← Chapters

အနှိုင်းမဲ့နားလည်ဆင်ခြင်မှု

Vol. 185 Ch. 2763

အနှိုင်းမဲ့နားလည်ဆင်ခြင်မှု

Vol. 185 Ch. 2763

အဲဒါကို အာရုံခံရင်း တောင်ထွတ်သခင် ရှစ်ဦးက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

သူက နောက်ဆုံးတော့ ဆက်ပြီး...

ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က သူမ၏ စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် သူမ၏ အမူအရာက ပြောင်းလဲသွားသည်။

“တစ်ခုခုတော့ လွဲနေပြီ”

အခြားသော တောင်ထွတ်သခင်များကလည်း တစ်စုံတစ်ရာ လွဲမှားနေသည်ကို တစ်ချိန်တည်းမှာ သတိထားမိလိုက်ကြ၏။

ဆူဇီမိုသည် နောက်ဆုတ်သွားခြင်း မရှိပေ။ ထိုအစား သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။

ထို့နောက် ချက်ချင်းပင် တုန်လှုပ်ချောက်ချားစရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွားသည်။

ကြည်လင်ရှင်းလင်းသော ဓားတေးသံက သူ၏ ခန္ဓာကိုယ်ထဲကနေ အဆက်မပြတ်ထွက်ပေါ်လာ၏။

ဆူဇီမိုထံမှ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အနိဋ္ဌာရုံဓားတောင်ထွတ်နှင့် ထိတွေ့သွားပြီး တောင်ထွတ်ပေါ်ရှိ ဓားချက်များနှင့်ပင် အပြန်အလှန်တုံ့ပြန်လာခဲ့လေသည်။

ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများကို ချက်ချင်းပင် နိုးထလာစေ၏။

ဓားကျင့်ကြံသူများသည် သူတို့၏ မျက်လုံးများကို ပြူး၍ ဆူဇီမိုကို ထိတ်လန့်တကြားကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာသွားကြသည်။

ဆူဇီမို၏ ခန္ဓာကိုယ်ကို အလွန်တရာ ထက်ရှသော ဓားချီများက လွှမ်းခြုံထားလေသည်။ အဲဒါက အရမ်းကို ထက်ရှပြီး ခက်ထန်ကြမ်းတမ်းနေ၏။ ဓားကျင့်ကြံသူများစွာက အဲဒါကို လုံးဝ ခံနိုင်ရည်မရှိပေ။

ဓားချီက ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့်အတူ စုဖွဲ့လာခဲ့ပြီး ဆူဇီမို၏ နောက်ဘက်မှာ အဆက်မပြတ်စုစည်းလာခဲ့သည်။ ဝေဝါးစွာဖြင့် ခပ်ဖျော့ဖျော့ သွေးရောင်တစ်ခုနှင့်အတူ ပုံရိပ်ယောင် ဓားတစ်လက်က ပေါ်ထွက်လာလေသည်။

“ငါ အဲဒါကို ထင်မထားဘူး… ဒီလိုမျိုးဖြစ်လာမယ်လို့ ငါတကယ်ပဲ ထင်မထားဘူး”

လုယွင်က တွေဝေရှုပ်ထွေးနေပြီး ညည်းတွားရေရွတ်လိုက်၏။

“ဒီလူ့မှာ သန်မာတဲ့ တာအိုနှလုံးသားတစ်ခု ရှိနေရုံတင်မကဘူး… သူက ဓားတာအိုမှာလည်း ပါရမီအရည်အချင်းရှိနေတာပဲ… အနိဋ္ဌာရုံဓားစိတ်ဆန္ဒအကူအညီနဲ့ သူက အင်မော်တယ်နှိမ်နင်းဓားကို တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုရဲ့အဆင့်ထိ တကယ်ကို နားလည်ဆင်ခြင်လိုက်တာပဲ”

“ဒီလူက ဒီလောက်ထိ စွမ်းအားကြီးမားတဲ့ တာအိုနှလုံးသားတစ်ခုကို ပုံသွင်းဖို့ ဘာတွေနဲ့ တွေ့ကြုံခံစားခဲ့ရသလဲ ငါတကယ်ပဲ မသိဘူး”

ဇင်တောင်ထွတ်၏ တောင်ထွတ်သခင်ကလည်း ချီးကျူးပြောဆိုလိုက်၏။

အခြားသော တောင်ထွတ်သခင်များက နှုတ်ဆိတ်နေပြီး အောက်ဘက်ရှိ ပုံရိပ်ယောင်ဓားကို မမှိတ်မသုန် စိုက်ကြည့်နေကြ၏။

အချိန်ကြာလာသည်နှင့်အမျှ ဓားက ပို၍ရှင်းလင်းလာပြီး တဖြည်းဖြည်း သိပ်သည်းစုဖွဲ့လာခဲ့၏။ သွေးရောင်က တဖြည်းဖြည်း ဓား၏ ကိုယ်ထည်ကို လွှမ်းခြုံလာပြီး ပို၍ပင် တောက်ပလာခဲ့လေသည်။

“ဒါက…”

တောင်ထွတ်သခင် ရှစ်ဦးက အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်မျက်လုံးထဲတွက်တစ်ယောက် တုန်လှုပ်မှုကို တွေ့မြင်နေရသည်။

ဆူကျူးသည် အစစ်အမှန်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်တော့မှာလား။

ဤသည်က အရမ်းကို ကြောက်စရာကောင်းလွန်းလေသည်။

သမိုင်းတစ်လျှောက်မှာ ဓားကမ္ဘာသည် ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများကို မွေးထုတ်ပေးခဲ့လေသည်။

ဓားတာအို၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ခဲ့သောလူများ မရှိခဲ့သည် မဟုတ်ပေ။

သို့သော်လည်း သူတို့သည် အနိဋ္ဌာရုံဓားတောင်ထွတ်ကို ပထမဆုံးအကြိမ် ရောက်ရှိလာသည့်အချိန်မှာ ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို သူတို့ထဲ မည်သူကမှ နားလည်ဆင်ခြင်နိုင်ခဲ့ခြင်း မရှိပေ။

သူတို့သည် အဲဒါကို သူတို့မျက်လုံးနှင့် ကိုယ်တိုင်တွေ့မြင်ရခြင်းမရှိလျှင် တောင်ထွတ်သခင် ရှစ်ဦးက အဲဒါကို ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

“ဇီး…”

ဆူဇီမို၏ နောက်ဘက်ရှိ သွေးရောင်ဓားက လုံးဝကို သိပ်သည်းစုဖွဲ့လာခဲ့ပြီဖြစ်ပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ အေးစက်နေသော ဓားတေးသံကို ထုတ်ဖော်လိုက်၏။

ဓားသွားက သွေးများဖြင့် စွန်းထင်းနေပုံရပြီး ညအမှောင်မှာ အလွန်တရာတောက်ပနေသော မရဏဓားသွားတစ်ခုကဲ့သို့ ဖြစ်နေ၏။

အင်မော်တယ်နှိမ်နင်းဓားနှင့် အနိဋ္ဌာရုံဓားတောင်ထွတ်ကြား ပဲ့တင်ထပ်မှုက ပို၍ပင် သိသာထင်ရှားလာပြီး တောင်ထွတ်က စတင်၍ပင် အနည်းငယ် တုန်ခါလာခဲ့လေသည်။

အနိဋ္ဌာရုံဓားတောင်ထွတ်သည် အနိဋ္ဌာရုံ ဓားကုန်းမြေတိုက်၏ ဗဟိုချက်ဖြစ်လေသည်။

တောင်ကုန်း၏ တုန်ခါမှုက ချက်ချင်းပင် ထိုကုန်းမြေတိုက်မှာရှိသော ဓားကျင့်ကြံသူများအားလုံးကို နိုးထလာစေပြီး သူတို့က တစ်ယောက်ပြီးတစ်ယောက် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာကြ၏။

“ဘယ်လောက်တောင် သန်မာလိုက်တဲ့ ဓားစိတ်ဆန္ဒလဲ… ဘာတွေဖြစ်နေတာလဲ”

“ငါလည်းသေချာမသိဘူး… စွမ်းအားကြီးမားတဲ့ရန်သူတစ်ယောက် လာပြီးတိုက်ခိုက်နေတာများလား”

“ဟိုမှာကြည့်စမ်း”

စစချင်း တွေဝေရှုပ်ထွေးနေပြီးနောက် ဓားကျင့်ကြံသူများစွာသည် အနိဋ္ဌာရုံဓားတောင်ထွတ်ဘက်မှာ တိမ်စိုင်များကြားထဲ ထိုးဖောက်ထားသည့် သွေးရောင်ဓားကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားကြလေသည်။

သူတို့က ပင့်သက်ကို ရှိုက်လိုက်ကြ၏။

“ဒါက…”

“အင်မော်တယ်နှိမ်နင်းဓား”

“ဘုရားရေ… တစ်ယောက်ယောက်က အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်နေတာပဲ”

သာမန်တပည့်များသည် ဖြစ်ပျက်နေသည့်အရာကို သိချင်မှသိရှိလိမ့်မည်ဖြစ်သော်လည်း ဝမ်တုန်ကဲ့သို့ အမွေခံတပည့်များက တုန်လှုပ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

“အဲဒါဘယ်သူလဲ… အဲဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ဘယ်သူက နားလည်ဆင်ခြင်နေတာလဲ”

“အဲဒါ ဂျူနီယာညီမ ပေမင်များလား”

“မဟုတ်လောက်ဘူး… ဂျူနီယာညီမ ပေမင်က အခုအချိန်မှာ အသင်္ချေဓားနန်းတော်မှာ ကျင့်ကြံနေတယ်… အဲဒါက သူမဟုတ်လောက်ဘူး”

“အဲဒီဘက်ကို ယွင်ထင် ထွက်သွားတာ ငါတွေ့လိုက်တယ်”

ဓားကျင့်ကြံသူများစွာက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က သွားရောက်ကြည့်ရှုဖို့အတွက် အနိဋ္ဌာရုံဓားတောင်ထွတ်သို့ အလောတကြီး ထွက်ခွာလာကြသည်။

တစ်ဖက်မှာတော့ သူတို့က စူးစမ်းလိုစိတ်ဖြင့် ဖြစ်လေသည်။

အခြားတစ်ဖက်မှာတော့ အင်မော်တယ်နှိမ်နင်းဓား၏ အနိဋ္ဌာရုံဓားစိတ်ဆန္ဒကို အနီးကပ်ကြည့်ရှုနိုင်ခြင်းသည် သူတို့အတွက်လည်း အလွန်တရာ အကျိုးအမြတ်ရှိလေသည်။

တောင်ကုန်း၏ တောင်ထွတ်ပေါ်မှာ…

စစချင်း တုန်လှုပ်မှုအပြီး၌ တောင်ထွတ်သခင်ရှစ်ဦးက တဖြည်းဖြည်း တည်ငြိမ်လာကြ၏။

သူတို့ကြားမှာ လုယွင်၏ စိတ်ခံစားချက်များက အရှုပ်ထွေးဆုံးဖြစ်နေ၏။

လုယွင်သည် ဤကျေးဇူးတင်လက်ဆောင်ကို ဆူဇီမိုအတွက် ပြင်ဆင်ပေးခဲ့သည့် အဓိကအကြောင်းအရင်းမှာ ဆူဇီမိုသည် သူ့အားနည်းချက်ကိုသူ သိမြင်ပြီး ပေမင်ရွှယ်ကို တာအိုသင်ကြားပေးဖို့ မသင့်လျော်ဘူးဆိုတာ နားလည်ပြီးနောက် သူ့သဘောနှင့်သူ နောက်ဆုတ်သွားစေဖို့ ဖြစ်လေသည်။

သို့သော်လည်း ဤကျေးဇူးတင်လက်ဆောင်က ဤလူ့အတွက် ကြီးမားသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်နေလေသည်။

ဤလူသည် ကြီးမားသည့် အခွင့်အလမ်းတစ်ရပ်ကို ရရှိပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်လာနိုင်ခဲ့လေပြီ။

အဆုံးစွန်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က သက်ပြင်းချလိုက်၏။

“နောက်ဆုံးတော့ ငါတို့အားလုံး အတွက်မှားခဲ့ကြတာပဲ”

“အပြင်လူတစ်ယောက်က ဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို လင်းရွှင်ကျန်း၊ ပေမင်ရွှယ်နဲ့ ယွင်ထင်တို့ထက်အရင် နားလည်ဆင်ခြင်နိုင်မယ်လို့ ဘယ်သူက တွေးမိပါ့မလဲ”

မိစ္ဆာဓားတောင်ထွတ်၏ တောင်ထွတ်သခင်က မသက်မသာအမူအရာဖြင့် ပြောလိုက်၏။

ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က လုယွင်ကိုကြည့်ကာ ပြောလိုက်၏။

“အဲဒါက အစ်ကိုလုအတွက်တော့ ဆိုးတာပဲ… သူက ပေမင်ရွှယ်ကို တပည့်အဖြစ် လက်ခံဖို့ အခွင့်အရေးမရှိတော့မှာ ငါစိုးမိတယ်”

လုယွင်က ခါးသက်စွာပြုံးလိုက်၏။

ဆူကျူးသည် အင်မော်တယ်နှိမ်နင်းဓားကို အရင်ဆုံး နားလည်ဆင်ခြင်ခဲ့လေသည်။ သူသည် ဓားတာအိုမှာ အလွန်တရာ ပါရမီအရည်အချင်းရှိသည်ဟုလည်း ဆိုလိုရာရောက်လေသည်။

သူ၏ ကျင့်ကြံမှုနယ်ပယ်က အနည်းငယ်နိမ့်ကျသော်လည်း သူသည် ပေမင်ရွှယ်အား တာအိုကို သင်ကြားပေးဖို့ ကောင်းကောင်းအဆင့်မီသွားပြီဖြစ်လေသည်။

သူက အဲဒါကို ဆန္ဒရှိသည်ဆိုလျှင်တောင် သူ့အနေဖြင့် ပေမင်ရွှယ်ကို တပည့်အဖြစ် လက်ခံလိုကြောင်း ထုတ်ဖော်ပြောဆိုဖို့က မသင့်လျော်တော့ပေ။

လုယွင်က ခဏမျှ စဉ်းစားတွေးတောပြီး ပြောလိုက်၏။

“ဒီကောင်လေးက ငါတို့ ဓားကမ္ဘာက မဟုတ်တာ နှမြောစရာပဲ… သူသာ ဓားကမ္ဘာကို ဝင်ရောက်နိုင်မယ်ဆိုရင် ဆူကျူး၊ လင်းရွှင်ကျန်း၊ ပေမင်ရွှယ်နဲ့ ယွင်ထင်တို့က ဒီဘက်မျိုးဆက်ရဲ့ ထိပ်သီးအမွေဆက်ခံတပည့်တွေ ဖြစ်လာလိမ့်မယ်… သူတို့ရဲ့အနာဂတ်ကလည်း အကန့်အသတ်မဲ့ လာလိမ့်မယ်”

လုယွင်၏ စကား ပြီးဆုံးသွားသောအခါ အခြားသော တောင်ထွတ်သခင်ခုနစ်ဦးက တုံ့ပြန်မလာဘဲ နှုတ်ဆိတ်နေသည်ကို သူက သတိထားမိလိုက်၏။

သို့သော်လည်း သူတို့သည် တစ်စုံတစ်ရာကို ကြံစည်တွေးတောနေသည့်အလား တောင်ထွတ်သခင်ခုနစ်ဦး၏ မျက်လုံးများက တဖျပ်ဖျပ်လက်နေသည်။

လုယွင်က ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး အော်ငေါက်လိုက်၏။

“ဟေး… မင်းတို့တွေ ဘာကြံနေလဲ ငါမသိဘူး မထင်နဲ့”

“ဆူကျူးက ငါ့ရဲ့အနိဋ္ဌာရုံဓားတောင်ထွတ်ကို အရင်ရောက်လာတာပဲ… နောက်ပြီး သူက ပေမင်ရွှယ်ရဲ့ဆရာလည်းဖြစ်တယ်… သူက ဓားကမ္ဘာကို ဝင်ရောက်မယ်ဆိုရင်တောင် သူက ငါ့ရဲ့အနိဋ္ဌာရုံဓားတောင်ထွတ်ကိုပဲ ဝင်ရောက်ရလိမ့်မယ်”

ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ညင်သာစွာ ပခုံးတွန့်ပြလိုက်၏။

“အဲဒါက ပြောဖို့ခက်တယ်… ရှင်က သူ့ကို ပေမင်ရွှယ်ရဲ့ဆရာ ဆက်မဖြစ်ဖို့တောင် အခုအချိန်မှာ ကြိုးစားနေတာမလား… သူက အနိဋ္ဌာရုံဓားတောင်ထွတ်ကို အရင်ဆုံးရောက်လာတာနဲ့ပဲ သူက အနိဋ္ဌာရုံဓားတောင်ထွတ်ကို ဝင်ရောက်ရမယ်လို့ မဆိုလိုဘူး”

အဆုံးစွန်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။

“ငါက ဆူကျူးကို အမြဲတမ်း ချီးကျူးနေခဲ့တာ… နောက်ပြီး သူက ယွင်ထင်ရဲ့ယောက်ဖပဲ… သူတို့နှစ်ယောက်က အဆုံးစွန်ဓားတောင်ထွတ်မှာ ကျင့်ကြံကြမယ်ဆိုရင် အသင့်လျော်ဆုံးပဲ”

“သူက အာဏာရှင်ဓားတာအိုကို ကျင့်ကြံဖို့ အသင့်လျော်ဆုံးဖြစ်မယ်လို့ ငါထင်တယ်”

“ဒီကောင်လေးမှာ ကြီးမားတဲ့ ဉာဏ်ပညာရှိတယ်… သူက ငါ့ရဲ့ဇင်ဓားတောင်ထွတ်ကို ဝင်ရောက်မယ်ဆိုရင် သူက သေချာပေါက် တောက်ပလာလိမ့်မယ်”

“သူက ဘာလို့ ဇင်ဓားကို ရုတ်တရက် ကျင့်ကြံရမှာလဲ… ငါ့ရဲ့ ဖြတ်တောက်ဓားတောင်ထွတ်က လင်းရွှင်ကျန်းမှာ အခုအချိန်ထိ တာအိုလက်တွဲဖော်တစ်ယောက် မရှိသေးဘူး… သူတို့နှစ်ယောက်က အတော်လေး လိုက်ဖက်ညီတယ်လို့ ငါထင်တယ်”

“မင်းတို့ ဓားတောင်ထွတ်သုံးခုမှာ လင်းရွှင်ကျန်း၊ ပေမင်ရွှယ်နဲ့ ယွင်ထင်တို့ ရှိနေကြပြီပဲ”

“သူ့ကို ငါတို့ကျန်တဲ့ ဓားတောင်ထွတ်တွေအတွက် ချန်ထားပေးလို့ မရဘူးလား”

စောစောက တောင်ထွတ်သခင်ရှစ်ဦး၏ ရယ်ရယ်မောမော ပတ်ဝန်းကျင်က ရုတ်တရက် ပြောင်းလဲသွားလေသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးလိုဘဲ ငြင်းခုံကြရင်း သူတို့၏ မျက်နှာများကပင် နီမြန်းလာလေသည်။

ထိုစဉ်မှာပင် သွေးရောင်အင်မော်တယ်နှိမ်နင်းဓားက အနည်းငယ် ယိမ်းထိုးသွား၏။

တောင်ခြေရင်းမှာ ဆူဇီမိုသည် သိပ်သည်းပြင်းထန်သော နာကျင်မှုကို တွေ့ကြုံခံစားနေရသည့်အလား အနည်းငယ် ညည်းသွားလိုက်လေသည်။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်ပြီး သူ၏ အရေပြားက ကွဲအက်ကာ စီးကျလာသော သွေးများဖြင့် သူ၏ အစိမ်းရောင်အဝတ်အစားများက နီစွေးသွားလေသည်။

တောင်ထွတ်သခင်ရှစ်ဦးက ဤမြင်ကွင်းမှာ အံ့အားသင့်သွားခြင်း မရှိပေ။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများသည် စွမ်းအားကြီးမားနေသည့် အကြောင်းအရင်းမှာ သူတို့၏ စွမ်းအားကြောင့်သာလျှင် မဟုတ်ပေ။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ပထမဆုံးအကြိမ် နားလည်ဆင်ခြင်သည့်အခါ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ စွမ်းအားသည် ဆင်းသက်လာပြီး ထိုသူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို သန့်စင်ကာ သူတို့၏ အမြုတေစိတ်ဝိညာဉ်နှင့် တာအိုသစ်သီးကို မီးဆေးပေးပေလိမ့်မည်။ ထိုသို့ဖြင့် ထိုကျင့်ကြံသူ၏ အလုံးစုံတိုက်ခိုက်ရည်ခွန်အားက ပကတိအသွင်ပြောင်းလဲလာပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် အင်မော်တယ်နှိမ်နင်းဓား၏ ဆေးကြောသန့်စင်မှုကို ကြိတ်မှိတ်ခံစားနေရသည်။

All Chapters