အခန်း (၂၅၅၇-၂၅၅၉)
Vol. 107 Ch. 2557-2559
အပိုင်း (၂၅၅၇)
ရန်ကိုင်၏မျက်နှာ ခက်ထန်သွားခဲ့လေသည်။ ရန်ကိုင် အလကားသက်သက် ခြိမ်းခြောက်နေခြင်းမဟုတ်။ တစ်ဖက်လူကသာ သူ့အား တိုက်ခိုက်လာမည်ဆိုပါက ရန်ကိုင်လည်း တကယ်လုပ်ပေလိမ့်မည်။
“သောက်ကျင့်မကောင်းတဲ့ကောင်…” လင်းအာ၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။
(ခွေးသူတောင်းစားက အခုထိ ငါ့ကို သတ်ချင်နေတုန်းပဲ… အစကတည်းကကို ငါ့ကို တစ်ခါမှ အလွတ်ပေးဖို့ မစဉ်းစားထားတာ… ပြောတော့ ငါ့ကိုများ မသတ်ချင်ဘူးလေး ဘာလေးနဲ့… ဒီသခင်မလေးရဲ့လက်ထဲတော့ မရောက်စေနဲ့ပေါ့… မဟုတ်ရင်တော့ သေတာထက်ဆိုးတာ ဘာလဲ သိသွားစေရမယ်…)
“လူကြီးမင်း ကျုပ်ကို မယုံဘူးဆိုလို့ရှိရင် လာစမ်းကြည့်လို့ရတယ်နော်…” ရန်ကိုင်သည် အနန္တဓါးကို ဝှေ့ယမ်းလိုက်ရင်းမှ ခေါင်းကိုမော့ ရင်ကိုကော့လျက် ပြန်ပြောလိုက်လေသည်။
လူအိုကြီးဖုကမူ မျက်နှာသေဖြင့်သာ။ ထို့နောက် လေသံတိုးတိုးဖြင့် ပြန်၍ပြောလိုက်လေ၏။ “ကောင်လေး… မင်းက လောကတစ်သောင်းမဟာဧကရာဇ်နဲ့ ရင်ပေါင်တန်းပြီး တိုက်ခိုက်ခဲ့တယ် ဟုတ်လား… ကြွားမယ်ဆိုရင်လည်း ယုံချင်စရာရှိအောင်တော့ ကြွားပါကွာ… ဒီအကြောင်း သတင်းပြန့်သွားမှာကို မင်းမကြောက်ဘူးလား…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဂျူနီယာက အမှန်တရားကိုပြောနေတာ… ကြွားလုံးထုတ်နေတာ မဟုတ်ဘူး…”
“တကယ်လား…” လူအိုကြီးဖုသည် အဓိပ္ပာယ်ပါပါဖြင့် ရယ်မောလိုက်ပြီးသည့်နောက် တစ်ချက်ရပ်၍ ပြောလိုက်လေသည်။ “ခဏစောင့်…”
“ဘာကိုစောင့်ရမှာလဲ…” ရန်ကိုင်သည် လူအိုကြီးဖုအား မျက်မှောင်ကြုတ်ကာ အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။ တစ်ဖက်လူ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူမသိ။ သို့သော်ငြား သူကိုယ်တိုင်ကလည်း တစ်ဖက်လူ၏ပြိုင်ဘက် မဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း မဆင်မခြင် မလှုပ်ရှားခဲ့ပေ။
တစ်ဖက်လူသည် ဖုန်းရွှမ်ကဲ့သို့မဟုတ်ချေ။ သူကိုယ်တိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား တစ်ဖက်လူ၏ ဝိဉာဉ်သက်ဆင်းခံရသည့်လူမှာလည်း ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေသလို ဝိဉာဉ်သက်ဆင်းလာသည့်လူမှာလည်း မဟာဧကရာဇ်တစ်ပါး ဖြစ်နေလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ရှုယဉ်သာမဟာဧကရာဇ်၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်ဟု မထင်။ သို့သော်ငြား ထွက်ပြေးမည်ဆိုလျှင်တော့ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေသည်။ ထို့ကြောင့်သာမဟုတ်ပါက မည်သည့်သတ္တိဖြင့်များ ဤနေရာတွင် ဆက်နေရဲပါဦးမည်နည်း။
မိုးထိမတတ် မြင့်မားလှသော နှင်းများ ဖုံးလွှမ်းနေသည့် တောင်စဉ်တောင်တန်းတစ်လျှောက်တွင် အရွယ်အစားအမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးရှိသော အဆောက်အဦးများ တည်ရှိနေကြလေသည်။ ကျင့်ကြံသူပေါင်းများစွာသည် ဟိုမှသည်သို့ ကူးကလန်ခတ် ပျံသန်းနေရင်း သွားလာလှုပ်ရှားနေကြသည်။
လေအဝှေ့နှင့်အတူ ရောက်ရှိလာကြသော ပန်းသင်းရနံ့တို့မှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား သင်းထုံသော ရနံ့တို့ဖြင် မွှေးကြိုင်သွားစေခဲ့လေသည်။ ရှားပါးလှသည့် အမျိုးမျိုးသော သားရဲတိရစ္ဆာန်များမှာလည်း တောင်တန်းများနှင့် တောအုပ်များတစ်လျှောက် ကူးကလန်ခတ် သွားလာနေကြသည်။ နေမင်းရောင်ခြည်သည် နှင်းဖုံးနေသော တောင်တန်းတစ်လျှောက်ပေါ်သို့ ပက်ဖြန်းထားခဲ့လေသည်။
ဤနေရာသည် အလွန်တရာကိုမှ နေချင်စဖွယ် ကောင်းလှသော အလှတရားတို့ဖြင့် ရစ်သိုင်းနေသည့် လောကသုခဘုံတစ်ခုသာ ဖြစ်လေသည်။
ထို့အပြင် ဤနေရာကြီးသည် အရှေ့ဘက်နယ်မြေ၏ အုပ်စိုးသူတစ်ဖြစ်လဲ ရှုယဉ်သာဝိဉာဉ်နန်းတော် တည်ရှိနေသော နေရာလည်း ဖြစ်ပေသည်။
နှင်းများဖုံးလွှမ်းနေသော တောင်များအနက် အမြင့်ဆုံးတောင်တစ်လုံးပေါ်တွင် နန်းတော်တစ်ခု ထီးထီးကြီး တည်ရှိနေလေသည်။ ထိုနန်းတော်ကြီးမှာ လူသူအရောက်အပေါက် မရှိသည့်အလား အလွန်တရာကိုမှ ခြောက်ကပ်နေခဲ့သည်။
ထို့အပြင် ထိုတောင်နှင့် မိုင်တစ်ရာဝန်းကျင်အတွင်း မည်သည့်လူသူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရ။ ကျေးငှက်တိရစ္ဆာန်များသည်ပင်လျှင် ထိုနေရာသို့ မချဉ်းကပ်လာရဲကြပေ။
ထိုသို့ဖြစ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ဤနေရာသည် ရှုယဉ်သာဝိဉာဉ်နန်းတော်၏ တားမြစ်နေရာတစ်ဖြစ်လဲ ရှုယဉ်သာမဟာဧကရာဇ် နေထိုင်သည့် နေရာသာ ဖြစ်သည်ကိုး။
ရှုယဉ်သာမဟာဧကရာဇ်သည် မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သလို ကြယ်တာရာအစုအဝေးတစ်ခုလုံး၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် လူတိုင်းသည် သူ့အား ကြောက်ရွံ့လေးစားကြသည်။ သူကသာ မဆင့်ခေါ်လျှင် မည်သူမှ သူ့အား လာ၍ မနှောင့်ယှက်ရဲကြပေ။ သူ့ကလေးများသည်ပင်လျှင် ဤနေရာသို့ လာချင်ပါက သူ၏ခွင့်ပြုချက်ကို ပထမဦးစွာ တောင်းခံရပေသည်။
လွန်ခဲ့သည့် သုံးနှစ်အတွင်း ရှုယဉ်သာနန်းတော်၏ သခင်လေး ဖြစ်သော ယောင်စီသည် သူ့အဖေအား တစ်ချက်ကလေးမှပင် မတွေ့ခဲ့ရပေ။ သူ့အဖေ ကျင့်ကြံနေမှန်း သိသည့်အတွက်ကြောင့် အရေးကြီးသည့် ကိစ္စမရှိဘဲ သူ့အဖေအား သွားမနှောင့်ယှတ်ရဲခဲ့ချေ။
လက်ရှိအချိန်တွင် မှောင်ရီပျိုးစ နေအလင်းစတို့ ကျဆင်းနေသည့် နန်းတော်တစ်ခုထဲဝယ် လူနှစ်ဦးမှာ မျက်နှာချင်းဆိုင်ကာ ထိုင်နေခဲ့ကြလေသည်။
တစ်ဦးမှာ အနက်ရောင်ဆံပင်နှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။ ခံစားချက်ကင်းမဲ့သည့် သူ၏မျက်နှာထားမှာ အကြွင်းမဲ့ ကြီးမြတ်မှု၊ ကြီးကျယ်မှု၊ သာလွန်မှုတို့ကို ပေးစွမ်းနေခဲ့လေသည်။ ထိုလူမှာ အခြားမဟုတ် ရှုယဉ်သာဝိဉာဉ်နန်းတော်၏ သခင်ဖြစ်သော မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သည့် ရှုယဉ်သာမဟာဧကရာဇ်သာ ဖြစ်လေသည်။
သူနှင့်ဆန့်ကျင်ဘက်တွင် ထိုင်နေသည့်လူမှာတော့ သက်ကြီးပိုင်းလူတစ်ဦးဖြစ်လေသည်။ ထိုလူမှာ ဂုဏ်သိက္ခာ၊ အဆင့်အတန်း ဘာကိုမှ ဂရုမစိုက်သည့်အလား မြေပြင်ပေါ်တွင် အဆင်ပြေသလို ဖြစ်ကတက်ဆန်း ထိုင်နေခဲ့သည်။ ထို့နောက်တွင် ပျင်းရိငြီးငွေ့သည့် အမူအယာမျိုးဖြင့် ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေခဲ့လေ၏။
ယောင်စီသာ ယခုမြင်ကွင်းကို မြင်လိုက်မည်ဆိုပါက လုံးဝကို အံ့အားသင့်သွားပေလိမ့်မည်။
အကြောင်းမှာ သူ့အဖေရှိနေသည့် နေရာဆီသို့ လူအနည်းငယ်သည်သာ ခြေချနိုင်သည့်အတွက်ကြောင့်ပင်။ မည်သည့်အပြင်လူမှ ဤနေရာသို့ ဝင်မလာခဲ့ဖူးပေ။ သို့သော်ငြား လက်ရှိတွင် ဘယ်ကမှန်းမသိရသော သက်ကြီးပိုင်းလူတစ်ဦးသည် သူ့အဖေနှင့် မျက်နှာချင်းဆိုင် ထိုင်နေခဲ့လေသည်။
ရန်ကိုင်ကိုယ်တိုင်သည်လည်း ဤဖြစ်ရပ်ကို မြင်လိုက်မည်ဆိုပါက အကြီးအကျယ် အံ့အားသင့်မိသွားပေလိမ့်မည်။
အကြောင်းမှာ ဤသက်ကြီးပိုင်းလူသည် အခြားမဟုတ် တွမ့်ဟုန်ချန်သာ ဖြစ်နေသည့် အတွက်ကြောင့်ပင်။
တွမ့်ဟုန်ချန် ဤနေရာသို့ မည်ကဲ့သို ရောက်လာသလဲ ဘာကြောင့် ရောက်လာသလဲဆိုသည်ကို မည်သူမျှ မသိကြပေ။
ထိုစဉ် တင်ပလင်ခွေထိုင်နေသော ရှုယဉ်သာမဟာဧကရာဇ်သည် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာပြီး တွမ့်ဟုန်ချန်ကို ကြည့်လိုက်လေသည်။ ထိုအခါ တွမ့်ဟုန်ချန်လည်း ချက်ချင်း ခါးကိုမတ်လျက် ပြန်မေးလိုက်လေ၏။ “မင်းကိစ္စ ပြီးသွားပြီလား…”
“မပြီးသေးဘူး…” ရှုယဉ်သာမဟာဧကရာဇ်က ခေါင်းခါပြလိုက်သည်။
တွမ့်ဟုန်ချန်က အံ့ဩတကြီးဖြင့် ပြန်မေးလိုက်လေသည်။ “မပြီးသေးရင် ဘာလို့ မျက်လုံးပြန်ဖွင့်လာတာလဲ… မင်းကိစ္စကို မြန်မြန်ရှင်းလိုက်ကွာ… ငါ မင်းဆီက အကူအညီတောင်းစရာ ရှိသေးတယ်…”
ရှုယဉ်သာမဟာဧကရာဇ်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “မင်းကိစ္စက အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး… ဒါပေမဲ့ ငါမင်းကိုမေးချင်တာတစ်ခုရှိတယ်…”
တွမ့်ဟုန်ချန်က ပြန်ပြောလိုက်၏။ “ဘာမေးချင်တာလဲ…”
ရှုယဉ်သာမဟာဧကရာဇ်က ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။ “အခု ကောင်လေးတစ်ယောက်က ငါ့ကို မင်းနဲ့ ရင်ပေါင်တန်းပြီး တိုက်ခိုက်ဖူးတယ်ဆိုပြီးတော့ ကြွားလုံးလာထုတ်နေလို့… အဲ့ဒါ တကယ်ဟုတ်မဟုတ် မေးချင်လို့…”
တွမ့်ဟုန်ချန်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဘယ်ကောင်က ငါနဲ့ ရင်ပေါင်တန်းပြီး လာတိုက်ခိုက်ဖူးရမှာလဲ… မင်း လူတိုင်းပြောတာကို လျှောက်ယုံနေတာလား… ငါ အခြားလူတွေနဲ့ ရင်ပေါင်တန်းပြီး တိုက်ခိုက်ခဲ့ဖူးတာ ဘယ်အချိန်ကလဲ မင်းလည်းသိနေတာပဲကို… အဲ့ဒါကိုများ လာမေးနေသေးတယ်… ထားလိုက်တော့ကွာ… အဲ့ကောင်တွေကို ဂရုစိုက်မနေနဲ့… မောင်းထုတ်ပြီးတော့သာ ငါ့ကိစ္စကို မြန်မြန်ဖြေရှင်းပေး…”
ရှုယဉ်သာမဟာဧကရာဇ်က ခေါင်းညိတ်လိုက်လေ၏။ “ငါလည်း အဲ့လိုစဉ်းစားနေတာ”
ရန်ကိုင် မဟုတ်တရုတ် လျှောက်ပြောနေခြင်း ဖြစ်သည်ဟုသာ ရှုယဉ်သာမဟာဧကရာဇ်လည်း ယုံကြည်နေပေသည်။ တကယ်တော့ တွမ့်ဟုန်ချန်ဆိုသည်မှာ မည်သူဖြစ်လေသနည်း။ ကျင့်ကြံခြင်းအား ထပ်တလဲလဲ ဖြတ်တောက်ခဲ့၍ သူ့ခွန်အားမှာ အကြီးအကျယ် လျော့ကျသွားသည့်တိုင် သူ့ရန်သူများကို တိုက်ခိုက်ရန်အတွက် အခြားသူများနှင့် ပူးပေါင်းစရာမလိုပေ။ သို့သော်ငြား တွမ့်ဟုန်ချန်သည် ရှုယဉ်သာနန်းတော်သို့ ရောက်နေသည့်အတွက်ကြောင့် ရှုယဉ်သာမဟာဧကရာဇ်လည်း အတည်ပြုလို့ပြုငြား လာမေးလိုက်ခြင်းဖြစ်သည်။
“နေဦး…” တွမ့်ဟုန်ချန်က ရုတ်တရက် ပြန်မေးလိုက်လေသည် “အဲ့ကောင်လေးပုံစံက ဘယ်လိုမျိုးလဲ…”
ယခုမှသာလျှင် သူနှင့်အတူ ယှဉ်တွဲတိုက်ခိုက်ဖူးသည့် လူတစ်ဦးကို တွမ့်ဟုန်ချန် ပြန်သတိရသွားခဲ့သည်။
ရှုယဉ်သာမဟာဧကရာဇ်သည် ဘာမှ ပြန်ပြောမနေခဲ့ဘဲ သူ့လက်ကို ဝှေ့ယမ်း၍သာ ပုံရိပ်တစ်ခုကို ထုတ်ဖော်ပြလိုက်လေ၏။ ထိုပုံရိပ်ထဲတွင် ရန်ကိုင်သည် ဓါးတစ်ချောင်းကို ကိုင်ဆွဲလျက် အလောင်းများ ပြန့်ကျဲနေသည့် နေရာတစ်ခုတွင် ရပ်နေခဲ့လေသည်။
ထိုပုံရိပ်ထဲရှိလူကိုမြင်သော် တွမ့်ဟုန်ချန်၏နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “ဘယ်လိုလုပ်ပြီး ဒီကောင်စုတ်လေး ဖြစ်နေရတာလဲ…”
ရှုယဉ်သာမဟာဧကရာဇ် ကြောင်သွားခဲ့ပြီး ချက်ချင်း ပြန်မေးလိုက်လေ၏။ “မင်း သူ့ကို သိတာလား….”
တွမ့်ဟုန်ချန်၏မျက်နှာ ရုတ်ချည်း တွန့်လိမ်လာခဲ့ပြီး အံတင်းတင်းကြိတ်လျက် ပြန်ပြောလိုက်လေ၏။ “အဲ့ကောင် ပြာဖြစ်သွားရင်တောင် ဒီဘုရင် သူ့ကို မှတ်မိနေဦးမှာ… မြန်မြန်သတ်ပစ်လိုက်ကွာ… မင်းသာ အဲ့ကောင်ကို သတ်ပစ်ပေးမယ်ဆိုလို့ရှိရင် ဒီဘုရင် မင်းကို အကြွေးတစ်ခု တင်သွားပြီလို့ မှတ်လို့ရတယ်…”
ရှုယဉ်သာမဟာဧကရာဇ်က သက်ပြင်းတစ်ချက်ချလျက် ပြန်ပြောလိုက်လေသည်။ “ကောင်းကင်ဝါးမျိုသူ… မင်း အခုလိုထွက်လာပြီး နောက်တစ်ကြိမ် မဟုတ်တရုတ်တွေ ထပ်ပြောလာဦးမယ်ဆိုလို့ရှိရင် ဒီဘုရင် မင်းကို ယဉ်ကျေးနေတော့မှာ မဟုတ်ဘူးနော်… ဒီဘုရင်ရဲ့ ရှုယဉ်သာလက်ချောင်းက ရန်စစရာ မဟုတ်ဘူးကွ…”
တစ်ချက်ကြည့်လိုက်ရုံဖြင့် ယခု စကားပြောလာသည့်လူမှာ တွမ့်ဟုန်ချန်မဟုတ်ဘဲ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ဖြစ်သော ဝူခွမ်းသာဖြစ်မှန်း ရှုယဉ်သာမဟာဧကရာဇ် အလွယ်တကူပြောနိုင်ပေသည်။
တွမ့်ဟုန်ချန်က ထူးထူးဆန်းဆန်းပြုံးလျက် ပြန်ပြောလိုက်လေ၏။ “အိုး… မင်းက ဒီဘုရင်ကို လာခြိမ်းခြောက်ရဲတယ်ပေါ့ ဟုတ်လား… အရင်တုန်းက မင်း အဲ့လိုမျိုး မဟုတ်ပါဘူး…”
ရှုယဉ်သာမဟာဧကရာဇ်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဒီဘုရင်ရဲ့ ရှုယဉ်သာလက်ချောင်းက ရန်စစရာမဟုတ်ဘူးနော်…”
လက်ရှိအခြေအနေကို ကြည့်ရသလောက် ယခင်က ဖြစ်ခဲ့ပျက်ခဲ့သော တိုက်ပွဲတွင် ရှုယဉ်သာမဟာဧကရာဇ်သည်လည်း ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ လက်ချက်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသည့် ပုံပင်။
တွမ့်ဟုန်ချန်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “မင်း အဲ့စကားကိုပဲ ထပ်တလဲလဲချည်း မပြောလို့မရဘူးလား… တခြားတစ်နည်းနည်းလေးလည်း သုံးပြီး ခြိမ်းခြောက်စမ်းပါဦးကွာ… ဒီစကားချည်းပဲ ကြားနေရတာ ရိုးအီလွန်းနေပြီ…”
ရှုယဉ်သာမဟာဧကရာဇ်ကမူ ပြုံးမြဲပြုံးရင်းဖြင့်သာ ပြန်ပြောလိုက်လေ၏။ “ဒီဘုရင်ရဲ့ ရှုယဉ်သာလက်ချောင်းက…”
“တော်လိုက်တော့ကွာ…”
ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က အစောကြီးကတည်းက စိတ်ဆတ်သည့်လူတစ်ဦး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရှုယဉ်သာမဟာဧကရာဇ်မှ စကားတစ်ခွန်းတည်းအား ထပ်တလဲလဲ ပြောနေသည်ကိုမြင်သော် သည်းမခံနိုင်တော့ဘဲ ထအော်တော့လေသည်။
ထိုအခိုက်အတန့်တွင် တွမ့်ဟုန်ချန်၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး သူ့မျက်နှာထက်ရှိ ကြမ်းကြုတ်ခက်ထန်နေသည့် အမူအယာနေရာ၌ ဒေါသထွက်နေသည့် အမူအယာတစ်ခုက အစားထိုးဝင်ရောက်လာခဲ့လေသည်။
မိမိစကားပြောနေသည့်အချိန်တွင် အခြားလူတစ်ဦးမှ မိမိ၏ခန္ဓာကိုယ်ကို ဝင်စီးလျက် ဖြတ်ပြောလာမည်ဆိုပါက မည်သူမဆို ဒေါသထွက်မိမည်မှာ အမှန်ပင်။ သို့သော်ငြား လက်ရှိ အခြေအနေကြောင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်နှင့် တွမ့်ဟုန်ချန်တို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှမလုပ်နိုင်ဖြစ်နေကြသည်။
“မင်း တကယ်ကြီး အဲ့ကောင်လေးကို သိတာလား…” ကောင်းကင်ဝါးမျိုသူ ပြန်ထွက်သွားပြီမှန်း သိလိုက်သော် ရှုယဉ်သာမဟာဧကရာဇ်က ပြန်မေးလိုက်လေသည်။
“သိတယ်…” တွမ့်ဟုန်ချန်က နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်းမှ ပြောလိုက်လေ၏။ “ငါ မင်းကို ပြောပြသွားတဲ့လူက သူပဲ…”
ရှုယဉ်သာမဟာဧကရာဇ်က မျက်ခုံးပင့်လျက် ပြန်မေးလိုက်လေသည်။ “မင်းတို့နှစ်ယောက် အတူပူးပေါင်းပြီးတော့ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကို တိုက်ခိုက်ခဲ့တာလား…”
“ဟုတ်တယ်… ဒါပေမဲ့ မင်းထင်ထားတာထက် နည်းနည်းပိုရှုပ်ထွေးတယ်… စကားနည်းနည်းလေးနဲ့ ငါမင်းကို ရှင်းပြလို့မရဘူး… ဘာပဲဖြစ်ဖြစ် မင်းလည်း နောက်ဆုံး ဘာဖြစ်သွားလဲဆိုတာကို သိပြီးသွားပြီပဲ…” တွမ့်ဟုန်ချန်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်လေသည်။
ရှုယဉ်သာမဟာဧကရာဇ်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။ “ဒီတော့ မင်းပြောချင်တာက သူက အလကားသက်သက်ကြွားနေတာ မဟုတ်ဘူးပေါ့…”
“မင်း သူ့ကို ဘာလုပ်ချင်နေတာလဲ…” တွမ့်ဟုန်ချန်သည် ရန်ကိုင့်အား စိုးရိမ်တကြီးဖြင့် ကြည့်ရင်းမှ ပြောလိုက်လေ၏။
ရှုယဉ်သာမဟာဧကရာဇ်သည် ဝိဉာဉ်သက်ဆင်းခြင်းပညာရပ်အား ထုတ်သုံးလိုက်မှန်း သူသိပေသည်။ သူ၏ အလိုလိုက်ခံထားရသည့် သမီးဆိုးလေး အန္တရာယ်တစ်ခုခုနှင့် ကြုံနေရသည့်အတွက်ကြောင့်မှန်းလည်း တွမ့်ဟုန်ချန်ပြောနိုင်သည်။ မဟာဧကရာဇ်တစ်ပါး၏ ဝိဉာဉ်သက်ဆင်းခြင်းဆိုသည်မှာ ဟာသမဟုတ်ချေ။ ထိုအရာမှာ ဓါးအိမ်ထဲ နှစ်ပေါင်းများစွာကြာအောင် ထည့်သိမ်းထားသည့် ဓါးတစ်ချောင်းနှင့် ဆင်တူပေသည်။ ထိုဓါးတစ်ချောင်းကို ဆွဲမထုတ်လျှင် ပြဿနာမရှိ။ ဆွဲထုတ်လိုက်လျှင်တော့ ဓါးသည် သွေးသောက်ပြီးမှသာ ဓါးအိမ်ထဲသို့ ပြန်ဝင်နိုင်ပေလိမ့်မည်။ မဟုတ်လျှင် မဟာဧကရာဇ်တစ်ပါး၏ ဂုဏ်သတင်းမှာ ဟာသဖြစ်သွားပေလိမ့်မည်။
(အခြားတစ်ယောက်ဆိုရင်တော့ ကိစ္စမရှိဘူး… ဒါပေမဲ့ ဒီရန်ကိုင်ကတော့…) ရန်ကိုင် ရှုယဉ်သာမဟာဧကရာဇ်လက်၌ သေသွားမည်ကို တွမ့်ဟုန်ချန် မမြင်လိုပေ။ တကယ်တော့ ရန်ကိုင်သည် ကြယ်ပျက်ပင်လယ်ထဲတွင် သူ့အား တော်တော်လေး ကူညီပေးခဲ့သည် မဟုတ်ပေလော။
ရှုယဉ်သာမဟာဧကရာဇ်က တွမ့်ဟုန်ချန်ကိုကြည့်ရင်းမှ မေးလိုက်လေသည်။ “မင်း သူ့ကို လွှတ်ပေးစေချင်တာလား…”
နှစ်ယောက်စလုံးမှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်လာသည့် မွန်းစတားအိုကြီးများ ဖြစ်ကြသဖြင့် အရိပ်အကဲလေးကြည့်ရုံဖြင့်ပင်လျှင် တစ်ဦးဘာတွေးနေသလဲဆိုသည်ကို တစ်ဦးပြောနိုင်ပေသည်။
(ဒါ အခွင့်ကောင်းပဲ… ဒီသက်ကြားအိုကြီးကို ငါ့အပေါ် နောက်တစ်ကြိမ် အကြွေးထပ်တင်သွားအောင် လုပ်လို့ရပြီ…)
ရှုယဉ်သာမဟာဧကရာဇ်စိတ်ထဲ ကြိတ်၍ တွေးနေလိုက်လေသည်။
“ငါ့ကိုလာမေးမနေနဲ့… မင်းဘာသာမင်း လုပ်ချင်တာလုပ်… သူ သေတယ်ရှင်တယ်ကို ငါဂရုစိုက်မနေဘူး…” တွမ့်ဟုန်ချန်က သူ့အင်္ကျီလက်စကို ခါ၍ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။
ရှုယဉ်သာမဟာဧကရာဇ်သည် သူ့အကြံကို ရိပ်စားမိနေမှဖြင့် သူကရော ရှုယဉ်သာမဟာဧကရာဇ် ဘာတွေးနေသလဲ ဆိုသည်ကို မသိဘဲ နေမည်လား။ သူ့အနေဖြင့် ရှုယဉ်သာမဟာဧကရာဇ်အပေါ် တစ်ကြိမ် အကြွေးတင်ပြီးနေလေပြီ။ နောက်တစ်ကြိမ်သာ ထပ်၍ အကြွေးတင်နေပါက အကြွေးမှာ ဆပ်လို့ကုန်တော့လိမ့်မည် မဟုတ်ချေ။
“ကောင်းပြီလေ… အဲ့ဒါဆိုရင်လည်း ဒီဘုရင် သူ့ကို သတ်ရတာပေါ့…” ရှုယဉ်သာမဟာဧကရာဇ်က ခေါင်းညိတ်လိုက်လေ၏။ “သူ့လိုပါရမီရှင်တစ်ယောက် ဆုံးရှုံးသွားရတာ နှမြောစရာကောင်းတယ်ဆိုပေမဲ့ ငါ့သမီးကို လာအနိုင်ကျင့်မှတော့ ဘယ်လိုမှ ခွင့်လွှတ်ပေးလို့မရဘူး…”
“ဟဲ ဟဲ…” တွမ့်ဟုန်ချန်က ခြောက်ကပ်ကပ်ရယ်မောလျက် ပြန်ပြောလိုက်လေ၏။ “မင်း သမီးကို သူနဲ့အတူ သေသွားစေချင်တယ်ဆိုရင်လည်း လုပ်လိုက်ပေါ့ကွာ…”
ရှုယဉ်သာမဟာဧကရာဇ်မျက်နှာပျက်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “တွမ့်ဟုန်ချန်… မင်း ဒီဘုရင်ကို အထင်သေးနေတာလားကွ… ဒီဘုရင်ရဲ့ ဝိဉာဉ်စွမ်းအား နည်းနည်းလောက်ပဲကို ထုတ်လွှတ်လိုက်တာဆိုပေမဲ့ အဲ့လောက်နဲ့တင် ဧကရာဇ်ပထမအဆင့်တစ်ယောက်ကို သတ်ဖို့က ဆယ်ခါပြန်မက လုံလောက်နေပြီကွ…”
တွမ့်ဟုန်ချန်က ခေါင်းတခါခါဖြင့် ရှင်းပြလိုက်လေသည်။ “သာမန်ဧကရာဇ်ပထမအဆင့်ဆိုရင်တော့ ဟုတ်တာပေါ့ကွာ… ဒါပေမဲ့ ဒီကောင်လေးက ဟဲ ဟဲ… အဲ့လောက်မရိုးရှင်းဘူးကွ… မင်း သူ့ကို သွားအထင်သေးလို့ရှိရင် ပြဿနာတက်သွားရမဲ့လူက မင်းပဲ ဖြစ်သွားလိမ့်မယ်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၅၈)
ရှုယဉ်သာက ဒေါသတကြီး ထအော်လေသည်။ “တွမ့်ဟုန်ချန်… တော်လောက်ပြီ…”
(ဒီကောင်က ဟိုကောင်လေးကို မျက်နှာသာပေးနေရုံတင်မဟုတ်ဘူး… ငါ့ကိုပါ လာပြီး အထင်သေးနေသေးတယ်…)
တွမ့်ဟုန်ချန်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေ၏။ “သူက လေဟာနယ်တာအိုမှာ ကျွမ်းကျင်တယ်ကွ…”
“တကယ်လား…” ရှုယဉ်သာ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား တွမ့်ဟုန်ချန်ကိုယ်တိုင်က ပြောလာသဖြင့် ထိုကောင်လေး လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည်မှာ လုံးဝဖြစ်နိုင်ပေသည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို သတ်ဖို့ရာ မလွယ်ပေ။
“ပြီးတော့ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကိုလည်း ကျွမ်းကျင်ထားသေးတယ်…”
“ဘာ… အချိန်ကုန်လွန်ခြင်းစည်းတံဆိပ် ဟုတ်လား…” ယခုတစ်ကြိမ်တွင်တော့ ရှုယဉ်သာ လုံးဝကို ထိတ်လန့်သွားတော့လေသည်။ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်သည် အချိန်မြစ်မဟာဧကရာဇ်၏ စွမ်းရည်တစ်မျိုး ဖြစ်ပေသည်။ ထိုပညာရပ်သည် အချိန်တာအိုနှင့် ဆက်စပ်နေသည့် ပညာရပ်တစ်မျိုးဖြစ်ကာ ရှုယဉ်သာကိုယ်တိုင်သည်ပင်လျှင် အချိန်တာအိုအကြောင်း နကန်းတစ်လုံးမှ မသိပေ။ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကိုသာ အသုံးပြုလိုက်မည်ဆိုပါက သူ့သမီးသည်ပါ ထိုကောင်လေးနှင့်အတူ တစ်ခါတည်း ပျောက်ကွယ်သွားလောက်ပေသည်။
“အဲ့ဒါအပြင်ကိုမှ သူ့မှာ တောင်နဲ့မြစ်ခေါင်းလောင်းရှိသေးတယ်…” တွမ့်ဟုန်ချန်က ထပ်ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ ရှုယဉ်သာ၏အမူအယာ အပြောင်းလဲကြီးကို ပြောင်းလဲသွားတော့လေသည်။
ရှုယဉ်သာမဟာဧကရာဇ်မှာ အချိန်အတော်ကြာအောင် ငေးကြောင်ကြောင် ဖြစ်နေခဲ့လေသည်။ အတော်ကြာသွားသည့်အခါမှသာ သုန်သုန်မှုန်မှုန်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ယွမ်တင်းရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းလား…”
တွမ့်ဟုန်ချန်က မျက်ခုံးပင့်လျက် ပြန်ပြောလိုက်လေ၏။ “အဲ့တောင်နဲ့မြစ်ခေါင်းလောင်းကလွဲပြီး အခြားတောင်နဲ့မြစ်ခေါင်းလောင်း ရှိသေးလို့လား…”
ရှုယဉ်သာ၏မျက်နှာ ပို၍ ရှုံ့မဲ့သွားတော့လေသည်။
မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သည်နှင့်အညီ သူ့တွင် ဧကရာဇ်အဆင့် မှော်ရတနာပေါင်းများစွာ ရှိပါသော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းကိုတော့ သူလည်း လိုချင်မိပေသည်။ ထိုခေါင်းလောင်းသည် ဧကရာဇ်အဆင့် မှော်ရတနာများထက်ပင်လျှင် ပို၍ နက်နဲဆန်းကြယ်အားကောင်းလှသည့် မှော်ရတနာတစ်ခုဖြစ်သည်။ ထိုကဲ့သို့သော ရတနာမျိုးကို ရှုယဉ်သာ မည်ကဲ့သို့များ မလိုချင်ပဲ နေပါမည်နည်း။ ထို့အပြင် ထိုမှော်ရတနာသည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည်ပင်လျှင် ကြောက်ရွံ့ရသည့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။
(လေဟာနယ်တာအို၊ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၊ တောင်နဲ့မြစ်ခေါင်းလောင်း)
(ဒီကောင့်ကံက တော်တော်ကောင်းတာပဲကွ… သုံးခုထဲက တစ်ခုခုလောက် ရထားရင်တောင် တော်တော်ကံကောင်းနေပြီလို့ ပြောလို့ရတာ ဒီခွေးကောင်လေးက အကုန်လုံးရထားတယ်..)
(ဒီကောင်လေးရဲ့ ကံက အရမ်းကိုကောင်းလွန်းနေတာပါလား…)
တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက် ရှုယဉ်သာက ပြန်ပြောလိုက်လေသည်။ “ဘာဖြစ်လို့ ဒါတွေ ငါ့ကို လာပြောနေတာလဲ…”
တွမ့်ဟုန်ချန်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။ “ငါ ဒီတိုင်းပဲ ပြောကြည့်ရုံပါပဲ…”
ရှုယဉ်သာ ရန်ကိုင့်အား ထပ်မံ၍ သတ်ဖြတ်ရန် ကြိုးစားတော့လိမ့်မည်မဟုတ်မှန်း တွမ့်ဟုန်ချန် သိနေခဲ့သည်။ အကြောင်းမှာ သူ့ဝိဉာဉ်သက်ဆင်းခြင်းသက်သက်နှင့်ပင်လျှင် ရန်ကိုင့်အား သတ်နိုင်လိမ့်မည်ဟု ရှုယဉ်သာ သူ့ကိုယ်သူ ယုံကြည်ချက်မရှိသည့် အတွက်ကြောင့်ပင်။
စကားပြောနေရင်းမှ တွမ့်ဟုန်ချန်က စိတ်မရှည်ဟန်ဖြင့် ထပ်ပြောလိုက်လေသည်။ “အဲ့ကကိစ္စကို မြန်မြန်ရှင်းလိုက်တော့ကွာ… ကောင်းကင်ဝါးမျိုသူကို ငါ့ခန္ဓာကိုယ်ထဲကနေ မြန်မြန်မောင်းထုတ်ပစ်ချင်နေပြီ… အဲ့ခွေးအိုကြီး ငါ့ခန္ဓာကိုယ်ထဲကို ရောက်လာထဲက ငါ့ခမျာ ဆောင်ကြာမြိုင်ကို တစ်ခါမှ သွားလို့မရတော့ဘူး…”
ရှုယဉ်သာမဟာဧကရာဇ်သည် ဝိဉာဉ်ပညာရပ်များနှင့် စိတ်စွမ်းအင်အရာတွင် ဆရာတစ်ပါးဖြစ်ပေသည်။ သူသည် စိတ်စွမ်းအင်၊ ဝိဉာဉ်များနှင့် ပတ်သက်သည့် အရာများကို အသေးစိတ်လေ့လာခဲ့ဖူးသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် တွမ့်ဟုန်ချန်သည် ရှုယဉ်သာနန်းတော်ဆီသို့ လာကာ ရှုယဉ်သာမဟာဧကရာဇ်၏ အကူအညီကို လာရောက်တောင်းခံခြင်း ဖြစ်လေသည်။
ရှုယဉ်သာပင်လျှင် သူ့အား မကူညီနိုင်ပါက တွမ့်ဟုန်ချန်အနေဖြင့် ယခုပုံစံအတိုင်း ဆက်နေသွားပြီး အခြားနည်းလမ်းများကို ရှာရုံသာ ရှိတော့ပေလိမ့်မည်။ အနာဂတ်အကြောင်း စဉ်းစားတွေးနေရင်း တွမ့်ဟုန်ချန် တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။
ရှုယဉ်သာ၏ အမူအယာမှာလည်း လေးနက်တည်ကြည်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “ဟုန်ချန်… ငါ မင်းဆီကို ဖုံးကွယ်မထားတော့ဘူး… မင်းအခြေအနေက နည်းနည်းလက်ပေါက်ကပ်တယ်ကွ… ငါ ကူညီပေးနိုင်လောက်မှာမဟုတ်ဘူး…”
“မင်း ကူညီနိုင်တာ မကူညီနိုင်တာ ကိစ္စမရှိဘူး… တစ်ချက်လောက်ပဲ အရင်ကြိုးစားကြည့်ပေး…” တွမ့်ဟုန်ချန်းက သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်သည်။
ရှုယဉ်သာ ခေါင်းညိတ်လိုက်ပြီး မျက်လုံးပြန်ပိတ်လိုက်လေသည်။
ရှေးဟောင်းကုန်းမြေ၏ အပြင်ဘက်နားတွင် ရန်ကိုင်သည် အနန္တဓါးကိုကိုင်ဆွဲရင်း သတိချပ်ကာ လူအိုကြီးဖုကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
ရှုယဉ်သာမဟာဧကရာဇ်၏ ဝိဉာဉ်သည် သူ့အား စောင့်နေရန် စကားတစ်ခွန်းသာ ပြောသွားပြီးသည့်နောက် တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ အတော်လေးကို ဇဝေဇဝါ ဖြစ်နေခဲ့ရလေသည်။ ရှုယဉ်သာ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူနားမလည်။
(ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ထွက်ပြေးရင် ကောင်းမလား…)
(ဒါပေမဲ့ ဒီနေ့ကိစ္စကိုသာ သေချာမဖြေရှင်းရင် ရှုယဉ်သာနန်းတော်က ငါ့ကို ပစ်မှတ်ထားတော့မှာ… ရှုယဉ်သာနန်းတော်နဲ့ မရဏဂိုဏ်းက အဆင့်တူကြတာ မဟုတ်ဘူး… ရှုယဉ်သာနန်းတော် ပစ်မှတ်ထားတာသာ ခံရမယ်ဆိုရင် တော်တော် ပြဿနာများသွားမှာ…)
ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင့်၏စိတ်ထဲ ပို၍ ရဲတင်းသည့်အကြံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
(ဒါမှမဟုတ် သူတို့နှစ်ယောက်စလုံးကို သတ်ပစ်လိုက်ရင် ကောင်းမလား… အဲ့ဒါဆိုလို့ရှိရင် ငါ့ပြဿနာတွေ အကုန် ရှင်းသွားလိမ့်မယ်…)
သို့သော်ငြား ထိုအကြံ ပေါ်လာပြီးပြီးချင်းမှာပင် ချက်ချင်း သူ့ခေါင်းထဲမှ ပြန်ဖယ်ထုတ်လိုက်လေသည်။ အကြောင်းမှာ ထိုကဲ့သို့သာ လုပ်လိုက်မည်ဆိုပါက ရှုယဉ်သာမဟာဧကရာဇ်ကို ရန်စမိလိုက်သလို ဖြစ်သွားပေလိမ့်မည်။
(ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာကိုပဲ အရင်စောင့်ကြည့်ရတော့မှာပေါ့…) ရန်ကိုင်လည်း အခြေအနေအတိုင်း မီးစင်ကြည့်ကရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။ ရှုယဉ်သာမဟာဧကရာဇ်သာ သူ့အား တကယ်ကြီး တိုက်ခိုက်လာသည့်အခါမှ လှုပ်ရှား၍လည်း နောက်မကျသေးချေ။ ထိုကဲ့သို့ စဉ်းစားမိလိုက်သော် လင်းအာအား လှမ်းကြည့်လိုက်လေသည်။ တိုက်ဆိုင်စွာဖြင့် လင်းအာသည်လည်း သူ့အား ကြည့်နေကြောင်း တွေ့လိုက်ရသည်။
အကြည့်ချင်းဆုံသွားသည့်နောက်တွင် ရန်ကိုင်သည် သွားပေါ်အောင် ပြုံးဖြီးပြလိုက်လေသည်။
လင်းအာမှာ ကြောက်ကြောက်လန့်လန့် ဖြစ်သွားပြီး ချက်ချင်း သူ့ဆီမှ အကြည့်လွှဲဖယ်သွားလိုက်လေ၏။ တစ်ချိန်တည်းတွင်လည်း မလှုပ်မယှက်ရပ်နေသော သူမအဖေကိုကြည့်ရင်း စိတ်ထဲမှတွေးလိုက်လေသည်။ (ခွေးကောင်လေးသေသွားရင်တောင် ဒီကိစ္စက ပြီးဦးမှာမဟုတ်သေးဘူး… အဖေက ကျိန်းသေ ငါ့ကိုဆူဦးမှာ… စိတ်ညစ်ဖို့ကောင်းလိုက်တာ…)
ထိုစဉ် မလှုပ်မယှက် မတ်တပ်ရပ်နေသော လူအိုကြီးဖုသည် ရုတ်တရက် ခေါင်းမော့၍ ရန်ကိုင့်အား စိုက်ကြည့်လာခဲ့လေသည်။
ရန်ကိုင်သည် စိုးရိမ်တကြီးဖြင့် တံတွေးတစ်လုပ် မျိုချလျက် ပြန်ပြောလိုက်လေ၏။ “စီနီယာ… အခု ဘယ်လိုလဲ…”
လူအိုကြီးဖုက မျက်လုံးမှေးစင်းလျက် ရန်ကိုင့်အား အထက်အောက်အစုံအဆန် သေသေချာချာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် မြေပြင်ထက်တွင် ပြန့်ကျဲနေသော အယောက်နှစ်ဆယ်မကသော မရဏဂိုဏ်းမှ တပည့်များ၏ အလောင်းများကို လှမ်းကြည့်လိုက်လေ၏။ ထိုလူများမှာ မကြာသေးခင်ကမှ သေသွားမှန်း သူသိပေသည်။ လောကတစ်သောင်းမဟာဧကရာဇ်နှင့် အတူပူးပေါင်း၍ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ကို ရင်ဆိုင်ခဲ့သော လူတစ်ဦးသည် မည်ကဲ့သို့များ လွယ်ကူသည့်ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။
(တောင်နဲ့မြစ်ခေါင်းလောင်း… ယွမ်တင်းက အဲ့ခေါင်းလောင်းကို ဒီထဲကနေ လွန်ခဲ့တဲ့ နှစ်သောင်းနဲ့ချီလောက်တုန်းက ထုတ်ပေးသွားခဲ့တယ်… အခု ဒီကောင်လေးက အဲ့ခေါင်းလောင်းကို ဒီနေရာဆီ ပြန်သယ်လာတယ်…)
“ဘာတွေဖြစ်သွားလဲ ငါ နားလည်သွားပြီ…” လူအိုကြီးဖုက ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “ဒီနေ့ကိစ္စမှာ ငါ့သမီးက မင်းကို ပြဿနာရှာခဲ့တာ… မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး…”
“ဟဲ ဟဲ… စီနီယာက တကယ်ကို အမြင်စူးရှတာပဲ…” ထိုစကားကိုကြားပြီးသည့်နောက် သူ့အတွက် အသက်အန္တရာယ်မရှိတော့မှန်း ရန်ကိုင် နားလည်သွားတော့လေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ရှုယဉ်သာသည် မဟာဧကရာဇ်တစ်ပါးဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အား ဤကဲ့သို့ ပြောလာပြီးသည့်နောက်တွင် သူ့အား ပြဿနာဆက်ရှာတော့လိမ့်မည် မဟုတ်သည်မှာ သေချာသလောက်ရှိပေသည်။
သို့သော်ငြား လင်းအာကမူ ထိုစကားကိုကြားပြီးသည့်နောက် ဒေါသတကြီးဖြင့် နှုတ်ခမ်းဆူလိုက်လေသည်။
လူအိုကြီးဖုက ခေါင်းညိတ်၍ ဆက်ပြောလိုက်လေ၏။ “ရှေးဟောင်းကုန်းမြေက အန္တရာယ်များတဲ့ နေရာတစ်ခုပဲ… မင်းကိုယ်မင်းဂရုစိုက်…”
ထိုသို့ပြောပြီးသည့်နောက်တွင် လင်းအာကို သူ၏ဧကရာဇ်ချီဖြင့် လွှမ်းခြုံ၍ ထွက်သွားရန် ပြင်လိုက်လေသည်။
“နေပါဦး…” ရန်ကိုင်က အလျင်စလို လှမ်းတားလိုက်လေသည်။
“မင်းဘာပြောချင်သေးလို့လဲ…” လူအိုကြီးဖုသည် ရန်ကိုင့်အား စိတ်မရှည်ဟန်ဖြင့် ကြည့်လာခဲ့လေသည်။
ရန်ကိုင်က နှုတ်ခမ်းကိုမဲ့လျက် ပြန်မေးလိုက်လေ၏။ “စီနီယာ… ဒီအတိုင်းကြီးထွက်သွားဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်…”
(ခင်ဗျား လာနောက်နေတာလား… ခင်ဗျားသမီးကြောင့်ပဲ ကျုပ် ဒဏ်ရာရတာလေ… အဲ့ဒါကို ဘာလျော်ကြေးမှမပေးဘဲ ဒီတိုင်းကြီး ပြန်ထွက်သွားတော့မလို့လား…)
လူအိုကြီးဖု ကြောင်သွားခဲ့ပြီး ထူးထူးဆန်းဆန်းအမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “မင်း ဘာလိုချင်နေတာလဲ…”
ရန်ကိုင်သည် သူ့ရင်ဘတ်ရှိ ဒဏ်ရာကို ညွှန်ပြရင်းမှ ပြောလိုက်လေသည်။ “စီနီယာ… ဒီဂျူနီယာ အခုလိုမျိုး ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာ ခင်ဗျားသမီး ဝင်ရှုပ်လိုက်လို့ပဲ… အခု ကျုပ်ဒဏ်ရာကိုကြည့်ဦး… အရိုးတွေတောင် ဖောက်မြင်နေရတယ်… ဒီအတိုင်းဆိုရင် ဒီဒဏ်ရာပျောက်ကင်းဖို့ အနည်းဆုံး နှစ်ဝက်လောက်ကြာမှာ…”
လူအိုကြီးဖုလည်း ရန်ကိုင့်၏ရင်ဘတ်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင့်၏ဒဏ်ရာမှာ သိသိသာသာနှုန်းဖြင့် ပြန်လည်ပျောက်ကင်းလာနေသည်ကို မြင်လိုက်သော် သူ့မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။
ဤခွေးကောင်လေး ကန်းများကန်းနေလေသလော။ ရန်ကိုင် မည်ကဲ့သို့ ခန္ဓာသန့်စင်ခြင်း ပညာရပ်အား ကျင့်ကြံထားသလဲ ဆိုသည်ကို မသိပါသော်ငြား ယခု သူရထားသည့် ဒဏ်ရာသည် သူ့အတွက် ဘာမှ မပြောပလောက်ချေ။ ရက်အနည်းငယ်လောက် အနားယူလိုက်ရုံဖြင့် ပြန်ကောင်းမည့်ဒဏ်ရာမျိုး ဖြစ်ပေသည်။ သို့သော်ငြား သူ့ကိုမူ ထိုဒဏ်ရာမှာ ပျောက်ကင်းရန်အတွက် နှစ်ဝက်ခန့် အနားယူရမည်ဟု လာပြောနေခဲ့လေသည်။ သူ့အား သုံးနှစ်သားကလေးများ မှတ်နေလေသလော။
ရန်ကိုင်ကမူ လူအိုကြီးဖု၏အမူအယာ ပြောင်းလဲသွားသည်ကို သတိမထားမိသည့်အလား ဆက်၍ ပြောလိုက်လေသည်။ “စီနီယာပြောသလိုပဲ ဒီရှေးဟောင်းကုန်းမြေက အရမ်းအန္တရာယ်များလွန်းတယ်… ဒါပေမဲ့ ဂျူနီယာက ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဒီရှေးဟောင်းကုန်းမြေထဲကို ဆက်ပြီး ခရီးနှင်ရဦးမှာ… ဂျူနီယာသာ ဒီမှာ သေသွားခဲ့လို့ရှိရင် စီနီယာ့သမီးရဲ့အပြစ် ကင်းမှာမဟုတ်ဘူး… ဒီကိစ္စသာ သတင်းပြန့်သွားမယ်ဆိုလို့ရှိရင် စီနီယာရဲ့ဂုဏ်သတင်းလည်း ထိခိုက်ရလိမ့်မယ်… အခြားလူတွေကလည်း တွေးထင်ကြမှာပေါ့… စီနီယာက ကိုယ့်သမီးနဲ့ပေါင်းပြီး အခြားလူတစ်ယောက်ကို မလှိမ့်တပတ်နဲ့ သတ်ခဲ့တယ်လို့… အဲ့လိုသာဆိုရင်တော့ စီနီယာရဲ့ ဂုဏ်သတင်းတော့ သွားပြီပဲ…”
(ဒီခွေးကောင် ငါ့ကို လာခြိမ်းခြောက်နေတာလား…) လူအိုကြီးဖုသည် မျက်ခုံးပင့်လျက် ရန်ကိုင့်အား မှုန်ကုပ်ကုပ်အမူအယာဖြင့် စိုက်ကြည့်ကာ ပြန်မေးလိုက်လေသည်။ “မင်းဘာလိုချင်တာလဲ…”
ရန်ကိုင်သည် အနန္တဓါးကိုသိမ်း၍ ကတုန်ကယင်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ဂျူနီယာက ကိုယ့်ခွန်အားကိုယ် ယုံကြည်ချက်ရှိပြီးသားပါ… ဒါပေမဲ့ ရှေးဟောင်းကုန်းမြေထဲကိုတော့ ဘာမှမဖြစ်ပဲနဲ့ ခရီးနှင်နိုင်မယ်လို့တော့ သိပ်ပြီးတော့ မယုံကြည်နေဘူး… အဲ့တော့ စီနီယာ… ဂျူနီယာဒဏ်ရာရထားတော့လေ ကိုယ့်ကိုယ်ကို ကာကွယ်လို့ရအောင် အကာအကွယ်မှော်ရတနာတစ်ခုခုလောက်များ ပေးလို့ရမလားမသိဘူး… အဲ့လိုပေးလို့ရရင်တော့ အကောင်းဆုံးပေါ့…”
ဒေါသထွက်သွားသော လူအိုကြီးဖုမှာ ဝါးလုံးကွဲအော်ရယ်မောလျက် ပြန်မေးလိုက်လေသည်။ “ဘယ်လိုအကာအကွယ်မှော်ရတနာမျိုး လိုချင်တာလဲ… ပြောကြည့်ပါဦး…”
ရန်ကိုင်က ခက်ထန်သည့်အမူအယာဖြင့် “စီနီယာ့သမီးဆီက ပန်းကန်လုံးဆိုရင်ရော… အဲ့ဒါဆိုရင် တော်တော်ကောင်းမယ်လို့ ထင်တာပဲ…”
လင်းအာ အံ့အားသင့်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလိုက်လေ၏။ “ခွေးကောင်လေး… နင် ငါ့ရတနာကို လာမျက်စောင်းထိုးရဲတယ်လား…”
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်အော်ပြောလိုက်လေသည်။ “လူကြီးတွေစကားပြောနေရင် ကလေးတွေ ငြိမ်ငြိမ်လေး နေသင့်တယ်…”
လူအိုကြီးဖုသည် ရန်ကိုင့်အားကြည့်၍ ပြုံးကာ မေးလိုက်လေသည်။ “မင်း ငါ့ရဲ့ ထိုင်းရီပန်းကန်လုံးကို လိုချင်တာလား…”
“ထိုင်းရီပန်းကန်လုံးလို့ ခေါ်တာလား…” ရန်ကိုင်က မျက်ခုံးပင့်လျက် ပြုံးဖြီးရင်းမှ ဆက်ပြောလိုက်လေသည်။ “စီနီယာက ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့… အမှန်အတိုင်းပြောရလို့ရှိရင် ဒီဂျူနီယာက ကြယ်တာရာအစုအဝေးထဲမှာ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းလျှောက်သွားနေတာဆိုတော့ တော်တော်လေးကိုမှ ဆင်းရဲတာ… မကြာသေးခင်တုန်းက ဧကရာဇ်အဆင့်ကို ရောက်ခဲ့တယ်ဆိုပေမဲ့ အခုချိန်ထိ မှော်ရတနာကောင်းကောင်း တစ်ခုကိုမှ ရှာမတွေ့သေးဘူး… မှော်ရတနာကောင်းကောင်းမရှိတော့ ဂျူနီယာရဲ့ဘဝက တော်တော်လေးကို ခက်ခဲခဲ့ရတာ…”
(တောင်နဲ့မြစ်ခေါင်းလောင်းရှိနေတာတောင် မင်းကိုယ်မင်း ဆင်းရဲတယ်လို့ ပြောရဲတယ်ပေါ့… မင်းက ငါ့ကို မလှိမ့်တပတ် လာလုပ်နေတာပဲ…) လူအိုကြီးဖု စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။
“စီနီယာက ဂုဏ်သတင်းကြီးမားတဲ့ မဟာဧကရာဇ်တစ်ပါးဆိုတော့ စီနီယာ့မှာ ဧကရာဇ်အဆင့်မှော်ရတနာတွေ ပေါပေါသောသော ရှိနေမှာပေါ့… ဟုတ်တယ်မလား…” ရန်ကိုင်က ဆက်၍ ပြောလိုက်လေသည်။ သူ့တွင် အကာအကွယ်မှော်ရတနာအမျိုးအစားတစ်ခု မရှိသလို ထိုင်းရီပန်းကန်လုံး၏ အကာအကွယ်စွမ်းရည်မှာလည်း အလွန်တရာကိုမှအားကောင်းလှသဖြင့် ထိုမှော်ရတနာကို သူ တကယ်လိုချင်မိပေသည်။ ဤကဲ့သို့သော မှော်ရတနာမျိုးကို လင်းအာ၏လက်ထဲတွင် ထားရသည်မှာ ဖြုန်းတီးရာရောက်ပေသည်။ ရန်ကိုင်သာ ထိုမှော်ရတနာကို ရလိုက်မည်ဆိုပါက ကျားအား အတောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
“ငါ့အဖေက ငါ့အဖေ… ငါက ငါပဲ.. နင်ဘာဖြစ်လို့ ငါ့မှော်ရတနာကို လာမျက်စောင်းထိုးနေတာလဲ…” လင်းအာက ထပ်မံ၍ ထအော်ပြန်လေသည်။
ဤကောင်စုတ်လေးသည် အလွန်တရာကိုမှ ရွံရှာစက်ဆုပ်ဖွယ် ကောင်းလွန်းလှပေသည်။ အနည်းငယ်မျှပင်လျှင် အရှက်သိက္ခာမရှိဘဲ မတန်မရာများကို တောင်းဆိုနေခဲ့သည်။ သူမတွင်သာ လုံလောက်သည့်ခွန်အား ရှိမည်ဆိုပါက ထိုအကောင်အား ကောင်းကောင်း သင်ခန်းစာပေးပစ်လိုက်ပေမည်။
“အကုန်လုံး နင့်ကြောင့်ပဲ ဖြစ်လာတာလေ… ဒီမှာ ငါ့ဒဏ်ရာကိုလည်း ကြည့်ဦး…” ရန်ကိုင်က သူ့ရင်ဘတ်ကို ကော့ပြလိုက်လေ၏။ ချက်ချင်းပဲ လင်းအာသည် အကြည့်လွှဲသွားတော့လေသည်။
ရန်ကိုင်သည် တစ်ခုခုပြောရာတွင် ထိုဒဏ်ရာကိုသာ အမြဲအစဖော်ခဲ့သည်။ ထို့အပြင် ရန်ကိုင့်ရင်ဘတ်ရှိ ဒဏ်ရာကြီးမှာလည်း အမှန်တကယ်ကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။ ထို့အတွက်ကြောင့် လင်းအာမှာ ဆက်မကြည့်ရဲခဲ့ပဲ အကြည့်လွှဲသွားခြင်း ဖြစ်လေ၏။
လူအိုကြီးဖုက ထူးမခြားနားဟန်ဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်လေ၏။ “အဲ့ဒါလည်း ယုတ္တိရှိတာပဲနော်… ငါမင်းကို ထိုင်းရီပန်းကန်လုံး မပေးနိုင်တာတော့ မဟုတ်ပါဘူး…”
ထိုစကားကိုကြားသော် ရန်ကိုင် ဝမ်းသာသွားခဲ့လေ၏။ ရန်ကိုင်သည် ကံစမ်းရုံ စမ်းကြည့်နေခြင်းသာ ဖြစ်ပေသည်။ သူ့အနေဖြင့် ရန်ကိုင့်အား ထိုင်းရီပန်းကန်လုံးကို မပေးလျှင် ရန်ကိုင်လည်း ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်။ သို့သော်ငြား ရှုယဉ်သာမဟာဧကရာဇ်သည် ဤမျှ စကားပြောရဆိုရ လွယ်ကူသည့် လူတစ်ဦး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကြည့်ရသလောက် ထိုင်းရီပန်းကန်လုံးသည် သူ့အပိုင် ဖြစ်လာတော့မည့်ပုံပင်။
ရန်ကိုင်သည် နှုတ်ခမ်းကို လျှာဖြင့်သပ်လျှက် လက်နှစ်ဖက်ကို အားပါးတရ ပွတ်သပ်ရင်းမှ လင်းအာဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ပေးတော့လေ…”
လင်းအာသည် ပါးစပ်အဟောင်းသားဖြင့် လူအိုကြီးဖုကိုကြည့်၍ မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေသည်။ “အဖေ…”
လူအိုကြီးဖုကမူ ထူးမခြားနားဟန်ဖြင့်သာ ပြောလိုက်လေ၏။ “ငါမင်းကို ထိုင်းရီပန်းကန်လုံး ပေးလို့ရတယ်… ဒါပေမဲ့ အလကားတော့မရဘူး… မင်းလည်း ငါ့ကို တစ်ခုခု ပြန်ပေးရမှာပေါ့… မင်း သဘောတူတယ်ဆိုလို့ရှိရင် ထိုင်းရီပန်းကန်လုံးက မင်းအပိုင်ပဲ…”
ရန်ကိုင် ရုတ်ချည်း သတိချပ်သွားခဲ့လေသည်။ “စီနီယာ ဘာကို လိုချင်တာလဲ….”
(ငါက ပြန်ပေးရမယ်… သူ ဘာကို လိုချင်နေတာလဲ…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၅၉)
(ငါ့ဆီမှာ ရှုယဉ်သာမဟာဧကရာဇ်လိုလူမျိုး စိတ်ဝင်စားမဲ့ ပစ္စည်းမျိုးရှိလို့လား…)
(အနန္တဓါးများ ဖြစ်နေမလား… အဲ့ဒါတော့ မဖြစ်နိုင်လောက်ဘူး…)
(အနန္တဓါးက အဆင့်မြင့်တယ်ဆိုပေမဲ့ စီနီယာရှုယဉ်သာအတွက်က ဘာမှမဟုတ်ဘူး… သူ့လို မဟာဧကရာဇ်တစ်ပါးမှာ ဧကရာဇ်အဆင့် မှော်ရတနာတွေ အများကြီး ရှိနေမှာ… ဘာလို့ ဒီလိုဓါးတစ်ချောင်းကို စိတ်ဝင်စားနေမှာလဲ…)
(အဲ့ဒါဆို သူ ဘာလိုချင်နေတာလဲ…)
ရန်ကိုင့်မှာ ခေါင်းခြောက်မတတ် စဉ်းစားနေပါသော်ငြား အဖြေကို ရှာမတွေ့ခဲ့ချေ။
“စီနီယာ… စီနီယာလိုချင်နေတာ ဒီဂျူနီယာရဲ့ အသက်တော့ မဟုတ်လောက်ပါဘူးနော်…” ရန်ကိုင်က ခြောက်ကပ်ကပ်ဖြင့် ရယ်မောရင်းမှ မေးလိုက်လေသည်။
လူအိုကြီးဖုက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “မင်းအသက်က ဒီဘုရင်အတွက် ဘာအဖိုးတန်လို့လဲ…”
ရန်ကိုင့်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ သူ့အသက်မှာ များများစားစား အဖိုးတန်လိမ့်မည် မဟုတ်သော်ငြား မည်သူမဆို မင်းအသက်က ဘာအဖိုးတန်လို့လဲဟု ကိုယ့်ရှေ့တည့်တည့်တွင် ပြောခံလိုက်ရသည့်အခါ မပျော်မရွှင်ဖြစ်ရသည်မှာ သဘာဝသာဖြစ်လေသည်။ တစ်ဖက်လူသည်သာ မဟာဧကရာဇ်တစ်ပါး ဖြစ်နေသည့်အတွက်ကြောင့်သာမဟုတ်ပါက ပြေးဝင်တိုက်ခိုက်ပြီးလောက်ပေပြီ။
“မင်း သဘောတူမှာလား မတူဘူးလားဘဲ ပြော…” လူအိုကြီးဖုသည် လှောင်ပြုံး ယဲ့ယဲ့ပြုံးရင်း ရန်ကိုင့်အား တည်တည်ငြိမ်ငြိမ်ဖြင့်ကြည့်ကာ မေးလိုက်လေသည်။
(ခင်ဗျား ဘာလိုချင်လဲဆိုတာကို မပြောဘဲနဲ့ ကျုပ်ကို အတင်း သဘောတူခိုင်းရအောင် ကျုပ်ကို ခင်ဗျားသမီးလို အရူးများ မှတ်နေတာလား…) ထိုကဲ့သို့ တွေးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်၍ ပြောလိုက်လေသည်။ “စီနီယာက ရှင်းရှင်းလင်းလင်းမပြောဘဲနဲ့ ဒီဂျူနီယာက ဘယ်လိုလုပ်ပြီး လက်ခံလို့ ဖြစ်ပါ့မလဲ…”
ရန်ကိုင့်ခမျာ တစ်ဖက်လူ၏ လှည့်ကွက်ထဲသို့ ကျမသွားရလေအောင် မည်သည့်အရာကိုမှ မဆင်မခြင် သဘောမတူရဲခဲ့ပေ။
လူအိုကြီးဖုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေ၏။ “ဘာမှမဟုတ်ပါဘူး… ဒီဘုရင် မင်းရဲ့ခေါင်းလောင်းကိုပဲ လိုချင်တာ…”
“ခေါင်းလောင်း… ဘယ်ခေါင်းလောင်းလဲ..” တောင်နဲ့မြစ်ခေါင်းလောင်းအား ပြောနေခြင်းပေလော။
(သူ အဲ့အကြောင်း ဘယ်လိုလုပ်ပြီး သိသွားတာလဲ…) ရန်ကိုင်သည် ယနေ့တိုက်ပွဲတွင် တောင်နဲ့မြစ်ခေါင်းလောင်းအား တစ်ကြိမ်မျှပင် ထုတ်မသုံးခဲ့ပေ။ သူ့တွင် တောင်နဲ့မြစ်ခေါင်းလောင်း ရှိနေသည့်အကြောင်းကို သိထားသော ရန်သူများမှာလည်း သေကုန်ကြပြီဖြစ်လေရာ ရှုယဉ်သာမဟာဧကရာဇ်သည် ထိုအကြောင်းကို မည်ကဲ့သို့များ သိထားရလေသနည်း။
သူ့ကိုယ်ထဲတွင် ရှိနေသည့် တောင်နဲ့မြစ်ခေါင်းလောင်းအား အာရုံခံမိသွားခြင်းပေလော။ ထိုသို့လည်းမဖြစ်နိုင်ချေ။ တောင်နဲ့မြစ်ခေါင်းလောင်းအား ရန်ကိုင်မှ သန့်စင်ပြီးသွားခဲ့လေပြီ။ ရန်ကိုင်ကိုယ်တိုင်မှ ထုတ်မပြလာသရွေ့ မည်သူမျှ သူ့တွင် တောင်နဲ့မြစ်ခေါင်းလောင်း ရှိနေကြောင်းကို သိနိုင်လိမ့်မည်မဟုတ်။
သို့သော်ငြား ရှုယဉ်သာမဟာဧကရာဇ်သည် ရန်ကိုင့်၌ တောင်နဲ့မြစ်ခေါင်းလောင်း ရှိနေသည်ဟူသော အချက်ကို တစ်ထစ်ချ ယုံကြည်နေသည့်ပုံပင်။ ထို့အတွက်ကြောင့် ရှုယဉ်သာမဟာဧကရာဇ် ဤအတိုင်း လျှောက်ပြောနေခြင်းပဲလား ထိုသို့မဟုတ်ဘဲ ရန်ကိုင့်တွင် တောင်နဲ့မြစ်ခေါင်းလောင်း ရှိနေသည်ကို တကယ်ကြီးသိနေ၍များ ပြောလိုက်ခြင်းပေလား ရန်ကိုင်မပြောတတ်တော့ပေ။
(ငါ့ကို သတ်ပြီး အဲ့ဒါကိုလုယူဖို့ စဉ်းစားနေတာတော့ မဟုတ်လောက်ပါဘူးနော်…) ရန်ကိုင် အံကြိတ်လိုက်လေသည်။ ရှုယဉ်သာမဟာဧကရာဇ်သာ ထိုကဲ့သို့လုပ်ရန် ကြံနေမည်ဆိုပါက ရန်ကိုင့်အဖို့ အသက်ရှင်ရန် အတော်လေးကို ခက်ခဲလာပေတော့မည်။
“ဘာခေါင်းလောင်းလဲ… စီနီယာ ဘာကို ပြောချင်နေတာလဲ…” သူ့စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့ပါသော်ငြား ရန်ကိုင်သည် မသိချင်ယောင်သာ ဆောင်ပြလိုက်လေသည်။
ရန်ကိုင့်၏ပုံစံကိုမြင်သော် လူအိုကြီးဖုက လှောင်ပြုံးပြုံးလျက် ပြန်၍ပြောလိုက်လေ၏။ “မင်း မသိတာလား… ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား…”
ရန်ကိုင်ကမူ မျက်နှာပျက်မသွားစေခဲ့ဘဲ အံကိုကြိတ်၍ ပြန်ပြောလိုက်လေသည်။ “ဂျူနီယာ တကယ်ကို နားမလည်တာ စီနီယာ… စီနီယာ သေသေချာချာလေး ရှင်းပြပေးလို့ရမလား….”
ရန်ကိုင်လည်း ကြိတ်၍ ဆုံးဖြတ်ထားလိုက်တော့လေသည်။ ဤလူအိုကြီးအား တောင်နဲ့မြစ်ခေါင်းလောင်းအား လိုချင်သည်ဟု ထပ်ပြောလာမည်ဆိုပါက သူ့သမီးကိုပါ သူနှင့်အတူ တစ်ခါတည်း အပါဆွဲခေါ်သွားရပေလိမ့်မည်။
သို့ရာတွင် လူအိုကြီးဖုကမူ ပြန်၍သာ ပြောလိုက်လေသည်။ “အဲ့လိုဆိုမှတော့ ဒီဘုရင်လည်း မင်းကို တွန်းအားမပေးတော့ပါဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် လင်းအာအား ဧကရာဇ်ချီနှင့် ရစ်ပတ်၍ ထိုနေရာမှ ထွက်ခွာသွားခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း လူအိုကြီးဖုနှင့် လင်းအာတို့မှာ ရှေးဟောင်းကုန်းမြေ၏ လျှိုမြောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
ရှုယဉ်သာမဟာဧကရာဇ် လုပ်သွားသည့်ပုံမှာ အလွန်ကိုမှ မြန်ဆန်လွန်းသည့်အတွက်ကြောင့် ရန်ကိုင့်မှာ ငေးကြောင်ကြောင်ဖြင့် သူတို့ထွက်သွားသည်ကိုသာ ကြောင်ကြည့်နေမိခဲ့လေသည်။
“ငါ့လခွမ်း… ကပ်စေးနည်းလိုက်တဲ့ အဖိုးကြီးကွာ… အဲ့ထိုင်းရီပန်းကန်လုံးကို မပေးရင်တောင် အရင်းအမြစ်ကျောက်ကလေး နည်းနည်းပါးပါးလောက်တော့ ပေးသွားပါလားကွ… ငါ အလကားသက်သက် ဒဏ်ရာရသွားတာပေါ့… ငါ ဒဏ်ရာရသွားတာတွေအကုန်လုံး အလကားပဲ…” ထိုအခါမှသာလျှင် ရန်ကိုင် အသိပြန်ဝင်လာခဲ့ပြီး ဒေါသတကြီးဖြင့် အော်ဟစ်ဆဲဆိုတော့လေသည်။
ယနေ့တွင် ရန်ကိုင် ကြီးကြီးမားမားကို ဆုံးရှုံးခဲ့ရသည်။ လင်းအာသည် သူ့အား ထပ်တလဲလဲ ပြဿနာရှာရုံသာမက မရဏဂိုဏ်းသားများနှင့်အတူ ပူးပေါင်း၍ သူ့အား အန္တရာယ်ထဲသို့ပင် တွန်းပို့ခဲ့သည်။ ထို့နောက်တွင် ဝိဉာဉ်သက်ဆင်းလာသော ရှုယဉ်သာမဟာဧကရာဇ်နှင့်လည်း ရင်ဆိုင်ခဲ့ရပေသေးသည်။ ထိုသို့ဖြစ်ပြီးသည့်တိုင် ရန်ကိုင်သည် တစ်ပြားတစ်ချပ်မှ မရခဲ့ပေ။ သို့သော်ငြား ခဏအကြာမှသာလျှင် သူ့ကျောပြင်တစ်ခုလုံး ချွေးများဖြင့်စိုရွှဲနေကြောင်း ရန်ကိုင် သတိထားမိခဲ့သည်။ ရှုယဉ်သာမဟာဧကရာဇ် ခေါင်းလောင်းအကြောင်း ပြောလာစဉ်က ရန်ကိုင်မှာ အမှန်အကန်ကို ကြောက်လန့်တုန်လှုပ်မိသွားခဲ့လေသည်။
ရန်ကိုင်သည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက်တွင် သေဆုံးနေသော မရဏဂိုဏ်းသားများ၏ သိုလှောင်လက်စွပ်များကို ချွတ်ယူကာ ရှေးဟောင်းကုန်းမြေကြီး၏ အတွင်းပိုင်းဆီသို့ အလျင်စလို ထွက်လာခဲ့လိုက်သည်။ ယခု လျှိုမြောင်မှ ထွက်လာပြီးသည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ရှေးဟောင်းကုန်းမြေထဲသို့ တရားဝင်ခြေချလိုက်ပြီဟု ပြော၍ရပေသည်။
ဤနေရာသည် ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် အန္တရာယ်အများဆုံးအနက်မှ တစ်ခုအပါအဝင် ဖြစ်ပေသည်။ ဤနေရာထဲသို့ ဝင်လာသော ဧကရာဇ်အဆင့် ပညာရှင်များသည်ပင်လျှင် အသက်အာမခံချက်မရှိချေ။
ဤရှေးဟောင်းကုန်းမြေတစ်ခုလုံးမှာ အန္တရာယ်ပေါင်းစုံဖြင့် ပြည့်နေလေ၏။ သဘာဝအတိုင်း ဖြစ်ပေါ်နေသော အစီအရင်များ၊ ပုန်းခိုချောင်းမြောင်းတိုက်ခိုက်ရန် ကြံစည်နေကြသော လူသားများနှင့် အမျိုးမျိုးသော မွန်းစတားသားရဲများသည် ဤရှေးဟောင်းကုန်းမြေကြီး၏ အကြီးမားဆုံးသော အန္တရာယ်များဖြစ်ကြပေသည်။
ရှေးဟောင်းကုန်းမြေထဲတွင် နတ်သားရဲများပင် ရှိသည်ဟု ပြောစမှတ်ပြုကြသည်။ ထိုကောလဟာလများ မှန်မမှန်ကိုတော့ မည်သူမျှ အတည်ပြုမပေးနိုင်ကြချေ။
မိုင်တစ်ရာခန့် ခရီးဆက်လာပြီးသည့်နောက်တွင် ဤရှေးဟောင်းကုန်းမြေကြီး၏ ထူးဆန်းမှုကို ရန်ကိုင် သတိထားမိသွားခဲ့သည်။
ဤကုန်းမြေကြီး၏ လေထုထဲတွင် ကျင့်ကြံသူများ၏ ခွန်အားကို ဖိနှိပ်ပစ်နိုင်သော အမည်မသိရသည့် စွမ်းအားတစ်မျိုး ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ကုန်းမြေ၏အတွင်းပိုင်းသို့ ဝင်လာသည်နှင့်အမျှ ထိုစွမ်းအားမှာ ပိုပို၍ အားကောင်းလာခဲ့ရသည်။
မိုးထိမတတ် မြင့်မားလှသော သစ်ပင်အိုကြီးများ နေရာအနှံ့ ပေါက်ရောက်နေကြသလို ရန်ကိုင် တစ်ကြိမ်တစ်ခါမှပင်လျှင် မြင်ဖူးခြင်းမရှိသော ထူးဆန်းသော ပန်းပွင့်များနှင့် သစ်ပင်များကိုလည်း နေရာအနှံ့တွင် တွေ့နေခဲ့ရသည်။
ထိုစွမ်းအားမှာ အခြားမဟုတ် အရိုင်းစွမ်းအားသာ ဖြစ်လေသည်။
ရှေးဟောင်းကုန်းမြေတစ်ခုလုံး ဤထူးဆန်းလှသော အရိုင်းစွမ်းအားတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုစွမ်းအား၏ ဖိနှိပ်မှုအောက်တွင် ရှေးဟောင်းကုန်းမြေထဲသို့ ဝင်လာကြသည့် မည်သည့်ကျင့်ကြံသူမဆို သူတို့၏ခွန်အားမှာ အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ခြင်း ခံလိုက်ရပေလိမ့်မည်။
သို့ရာတွင် ရန်ကိုင်သည် ထိုအရိုင်းစွမ်းအားကို ခေတ္တမျှ ခံစားကြည့်နေပြီးသည့်နောက် ထိုစွမ်းအားသည် သူ့အပေါ် သက်ရောက်မှုမရှိကြောင်း တွေ့လိုက်ရလေသည်။
သူ့အပေါ် ဖိနှိပ်နေသော အရိုင်းစွမ်းအားမှာ သူ့ပါးပြင်အား လာရောက်ကျီစယ် ပွတ်သပ်တိုက်ခတ်နေသော လေညင်းသဖွယ်သာ ဖြစ်နေခဲ့လေသည်။
တောင်နဲ့မြစ်ခေါင်းလောင်းအား သန့်စင်ထားပြီး ဖြစ်သည့်အတွက်ကြောင့် သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာသော အရိုင်းစွမ်းအားများကို တောင်နဲ့မြစ်ခေါင်းလောင်းမှ ချေဖျက်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်၏ ယုံကြည်ချက်တို့ ပိုမိုမြင့်မားလာရတော့လေသည်။
အရူးဝိုင်ကို သောက်လိုက်စဉ်ကတည်းက ထိုအချက်ကို ရန်ကိုင် သတိပြုမိပြီးသားပင်။ ထိုစဉ်ကတည်းက ယခုကဲ့သို့ ဖြစ်လိမ့်မည်မှန်း ကြိုတင်ခန့်မှန်းထားပြီး ဖြစ်ပါသော်ငြား အတည်မပြုနိုင်ခဲ့ပေ။ ယခုမှသာ ဤနေရာထဲသို့ ရောက်လာနိုင်ခဲ့ပြီး အတည်ပြုနိုင်ခြင်း ဖြစ်ပေသည်။
ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ပီစန်းမှပေးခဲ့သော ကျောက်စိမ်းပြားကိုထုတ်ယူကာ ရှေးဟောင်းကုန်းမြေကြီး၏ မြေပုံကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ခရီးဆက်လာခဲ့လေရာ တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် လိုဏ်ဂူတစ်လုံးကို ရှာတွေ့ပြီး ထိုထဲသို့ ဝင်လာခဲ့လေ၏။
ဤနေရာသည် မွန်းစတားသားရဲတစ်ကောင်ကောင်၏ လိုဏ်ဂူဖြစ်လောက်ပေသည်။ သို့သော်ငြား မည်သည့်မွန်းစတားသားရဲ၏ လိုဏ်ဂူမှန်းတော့ ရန်ကိုင်လည်းမသိပေ။ လက်ရှိလိုဏ်ဂူမှာ ခြောက်ကပ်နေပြီး အတော်လေးကိုမှ နေရာကျယ်ဝန်းလှသည်။ လိုဏ်ဂူပိုင်ရှင်ကိုလည်း မည်သည့်နေရာတွင် မတွေ့ရ။ လိုဏ်ဂူပိုင်ရှင်သည် သားရဲတစ်ကောင်ကောင်ကို အမဲသွားထွက်လိုက်နေသလား ထိုသို့မဟုတ် ပို၍အားကောင်းလှသော မွန်းစတားသားရဲတစ်ကောင်ကောင်၏ သတ်ဖြတ်ခြင်းများ ခံလိုက်ရလေသလားမသိရ။
အထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်အား ဝှေ့ယမ်းလျက် ကျန်းရို့ရှီကို ကမ္ဘာငယ်လေးထဲမှ ထုတ်ကာ အမိန့်ပေးလိုက်လေ၏။ “ငါ့ဒဏ်ရာတွေကို ပြန်ကုလိုက်ဦးမယ်… ငါ့ကို တစ်ချက် စောင့်ကြည့်ထားပေး… ပြီးတော့ ဒီ လေထဲမှာရှိနေတဲ့ အရိုင်းစွမ်းအားကိုလည်း သေသေချာချာ ခံစားကြည့်… တစ်ခုခုဖြစ်လာတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြားလိုက်နော်…”
“ဟုတ်ကဲ့…” ကျန်းရို့ရှီက ပြန်ပြောလိုက်လေသည်။ ရန်ကိုင့်ရင်ဘတ်ရှိ ဒဏ်ရာကြီးကိုမြင်သော် သူမ၏နှလုံးသားလေး နာကျင်သွားခဲ့ရသည်။
ထို့နောက်တွင် မည်သည့်အပိုမေးခွန်းမှ ထပ်မေးမနေခဲ့ဘဲ လိုဏ်ဂူဝင်ပေါက်ဝသို့သွားကာ တင်ပလင်ခွေထိုင်ချလိုက်လေသည်။
ရန်ကိုင်သည် ကုသရေးဆေးလုံးများစွာကို ထုတ်လျက် ဆေးလုံးများကို ပဲစေ့များသဖွယ် ဝါးစားရင်း မျက်လုံးပိတ်ကာ ရထားသည့် ဒဏ်ရာများကို စတင်ကုစားတော့လေ၏။
တကယ့်တကယ်တွင် ရန်ကိုင်ရထားသည့် ဒဏ်ရာမှာ အရမ်းကြီး ပြင်းထန်ခြင်း မရှိပေ။ ဆေးလုံးများသောက်၍ မကုသလျှင်ပင် ရက်အနည်းငယ်ခန့် အနားယူလိုက်ရုံဖြင့် သူ့ဘာသာ အလိုလို ပြန်ကောင်းသွားပေလိမ့်မည်။ သို့သော်ငြား ဤနေရာကြီးတွင် ရန်ကိုင့်အနေဖြင့် အနည်းငယ်မျှပင် မပေါ့ဆရဲချေ။ သူ့ဒဏ်ရာမှ သွေးအနံ့ကိုရ၍ မွန်းစတားသားရဲတစ်ကောင်ကောင်သာ သူ့အား အမဲလိုက်လာမည်ဆိုပါက ပြဿနာတက်သွားနိုင်ပေသည်။ ထို့အတွက်ကြောင့် ဒဏ်ရာများကို မကုဘဲထား၍ စွန့်စားရသည်မှာ မထိုက်တန်လှ။
ရန်ကိုင့်ဒဏ်ရာတစ်ဝိုက်တွင် ရှိနေသော အသားစများသည် အသက်ရှိနေသည့်အလား လူးလွန့်လှုပ်ရှားနေခဲ့လေသည်။ ယခင်ကတည်းက အလွန်ကိုမှမြင့်မားသော ပြန်လည်ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်အပြင် ယခု ဆေးလုံးများ၏ အကူအညီကိုပါ ထပ်ရလိုက်သည့်အတွက်ကြောင့် တစ်ရက်နှစ်ရက်ခန့် အနားယူလိုက်ရုံဖြင့် ရန်ကိုင့်၏ဒဏ်ရာမှာ အပြည့်အဝ ပြန်ကောင်းသွားနိုင်ပေသည်။
ကျန်းရို့ရှီသည် ရန်ကိုင်ညွှန်ကြားထားသည့်အတိုင်း ပတ်ဝန်းကျင်အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း လိုဏ်ဂူပေါက်ဝကို စောင့်ကြပ်ပေးနေခဲ့သည်။
အစပိုင်းတွင် အရိုင်းစွမ်းအားဟုခေါ်သည့် စွမ်းအားနှင့်ပတ်သက်၍ သူမစိတ်ထဲ အနည်းငယ် စိတ်ပူခဲ့ရလေသည်။ ရှေးဟောင်းတောအုပ်ကြီးထဲသို့ ဝင်လာသည့် ကျင့်ကြံသူတိုင်း ထိုအရိုင်းစွမ်းအား၏ ဖိနှိပ်ခြင်းခံရမှန်း သူမသိထားသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်လေ ပို၍သိသာလေပင်။
သူမ၏ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သို့ ရောက်နေပြီဖြစ်သော်ငြား လမ်းတစ်လျှောက်တွင် ကျန်းရို့ရှီအနေဖြင့် ရန်ကိုင့်အား မည်သည့်အကူအညီမျှ မပေးနိုင်ခဲ့ပေ။ ရန်ကိုင် ရှေးဟောင်းတောအုပ်ထဲရောက်၍ အခြားသူများနှင့်တိုက်ခိုက်ရင်း ဒဏ်ရာသွားသည့်တိုင် သူမသည် ကမ္ဘာငယ်လေးထဲတွင်သာ ပုန်းအောင်းနေခဲ့ရသည်။
ဤမျှ အားနည်းလွန်းလှသော သူမကိုယ်သူမ ကျန်းရို့ရှီ မုန်းမိပေသည်။ သူမအားနည်းနေသည့်အတွက်ကြောင့်သာလျှင် ရန်ကိုင် ဒုက္ခရောက်နေစဉ်အတောအတွင်း တစ်ချက်ကလေးမှ ဝင်မကူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
(ဒဏ်ရာက အဲ့လောက်တောင် ကြီးတာဆိုတော့ သွေးတွေအများကြီး ထွက်ခဲ့မှာပဲ… ဆရာလည်း အရမ်းနာကျင်သွားရမှာပေါ့… ကြည့်ရတာ ဒီတစ်ကြိမ် ဆရာ အန္တရာယ်ကြီးကြီးမားမားနဲ့ ကြုံခဲ့ရတယ်နဲ့တူတယ်…)
(ငါ ဒီနေ့ အခုလိုမျိုး ဖြစ်လာနိုင်တာ ဆရာ့ကျေးဇူးကြောင့်ပဲ… ဆရာသာမရှိလို့ရှိရင် အဲ့လုမိသားစုကလူတွေ နှောင့်ယှက်တာကို တောက်လျှောက် ခံနေရဦးမှာ… ကျန်းမိသားစုလို မိသားစုငယ်လေးတစ်ခုကလည်း မေပယ်မြို့ထဲမှာ ခြေကုပ်ယူနိုင်မှာမဟုတ်ဘူး…)
(ဆရာက ငါ့ကိုတင် ကယ်ခဲ့တာမဟုတ်ဘူး… ကျန်းမိသားစုတစ်ခုလုံးကိုပါ ကယ်ခဲ့တာ… ငါကျင့်ကြံဖို့အတွက် လိုအပ်တဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေလည်း အများကြီး ငါ့ကို ပေးထားသေးတယ်… ဆရာ ငါ့ကို ဒီလောက်ထိ ကူညီပေးထားတာတောင် ငါ့ဘက်က သူ့အတွက် ဘာမှ ပြန်မလုပ်ပေးနိုင်သေးဘူး… ငါ ဘယ်တော့မှများ ပိုအားကောင်းလာပြီး ဆရာ့ကို ကူညီပေးနိုင်မှာလဲ…)
ထိုအကြောင်းများကိုတွေးရင်း ကျန်းရို့ရှီမှာ သူမ၏ နီစွေးစွေးနှုတ်ခမ်းလေးများကို ကိုက်လိုက်လေသည်။ သူမစိတ်ထဲ ပိုပို၍ အားကောင်းချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာတော့လေ၏။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် သူမ၏ကျင့်စဉ်ကို မသိစိတ်အရ အလိုလို လှည့်ပတ်မိလိုက်လေသည်။
သို့သော်ငြား မကြာမီတွင် ကျန်းရို့ရှီ အံ့အားသင့်သွားခဲ့ပြီး ကျင့်စဉ်အား လှည့်ပတ်နေခြင်းကို ရပ်တန့်လိုက်သည်။ အကြောင်းမှာ ဤနေရာသည် ရှေးဟောင်းကုန်းမြေဖြစ်ပြီး ရှေးဟောင်းကုန်းမြေ၏လေထုထဲတွင် အရိုင်းစွမ်းအားများဖြင့် ပြည့်နေသည်ဟူသော အချက်ကို ပြန်သတိရလိုက်သည့်အတွက်ကြောင့်ပင်။ ဤနေရာသည် ကျင့်ကြံဖို့ရာ မသင့်တော်ချေ။ သူမသာ အရိုင်းစွမ်းအားမြောက်မြားစွာကို စုပ်ယူမိလိုက်မည်ဆိုပါက ထိုအရိုင်းစွမ်းအားများကို ရှင်းမထုတ်နိုင်တော့ရုံသာလျှင်မဟုတ်ဘဲ သူမ၏ကျင့်ကြံခြင်းကိုပါ ထိခိုက်သွားစေနိုင်ပေသည်။
ထိုအချက်ကို နားလည်လိုက်သော် ကျန်းရို့ရှီမျက်နှာ ဖြူလျော်သွားခဲ့ပြီး သူမခန္ဓာကိုယ်အခြေအနေကို အလျင်အမြန် စစ်ဆေးကြည့်တော့လေသည်။ သို့သော်ငြား မည်သည့်ပြဿနာမှ မရှိကြောင်း တွေ့လိုက်ရသဖြင့် ကျန်းရို့ရှီမှာ နားလည်း နားမလည်နိုင် ဖြစ်သွားသလို စိတ်သက်သာရာလည်း ရသွားခဲ့ရလေသည်။
သူမစုပ်ယူလိုက်သည့် အရိုင်းစွမ်းအားများမှာ သူမခန္ဓာကိုယ်အား မထိခိုက်စေရုံသာမက သူမ၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းပြန့်နှံ့သွားပြီး သူမ၏ ကိုယ်ပိုင်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကြောင်းကို ကျန်းရို့ရှီ အံ့အားသင့်ဖွယ် တွေ့လိုက်ရလေသည်။
ထို့အပြင် ဤနေရာတွင် ကျင့်ကြံလိုက်ရသည်မှာ သူမ ပြင်ပတွင် ကျင့်ကြံရသည်ထက် နှစ်ဆမကပင် ပိုမိုမြန်ဆန်နေပေသေးသည်။
(ဘာတွေဖြစ်နေတာလဲ…)
ကျန်းရို့ရှီမှာ အံ့လည်းအံ့အားသင့် နားလည်းနားမလည်နိုင် ဖြစ်နေရသည်။ ဘာကြောင့် ဤကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကို ရန်ကိုင့်အား သွားမေးကြည့်ချင်ပါသော်ငြား ရန်ကိုင်မှာ သူ့ဒဏ်ရာကို ပြန်ကုနေသေးသည့်အတွက်ကြောင့် ကျန်းရို့ရှီမှာလည်း သွားမမေးရဲခဲ့ပေ။