အထွတ်အထိပ်ကောင်းကင်ဘုံ ဓားကျင့်စဉ်
Vol. 185 Ch. 2766
အထွတ်အထိပ်ကောင်းကင်ဘုံ ဓားကျောက်စာတိုင်…
ဆူဇီမိုက အံ့အားသင့်သွားသည်။
အထွတ်အထိပ်ကောင်းကင်ဘုံ ဓားကျောက်စာတိုင်ပေါ်မှာ ဓားကမ္ဘာ၏ တဗူးဂမ္ဘီရကျင့်စဉ်ကို ရေးထွင်းထားသည်ဟု ပေမင်ရွှယ်ထံမှ သူသိရှိခဲ့ရသည်။
အရင်တုန်းက ပေမင်ရွှယ်၏ ပါရမီအရည်အချင်းနှင့်ပင်လျှင် သူမသည် အမွေခံတပည့်တစ်ယောက်ဖြစ်မလာခင်က အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်ကို နားလည်ဆင်ခြင်ရန် အသင်္ချေဓားနန်းတော်သို့ သွားရောက်ဖို့ အဆင့်မမီခဲ့ပေ။
သူကတော့ ဓားကမ္ဘာအတွက် အပြင်လူတစ်ယောက်မျှသာဖြစ်သည်။
ယခုအချိန်ထိ သူသည် ဓားကမ္ဘာသို့ ဝင်ရောက်မည့် မည်သည့်သဘောထားကိုမှ ထုတ်ဖော်မထားခဲ့ပေ။
ဆူဇီမိုက အခြားသော တောင်ထွတ်သခင်များထံကို ကြည့်လိုက်၏။
အခြားသော တောင်ထွတ်သခင်များသည် ဤဆုံးဖြတ်ချက်ကို သိရှိထားပြီးသားဖြစ်သည့်အလား အံ့အားသင့်မသွားကြပေ။
တကယ်တော့ တောင်ထွတ်သခင်ရှစ်ဦးသည် အထွတ်အထိပ်ကောင်းကင်ဘုံ ဓားကျောက်စာတိုင်ကို နားလည်ဆင်ခြင်ရန် သူ့အတွက် ဆုံးဖြတ်ပေးနိုင်သည့်အဆင့်မှာ မရှိကြပေ။
ဆူဇီမိုက ဖန်တီးခြင်းကြာပဒုမ္မာကို ပိုင်ဆိုင်ထားသည်ဟု လုယွင်က ရှာဖွေတွေ့ရှိလိုက်သည့်ခဏမှာပင် သူက ဓားကမ္ဘာ၏ ဧကရာဇ်များထံ ဤကိစ္စကို အစီရင်ခံတင်ပြဖို့ အသင်္ချေဓားနန်းတော်သို့ သတင်းစကားတစ်ခု ပေးပို့ခဲ့လေသည်။
သိပ်မကြာခင် လုယွင်နှင့် အခြားသူများသည် အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ကို နားလည်ဆင်ခြင်ရန် ဆူဇီမိုကို အသင်္ချေဓားနန်းတော်သို့ ခေါ်ဆောင်လာရမည်ဟု အသင်္ချေဓားနန်းတော်ကနေ ပြန်လည်မှာကြားခဲ့လေသည်။
ဓားကမ္ဘာမှ ဧကရာဇ်များသည် ကိစ္စတစ်ရပ်လုံးကို ရိုးရှင်းစွာ ရှုမြင်ထားကြသည်။ ဆူဇီမိုက ဓားကမ္ဘာသို့ ဝင်ရောက်လာမည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူက ငြင်းဆန်မည်ဆိုလျှင်တောင် ဓားကမ္ဘာသည် သူ့ကို အတတ်နိုင်ဆုံး ကြိုးစား၍ ကာကွယ်ပေးရပေမည်။
သူတို့သည် ဆူဇီမိုကို အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ကို နားလည်ဆင်ခြင်ခွင့်ပေးခြင်းသည် သူ့အတွက် သူတို့၏ စေတနာကောင်းကို ပြသရာရောက်လေသည်။
ဓားကမ္ဘာမှ ဧကရာဇ်များ၏ အမြင်အာရုံက အရမ်းကို ထက်ရှလေသည်။
ဆူဇီမိုသည် အနာဂတ်တွင် ထိပ်သီးပညာရှင်များကြားထဲမှတစ်ယောက် သေချာပေါက်ဖြစ်လာမည်ကို သူတို့က တပ်အပ်သေချာပြောနိုင်သည်။
ဆူဇီမိုသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် သိပ်မကြာခင် သဘောတူလိုက်၏။
အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ပေါ်မှ တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုတွင် ဘယ်သူက စိတ်မယိမ်းယိုင်ဘဲနေပါ့မလဲ။
ဒါ့အပြင် ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်-၁၂သို့ တက်လှမ်းလာစဉ်က ၎င်းသည် အလွန်တရာထက်ရှသော ချင်းဖျင်ဓားတစ်လက်ကို မွေးထုတ်ပေးခဲ့လေသည်။
သူသည် အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ရှေ့မှာ တစ်စုံတစ်ရာကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ချင်းဖျင်ဓားနှင့်အတူ နောက်ထပ်တစ်ဆင့်သို့ မြင့်တက်လာပေလိမ့်မည်။
သူက ပေမင်ရွှယ်၏ ဆရာလည်းဖြစ်လေသည်။
သိုင်းတာအိုကို သင်ကြားပေးရုံမျှနှင့် အဲဒါက လုံလောက်လိမ့်မည် မဟုတ်ပေ။ သူက ပေမင်ရွှယ်အား ဓားတာအိုလည်း သင်ကြားပေးနိုင်မည်ဆိုလျှင် သူမ၏ အနာဂတ်အတွက် အလွန်တရာ အကျိုးရှိပေလိမ့်မည်။
တောင်ထွတ်သခင်ရှစ်ဦးသည် ဆူဇီမိုကို အနိဋ္ဌာရုံဓားတောင်ထွတ်၏ ပို့ဆောင်ရေးဝင်္ကပါသို့ ခေါ်ဆောင်ပြီးနောက် အသင်္ချေဓားနန်းတော်သို့ ထွက်ခွာလာကြသည်။
သူရောက်ရှိလာသည့်ခဏမှာပင် ဤနေရာသည် ဓားတောင်ထွတ်ရှစ်ခုနှင့် ကွဲပြားခြားနားသည်ကို ဆူဇီမိုက အာရုံခံမိလိုက်၏။
ဤနေရာမှာရှိသော ဓားချီက ပို၍ပင် ပေါကြွယ်ဝပြီး ပို၍ ပြင်းထန်ကြမ်းတမ်းလေသည်။
တစ်ယောက်ယောက်သည် ပကတိဧကနယ်ပယ်မှာ ရှိမနေလျှင် သူတို့အနေဖြင့် အသင်္ချေဓားနန်းတော်အတွင်း နေထိုင်ဖို့ ခက်ခဲပေလိမ့်မည်။
အသင်္ချေဓားနန်းတော်၏ ပိုင်နက်နယ်မြေသည် ဓားတောင်ထွတ်ရှစ်ခု၏ ကုန်းမြေတိုက်များထက် များစွာပိုမိုသေးငယ်လေသည်။
ဤနေရာကို အတူတကွ ချိတ်ဆက်ထားသော ဧရာမနန်းတော်သောင်းချီနှင့်အတူ တည်ဆောက်ထားလေသည်။ အဲဒီမှာ ကီလိုမီတာထောင်ချီ ဖြန့်ကြက်ထားသော ရင်ပြင်များနှင့် ဂေဟာများရှိပြီး အဲဒါကို အပေါ်စီးကနေ ကြည့်ရှုရသည်မှာ အလွန်တရာ ရင်သပ်ရှုမောဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
ဤနေရာမှာ နန်းတော်အဟောင်းများနှင့် နန်းတော်အသစ်များ ရှိနေသည်။
ရှေးအကျဆုံး နန်းတော်များက ယိုယွင်းပျက်စီးနေပြီဖြစ်ပြီး စစ်ပွဲမီးတောက်များနှင့် အချိန်ကာလ၏ တိုက်စားမှုများဖြင့် ပြည့်နှက်နေ၏။ သူတို့သည် အရင်တုန်းက ဘယ်လိုအရာနှင့် ကြုံတွေ့ခဲ့ရသလဲ မသိရပေ။
အသင်္ချေဓားနန်းတော်မှ ဓားချီသည် ဤမျှအထိ သိပ်သည်းကျစ်လျစ်ပြီး ရှုပ်ထွေးနေသည့် အကြောင်းရင်းမှာ နန်းတော်တစ်ခုချင်းစီကနေ တစ်မူထူးခြားသော ဓားချီတစ်မျိုးစီကို ဖြာထုတ်ပေးနေသောကြောင့်ဖြစ်သည်။
တစ်ယောက်ယောက်က အဲဒါကို သေချာအာရုံစိုက်၍ ကြည့်ရှုမည်ဆိုလျှင် နန်းတော်တစ်ခုချင်းစီမှာ ပါဝင်သော ဓားစိတ်ဆန္ဒများက လုံးလုံးလျားလျားကွဲပြားခြားနားနေသည်ကို တွေ့ရှိရပေလိမ့်မည်။
ဆူဇီမို၏ မျက်လုံးထဲရှိ အံ့အားသင့်မှုကို သတိထားမိပြီး လုယွင်က ရှင်းပြလိုက်သည်။
“ဒီနေရာမှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နန်းတော်တွေက အင်မော်တယ်ဘုရင်တိုင်းရဲ့ ကျင့်ကြံရေးလိုဏ်ဂူခန်းဝါတွေပဲ… အဲဒီမှာ ဓားကမ္ဘာရဲ့ သမိုင်းထဲက ဧကရာဇ်တွေတောင် ပါတယ်”
“နန်းတော်တချို့က တည်ရှိလာခဲ့တာ ခေတ်တချို့ကြာသွားခဲ့ပြီ… တချို့က မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံထက်တောင်မှ ပိုပြီးတော့ ရှေးကျသေးတယ်”
“အဲဒီနန်းတော်တွေရဲ့ ပိုင်ရှင်တွေကတော့ နောက်ဆုံး ဓားကမ္ဘာမှာ အိုမင်းပြီး သေဆုံးသွားခဲ့မယ်ဆိုရင် သူတို့တွေက အမွေအနှစ်ပုံစံတစ်ရပ်အနေနဲ့ သူတို့ရဲ့ လိုဏ်ဂူခန်းဝါတွေထဲမှာ သူတို့ရဲ့ ဓမ္မတာအို ဓားစိတ်ဆန္ဒတွေကို ချန်ထားခဲ့ကြလိမ့်မယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။
ဗုဒ္ဓကျောင်းတော်များမှာလည်း ဤကဲ့သို့ ဆင်တူသော အခြေအနေတစ်ရပ် ရှိလေသည်။
ဗုဒ္ဓကျောင်းတော်များမှ အောင်မြင်ပေါက်မြောက်သော ကိုယ်တော်များသည် သူတို့ကွယ်လွန်သွားပြီးနောက် ဓာတ်တော်မွေတော်အဖြစ် သူတို့၏ ဓမ္မတာအိုများကို အမွေချန်ထားခဲ့ကြပေလိမ့်မည်။
ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က အောက်ဘက်ရှိ ဧရာမနန်းတော်များကို စိတ်မကောင်းသော အမူအရာဖြင့် ကြည့်နေ၏။
“မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံ သေဆုံးသွားပြီးတဲ့နောက် ဓားကမ္ဘာက ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ပြီး ဖျက်ဆီးခံရလုမတတ် ဖြစ်ခဲ့ရတယ်”
“ကံကောင်းစွာနှင့် ဒီနန်းတော်တွေက နောက်ဆုံးမှာ ချမ်းသာရာရပြီး တဖြည်းဖြည်း လက်ရှိအခြေအနေကို ရောက်ရှိလာစေခဲ့တယ်”
ဆူဇီမိုသည် ထိုစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏ စိတ်ထဲမှာ တွေဝေရှုပ်ထွေးမှုတစ်ခုက ပေါ်ထွက်လာ၏။
ယေဘုယျအားဖြင့် ပြောရလျှင် မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံ၏ ခေတ်မှာ ဓားကမ္ဘာသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကတွင် အသန်မာဆုံးကမ္ဘာ သေချာပေါက်ဖြစ်ခဲ့ပေလိမ့်မည်။
မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံက သူ၏ ဘဝသက်တမ်း ကုန်ဆုံး၍ သေဆုံးသွားခဲ့သည်ဆိုလျှင်တောင် ဓားကမ္ဘာ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခံရလုနီးပါးဖြစ်သည်အထိ ဘယ်အဖွဲ့အစည်းက ခြိမ်းခြောက်နိုင်မှာလဲ။
ဒါ့အပြင် အထက်ဘုံသို့ သူတက်လှမ်းပြီးကတည်းက ဆူဇီမိုမှာ အမြဲတမ်း တွေဝေရှုပ်ထွေးနေသောအရာတစ်ခု ရှိနေခဲ့သည်။
ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ကမ္ဘာငယ်များ၊ အလယ်အလတ်ကမ္ဘာများနှင့် မဟာကမ္ဘာများဟူ၍ ခွဲခြားထားကြောင်း လင်းကျန့်က ပြောဆိုခဲ့ဖူးလေသည်။
အတိအကျဆိုရလျှင် အထက်ဘုံဟု ခေါ်ဆိုသောနေရာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ရည်ညွှန်းခြင်း ဖြစ်လေသည်။
သူတက်လှမ်းလာပြီးကတည်းက ယခုအချိန်ထိ သူသည် တစ်ယောက်ယောက်က မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသွားသည်ကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။
မဟာကမ္ဘာတစ်ထောင်လောကက ဘယ်နေရာမှာ ရှိတာလဲ။ အဲဒီကို ဘယ်လိုတက်လှမ်းနိုင်မှာလဲ။
တကယ်ဆို မဟာကမ္ဘာတစ်ထောင်လောကက ရှိရဲ့လားဟုပင် ဆူဇီမိုက သံသယဝင်မိသည်။
အကြောင်းမှာ အထက်ဘုံတွင် သူက မဟာဧကရာဇ်သုံးဦး၏ ဂူသင်္ချိုင်းများကို တွေ့ရှိခဲ့ရသောကြောင့်ဖြစ်သည်။
တစ်ယောက်ယောက်က မဟာဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာပြီးတာတောင် မဟာကမ္ဘာတစ်ထောင်လောကသို့ မတက်လှမ်းနိုင်ကြဘူးလား။
မဟာဧကရာဇ်များပင် အဲဒါကို မလုပ်နိုင်ဘူးဆိုပါက ဘယ်သူက လုပ်နိုင်မှာလဲ။
ဖြတ်တောက်ဓားတောင်ထွတ်သခင်၏ စကားသည် တစ်စုံတစ်ရာကို သွယ်ဝိုက်၍ အတည်ပြုပေးလိုက်သည်။ အရင်တုန်းက မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံသည်လည်း မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းနိုင်ခဲ့ခြင်း မရှိပေ။
တကယ်တော့ အထက်ဘုံမှာ မဟာကမ္ဘာတစ်ထောင်လောကနှင့် ပတ်သက်သည့် သဲလွန်စတချို့ ရှိနေ၏။
အင်မော်တယ်ဘုရင်မလင်းလုံ၏ ထင်မြင်ယူဆချက်အရ ဖန်တီးခြင်းကြာပဒုမ္မာသည် မဟာကမ္ဘာတစ်ထောင်လောကကနေ ရောက်ရှိလာခြင်း ဖြစ်ဖို့များလေသည်။
ယင်ယန်အဆောင်သုတ္တန်ပေါ်မှ စာလုံးများသည်လည်း မဟာကမ္ဘာတစ်ထောင်လောက၏ ယဥ်ကျေးမှုတစ်ရပ်ကနေ ဆင်းသက်လာခြင်း ဖြစ်ဖို့များလေသည်။
“စီနီယာတို့...”
ဆူဇီမိုက အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် ရုတ်တရက်မေးမြန်းလိုက်၏။
“မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံက သူ့ရဲ့ကျင့်ကြံမှုနဲ့ဆို အထက်ဘုံလောကရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပြီ… အဲလိုဆိုရင်တောင် သူက မဟာကမ္ဘာတစ်ထောင်လောကကို မသွားရောက်နိုင်ခဲ့ဘူးလား”
ထိုမေးခွန်းကို ကြားသောအခါ တောင်ထွတ်သခင်ရှစ်ဦးသည် တွေဝေရှုပ်ထွေးသော အမူအရာများကို ထုတ်ဖော်ပြီး နှုတ်ဆိတ်သွားကြသည်။
ခဏနေပြီးနောက် လုယွင်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“မဟာကမ္ဘာတစ်ထောင်လောကနဲ့ ပတ်သက်ပြီး ငါတို့လည်း သိပ်ပြီးမသိဘူး… အဲဒီနေရာကို သွားရောက်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ အခွင့်အလမ်းတစ်ရပ်ကို လိုအပ်တယ်လို့ ကောလာဟလတွေကိုပဲ ငါတို့ကြားဖူးတယ်”
“သတ်မှတ်ထားတဲ့ အခွင့်အလမ်းတစ်ရပ်လား”
ဆူဇီမိုက ပို၍ပင် စဥ်းစားမရ ဖြစ်သွား၏။
ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။
“သတ်မှတ်ထားတဲ့ အခွင့်အလမ်းမရှိဘဲ မင်းက မဟာဧကရာဇ်တစ်ပါး ဖြစ်လာမယ်ဆိုရင်တောင် မဟာကမ္ဘာတစ်ထောင်လောကကို သွားရောက်ဖို့က မဖြစ်နိုင်လောက်ဘူး”
ဆူဇီမိုက ထပ်မံ၍ မမေးမြန်းတော့ပေ။
ကြည့်ရသည်မှာ ဧကရာဇ်နယ်ပယ် ဤပညာရှင်များပင်လျှင် မဟာကမ္ဘာတစ်ထောင်လောကနှင့် ပတ်သက်၍ များများစားစား သိရှိထားသည့်ပုံမပေါ်ပေ။
“ငါတို့ ဒီကို ရောက်လာပြီပဲ”
ထိုစဉ်မှာပင် တောင်ထွတ်သခင်ရှစ်ဦးက ဆူဇီမိုကို မြင့်မားသော ဓားကျောက်စာတိုင်တစ်ခုရှိရာသို့ ခေါ်ဆောင်သွားလေသည်။
ဓားကျောက်စာတိုင်၏ ပုံသဏ္ဌာန်သည် မြေပြင်ပေါ်မှာ ထိုးစိုက်ထားသော အင်မော်တယ်ဓားတစ်လက်နှင့် တူနေသည်။
ဓားပြားပေါ်တွင် ဒေါင်လိုက်စာလုံးငယ်များကို ရေးထွင်းထားလေသည်။
ဓားလက်ကိုင်ပေါ်တွင် ရေးထိုးထားသော စကားလုံးသုံးလုံး ရှိနေ၏။ အထွတ်အထိပ် ကောင်းကင်ဘုံ ဓားကျင့်စဉ်…။
အထွတ်အထိပ်ကောင်းကင်ဘုံဓား ကျောက်စာတိုင်ရှေ့မှာ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ ဓမ္မတာအိုကို နားလည်ဆင်ခြင်နေသည့် နောက်ထပ်အမျိုးသမီးတစ်ဦး ရှိလေသည်။ ထိုသူက ပေမင်ရွှယ်ဖြစ်သည်။
ပေမင်ရွှယ်သည် တရားရှုမှတ်နေသော အခြေအနေမှာ ရှိနေပြီး စိတ်အာရုံစူးစိုက်ထားကာ ဆူဇီမိုနှင့်အခြားသူများ ရောက်ရှိလာသည်ကိုပင် သတိမထားမိပေ။
ဆူဇီမို၏ အကြည့်က အထွတ်အထိပ် ကောင်းကင်ဘုံဓား ကျောက်စာတိုင်ပေါ် ရောက်ရှိသွားပြီး သူက ရင်တစ်ချက်ထိတ်သွား၏။
“ဟမ်…”
အထွတ်အထိပ် ကောင်းကင်ဘုံဓား ကျောက်စာတိုင်ပေါ်မှာ စကားလုံးများက သူနှင့် ရင်းနှီးနေသည့်ပုံ ရှိလေသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ လျှို့ဝှက်စံအိမ်မှာ သူသည် အပေါ်ပိုင်းတွင် 'ဓားကျင့်စဉ်'ဟု ရေးသားထားသည့် ရှေးကျ၍ စုတ်ပြဲနေသော အဖြူရောင်စက္ကူပိုင်းတစ်ပိုင်းကို အမှတ်တမဲ့ မြင်တွေ့ခဲ့ရသည်။
အထွတ်အထိပ် ကောင်းကင်ဘုံဓား ကျောက်စာတိုင်ပေါ်ရှိ စကားလုံးများသည် ဓားကျင့်စဉ်ပေါ်ရှိ စာလုံးများနှင့် ထပ်တူနီးပါး တူညီနေ၏။
“အဲဒီ တစ်ပိုင်းတစ်ပျက်စာရွက်ပေါ်မှာ ရေးထားတဲ့ဟာက အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေမလား”
ဆူဇီမိုသည် အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ပေါ်မှာ မတ်တတ်ရပ်ပြီး အာရုံစိုက်၍ ကြည့်ရှုလိုက်၏။
ထင်မှတ်ထားသည့်အတိုင်းပင် အထွတ်အထိပ်ကောင်းကင်ဘုံဓား ကျေက်စာတိုင်ပေါ်မှာ တစ်ပိုင်းတစ်ပျက်စာမျက်နှာပေါ်ရှိ စကားလုံးများနှင့် ထပ်တူညီသော စာကြောင်းတချို့ကို သူတွေ့ရှိလိုက်ရလေသည်။