← Chapters

ကျေးဇူးတင်လက်ဆောင်

Vol. 185 Ch. 2761

ကျေးဇူးတင်လက်ဆောင်

Vol. 185 Ch. 2761

တကယ်တော့ ဆူဇီမိုသည် ဓားကမ္ဘာသို့ သူရောက်လာသည့်နှစ်များမှာ အမြဲတမ်းအပြင်လူတစ်ယောက်သာဖြစ်ခဲ့လေသည်။ သို့သော်လည်း ဓားကမ္ဘာမှလူတိုင်းသည် အမြဲတမ်း သူ့ကို လေးစားမှုဖြင့် ဆက်ဆံခဲ့ကြသည်။

အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးအနေဖြင့် အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်သည် ပေမင်ရွှယ်အတွက် သူ့ကိုကျေးဇူးတင်ရန် ကိုယ်တိုင်ပင် ရောက်ရှိလာခဲ့လေသည်။

ဓားကျင့်ကြံသူအချို့သည် သူနှင့်ပတ်သက်၍ မကျေနပ်မှုတချို့ရှိလျှင်တောင် သူတို့က ပေါ်ပေါ်ထင်ထင်လာစိန်ခေါ်ကြပေလိမ့်မည်။

သူက ရှုံးနိမ့်သွားလျှင်တောင် သူတို့သည် အကောက်ကြံခြင်း သို့မဟုတ် အကွက်ကျကြံစည်ခြင်းများမရှိသလို သူတို့အတွက်လက်စားချေဖို့ ပညာရှင်တစ်ဦးဦးကို ဖိတ်ခေါ်ခြင်းလည်း မရှိပေ။

ဓားကမ္ဘာ၏ မှန်ကန်ဖြောင့်မတ်သော ပတ်ဝန်းကျင်ကြောင့် အဲဒါသည် ပွင့်လင်းရိုးသား၍ သဘောထားကြီးမားသော ဓားကျင့်ကြံသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ဆူဇီမိုက ပြုံးပြလိုက်၏။

“စီနီယာ... ခင်ဗျားယဥ်ကျေးလွန်းရာကျနေပြီ... ပေမင်ရွှယ်ရဲ့ဆရာအနေနဲ့ အဲဒါတွေက ကျုပ်ယူသင့်တဲ့တာဝန်တွေပဲ”

လုယွင်က ညင်သာစွာခေါင်းညိတ်ပြီး ခဏမျှစဥ်းစားတွေးတောလိုက်၏။ သူက ဆူဇီမိုကိုကြည့်ပြီး ပြောလိုက်သည်။

“မိတ်ဆွေလေးဆူကျူး... နဲနဲတော့ လွန်ကဲရာကျကောင်းကျနိုင်တဲ့ကိစ္စတချို့ရှိတယ်... တကယ်လို့ ငါက...”

“စီနီယာ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောပါ”

ဆူဇီမိုက ပြောလိုက်သည်။

“မိတ်ဆွေလေး... မင်းက တော်​တော်ရိုးဖြောင့်တာပဲ... ဒီလိုဆိုရင်တော့ ငါက ဝေ့ဝိုက်မနေတော့ဘူး”

လုယွင်က ပြောလိုက်၏။

“ပေမင်ရွှယ်က ပကတိအင်မော်တယ်တစ်ဦးဖြစ်လာခဲ့ပြီ... မင်းရဲ့ကျင့်ကြံမှုက သူနဲ့ နဲနဲပဲကွာတယ်... သူ့အနေနဲ့ တာအိုကိုသင်ကြားပေးဖို့ အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးကို ရှာတာက ပိုကောင်းလိမ့်မယ်လို့ ငါထင်မိတယ်”

“တကယ်တော့... မင်းကလည်း ပေမင်ရွှယ်ရဲ့ဆရာဖြစ်နေဦးမှာပါပဲ.. အဲဒါနဲ့ပတ်သက်ပြီးတော့ သံသယရှိစရာမလိုဘူး”

ဆူဇီမိုက ညင်သာစွာခေါင်းခါပြလိုက်၏။

“ပေမင်ရွှယ်က သိုင်းတာအိုကိုကျင့်ကြံတယ်... အင်မော်တယ်ဘုရင်ပညာရှင်တွေမပြောနဲ့ ဧကရာဇ်ပညာရှင်တွေတောင်မှ သိုင်းတာအိုမှာ သူ့ကို လမ်းညွှန်းပေးနိုင်မှာ မဟုတ်ဘူး”

လုယွင်က ပြောလိုက်သည်။

“ဒါပေမဲ့ ငါထင်တာမမှားဘူးဆိုရင်... မိတ်ဆွေလေး မင်းကလည်း သိုင်းတာအိုကို ကျင့်ကြံမထားဘူးမလား”

“ဟုတ်ပါတယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ဒါပေမဲ့ သိုင်းတာအိုမှာ ကျုပ်က သူ့ကို လမ်းညွှန်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ”

လုယွင်က တွေဝေတုံ့ဆိုင်းနေ၏။

တကယ်တမ်းမှာ သူ့အနေဖြင့် မရမကတောင်းဆိုလိုသည့် အခြားသောအကြောင်းအရင်းများရှိနေသည်။

သို့သော်လည်း ဆူဇီမို၏ လေသံက ခိုင်မာ၍ ယိမ်းယိုင်ဖို့ ခက်ခဲနေသည်ကို တွေ့ရသောအခါ သူက ဆက်လက်၍ဖျောင်းဖျနေမည်ဆိုလျှင် ရိုင်းပျရာကျနေပေလိမ့်မည်။

လုယွင်က ပြုံးပြလိုက်၏။

“ငါက အဲဒါကို သာမန်ကာလျှံကာ ပြောလိုက်ရုံပါပဲ... မိတ်ဆွေလေး မင်းအဲဒါကို စိတ်ထဲမှာမထားဖို့ မျှော်လင့်တယ်”

တကယ်တော့ ဆူဇီမိုကလည်း အဲဒါကို စိတ်ထဲမှာ တကယ်ပင်ထည့်မထားပေ။

လုယွင်သည် ပေမင်ရွှယ်ကို ပိုမိုသန်မာလာစေချင်သောကြောင့် စေတနာကောင်းဖြင့် ဤစကားကိုပြောလာခြင်းဖြစ်လေသည်။

သို့သော်လည်း သိုင်းတာအိုမှာ ပေမင်ရွှယ်ကို မည်သူကမှ လမ်းညွှန်မပေးနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။

လုယွင်က ပြောလိုက်သည်။

“ဒါနဲ့... ငါက အနိဋ္ဌာရုံဓားတောင်ထွတ်ရဲ့စိတ်ရင်းမှန်ကန်မှုကို ပြသတဲ့အနေနဲ့ မင်းကိုကျေးဇူးတင်ဖို့ ရောက်လာတာပဲ... ငါက မင်းကို ကျေးဇူးတင်လက်ဆောင်တစ်ခုလည်း ပြင်ပေးထားတယ်... မင်းအဲဒါကို လက်ခံပေးဖို့မျှော်လင့်တယ်”

ယွင်ထင်က တိတ်တဆိတ်ဆွံ့အသွားသည်။

တောင်ထွတ်သခင်တစ်ဦးနှင့် အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် လုယွင်သည် ကိုယ်တိုင်လာရောက်ကျေးဇူးတင်ခြင်းဖြင့် စိတ်ရင်းမှန်ကန်မှုကို ပြသပြီးနေလေပြီ။

ယခုသူက ကျေးဇူးတင်လက်ဆောင်တစ်ခုကိုပင် ပြင်ဆင်ပေးထားသည်ဆိုတော့။

“စီနီယာ... ခင်ဗျား ယဥ်ကျေးလွန်းရာကျနေပြီ”

ဆူဇီမိုက ငြင်းဆန်မည်ပြုစဥ်မှာပင် လုယွင်က ညင်သာစွာလက်ကာပြလိုက်သည်။

“မိတ်ဆွေလေး... ငြင်းဖို့ကို အလောတကြီးလုပ်မနေပါနဲ့... ကျေးဇူးပြုပြီး ငါပြောတာကို နားထောင်ပါဦး”

“မိတ်ဆွေလေး... မင်းက ပေမင်ရွှယ်ကို မဟာဓားပညာရပ်သုံးခု သင်ကြားပေးခဲ့တယ်ဆိုတာ ငါသိပြီးပြီ... မင်းကလည်း မဟာဓားပညာရပ်သုံးခုကို ကျင့်ကြံထားမယ်လို့ ငါယုံတယ်”

ဆူဇီမိုက ဤကိစ္စကို အစကတည်းက ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပေ။

ပေမင်ရွှယ်သည် ဓားကမ္ဘာမှာ မည်သည့်ဆင်းရဲဒုက္ခမှ ခံစားရခြင်းမရှိဘဲ တန်ဖိုးထားခံရသည်ကိုတွေ့ရသောအခါ သူသည် မဟာဓားပညာရပ်သုံးခုကို သူမအား သင်ကြားပေးဖို့ စီစဥ်ထားခဲ့ပြီးသားဖြစ်သည်။

တစ်ခုသောရှုထောင့်ကနေကြည့်မည်ဆိုလျှင် အဲဒါသည် မဟာဓားပညာရပ်သုံးခုကို ဓားကမ္ဘာသို့ ပြန်ပေးလိုက်ခြင်းနှင့် တူလေသည်။

လုယွင်က ဆက်ပြောလိုက်သည်။

“မဟာဓားပညာရပ်သုံးခုရဲ့ပိုင်ရှင် ဧကရာဇ်အင်မော်တယ်နှိမ်နင်းက တစ်ခါတုန်းက အနိဋ္ဌာရုံဓားတောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်ခဲ့တယ်... အရင်တုန်းကသူက သူ့ရဲ့ဓားစိတ်ဆန္ဒအားလုံးကို အနိဋ္ဌာရုံဓားတောင်ထွတ်ပေါ်မှာ ချန်ထားခဲ့တယ်”

“ငါမင်းအတွက် ပြင်ဆင်ပေးထားတဲ့ ကျေးဇူးတင်လက်ဆောင်ဆိုတာ အနိဋ္ဌာရုံဓားတောင်ထွတ်ရဲ့ အနောက်ဘက်ကိုသွားပြီး ဧကရာဇ်အင်မော်တယ်နှိမ်နင်းရဲ့ ဓားစိတ်ဆန္ဒကို တွေ့ကြုံခံစားခွင့်ရစေဖို့ပဲ”

“မင်းဘယ်လောက်များများနားလည်ဆင်ခြင်နိုင်မလဲဆိုတာကတော့ မင်းရဲ့ ကိုယ်ပိုင်အစွမ်းအစပေါ်မှာပဲ မူတည်လိမ့်မယ်... တကယ်တော့ အဲဒါအတွက် မဖြစ်မနေလိုအပ်ချက်တစ်ခုတော့ရှိတယ်... မင်းက အနိဋ္ဌာရုံဓားတောင်ထွတ်ရဲ့ ဓားတာအိုကို အပြင်လူတွေကို ကိုယ့်သဘောနဲ့ကိုယ်သင်ကြားပေးလို့ မရဘူး”

ဧကရာဇ်အင်မော်တယ်နှိမ်နင်း၏ ဓားစိတ်ဆန္ဒကို တွေ့ကြုံခံစားရမည့် အခွင့်အရေးတစ်ခု...။

ဆူဇီမိုက စိတ်ပါယိမ်းယိုင်လာခဲ့သည်။

ဤသည်က သူ့အတွက် ရှားရှားပါးပါးအခွင့်အလမ်းတစ်ရပ်ဖြစ်၏။

“ညီကိုဆူ... မင်းဘာကိုစောင့်နေတာလဲ မြန်မြန်သဘောတူလိုက်လေ”

ဘေးကနေ ယွင်ထင်က သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို အလောတကြီး ပို့လွှတ်လိုက်၏။

“ပုံမှန်အ​​ခြေအနေမှာဆို ဓားကမ္ဘာက မဟုတ်တဲ့သူတွေက ဓားတောင်ထွတ်ရှစ်ခုရဲ့ ဓားစိတ်ဆန္ဒတွေကို တွေ့ကြုံခံစားခွင့်မရှိဘူး... ဒီကျေးဇူးတင်လက်ဆောင်က တကယ့်ကို စိတ်ရင်းမှန်ကန်မှုရှိတာပဲ”

“မပူပါနဲ့... မင်းက ဘာမှနောက်ဆံတင်းစရာမလိုဘူး... ဓားကမ္ဘာမှာရှိတဲ့သူတွေက လုပ်စရာရှိတာကို ပေါ်ပေါ်တင်တင်လုပ်ကြတယ်... ဘယ်သူကမှ မင်းကို အကွက်ချကြံစည်မှာမဟုတ်ဘူး... အနဲ​ဆုံးတော့ သူတို့က မင်းကို ထိခိုက်အောင် လုပ်ကြမှာမဟုတ်ဘူး”

ဆူဇီမိုက ယွင်ထင်၏ စကားကို ထောက်ခံလေသည်။

တောင်ထွတ်သခင်တစ်ဦးနှင့် အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးအနေဖြင့် လုယွင်အနေဖြင့် သူ့ကိုကိုင်တွယ်လိုပါက ဤမျှအထိ ဒုက္ခခံနေစရာမလိုပေ။

သို့သော်လည်း ကျေးဇူးတင်လက်ဆောင်၏ နောက်ကွယ်မှာ တခြားသောရည်ရွယ်ချက်ရှိနေပုံရသည်ကို သူက အလိုလိုခံစားမိနေ၏။

လုယွင်က ဆက်ပြောလိုက်သည်။

“မိတ်ဆွေလေး... မင်းကမဟာဓားပညာရပ်သုံးခုကို ကျင့်ကြံထားတယ်ဆိုမှတော့ ဧကရာဇ်အင်မော်တယ်နှိမ်နင်းချန်ထားခဲ့တဲ့ ဓားစိတ်ဆန္ဒကို တွေ့ပြီးရင် သေချာပေါက်အသိအမြင်တချို့ကို ရရှိလိမ့်မယ်”

“နောက်ပိုင်းမှာ မင်းက အနိဋ္ဌာရုံဓားတာအိုမှာ ပေမင်ရွှယ်ကိုလည်း လမ်းပြပေးနိုင်မယ်”

“ကောင်းပြီလေ”

ဆူဇီမိုက ငြင်းပယ်ခြင်းမရှိတော့ဘဲ ချက်ချင်းပင်သဘောတူလိုက်သည်။

အနိဋ္ဌာရုံဓားတောင်ထွတ်ပေါ်မှာ...။

ဆူဇီမိုကို သွားရောက်စကားပြောဆိုနေသော လုယွင်ကလွဲလျှင် အခြားသော တောင်ထွတ်သခင်ရှစ်ဦးက ဤနေရာမှာ စုဝေးရောက်ရှိနေပြီး လက်ဖက်ရည်သောက်ကာ စကားပြောဆိုနေကြ၏။

ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။

“အစ်ကိုလုက ဆူဇီမိုအတွက် လက်ဆောင်တစ်ခုသွားပေးတယ်လို့ ကျွန်မကြားတယ်”

ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြုံးပြလိုက်၏။

“အမှန်ပဲ... အစ်ကိုလုပြင်ပေးထားတဲ့ ကျေးဇူးတင်လက်ဆောင်က အရမ်းကို အဓိပ္ပါယ်ပြည့်ဝတယ်”

“ခင်ဗျားဘာကိုဆိုလိုတာလဲ”

အာဏာရှင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ဝေခွဲမရဖြစ်စွာဖြင့်မေးလိုက်၏။

ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ရှင်းပြလိုက်သည်။

“သူက ဆူကျူးကို ဧကရာဇ်အင်မော်ဆယ်နှိမ်နင်းချန်ထားခဲ့တဲ့ ဓားစိတ်ဆန္ဒကို အာရုံခံဖို့အတွက် အနိဋ္ဌာရုံဓားတောင်ထွတ်ရဲ့ အနောက်ဘက်ကို ခေါ်သွားမလို့ပဲ... အဲဒါကသူ့ရဲ့ စိတ်ရင်းမှန်ကန်မှုပဲ”

“ဒါပေမဲ့ လူတစ်ယောက်က ဓားတာအိုရဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက်မဟုတ်သရွေ့ သာမန်ကျင့်ကြံသူတွေက ဧကရာဇ်အင်မော်တယ်နှိမ်နင်း ချန်ထားခဲ့တဲ့ ဓားစိတ်ဆန္ဒရဲ့ အနှစ်သာရကို ဘယ်လိုလုပ် နားလည်ဆင်ခြင်နိုင်ပါ့မလဲ”

“ဆူကျူးက မဟာဓားပညာရပ်သုံးခုကို ကျင့်ကြံထားတယ်ဆိုပေမယ့် သူက ဓားတာအိုမှာ ပေမင်ရွှယ်ကို ဘယ်လိုလုပ်ယှဥ်နိုင်ပါ့မလဲ”

“ပေမင်ရွှယ်က အင်မော်တယ်နှိမ်နင်းဓားကို တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုထိ ကျင့်ကြံခဲ့ပြီးပြီ... ဧကရာဇ်အင်မော်တယ်နှိမ်နင်းရဲ့ ဓားစိတ်ဆန္ဒကို အာရုံခံပြီးရင်တောင် သူက အဆင့်ဆက်မတက်နိုင်ခဲ့ဘူး... ဆူကျုးက အဲဒါကို ဘယ်လောက်များများ နားလည်ဆင်ခြင်နိုင်မှာလဲ”

အခြားသောတောင်ထွတ်သခင်များကလည်း ခေါင်းညိတ်လိုက်ကြ၏။

အဲဒါသည် အနိဋ္ဌာရုံဓားတောင်ထွတ်၏ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်နေသရွေ့ သူတို့သည် ဧကရာဇ်အင်မော်တယ်နှိမ်နင်း၏ ဓားစိတ်ဆန္ဒကို အာရုံခံဖို့ အခွင့်အရေးတစ်ခုရကြပေလိမ့်မည်။

သို့သော်လည်း ဤမျှနှစ်ပေါင်းများစွာကြာပြီးတာတောင် ဓားကျင့်ကြံသူဘယ်လောက်များများက အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်နိုင်ခဲ့လို့လဲ။

တစ်ဘက်မှာတော့ ဖြတ်တောက်ဓားတောင်ထွတ်၏ လင်းရွှင်ကျန်းနှင့် အဆုံးစွန်ဓားတောင်ထွတ်၏ ယွင်ထင်တို့က အင်မော်တယ်နှိမ်နင်းဓားကို တစ်ဝက်တစ်ပျက်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုအထိ ကျင့်ကြံနိုင်ခဲ့ကြသည်။

ပုံရိပ်ယောင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။

“ဆူကျူးက ဘာကိုမှ အာရုံမခံမိဘူးဆိုရင် သူက ဓားတာအိုမှာ ပေမင်ရွှယ်ကို လမ်းညွှန်ပေးဖို့ အဆင့်မမီဘူးဆိုတာ နားလည်သဘောပေါက်သွားလိမ့်မယ်”

“ညီကိုလုက ဒီကျေးဇူးတင်လက်ဆောင်မှာ အဓိပ္ပါယ်တွေ အများကြီးထည့်ထားတာပဲ”

မိစ္ဆာဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်သည်။

“ဆူကျုးက သူ့ရဲ့အနည်းချက်ကို သူနားလည်သွားပြီး သူ့အလိုလို နောက်ဆုတ်သွားမယ်ဆိုရင် အဲဒါက သူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရာလည်းရောက်တယ်”

ဇင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။

“ပြောရမယ်ဆိုရင် ဒီဘက်မျိုးဆက်ရဲ့ အမွေခံတပည့်တွေကြားမှာ လင်းရွှင်ကျန်း၊ ပေမင်ရွှယ်နဲ့ ယွင်ထင်တို့က အင်မော်တယ်နှိမ်နင်းဓားကို တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်တဲ့အထိ နားလည်ဆင်ခြင်ထားကြတယ်”

“သူတို့ရဲ့ပါရမီအရည်အချင်းနဲ့ဆို သူတို့သုံးယောက်က နောက်ဆုံးမှာ အစစ်အမှန်အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်နိုင်မယ်လို့ ငါယုံတယ်... ဒါပေမဲ့ ဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ဘယ်သူအရင်ထိန်းချုပ်နိုင်မလဲ ငါသိချင်မိတယ်”

“ငါတို့အလောင်းအစား လုပ်ကြရင်မကောင်းဘူးလား”

ရုတ်တရက် မိစ္ဆာဓားတောင်ထွတ်၏ တောင်ထွတ်သခင်က စိတ်ဝင်တစားပြောလိုက်၏။

“ငါက လင်းရွှင်ကျန်းဘက်ကနေ လောင်းမယ်”

မည်သို့ပင်ဆိုစေ လင်းရွှင်းကျန်း၏ ကျင့်ကြံမှုနယ်ပယ်ကနယ်ပယ်သည် ပေမင်ရွှယ်နှင့် ယွင်ထင်ထက် များစွာသာလွန်လေသည်။

လင်းရွှင်ကျန်းသည် အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ဖို့ တကယ်ပင်ပိုမိုကောင်းမွန်သည့် အခွင့်အရေးရှိလေသည်။

မိစ္ဆာဓားတောင်ထွတ်၏ တောင်ထွတ်သခင်အပြင် တောင်ထွတ်သခင်ခုနှစ်ဦးထဲမှ လေးဦးက လင်းရွှင်ကျန်းဘက်ကနေ လောင်းကြလေသည်။

သူတို့ထဲမှ တစ်ဦးကသာ ပေမင်ရွှယ်ဘက်ကနေလောင်းပြီး အခြားသူများက ယွင်ထင်ဘက်က လောင်းကြလေသည်။

“ဟားဟား... “

မိစ္ဆာဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ရယ်မောကာပြောလိုက်၏။

“ညီကိုလုပြန်လာရင် သူ့ကိုပါ လောင်းခိုင်းရမယ်”

လူတိုင်းက ပြောဆို၍ရယ်မောနေစဥ် အနိဋ္ဌာရုံဓားတောင်ထွတ်ဆီသို့ လူသုံးယောက်က ပျံသန်းလာနေကြသည်။

သူတို့၏ ခေါင်းဆောင်က လုယွင်ဖြစ်လေသည်။

သူ၏ နောက်မှာ ဆူဇီမိုနှင့် ယွင်ထင် ပါလာခဲ့သည်။

All Chapters