွေးများ စီးကျလာတော့လေ၏။
လူအိုကြီးဖုအား ကန်ထုတ်လိုက်ပြီးသည့်နောက် ရန်ကိုင်သည် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးဘက်သို့လှည့်၍ အလျင်အမြန်ပြောလိုက်လေသည်။ “ကောင်မလေး… ဒီထဲကို ဝင်မလာခင်တုန်းက ဒီသခင်လေး နင့်ကို တစ်ကြိမ် ခွင့်လွှတ်ပေးခဲ့တယ်… အဲ့ဒါကိုတောင် နင်က ကျေးဇူးမတင်ဘဲနဲ့ ဒီသခင်လေးကိုလိုက်ပြီး ပြဿနာရှာနေမှတော့ ဒီလောကကြီးထဲမှာ နင် ရန်စချင်တိုင်း ရန်စလို့မရတဲ့ လူတွေ ရှိသေးတယ်ဆိုတာကို သိသွားအောင်လို့ ဒီသခင်လေးက နင့်အသက်ကို ယူပေးရတော့တာပေါ့…”
လင်းအာမှာ အကြီးအကျယ် ထိတ်လန့်သွားခဲ့ပြီး ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အလန့်တကြား ထအော်လိုက်လေသည်။ “နင်လုပ်ရဲလား…”
သူမ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်သည် သူ့ဓါးကိုမြှောက်လျက် ဝှေ့ယမ်းချလိုက်လေ၏။
သေခြင်းတရားအငွေ့အသက်တို့ သူမအား ရစ်သိုင်းလာသည်ကို ခံစားမိလိုက်သော် လင်းအာ၏မျက်နှာ စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်သွားခဲ့လေသည်။ သူမတစ်ကိုယ်လုံး ဇောချွေးပြန်သွားခဲ့ပြီး ခြေဖျားလက်ဖျားများလည်း အေးစက်ကုန်ကြလေ၏။
သူမဘဝတွင် ဤကဲ့သို့သော ခံစားချက်မျိုးကို တစ်ခါမှပင် မခံစားခဲ့ဖူးပေ။ မွေးကတည်းက အလိုလိုက်ခံထားရသည့်အတွက်ကြောင့် လူတိုင်းသည် သူမပြောသည့်အတိုင်း လုပ်ပေးကြသည်ချည်းသာ။ သူမသွားသည့်နေရာတိုင်း မည်သူမဆို သူမအား တလေးတစားဖြင့် ဆက်ဆံကြသည်။ သူမပေးသည့်အမိန့်များကိုလည်း နာခံရကာ သူမအား ယခုကဲ့သို့ သတ်ဖို့ရာဆိုလျှင်တော့ ဝေလာဝေးပင်။
သို့ရာတွင်မူ ယခုအချိန်တွင် သူမအသက်ကို ယူရဲသည့် အရူးတစ်ယောက်နှင့်မှ လာတိုးနေခဲ့လေသည်။ သူသည် သူမအား ခြောက်ရုံသာ ခြောက်နေခြင်း မဟုတ်ဘဲ တကယ်ကြီး သတ်ရန် ကြံနေခြင်းဖြစ်လေသည်။
သူမကိုယ်တိုင်မှာ တာအိုသခင်တတိယအဆင့်သာ ဖြစ်လေရာ ထိုလူ၏ တိုက်ကွက်ကို မည်သို့များ ခုခံနိုင်ပါမည်နည်း။
(ဒီတော့ သေခြင်းတရားဆိုတာ ဒါမျိုးပေါ့…)
(သူ တကယ်ကြီး ငါ့ကို သတ်ချင်နေတာလား…) လင်းအာဟူသော ကောင်မလေးမှာ ကျောက်ရုပ်ဖြစ်သွားသည့်အလား တိုးဝင်လာနေသည့် ဓါးချက်အား ငေးကြောင်ကြောင့်ဖြင့်သာ စိုက်ကြည့်နေခဲ့လေသည်။
အနန္တဓါးသည် သူမအား ရေပြင်ညီအတိုင်း ပိုင်းဖြတ်သွားခဲ့လေသည်။ ရန်ကိုင်သည် တိုက်ခိုက်ရာတွင် သူ့ခွန်အားအား အနည်းငယ်မျှပင် ထိမ်ချန်ထားခြင်း မရှိခဲ့။ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်လျက် အနန္တဓါးထဲသို့ စွမ်းအားများကို အပြည့်အဝထည့်သွင်းရင်းမှ ပိုင်းချလိုက်ခြင်း ဖြစ်ပေသည်။ ထိုဓါးချက်အောက်တွင် လူအိုကြီးဖုသည်ပင်လျှင် နှစ်ပိုင်းပြတ်ထွက်သွားရမည်ဖြစ်လေရာ လင်းအာကဲ့သို့သော ကောင်မလေးဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
သို့သော်ငြား အနန္တဓါးမှ သူမအား ဖြတ်တောက်ခါနီးတွင် လင်းအာ၏ လည်ပင်းတွင် ရှိနေသော အနက်ရောင်ကျောက်စိမ်းပြားလေးမှာ အက်ကွဲသွားခဲ့ပြီး အနက်ရောင်အကာအကွယ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ သူမခန္ဓာကိုယ်တစ်ခုလုံးအား အပြည့်အဝ လွှမ်းခြုံပေးထားလိုက်လေသည်။
“ဘုန်း…”
အနန္တဓါးသည် ထိုအနက်ရောင်အကာအကွယ်ပေါ်သို့ ကျဆင်းသွားခဲ့လေသည်။ သို့သော်ငြား အနက်ရောင်အကာအကွယ်မှာ ပျက်စီးသွားခဲ့ခြင်း မရှိဘဲ ရန်ကိုင်သည်သာ နောက်သို့ ပြန်ဆုတ်သွားခဲ့ရလေ၏။
ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့ပါသော်ငြား ထိုကဲ့သို့ ဖြစ်သွားသည်နှင့် ပတ်သက်၍ အနည်းငယ်မျှပင်လျှင် အံ့အားသင့်နေသည့်ပုံမပေါ်။ ယခုကဲ့သို့ဖြစ်မည်ဟု ကြိုထင်ထားသည့်အလား အေးစက်စက်အမူအယာဖြင့်သာ နှာခေါင်းရှုံ့လျက် အနက်ရောင်အကာအကွယ်ကိုသာ စိုက်ကြည့်နေခဲ့လေသည်။
လင်းအာအား ကာကွယ်ပေးပြီးသည့်နောက်တွင် အနက်ရောင်အကာအကွယ်သည် အနက်ရောင်အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလျက် မြေပြင်ပေါ်တွင် လဲနေသော လူအိုကြီးဖုဆီသို့ တိုးဝင်သွားခဲ့လေသည်။
“ဝုန်း…”
ပတ်ဝန်းကျင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါသွားခဲ့ပြီး အလွန်တရာကိုမှ ပြင်းထန်လှသည့် ဖိအားတစ်ရပ် အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။ ထိုဖိအားသည် လူအိုကြီးဖုဆီမှ လာနေခြင်း ဖြစ်လေ၏။
မိုင်တစ်ရာအတွင်းတွင် ရှိနေသော ငှက်များ၊ သားရဲများအားလုံး ချဉ်းကပ်လာနေသည့် အန္တရာယ်ကို ခံစားမိလိုက်သည့်အလား အဘက်ဘက်သို့ ထွက်ပြေးကုန်ကြလေ၏။
ရန်ကိုင် တံတွေးတစ်လုပ် မျိုချမိလိုက်ပြီး သတိချပ်ထားလိုက်တော့လေသည်။
ဤကဲ့သို့သော ဖြစ်စဉ်မျိုးနှင့် ရန်ကိုင် အလွန်ကိုမှ ရင်းနှီးပေသည်။ ဤသည်မှာ အားကောင်းသည့် ပညာရှင်တစ်ဦး၏ ဝိဉာဉ်သက်ဆင်းလာခြင်းပင် ဖြစ်လေသည်။
ဖုန်းရွှမ်သည် ဤကဲ့သို့သော နည်းလမ်းမျိုးကိုသုံး၍ ဖုန်းရှီ၏ ခန္ဓာကိုယ်ထဲသို့ သူ့ဝိဉာဉ်ကို သက်ဆင်းစေခဲ့သည်။
ထိပ်တန်းဂိုဏ်းများ၏ လက်ရွေးစင်များတွင် သူတို့အား အသက်အန္တရာယ်မှ ကာကွယ်ပေးနိုင်မည့် ဝှက်ဖဲမျိုးစုံ ရှိနေကြပေသည်။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမှာ ထိပ်တန်းလက်ရွေးစင်တပည့် တော်တော်များများ ပိုင်ဆိုင်ထားကြသည့် အသက်ကယ်ဝှက်ဖဲတစ်ခုဖြစ်သည်။ ဤဝိဉာဉ်သက်ဆင်းခြင်းမှာတော့ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် အကာအကွယ်တစ်မျိုး ဖြစ်ပေသည်။
ပညာရှင်တစ်ဦး၏ ဝိဉာဉ်သည် တစ်ဖက်လူအပေါ် ကြီးမားသည့် ဖိအားကို ပေးစွမ်းနိုင်ရုံသာလျှင် မဟုတ်ဘဲ သူတို့၏ ဂုဏ်သတင်းနှင့် အခွင့်အာဏာကိုသုံးလျက် တစ်ဖက်ရန်သူကိုလည်း ခြိမ်းခြောက်နိုင်ပေသေးသည်။
ဤလောကကြီးတွင် ထိပ်တန်းပညာရှင်ပေါင်းများစွာ ရှိပါသော်ငြား မည်သူကများ ဝိဉာဉ်သက်ဆင်းခြင်းပညာရပ်ကို အလွယ်တကူ အသုံးပြုနိုင်လို့နည်း။
ရမ္မက်ရှာဂိုဏ်း၏ သခင်လေးဖြစ်သော ဖုန်းရှီဆီသို့ပင်လျှင် ဖုန်းရွှမ်မှ ဝိဉာဉ်သက်ဆင်းလာခဲ့လေရာ ဤလင်းအားဟူသော သခင်မလေးတွင်လည်း ဤကဲ့သို့သော ပညာရပ်မျိုး ရှိမနေဘဲ ဘယ်နေပါမည်နည်း။
ယခုကဲ့သို့ဖြစ်မည်မှန်း ရန်ကိုင် မျှော်မှန်းထားပြီးသားပင်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ လင်းအာကို တကယ်သတ်နိုင်မည်ဟုလည်း မျှော်လင့်မထားခဲ့။ လင်းအာအား ဓါးဖြင့်ခုတ်လိုက်သည့်မှာ အလွန်ကိုမှ ဒေါသထွက်နေသည့်အတွက်ကြောင့် သူ့ဒေါသများကို ဖွင့်ထုတ်လိုက်ရုံသက်သက်သာ ဖြစ်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၅၆)
လင်းအာ၏ နောက်ကွယ်မှ ပညာရှင်သည် လူအိုကြီးဖု၏ ခန္ဓာကိုယ်ပေါ်တွင် ဝိဉာဉ်သက်ဆင်းရန် ရွေးချယ်လိုက်ရခြင်းမှာ သူ့အကြောင်းပြချက်နှင့်သူ ဖြစ်ပေသည်။ ပထမဦးစွာ လင်းအာသည် ကောင်မလေးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူမကိုယ်ထဲသို့ ဝိဉာဉ်သက်ဆင်းရန် သိပ်၍ အဆင်မပြေလှ။ ဒုတိယအနေဖြင့် လူအိုကြီးဖုသည် လင်းအာထက် အများကြီး ပိုမိုအားကောင်းပေသည်။ ထို့အတွက်ကြောင့် ထိုပညာရှင်အနေဖြင့် လူအိုကြီးဖု၏ ခန္ဓာကိုယ်ကို အသုံးပြုခြင်းအားဖြင့် ပိုမိုများပြားသော တိုက်ကွက်များကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ ထို့အပြင် ဝိဉာဉ်သက်ဆင်းခြင်းပညာရပ်ကို ထုတ်သုံးပြီးသည့်နောက် လူအိုကြီးဖု ထိခိုက်သွားလျှင်ပင် ဂရုစိုက်နေစရာမလို။
ရန်ကိုင့်၏ အကြည့်အောက်တွင်ပင် မြေပြင်ပေါ်တွင် လှဲလျောင်းနေသော လူအိုကြီးဖုသည် ရုတ်တရက် ပြန်ထရပ်လာခဲ့လေသည်။ သူ၏ မီးခိုးရောင်ဆံပင်များသည် လေမတိုက်ဘဲနှင့်ပင် အလိုလို လွင့်ပျံနေခဲ့သည်။ လက်ရှိအချိန်တွင် သူ၏ မျက်လုံးများမှာ သာမန်နှင့်မတူ ပင်လယ်တမျှ နက်ရှိုင်းလှသော အကြည့်ကို ပေးစွမ်းနေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း လူအိုကြီးဖု၏ ပုံစံမှာ လုံးဝကို ပြောင်းလဲသွားတော့လေသည်။ လက်ရှိ သူ့အကြည့်မှာ မိမိကိုယ်ကို ပိုမိုကြီးကျယ်မြင့်မြတ်လှသည်ဟု ယူဆထားသော သက်ရှိတစ်ဦးမှ အဆင့်နိမ့်သည့် သက်ရှိသတ္တဝါများအပေါ် ကြည့်နေသည့် အကြည့်မျိုးနှင့်ပင် တူနေပေသေးသည်။
လူအိုကြီးဖုသည် ဘေးပတ်ဝန်းကျင်တစ်ဝိုက်ကို လှည့်ပတ်ကြည့်နေရင်းမှ သူ့အကြည့်သည် ရန်ကိုင့်ဆီ၌ ယာယီ ရပ်တန့်သွားခဲ့ပြီး အဆုံးတွင် လင်းအာဆီသို့ ရောက်သွားခဲ့လေသည်။ သို့ရာတွင် သူ့မျက်နှာအမူအယာမှာ မျက်နှာသေဖြင့်သာ ရှိနေသည့်အတွက်ကြောင့် သူ ပျော်ရွှင်နေလား၊ ဝမ်းနည်းနေလား၊ ဒေါသထွက်နေလား ပြောရခက်လှသည်။
ယခုအခါမှသာလျှင် လင်းအာသည်လည်း စတင်၍ တုံ့ပြန်လာတော့သည်။ သူမလည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးမှ ကျောက်စိမ်းပြားရှိနေသည့် နေရာကို လှမ်းကိုင်ကြည့်လိုက်သည်။ ထို့နောက် လူအိုကြီးဖုအား လှမ်းကြည့်လိုက်လေ၏။ ရင်းနှီးနေသည့် အကြည့်ကို မြင်သော် ဘာတွေဖြစ်ပျက်သွားသလဲဆိုသည်ကို နားလည်သွားသည့်အလား လည်ပင်းလေး ကျုံ့ဝင်သွားခဲ့လေသည်။
“အဖေ…” လင်းအာ၏အသံမှာ ခြင်တစ်ကောင်၏အသံနှယ် တိုးလွန်းလှသည်။ သူမအဖေကို မြင်လိုက်ရ၍ ဝမ်းသာနေရမည့်အစား ကြောက်ပင်ကြောက်နေသည့်ပုံပင်။
“ဟမ့်…” လူအိုကြီးဖုသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “နင် ဘာဖြစ်လို့ အပြင်ရောက်နေတာလဲ… ငါ နင့်ကို အိမ်ထဲမှာနေပြီး ကိုယ့်အမှားကိုယ် ပြန်သုံးသပ်နေဖို့ ပြောထားတာ မဟုတ်ဘူးလား…”
ထိုစကားကိုကြားပြီးသည့်နောက် လင်းအာမှာ မည်ကဲ့သို့ ပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားကာ အကြည့်ချင်း ရင်မဆိုင်ရဲတော့သည့်အတွက်ကြောင့် ချက်ချင်းပဲ သူမအဖေဆီမှ အကြည့်လွှဲဖယ်လိုက်လေသည်။
ထိုစကားကိုကြားသော် ရန်ကိုင် မျက်မှောင်ကြုတ်သွားလေ၏။ လက်စသတ်တော့ ဤသခင်မလေးသည် အိမ်ထဲမှ ခိုးကြောင်ခိုးဝှက်နှင့် ထွက်ပြေးလာသော ကောင်မလေးတစ်ဦး ဖြစ်နေသည်ကိုး။ ထို့အတွက်ကြောင့် သူမအဖေ ဝိဉာဉ်သက်ဆင်းလာသည်ကို မြင်သည့်အခါ ကြောက်လန့်သွားခြင်းပင် ဖြစ်သည်။ သူတွေ့နေရသော ကောင်မလေးအားလုံး ဘာကြောင့်များ ဤကဲ့သို့ ဖြစ်နေရလေသနည်း။ မိုရှောင်ချီသည်လည်း စိတ်ဝိဉာဉ်သားရဲကျွန်းဆီမှ မည်သူမျှမသိအောင် ခိုးထွက်လာခဲ့လေသည်။ ယခု ဤကောင်မလေးသည်လည်း ထိုနည်းအတိုင်းပင်။
ထိုလူများသည် တကယ်ကို အလိုလိုက်ခံထားရပါလေတကားဟု ရန်ကိုင့်စိတ်ထဲ ကြိတ်၍ တွေးလိုက်လေသည်။
“နင် အခု ဘာလုပ်လိုက်ပြန်တာလဲ…” လူအိုကြီးဖုက ထပ်မေးလိုက်လေသည်။
လင်းအာမှာမူ ပြန်မဖြေခဲ့ဘဲ ဘေးပတ်ဝန်းကျင်ကိုသာ ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေလေ၏။
“ငါ နင့်ကို မေးနေတယ်လေ… ဘာလို့ ပြန်မဖြေတာလဲ…” လူအိုကြီးဖုက ရုတ်တရက် ထအော်လေ၏။
ထိုအခါမှသာ လင်းအာ တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ “အဖေ့သမီး အနိုင်ကျင့်ခံနေရတာ…”
ထိုသို့ပြောနေရင်းမှ မျက်ရည်များသည် ရေတံခွန်အလား သူမပါးပြင်တစ်လျှောက် ပိုပိုးပေါက်ပေါက် စီးကျလာတော့သည်။ လင်းအာမှာ အတတ်နိုင်ဆုံး သနားစဖွယ်ဖြစ်အောင်ကို လုပ်ပြနေခဲ့လေသည်။ အစောပိုင်းက မောက်မာဝံ့ကြွား အထက်စီးဆန်လှသည့် သူမ၏အမူအယာကို မည်သည့်နေရာတွင်မှ မတွေ့ရတော့။ လက်ရှိသူမပုံစံသည် ယခင်ကပုံံစံနှင့် ဆန့်ကျင်ဘက်ကို ဖြစ်နေတော့လေသည်။
ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ရန်ကိုင်လည်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့ပြီး စိတ်ထဲ ကြိတ်၍ တွေးလိုက်လေသည်။ (ဒီသခင်မလေးရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလှချည်လား… သူ့ကြည့်ရတာ ဒါမျိုး မကြာခဏ လုပ်နေတဲ့ပုံပဲ…)
ကောင်မလေးမှာ မျက်ရည်များကို အတင်း ဖျစ်ညှစ်ထုတ်ပြနေစရာပင်မလို။ သူမမှ သနားစဖွယ်ပုံစံဖြင့် စကားစပြောလိုက်သည်နှင့် တစ်ပြိုင်နက် မျက်ရည်များမှာ အလိုလိုကို ကျလာလေတော့သည်။ ထို့အပြင် သူမ၏လေသံမှာလည်း အမှန်တကယ်ကို မတရားအနိုင်ကျင့်ခံထားရသည့်အလား လုံးဝကို သနားစဖွယ် ဖြစ်နေခဲ့လေသည်။ ထို့နောက် ရန်ကိုင့်ကိုညွှန်ပြရင်းမှ အော်ပြောလိုက်လေ၏။ “သူပဲ… သူ သမီးကို သတ်ဖို့လုပ်နေတာ… အဖေ သမီးကို ကူညီပေးပါဦး…”
လူအိုကြီးဖုကမူ မျက်နှာတည်ဖြင့်သာ ပြန်ပြောလိုက်လေသည်။ “ဒီလောကကြီးမှာ နင့်ကို အနိုင်ကျင့်ရဲတဲ့လူရှိလို့လား… နင်ကပဲ သူများတွေကို လိုက်ပြီး အနိုင်ကျင့်နေတာမဟုတ်ဘူးလား… ဒီတစ်ကြိမ်တော့ နင် သင်ခန်းစာကောင်းကောင်း ပေးခံလိုက်ရတဲ့ပုံပဲ…”
ထိုလူမှာ သူ့သမီးအကြောင်း ကောင်းကောင်းသိထားကာ သူ့သမီးပြောသည့် စကားတိုင်းကို မယုံကြည်သည့်ပုံပင်။
ထိုစကားကိုကြားသော် လင်းအာ၏ငိုသံများ ရပ်တန့်သွားခဲ့ပြီး လူအိုကြီးဖုအား ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်လေသည်။
“လူကြီးမင်းက တကယ်ကို သိတတ်နားလည်တာပဲ…” ရန်ကိုင်က လက်သီးဆုပ်၍ အလျင်စလို ဝင်ပြောလိုက်လေသည်။
လူအိုကြီးဖုသည် ရန်ကိုင့်အား ထူးမခြားနားဟန်ဖြင့် ကြည့်ကာ ပြန်ပြောလိုက်လေ၏။ “ဒီဘုရင် ငါ့သမီးကို စကားပြောနေတာ… မင်းက ဘာမို့လို့ လာဝင်ပြောနေရတာလဲ…”
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည် အထင်အမြင်တသေးဖြင့်သာ နှာခေါင်းရှုံ့လိုက်လေသည်။
ထို့နောက်တွင် လူအိုကြီးဖုက မေးလိုက်လေသည်။ “မင်း ဒီဘုရင်ကိုမြင်တာ မအံ့ဩသွားဘူးလား…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဘာအံ့ဩစရာရှိလို့လဲ… ခင်ဗျား ဒီလောက်အလိုလိုက်ပြီး လိုက်ကာကွယ်ပေးနေတာကြောင့်သာ မဟုတ်လို့ရှိရင် ခင်ဗျားသမီး ဒီလောက်ထိ ဆိုးရွားနေမှာမဟုတ်ဘူး… သူ ဒီလောက်ဆိုးနေတဲ့ပုံစံနဲ့ ဒီနေ့အထိ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ… ခင်ဗျားလို အားကောင်းတဲ့လူသာ ကာကွယ်ပေးမထားလို့ရှိရင် သူ ဘယ်နှစ်ခါ သေလို့ သေသွားမှန်းတောင် သိရမှာမဟုတ်ဘူး…”
တစ်ဖက်လူသည် သူ့အပေါ် ယဉ်ကျေးမနေသဖြင့် ရန်ကိုင်ကလည်း မာမာထန်ထန်သာ ပြန်၍ တုံ့ပြန်လိုက်လေသည်။
လင်းအာသည် ရန်ကိုင့်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ ရန်ကိုင်သည် သူမအဖေကိုပင်လျှင် ဤကဲ့သို့ ပုံစံမျိုးဖြင့် ပြန်ပြောရဲလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။
(ငါ ဒီလို အရူးတစ်ယောက်ကို သွားရန်စမိလိုက်တာလား…) လင်းအာသည် ကြိတ်၍ နောင်တရနေတော့လေသည်။
လူအိုကြီး၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး မယုံသင်္ကာဖြင့် ပြန်မေးလိုက်လေသည်။ “ကောင်လေး… မင်းက ဒီဘုရင်ကို ကိုယ့်တာဝန်ကိုယ်မကျေတဲ့လူလို့ ပြောနေတာလား…”
ရန်ကိုင်ကမူ နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ သိနေပြီးသားအဖြေကြီးကို မေးနေ၍လည်း ဘာများ အကျိုးထူးဦးမည်နည်း။
ရန်ကိုင့်၏ပုံစံကိုမြင်သော် လူအိုကြီးဖု အံ့အားသင့်သွားခဲ့ပြီး ချက်ချင်း ပြန်မေးလိုက်လေ၏။ “မင်း ဒီဘုရင်ကို မကြောက်ဘူးလား…”
ရန်ကိုင်သည် လူအိုကြီးဖုအား စောင်းငဲ့ကြည့်လျက် ပြန်မေးလိုက်လေသည်။ “ဘာလို့ကြောက်ရမှာလဲ…”
ကြယ်ပျက်ပင်လယ်ထဲသို့ မဝင်ဖူးလျှင်တော့ ရန်ကိုင့်မှာ ကြောက်ချင်ကြောက်လိမ့်ဦးမည် ဖြစ်ပါသော်ငြား လက်ရှိရန်ကိုင်မှာ ယခင်ကထက်ပို၍ အတွေ့အကြုံကြွယ်ဝနေပြီဖြစ်သလို လောကတစ်သောင်းမဟာဧကရာဇ်နှင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်တို့နှင့်ပင်လျှင် တွေ့ခဲ့ဖူးသူတစ်ဦး ဖြစ်ပေသည်။
“ဒီဘုရင် ဘယ်သူလဲဆိုတာကို မင်းသိတာလား…” လူအိုကြီးဖုက ထပ်မေးလိုက်လေသည်။
ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေသည်။ “ဂျူနီယာရန်ကိုင် စီနီယာရှုယဉ်သာကို နှုတ်ဆက်ပါတယ်…”
ရန်ကိုင်သည် တစ်ဖက်လူအား ကြောက်သဖြင့် ပြန်နှုတ်ဆက်နေခြင်းမဟုတ်။ ထို့အစား လေးစားသမှုထား၍သာ ပြန်လည်နှုတ်ဆက်လိုက်ခြင်း ဖြစ်ပေသည်။
လူအိုကြီးဖု အံ့အားသင့်သွားတော့လေ၏။ ရန်ကိုင်သည် သူမည်သူမှန်း သိနေသည့်တိုင် ဤကဲ့သို့ပုံစံမျိုးဖြင့် သူ့အား ဆက်ဆံရဲလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
ရန်ကိုင်မှာ လင်းအာ၏နောက်ခံ မည်သူဖြစ်မလဲ ဆိုသည်ကို အစောကြီးကတည်းက ခန့်မှန်းမိပြီးသားပင်။ မရဏဂိုဏ်းမှ တပည့်များ၏ လင်းအာအပေါ် ဆက်ဆံပုံကို ကြည့်လျှင်ပင် သိနိုင်ပေသည်။ မရဏဂိုဏ်းသည် အရှေ့ဘက်နယ်မြေတွင် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်လေရာ လင်းအာအပေါ် ဤကဲ့သို့ ဆက်ဆံရပုံကို ထောက်လျှင် လင်းအာ၏အဆင့်အတန်းမှာ သူတို့ထက် ပိုမိုမြင့်မားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ မရဏဂိုဏ်းမှ အကြီးအကဲတစ်ဦးထက် ပိုမိုအဆင့်မြင့်မားသည့် လူဆို၍ မည်သူရှိပါဦးမည်နည်း။ အရှေ့ဘက်နယ်မြေတစ်ခုလုံးကို ကြီးစိုးနေသည့် ရှုယဉ်သာမဟာဧကရာဇ်သာ ရှိပေတော့မည်။
“မင်း ဘယ်လိုသိသွားတာလဲ…” လူအိုကြီးဖု မျက်မှောင်ကြုတ်နေတော့သည်။
ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ခန့်မှန်းလိုက်တာလေ…”
လူအိုကြီးဖု၏မျက်လုံးထဲ အရောင်တချက်လက်သွားခဲ့သည်။ သို့သော် ထိုမေးခွန်းကို ဆက်မမေးခဲ့။ ထို့အစား အခြားတစ်ခုကိုသာ ပြောင်းပြောလိုက်လေသည်။ “လင်းအာရဲ့ နောက်ခံကို သိပြီးတာတောင် မင်းက သူ့ကို သတ်ဖို့ ကြိုးစားသေးတယ်ပေါ့… ဘာလဲ… မင်းက ဒီဘုရင်ကို အပြင်ထွက်လာအောင် လုပ်ချင်နေတာလား…”
(ဒီလူအိုကြီးက ဦးနှောက်နည်းနည်းပါးပါးတော့ ရှိသေးသားပဲ…)
ဤအခြေအနေထိ ရောက်လာပြီးမှဖြင့် ရန်ကိုင်လည်း သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်မနေတော့ဘဲ အမှန်အတိုင်း ပြန်၍ ပြောလိုက်လေ၏။ “စီနီယာက တကယ်ကို အမြင်စူးရှတာပဲ…”
သို့သော်ငြား ရှုယဉ်သာမဟာဧကရာဇ်သည်သာ လူလုံးထွက်မပြခဲ့ပါက ရန်ကိုင်သည် မျက်မြင်သက်သေအားလုံးကို နှုတ်ပိတ်ပစ်လိုက်ပေမည်။ လင်းအာသည် သူ့အား တစ်ကြိမ်မက နှစ်ကြိမ်မက လာလာရန်စခဲ့သည်။ အရေးကြီးဆုံးအချက်မှာ သူမ ဝင်ရှုပ်လိုက်သည့်အတွက်ကြောင့် ရန်ကိုင်မှာ သေခါနီးဖြစ်သွားခဲ့ရသည်။ သူ့အား ထိုကဲ့သို့ သေခါနီးဖြစ်သွားအောင် လုပ်သွားသည့်လူတစ်ဦးကို ရန်ကိုင့်အနေဖြင့် မည်သို့မှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
လူအိုကြီးဖုက ထပ်မေးလိုက်ပြန်သည်။ “ငါ့ကိုထွက်လာအောင်လို့ မင်းအတွက် ဘာအကျိုးရှိမှာမို့လို့လဲ…”
ရန်ကိုင်က သက်ပြင်းချလျက် နာကျင်နေသည့် အမူအယာမျိုးဖြင့် ပြန်ပြောလိုက်လေသည်။ “စီနီယာ… ဂျူနီယာကလည်း ခင်ဗျားသမီး တွန်းအားပေးလွန်းလို့ ရွေးချယ်စရာမရှိတော့ဘဲ အခုလိုမျိုး လုပ်လိုက်ရတာပါ…”
“ဒီကိစ္စက ငါနဲ့ဘာဆိုင်လို့လဲ…” လင်းအာမှာ ယခင်ကထက်ကို ပို၍ တည်ငြိမ်နေခဲ့လေပြီ။ သူမအဖေ ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် သူမ၏ အသက်အန္တရာယ်အပေါ် စိုးရိမ်နေခြင်းမရှိတော့ချေ။ ထို့အစား ယနေ့ကိစ္စကြောင့် သူမအဖေ သူမအား မည်ကဲ့သို့ အပြစ်တင်လာမလဲ ဆိုသည်ကို တွေးပူရင်းဖြင့်သာ စိုးရိမ်နေရတော့သည်။
ရန်ကိုင်သည် လင်းအာကိုကြည့်လျက် ဒေါသတကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “နင့်နောက်ခံကြောင့်သာ မဟုတ်လို့ရှိရင် နင် အခု ဒီမှာရပ်ပြီး စကားပြောနေနိုင်ဦးမယ်လို့ ထင်နေသေးတာလား…”
လင်းအာကမူ နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်သည်။ ရန်ကိုင်နှင့် ပြိုင်၍ ငြင်းမနေချင်တော့ချေ။ ရန်ကိုင်မှ တုံ့ဆိုင်းခြင်းမရှိ သူမအား ဓါးနှင့်ခုတ်ခဲ့သည့် အကြောင်းကို ပြန်စဉ်းစားလိုက်ရုံဖြင့် သူမစိတ်ထဲ ကြောက်စိတ်တို့ ဝင်မိသည်။ ရန်ကိုင်ပြောသည်မှာလည်း အမှန်ဖြစ်ပေသည်။ သူမအဖေ၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ပါက သူမ တမလွန်ဘဝသို့ ရောက်နေလောက်ပေပြီ။
ရန်ကိုင်က လက်သီးဆုပ်လျက် ဝမ်းနည်းနေသည့်အမူအယာ လုပ်ပြရင်းမှ ဆက်ပြောလိုက်လေသည်။ “စီနီယာရှုယဉ်သာ… ခင်ဗျားသမီးက ဒီဂျူနီယာကို တောက်လျှောက်လိုက်ပြီး ပြဿနာရှာခဲ့တာပါ… အစကတော့ စီနီယာရဲ့နောက်ခံကို အလေးထားပြီးတော့ ဂျူနီယာ သူ့ကို လွှတ်ပေးခဲ့ပါသေးတယ်… တစ်ကြိမ်မကဘူး လွှတ်ပေးခဲ့ပါတယ်… ဒါပေမဲ့ စီနီယာရဲ့သမီးက ကျုပ်ဘက်က စေတနာထားပြီး လွှတ်ပေးခဲ့တာကို သင်ခန်းစာမရဘဲနဲ့ မရဏဂိုဏ်းကလူတွေနဲ့ ပေါင်းပြီးတော့ ဂျူနီယာကို ခြုံခိုတိုက်ခိုက်ဖို့ လုပ်ခဲ့ပါတယ်… အဲ့ဒါကတော့ လုံးဝ ခွင့်လွှတ်လို့မရတဲ့ လုပ်ရပ်မျိုး ဖြစ်သွားပါပြီ… ဒီလိုနဲ့ ရွေးချယ်စရာမရှိတော့တဲ့အဆုံး ဂျူနီယာလည်း ဒီမရဏဂိုဏ်းသား အယောက်နှစ်ဆယ်ကျော်ကို ဒီမှာတင် သတ်ပစ်လိုက်ရပါတယ်…”
လူအိုကြီးဖု မျက်ခုံးပင့်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေသည်။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် အလောင်းများကို အစောကြီးတည်းက သူသတိပြုမိပြီးသားပင်။ ထိုလူများသည် မရဏဂိုဏ်းမှ ဖြစ်လိမ့်မည်ဟုသာ မထင်ထားခြင်း ဖြစ်၏။
(ဒီကောင်က ဒီလောက်တောင် အားကောင်းတာလားဟ… ဧကရာဇ်ပထမအဆင့်လေးနဲ့ ဒီလူတွေအကုန်လုံးကို သူတစ်ယောက်တည်း သတ်သွားတာလား…)
ရန်ကိုင်က ဆက်၍ ပြောလိုက်လေသည်။ “ဒီမရဏဂိုဏ်းက သေသွားတဲ့လူတွေက တစ်ယောက်မှ သနားစရာမကောင်းပါဘူး စီနီယာ… ဒါပေမဲ့ စီနီယာရဲ့ သမီးကိုတော့ ဂျူနီယာလည်း ထိခိုက်သွားအောင် ဘယ်လုပ်ရဲပါ့မလဲ…”
“နင်… နင် လိမ်နေတာ…” လင်းအာသည် ရန်ကိုင့်အား ဒေါသတကြီးဖြင့် လက်ညှိုးငေါက်ငေါက်ထိုးရင်းမှ အော်ပြောလိုက်လေ၏။ “နင် ငါ့ကို သတ်ချင်နေတာ အသိသာကြီး…”
ရန်ကိုင်က မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ငါသာ နင့်အသက်အန္တရာယ်ကို မခြိမ်းခြောက်ခဲ့လို့ရှိရင် စီနီယာ ဘယ်လိုလုပ်ပြီး ထွက်လာပါ့မလဲ…”
လူအိုကြီးဖုက ရန်ကိုင့်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်းမှ မေးလိုက်လေသည်။ “ငါ့နဲ့ လူချင်းတွေ့ပြီး မင်းက ဘာလိုချင်နေတာလဲ…”
ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “စီနီယာ… ခင်ဗျားသမီးကိုတော့ ကျုပ်မသတ်ရဲပါဘူး… ဒါပေမဲ့ သူ ဒီလောက်ထိ ကျုပ်ကို ပြဿနာရှာထားတာကို ကျုပ် ဒီတိုင်းကြီးပဲတော့ ငြိမ်ခံနေလို့ မဖြစ်ဘူးလေ… ကျုပ်ဒေါသကို တစ်နည်းနည်းနဲ့တော့ ပြန်ဖွင့်ထုတ်ရမှာပေါ့… ဒါကြောင့်ပဲ စီနီယာကို ခေါ်ထုတ်လိုက်ရတာပေါ့… ဒီလိုပြဿနာတွေက စီနီယာက ကျုပ်ထက် ပိုအားကောင်းနေလို့ပဲ ဖြစ်လာရတာလေ…”
လူအိုကြီးဖုက လှောင်ပြုံးသာ ပြုံးနေခဲ့လေသည်။
(ငိုးမကြီး… ငါ အနိုင်ကျင့်ခံနေရတာကို ကြည့်ပြီး ပျော်နေတယ်ပေါ့ ဟုတ်လား…) ရန်ကိုင် အလွန်ကိုမှ ဒေါသထွက်နေခဲ့သည်။ ထို့ကြောင့် ချက်ချင်းပဲ ဆက်၍ ပြောလိုက်လေ။ “စီနီယာ… ဒီမှာကြည့်ကြည့် ကျုပ်ရင်ဘတ်ကဒဏ်ရာကို… ခင်ဗျားသမီးကြောင့် ရထားတာ… ကံကောင်းလို့ ကျုပ် အသက်မသေသွားတာ… မဟုတ်ရင် တစ်ခါတည်း မရဏကမ္ဘာရောက်နေပြီ…”
လူအိုကြီးဖုလည်း ရန်ကိုင့်၏ရင်ဘတ်နေရာဆီသို့ လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် မီတာဝက်ခန့် အရှည်ရှိသော ဒဏ်ရာကြီးတစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေသည်။
(ဒီကောင်ကတော့ တစ်မျိုးတော့ တစ်မျိုးပဲ… ဒီလောက် ဒဏ်ရာရထားတာတောင် ငါ့ရှေ့လာပြီး မျက်နှာတည်နဲ့ လာပြီး အထွန့်တက်နေရဲတယ်… ငါ သူ့ကို သတ်ပစ်လိုက်မှာကို မကြောက်ဘူးလား မသိဘူး…)
“ဒီဘုရင် နားလည်ပြီ… ကဲ… အဲ့ဒါဆိုရင် မင်း ဒီဘုရင်ကို ဒီကိစ္စ ဘယ်လိုရှင်းစေချင်လဲ…” လူအိုကြီးဖုသည် ရန်ကိုင့်အားစိုက်ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “အခု ငါရောက်နေပြီဆိုမှတော့ မင်းစိတ်ထဲရှိတာကို ပြောလိုက်… အခုနေ မပြောလိုက်လို့ဆိုရင်တော့ နောက်တစ်ကြိမ် ထပ်ပြောခွင့် ရတော့မှာမဟုတ်ဘူးနော်…”
ရန်ကိုင်မျက်နှာပျက်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “စီနီယာက ဂျူနီယာကို နှုတ်ပိတ်ပစ်ချင်နေတာလား… စီနီယာ… ခင်ဗျားအဆင့်အတန်းနဲ့ အခုလိုလုပ်တာ သိပ်သင့်တော်တာမဟုတ်ဘူးနော်… ဒီအကြောင်းသာ သတင်းပြန့်သွားခဲ့ရင် ခင်ဗျား လူရှေ့သူရှေ့ကို ဘယ်မျက်နှာနဲ့ ထွက်တော့မှာလဲ…”
လူအိုကြီးဖုက ပြန်ပြောလိုက်လေ၏။ “မင်းရည်ရွယ်ချက်က ဘာပဲဖြစ်နေဖြစ်နေ ဒီဘုရင်ရဲ့သမီးကို သတ်ဖို့ ကြိုးစားခဲ့တာက အမှန်တရားပဲ… ဒီတော့ ဒီဘုရင် မင်းကိုသတ်လို့ရော ဘာဖြစ်လဲ…”
ရန်ကိုင်က ချက်ချင်းပဲ ဒေါသတကြီးဖြင့် ပြန်အော်ပြောလေ၏။ “စီနီယာ… ခင်ဗျား တကယ်ကြီး အဲ့လိုလုပ်ချင်နေတာလား… ခင်ဗျားအဆင့်အတန်းနဲ့ ခွန်အားကို အားကိုးပြီးတော့ ကျုပ်လိုဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်ဖို့ ကြိုးစားချင်တယ်ပေါ့…”
ဤသက်ကြားအိုကြီးသည် အလွန်တရာကိုမှ အရှက်မဲ့လွန်းလှသည်။ မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင် ဖြစ်ပါသော်ငြား သူ့အဆင့်အတန်းနှင့် ဂုဏ်သတင်းကိုမှ မထောက်ထားဘဲ ဤမျှအရှက်မဲ့သည့်လုပ်ရပ်ကို လုပ်ချင်နေသည်။
ထိုအချင်းအရာကိုမြင်သော် လင်းအာမှာ စိတ်လှုပ်ရှားလာပြီး ချက်ချင်းပဲ အော်ပြောလိုက်လေ၏။ “အဖေ… အဲ့ကောင်နဲ့ အပိုစကားတွေ ပြောနေစရာမလိုဘူး… မြန်မြန်သာ သတ်ပစ်လိုက်…”
လူအိုကြီးဖုသည် အေးစက်စက်အမူအယာဖြင့် ပြုံးရင်း ရန်ကိုင့်ကိုကြည့်ကာ ပြောလိုက်လေသည်။ “ဘာလဲ… မင်းအခုကြောက်နေပြီလား…”
ရန်ကိုင် အံကြိတ်၍ ပြန်အော်ပြောလိုက်လေသည်။ “ဘာကိုကြောက်ရမှာလဲ… ဒီသခင်လေးက လောကတစ်သောင်းမဟာဧကရာဇ်နဲ့တောင် ရင်ဘောင်တန်းပြီးတော့ အတူတိုက်ခိုက်လာခဲ့တာ… မဟာဧကရာဇ်တစ်ပါးကို မြင်လိုက်ရရုံနဲ့ ဒီသခင်လေး ကြောက်သေးပါသွားမယ်လို့ ထင်နေတာလား… ဒီလောကမှာ ဒီသခင်လေးကြောက်တဲ့ဟာ ဘာမှမရှိဘူးကွ…”
ရန်ကိုင်မှ ထိုကဲ့သို့ပြောလာသည်နှင့် တစ်ပြိုင်နက် လူအိုကြီးဖု၏ အမူအယာ ထူးဆန်းသွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “မင်း ဟုန်ချန်နဲ့ ရင်ပေါင်တန်းပြီး တိုက်ခိုက်တာလား…”
“ဟုတ်တယ်…” ရန်ကိုင်က နှာခေါင်းရှုံ့ကာ ဆက်၍ ပြောပြလိုက်လေသည်။ “လူကြီးမင်းသာ လူကိုယ်တိုင်ရောက်လာမယ်ဆိုရင်တော့ ဒီဂျူနီယာ ချက်ချင်း ထွက်ပြေးရမှာပေါ့… ဒါပေမဲ့ လူကြီးမင်းရဲ့ ဝိဉာဉ်လေးတစ်ခုလောက်နဲ့ ဘယ်လောက်စွမ်းအားများများကို ထုတ်ဖော်နိုင်မှာမို့လို့လဲ… ဒီဂျူနီယာ ရိုင်းသွားသလိုဖြစ်သွားရင်တော့ ခွင့်လွှတ်ပေးနော်… ဒါပေမဲ့ စီနီယာ အရမ်းတွန်းအားပေးလာလို့ရှိရင်တော့ ဒီဂျူနီယာလည်း မသေခင် ခင်ဗျားသမီးကိုပါ အပါဆွဲခေါ်သွားလို့ရတယ်… စီနီယာ ခင်ဗျားသမီးရဲ့အသက်ကို ဂရုစိုက်လားတော့ မသိဘူး…”