အခန်း (၂၅၆၀-၂၅၆၂)
Vol. 107 Ch. 2560-2562
အပိုင်း (၂၅၆၀)
ကျန်းရို့ရှီသည် ကျင့်စဉ်အား မလှည့်ပတ်တော့ဘဲ ထိုကိစ္စကိုသာ ထိုင်စဉ်းစားနေခဲ့လေသည်။ အချိန်အတော်ကြာအောင် စဉ်းစားနေသည့်တိုင် အဖြေမရသည့်အဆုံး၌ ရဲဆေးတင်၍ သူမ၏ကျင့်စဉ်ကို နောက်တစ်ကြိမ် ထပ်မံ လှည့်ပတ်ကြည့်လိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ ကျန်းရို့ရှီသည် သူမ၏ခန္ဓာကိုယ်အခြေအနေကို သေသေချာချာ စောင့်ကြည့်နေခဲ့လေသည်။ သူမစုပ်ယူနေသည့် စွမ်းအားများထဲ မိုးမြေစွမ်းအားများစွာ ပါဝင်နေရုံမက အရိုင်းစွမ်းအားများလည်း ပါဝင်နေခဲ့သည်။ သို့သော်ငြား ထူးဆန်းစွာပင် စွမ်းအင်နှစ်မျိုးလုံးမှာ သူမခန္ဓာကိုယ်အတွက် အကျိုးရှိနေခဲ့လေသည်။ အထူးသဖြင့် အရိုင်းစွမ်းအားပင်။
(ဘာတွေဖြစ်နေတာလဲ… ငါ့ခန္ဓာကိုယ်က ဘာတွေဖြစ်နေရတာလဲ… ငါ အခုစုပ်ယူနေတာ အရိုင်းစွမ်းအားပေါ့… ဘာဖြစ်လို့ ငါ့ခန္ဓာကိုယ်ကို အဲ့ဒါက ဘာမှ မထိခိုက်စေတာလဲ…)
ကျန်းရို့ရှီမှာ ရုတ်တရက် ကြောက်လာခဲ့ပြီး ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်လေသည်။ ထို့နောက် ငြိမ်ငြိမ်လေးထိုင်လျက် ထိုကိစ္စအား စဉ်းစားတော့လေ၏။
ယခုကဲ့သို့ ဖြစ်ရသည်နှင့် ပတ်သက်၍ သူမစိတ်ထဲ သူမ၏သွေးမျိုးဆက်မှလွဲ၍ အခြား မည်သည့်အဖြေကိုမှ ရှာမတွေ့ခဲ့ပေ။
(ငါ့မှာ ထူးခြားတဲ့သွေးမျိုးဆက်တစ်ခု ရှိတယ်လို့ ဆရာပြောဖူးတာရှိတယ်…)
သူမကိုယ်တိုင်သည်လည်း ဤကိစ္စနှင့်ပတ်သက်၍ အတော်လေးကိုမှ အံ့အားသင့်နေခဲ့ရသည်။ ထို့အပြင် ယခု သူမ ကျင့်ကြံနေသည့် ကျင့်စဉ်မှာ ကျန်းမိသားစုမှ သင်ပေးထားသည့် ကျင့်စဉ်မဟုတ်။ သူမဘာသာသူမ အလိုလိုသိနေသော ကျင့်စဉ်တစ်မျိုး ဖြစ်လေသည်။ ထိုကျင့်စဉ်သည် သူမစိတ်ထဲတွင် မှတ်ကျောက်တင်ထားသည့်အလား ဘာမှလေ့လာစရာမလိုဘဲနှင့်ပင် ထိုကျင့်စဉ်အား အလိုလို တတ်မြောက်နေခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ထိုင်စဉ်းစားနေသည့်တိုင် သေချာရေရာသည့်အဖြေ မရသည့်အဆုံး၌ ကျန်းရို့ရှီသည် ရန်ကိုင်မှပေးထားခဲ့သော လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းကို ထုတ်ယူလိုက်လေသည်။ ရန်ကိုင်သည် ဤရှေးဟောင်းတောအုပ်ကြီးထဲသို့ ဝင်မလာခင် လေဟာနယ်ကျောက်စိမ်းကို သူမဆီသို့ပေးလျက် လေဟာနယ်ကျောက်စိမ်းထဲတွင် သူမ၏သွေးမျိုးဆက်နှင့် ပတ်သက်သည့် လျှို့ဝှက်ချက်တို့ ရှိနေလိမ့်မည်ဟု ပြောကာ သူမအား ဤအရာကို သေသေချာချာ လေ့လာကြည့်ရန် ပြောခဲ့ပေသည်။
ကျန်းရို့ရှီမှ လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းကို ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားခဲ့ပြီး ချက်ချင်းပဲ တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ရှေးဟောင်းကုန်းမြေကြီး၏ လျှိုမြောင်အပြင်ဘက်တွင် လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းကို ထုတ်ယူလိုက်စဉ်က ခံစားခဲ့ရသည့် ခံစားချက်ကို ယခုအချိန်၌ ထပ်မံခံစားနေခဲ့ရလေသည်။
သူမလက်ထဲရှိ လေဟာနယ်ကျောက်စိမ်းမှာ ရှေးဟောင်းကုန်းမြေအတွင်းပိုင်းထဲရှိ တစ်ခုခုနှင့် အပြန်အလှန် ပဲ့တင်ထပ်နေသည်ကို ကျန်းရို့ရှီ အတိုင်းသား ခံစားမိနေခဲ့လေသည်။ ထို့အပြင် ထိုအရာကြီးသည် သူမအား ဆင့်ခေါ်နေခဲ့လေ၏။ ထိုအဖြစ်အပျက်ကြောင့် ကျန်းရို့ရှီ၏သွေးများသည် မီးတောက်လောင်လာသည့်အလား ပို၍လျင်မြန်စွာ လည်ပတ်လာခဲ့လေသည်။ သို့သော်ငြား ထိုခံစားချက်ကလေးမှာ တဒင်္ဂသာ ဖြစ်လေ၏။ ခဏမျှ ပေါ်လာပြီးသည့်နောက် အလျင်အမြန် ပြန်လည်ပျောက်ကွယ်သွားခဲ့လေ၏။
အမျိုးမျိုးသော မြင်ကွင်းပုံရိပ်များမှာလည်း လေဟာနယ်ကျောက်စိမ်းပေါ်တွင် ထွက်ပေါ်လာခဲ့လေသည်။ ကျန်းရို့ရှီသည် လေဟာနယ်ကျောက်စိမ်းကို သေချာကိုင်စွဲရင်း ထိုပုံရိပ်များကို လေ့လာကြည့်ပါသော်ငြား မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ချေ။
ရှေးဟောင်းတောအုပ်ကြီး၏ အတွင်းပိုင်းတစ်နေရာတွင်…
ဤနေရာသည် လူသားများ မည်သည့်အခါကမှပင်လျှင် ခြေမချခဲ့ဖူးသော ရှေးဟောင်းတောအုပ်ကြီး၏ အတွင်းပိုင်းနေရာတစ်ခု ဖြစ်ပေသည်။ အမျိုးမျိုးသော မွန်းစတားသားရဲများစွာတို့သည် ဤနေရာတွင် အခြေချနေထိုင်ကြလေသည်။
ရှေးဟောင်းကုန်းမြေကြီး၏ အပြင်ပိုင်းနှင့် ယှဉ်လိုက်သော် ဤနေရာသည် လုံးဝကို မတူကွဲပြားသည့် ကမ္ဘာသစ်တစ်ခုလားဟုပင် ထင်မှတ်ရပေသည်။
မိုးထိမတတ် မြင့်မားလှသော တောင်တစ်လုံးထက်တွင် သွေးရောင်တလက်လက် တောက်ပနေသော ဘဲဥပုံစံ ပစ္စည်းတစ်ခု ရှိနေခဲ့လေသည်။ ထိုပစ္စည်းတစ်ခုလုံးမှာ သွေးများဖြင့် ဖန်တီးထားသည့်အလား သွေးရောင်ရဲတောက်နေခဲ့သည်။ ထို့အပြင် ထုံမွှေးသင်းပျံ့သည့် မွှေးရနံ့တစ်ခုကိုလည်း ထုတ်လွှတ်နေပေသေးသည်။ ထိုအရာမှာ အခြားမဟုတ် သွေးတံခါးသာ ဖြစ်လေသည်။
ရှေးဟောင်းတောအုပ်ကြီးထဲတွင် နေထိုင်နေကြသော မွန်းစတားမျိုးနွယ်စုဝင်အားလုံး သွေးတံခါးအကြောင်းကို သိထားကြသည်။ သို့သော်ငြား သွေးတံခါးထဲသို့ မည်သူမှ မဝင်နိုင်ခဲ့ဖူးသလို သွေးတံခါး၏ နောက်ကွယ်၌ မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေသလဲဆိုသည်ကိုလည်း မသိကြချေ။
သို့ရာတွင် သွေးတံခါးနှင့်ပတ်သက်သည့် ကောလဟာလအချို့မှာတော့ ရှေးဟောင်းကုန်မြေကြီးထဲ ပြန့်နေကြလေ၏။ ပြောကြသည်မှာ သွေးတံခါး၏နောက်ကွယ်တွင် မွန်းစတားသားရဲများကို နတ်သားရဲအဖြစ်သို့ ဆင့်ကဲပြောင်းလဲပေးနိုင်သည့် လျှို့ဝှက်ချက်များ ရှိနေသည်ဟု ပြောကြပေသည်။
ဤရှေးဟောင်းကုန်းမြေကြီးထဲတွင် နေထိုင်နေကြသော မွန်းစတားသားရဲမျိုးနွယ်စုဝင်များမှာ ရှေးဟောင်းနတ်သားရဲများ၏ သွေးမျိုးဆက်များကို အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားကြပေသည်။ သာမန်ထင်ရသော ခွေးတစ်ကောင်သည်ပင်လျှင် နတ်သားရဲတစ်ကောင်၏ သွေးမျိုးဆက်အနည်းအကျဉ်းကို ပိုင်ဆိုင်ထားကောင်း ထားနိုင်ပေသည်။
၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းတည်ရှိနေသော သွေးမျိုးဆက်ကိုသာ နိုးထနိုင်မည်ဆိုပါက ရှေးဟောင်းကုန်းမြေကြီး၏ သက်ရှိများသည် ၎င်းတို့၏ ဘိုးဘေးများဖြစ်ကြသော နတ်သားရဲများနှင့် ယှဉ်ပြိုင်နိုင်မည့်စွမ်းအားကို ပိုင်ဆိုင်လာနိုင်ကြပေလိမ့်မည်။ သို့သော်ငြား ရှေးခေတ်အချိန်မှစ၍ ယနေ့ထိတိုင် သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့ပြီး နတ်သားရဲများ ဖြစ်လာသည့် မွန်းစတားသားရဲမျိုးနွယ်စုဝင်ဆို၍ အနည်းအကျဉ်းသာ ရှိကြပေသည်။
ထို့အပြင် သွေးတံခါးသည် မွန်းစတားသားရဲ မျိုးနွယ်စုဝင်များ၏ သွေးမျိုးဆက်ကို နိုးထပေးအောင် လုပ်နိုင်သော ထူးဆန်းသည့် စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည်ဟူသော ကောလဟာလ အချို့ကလည်း ရှေးဟောင်းကုန်းမြေထဲ ပြန့်နှံ့နေပေသေးသည်။ သူတို့၏ သွေးမျိုးဆက်ကိုသာ နိုးထအောင် လုပ်နိုင်မည်ဆိုပါက ထိုဘိုးဘေးပိုင်ဆိုင်ခဲ့သော စွမ်းအင်တစ်ပိုင်းတစ်စကို ပြန်လည်၍ ပိုင်ဆိုင်လာနိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော ကောလဟာများကြောင့် သွေးတံခါးသည် ရှေးဟောင်းကုန်းမြေကြီးထဲရှိ မွန်းစတားသားရဲများကြား ထွဋ်မြတ်နယ်မြေတစ်ခု ဖြစ်လာရတော့လေသည်။ မိမိ၏ကံနှင့် ခွန်အားအပေါ် ယုံကြည်ကြသော မွန်းစတားသားရဲများသည် သွေးမျိုးဆက်ကို နိုးထနိုင်ရန်အလို့ငှာ သွေးတံခါးကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ပါသော်ငြား ယနေ့ထိတိုင် အောင်မြင်ခဲ့သူဟူ၍ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။
မည်သည့်မွန်းစတားသားရဲမှ သွေးတံခါးအနီးသို့ ချည်းကပ်မသွားနိုင်ကြပေ။ သွေးတံခါး၏ တစ်မိုင်ပတ်လည်အတွင်းသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သွေးအိုင်အဖြစ်သို့ ပြောင်းလဲကာ သေသွားကြရသည်ချည်းသာ။
တစ်ချိန်က သက်တမ်းကုန်ခါနီးဖြစ်နေသော အဆင့်ဆယ့်နှစ် အထွဋ်အထိပ်အဆင့် မွန်းစတားဘုရင်တစ်ကောင် ရှိခဲ့ဖူးပေသည်။ ထိုမွန်းစတားဘုရင်သည် နောက်ဆုံးအကြိမ်အဖြစ် သွေးတံခါးအား စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့တွင် နေထိုင်စရာ အချိန် သိပ်မကျန်တော့။ သူ့အသက်အား ဆွဲဆန့်ထားနိုင်မည့် နည်းလမ်းတစ်ခုကိုသာ ရှာမတွေ့လျှင် အနှေးနှင့်အမြန်ဆိုသလို အသက်ကြီးကာ သေသွားရပေလိမ့်မည်။ ထို့အတွက်ကြောင့် အလောင်းအစားလုပ်၍ အရဲစွန့်ရန် ဆုံးဖြတ်လိုက်လေသည်။ သွေးတံခါးသည် သူ၏နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပေသည်။
အဆင့်ဆယ့်နှစ်အထွဋ်အထိပ် ဖြစ်သည့်အတွက်ကြောင့် ထိုမွန်းစတားသားရဲသည် လူသားမျိုးနွယ်၏ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သည်ဟု ပြော၍ရပေသည်။ ကြယ်တာရာအစုအဝေးထဲတွင် လူအနည်းငယ်လောက်သည်သာ ထိုအဆင့်သို့ ရောက်နိုင်ကြသည်။
ထိုမွန်းစတားဘုရင်သည် သူတတ်ကျွမ်းသမျှ သိုင်းပညာရပ်အားလုံးနှင့် သူ့ခွန်အားအကုန်အစင်ကိုသုံး၍ ကြိုးစားခဲ့ပါသော်ငြား သွေးတံခါးနှင့် သုံးမိုင်အကွာသို့ပင် မရောက်နိုင်ခဲ့ချေ။ အဆုံးတွင်တော့ ထိုနေရာတွင် သုံးရက်သုံးညတိုင်တိုင် အားတင်းခံနေပြီးသည့်နောက် သွေးအိုင်အဖြစ်သို့ ပြောင်းလဲကာ သေဆုံးသွားခဲ့ရလေသည်။
ထိုအချိန်မှစ၍ ရှေးဟောင်းကုန်းမြေကြီးထဲရှိ မည်သူမျှ သွေးတံခါးနားသို့ မသွားရဲကြတော့ချေ။ အဆင့်ဆယ့်နှစ်အထွတ်အထိပ်သို့ ရောက်နေသော မွန်းစတားဘုရင်သည်ပင်လျှင် သွေးတံခါးထဲသို့ဝင်၍ သွေးမျိုးဆက်ကို မနှိုးထနိုင်လေရာ အခြားမည်သူကများ သွေးတံခါးထဲသို့ ဝင်နိုင်ပါဦးမည်နည်း။
ထို့အတွက်ကြောင့် သွေးတံခါးသည် ထိုအချိန်မှစ၍ ရှေးဟောင်းကုန်းမြေကြီး၏ တားမြစ်နေရာတစ်ခု ဖြစ်လာကာ မည်သူမျှ ထိုအနားသို့ မချည်းကပ်သွားရဲကြတော့ချေ။
ဤသည်မှာ ယခင်အချိန်များကတည်းက လက်ဆင့်ကမ်းလာခဲ့သော အစဉ်အလာတစ်ခု ဖြစ်ပေသည်။ ရှေးဟောင်းကုန်းမြေထဲတွင် နေထိုင်နေကြသည့် သက်ရှိများမှာ အလွန်ကိုမှ သက်တမ်းရှည်လျားကြသည်။ ထို့အပြင် ရှေးဟောင်းကုန်းမြေ၏ နေရာတော်တော်များများကို အုပ်စိုးနေကြသော မွန်းစတားဘုရင်များသည် အဆင့်ဆယ့်နှစ် အထွတ်အထိပ်သို့ ရောက်နေသော မွန်းစတားဘုရင် မည်ကဲ့သို့ သေသွားရသလဲဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပေသည်။ ထို့အတွက်ကြောင့် သူတို့၏လက်အောက်ငယ်သားများကိုလည်း သွေးတံခါးနားသို့ ကပ်မသွားရန် အတန်တန် သတိပေးထားခဲ့ကြသည်။
လက်ရှိအချိန်တွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ငြိမ်သက်နေခဲ့သော သွေးတံခါးကြီးသည် ရုတ်ချည်းဆိုသလို သွေးနီရောင်အလင်းတို့ဖြင့် တလက်လက် တောက်ပလာတော့လေသည်။ ထိုသွေးနီရောင်အလင်းတန်းသည် တိမ်စိုင်တိမ်တိုက်များထဲအထိသို့ ထိုးဖောက်သွားခဲ့လေရာ ကောင်းကင်ထက်ရှိ တိမ်စိုင်များကြား အပေါက်ကြီးတစ်ပေါက်ပင် ဖြစ်ပေါ်လာခဲ့ရလေ၏။
သို့သော်ငြား ထိုသွေးနီရောင်အလင်းတန်းမှာ ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။
သွေးတံခါးမှ မိုင်တစ်ရာခန့်အကွာတွင် မဲနက်နေသော စပါးအုံးတစ်ကောင်သည် ၎င်း၏သားကောင်ကို ရစ်ပတ်လျက် ဝါးမျိုပစ်နေခဲ့လေသည်။ စပါးအုံးမျက်နှာမူရာအရပ်မှာ သွေးတံခါးဘက် ဖြစ်နေသည့်အတွက်ကြောင့် သွေးနီရောင်အလင်းတန်း ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်ကို သေသေချာချာ မြင်လိုက်ရပေသည်။
ထိုအဖြစ်အပျက်ကြောင့် အနက်ရောင်စပါးအုံး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သွေးတံခါးရှိရာဘက်သို့ ကြောက်ရွံ့မှုအပြည့်ဖြင့် စိုက်ကြည့်နေလိုက်လေ၏။
ရှေးဟောင်းကုန်းမြေကြီးထဲ ပျံ့လွင့်နေသော ကောလဟာလများကြောင့် သွေးတံခါးကြီးမှာ ရှေးဟောင်းကုန်းမြေထဲရှိ မွန်းစတားသားရဲများအတွက် အလွန်ကိုမှ ချောက်ခြားဖွယ်ကောင်းသည့် နေရာတစ်ခု ဖြစ်နေခဲ့လေသည်။ သွေးတံခါးသည် ထိုနေရာတွင် နှစ်ပေါင်း မရေမတွက်နိုင် ကြာအောင် ငြိမ်သက်စွာ ရှိနေခဲ့ပါသော်ငြား ရုတ်တရက်ကြီး အနီရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လာခဲ့လေရာ ထိုမွန်းစတားသားရဲမှာလည်း မကြောက်ဘဲ ဘယ်နေပါမည်နည်း။ သို့သော်ငြား ထိုအဖြစ်အပျက်မှာ ပေါ်လာပြီးပြီးချင်း ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားသည့်အတွက်ကြောင့် စပါးအုံးကြီးမှာလည်း အလျင်အမြန် ပြန်လည်တည်ငြိမ်သွားနိုင်ခဲ့လေသည်။
ထိုနေရာတွင် တစ်ခဏမျှကြာအောင် ရပ်ကြည့်နေပြီးသည့်နောက် စပါးအုံးကြီးသည် ၎င်း၏ခန္ဓာကိုယ်ကို စတင်တွန့်လိမ်တော့လေ၏။ အရိုးတဖျောက်ဖျောက်မြည်သံနှင့်အတူ ငါးမီတာခန့်အရှည်ရှိသော စပါးအုံးကြီးသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသားမဲမဲ သက်လတ်ပိုင်းလူကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထိုသက်လတ်ပိုင်းလူကြီး၏ ပါးစပ်တစ်ခုလုံး အစွယ်များဖြင့် ပြည့်နေပြီး အစောပိုင်းက သူဝါးမျိုနေခဲ့သော သားကောင်ကိုလည်း တဂျွတ်ဂျွတ်ဝါးစားနေခဲ့လေသည်။
နောက်ဆုံး သားကောင်ကို မျိုချလိုက်သည့်နောက်တွင် သက်လတ်ပိုင်းလူကြီး၏ဗိုက်မှာ ကိုယ်ဝန်ရှိနေသည့် အမျိုးသမီးတစ်ဦး၏ ဗိုက်အလား ဖောင်းကား ထွက်လာခဲ့သည်။ သို့သော်ငြား သူ့ဗိုက်ကို ပုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုဗိုက်မှာ မူလအရွယ်အစားသို့ ပြန်လည်ကျုံ့ဝင်သွားခဲ့လေသည်။
“ငါ ဒီအကြောင်းကို ဆရာ့ကို သွားအကြောင်းကြားရမယ်…”
ထိုသို့ရေရွတ်ပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးသည် တစ်ခုသောဘက်ဆီသို့ တဟုန်ထိုး ပြေးထွက်သွားလေ၏။
ထိုလူဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ အဆင့်ဆယ့်တစ်သို့ ရောက်နေခဲ့လေသည်။ ထိုအရှိန်အဝါသည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှပေသည်။
နှစ်နာရီခန့်ကြာပြီးသည့်နောက်တွင် အနက်ရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းလူကြီးသည် ဧရာမတောင်တစ်လုံးရှေ့တွင် ရှိနေသော ဂိတ်ပေါက်တစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။ ရုတ်တရက်ပေါ်လာသည့် အနက်ရောင်အလင်းတန်းကြောင့် ဂိတ်ပေါက်ဝတွင် စောင့်ကြပ်နေသော မွန်းစတားသားရဲနှစ်ကောင် နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး တစ်ကောင်သည် အရိုးတူတစ်ချောင်းကို ထုတ်လိုက်၍ အခြားတစ်ဦးသည် အရိုးလှံတစ်ချောင်းကို ထုတ်ယူလိုက်လေသည်။
“ဘယ်သူလဲ…” အရိုးတူကို ကိုင်ဆွဲထားသော မွန်းစတားသားရဲက လက်နက်ကို ရှေ့တွင်ထားရင်းမှ အော်မေးလိုက်လေသည်။ “ဒီနေရာက မွန်းစတားဘုရင် ရှီလဲ့ရဲ့နန်းတော်ပဲ… မင်းဘယ်သူလဲဆိုတာကို မပြောပြသေးရင် ငါတို့ မင်းကို သတ်ပစ်တော့မှာနော်…”
“ဟုတ်တယ်…” အရိုးလှံကို ကိုင်ဆွဲထားသည့် မွန်းစတားသားရဲကလည်း အော်ပြောလိုက်လေသည်။
မကြာမီ အနက်ရောင်အလင်းတန်း ပျောက်ကွယ်သွားခဲ့ပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် စပါးအုံးကြီး လူလုံးထွက်ပြလာခဲ့လေသည်။
“ငါကလည်း မင်းတို့ထဲကတစ်ယောက်ပဲ ရောင်းရင်းတို့… ငါက ဆရာရှီလဲ့ရဲ့ လက်အောက်ငယ်သားတစ်ယောက်ပဲ… ငါ့မှာ ဆရာ့ကို တင်ပြစရာ အရေးကြီးကိစ္စတစ်ခုရှိလို့ ကျေးဇူးပြုပြီး သူ့ကို အကြောင်းကြားပေးလို့ရမလား…” သက်လတ်ပိုင်းလူကြီးက လက်သီးဆုပ်ကာ ပြောလိုက်လေသည်။
ဂိတ်ပေါက်ကို စောင့်ကြပ်နေသော မွန်းစတားသားရဲနှစ်ကောင်သည် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် သက်လတ်ပိုင်းလူကြီးအား မယုံသင်္ကာဖြင့် စတင် စစ်ဆေးကြည့်တော့လေသည်။
မွန်းစတားဘုရင်ရှီလဲ့၏လက်အောက်တွင် လက်အောက်ငယ်သားပေါင်း သိန်းနှင့်ချီကာ ရှိနေသည့်အတွက်ကြောင့် ထိုလက်အောက်ငယ်သားများမှာ တစ်ဦးကိုတစ်ဦး မသိကြသည်မှာ အထူးအဆန်းတော့ မဟုတ်ကြချေ။ ထို့အပြင် လူတိုင်းသည် သူတို့တွေ့ချင်တိုင်း မွန်းစတားဘုရင်ရှီလဲ့နှင့် တွေ့ခွင့်မရှိချေ။
လှံရှည်ကိုကိုင်ဆွဲထားသည့် မွန်းစတားသားရဲက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “မင်းက ငါတို့ထဲက တစ်ယောက်လို့ ပြောတယ်… ဟုတ်တယ်မလား… မင်းမှာသက်သေရှိလား…”
သက်လတ်ပိုင်းလူကြီးမှာမူ ယခုကဲ့သို့ မေးလာမည်မှန်း ကြိုတင်မျှော်မှန်းထားသည့်အလား သူ့သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို အလျင်အမြန် ထုတ်ပြလိုက်ပြီး အစောင့်များဆီသို့ တလေးတစားဖြင့် ပေးလိုက်လေသည်။
မွန်းစတားမျိုးနွယ်စုဝင်များမှာ ကိုယ်ပိုင်သိုလှောင်လက်စွပ်များကို မပြုလုပ်နိုင်ကြပေ။ သို့သော်ငြား ဤရှေးဟောင်းကုန်းမြေထဲသို့ လာကြသည့် လူသားပေါင်းများစွာမှာ သူတို့နှင့်အတူ သိုလှောင်လက်စွပ်များကို သယ်ဆောင်သွားခဲ့ကြသည်။ သူတို့သေဆုံးသွားသည့်နောက်ပိုင်းတွင် ထိုသိုလှောင်လက်စွပ်များမှာ မွန်းစတားသားရဲများ၏ အပိုင် ဖြစ်လာကြကုန်လေသည်။
အရိုးတူကို ကိုင်ဆွဲထားသည့် မွန်းစတားသားရဲသည် သက်လတ်ပိုင်းလူကြီးမှ ပေးလာသည့် ပစ္စည်းကိုယူကာ စစ်ဆေးကြည့်လိုက်လေသည်။ ထိုအရာမှာ အရိုးဖြင့် ပြုလုပ်ထားသော တံဆိပ်ပြားတစ်ခုဖြစ်ပြီး မျက်နှာပြင်တစ်ဖက်ပေါ်တွင် ကြံ့တစ်ကောင်ပုံစံ ထိုးထွင်းထားပြီး အခြားမျက်နှာပြင်တစ်ဖက်တွင်တော့ လဲ့ဟူသော စာလုံးကို ထိုးထွင်းထားခဲ့သည်။
ဤတံဆိပ်ပြားသည် မွန်းစတားဘုရင်ရှီလဲ့ကိုယ်တိုင် ဖန်တီးထားသည့် တံဆိပ်ပြားတစ်ခု ဖြစ်၏။ တံဆိပ်ပြားပုံစံမှာ အတော်လေးကိုမှ အကြမ်းထည်ဆန်ပါသော်ငြား တံဆိပ်ပြားအားလုံးကို လုပ်ထားသည့်ပစ္စည်းမှာ မွန်းစတားသားရဲတစ်ကောင်တည်း၏ အရိုးဖြင့်သာ ပြုလုပ်ထားသည့်အတွက်ကြောင့် တုပချင်တိုင်း တုပ၍မရသည့် အရာတစ်ခုဖြစ်ပေသည်။
ဂိတ်ပေါက်ဝ၌ စောင့်ကြပ်နေသော မွန်းစတားသားရဲနှစ်ကောင်သည် ဤကဲ့သို့သော တံဆိပ်ပြားများကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် တံဆိပ်ပြားအစစ် ဟုတ်မဟုတ် ပြောနိုင်ပေသည်။
မွန်းစတားဘုရင်ရှီလဲ့၏ လက်အောက်တွင် ရှိနေသော လက်အောက်ငယ်သားများအနက် အနည်းငယ်လောက်သည်သာ ဤကဲ့သို့သော တံဆိပ်ပြားများကို ပိုင်ဆိုင်နိုင်ကြသည်။ လက်အောက်ငယ်သား အယောက်တစ်သိန်းကျော်အနက်တွင် တစ်ထောင်လောက်တွင်သာ ဤကဲ့သို့သော တံဆိပ်ပြားများ ရှိနိုင်ကြပေသည်။
သက်လတ်ပိုင်းလူကြီးမှ တံဆိပ်ပြားအား ထုတ်ပြလာသည်ကိုမြင်သော် မွန်းစတားသားရဲနှစ်ကောင်၏ အမူအယာ မဆိုစလောက်ကလေး ပြေလျော့သွားခဲ့သည်။ အရိုးတူကို ကိုင်ဆွဲထားသည့် မွန်းစတားသားရဲက ပြောလိုက်လေ၏။ “မင်းက ဆရာ့ရဲ့လက်အောက်ငယ်သားတွေထဲက တစ်ယောက်ဆိုပေမဲ့ ဘာမှသိပ်အရေးမကြီးတဲ့ ကိစ္စတွေဆိုလို့ရှိရင် သူ့ကို လာမနှောင့်ယှက်ဖို့ ဆရာက ပြောထားတယ်… မင်း တစ်ခုခုပြောချင်တာရှိလို့ရှိရင် ငါတို့ကိုပြောပြလိုက်… ငါတို့ကနေတစ်ဆင့် ဆရာ့ဆီ ပြန်ပြောပေးမယ်…”
သက်လတ်ပိုင်းလူကြီးက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။ “အခုကိစ္စက ပေါ့သေးသေးကိစ္စမဟုတ်ဘူး… ငါကိုယ်တိုင် ဆရာ့ကိုပြောမှပဲ ရလိမ့်မယ်…”
ဤသည်မှာ ဆရာရှီလဲ့အတွက် အကျိုးဆောင်ပေးနိုင်မည့် အခွင့်အရေးဖြစ်သည့်အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးသည် ထိုအခွင့်အရေးကို ဂိတ်ပေါက်အား စောင့်ကြပ်နေသည့် မွန်းစတားသားရဲနှစ်ကောင်လက်ထဲသို့ မည်ကဲ့သို့များ ထည့်ပေးနိုင်ပါမည်နည်း။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၆၁)
သက်လတ်ပိုင်းလူကြီး မည်သို့ပင် ပြောနေစေကာမူ ဂိတ်စောင့်နှစ်ဦးသည် သူ့အား ပေးမဝင်ခဲ့ပေ။ ထို့ကြောင့် သက်လတ်ပိုင်းလူကြီးသည် သူသတ်ဖြတ်ထားသည့် မွန်းစတားသားရဲ၏ အမြုတေအချို့ကိုသုံး၍ လာဘ်ထိုးရတော့သည်။
ရှေးဟောင်းကုန်းမြေထဲရှိ မည်သူမဆို မွန်းစတားအမြုတေများကိုသုံး၍ သူတို့၏ခွန်အားကို မြှင့်တင်နိုင်ကြသဖြင့် မွန်းစတားအမြုတေသည် ဤနေရာတွင် အတော်လေးကိုမှ ကျော်ကြားသည့် ငွေရေးကြေးရေးတစ်ခုဖြစ်ပေသည်။ မွန်းစတားအမြုတေအချို့ကို ရလိုက်သည့်အခါမှသာလျှင် ဂိတ်စောင့်နှစ်ဦး ပြုံးပျော်သွားကြပြီး အချင်းချင်း တီးတိုးဆွေးနွေးတိုင်ပင်ပြီးနောက် နှစ်ဦးအနက် တစ်ဦးသည် သက်လတ်ပိုင်းလူကြီး တင်ပြလာသည်ကို ပြန်လည်အစီအရင်ခံတင်ပြရန်အတွက် အထဲသို့ ဝင်သွားလေ၏။
သက်လတ်ပိုင်းလူကြီးမှာ ဂိတ်စောင့်နှင့် စကားပြောရာတွင် ပြုံးပြုံးရွှင်ရွှင် ဖြစ်နေပါသော်ငြား စိတ်ထဲတွင်တော့ ကြိတ်၍ ကြုံးဝါးနေခဲ့သည် (ဒီကိစ္စအတွက် ငါ့ဆုကို ရပြီးသွားလို့ရှိရင် မင်းတို့နဲ့ငါနဲ့ တွေ့ပြီပေါ့ကွာ… ငါရှေ့မှာများ ဆောင့်ကြွား ဆောင့်ကြွား လာလုပ်ရဲတယ်… ပြီးတော့မှ မင်းတို့မျိုချထားသမျှ အကုန်ပြန်ထွေးထုတ်ခိုင်းမယ်…)
ခဏအကြာတွင် အစီအရင်ခံတင်ပြရန်အတွက် ထွက်သွားသည့်ဂိတ်စောင့် ပြန်ရောက်လာပြီး သက်လတ်ပိုင်းလူကြီးအား လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ဒီနေ့ ဆရာက စိတ်ကောင်းဝင်နေတော့ ခင်ဗျားကို လာခဲ့ဖို့ ပြောလိုက်တယ်… အခု အထဲဝင်လို့ရပြီ…”
သက်လတ်ပိုင်းလူကြီးသည် ကျေးဇူးတင်စကား ပြောပြီးသည့်နောက် တောင်ပေါ်သို့ တက်သွားလေတော့သည်။
တောင်ပေါ်လမ်းအသွယ်သွယ်ကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးသည် တောင်ထိပ်ပေါ်ရှိ နန်းတော်တစ်လုံးရှေ့သို့ ရောက်လာခဲ့လေ၏။ နန်းတော်မှာ နန်းတော်ဟုပင် ပြော၍မရ။ ကျောက်တုံးများကို စုပုံထားသည့် အဆောက်အဦတစ်ခုသာ ပြောရပေမည်။ ထို့အပြင် နန်းတော်အပြင်ဘက်၌ ဟိတ်ဟန်ကြီးမားလှသော ကြံ့ပုံစံ ရုပ်ထုတစ်ခု ရှိနေခဲ့လေသည်။
ထိုကြံ့ကြီးသည် မွန်းစတားဘုရင်ရှီလဲ့၏ မွန်းစတားအသွင်ဖြစ်ပေသည်။ ရှီလဲ့မှာ သာမန်ကြံ့တစ်ကောင်သာ ဖြစ်ပါသော်ငြား အခွင့်အလမ်းတစ်ခုခုနှင့် ကြုံကြိုက်ခဲ့ရပြီးသည့်နောက် အဆင့်ဆယ့်နှစ် အထွဋ်အထိပ်သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ သို့ဖြင့် ရှေးဟောင်းကုန်းမြေထဲ၌ နေရာတစ်နေရာ အပိုင်စားရလာတော့လေသည်။
ရှေးဟောင်းကုန်းမြေထဲတွင် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးရှိ၍ ရှီလဲ့သည် ထိုမွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်ပေသည်။ မွန်းစတားဘုရင် တစ်ဦးချင်းစီ၌ ကိုယ်ပိုင် ပိုင်နက်နယ်မြေအသီးသီး ရှိကြပြီး ထိုမွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးစလုံးသည် နတ်သားရဲလေးပါးကို အခစားနေကြလေ၏။
နတ်သားရဲတစ်ကောင်ချင်းစီ၏ လက်အောက်တွင် မွန်းစတားဘုရင်ရှစ်ပါးစီ ရှိ၍ ထိုမွန်းစတားဘုရင်တစ်ကောင်ချင်းစီ၏ လက်အောက်တွင်မူ မြောက်မြားလှစွာသော မွန်းစတားဗိုလ်ချုပ်ကြီးများနှင့်တကွ အခြားသော လက်အောက်ငယ်သားများစွာ ရှိနေကြပေသည်။
လူသားများမှာတော့ ထိုအကြောင်းအရာများကို သိမထားကြဘဲ ရှေးဟောင်းကုန်းမြေကြီးသည် မွန်းစတားသားရဲများနှင့် ပြည့်နေသည့် နေရာတစ်ခု ဟူ၍သာ သိထားကြသည်။ မွန်းစတားသားရဲများတွင်လည်း အဆင့်ဆင့် အုပ်ချုပ်ပုံများ ရှိနေကြောင်းကို သူတို့မသိခဲ့ကြပေ။
နန်းတော်ရှေ့သို့ ရောက်လာပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးသည် သူ၏ သက်သေခံတံဆိပ်ပြားအား နန်းတော်ကို စောင့်ကြပ်နေသော အစောင့်နှစ်ဦးဆီ ပေးလိုက်၏။ တံဆိပ်ပြားကို စစ်ဆေးပြီးနောက် သက်လတ်ပိုင်းလူကြီးအား နန်းတော်ထဲသို့ ဝင်ခွင့်ပေးလိုက်သည်။
နန်းတော်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ဆူညံသံများနှင့်တကွ သီချင်းသံအချို့ကို ကြားလိုက်ရလေသည်။ ခေါင်းမော့၍ကြည့်လိုက်ရာ ခန်းမအဆုံးရှိ စားပွဲဝိုင်းတစ်ခုရှေ့၌ တင်ပျဉ်ခွေထိုင်နေသော လူထွားကြီးတစ်ဦး ရှိနေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် လူထွားကြီးသည် မွန်းစတားသားရဲတစ်ကောင်၏ အလောင်းကို ကိုင်လျက် အားပါးတရ ကိုက်စားနေခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း သက်လတ်ပိုင်းလူကြီး၏ ခြေထောက်များမှာ ပျော့ခွေချင်လာခဲ့လေသည်။
ရှေးဟောင်းကုန်းမြေထဲတွင် မွန်းစတားဘုရင်များမှ သူတို့၏လက်အောက်ငယ်သားများကို သတ်ဖြတ်၍ ပြန်လည် စားသောက်သည့် ကောလဟာလများ ပြန့်နေပေသည်။ သက်လတ်ပိုင်းလူကြီးမှာတော့ ထိုကောလဟာလများကို မယုံခဲ့ဘဲ အလကားသက်သက် လျှောက်ပြောနေခြင်း ဖြစ်သည်ဟုသာ ထင်ခဲ့သည်။ ယခုမှသာလျှင် ကောလဟာလများ အမှန်ဖြစ်နေကြောင်း သိသွားခဲ့ရခြင်း ဖြစ်လေသည်။
တင်ပလင်ခွေထိုင်နေသည့် လူထွားကြီးမှာ မွန်းစတားဘုရင်ရှီလဲ့မှလွဲ၍ အခြားမဟုတ်ချေ။ သူ့ဘေးနားတွင်တော့ မပေါ်တပေါ် ဝတ်ဆားထားသော အမျိုးသမီးနှစ်ဦး ရှိနေခဲ့ပြီး တစ်ဦးမှာ ရှီလဲ့အား ယပ်ခတ်ပေးနေခဲ့ကာ အခြားတစ်ဦးမှာတော့ ရှီလဲ့အား စပျစ်သီးများကို အခွံခွာ၍ ခွံ့ကျွေးနေခဲ့လေသည်။ မကြာမီတွင် ရှီလဲ့သည် သူ့ဘေးနားရှိ အမျိုးသမီးတစ်ဦးအား အားပါးတရ ကောက်နမ်းတော့လေသည်။
သွေးစွန်းနေသည့် ရှီလဲ့၏ ပါးစပ်ကြီးကြောင့် အမျိုးသမီး၏ ပါးစပ်တစ်ခုလုံး သွေးများဖြင့် စွန်းထင်းပေကျံသွားရသည်။ သို့ရာတွင် အမျိုးသမီးကမူ တစ်ချက်ကလေးမှပင် မမှု၊ နှုတ်ခမ်းတွင် ကပ်ပေနေသော သွေးများကို လျှာဖြင့်ပင်လျှင် အားပါးတရ သပ်လိုက်၏။
သက်လတ်ပိုင်းလူကြီးသည် ထိုမြင်ကွင်းကိုကြည့်လျက်မှ အလွန်ကိုမှ အားကျနေခဲ့ရသည်။ သူသည်လည်း ရှီလဲ့ကဲ့သို့ပင် လောကကြီး၏ စည်းစိမ်ကို ခံစားချင်မိသည်။ မိန်းမလှပေါင်းများစွာ ခြံရံလျက် စားကောင်းသောက်ဖွယ်များကိုစားသောက်ရင်း ဘဝကြီးကို ကုန်ဆုံးရမည်မှာ လွန်စွာကိုမှ ကြည်နူးဖွယ်ရာကောင်းလိုက်မည့် ဖြစ်ခြင်းပင်။
ခန်းမထဲ၌ ထိုအမျိုးသမီးနှစ်ဦးသာလျှင် ရှိနေခြင်းမဟုတ်။ ဟိုပေါ်သည်ပေါ် အဝတ်အစားများကို ဆင်ယင်လျက် သီဆိုဖျော်ဖြေကခုန်နေကြသော အခြားအမျိုးသမီးအချို့လည်း ရှိနေပေသေးသည်။
သက်လတ်ပိုင်းလူကြီးသည် ထိုအမျိုးသမီးများကိုလည်း ကြိတ်၍ မျက်စိအစာကြွေးနေမိ၏။
မကြာမီတွင် ရှီလဲ့၏ရင်ခွင်ထဲ၌ ရှိနေသော အမျိုးသမီးသည် သက်လတ်ပိုင်းလူကြီးကို သတိပြုမိသွားပြီး ယဲ့ယဲ့လေးပြုံးလျက် ညို့မျက်ဝန်းလေးများဖြင့် သူ့ဆီသို့ လှမ်းကြည့်လာခဲ့သည်။ ရစ်မူးဖွယ်ရာ ထိုမျက်ဝန်းများထဲဝယ် သက်လတ်ပိုင်းလူကြီးသည် တဒင်္ဂမျှ မိန်းမောသွားခဲ့ရ၏။
ထို့နောက်တွင် အမျိုးသမီးသည် ရှီလဲ့နား နားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
ထိုအခိုက်အတန့်မှသာလျှင် ရှီလဲ့သည်လည်း သက်လတ်ပိုင်းလူကြီးဘက်သို့ လှည့်ကြည့်လာပြီး သူ့လက်ကို ဝှေ့ယမ်းလျက် သူ့နားတွင်ရှိနေသော အမျိုးသမီးများကို ထွက်သွားရန် အချက်ပြလိုက်၏။
သက်လတ်ပိုင်းလူကြီးသည် အနည်းငယ်မျှပင် တုံ့နှေးမနေရဲခဲ့ဘဲ ရှီလဲ့ဆီသို့ အလျင်အမြန်လျှောက်သွား၍ အလေးအနက်အမူအယာဖြင့် ဒူးထောက်ကာ ပြောလိုက်လေ၏။ “နှုတ်ဆက်ပါတယ် ဆရာ… ကျုပ်နာမည်က ဝူကျွေ့ပါ…”
ရှီလဲ့က မေးလိုက်သည်။ “ငါ့ကို ပြောစရာရှိတယ်လို့ သတင်းပို့လာတာ မင်းလား…”
“ဟုတ်ပါတယ်…”
“ပြော… အရေးကြီးတဲ့ကိစ္စမဟုတ်ရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီမှတ်”
ဝူကျွေ့ မျက်နှာပျက်သွားခဲ့လေသည်။ သို့သော်ငြား တစ်ချက်ကလေးမှပင် တုံ့နှေးမနေရဲခဲ့ဘဲ အလျင်အမြန် ရှင်းပြလိုက်လေ၏။ “ဆရာ… အခုကိစ္စက သွေးတံခါးနဲ့ ပတ်သက်နေပါတယ်…”
“သွေးတံခါး…” မွန်းစတားဘုရင်ရှီလဲ့ ရုတ်တရက်ကြီး ထရပ်မိသွားသည်။ သူ့ဘေးနားအနီးတစ်ဝိုက်တွင် ရှိနေသော အမျိုးသမီးများသည်လည်း မျက်လုံးအပြူးသားဖြင့် သက်လတ်ပိုင်းလူကြီးအား လှမ်း၍ ကြည့်လိုက်ကြသည်။
“နင်တို့အားလုံး ထွက်သွားလိုက်ကြတော့…” ဤသတင်းမှာ အလွန်ကိုမှ အရေးကြီးမှန်း နားလည်သွားပြီးသည့်နောက်တွင် ရှီလဲ့သည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ဘဲ သူ့အနားတွင် ရှိနေသော အမျိုးသမီးအားလုံးကို မောင်းထုတ်တော့လေ၏။
“ဆရာ….” ရှီလဲ့အား ခစားနေသော အမျိုးသမီးနှစ်ဦးအနက်မှ တစ်ဦးသည် ရှီလဲ့၏ခန္ဓာကိုယ်ကို ဖက်တွယ်ရင်းမှ သနားစဖွယ် အမူအယာလေး လုပ်ပြလေသည်။
ရှီလဲ့ကမူ ထိုအမျိုးသမီးအား ခက်ထန်သည့် အကြည့်ဖြင့် ပြန်၍ စိုက်ကြည့်လိုက်လေသည်။
ထိုအမျိုးသမီး ကြောက်ကြောက်လန့်လန့် ဖြစ်သွားပြီး ရှီလဲ့ကို လွှတ်၍ နန်းတော်ထဲမှ ပျာတီးပျာယာ ထွက်သွားလေ၏။
“ပြော…. သွေးတံခါးဘာဖြစ်သွားတာလဲ…” မည်သူမှ မရှိတော့သည့်နောက်တွင် ရှီလဲ့က မေးလိုက်လေသည်။
ဝူကျွေ့က အလျင်အမြန် ပြန်ပြောလိုက်လေ၏။ “သွေးတံခါးမှာ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားလို့ပါဆရာ…”
“ဘယ်လိုအဖြစ်အပျက်လဲ…” ရှီလဲ့က ပြန်မေး၏။
ဝူကျွေ့လည်း သိထားသမျှ အကြောင်းအရာ အကုန်အစင်ကို ရှင်းပြလိုက်လေသည်။ ဝူကျွေ့ရှင်းပြသည်ကို ကြားပြီးသည့်နောက်တွင် ရှီလဲ့ မျက်မှောင်ကြုတ်ကာ အတွေးနက်သွားလေ၏။
ထို့နောက် အကြံအိုက်နေသည့်အလား နန်းတော်ထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တော့လေသည်။ အချိန်အတော်ကြာသွားသည့်အခါမှသာ ဝူကျွေ့ဘက်သို့လှည့်၍ ပြောလိုက်လေ၏ “မင်း ငါနဲ့လိုက်ပြီး နတ်အရှင်ကို လိုက်တွေ့…. ပြီးတော့ မင်းမြင်ခဲ့တာတွေအားလုံး ပြောပြလိုက်…”
“နတ်… နတ်… နတ်…နတ်အရှင်…” ဝူကျွေ့မှာ သူ့လျှာသူ ပြန်ကိုက်လုမတတ်ပင် ဖြစ်သွားခဲ့လေသည်။
ရှေးဟောင်းကုန်းမြေထဲတွင် နတ်အရှင်လေးပါးရှိကာ ရှီလဲ့သည် ထိုနတ်အရှင်လေးပါးအနက် တစ်ပါးလက်အောက်တွင် ခစားနေလေသည်။ ပုံမှန်အားဖြင့် နတ်အရှင်များကို မြင်ရခဲလှသည်။ သာမန်မွန်းစတားသားရဲများဆိုလျှင် နတ်အရှင်များကို တစ်သက်လုံးပင်လျှင် တစ်ကြိမ် မမြင်ရချေ။ မွန်းစတားဘုရင်များသည်ပင်လျှင် နတ်အရှင်များအား တွေ့ချင်တိုင်း တွေ့ခွင့်မရ။
နတ်အရှင်နှင့် လိုက်တွေ့ရမည်ဆိုသည့်အကြောင်း သိလိုက်ရသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးမှာ ထိတ်လန့်နေရာမှ စတင်၍ စိတ်လှုပ်ရှားလာတော့လေသည်။ နတ်အရှင်သည်သာ ဤသတင်းကိုသယ်လာသည့်လူမှာ သူမှန်း သိသွားခံပါက သူ့အား ကောင်းကောင်း မြှောက်စားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ သူ့အဆင့်အတန်းမှာလည်း ကျိန်းသေကို မြင့်တက်လာရပေတော့မည်။
ဝူကျွေ့သည် သူ့အမူအယာကို ပြန်ထိန်း၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ဆရာ့အမိန့်အတိုင်းပါပဲ…”
“သွားကြရအောင်…” ရှီလဲ့မှာ အတော်လေးကိုမှ စိတ်မရှည်ဖြစ်နေခဲ့လေသည်။ အချိန်မဆွဲလိုတော့သည့်အတွက်ကြောင့် ရှီလဲ့သည် သူ့စွမ်းအားကိုသုံး၍ ဝူကျွေ့ကိုပါ သူနှင့်အတူ တစ်ခါတည်း ဆွဲခေါ်သွားတော့လေသည်။
“မင်းအပြင် ဒီအကြောင်းကို ဘယ်သူသိသေးလဲ…” ရှီလဲ့က ရုတ်တရက်မေးလိုက်သည်။
ဝူကျွေ့က ပြန်ပြောလိုက်လေ၏။ “အဲ့အဖြစ်အပျက်ကို မြင်သွားတဲ့လူက ကျုပ်တစ်ယောက်တည်း ဖြစ်တယ်လို့တော့ မထင်ဘူး ဆရာ… ဒါပေမဲ့ မြင်မြင်ချင်း ဆရာ့ကို ချက်ချင်း လာသတင်းပို့တာဆိုတော့ ဒီအကြောင်းကို သိတဲ့လူ များများစားစား မရှိလောက်သေးဘူး”
ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ဝူကျွေ့သည် ပြောလျှင်ကောင်းမလား မပြောလျှင်ကောင်းမလား ချင့်ချိန်စဉ်းစားနေသည့်အလား အတွေးနက်သွား၏။
ထို့နောက်တွင် သက်ပြင်းချလျက် ပြောလိုက်လေ၏။ “အစကတော့ ဆရာနဲ့ အစောကြီးကတည်းက လာတွေ့မလို့ပဲ… ဒါပေမဲ့ ကျုပ်အဆင့်အတန်းက နိမ့်ကျနေတော့ ဂိတ်ပေါက်မှာ ရှိနေတဲ့လူတွေက ကျုပ်ကိုပေးမဝင်ဘူး…. ကျုပ်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းအချို့ကို ခွဲပေးလိုက်တဲ့အခါမှပဲ သူတို့ ကျုပ်ကို ဝင်ခွင့်ပေးလိုက်တာ… မဟုတ်ရင် ဆရာနဲ့ အစောကြီးကတည်းက တွေ့ခွင့်ရနေပြီ…”
ထိုစကားကိုကြားသည့်အခါ ရှီလဲ့၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး နှာခေါင်းရှုံ့လျက် “ဒီကောင်တွေက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတော့ ထင်ရာစိုင်းလာကြတာပဲကွ…”
ပြောပြီးသည့်နောက် သူ့လက်သီးအား ထိုးချလိုက်လေသည်။
“ဘုန်း…”
မိုးခြိမ်းသံတမျှ ကျယ်လောင်လှသည့် အသံကြီးနှင့်အတူ ဧရာမမိုးကြိုးတစ်စင်း မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။
ထို့နောက်တွင် တစ်နေရာဆီမှ နာကျင်စွာအော်ဟစ်သံနှစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ဝူကျွေ့လည်း ခေါင်းငုံ့ကြည့်လိုက်ရာ တောင်ခြေဂိတ်ပေါက်တစ်ခုလုံး ပျက်စီးနေကြောင်း တွေ့လိုက်ရလေသည်။ ဂိတ်ပေါက်အား စောင့်ကြပ်နေသည့် မွန်းစတားသားရဲနှစ်ကောင်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၆၂)
တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အဝတ်အစားအသစ်တစ်စုံ လဲလျက် လိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။ သူ့ရင်ဘတ်ရှိ ဒဏ်ရာမှာမူ လုံးဝ ပျောက်ကင်းသွားနေခဲ့လေပြီ။
အသံဗလံများကြားသော် လိုဏ်ဂူပေါက်ဝအား စောင့်ကြပ်နေသည် ကျန်းရို့ရှီသည် အလျင်အမြန် ကုန်းထလာခဲ့လေသည်။
ရန်ကိုင့်ကိုမြင်သည့်အခါ ကျန်းရို့ရှီက ပြောလိုက်လေ၏။ “ဆရာ… ကျွန်မ ဆရာ့ကို ပြောစရာရှိတယ်…”
“ဘာပြောမလို့လဲ…” ရန်ကိုင်က ပြန်မေးလိုက်သည်။
ကျန်းရို့ရှီသည် သူမကျင့်ကြံနေစဉ်အတောအတွင်း ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို အသေအချာ ရှင်းပြလိုက်လေသည်။ ရန်ကိုင်ကိုယ်တိုင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ သေချာမသိချေ။ သို့သော်ငြား အမှန်အတိုင်းဝန်ခံလိုက်ဖို့ရာ ရှက်ဖွယ်ကောင်းလှသဖြင့် အတွေးနက်ချင်ယောင်ဆောင်လျက် ပြန်ပြောလိုက်လေ၏ “မတော်တဆတွေ ဖြစ်မလာရအောင်လို့ နင် ဒီရှေးဟောင်းကုန်းမြေထဲမှာ ကျင့်ကြံတာကို ရပ်လိုက်သင့်တယ်… နင့်ခွန်အားကို ပြန်ဖြည့်ချင်တယ်ဆိုလို့ရှိရင် အရင်းအမြစ်ကျောက်တွေ၊ ဆေးလုံးတွေကိုပဲသုံး… နောက်ဆုံးမရှိတော့ဘူးဆိုရင်တောင် ကမ္ဘာငယ်လေးထဲကိုဝင်ပြီး အားပြန်ဖြည့်လို့ရတယ်…”
ကျန်းရို့ရှီက ခေါင်းညိတ်လိုက်လေ၏။ ထို့နောက် ရန်ကိုင့်အား ပြန်၍မေးခွန်းထုတ်လိုက်လေသည်။ “ဆရာကရော…”
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ကိစ္စမရှိဘူး… ဒီက အရိုင်းစွမ်းအားကို ငါ့ကို ဘာမှမလုပ်နိုင်ဘူး…”
ရန်ကိုင့်အားကြည့်နေသည့် ကျန်းရို့ရှီ၏မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူမစိတ်ထဲမှနေ၍ ကြိတ်၍ချီးကျူးလိုက်လေ၏။ (ဆရာက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ… မဟာဧကရာဇ်တွေတောင် ဒီရှေးဟောင်းကုန်းမြေရဲ့ အရိုင်းစွမ်းအား သက်ရောက်တာ ခံရတယ်လို့ ငါကြားဖူးတယ်… ဒါပေမဲ့ ဆရာကတော့ ဘာမှမဖြစ်ဘူး…)
ရန်ကိုင်က အသာအယာချောင်းဟန့်လျက် ပြောလိုက်လေ၏။ “သွားကြရအောင်…”
ထိုသို့ပြောပြီးပြီးချင်းမှာပင် ရန်ကိုင့်အမူအယာ ရုတ်ချည်း ခက်ထန်သွားခဲ့ပြီး တစ်ခုသောဘက်ဆီသို့ ကြည့်၍ အော်ပြောလိုက်လေသည်။ “ဘယ်သူပုန်းနေတာလဲ…”
ထိုစကားကိုကြားသော် ကျန်းရို့ရှီ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သူမ လိုဏ်ဂူပေါက်ဝကို စောင့်ကြပ်နေသည့် အချိန်အတောအတွင်း မည်သည့်ထူးဆန်းသည့် အဖြစ်အပျက်ကိုမှ မကြုံခဲ့ရပေ။ ယခု ရန်ကိုင် ထွက်လာလာချင်းမှာပင် တစ်ယောက်ယောက်သည် ဤနား၌ ပုန်းနေသည်ဟု ပြောနေခဲ့သည်။ ကျန်းရို့ရှီ ပျာယာခတ်သွားခဲ့ပြီး ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ သို့သော်ငြား မည်သည့်ထူးဆန်းသည့် အရာကိုမှ ရှာမတွေ့ခဲ့ချေ။
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည်။ “ဆက်ပုန်းနေသေးတာလား… ငါကိုယ်တိုင်လာဆွဲထုတ်မှ ထွက်လာမှာလား…”
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည့်အခါမှသာလျှင် သစ်ပင်တစ်ပင်၏အရွက်များ လှုပ်ခါသွားခဲ့လေသည်။ ထို့နောက် သစ်ကိုင်းများကြားမှ ခေါင်းလေးတစ်ခေါင်း ပြူထွက်လာလေ၏။ ထိုခေါင်းလေးသည် ရန်ကိုင်နှင့် ကျန်းရို့ရှီတို့အား ညစ်ကျယ်ကျယ်ပြုံးကာ ကြည့်နေခဲ့လေသည်။
ကျန်းရို့ရှီ၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ တစ်စုံတစ်ဦးသည် သူမပင် သတိမထားမိဘဲ သူမအနားသို့ ချဉ်းကပ်လာနိုင်ခဲ့သည်။ ထို့အပြင် သူမကိုလည်း ရိသဲ့သဲ့ ပြုံးပြနေသေး၏။
“ဟမ်…” ထိုလူကိုမြင်ပြီးသည့်နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ထိုလူ၏ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး ရက်ပေါင်းများစွာ ရေမချိုးထားသည့်အလား ဆံပင်များမှာ ညစ်ပတ်ပေရေနေခဲ့သည်။ မျက်နှာတစ်ပြင်လုံးမှာလည်း ပေကျံတူးနေသည့် အတွက်ကြောင့် မျက်နှာပုံစံ မည်သို့ရှိသလဲဆိုသည်ကို သေချာမပြောနိုင်။ သို့သော်ငြား ဖြူဖွေးဆွတ်နေသောသွားများနှင့် မျက်ဝန်းများအရ ထိုလူ အမျိုးသမီးတစ်ဦးဖြစ်သည်မှာ သိသာလှသည်။
အမျိုးသမီးတိုင်းသည် မိမိ၏ရုပ်ရည်ကို အလွန်ဂရုစိုက်ကြသူများ ဖြစ်ကြပါသော်ငြား သူ့ရှေ့တွင်ရှိနေသည့် အမျိုးသမီးမှာမူ ပုံမှန်အမျိုးသမီးများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမြင်ခဲ့ရဖူးသော သူဖုန်းစားပုံစံ အယောင်ဆောင်ထားသည့် လောကတစ်သောင်းမဟာဧကရာဇ်သည်ပင်လျှင် ဤအမျိုးသမီးထက် ပိုသာသေးသည်ဟု ပြော၍ရသည်။
ထို့အပြင် အမျိုးသမီးသည် လင်းဆွဲအလား သစ်ကိုင်းပေါ်မှ ခြေထောက် တွဲလောင်းချိတ်လျက် နေနေခဲ့သည်။ ထိုပုံစံကိုကြည့်ရသလောက် အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားသော စိတ်မနှံ့သည့် လူတစ်ဦးဖြစ်သည်မှာ အသေအချာပင်။ သို့ရာတွင် ရန်ကိုင် သတိထားနေသည့် အရာသည် ထိုအရာမဟုတ်၊ အမျိုးသမီး၏ ကိုယ်ပျောက်ပညာရပ်သာ ဖြစ်သည်။ သူမသည်သာ အစောပိုင်းက အသံဗလံထွက်အောင် မလုပ်ခဲ့ပါက ရန်ကိုင်သည်ပင်လျှင် သူမ ထိုနေရာ၌ ပုန်းနေသည်ကို သတိထားမိခဲ့လိမ့်မည် မဟုတ်ချေ။
ထိုအမျိုးသမီး မည်သူများ ဖြစ်လေသနည်း။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် အမျိုးသမီးမှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ရန်ကိုင့်စိတ်ထဲ သံသယအတွေးများဖြင့် ပြည့်နေစဉ်မှာပင် အမျိုးသမီးသည် ရုတ်တရက် တခစ်ခစ်ရယ်သွမ်းသွေးလျက် ပြောလိုက်လေသည်။ “လာ… လာ… ငါ့ကိုလာဖမ်းလေ…”
ထိုသို့ပြောပြီးသည့်နောက်တွင် သစ်ကိုင်းပေါ်မှ ခုန်ဆင်းလျက် နောက်တစ်ပင်ပေါ်သို့ ခုန်ကူးကာ တောအုပ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။ သူမ၏ရယ်သံသဲ့သဲ့လေးသည်သာ တောအုပ်ကြီးထဲ ပျံ့လွင့်နေခဲ့လေ၏။ “လာ… လာ… ငါ့ကိုလာဖမ်းလေ…”
(ဘယ်သူက နင့်ကိုဖမ်းချင်လို့လဲ…) ရန်ကိုင့်နှုတ်ခမ်း တွန့်ကွေးသွားခဲ့လေ၏။ ဤအမျိုးသမီးမှာ အရူးတစ်ယောက်ဖြစ်ကြောင်း ရန်ကိုင်လုံးဝ သေချာသွားတော့သည်။
ထို့ကြောင့်သာမဟုတ်ပါက ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးသည် ဘာကြောင့်များ ဤကဲ့သို့ လုပ်ပါမည်နည်း။ အမျိုးသမီးသည် အလွန် ပေကျံညစ်ပတ်နေရုံသာလျှင်မဟုတ်ဘဲ ရူးလည်း ရူးနေပေသေး၏။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင့်မှာ တစ်ခဏတာမျှ မှင်သက်သွားခဲ့လေသည်။ ရှေးဟောင်းတောအုပ်ထဲသို့ ဝင်လာလာပြီးချင်း ဤကဲ့သို့သော ရူးနေသည့် မိန်းမတစ်ဦးနှင့် လာတိုးရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင့်တွင် သူမနှင့် တူတူပုန်းတမ်း ကစားနေရန် အချိန်မရှိချေ။
“ဆရာ… အဲ့အမျိုးသမီးရဲ့ အဝတ်အစားကလေ…” ကျန်းရို့ရှီမှာမူ တစ်ခုခုအား သတိပြုမိသွားသည့်အလား အမျိုးသမီးပျောက်ကွယ်သွားသည့်ဘက်သို့ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့လေသည်။
“သူ့အဝတ်အစားက ဘာဖြစ်လို့လဲ…” ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်လေသည်။
“ဆရာ သူ့အဝတ်အစားကို ရင်းနှီးနေတယ်လို့ မထင်ဘူးလား…” ကျန်းရို့ရှီက ပြန်၍ထပ်မေးပြန်လေသည်။
ကျန်းရို့ရှီပြောသည့်အခါမှသာလျှင် ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အမျိုးသမီးဝတ်စုံကို စစ်ဆေးကြည့်လိုက်လေသည်။ သို့သော်ငြား သူမ၏အဝတ်အစားများမှာ ပေကျံလူးနေပြီး ဟိုတစ်ကွက် သည်တစ်ကွက် ပေါက်ပြဲနေသည့်အတွက်ကြောင့် ရန်ကိုင့်မှာ သေချာမပြောနိုင်ခဲ့ချေ။
“အဲ့ဒါက ရေခဲနှလုံးသားတောင်ကြားရဲ့ ဝတ်စုံလေ…” ကျန်းရို့ရှီက ပြောလိုက်လေသည်။
“နင်သေချာလို့လား…” ရန်ကိုင်က မျက်လုံးအပြူးသားဖြင့် ပြန်မေးလိုက်လေသည်။
ကျန်းရို့ရှီက ခေါင်းညိတ်လိုက်သည်။ “သေချာတယ်… ရေခဲနှလုံးသားတောင်ကြားမှာတုန်းက အဲ့ကတပည့်တွေ ဒီလိုဝတ်စုံမျိုးဝတ်တာကို ရို့ရှီမြင်ဖူးတယ်… အဲ့အမျိုးသမီးရဲ့ အဝတ်အစားတွေက ပေရေပြီး စုတ်ပြဲနေတယ်ဆိုပေမဲ့ သူ့ရင်ဘတ်က တံဆိပ်ကတော့ အကောင်းအတိုင်း ရှိနေသေးတယ်…”
“ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက်က ဘာလို့ ဒီရောက်နေရတာလဲ…” ရန်ကိုင်ကြောင်သွားလေသည်။
ရေခဲနှလုံးသားတောင်ကြားသည် မြောက်ဘက်နယ်မြေတွင် တည်ရှိပြီး ရှေးဟောင်းကုန်းမြေကြီးသည် အရှေ့ဘက်နယ်မြေတွင် ရှိနေသည်။ ထိုသို့ဖြစ်လေရာ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ရေခဲနှလုံးသားတောင်ကြား၏ တပည့်တစ်ဦးသည် ဘာကြောင့်များ ဤနေရာသို့ ရောက်နေရလေသနည်း။ ထို့အပြင် သူမစိတ်အခြေအနေမှာလည်း ဘာကြောင့်များ ဤကဲ့သို့ ဖြစ်နေရလေသနည်း။ ထိုအကြောင်းများကို တွေးရင်းတွေးရင်းဖြင့် ရန်ကိုင်သည် တစ်ခုခုအား စဉ်းစားမိသွားခဲ့လေသည်။
ပင်းယွင် ဟင်းလင်းပြင်ကမ္ဘာထဲမှ ရေခဲနှလုံးသားတောင်ကြားဆီသို့ ပြန်လာစဉ်က ရေခဲနှလုံးသားတောင်ကြား၏ လက်ရှိတောင်ကြားသခင်ဖြစ်သော ပင်းယွင်၏ ပထမတပည့်ဖြစ်သည့် အန်းရို့ယွင်သည် တပည့်များနှင့်ပတ်သက်၍ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြခဲ့ဖူးပေသည်။
ပင်းယွင်ထွက်သွားပြီးသည့်နောက်တွင် သူမ၏ တတိယတပည့်သည် သူမကိုရှာရန်အတွက် ရေခဲနှလုံးသားတောင်ကြားမှ ထွက်သွားခဲ့သည်။ ထိုအချိန်မှစ၍ တတိယတပည့်နှင့် ပတ်သက်သည့် သဲလွန်စအားလုံး ပျောက်သွားခဲ့ရကာ ယခုအချိန်ထိတိုင် တတိယတပည့် မည်သည့်နေရာသို့ ရောက်နေသလဲ မည်သူမှ မသိကြချေ။
အန်းရို့ယွင်မှ ထိုအကြောင်းကို ပင်းယွင်အား ပြောပြနေစဉ် ရန်ကိုင်လည်း ထိုနေရာတွင် ရှိနေခဲ့သဖြင့် ကြားခဲ့ရသည်။ ထိုစဉ်က ထိုကိစ္စများသည် ရေခဲနှလုံးသားတောင်ကြား၏ အရေးကိစ္စများသာ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဂရုစိုက်မနေခဲ့ပေ။
သို့ရာတွင် ယခု ကျန်းရို့ရှီပြောပြသည်ကို ကြားပြီးသည့်နောက် အမျိုးသမီးသည် ပင်းယွင်၏ တတိယတပည့် ဖြစ်နိုင်သည်ဟု ရန်ကိုင် တွေးမိသွားခဲ့သည်။ ပင်းယွင်၏ ပထမတပည့်နှင့် ဒုတိယတပည့်များမှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်များ ဖြစ်သည့်အတွက်ကြောင့် တတိယတပည့်သည်လည်း ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသည်မှာ အထူးအဆန်း မဟုတ်ပေ။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်သည် အမျိုးသမီး ထွက်သွားသည့်ဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်သော်ငြား သူမ၏ အရိပ်အယောင်ကိုမူ ရှာမတွေ့တော့ချေ။
တတိယတပည့် ဘာကြောင့် ဤနေရာသို့ ရောက်နေသလဲ ဆိုသည်ကို ရန်ကိုင် ခန့်မှန်းမိပေသည်။ သူမသည် ပင်းယွင်အား လိုက်ရှာရင်းမှ ဤနေရာသို့ မတော်တဆ ရောက်လာခြင်း ဖြစ်ရမည်။ သူမ ဘာကြောင့် ရူးနှမ်းသလို ဖြစ်နေသလဲ ဆိုသည်ကိုမူ ရန်ကိုင်လည်း မတွေးတတ်ချေ။ ပုံမှန်အားဖြင့် မြင်သာမမြင်လျှင် ကိစ္စမရှိပါသော်ငြား ယခု မြင်လိုက်ရပြီဖြစ်သလို ဤကိစ္စသည် ပင်းယွင်နှင့်လည်း ပတ်သက်နေသည့် အတွက်ကြောင့် ရန်ကိုင် အနေဖြင့် မျက်ကွယ်ပြုနေ၍ မရတော့ပေ။
“ဆရာ… ရှေးဟောင်းကုန်းမြေရဲ့ လျှိုမြောင်ထဲမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး လမ်းပျောက်သွားတယ်ဆိုတဲ့အကြောင်းကို လူအိုကြီးပန်ပြောဖူးတယ်နော်… အဲ့လမ်းပျောက်နေတဲ့လူကလေ ဒီအမျိုးသမီးများ ဖြစ်နေမလား…” ကျန်းရို့ရှီက ရုတ်တရက်ပြောလိုက်လေသည်။
ကျန်းရို့ရှီပြောပြသည်ကို ကြားပြီးသည့်နောက် ထိုအမျိုးသမီးမှာ လျှိုမြောင်ထဲ လမ်းပျောက်နေရင်းမှ ရူးသွားခြင်း ဖြစ်ရလိမ့်မည်မှန်း ရန်ကိုင် စဉ်းစားမိသွားခဲ့သည်။
ထိုအမျိုးသမီးသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်သည်ဟု လူအိုကြီးပန်မှ ပြောခဲ့သည်။ သို့သော်ငြား လူအိုကြီးပန်၏ ကျင့်ကြံခြင်းမှာ တာအိုသခင်ပထမအဆင့်သာ ရှိသေးသည့် အတွက်ကြောင့် ထိုအမျိုးသမီး၏ ကျင့်ကြံခြင်းကို သေသေချာချာ မခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။
“သွားစစ်ဆေးကြည့်တာပေါ့…” ရန်ကိုင်သည် ကျန်းရို့ရှီအား ဧကရာဇ်ချီဖြင့် ရစ်ပတ်၍ အမျိုးသမီး ထွက်သွားသည့်ဘက်ဆီသို့ ပြေးလိုက်သွားလေသည်။
သွားနေလျက်မှ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရှာကြည့်ခဲ့ပါသော်ငြား အမျိုးသမီးသည် လေထဲသို့ ဗြုန်းစားကြီး ပျောက်ကွယ်သွားသည့်အလား သူမနှင့် ပက်သက်သော မည်သည့် သဲလွန်စကိုမှ ရှာမရခဲ့ပေ။
“သူ ဘယ်ဘက်ကို ထွက်သွားတာလဲ…” ရန်ကိုင် စိတ်ညစ်လာတော့သည်။ ဤအမျိုးသမီးသည် ပင်းယွင်နှင့် ပတ်သက်နေမည်မှန်းသာ ကြိုသိခဲ့မည်ဆိုလျှင် သူမ ထွက်မပြေးနိုင်ခင်ကတည်းက ဝင်တားခဲ့ပေသည်။
နေ့ဝက်ခန့်ကြာသည်အထိ ရှာခဲ့ပါသော်ငြား အမျိုးသမီး၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့ချေ။ ရှေးဟောင်းကုန်းမြေကြီးထဲ ဦးတည်ရာမဲ့ လျှောက်သွားနေသည်မှာ အလွန်ကိုမှ အန္တရာယ်များလှသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း အမျိုးသမီးအား လိုက်ရှာနေသည်ကို ရပ်တန့်လိုက်တော့လေသည်။ လာရင်းကိစ္စ ပြီးပြတ်သွားသည့်အခါမှသာ မြောက်ဘက်နယ်မြေသို့ ပြန်သွား၍ ပင်းယွင်အား ဤအကြောင်းကို ပြောပြရပေမည်။ သူမတပည့်ကိစ္စအား ပင်းယွင်ဘာသာ ဖြေရှင်းသည်မှာ အကောင်းဆုံး ဖြစ်ပေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ကျောက်စိမ်းပြားကိုထုတ်၍ စစ်ဆေးကြည့်လိုက်ရာ ရှေးဟောင်းကုန်းမြေ၏ အတွင်းပိုင်းနေရာသို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ ရှေ့သို့ ဆက်သွားမည်ဆိုပါက မွန်းစတားသားရဲများ စုဝေးနေသည့် နေရာသို့ ရောက်ပေတော့မည်။ ထို့ကြောင့် ရန်ကိုင်လည်း ကျောက်စိမ်းပြားကို ပြန်သိမ်း၍ ထိုနေရာအား ကွေ့ပတ်သွားရန် ပြင်လိုက်စဉ်၊ ရယ်သံတစ်သံ ပျံ့လွင့်လာခဲ့လေ၏။ ရယ်သံနှင့်အတူ အနီးအနား၌ရှိသော သစ်ပင်များ၏ သစ်ကိုင်းများကြားဆီမှ ညစ်ပတ်ပေရေနေသည့် ခေါင်းတစ်ခေါင်း ပြူထွက်လာခဲ့လေသည်။ အမျိုးသမီးသည် ရန်ကိုင့်အား ပြုံးဖြီးပြလျက် လက်ယပ်ခေါ်ကာ ပြောလိုက်လေသည်။ “လာ… ငါ့ကိုလာဖမ်းလေ… မြန်မြန်လာဖမ်းနော်… မဟုတ်ရင် ငါ ထွက်ပြေးတော့မှာ…”
(ဒီအရူးမကတော့ကွာ…) အသည်းအသန် လိုက်ရှာနေခဲ့ပါသော်ငြား သူရှာမတွေ့ခဲ့သည့် အမျိုးသမီးမှာ သူ့အနီးအနားရှိ သစ်ပင်များ၏ သစ်ကိုင်းများကြားထဲတွင် ပုန်းအောင်းနေကြောင်း သိလိုက်ရပြီးသည့်နောက်၌ ရန်ကိုင်ခဗျာ ရူးမတတ် ဖြစ်သွားခဲ့ရလေသည်။