ထိပ်တန်း ကမ္ဘာကြီး
Vol. 185 Ch. 2765
လုယွင်သည် တစ်ချက်လှည့်ပတ်ကြည့်ရှုပြီးနောက် ညအမှောင်ထဲမှာ အပြေးအလွှားလာနေသည့် ပုံရိပ်ပေါင်းများစွာကို တွေ့မြင်သွားအခါ မျက်မှောင်ကြုတ်လိုက်၏။
“ဒီနေရာမှာရှိတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေက အရမ်းကို ကြီးမားသွားပြီ… အနိဋ္ဌာရုံဓားတောင်ထွတ်က ဓားကျင့်ကြံသူတွေအားလုံးက အဲဒါကို သတိထားမိသွားပြီ… ငါတို့ အောက်ကိုဆင်းပြီး သူ့ကို စောင့်ကြပ်ပေးရအောင်… တစ်ခုခု ဖြစ်လို့မရဘူး”
ဆူဇီမိုကို ကာကွယ်ပေးဖို့က အကြောင်းအရင်းများထဲမှာ တစ်ခုသာဖြစ်သည်။
ဆူဇီမိုသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို လက်ခံယူနေသည့်ဖြစ်စဉ်အတွင်း အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးက ပေါက်ကြားသွားပြီး ဆူဇီမိုတစ်ခုခုဖြစ်မှာကို လုယွင်က စိုးရိမ်နေသည်။
ဤကိစ္စသည် အရမ်းကို အရေးကြီးပြီး အသင်္ချေဓားနန်းတော်မှ ဧကရာဇ်ပညာရှင်များကိုပင် အစီရင်ခံတင်ပြရပေမည်။
တောင်ထွတ်သခင်ရှစ်ဦးက အနိဋ္ဌာရုံဓားတောင်ထွတ်ပေါ်ကနေ တစ်ချိန်တည်းမှာ ခုန်ဆင်းလိုက်ကြ၏။ တစ်ခဏချင်းမှာပင် သူတို့က ဆူဇီမို၏ ဘေးနားသို့ ရောက်ရှိလာပြီး သူ၏ ဘေးပတ်လည်မှာ မထိုးဖောက်နိုင်သော ဓားချီအကာအရလွှာတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။
မည်သည့်သက်ရှိကမှ အထဲကို မဝင်ရောက်နိုင်ရုံသာမက သူတို့၏ အကြည့်များနှင့် စိတ်ဝိညာဉ်အသိစိတ်များကပင် အဲဒါကို မထိုးဖောက်နိုင်ပေ။
ဆူဇီမိုသည် အင်မော်တယ်နှိမ်နင်းဓား၏ ဆေးကြောသန့်စင်မှုကို လက်ခံရယူနေ၏။ သို့သော်လည်း သူက သူ၏ အသိစိတ်ကို ထိန်းသိမ်းထားပြီး သူ၏ ဘေးပတ်လည်မှ အခြေအနေကို အာရုံခံမိနိုင်ဆဲဖြစ်သည်။
ဆူဇီမိုက တောင်ထွတ်သခင်ရှစ်ဦး တစ်ချိန်တည်းပေါ်ထွက်လာသည်ကို တွေ့ရသောအခါ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နေရုံသာ ဖြစ်သော်လည်း အဲဒါက တောင်ထွတ်သခင်ရှစ်ဦးကို ပေါ်ထွက်လာစေခဲ့ပြီလား။
အဲဒါက သိပ်တော့ အဓိပ္ပာယ်မရှိပေ။
ကံကောင်းစွာဖြင့် သူ၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးမလာသောကြောင့် တောင်ထွတ်သခင်ရှစ်ဦးက သူ့အပေါ်မှာ ရန်လိုစိတ်ရှိပုံ မရပေ။ ဆူဇီမိုကလည်း မဆင်မခြင် မပြုမူပေ။
“မိတ်ဆွေလေး ဆူကျူး… ငါထင်တာ မမှားဘူးဆိုရင် မင်းရဲ့ မျိုးဆက်သွေးက အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်ရမယ်”
ထိုစဉ်မှာပင် လုယွင်၏ အသံက ဆူဇီမို၏ နားထဲသို့ ဝင်ရောက်လာ၏။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။
စောစောက သူသည် သွေးအနည်းငယ် ထွက်ခဲ့လေသည်။ သို့သော်လည်း အခြားသူများအနေဖြင့် သူ့ခန္ဓာကိုယ်မှ သွေးကို သတိထားရုံဖြင့် သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ဆုံးဖြတ်နိုင်ဖို့ ခဲယဉ်းလေသည်။
မည်သို့ပင်ဆိုစေ အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးသည် ထူးခြားသော အော်ရာမရှိဘဲ အပြင်ပန်းကြည့်လျှင် သာမန်သာဖြစ်သည်။
ဆူဇီမိုသည် မည်သည့်နေရာက မှားယွင်းသွားသည်ကို မသိရှိပေ။
ဒါ့အပြင် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ ပေါက်ကြားသွားလျှင် ဓားကမ္ဘာမှာ မည်သည့်အပြောင်းအလဲများ ဖြစ်လာမလဲ သူ ကြိုတင်မခန့်မှန်းနိုင်ပေ။
တကယ်တော့ ဆူဇီမိုသည် သုံးနှစ်ကြာ ထိတွေ့ဆက်ဆံပြီးနောက် ဓားကမ္ဘာအပေါ် အလွန်တရာ ကောင်းမွန်သော ထင်မြင်ချက်တစ်ခု ရှိနေသည်။
ဓားကမ္ဘာမှ ဓားကျင့်ကြံကြံသူများက ပွင့်လင်းရိုးသားကြလေသည်။ သူ့လိုမျိုး အပြင်လူတစ်ယောက်အပေါ်မှာပင် သူတို့က လေးစားသမှုဖြင့် အမြဲတမ်း ဆက်ဆံခဲ့ကြသည်။
စစချင်း သူ့ကိုစိန်ခေါ်ခဲ့သော လူများကပင် သူတို့သည် မျှတစွာ လက်ရည်စမ်းရမည်ဟူသော စည်းမျဉ်းစည်းကမ်းကို အမြဲတမ်း ကိုင်စွဲထားကြလေသည်။
သို့သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာက လောကမှာ တစ်ခုတည်းသာ ရှိလေသည်။ ဒါ့အပြင် ၎င်းသည် ၎င်း၏ အထွတ်အထိပ် အခြေအနေထိ ကြီးပြင်းလာခဲ့ပြီဖြစ်သည်။
ဤကဲ့သို့သော ရတနာတစ်ခုမှာ လူဘယ်လောက်များများက မယိမ်းယိုင်ဘဲနေမှာလဲ။
ဆူဇီမိုက အလေးအနက် စဉ်းစားတွေးတောနေစဉ် လုယွင်၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။
“မိတ်ဆွေလေး ဆူကျူး… ဘာမှ စိုးရိမ်မနေနဲ့… ငါတို့ ရှစ်ယောက်က မင်းအပေါ်မှာ မကောင်းတဲ့ရည်ရွယ်ချက် သေချာပေါက်မရှိဘူး… မင်းက စိုးရိမ်ပူပန်မှု မရှိဘဲ ကျင့်ကြံနိုင်တယ်”
“ဟုတ်တယ်”
ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ခေါင်းညိတ်ကာ ထပ်ပြောလိုက်၏။
“ဖန်တီးခြင်းကြာပဒုမ္မာက ငါတို့ဓားကမ္ဘာနဲ့ အရမ်းကို ရေစက်ပါတယ်… အတိတ်ကာလတုန်းက ဧကရာဇ် အင်မော်တယ်နှိမ်နင်းရဲ့ မျက်နှာကို ထောက်ထားမယ်ဆိုရင်တောင် ငါတို့တွေက မင်းကို ထိခိုက်ရအောင် လုပ်မှာမဟုတ်ဘူး”
တောင်ထွတ်သခင်နှစ်ဦး၏ လေသံက စိတ်ရင်းမှန်ကန်မှု ရှိပြီး သူ၏ အာရုံခံသတိစိတ်ကလည်း သူ့ကို သတိပေးမလာသည့်အတွက် ဆူဇီမိုက တဖြည်းဖြည်း စိတ်ကိုလျှော့ချလိုက်၏။
လက်ရှိအခြေအနေမှာ တောင်ထွတ်သခင်ရှစ်ဦးက သူ့ကို တကယ်တမ်း ဒုက္ခပေးချင်သည်ဆိုလျှင် သူသည် ထွက်ပြေးလွတ်မြောက်ဖို့ပင် အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။ သူသည် အရင်ဆုံး အေးအေးဆေးဆေး ကျင့်ကြံပြီး သူ၏ အသွင်ပြောင်းလဲမှုကို ပြီးမြောက်ရန် အင်မော်တယ်နှိမ်နင်းဓားကို အရင်ဆုံး ထိန်းချုပ်ရမည် ဖြစ်လေသည်။
ဝမ်တုန်နှင့် အခြားသောဓားကျင့်ကြံသူများ အနိဋ္ဌာရုံဓားတောင်ထွတ်၏ နောက်ဘက်သို့ ရောက်ရှိလာသည့်အခါ တောင်ထွတ်သခင်ရှစ်ဦးက ဓားချီအကာအရံလွှာတစ်ခု ထုတ်ဖော်ထားသည်ကို သူတို့က တွေ့မြင်လိုက်ရသည်။ မည်သူကမှ အထဲမှာ ဘာဖြစ်နေသည်ကို မတွေ့မြင်နိုင်ပေ။
“ဘာဖြစ်နေတာလဲ”
ဝမ်တုန်က အသံနှိမ့်၍ မေးလိုက်၏။
“ဘယ်ဓားကျင့်ကြံသူက အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်လိုက်တာလဲ”
သူတို့သည် နောက်ကျမှ ရောက်ရှိလာပြီး အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ခြေရင်းမှာ ရှိသော ဓားကျင့်ကြံသူများက ဖြစ်ပျက်နေသည့်အရာကို သိရှိလောက်လေသည်။
ဓားကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။
“အဲဒါက ဂျူနီယာညီမပေမင်ရဲ့ ဆရာ… တာအိုရောင်းရင်း ဆူကျူးပဲ”
“ဆူကျူးလား”
ဝမ်တုန်နှင့် အခြားသောဓားကျင့်ကြံသူများသည် ထိုနာမည်ကို ကြားသောအခါ မှင်တက်သွားကြသည်။
လမ်းမှာ သူတို့သည် နာမည်တချို့ကို ခန့်မှန်းခဲ့ကြသည်။ သို့သော်လည်း အဲဒါသည် အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်သည့်သူက ဆူကျူးဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
“အဲဒါ တကယ်ပဲ ဆူကျူးလား”
ဓားကျင့်ကြံသူတစ်ယောက်က မယုံကြည်နိုင်ဖြစ်နေသေး၏။
“အမှန်ပဲ”
နောက်ထပ် လူတစ်ယောက်က ပြန်ဖြေလိုက်၏။
“မနေ့တုန်းက တောင်ထွတ်သခင်က ဆူကျူးကို ခေါ်လာခဲ့တယ်… ဆူကျူးက အနိဋ္ဌာရုံဓားတောင်ထွတ်ကို ဆယ်နာရီကြာ အာရုံခံကြည့်ပြီးတဲ့နောက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို တိုက်ရိုက်နားလည်ဆင်ခြင်ခဲ့တယ်”
“ဆယ်နာရီ”
ဝမ်တုန်နှင့် အခြားသူများက တိတ်တဆိတ်ဆွံ့အသွား၏။
သူတို့အုပ်စုပင်လျှင် အနိဋ္ဌာရုံဓားတောင်ထွတ်အောက်မှာ နှစ်နာရီထက် ပိုကြာအောင် မနေနိုင်ပေ။
“ဘာတွေဖြစ်နေတာလဲ”
ဝမ်တုန်က မလှမ်းမကမ်းမှ တောင်ထွတ်သခင် ရှစ်ဦးကို ကြည့်ပြီး အသံနှိမ့်၍ မေးလိုက်၏။
“တာအိုရောင်းရင်း ဆူကျူးက အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်လိုက်တာလား… ဒါဆို ဘာလို့ တောင်ထွတ်သခင်ရှစ်ဦးက ကိုယ်တိုင်လာရောက်ပြီး သူ့ကို ကာကွယ်ပေးရတာလဲ”
လွန်ခဲ့သည့် နှစ်ဝက်က ပေမင်ရွှယ်သည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်မိခဲ့စဉ်က တောင်ထွတ်သခင် လုယွင်သာလျှင် ပေါ်ထွက်လာခဲ့လေသည်။
ဆူဇီမိုသည် အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်နိုင်သည်မှာ တကယ့်ကို တုန်လှုပ်စရာကောင်းလေသည်။ သို့သော်လည်း သူက မည်သို့ပင်ဆိုစေ အပြင်လူတစ်ယောက်သာဖြစ်သည်။
တောင်ထွတ်သခင်ရှစ်ဦးအနေဖြင့် သူ့ကို ကိုယ်တိုင်လာရောက်ကာ ကာကွယ်ပေးဖို့ လိုအပ်ရဲ့လား။
“အဲဒါတော့ ကျုပ်လည်း မပြောတတ်ဘူး”
ဓားကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
“ဆူကျူးက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားရဲ့ ဆေးကြောသန့်စင်မှုကို ခံယူပြီး ဒဏ်ရာ နည်းနည်းရသွားတယ်… သိပ်မကြာဘူး တောင်ထွတ်သခင်ရှစ်ဦးက ရောက်လာတာပဲ”
ဓားကျင့်ကြံသူများအားလုံးက တွေဝေရှုပ်ထွေးနေသော်လည်း အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောခြင်း မရှိကြပေ။ ဆူဇီမို၏ အင်မော်တယ်နှိမ်နင်းဓားအပေါ် ရုတ်တရက်နားလည်ဆင်ခြင်မှုကြောင့် တောင်ထွတ်သခင်ရှစ်ဦးက သူ့ကို ဤမျှအထိ တန်ဖိုးထားလာသည်ဟု သူတို့က မှတ်ယူလိုက်ကြသည်။
“ကြည့်ရတာတော့ တာအိုရောင်းရင်း ဆူကျူးက ဒီနေ့ကစပြီး ငါတို့ရဲ့ ဓားကျင့်ကြသူရောင်းရင်းအသစ် ဖြစ်လာတော့မယ်နဲ့တူတယ်”
ဝမ်တုန်က တောင်ထွတ်သခင် ရှစ်ဦး၏ အတွေးအကြံကို ခန့်မှန်းမိသွားပုံရပြီး ပြုံး၍ပြောလိုက်၏။
အရုဏ်တက်လာခဲ့လေပြီ။
ဆူဇီမိုက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ ဆေးကြောသန့်စင်မှုကို ယခုတင် ပြီးမြောက်စေပြီး သူ၏ အမြုတေချီနှင့် စိတ်ဝိညာဉ်တို့က နောက်ထပ်တစ်ဆင့်ထိ သိသိသာသာ မြင့်တက်လာခဲ့၏။
သူသည် အာကာသသက်ရှိနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခါစဖြစ်သည်။ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ ဆေးကြောသန့်စင်မှုကြောင့် သူ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း သိသိသာသာ မြင့်တက်လာပြီး အဲဒါသည် နှစ်တစ်ထောင်ကျင့်ကြံမှုနှင့် ယှဉ်နိုင်လေသည်။
“စီနီယာတို့… အခုလို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဆူဇီမိုက လက်နှစ်ဖက်ကို ယှက်ပြပြီး တောင်ထွတ်သခင်ရှစ်ဦးကို ကျေးဇူးတင်စကား ပြောလိုက်သည်။
လုယွင်က ပြုံးပြလိုက်၏။
“မင်းမှာ ဖန်တီးခြင်းကြာပဒုမ္မာရဲ့ မျိုးဆက်သွေး ရှိပြီး ဓားကမ္ဘာကို ရောက်လာတယ်ဆိုမှတော့ ဘာမှမပူနဲ့… ငါတို့တွေက မင်းကို အကောင်းဆုံး ကာကွယ်ပေးမယ်”
“ငါတို့ ဓားကမ္ဘာက ကမ္ဘာတစ်ထောင်သုံးဆင့်လောကထဲမှာ ထိပ်တန်းကမ္ဘာကြီးတစ်ခုပဲ… ငါတို့ရဲ့ ပိုင်နက်နယ်မြေက ကောင်းကင်ဘုံကမ္ဘာထက် နိမ့်ကျတယ်ဆိုပေမဲ့ ငါတို့ရဲ့ခွန်အားက မနိမ့်ကျဘူး”
“တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က မင်း ဒီမှာရှိနေတယ်ဆိုတာကို တွက်ချက်နိုင်မယ်ဆိုရင်တောင် ငါတို့တွေက သူ့ကို လာရောက်ခွင့်ပေးမှာ မဟုတ်ဘူး”
လုယွင်၏ စကားသည် ဆူဇီမို ကာလရှည်ကြာ မခံစားရတော့သည့် နွေးထွေးမှုကို ခံစားလာရစေသည်။
သူ တက်လှမ်းလာပြီးနောက် သူသည် တစ်ချိန်လုံး တင်းကျပ်လေးလံနေခဲ့ပြီး နေရာတိုင်းမှာ အမဲလိုက်ခံခဲ့ရသည်။ သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီးတာတောင် သူက အန္တရာယ်ကနေ မလွတ်မြောက်နိုင်ခဲ့ပေ။
ယခုအခါမှသာ ဆူဇီမိုက အနည်းငယ် စိတ်သက်သာရာရလာခဲ့၏။
“စီနီယာ… ခင်ဗျားတို့ပြောတဲ့ ထိပ်တန်းကမ္ဘာကြီးဆိုတာ ဘာကိုပြောတာလဲ”
ဆူဇီမိုက မေးလိုက်သည်။
လုယွင်က ရှင်းပြလိုက်၏။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကမ္ဘာတွေရဲ့ ခွန်အားက သူတို့ရဲ့ ပိုင်နက်နယ်မြေ အရွယ်အစားနဲ့ နည်းနည်းတော့ ပတ်သက်တယ်… ဒါပေမဲ့ အဲ့ဒီမှာ ဧကရာဇ် ဆယ်ပါးကျော် ရှိနေသရွေ့ အဲဒါကို ထိပ်တန်းကမ္ဘာကြီးတစ်ခုလို့ ဆိုနိုင်တယ်”
“ဥပမာ… ကောင်းကင်ဘုံကမ္ဘာ၊ ငါတို့ ဓားကမ္ဘာ၊ နဂါးကမ္ဘာ၊ အလင်းကမ္ဘာ၊ မဟာအရိုင်းကမ္ဘာနဲ့ ရှေးဟောင်းကမ္ဘာတချို့က အဲဒီထဲမှာ ပါဝင်တယ်”
“ကမ္ဘာတစ်ခုမှာ ဧကရာဇ်တစ်ပါးမက ရှိပေမဲ့ ဆယ်ပါးမပြည့်ဘူးဆိုရင် အဲဒါကို အဆင့်မြင့်ကမ္ဘာတစ်ခုလို့ ဆိုရလိမ့်မယ်…. သူတို့မှာ ဧကရာဇ်တစ်ပါးပဲ ရှိမယ်ဆိုရင်တော့ အဲဒါက အလယ်အလတ်ကမ္ဘာတစ်ခုဖြစ်တယ်”
“တကယ်တော့ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဧကရာဇ်ပညာရှင်တစ်ပါးတောင် မရှိတဲ့ ကမ္ဘာတချို့လည်း ရှိတယ်… သူတို့ရဲ့ အလုံးစုံခွန်အားက နိမ့်ကျတယ်… သူတို့ကိုတော့ အဆင့်နိမ့်ကမ္ဘာတွေလို့ သတ်မှတ်တယ်”
ခဏမျှ ရပ်တန့်ပြီးနောက် လုယွင်က ဆက်ပြောလိုက်သည်။
“မိတ်ဆွေလေး ဆူကျူး… အသင်္ချေဓားနန်းတော်ကို ငါတို့နဲ့လိုက်ခဲ့”
“အသင်္ချေ ဓားနန်းတော်လား”
ဆူဇီမိုက ခဏမျှ တွေဝေတုံ့ဆိုင်းပြီး ပြောလိုက်၏။
“အဲဒါက ဓားကမ္ဘာရဲ့ ဗဟိုချက်ပဲ… ဓားကမ္ဘာရဲ့ အမွေခံတပည့်တွေပဲ အဲဒီကို သွားနိုင်တယ်မလား… ကျုပ်က ဘာပဲပြောပြော အပြင်လူတစ်ယောက်…”
ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြုံးပြလိုက်၏။
“မင်းမှာ ဖန်တီးခြင်းကြာပဒုမ္မာရဲ့ မျိုးဆက်သွေး ရှိနေတာပဲ… အင်မော်တယ်နှိမ်နင်းဓားကိုလည်း နားလည်ဆင်ခြင်ထားတယ်… ငါတို့ အဲဒါကို ဘယ်လိုပဲကြည့်ကြည့် မင်းက အပြင်လူတစ်ယောက် မဟုတ်ဘူး”
“အသင်္ချေ ဓားနန်းတော်ကို ကျုပ်တို့က ဘာအတွက် သွားမှာလဲ”
ဆူဇီမိုက ထပ်မံ၍ မေးလိုက်သည်။
လုယွင်က ပြောလိုက်၏။
“မင်းက အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်နိုင်တဲ့အချက်က ဓားတာအိုမှာ မင်းရဲ့ ပါရမီအရည်အချင်းကို ကောင်းကောင်း သက်သေပြပြီးနေပြီ… ပေမင်ရွှယ်က အသင်္ချေဓားနန်းတော်ရဲ့ အထွတ်အထိပ် ကောင်းကင်ဘုံဓားကျောက်စာတိုင်ရှေ့မှာ နားလည်ဆင်ခြင်နေတယ်… မင်းလည်း အဲဒီကို တစ်ချက်လိုက်မကြည့်ချင်ဘူးလား။”