← Chapters

အခန်း (၂၅၆၃-၂၅၆၅)

Vol. 107 Ch. 2563-2565

အခန်း (၂၅၆၃-၂၅၆၅)

Vol. 107 Ch. 2563-2565

အပိုင်း (၂၅၆၃)

ရန်ကိုင်မှာ ဤအမျိုးသမီးနှင့် ပတ်သက်၍ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ချေ။ သူမသာ လူကောင်းတစ်ယောက်ဆိုလျှင်တော့ သူမ မည်သူဖြစ်သလဲ၊ မည်သည့်နေရာမှ ရောက်လာသလဲ ဆိုသည်နှင့် ပတ်သက်၍ မေးမြန်းကြည်နိုင်ပါသော်ငြား ဤအမျိုးသမီးမှာ အရူးတစ်ယောက် ဖြစ်နေခဲ့သည်။

ရန်ကိုင်သည် အတော်ကိုမှ စိတ်ညစ်နေပါသော်ငြား အမျိုးသမီးထွက်ပြေးသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ဖြဲမခြောက်ရဲခဲ့ပေ။

(သူ့ကိုယ်ပျောက်ပညာရပ်က တော်တော်အစွမ်းထက်တာ… ငါသာ သူ့ကို ဖြဲခြောက်မိသွားရင် နောက်တစ်ကြိမ် ပြန်ရှာတွေ့ဖို့ လွယ်တော့မှာမဟုတ်ဘူး…)

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်က ဖော်ဖော်ရွေရွေ ပြုံးပြလျက် လှမ်းခေါ်လိုက်လေ၏ “ဒီကို လာခဲ့ပါလား”

အမျိုးသမီးကမူ တုပ်တုပ်မျှမလှုပ်ဘဲ ရိသဲ့သဲ့ ပြုံးလျက်သာ ပြန်ပြောလိုက်လေသည်။ “ငါ့ကိုလာဖမ်းလေ…”

အမျိုးသမီးသည် စကားတစ်ခွန်းတည်းကိုသာ ပြောတတ်သည့်အလား ထိုစကားကိုသာ ထပ်တလဲလဲ ပြောနေခဲ့လေသည်။ လေးငါးကြိမ်မက အော်ခေါ်နေခဲ့ပါသော်ငြား အမျိုးသမီးသည် တုတ်တုတ်မျှ မလှုပ်သဖြင့် ရန်ကိုင် ကူကယ်ရာမဲ့သွားခဲ့ရလေ၏။

“ဆရာ… သူစိတ်ဝင်စားမယ့်ဟာ တစ်ခုခုလောက်ကို‌ သုံးပြီးတော့ ဘာလို့ လှမ်းမခေါ်ကြည့်တာလဲ…” ကျန်းရို့ရှီမှာ ရုတ်တရက် ပြောလိုက်လေသည်။

ကျန်းရို့ရှီပြောသည်မှာ အကြံကောင်းဖြစ်သည်ဟု ရန်ကိုင်လည်း ခံစားမိသည်။ ထို့အတွက်ကြောင့် သိုလှောင်လက်စွပ်ထဲမှ အနီရောင်အသီးတစ်လုံးကို ထုတ်ယူလိုက်လေသည်။ ဂဏန်းနီပန်းသီးသည် ဧကရာဇ်အဆင့် ဆေးအမယ်တစ်ခု ဖြစ်သည်။ အသီးမှာ မှည့်နေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် မွှေးရနံ့တို့ ဘေးပတ်ပတ်လည်အနှံ့ ပျံ့လွင့်လာခဲ့လေသည်။ ရန်ကိုင်သည် အသီးကို လက်ထဲတွင် ကိုင်၍ အမျိုးသမီးအား လှမ်းခေါ်လိုက်လေ၏။ “ဒီမှာလာစား… ဘာမှ ကြောက်နေစရာမလိုဘူး…”

သစ်ပင်ပေါ်တွင် လင်းဆွဲတစ်ကောင်နှယ် တွဲလောင်းချိတ်ဆွဲနေသော အမျိုးသမီးသည် သူ့လက်ထဲရှိ အသီးကို အတော်လေး စိတ်ဝင်စားသည့်အလား အသီးအား မမှိတ်မသုန် စိုက်ကြည့်ရင်းမှ သူမနှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေသည်။ သို့သော်ငြား ဘာကြောင့်မှန်းမသိ ရန်ကိုင့်အပေါ် အလွန်ကိုမှ သတိထားနေခဲ့သည်။ အသီးအား လိုချင်နေသည့်တိုင် ရန်ကိုင့်နားသို့ တိုးမလာခဲ့ပေ။

ရုတ်တရက် သစ်ရွက်များ လှုပ်ခါသွားခဲ့ပြီး အမျိုးသမီးသည် ရန်ကိုင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင် မှင်တက်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ကမန်းကတန်း ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည်။ ယခုနေသာ သူမအား မျက်ခြေပြတ်သွားပါက နောက်တစ်ကြိမ်ပြန်ရှာရန် လွယ်ကူတော့လိမ့်မည် မဟုတ်ပေ။ အန္တရာယ်ပေါင်းစုံဖြင့် ပြည့်နေသော ရှေးဟောင်းကုန်းမြေကြီးထဲတွင် သဲလွန်စမရှိဘဲ သူမအား လိုက်ရှာရမည်မှာ အလွန်တရာကိုမှ အန္တရာယ်များလှသည်။

သစ်ရွက်လှုပ်သံများ ထွက်ပေါ်လာပြီး အနီးအနားတစ်နေရာရှိ သစ်ပင်တွင် အမျိုးသမီး ပြန်ပေါ်လာခဲ့သည်။ အမျိုးသမီးသည် သစ်ကိုင်းတစ်ကိုင်းကို လက်ဖြင့် ကိုင်ထားပြီး ကျန်သစ်ကိုင်း တစ်ကိုင်းပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။

(မြန်လိုက်တာ…) အမျိုးသမီး၏ အမြန်နှုန်းကိုမြင်သော် ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့လေသည်။ အမျိုးသမီး မည်သည့်နေရာသို့ ရောက်သွားမှန်း မသိနိုင်သေးခင် အမျိုးသမီးသည် သူ့မြင်ကွင်း၌ တစ္ဆေတစ်ကောင်နှယ် ပြန်ပေါ်လာခဲ့၏။

သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ အမျိုးသမီးနှင့် ရန်ကိုင်ကြားရှိ အကွာအဝေးသည် ပို၍ ကျဉ်းမြောင်းသွားခဲ့လေသည်။

သူ့လက်ထဲရှိ အသီးကို ထိုအမျိုးသမီး အတော်လေး စိတ်ဝင်စားနေမှန်း သိသွားသည့်အခါမှသာ ရန်ကိုင်လည်း သက်ပြင်းချလိုက်နိုင်လေ၏။

ရန်ကိုင်သည် ပြုံးလျက် အသီးကို ရှေ့သို့ ထိုးပေးရင်းမှ ပြောလိုက်လေ၏။ “ဒီအသီးကို ယူမှာလား မယူဘူးလား… မယူရင် ငါစားပစ်လိုက်တော့မှာနော်…”

ပြောရင်းဖြင့် ရန်ကိုင်သည် အသီးကို သူ့ပါးစပ်နားသို့ ဖြည်းဖြည်းချင်း ဆွဲယူလိုက်လေသည်။

အမျိုးသမီးမှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ အလွန်ကိုမှ စိတ်စောလာခဲ့ပြီး ရန်ကိုင့်အသီးအား အချိန်မရွေး ခုန်အုပ်တော့မည့် ပုံစံမျိုး လုပ်လိုက်သည်။ သို့သော်ငြား အကြောင်းအရင်းတစ်ခုကြောင့် သစ်ပင်ပေါ်တွင်သာ နေနေပြီး အောက်သို့ ဆင်းမလာခဲ့ချေ။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်လည်း ဒေါသထွက်သွားခဲ့ပြီး အံကိုကြိတ်၍ အသီးအား ကိုက်စားပစ်လိုက်လေသည်။

ရန်ကိုင်သည် အမျိုးသမီး သွားရည်ကျလာအောင် အသံဗလံမျိုးစုံထွက်၍ စားပြလေသည်။

ထိုမြင်ကွင်းကိုထိုင်ကြည့်နေသည့် အမျိုးသမီးမှာ နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လိုက်သည့်အလား လျှပ်စီးတမျှအမြန်နှုန်းဖြင့် ရန်ကိုင့်ဆီသို့ ခုန်ဝင်လာခဲ့လေ၏။

ရန်ကိုင်သည် ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်လေသည်။ အမျိုးသမီး သူ့ဆီသို့ ပြေးဝင်လာနေသည်ကိုမြင်သော် ရန်ကိုင်သည် အသီးထဲသို့ ဧကရာဇ်ချီကိုထည့်သွင်းလျက် အမျိုးသမီးဆီသို့ အားကုန်သုံးကာ ပစ်ထည့်လိုက်လေ၏။

အမျိုးသမီးသည် ရန်ကိုင့်ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ သူမ၏မျက်ဝန်းအစုံသည် ရန်ကိုင်ပစ်ထည့်လိုက်သည့် သစ်သီးပေါ်တွင်သာ မမှိတ်မသုန် ရောက်ရှိနေခဲ့သည်။

အသီးသည်သာ ဤနှုန်းအတိုင်း ဆက်သွားနေမည်ဆိုပါက အမျိုးသမီး၏နဖူးအား ကျိန်းသေ ထိသွားပေလိမ့်မည်။ ရန်ကိုင်သည် အသီးထဲသို့ ဧကရာဇ်ချီကို ထည့်သွင်း၍ ပစ်ထည့်လိုက်သည့်အတွက်ကြောင့် ဤအသီးဖြင့်သာ ထိမှန်ခံလိုက်ရမည်ဆိုပါက အမျိုးသမီး မှောက်လျက်လဲသွားနိုင်ပေသည်။

သို့ရာတွင် အသီးမှာ သူမနဖူးအား ထိခါနီးမှာပင် အမျိုးသမီးသည် ခေါင်းလေးကို အသာအယာ တိမ်း၍ ရှောင်လိုက်လေသည်။ ထို့နောက် သူမပါးစပ်ကိုဟလျက် အသီးအား ကိုက်ချလိုက်လေ၏။ အသီး၏အရသာကို ခံစားမိလိုက်သည့်နောက် အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်သွားသည့်အလား အမျိုးသမီး၏ မျက်ဝန်းလေးများ လခြမ်းကွေးအလား ကွေးတက်သွားခဲ့သည်။

ထိုစဉ် ရန်ကိုင်သည် သူမဘေးတွင် ရုတ်တရက်ပေါ်လာပြီး သူမ၏လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ ထိုအဖြစ်အပျက်ကြောင့် အမျိုးသမီး ထိတ်လန့်သွားခဲ့ပြီး ပြုံးရွှင်နေသည့် သူမ၏မျက်နှာ အမူအရာသည် တမုဟုတ်ချည်း အေးစက်သွားခဲ့သည်။

အမျိုးသမီး၏ ခန္ဓာကိုယ်သည် အရိုးမရှိသည့်အလား ခန္ဓာကိုယ်အား မဖြစ်နိုင်သည့် ပုံစံမျိုးဖြင့် တွန့်လိမ်စေလျက် ရန်ကိုင်နှင့် မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင် လုပ်လိုက်သည်။ ထို့နောက် သူမလက်ဝါးဖြင့် ရန်ကိုင့်တည့်တည့်သို့ ရိုက်ချလိုက်လေ၏။

လက်ဝါးချက်ရောက်မလာသေးခင်မှာပင် အလွန်ပြင်းထန်သည့် ရေခဲနိယာမစွမ်းအားတို့ ရန်ကိုင့်အား လွှမ်းခြုံလာခဲ့သည်။ အေးစက်ပြင်းထန်သည့် အအေးဓာတ်ကြောင့် ရန်ကိုင် သက်ပြင်းတစ်ချက် ရှိုက်မိသွားလေသည်။ အစောပိုင်းက ဤအမျိုးသမီးသည် ရေခဲနှလုံးသားတောင်ကြား၏ တတိယအကြီးအကဲ ဖြစ်လိမ့်မည်ဟု ထင်ခဲ့ခြင်းသာ ဖြစ်လေသည်။ ယခုမူ ထိုအထင်နှင့်ပတ်သက်၍ သူ့စိတ်ထဲ ပို၍ကို သေချာသွားတော့လေသည်။ တကယ်တော့ ရေခဲနှလုံးသားတောင်ကြားမှ အဖွဲ့ဝင်အားလုံး ရေခဲဓာတ်ကျင့်စဉ်များကို ကျင့်ကြံကြသည် မဟုတ်ပေလော။

ရန်ကိုင်သည် အလေးအနက်အမူအယာဖြင့် လေဟာနယ်နိယာမစွမ်းအားကို သုံးလျက် အမျိုးသမီးတည့်တည့်သို့ ပြန်၍ ရိုက်ချလိုက်လေ၏။

“ဘုန်း…”

နားပင်းမတတ် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များ တုန်ရီသွားခဲ့ကြလေသည်။ အပြိုင်အဆိုင် ပြိုင်ဆိုင်နေကြသည့် နိယာမစွမ်းအားနှစ်မျိုး ပျောက်ကွယ်သွားခြင်း မရှိသေးခင်မှာပင် အမျိုးသမီးသည် သူမလက်မောင်းကို တွန့်လိမ်လျက် အရိုးမရှိသည့် မြွေတစ်ကောင်အလား ရန်ကိုင့်လက်မှ အသာလေး လွှတ်ခနဲ ရုန်းထွက်သွားခဲ့လေသည်။

ဤအဖြစ်အပျက်ကြောင့် ရန်ကိုင့်မှာ ပျာယာခတ်သွားပြီး သူမလက်အား ပြန်ဖမ်းဆွဲတော့မည်အပြု အမျိုးသမီးမှာ အခြားတစ်နေရာသို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

ထိုအခါမှသာ အပြန်အလှန် ပြိုင်ဆိုင်နေကြသော နိယာမစွမ်းအားနှစ်ခုမှာလည်း ငြိမ်ကျသွားခဲ့လေသည်။ တစ်ဖက်လူအား ခြောက်လိုက်သလို ဖြစ်သွားမည်စိုးသည့်အတွက်ကြောင့် ရန်ကိုင်လည်း နောက်တစ်ကြိမ် မဆင်မခြင် မလှုပ်ရှားရဲတော့ချေ။

အမျိုးသမီးသည် ရန်ကိုင်နှင့် မီတာနှစ်ဆယ်ခန့်အကွာတွင် ရပ်ရင်း သူ့အား နာကျည်းမုန်းတီးစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင့်အား စိုက်ကြည့်နေရင်းမှ အမျိုးသမီးသည် သူမပါးစပ်ဖြင့် ကိုက်ထားသော အသီးကို ကိုက်ဝါးစားလိုက်လေ၏။ အမျိုးသမီးမှာ အသီးအား ဝမ်းသာအားရဖြင့် ကိုက်စားနေပါသော်ငြား ရန်ကိုင့်ကိုကြည့်နေသည့် သူမ၏အကြည့်မှာတော့ အလွန်ကိုမှ စူးရှနေခဲ့သည်။ အမျိုးသမီး အမှန်အကန် ဒေါသထွက်သွားသည့်ပုံပင်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် သက်ပြင်းသာ ချမိလိုက်လေသည်။ ထိုအမျိုးသမီးမှာ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ပင်းယွင်၏ တတိယတပည့်ဖြစ်မှန်း သေချာသွားခဲ့လေသည်။ သို့သော်ငြား ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား အသီးလေးတစ်လုံး စားရသည့်အတွက်ကြောင့် အလွန်ကိုမှ ဝမ်းသာပျော်ရွှင်နေခဲ့လေသည်။ ဤမြင်ကွင်းကိုသာ ရေခဲနှလုံးသားတောင်ကြားမှ လူများ မြင်သွားမည်ဆိုပါက တကယ်ကို ဝမ်းနည်းသွားကြရပေလိမ့်မည်။

ရန်ကိုင်သည် ကျန်းရို့ရှီအား မသိမသာလေး မျက်စပစ်ပြလိုက်လေသည်။ ကျန်းရို့ရှီလည်း ချက်ချင်းပဲ သူမ၏ သိုလှောင်လက်စွပ်ထဲမှ အသီးတစ်လုံးကို ထုတ်ယူ၍ ပြောလိုက်လေသည်။ “ထပ်လိုချင်သေးလား… ဒီမှာ နောက်ထပ်တစ်လုံး ရှိသေးတယ်… လိုချင်ရင် ကျွန်မ ရှင့်ကို ပေးမယ်လေ…”

အမျိုးသမီးသည် ကျန်းရို့ရှီအား မျက်ခုံးပင့်၍ လှည့်ကြည့်လာခဲ့လေသည်။ ထို့နောက်တွင် သူမ၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်း သူမခေါင်းကို ကမန်းကတန်း ခါတော့လေ၏။

တစ်ကြိမ်သေဖူး ပျဉ်ဖိုးနားလည်ဆိုသည့်အတိုင်း အမျိုးသမီးမှာ ရန်ကိုင့်၏ နောက်တစ်ကြိမ်လှည့်စားခြင်းကို ခံတော့လိမ့်မည် မဟုတ်ပေ။

ထိုမျှသာလျှင် မဟုတ်သေးဘဲ အမျိုးသမီးသည် ချက်ချင်းပင် ထွက်ပြေးသွားခဲ့လေသည်။

ထိုဖြစ်ရပ်ကိုကြည့်ရင်း ရန်ကိုင့်မှာ အလျင်စလို လှုပ်ရှားမိလိုက်သည့်အပေါ် နောင်တပင် ရချင်သွားခဲ့လေသည်။

တကယ့်တကယ်တွင်တော့ ရန်ကိုင်၏ လက်ရှိခွန်အားအရ စိတ်မတည်မငြိမ်ဖြစ်နေသော ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူဖို့ရာ ဆိုသည်ကို အတော်လေးကိုမှ လွယ်ကူလှပေသည်။ သို့သော်ငြား ဤတတိယတပည့်၏ တုံ့ပြန်နိုင်စွမ်းမှာ ရန်ကိုင်ထင်ထားသည်ထက်ကို ကျော်လွန်နေခဲ့သည်။

သို့ရာတွင် သေချာစဉ်းစားကြည့်ပြီးသည့်နောက် ထိုကိစ္စမှာ ထူးဆန်းမနေကြောင်း တွေ့ရှိလိုက်ရလေသည်။ ရှေးဟောင်းကုန်းမြေကြီးထဲ ဤမျှ အချိန်အတော်ကြာအောင် ရှင်သန်နိုင်ဖို့ရာ သူမ၏ခွန်အား ကျိန်းသေ မြင့်မားနေမှ အဆင်ပြေပေလိမ့်မည်။ ထိုသို့မဟုတ်ပါက အစောကြီးကတည်းက ယမမင်းနှင့် ပြေးတွေ့နေရပြီးလောက်ပေပြီ။

စိတ်မနှံ့သည့် အမျိုးသမီး ထွက်ပြေးတော့မည်ကိုမြင်သော် ရန်ကိုင်လည်း တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း အော်ပြောလိုက်လေ၏။ “တတိယတပည့်… စီနီယာပင်းယွင်က နင်ပြန်လာမှာကိုစောင့်နေတယ်… နင် ဘယ်ကို ထွက်ပြေးဖို့ လုပ်နေသေးတာလဲ…”

ရန်ကိုင်လည်း ပင်းယွင်၏နာမည် အကျိုးသက်ရောက်မှုရှိပါစေဟု မျှော်လင့်ရင်း ကံစမ်းကြည့်လိုက်လေသည်။

ပင်းယွင်၏နာမည်ကို ကြားပြီးသည့်နောက်တွင် ထွက်ပြေးရန် ကြံနေသည့် အမျိုးသမီး၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး ရန်ကိုင့်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လာခဲ့လေသည်။ သူမလက်ထဲရှိ စားလက်စအသီးကိုပင်လျှင် သတိမရတော့ချေ။

အကြည့်ချင်းဆုံသွားသည့်အခိုက် အမျိုးသမီး၏မျက်ဝန်းထဲ ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ပင်းယွင်ဟူသော နာမည်သည် သူမအား မှတ်ဉာဏ်အချို့ကို နှိုးဆွလိုက်သည့်ပုံပင်။ သို့သော်ငြား သူမ၏မှတ်ဉာဏ်များကို သေချာစီစစ်သုံးသပ်နိုင်ခြင်းမရှိပေ။ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲရှုပ်ထွေးလှသော မှတ်ဥာဏ်များကို ပြန်စဉ်းစားရင်းမှ သူမ၏မျက်နှာလေး နာကျင်မှုကြောင့် ရှုံ့မဲ့လာလေ၏။

(တတိယတပည့်ဆိုတာ လုံးဝ သေချာသွားပြီ…) ထိုကဲ့သို့ တွေးပြီးသည့်နောက် ရန်ကိုင်က ဆက်၍ ပြောလိုက်လေ၏။ “တတိယတပည့်… စီနီယာပင်းယွင် ပြန်ရောက်နေပြီ… နင့် အကြီးဆုံးစီနီယာအစ်မ၊ ဒုတိယစီနီယာအစ်မနဲ့ ကျန်တဲ့ ဂျူနီယာညီမတွေအကုန်လုံး နင်ပြန်လာမှာကို စောင့်နေကြတယ်… လျှောက်ပြေးမနေတော့နဲ့… နင့်ကို ပြန်ခေါ်သွားပေးမယ်…” ပြောပြီးသည့်နောက် သူ့လက်ကို ဆန့်ထုတ်လိုက်လေ၏။

အမျိုးသမီးမျက်နှာထက်ရှိ လွန်ဆွဲတွေဝေနေသည့် အမူအယာမှာ ပိုပို၍ ပြင်းထန်လာခဲ့လေသည်။ သူမ၏မျက်ဝန်းလေးများမှာလည်း တုန်တုန်ရီရီဖြစ်လာပြီး မျက်ရည်စီးကြောင်းနှစ်ခု ပါးပြင်ပေါ်သို့ အလိုအလျောက် စီးကျလာခဲ့လေ၏။ “ဆရာ… ဆရာ…”

ထိုစကားကိုကြားသော် ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ တတိယတပည့်သည် သူမ၏မှတ်ဉာဏ်အချို့ကို ပြန်မှတ်မိသွားခဲ့လေပြီ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၆၄)

ရန်ကိုင်မှ သံကို ပူတုန်းထုထားရန် ပြင်နေစဉ်မှာပင် တတိယတပည့်သည် သူမ၏ဆံပင်များကို ရုတ်တရက် ထိုးဖွလျက် အော်ငိုတော့လေသည်။ “ဆရာ ဘယ်ရောက်နေတာလဲ… တပည့် ဆရာ့ကို ရှာလို့မတွေ့ဘူး…”

ထို့နောက် ဆံပင်များကို ထိုးဖွလျက်မှ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားလေ၏။

ဝမ်းနည်းကြေကွဲဖွယ် ကောင်းလွန်းလှသော သူမ၏စကားများသည် ကြားလိုက်သည့် မည်သူ့ကိုမဆို မျက်ရည်ဝိုင်းသွားစေနိုင်ပေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ကျန်းရို့ရှီ၏မျက်လုံးလေးများ ရဲတက်လာခဲ့လေ၏။

“ဆရာ…” တတိယတပည့်သည် ထိုကဲ့သို့ ရုတ်တရက် အော်ဟစ်လိုက်ပြီးသည့်နောက် လျှပ်စီးတမျှအမြန်နှုန်းဖြင့် ရှေးဟောင်းကုန်းမြေ၏ အတွင်းပိုင်းထဲသို့ ပြေးဝင်သွားခဲ့လေသည်။

“ငါတို့ သူ့နောက်လိုက်ရမယ်…” ရန်ကိုင်မှာ ဒေါသလည်းထွက်မိသလို ကူကယ်ရာလည်း မဲ့မိရသည်။ သူဒေါသထွက်မိသည်မှာ သူ့ဘက်မှ အမှန်အတိုင်း ပြောပြခဲ့သော်ငြား တတိယတပည့်မှ သူ့အား လျစ်လျူရှုထားသည်ကိုပင်။ ကူကယ်ရာမဲ့ရသည်မှာလည်း တတိယတပည့်၏ လက်ရှိ စိတ်မနှံ့သည့် အခြေအနေသာ ဖြစ်လေသည်။

ထို့အတွက်ကြောင့် သူမအား သတိလစ်အောင် လုပ်နိုင်မည့် အခွင့်အရေးကို ရှာဖို့ရန်အတွက် သူမနောက်သို့ လိုက်သွားရန်သာ ရှိတော့သည်။

သူမနောက်သို့ ပြေးလိုက်နေစဉ် အတောအတွင်း ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားကို ထုတ်သုံးခဲ့ပေသည်။ သို့သော်ငြား အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက် အမျိုးသမီးအား မျက်ခြေပြတ်သွားခဲ့လေ၏။

ယခင်တစ်ကြိမ်ကကဲ့သို့ပင် သူမဘာသာ ပြန်ပေါ်မလာပါက ရန်ကိုင့်အနေဖြင့် သူမအား ရှာတွေ့နိုင်တော့လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား တတိယတပည့်မှာ ရန်ကိုင့်အား အတော်လေး လန့်နေပြီ ဖြစ်သည့်အတွက်ကြောင့် သူမဘာသာ ရန်ကိုင့်ရှေ့တွင် ပြန်ပေါ်လာဖို့ရာ သိပ်မဖြစ်နိုင်လှတော့။ ရန်ကိုင်မှာ ခဏမျှကြာအောင် လိုက်ပတ်ရှာကြည့်ပါသော်ငြား ရှာမတွေ့ခဲ့ပေ။

ထိုစဉ် အဝေးတစ်နေရာဆီမှ တဝုန်းဝုန်းမြည်သံများနှင့် ခြေသံပေါင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်နှင့် ကျန်းရို့ရှီမှ တတိယတပည့်အား လိုက်ဖမ်းသည့်ဖြစ်ရပ်သည် ရှေးဟောင်းကုန်းမြေတွင် နေထိုင်ကြသောသူများကို နိုးနိုးကြားကြား ဖြစ်သွားစေသည့်ပုံပင်။

ရန်ကိုင်လည်း မျက်မှောင်ကြုတ်၍ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးကြည့်လိုက်ရာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ အရှိန်အဝါကို ခံစားမိလိုက်ရလေသည်။ သို့ရာတွင် အရှိန်အဝါပိုင်ရှင်သည် လူသားတစ်ဦး မဟုတ်ခဲ့ပေ။

(မွန်းစတားမျိုးနွယ်စုဝင်လား…)

ခဏအကြာတွင် တောအုပ်ထဲမှ အဖွဲ့တစ်ဖွဲ့ ပေါ်လာခဲ့ပြီး ထိုအဖွဲ့သား တစ်ယောက်ချင်းစီတိုင်းသည် အားကောင်းသည့် မွန်းစတားချီကို ထုတ်လွှတ်နေကြလေ၏။

(ငါထင်ထားတဲ့အတိုင်းပဲ… မွန်းစတားမျိုးနွယ်စုဝင်တွေ ဖြစ်နေတာပဲ)

ထိုအဖွဲ့အား ဦးဆောင်လာသည့်လူမှာ လူထွားကြီးတစ်ဦး ဖြစ်လေသည်။ ထိုလူထွားကြီးသည် ယောက်ျားတစ်ဦး၏ ခြေသလုံးစာမျှ ထူထဲလှသော ငါးမီတာခန့်အရှည်ရှိသည့် အရိုးလှံတစ်ချောင်းကို ကိုင်ဆွဲထားခဲ့သည်။ အချို့သောနေရာများကို ဖုံးကွယ်ထားရန်အတွက် တိရစ္ဆာန်သားရေအချို့ကို ဆင်မြန်းထားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ အဖုဖုအထစ်ထစ် ဖြစ်နေသည့် ကြွက်သားများဖြင့် ပြည့်နေခဲ့လေသည်။ လူထွားကြီး စီးထားသည်မှာကား သံမဏိကျောကုန်းဝက်ဝံသာ ဖြစ်ပေသည်။

လူထွားကြီးမှာ အခြားမဟုတ် မွန်းစတားဗိုလ်ချုပ်တစ်ဦးသာ ဖြစ်သည်။

သူနှင့်အတူ ခွန်အားမတူညီကြသော မွန်းစတားမျိုးနွယ်စုဝင် အယောက်သုံးဆယ်မှ လေးဆယ်ခန့် လိုက်ပါလာလေ၏။

ချက်ချင်းဆိုသလို အကြည့်ပေါင်းစုံတို့သည် ရန်ကိုင့်ဆီသို့ စုပြုံရောက်ရှိလာခဲ့ကြလေသည်။ သို့ရာတွင် အကြည့်အများစုမှာ ကျန်းရို့ရှီပေါ်တွင်သာ ဝဲနေကြလေ၏။ တကယ်တော့ ကျန်းရို့ရှီသည် လှပပြီး သိမ်မွေ့နူးညံ့သော အသားအရေကို ပိုင်ဆိုင်ထားကာ သူမ၏သေးသွယ်လှသော ခန္ဓာကိုယ်လေးသည် ဖိုသဘာဝကို ပိုင်ဆိုင်ထားသူများအတွက် မျက်စိဖမ်းစားဖွယ်ရာတစ်မျိုးပင် မဟုတ်လေလော။

ထိုအချင်းအရာကိုမြင်သည့်အခါ မွန်းစတားမျိုးနွယ်စုထဲတွင် ပါလာသည့် အမျိုးသမီးအဖွဲ့သားများသည် ချက်ချင်းဆိုသလို ကျန်းရို့ရှီအား ရန်စောင်သည့် အကြည့်များဖြင့် စိုက်ကြည့်လာခဲ့ကြလေ၏။

ကျန်းရို့ရှီမှာလည်း မွန်းစတားမျိုးနွယ်စုဝင်များကို စိတ်ဝင်တစားဖြင့် ပြန်ကြည့်နေလေ၏။ သူမဘဝတွင် မွန်းစတားမျိုးနွယ်စုဝင်များကို ယခုမှသာ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည့်အတွက် သူမစိတ်ထဲ အတော်လေးကိုမှ စပ်စုလိုစိတ် ဖြစ်မိသည်။

“လူသား… ဒီဘုရင်ရဲ့ ပိုင်နက်ထဲကို ဝင်လာရဲတဲ့ မင်းသတ္တိကိုတော့ ဒီဘုရင် တကယ်လေးစားသွားပြီ…” သံမဏိကျောကုန်းဝက်ဝံပေါ်တွင် ထိုင်နေသော လူထွားကြီးသည် ရန်ကိုင့်အား သူ့လက်ထဲရှိ လှံဖြင့် ညွှန်ရင်းမှ ပြောလိုက်လေသည်။

ရန်ကိုင့်မှာ မည်ကဲ့သို့ ပြန်ပြောလို့ ပြောရမှန်း မသိခဲ့ချေ။

ရှေးဟောင်းကုန်းမြေထဲတွင် မွန်းစတားသားရဲမျိုးနွယ်စုဝင်များစွာ နေထိုင်ကြောင်း ရန်ကိုင်သိထားပေသည်။ မွန်းစတားသားရဲများသည် မွန်းစတားမျိုးနွယ်စုဝင်များနှင့် မတူညီချေ။ မွန်းစတားသားရဲများမှာ မသိစိတ်အရသာ ရှင်သန်လှုပ်ရှားနေကြသည့် သားရဲများ ဖြစ်ကြသည်။ ထိုမွန်းစတားသားရဲများ၏ သက်တမ်းမှာ အတော်လေးကိုမှ ရှည်လျားလှပါသော်ငြား သူတို့အဖို့ တစ်ဆင့်တစ်ဆင့် တက်ရန် အတော်လေးကိုမှ ခက်ခဲလှပေသည်။

မွန်းစတားမျိုးနွယ်စုဝင်များမှာတော့ ထိုကဲ့သို့မဟုတ်။ ကိုယ်ပိုင်အသိဉာဏ်ကို ပိုင်ဆိုင်ထားကြပြီး မည်ကဲ့သို့ ကျင့်ကြံရမည်ကိုလည်း သိထားကြပေသည်။ အချို့ဆိုလျှင် လျှို့ဝှက်ကျင့်စဉ်၊ သိုင်းပညာရပ်များကိုပင်လျှင် ကျင့်ကြံနိုင်ကြပေသည်။

ရှေးဟောင်းကုန်းမြေကြီးထဲတွင် ရှိကြသည့် မွန်စတားသားရဲများ၊ ကမ္ဘာဦးမျိုးစိတ်များ၊ မွန်းစတားမျိုးနွယ်စုဝင်များ အစရှိသည့် အမျိုးမျိုးသော မျိုးနွယ်စုများအနက် မွန်းစတားမျိုးနွယ်စုဝင်များမှာ အားအကောင်းဆုံး ဖြစ်ကြသည်။ ကမ္ဘာဦးမျိုးနွယ်ဝင်များမှာမူ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေကြသည့် မျိုးနွယ်များ ဖြစ်ကြပြီး အရေအတွက် အလွန်နည်းကြသည်။ သို့သော်ငြား သူတို့၏ ရှေးကျသော သွေးမျိုးဆက်ကြောင့် အလွန်တရာကိုမှ အားကောင်းကြပေသည်။

ရန်ကိုင်သည် ထိုအကြောင်းအရာများကို ပီစန်းမှ ပေးခဲ့သော ကျောက်စိမ်းပြားမှတစ်ဆင့် သိခဲ့ရခြင်း ဖြစ်သည်။ ကျောက်စိမ်းပြားထဲတွင် ရှေးဟောင်းကုန်းမြေထဲတွင် နေထိုင်ကြသည့် သက်ရှိများအကြောင်းကို ရှင်းပြထားပါသော်ငြား အသေးစိတ်တော့ ရှင်းပြမထားခဲ့ပေ။

“သတ်… သတ်… သတ်…” မွန်းစတားမျိုးနွယ်စုဝင်များသည် ရုတ်တရက် စတင် အော်ဟစ်ကြတော့၏။

“ဒီဘုရင် မင်းကို မေးစရာရှိတယ်…” သံမဏိကျောကုန်းဝက်ဝံပေါ်တွင် ထိုင်နေသော မွန်းစတားဗိုလ်ချုပ်ကြီးသည် ရန်ကိုင်အား အရိုးလှံဖြင့် ချိန်ရွယ်လျက် မေးလိုက်၏ “အရူးမတစ်ယောက်ကို တွေ့မိသေးလား…”

(သူ တတိယတပည့်ကို ပြောနေတာလား…)

ရန်ကိုင်မှာ ဤမွန်းစတားမျိုးနွယ်စုဝင်များနှင့် အလုပ်ရှုပ်မခံချင်ပါသော်ငြား တစ်ဖက်လူသည် ပင်းယွင်၏ တတိယတပည့်အကြောင်း သိနေသည်ကိုမြင်သော် ချက်ချင်း ပြန်မေးလိုက်လေသည်။ “ခင်ဗျား သူ့ကို တွေ့ဖူးတာလား…”

ရန်ကိုင့်၏အမေးကိုကြားသော် မွန်းစတားဗိုလ်ချုပ် ဒေါသူပုန်ထသွားခဲ့ပြီး ချက်ချင်း ထအော်လေ၏။ “ဒီဘုရင် မင်းကို မေးနေတာကွ… မင်းက ဖြေရမှာ… ပြန်မေးရမှာမဟုတ်ဘူး… နောင်တမရချင်ရင် မေးတာကိုဖြေလိုက်… မဟုတ်ရင် ဒီဘုရင်ဘယ်လောက်ကြောက်ဖို့ကောင်းလဲ မင်းသိသွားလိမ့်မယ်နော်…”

ရန်ကိုင်ကမူ ပြုံးဖြီးဖြီးဖြင့်သာ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆို သိအောင် လုပ်ပေးပါလား…”

ထိုစကားကိုကြားသော် မွန်းစတားဗိုလ်ချုပ်က ပြန်၍လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “မင်းက ဒီလောက်သေချင်နေမှတော့လည်း ဒီဘုရင်ကို မညှာတာလို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ…” ထိုသို့ပြောပြီးသည့်နောက် သူ့လက်ကိုဝှေ့ယမ်း၍ သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်လေ၏။ “အဲ့ကောင်ကိုသတ်ပစ်လိုက်… အမျိုးသမီးကို ဖမ်းလာခဲ့…”

မွန်းစတားဗိုလ်ချုပ်မှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်အောက်ငယ်သားများသည် မွန်းစတားချီကိုထုတ်လွှတ်လျက် ရန်ကိုင်ဆီသို့ တဟုန်ထိုးပြေးဝင်လာကုန်ကြလေသည်။

(ဘယ်လိုကောင်တွေလဲဟ…) ရန်ကိုင် ကြောင်သွားခဲ့သည်။ မွန်းစတားမျိုးနွယ်စုဝင်များမှာ အတော်လေးကိုမှ ရိုးသားကြသည့်လူများမှန်း ရန်ကိုင်သိလေသည်။ သို့သော်ငြား ဤမျှတုံးလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ ထိုကောင်များသည် သူတို့ရန်သူ၏ ခွန်အားကိုပင်လျှင် စစ်ဆေးမနေခဲ့ဘဲ တစ်ဖက်လူကိုမြင်သည်နှင့် ချက်ချင်း ပြေးဝင်တိုက်ခိုက်ကြတော့သည်။

(ဒီကောင်တွေကို ကြည့်ရတာ ဒီပုံစံနဲ့ ရှေးဟောင်းကုန်းမြေထဲမှာ အသက်ရှင်ဖို့ တော်တော်လေးခက်ခဲမှာပဲ…)

ဤသို့ဖြစ်ရခြင်းမှာလည်း ဤရှေးဟောင်းတောအုပ်ထဲတွင် ရှိနေသည့် အရိုင်းစွမ်းအားကြောင့်လည်း ပါပေသည်။ အရိုင်းစွမ်းအားသည် ဤနေရာသို့ ဝင်လာသည့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းကို ဖိနှိပ်ပစ်နိုင်ပေသည်။ ထို့အတွက်ကြောင့် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ဤမွန်းစတားသားရဲများ၏လက်၌ အသက်ဆုံးရှုံးခဲ့ရပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မွန်းစတားသားရဲများမှာ သူတို့ကိုယ်သူတို့ ပို၍ ယုံကြည်ချက်ရှိလာကာ ဧကရာဇ်အဆင့် ပညာရှင်များကိုပင်လျှင် မကြောက်တော့ခြင်း ဖြစ်ကြလေ၏။

ရန်ကိုင့်ဆီသို့ ပြေးဝင်လာနေကြသည့် မွန်းစတားမျိုးနွယ်စုဝင်များသည် လမ်းတစ်ဝက်သို့ အရောက်တွင် အစစ်အမှန်မွန်းစတားသားရဲအသွင်သို့ ပြောင်းလိုက်ကြလေသည်။ ချက်ချင်းဆိုသလို ရန်ကိုင့်ရှေ့၌ အရွယ်အစား ပုံသဏ္ဍာန်အမျိုးမျိုးရှိကြသော မွန်းစတားသားရဲများ ထွက်ပေါ်လာကြလေ၏။

မွန်းစတားဗိုလ်ချုပ်ကြီးကမူ ဝက်ဝံပေါ်တွင် အငြိမ့်သားထိုင်လျက် အေးစက်စက်အမူအယာဖြင့် စောင့်ကြည့်နေလေ၏။

ဧရာမစပါးအုံးကြီးတစ်ကောင်သည် ၎င်း၏အဆိပ်မြူများကို မှုတ်ထုတ်လိုက်လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏ ပတ်ဝန်းကျင်တစ်ခုလုံးကို အဆိပ်မြူခိုးများမှ လွှမ်းခြုံသွားလေ၏။ ထိုအဆိပ်မြူခိုးများကြားမှ ဝံပုလွေတစ်ကောင် ခုန်ထွက်လာပြီး ရန်ကိုင့်အား အလစ်အငိုက်ချောင်း တိုက်ခိုက်လေသည်။

“ထန်…” ဟူသောအသံနှင့်အတူ ရန်ကိုင်သည် မူလရပ်နေသည့်နေရာတွင်သာ ဆက်၍ ရပ်နေခဲ့လေသည်။ သို့သော်ငြား သူ့လက်ထဲတွင်တော့ မည်သည့်အချိန်ကတည်းမှန်းမသိ ပေါ်လာသည့် အနန္တဓါး ရှိနေခဲ့သည်။

ရန်ကိုင့်အား ခုန်အုပ်လာသည့် ဝံပုလွေကြီးမှာမူ အဝေးတစ်နေရာသို့ လွင့်စင်ထွက်သွားကာ အသက်တငင်ငင် ဖြစ်သွားလေသည်။

ခဏအကြာတွင် ဝံပုလွေ၏လည်ပင်း ပြတ်ထွက်သွားခဲ့ပြီး လည်ပင်းမှ သွေးများ ရေတံခွန်အလား ပန်းထွက်လာလေ၏။

ဝံပုလွေသည် အဆင့်ဆယ့်တစ် မွန်းစတားသားရဲတစ်ကောင်သာ ဖြစ်လေသည်။ အဆိပ်မြူခိုး၏ အကာအကွယ်ကိုယူ၍ ရန်ကိုင်အား အလစ်ချောင်းကာ တိုက်ခိုက်သည့်တိုင် ဧကရာဇ်အဆင့်သို့ ရောက်နေသော ရန်ကိုင်၏ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါမည်နည်း။ ရန်ကိုင်အား မထိခိုက်စေနိုင်ခဲ့ရုံသာမက သူကိုယ်တိုင်သည်ပင်လျှင် ရန်ကိုင်၏ တိုက်ကွက်ကြောင့် လောကကြီးအား လက်ပြနှုတ်ဆက်သွားခဲ့ရသည်။

“ရွှစ်… ရွှစ်… ရွှစ်…”

အခြားသော မွန်းစတားသားရဲများသည်လည်း အဆိပ်မြူခိုး၏ အကာအကွယ်ကိုယူ၍ ရန်ကိုင့်အား ဘက်ပေါင်းစုံမှ တိုက်ခိုက်လာကြသည်။

ရန်ကိုင်သည် ဓါးအလင်းတန်းများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေခဲ့လေသည်။

တရွှစ်ရွှစ်မြည်သံများနှင့်အတူ ရန်ကိုင့်အား လာရောက်တိုက်ခိုက်ကြသည့် မွန်းစတားသားရဲအားလုံး နှစ်ပိုင်းပြတ်ထွက်ကုန်ကြကာ ပတ်ဝန်းကျင်တစ်ခုလုံး သွေးချင်းနီသွားတော့လေသည်။

ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် လက်ကျန်မွန်းစတားသားရဲများမှာ တိတ်ဆိတ်သွားကုန်ကြပြီး လမ်းတစ်ဝက်တွင်ပင်လျှင် ရပ်တန့်သွားကုန်ကြလေသည်။ မည်သူမျှ ရန်ကိုင့်ဆီသို့ ဆက်မတိုးလာရဲကြတော့။ အကုန်လုံးသည် ရန်ကိုင့်အား အကြောက်ကြီး ကြောက်နေခဲ့ကြလေပြီ။

တောက်… တောက်… တောက်…

အနန္တဓါးဖျားထိပ်မှ သွေးစက်များသည် မြေပြင်ပေါ်သို့ တစ်စက်ချင်း တစ်စက်ချင်း ကျနေခဲ့သည်။ ထိုသွေးစက်တစ်စက်ကျသွားတိုင်း မွန်းစတားမျိုးနွယ်စုဝင်များမှာ သူတို့၏ရင်အစုံကို ဆယ်ပေါင်တူကြီးဖြင့် ထုနှက်လိုက်သည့်နှယ် ခံစားလိုက်ကြရလေသည်။ ယခုမှသာလျှင် ရန်ကိုင်သည် သူတို့ရင်ဆိုင်ခဲ့ရဖူးသည့် လူသားများနှင့် မတူညီကြောင်းကို ထိုမွန်းစတားသားရဲများ နားလည်သွားကြတော့သည်။

“ခွေးကောင်လေး… မင်း ငါ့လူတွေကို သတ်ရဲတယ်ပေါ့ ဟုတ်လား… ယမမင်းနဲ့တွေ့ဖို့ ပြင်ထားပေတော့…” သံမဏိကျောကုန်းဝက်ဝံပေါ်တွင် အငြိမ်သားဖြင့် ပွဲထိုင်ကြည့်နေသော မွန်းစတားဗိုလ်ချုပ်ကြီးသည် သူ့လူများစွာအား ရန်ကိုင်မှ မျက်တောင်တစ်ခတ်အတွင်း ရှင်းပစ်လိုက်သည်ကိုမြင်သော် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ဒေါမာန်တကြီးဖြင့် ဝက်ဝံကိုစီးရင်းမှ ရန်ကိုင့်ဆီသို့ ဒုန်ဆိုင်းပြေးဝင်လာလေ၏။

ဝက်ဝံမှာ အကောင်ကြီးသည့်တိုင် အလွန်တရာကိုမှ မြန်ဆန်လှပေသည်။ မွန်းစတားဗိုလ်ချုပ် လှုပ်ရှားလာသည်နှင့် တစ်ပြိုင်နက် သူ့လက်အောက်ငယ်သားများသည် ရန်ကိုင်အား မတိုက်ခိုက်ကြတော့ဘဲ ကျန်းရို့ရှီဆီသို့ ပြေးဝင်သွားကြလေ၏။

ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လျက် သူ့လက်ညှိုးနှင့် လက်ခလယ်ကို ဓါးသွားတစ်လျှောက် ပွတ်သပ်ချကာ ရေရွတ်လိုက်လေ၏။ “အနန္တဓါးချက်…”

“ရွှစ်… ရွှစ်…”

ချက်ချင်းဆိုသလို ထောင်နှင့်ချီသော ဓါးချီလှိုင်းများ ထွက်ပေါ်လာခဲ့ပြီး သွေးများသည် ဘေးဘီဝဲယာသို့ ရေပန်းအလား ဖြာထွက်သွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၆၅)

မွန်းစတားမျိုးနွယ်စုဝင်များမှာ နာကျင်စွာအော်ဟစ်လျက် တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်နေကြလေသည်။ သွေးများ ရေပန်းသဖွယ် ပန်းထွက်လာခဲ့ကာ အလောင်အစိတ်အပိုင်းများမှာလည်း နေရာအနှံ့ ပြန့်ကျဲနေလေ၏။

ထိုကဲ့သို့တိုက်ခိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ရပ်နေရာမှ အဆန်းတကြယ် ပျောက်ကွယ်သွားခဲ့လေသည်။

“ရွှစ်…”

ရန်ကိုင်သည် သူ့ဆီသို့ ပြေးဝင်လာနေသော မွန်းစတားဗိုလ်ချုပ်ရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာကာ အနန္တဓါးဖြင့် ခုတ်ချလိုက်သည်။

မွန်းစတားဗိုလ်ချုပ်မှာ ဤမျှကြောက်မက်ဖွယ်ရာကောင်းလှသည့် လူသားတစ်ဦးကို တစ်ခါမျှ မမြင်ဖူးချေ။ သူ့လက်အောက်ငယ်သားများ တဖုန်းဖုန်း တဒိုင်းဒိုင်း သေနေသည်ကိုမြင်သော် သူ့အတွက်လည်း အခြေအနေမဟန်တော့မှန်း သိလိုက်သည်။ ဤလူသားသည် သူမြင်ခဲ့ဖူးသော လူသားများနှင့် လုံးဝမတူ။ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။

ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရသည့်အခါ မွန်းစတားဗိုလ်ချုပ်မှာ ကြောက်လည်းကြောက်မိသွားသလို ဒေါသလည်း ထွက်မိသွားခဲ့လေသည်။

သို့ရာတွင် သူ့တုံ့ပြန်မှုမှာလည်း မနှေးလှ၊ သူ့လက်ထဲရှိ အရိုးလှံဆီမှ လှံပုံရိပ်ပေါင်းများစွာ ထွက်ပေါ်လာပြီး ရန်ကိုင့်ဆီသို့ တိုးဝင်သွားလေ၏။ ရန်ကိုင်သည်လည်း အနန္တဓါးအား အလားတူ ဝှေ့ယမ်းချလိုက်လေသည်။ ဧကရာဇ်ချီ၏ အားဖြည့်ထားပေးမှုကြောင့် အနန္တဓါးမှာ အလွန်တရာကိုမှ ထက်ရှလာရကား၊ ဓါးနှင့်လှံ တွေ့သွားသည့် အကြိမ်တိုင်း၌ လှံမှာ တစ်စတစ်စ ပဲ့ကြွေခဲ့ရကာ နောက်ဆုံးတွင် လှံရိုးတစ်ဝက်လောက်သာ ကျန်ရစ်ရတော့သည်။

“ဟမ်…” မွန်းစတားဗိုလ်ချုပ်၏မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့ရသည်။ ရန်ကိုင်နှင့် တိုက်ခိုက်နေစဉ် အချိန်တိုအတောအတွင်း ငရဲတံခါးသို့ မည်မျှပင် သွားခဲ့ရသလဲ ဆိုသည်ကို သူသာ အသိဆုံးပင်။

ယခင်က လူသားကျင့်ကြံသူများနှင့် မတိုက်ခိုက်ဖူးသည်မဟုတ်၊ တိုက်ခိုက်ဖူး၏။ သို့သော်ငြား သူ့အား ပြန်၍ပင် မတိုက်ခိုက်နိုင်သည်အထိ ဖိနှိပ်ထားနိုင်သည့် လူသားကျင့်ကြံသူတစ်ဦးကိုမူ တစ်ခါမှပင် မတွေ့ခဲ့ရဖူးချေ။ လူသားကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ သူ့ထက်ပိုမြင့်မားမည်ဆိုလျှင်ပင် ဤရှေးဟောင်းကုန်းမြေထဲရှိ အရိုင်းစွမ်းအား၏ ဖိနှိပ်မှုကြောင့် ထိုလူသားကျင့်ကြံသူများ၏ စွမ်းအားမှာ ရှိသင့်သည်ထက်ပို၍ လျော့နည်းနေကြရသည်။ ထို့အတွက်ကြောင့်ပင်လျှင် မွန်းစတားဗိုလ်ချုပ်သည် ကျင့်ကြံသူပေါင်းများစွာကို သတ်ဖြတ်ပစ်နိုင်ခဲ့ကာ အကျိုးအမြတ်များစွာ ရခဲ့ရလေသည်။ ယခုတစ်ကြိမ်တွင်လည်း ထိုကဲ့သို့ဖြစ်မည်ဟုသာ ထင်ထားခဲ့သည်။ သို့သော်ငြား မှန်းချက်နှင့် နှမ်းထွက် လွဲခဲ့ရကာ သံမဏိပြားကိုမှ သွားကန်မိခဲ့သည်။ အခန့်မသင့်ပါက သူ့ခြေထောက်နာရုံသာလျှင်မဟုတ်၊ အသက်ကိုပါ ဆုံးရှုံးလိုက်ရနိုင်ပေ၏။

ရန်ကိုင်မှ အနန္တဓါးအား နောက်တစ်ကြိမ် ဝှေ့ယမ်းလာသည်ကို မြင်သော် မွန်းစတားဗိုလ်ချုပ် ကြောက်ကြောက်လန့်လန့် ဖြစ်သွားပြီး အရိုးလှံကို သူ့ရှေ့တွင် ကမန်းကတန်း ကောက်ကာချလိုက်လေသည်။

“ဘုန်း…”

အလွန်ပြင်းထန်သည့် အားတစ်ရပ် သူ့အား လာရောက်ထိမှန်၏။ အရိုးလှံ နှစ်ပိုင်းပြတ်ထွက်သွားကာ ထက်ရှသည့် ဓါးချီလှိုင်းများသည် မွန်းစတားဗိုလ်ချုပ်ဆီသို့ ဆက်လက် တိုးဝင်သွားလေသည်။

ရန်ကိုင်၏ တိုက်ကွက်ထဲတွင် ပါဝင်သော အားအင်ကြောင့် မွန်းစတားဗိုလ်ချုပ် စီးနင်းလာသည့် သံမဏိကျောကုန်းဝက်ဝံကြီးမှာလည်း မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့လေသည်။ ထိုအဖြစ်အပျက်ကြောင့် သံမဏိကျောကုန်းဝက်ဝံမှာ ဒေါသူပုန်ထသွားခဲ့ရာ ၎င်းကိုယ်ပေါ်ရှိ အမွှေးများမှာ သံမဏိချောင်းများနှယ် ထောင်တက်လာကုန်လေသည်။ ထို့နောက်တွင် ထိုအမွှေးများသည် ထက်ရှသည့် ဆူးချွန်များအလား ရန်ကိုင့်ဆီသို့ တိုးဝင်လာကုန်ကြလေ၏။

ရန်ကိုင်မှာမူ ထိုသံမဏိဆူးချွန်များကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ ကူးကလန်ခတ် ရှောင်ရှားလိုက်လေသည်။ ရှောင်၍ မရသည့် ဆူးချွန်များကိုမူ ဓါးဖြင့် ရိုက်ထုတ်လေ၏။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် သံမဏိကျောကုန်းဝက်ဝံသည် ရန်ကိုင်၏ အနီးမှ ခပ်ခွာခွာသို့ ခုန်ဆုတ်သွားလေသည်။

မှင်တက်နေရာမှ အသိပြန်ဝင်လာသော မွန်းစတားဗိုလ်ချုပ်သည် စိတ်သက်သာရာ ရသွားဟန်ဖြင့် ရင်ဘတ်ကိုပုတ်လျက် အော်ဟစ်ရယ်မောလိုက်လေ၏။ “ငါမသေဘူးကွ… ဟား ဟား ဟား… ငါမသေဘူးကွ…”

သူ့ကိုယ်သူ သေသွားပြီဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် သေကံမရောက်၊ အသက်မပျောက်ခဲ့ရပေ။

သို့ရာတွင် ရန်ကိုင့်၏ခွန်အားကို သိသွားပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်နှင့် ထပ်၍ မတိုက်ခိုက်ရဲတော့ချေ။ သေဘေးမှ လွတ်လာသည်နှင့်တစ်ပြိုင်နက် သံမဏိကျောကုန်းဝက်ဝံကို မောင်းနှင်၍ ရန်ကိုင်ရှိနေသည့်နေရာမှ အမြီးကုပ်ကာ ထွက်ပြေးတော့လေသည်။

သူ့လက်အောက်ငယ်သားများ၏ အသက်ကိုပင်လျှင် ဂရုမစိုက်နိုင်တော့။ သူအသက်ရှင်ဖို့သည်သာ အရေးကြီးဆုံးဖြစ်လေသည်။

သို့သော်ငြား မွန်းစတားဗိုလ်ချုပ်မှ ပြေးရန် ပြင်လိုက်စဉ်မှာပင် ရန်ကိုင်သည် သူ့ရှေ့တွင် ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့လေသည်။ လက်အား ကျောနောက်ပစ်ထားရင်းမှ ရန်ကိုင်က ပြောလိုက်လေ၏ “မင်း အသက်ရှင်နေတာက ငါ့အတွက် အသုံးဝင်နေသေးလို့ပဲ… မင်းခွန်အားကြောင့် အသက်ရှင်နေတယ် ထင်နေတာလား”

ထိုသို့ပြောပြီးသည့်နောက် အနန္တဓါးအား နောက်တစ်ကြိမ် ဝှေ့ယမ်းချလိုက်သည်။

ယခုတစ်ကြိမ်ဓါးချက်ကိုတော့ သံမဏိကျောကုန်းဝက်ဝံ မရှောင်နိုင်တော့ချေ။ ဓါးချက်အောက်တွင် သံမဏိကျောကုန်းဝက်ဝံသည် နာကျင်စွာ အော်မြည်ရင်း နှစ်ပိုင်း ပြတ်ထွက်သွားလေသည်။

သံမဏိကျောကုန်းဝက်ဝံပေါ်တွင် ရှိနေသော မွန်းစတားဗိုလ်ချုပ်မှာမူ ရန်ကိုင့်၏ ဓါးလှိုင်းကြောင့် လွင့်စင်ထွက်သွားခဲ့လေရာ သစ်ပင်များ တစ်ပင်ပြီးတစ်ပင်ကို ဝင်ဆောင့်ပြီး နောက်ဆုံး သစ်ပင်အကြီးကြီးတစ်ပင်နှင့် ဆောင့်ပြီးမှသာ ရပ်တန့်သွားခဲ့လေသည်။ တော်တော်ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသည့်အလား အမောတကော အသက်ရှူနေခဲ့ကာ အချိန်အတော်ကြာသည်အထိတိုင် ပြန်ထမလာနိုင်ခဲ့ချေ။

ရွှမ်…

ချက်ချင်းဆိုသလို မွန်းစတားဗိုလ်ချုပ်၏ နဖူးထက် ဓါးသွားထိပ်တစ်ခု ရောက်ရှိလာခဲ့သည်။ အထိတ်ထိတ်အလန့်လန့်ဖြင့် ဦးမော့ကြည့်လိုက်ရာ ရန်ကိုင်သည် သူ့ရှေ့တွင် ရပ်၍ သူ့နဖူးတည့်တည့်အား ဓါးဖြင့် ချိန်ရွယ်ထားကြောင်း တွေ့လိုက်ရလေသည်။

ရန်ကိုင်အမှန်ကိုပြောနေခြင်းဖြစ်မှန်း မွန်းစတားဗိုလ်ချုပ်လည်း နားလည်သွားတော့သည်။ သူမသေရခြင်းမှာ သူ့ခွန်အားကြောင့်မဟုတ်၊ ရန်ကိုင်မှ သူ့အား အသက်ရှင်လျက် ထားပေးခဲ့သည့် အတွက်ကြောင့်သာ ဖြစ်သည်။ ရန်ကိုင်သာ သတ်ချင်သည်ဆိုပါက မွန်းစတားဗိုလ်ချုပ်အနေဖြင့် ဆယ်ခါပြန် သေနေလောက်ပေပြီ။

ဂလု…

မွန်းစတားဗိုလ်ချုပ်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် တံတွေးတစ်လုပ် မျိုချမိလိုက်သည်။ ထို့နောက် အားတင်းပြုံးလျက် စတင်၍ အသနားခံတော့လေ၏ “ကျုပ်ကိုချမ်းသာပေးပါဆရာရယ်… ကျုပ်ကို ချမ်းသာပေးပါ…”

“မင်း သေချင်လား အသက်ရှင်ချင်လား…” ရန်ကိုင်သည် အနန္တဓါးထဲသို့ ဧကရာဇ်ချီ အနည်းငယ်ထည့်သွင်းရင်းမှ အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ ရန်ကိုင့်၏ဓါးချီကြောင့် မွန်းစတားဗိုလ်ချုပ်၏နဖူး ကွဲထွက်သွားခဲ့ပြီး သွေးများ စီးကျလာခဲ့ရ၏။

ထိုအဖြစ်အပျက်ကြောင့် မွန်းစတားဗိုလ်ချုပ်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ထအော်ပါတော့သည် “အသက်ရှင်ချင်ပါတယ်… ကျုပ် အသက်ရှင်ချင်ပါတယ် ဆရာ…”

“အသက်ရှင်ချင်တယ်ဆိုလို့ရှိရင် ငါမေးတာကိုဖြေ… လိမ်ရဲတယ်ဆိုရင်တော့ မနက်ဖြန် နေထွက်တာကို မမြင်ရတော့ဘူးမှတ်...”

“ပြောပါဆရာ… ပြောပါဆရာ…” မွန်းစတားဗိုလ်ချုပ်မှာ တစ်ချက်ကလေးမျှပင် မလှုပ်ရဲခဲ့။ ကြက်အစာကောက်နေသည့်နှယ် ခေါင်းကိုသာ အဆက်မပြတ် ညိတ်နေခဲ့သည်။

ရန်ကိုင်က အေးစက်စက် မျက်နှာထားဖြင့် မေးလိုက်လေသည်။ “ခုနတုန်းက ရူးနေတဲ့အမျိုးသမီးလို့ ပြောလိုက်တယ်နော်… မင်း သူ့ကို မြင်ဖူးလား…”

ဤကဲ့သို့ဖြစ်ရခြင်းမှာ သူ၏ ကျက်သတုံးပါးစပ်ကြောင့်မှန်း ချက်ချင်း နားလည်သွားတော့သည်။ ဤလူသားသည် ထိုရူးနေသည့် အမျိုးသမီးနှင့် ပတ်သက်နေလောက်သည်။ မွန်းစတားဗိုလ်ချုပ်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် တံတွေးတစ်လုပ်မျိုချရင်းမှ အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်လေသည်။ “ကျုပ်… ဆ… ဆ… ဆရာ့ကို မေးခွန်းတစ်ခုလောက်မေးပါရစေ… အဲ့အမျိုးသမီးက ဆရာ့ရဲ့…”

“ဟမ်…” ရန်ကိုင်သည် မွန်းစတားဗိုလ်ချုပ်အား အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ပြန်ပြောလိုက်လေ၏။ “ငါက မေးနေတာနော်… ငါ့ကို လာပြန်မမေးနဲ့… ငါမေးတာကိုပဲဖြေ…”

“ဟုတ်ကဲ့… ဟုတ်ကဲ့… ဟုတ်ကဲ့ပါ ဆရာ…” မွန်းစတားဗိုလ်ချုပ်က တုန်တုန်ရီရီဖြင့် ပြန်၍ ပြောလိုက်၏ “ကျုပ် သူ့ကို မြင်ဖူးပါတယ်… မြင်ဖူးရုံတင်မဟုတ်ပါဘူး… သူနဲ့ တစ်ကြိမ်မကလည်း တိုက်ခိုက်ခဲ့ဖူးပါတယ်…”

“ဘာတွေဖြစ်ခဲ့တာလဲ… ငါ့ကို အသေးစိတ် ရှင်းပြစမ်း…”

ရုတ်တရက်ဆိုသလို မွန်းစတားဗိုလ်ချုပ်က ယူကျုံးမရဖြစ်နေသည့် အမူအယာဖြင့် ရှင်းပြလိုက်လေသည်။ “ကျေးဇူးပြုပြီး နားလည်ပေးပါဆရာရယ်… အဲ့ရူးနေတဲ့အမျိုးသမီးက အဟွတ်… အဟွတ်… အဟွတ်…” အမျိုးသမီးနှင့် ရန်ကိုင့်ကြားရှိ ဆက်ဆံရေးကို မသိသေးသည့်အတွက်ကြောင့် မွန်းစတားဗိုလ်ချုပ်မှာ အမျိုးသမီးအား မဆင်မခြင် မခေါ်ရဲ့ခဲ့ပေ။ သို့သော်ငြား သူ့ဘက်မှ စကားပြောနေစဉ်အတောအတွင်း ရန်ကိုင့်၏ မျက်နှာရိပ်မျက်နှာထားကို သေသေချာချာ စောင့်ကြည့်နေလေသည်။ ရန်ကိုင့်မျက်နှာ သုန်သုန်မှုန်မှုန်ဖြစ်နေသည်ကို မြင်သော် ချက်ချင်းပဲ စကားအသုံးအနှုန်းကို ပြန်ပြင်လိုက်လေသည်။ “အဲ့အမျိုးသမီးက ကျုပ်ကို တော်တော် ဒုက္ခပေးခဲ့တာပါ… ကျုပ် အဆင့်တက်ရင် သုံးဖို့ဆိုပြီးတော့ နှစ်တစ်ထောင်လောက်ကြာအောင် စိုက်ပျိုးထားတဲ့ ကောင်းကင်ကြယ်သစ်သီးတွေကို တစ်လုံးပြီးတစ်လုံး လာလာခိုးသွားပါတယ်… နှစ်ဝက်အတွင်း သူခိုးသွားတာ ငါးလုံးတောင်ပါဆရာ… နောက်ဆုံး အသီးတွေ မကျန်လည်းမကျန်ရော အပင်ကိုပါ အမြစ်ကနေ ဆွဲနှုတ်သွားခဲ့ပါတယ်ဆရာရယ်… အဲ့ဒါတင်မဟုတ်သေးပါဘူး… လူအိုကြီးညိုရဲ့ လိပ်မြွေမြက်တွေကိုလည်း ခူးသွားပါသေးတယ်… ပြီးတော့…”

“လူအိုကြီးညိုဆိုတာ ဘယ်သူလဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။

မွန်းစတားဗိုလ်ချုပ်က အလျင်စလို ပြန်ရှင်းပြလိုက်လေ၏။ “ညိုချွမ်းဆိုတာက ကျုပ်လိုပဲ မွန်းစတားဘုရင်ယင်ဖေးရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ မွန်းစတားဗိုလ်ချုပ်တစ်ယောက်ပါ… သူက ကျုပ်ရဲ့ဘေးချင်းကပ်ရပ်မှာ နေတာပါ…”

“ဆက်ပြော…” ရန်ကိုင်သည် မွန်းစတားဗိုလ်ချုပ်အား ဓါးထောက်ရင်းမှ ဆက်မေးလိုက်လေသည်။

“ဟဲယရဲ့ အသွင်ဆယ်မျိုးအသီး၊ တုရွေရဲ့ သွေးသက်တန့်ရေတံခွန်ပန်းနဲ့ ကျွေဖုန်းရဲ့ တော်ဝင်သစ်သားခြောက်တွေအကုန်လုံးကို သူချည်းပဲ သမသွားတာပါဆရာ… ဒါတောင် ကျုပ်သိတဲ့လူတွေဆီကပဲ ရှိပါသေးတယ်… ကျုပ်မသိတဲ့လူတွေဆီကလည်း ဘယ်လောက်တောင်ယူထားသေးလဲဆိုတာကိုလည်း မသိရသေးပါဘူး… သူက ဒီနယ်မြေကြောတစ်ဝိုက်မှာ လျှောက်သွားပြီး ကျုပ်တို့ရောင်းရင်းတွေ အမြတ်တနိုးနဲ့ စိုက်ပျိုးထားရတဲ့ အဖိုးတန်ရတနာတွေကို လိုက်ခိုးယူနေတာပါ… မွန်းစတားဘုရင်ယင်ဖေးဆိုလို့ရှိရင် ဒီအကြောင်းကိုကြားတုန်းက အဲ့လိုရူးနေတဲ့ အမျိုးသမီးတစ်ယောက်ကိုတောင် မဖမ်းနိုင်ဘူးလားဆိုပြီး ကျုပ်တို့တွေကိုတောင် အပြစ်တင်လိုက်ပါသေးတယ်… အခုတော့ ဒီအမျိုးသမီးကို နှစ်ဝက်အတွင်း ဖမ်းလာဖို့ ကျုပ်တို့ကို အမိန့်ပေးထားပါတယ်… အဲ့ဒါမှ အခြားမွန်းစတားဘုရင်တွေရဲ့ ရှေ့မှာ သူမျက်နှာမပျက်ရမှာမို့လို့ပါ…”

ရန်ကိုင် ကြောင်သွားတော့လေသည်။

ဟဲယ၊ တုရွေ၊ ကျွေဖုန်းတို့ကို သူမသိချေ။ သို့သော်ငြား ထိုလူများသည် သူ့ရှေ့တွင် ရှိနေသည့် လူကဲ့သို့ပင် မွန်းစတားဗိုလ်ချုပ်တစ်ဦး ဖြစ်ရမည်မှန်းတော့ သူသိထားပေသည်။ ထိုလူများ စိုက်ပျိုးထားသည့် အဖိုးတန်ရတနာအားလုံးကို တတိယတပည့်မှ ဓါးပြတိုက်လုယူသွားခဲ့လေသည်။ သို့သော်ငြား ဤကိစ္စမှာ ထူးတော့မထူးဆန်းလှ။ တတိယတပည့်သည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေသေးသည် မဟုတ်ပေလော။ ရှေးဟောင်းကုန်းမြေတစ်ခုလုံးသည် အန္တရာယ်များဖြင့် ပြည့်နေသည့်တိုင် အခွင့်အလမ်းများဖြင့် ပြည့်နေသည်ဆိုလျှင်လည်း မမှားပေ။ ထို့အတွက်ကြောင့် ထိုရတနာအားလုံးကို လုယူပြီးသည့်နောက် သူမ၏ကျင့်ကြံခြင်းမှာ ကျိန်းသေ တိုးတက်လာရပေလိမ့်မည်။ ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင် ဒေါသထွက်ရမည့်အစား ရယ်ချင်ပတ်ကျိပင် ဖြစ်သွားခဲ့လေသည်။

ရှေးဟောင်းကုန်းမြေတစ်ခုလုံးသည် မည်ကဲ့သို့များ တတိယတပည့်၏ နောက်ဖေးခြံဝန်းကဲ့သို့ ဖြစ်သွားရလေသနည်း။ သူမ လာချင်တိုင်းလာ သွားချင်တိုင်းသွား လိုချင်သည့်အသီးမှန်သမျှကို ခူးယူနိုင်သည့် နေရာကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ မွန်းစတားဗိုလ်ချုပ်များမှာ သူမလုပ်ရပ်နှင့်ပတ်သက်၍ ဒေါသထွက်နေသည့်တိုင် ဘာမှမတတ်နိုင်ခဲ့ပေ။

“အဲ့ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ…” ရန်ကိုင်က ထပ်မေးလိုက်လေသည်။

“အဲ့လိုတွေဖြစ်နေတာ နှစ်ငါးဆယ်လောက်ရှိပါပြီ ဆရာ…” မွန်းစတားဗိုလ်ချုပ်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ ရူးနေသည့်အမျိုးသမီးတစ်ဦးမှာ ရှေးဟောင်းကုန်းမြေထဲ နှစ်ငါးဆယ်ခန့်ကြာအောင် သွားချင်သလို သွားနေပါသော်ငြား မွန်းစတားမျိုးနွယ်စုဝင်များမှာတော့ ထိုအမျိုးသမီးအား မည်သို့မှ မဖမ်းနိုင်ခဲ့ပေ။

ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင့်၏ မျက်နှာကြီး မဲ့သွားခဲ့ပြီး ဆက်မေးလိုက်လေ၏။ “ဒီတော့ အဲ့အမျိုးသမီးကို ရှာဖို့ မင်းလက်အောက်ငယ်သားတွေကို ခေါ်လာတာပေါ့…”

မွန်းစတားဗိုလ်ချုပ်က ပြန်ပြောလိုက်လေသည်။ “ဟုတ်ပါတယ် ဆရာ… အဲ့အမျိုးသမီးရဲ့ သဲလွန်စကို ရှာတွေ့တယ်ဆိုပြီး လက်အောက်ငယ်သားတွေက ပြောလာလို့ ကျုပ်လည်း ဒီကိုလာခဲ့တာပါ... ဒါပေမဲ့ ဆရာနဲ့ လာတိုးမယ်လို့ မထင်ထားခဲ့ပါဘူး… မွန်းစတားဗိုလ်ချုပ်က အားတင်းပြုံးလျက် ပြန်မေးလိုက်လေသည်။ “ဆရာ… အဲ့အမျိုးသမီးနဲ့ ဘယ်လိုပတ်သက်တာလဲ…”

“မင်းကိစ္စမဟုတ်ဘူး…” ရန်ကိုင်က ပြန်အော်ပြောလိုက်လေသည်။

မွန်းစတားဗိုလ်ချုပ် လည်ပင်းလေး ကျုံ့သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်နှင့် ထိုအမျိုးသမီး တစ်နည်းတစ်ဖုံ ပတ်သက်နေမှန်းတော့ သူပြောနိုင်၏။ ထို့အပြင် ရန်ကိုင်တို့နှစ်ဦးသည် ရန်သူများမဟုတ်ကြ။ ထို့ကြောင့်သာမဟုတ်ပါက သူ့အနေဖြင့် ထိုအမျိုးသမီးနှင့်ပတ်သက်၍ ဘာကြောင့်များ စိတ်ပူနေရမည်နည်း။

မွန်းစတားဗိုလ်ချုပ်က စဉ်းစားရင်းမှ ထပ်ပြောလိုက်လေသည်။ “အဲ့အမျိုးသမီးက တော်တော်ထူးဆန်းတယ်ဆရာ… သူ့ကို ရှာတာ ဒီလောက်ကြာနေပြီဆိုပေမဲ့ တစ်ခါမှ မဖမ်းနိုင်သေးဘူး… ကျုပ်တို့ သူ့ကို တွေ့လိုက်တယ်ဆိုတိုင်းလည်း မကြာပါဘူး ချက်ချင်းကို ပြန်ပြန်ပျောက်သွားတာပါပဲ… အာ… ဆရာ… ဆရာဘာလုပ်နေတာလဲ…”

စကားပြောနေစဉ်အတောအတွင်းမှာပင် ရန်ကိုင့်၏မျက်လုံးများ ရုတ်ချည်းအေးစက်သွားသည်ကို မွန်းစတားဗိုလ်ချုပ် သတိထားမိလိုက်လေသည်။ ရန်ကိုင်သည် သူ့လက်ထဲရှိ ဓါးဖြင့် သူ့အား ထိုးသတ်တော့မည့်ပုံပင်။ ထို့အတွက်ကြောင့် မွန်းစတားဗိုလ်ချုပ်မှာ ကြောက်ကြောက်လန့်လန့်ဖြစ်သွားခဲ့ပြီး အလျင်အမြန် ပြန်၍ တောင်းဆိုလိုက်လေသည်။ “ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဆရာ… ကျုပ် ဆရာ့အတွက် အသုံးဝင်ပါတယ်… ဆရာသာ ကျုပ်အသက်ကို ချမ်းသာပေးမယ်ဆိုလို့ရှိရင် ကျုပ် ဆရာ့အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးမှာပါ…”

“မင်းလိုကောင်မျိုးကို အသက်ရှင်လျက်ထားတာ ငါ့အတွက် ဘာအသုံးဝင်မှာမို့လို့လဲ…” ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဓါးအား ဖြည်းဖြည်းချင်း ရှေ့သို့ ထိုးလိုက်လေသည်။ တတိယတပည့်အကြောင်း သိချင်သည့်အတွက်ကြောင့်သာ ဤမွန်းစတားဗိုလ်ချုပ်ကို အသက်ရှင်လျက် ထားထားခြင်းဖြစ်လေရာ ယခု သူသိချင်သည့် အကြောင်းအရာများကို သိသွားရပြီ ဖြစ်သည့်အတွက်ကြောင့် တစ်ဖက်လူအား အသက်ရှင်လျက်ထားစရာ မလိုတော့ချေ။

ရန်ကိုင့်၏သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သော် မွန်းစတားသားရဲဗိုလ်ချုပ်၏ နဖူးထက် ချွေးသီးများ ဝေ့သီလာခဲ့လေသည်။ ဦးနှောက်ခြောက်မတတ် ထပ်စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ရုတ်ချည်း အကြံတစ်ခုကို ရသွားကာ အလျင်စလို ပြောလိုက်လေ၏။ “ဆရာ့ကိုကူပြီး အဲ့အမျိုးသမီးကို ရှာပေးလို့ရပါတယ်… ကျုပ်တို့ အဲ့အမျိုးသမီးကိုရှာနေတာ နှစ်ငါးဆယ်တောင်ရှိပြီဆိုတော့ သူမရဲ့ အလေ့အထနဲ့ပတ်သက်ပြီး နည်းနည်းပါးပါးတော့ နားလည်နေပါပြီ ဆရာ… ကျေးဇူးပြုပြီး ကျုပ်ကို အခွင့်အရေးတစ်ခုလောက်ပေးပါဆရာ…”

All Chapters