နဝမမြောက်ဓားတောင်ထွတ်
Vol. 185 Ch. 2769
ဤဓားစိတ်ဆန္ဒသည် အဆက်မပြတ်ဖြန့်ကြက်သွားလေသည်။ ၎င်းသည် ဘေးပတ်လည်ရှိ ရှေးကျ၍ အလွန်ကြီးမားသော နန်းတော်ပေါင်းများစွာကို လွှမ်းခြုံသွားရုံသာမက ၎င်းက ဆက်လက်၍ဖြန့်ကြက်သွားလေသည်။
မင်စက်များပျံ့နှံ့သွားသလို မရဏအော်ရာက တောင်ထွတ်ရှစ်ခုကို အုပ်မိုးလာခဲ့သည်။
သိပ်မကြာခင် တောင်ထွတ်ရှစ်ခုကပင် အသက်ဓာတ်ကင်းမဲ့သောအမှောင်ထုထဲမှာ ပျောက်ကွယ်သွားလေသည်။ ဓားကမ္ဘာတစ်ခုလုံးသည် ဧရာမဂူသင်္ချိုင်းထဲမှာ မြှုပ်နှံခံလိုက်ရသည့်ပုံပင်။
ချက်ချင်းပင် ဓားတောင်ထွတ်ရှစ်ခုမှ ဓားကျင့်ကြံသူများသည် သူတို့လုပ်နေသည့်အရာများကို ရပ်တန့်ပြီး နေရာမှာပက် ငေးမောမှင်တက်သွားကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် မမြင်ရသောအင်အားတစ်ရပ်ဖြင့် ဂူသင်္ချိုင်းတစ်ခုအောက်မှာ အရှင်လတ်လတ်မြှုပ်နှံခံရတော့မည့်အလား ခံစားလာရပြီး အသက်မရှုနိုင်ကြတော့ပေ။
ဂူသင်္ချိုင်းထဲမှာ ပုန်းကွယ်နေသည့် အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုရှိနေသည်။
အရာရာတိုင်းကိုဆုတ်ဖြဲ၍ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်ပုံရသော အလွန်တရာထက်ရှမှုတစ်ခုကလည်း ရှိနေပုံရလေသည်။
ထိုထက်ရှမှုသည် လူတိုင်း၏ ဘေးတည့်တည့်မှာ ရှိနေပြီး သူတို့ကို အချိန်မရွေး အပိုင်းပိုင်းဆုတ်ဖြဲပစ်နိုင်သည်။
ဘယ်လောက်တောင်စွမ်းအားကြီးမားတဲ့ ဓားစိတ်ဆန္ဒလဲ။
တောင်ထွတ်သခင်ရှစ်ဦးက တုန်လှုပ်သွားကြသည်။
သူတို့ရှေ့မှမြင်ကွင်းသည် စောစောက ဆူဇီမို၏ ဓားကွက်များ ထုတ်ဖော်ခြင်းထက်ပင် များစွာပို၍တုန်လှုပ်စရာကောင်းနေသည်။
သို့သော်လည်း သိပ်မကြာခင် ဆူဇီမိုသည် ဤကဲ့သို့စွမ်းအားကြီးမားသော ဓားစိတ်ဆန္ဒကို ခံနိုင်ရည်မရှိတော့သည့်ပုံပင်။ သူ၏ ခန္ဓာကိုယ်က အနည်းယိမ်းထိုးသွားပြီး သူ၏ မျက်နှာက မနှိုင်းယှဥ်သာအောင် ဖြူဖျော့လာခဲ့၏။ သူသည် ဈာန်ဝင်စားနေသော အခြေအနေကနေ နိုးထလာပြီး သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ကာ သည်းထန်စွာ မောဟိုက်နေ၏။
မလှမ်းမကမ်းမှာ သံသရဖူဆောင်းအဖိုးအိုက ဆူဇီမိုကို နက်ရှိုင်းစွာကြည့်နေလေသည်။
ဤကဲ့သို့ ကြောက်စရာကောင်းသော ဓားစိတ်ဆန္ဒတစ်ခုကို ခံနိုင်ရည်ရှိပြီး ဓားကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံစေနိုင်ဖို့အတွက် ဤကောင်လေး၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်သည် သေချာပေါက် အာကာသသက်ရှိနယ်ပယ်မှာ မကပေ။
ဒါ့အပြင် ဤလုပ်ရပ်ကို လုံလောက်အောင် သိပ်သည်းကျစ်လစ်မှုရှိပြီး စွမ်းအားကြီးမားသည့် အမြုတေစိတ်ဝိညာဥ်တစ်ခုကသာ ပြုလုပ်နိုင်လေသည်။
ဤကောင်လေးက သူ့ရဲ့ခွန်အားကို ဖုံးကွယ်ထားတာပဲ။ သူက ရောက်လာတုန်းကထက်တောင် ပိုပြီးတော့သန်မာလာတဲ့ပုံပဲ။
သံသရဖူဆောင်းအဖိုးအိုက သူ့ဘာသာသူတွေးလိုက်၏။
ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သည့်အချိန်မှာ မလှမ်းမကမ်းတွင် ကြက်သေသေ၍ သူတို့၏ ဣန္ဒြေကို လုံးလုံးလျားလျားဆုံးရှုံးနေသည့် တောင်ထွတ်သခင်ရှစ်ဦးကို သူက တွေ့မြင်လိုက်ရသည်။
လေထဲမှာ ဖြူဖပ်ဖြူရော်မျက်နှာနှင့်အတူ မတ်တတ်ရပ်နေသည့် သရဖူဆောင်းအဖိုးအိုတစ်ဦးကိုလည် တွေ့မြင်လိုက်ရသည်။
“တော်တော်သန်မာတာပဲ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။
သရဖူဆောင်းအဖိုးအိုသည် မည်သည့်ဓားစိတ်ဆန္ဒကိုမှ ထုတ်ဖော်မထားသော်လည်း သူသည် အဖိုးအို၏ ရှေ့မှာ ဖော်မပြတတ်သည့် ဖိအားတစ်ရပ်ကို ခံစားနေရသည်။
ဤခံစားချက်သည် ဧကရာဇ်ပိုရွှင်းလို ပညာရှင်တစ်ဦး၏ ရှေ့မှာ သူတွေ့ကြုံခံစားခဲ့ရသည့် တစ်စုံတစ်ရာဖြစ်လေသည်။
ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦး...။
အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ရှေ့မှာ သူ၏ ဉာဏ်အလင်းပွင့်မှုသည် ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦးကို ပေါ်ထွက်လာစေလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့ပေ။
“ဒီအခွင့်အလမ်းကိုပေးအပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်စီနီယာတို့”
ဆူဇီမိုက တောင်ထွတ်သခင်ရှစ်ဦးကို ကျေးဇူးတင်စကားပြောပြီး မလှမ်းမကမ်းမှာရှိသော သရဖူဆောင်းအဖိုးအိုထံ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
သံသရဖူဆောင်းအဖိုးအိုက ဖြည်းဖြည်းချင်းဆင်းသက်လာပြီး ဆူဇီမိုကဲ့သို့ မြေပြင်ပေါ်မှာ မတ်တတ်ရပ်လိုက်၏။
စောစောက စီးပိုးလွန်းသောဖိအားက သိသိသာသာ ဖျော့တော့သွားလေသည်။
သူက သူ၏ လက်ကိုညင်သာစွာ ဝေ့ယမ်းပြီး သူ၏ ဘေးပတ်လည်မှာ ဓားချီအကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်စေကာ ဆူဇီမို၊ တောင်ထွတ်သခင်ရှစ်ဦးနှင့် ပေမင်ရွှယ်တို့ကို အုပ်မိုးသွားလေသည်။
ဓားချီအကာအရံအလွှာသည် အသံကို ပိုင်းခြားပေးနိုင်ရုံသာမက ဓားကမ္ဘာမှ အခြားသောဧကရာဇ်များ၏ စိတ်ဝိညာဥ်အသိစိတ်များကပင် အဲဒါကို မထိုးဖောက်နိုင်ပေ။
“ဆူကျူးက မင်းရဲ့နာမည်အရင်း မဟုတ်ဘူးမလား”
သရဖူဆောင်းအဖိုးအိုက မေးလိုက်၏။
ဆူဇီမိုသည် လုယွင်နှင့် အခြားသူများကို ကြည့်ပြီးနောက် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
သရဖူဆောင်းအဖိုးအိုက ဖန်တီးခြင်းကြာပုဒမ္မာအဖြစ် သူ၏ သရုပ်သကန်ကို သိရှိထားပြီးသားဖြစ်သည်ဟု ဆူဇီမိုက ချက်ချင်းပင် နားလည်သဘောပေါက်လိုက်၏။
ထိုသို့ဆိုမှတော့ သူ့အနေဖြင့် အဲဒါကို ဖုံးကွယ်ထားစရာ မလိုတော့ပေ။
ဆူဇီမိုက ခေါင်းညိတ်ကာပြောလိုက်၏။
“ကျုပ်က ဆူဇီမိုပါ... ကျုပ်ရဲ့ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကြောင့် ကျုပ်နောက်ကို ရန်သူတွေ တောက်လျှောက်လိုက်နေတဲ့အတွက် ကျုပ်ရဲ့နာမည်အရင်းကို ဖုံးကွယ်ထားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး... စီနီယာတို့ ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ”
“အဲဒါက ဖြစ်သင့်ပါတယ်”
သရဖူဆောင်းအဖိုးအိုက ပြောလိုက်၏။
“မင်းက မင်းကိုယ်မင်း မကာကွယ်နိုင်ခင် သတိထားတာ အကောင်းဆုံးပဲ”
ခဏမျှရပ်တန့်ပြီးနောက် သံသရဖူဆောင်းအဖိုးအိုက ရုတ်တရက်ပြောလိုက်၏။
“မိတ်ဆွေလေး.... မင်းက ဒီကိုရောက်လာပြီဆိုမှတော့ မင်းက ငါတို့ ဓားကမ္ဘာနဲ့ ရေစက်ပါတယ်လို့ဆိုနိုင်တယ်... နောက်ပြီး မင်းရဲ့တပည့်နဲ့ မိတ်ဆွေဟောင်းတစ်ဦးကလည်း ဒီမှာရှိနေတယ်... မင်းက ဓားကမ္ဘာကို ဝင်ရောက်လိုမလား ငါသိချင်မိတယ်”
တောင်ထွတ်သခင်ရှစ်ဦးက အကြည့်ချင်းဖလှယ်ပြီး တိတ်တဆိတ်ဆွံ့အသွားလေသည်။
သံသရဖူဆောင်းအဖိုးအို၏ အဆင့်အတန်းအရပင် သူသည် ဆူဇီမိုကို ဓားကမ္ဘာသို့ဝင်ရောက်ရန် ကိုယ်တိုင်ဖိတ်ခေါ်နေပြီး ပကတိအင်မော်တယ်တစ်ဦးကို မိတ်ဆွေလေးဟုပင် ယဥ်ကျေးစွာခေါ်ဝေါ်နေလေသည်။
ဆူဇီမိုကလည်း မှင်တက်သွားလေသည်။
သူသည် ဤအခြေအနေကို အရင်က တွေးမိထားခဲ့လေသည်။ သို့သော်လည်း သူ့ကို ဖိတ်ခေါ်ဖို့အတွက် ဧကရာဇ်ပညာရှင်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု ထင်မှတ်မထားပေ။
ပေမင်ရွှယ်၏ စစချင်းတည်ငြိမ်နေသော မျက်လုံးများကလည်း မျှော်လင့်စောင့်စားမှုဖြင့် တဖျတ်ဖျတ်လက်လာ၏။
ဆူဇီမိုက နှုတ်ဆိတ်နေသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ဖြစ်ရပ်အပြီး၌ သူသည် ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကို ဝင်ရောက်ဖို့ အလိုလိုစိုးရိမ်ပူပန်လာခဲ့သည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ဉာဏ်ပညာထက်မြတ်၍ အကြင်နာမေတ္တာတရားကြီးမားသည့်ပုံပေါ်သော်လည်း သူသည် အလွန်တရာစဉ်းလဲပြီး ရက်စက်ကြမ်းတမ်းလေသည်။ ယခုအချိန်မှာတောင် သူက အဲဒါကို ပြန်တွေးမိချိန်မှာ ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်သည်။
သူ၏ အကောက်ကြံမှု ပေါ်ထွက်လာချိန်မှာတောင် တက္ကသိုလ်ဂိုဏ်းချုပ်သည် အပြုံးတစ်ခုကို ထုတ်ဖော်ထားဆဲဖြစ်ပြီး အဲဒါကို ဆူဇီမို၏ ကောင်းကျိုးအတွက် စေတနာဖြင့် ပြုလုပ်ပေးခြင်းဖြစ်သည်ဟု သူက ရှင်းပြနေခဲ့လေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ တက္ကသိုလ်ဂိုဏ်းချုပ်၏ စကားလုံးများနောက်ကွယ်မှာ ရည်မှန်းချက်တစ်ခုသာရှိလေသည်။ သူ့အပေါ် အမြတ်ထုတ်ဖို့ဖြစ်သည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုအပေါ် အမြတ်ထုတ်ချင်ရုံသာမက သူသည် အဲဒါအတွက် သူ့ကိုပင် ကျေးဇူးတင်စေလိုလေသည်။
“မင်းမှာ စိုးရိမ်ပူပန်စရာတစ်ခုခု ရှိလို့လား”
တစ်ခုခုကို ထွင်းဖောက်မြင်ရသည့်အလား သံသရဖူဆောင်းအဖိုးအိုက ပြောလိုက်သည်။
“မပူပါနဲ့... မင်းရဲ့ အစစ်အမှန် သရုပ်သကန်နဲ့ ဖန်တီးခြင်းကြာပဒုမ္မာကိစ္စကို ဘယ့်သူ့ကိုမှ ပြောခွင့်မပေးဘူး”
သံသရဖူဆောင်းအဖိုးအိုက တောင်ထွတ်သခင်ရှစ်ဦးကိုကြည့်ပြီး ပြောလိုက်၏။
“ဓားကမ္ဘာက တခြားဧကရာဇ်တွေအပါအဝင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မင်းတို့ရှစ်ယောက် ပြောခွင့်မရှိဘူး”
တောင်ထွတ်သခင်ရှစ်ဦးက ရင်တစ်ချက်ထိတ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြလိုက်၏။
သံသရဖူဆောင်းအဖိုးအိုသည် ဤကိစ္စကို ဓားကမ္ဘာ၏ အခြားသောဧကရာဇ်များထံကနေပင် ဖုံးကွယ်ပေးလိုသည့်အချက်သည် သူ၏ စိတ်ရင်းမှန်းကန်မှုကို ပြသနေသည်။
ဆူဇီမိုက ခဏမျှနှုတ်ဆိတ်ပြီးနောက် ပြောလိုက်၏။
“ကျုပ်က ဓားကမ္ဘာကို အခုဝင်ရောက်မယ်ဆိုရင်တောင် ကျုပ်က တစ်နေ့မှာ ထွက်သွားနိုင်တယ်... ကျုပ်က...”
“အဲဒါ ရပါတယ်”
သံသရဖူဆောင်းအဖိုးအိုက ပြုံးပြလိုက်၏။
“ဓားကမ္ဘာကို ဝင်ရောက်တာက မင်းရဲ့လွတ်လပ်ခွင့်ကို ကန့်သတ်ထားမှာ မဟုတ်ဘူး... မင်းက နောက်ပိုင်းမှာ ဘယ်ကိုပဲသွားသွား ဒါမှမဟုတ် မင်းက ဘယ်လိုအဖွဲ့အစည်းကိုပဲတည်ထောင်တည်ထောင် အဲဒါက မင်းသဘောပဲ”
“ကောင်းပါပြီ”
ဆူဇီမိုကဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ သဘောတူလိုက်၏။
ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဓားကမ္ဘာ၏ ပတ်ဝန်းကျင်၊ ကျင့်ကြံရေးပတ်ဝန်းကျင်နှင့် သူနှင့် ထိတွေ့ဆက်ဆံခဲ့သော ဓားကျင့်ကြံသူများစွာသည် သူ့ကို ကောင်းကင်မွန်သော ထင်မြင်ချက်တစ်ခုကို ရရှိလာစေ၏။
သူ့ရှေ့မှ သရဖူဆောင်းအဖိုးအိုက သူ့ကိုပေးနေသည့်ခံစားချက်သည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် လုံးလုံးလျားလျားကွဲပြားခြားနားလေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ထွင်းဖောက်မမြင်နိုင်သည့် ထူးခြားအံ့မခန်း အသူတရာချောက်နက်တစ်ခုနှင့် တူလေသည်။
သူ့ရှေ့မှ သံသရဖူဆောင်းအဖိုးအိုကတော့ သူ၏ ပုံသဏ္ဌာန်က ဓားတစ်လက်ကဲ့သို့ဖြစ်ပြီး သူ၏ အဝတ်များကို ဖွင့်ထုတ်ပြထားလေသည်။ သူ၏ အကြည့်က ပွင့်လင်းရိုးသားမှုရှိပြီး ဆူဇီမိုကို ပို၍သက်တောင့်သက်သာခံစားရစေ၏။
ဆူဇီမို၏ သဘောတူစကားကို ကြားရသာအခါ ပေမင်ရွှယ်ကလည်း ပြုံးလိုက်လေသည်။
သူတို့နှစ်ယောက်သည် ဆရာနှင့်တပည့်သာဖြစ်သည်။ သို့သော်လည်း ပေမင်ရွှယ်သည် သူ့အပေါ် အဖေတစ်ယောက်လို မှီခိုအားထားနေသည့်အလား ဆူဇီမိုအပေါ် ကွဲပြားခြားနားသော ခံစားချက်တစ်ခုရှိနေ၏။
သူမမှာ တခြားမည်သည့်အတွေးမှ မရှိခဲ့ပေ။ သူမသည် ဆူဇီမို၏ ဘေးမှာနေပြီး ကျင့်ကြံလိုချင်ရုံမျှသာဖြစ်သည်။
လက်ရှိအခြေအနေနှင့်ပတ်သက်၍ သူမကလည်း စိတ်ကျေနပ်အားရမိပေလိမ့်မည်။
တောင်ထွတ်သခင်ရှစ်ဦးက အားတက်သရောရှိလာပြီး စိတ်လှုပ်ရှားလာကြ၏။
ဆူဇီမိုသည် ဓားကမ္ဘာကိုဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပြီးလေပြီ။ ဆူဇီမိုကို သူတို့၏ တောင်ထွတ်များသို့ ဖိတ်ခေါ်နိုင်သည့်မည်သူမဆို သေချာပေါက် များစွာပိုမိုသန်မာလာပေလိမ့်မည်။
တောင်ထွတ်သခင်ရှစ်ဦးသည် ဆူဇီမိုကို မျှော်လင့်စောင့်စားစွာဖြင့် ကြည့်နေပြီး သူတို့၏ မျက်လုံးများဖြင့် အတတ်နိုင်ဆုံးကြိုးစား၍ အချက်ပြနေ၏။
ဤနေရာမှာ သံသရဖူဆောင်းအဖိုးအို ရှိနေခြင်းကြောင့်မဟုတ်လျှင် သူတို့က သူ့ကို တိုက်ရိုက်ဆွဲလုကြပေလိမ့်မည်။
သံသရဖူဆောင်းအဖိုးအိုက ဒေါသတကြီး အော်ငေါက်လိုက်၏။
“မင်းတို့ရဲ့ မျက်နှာအမူအရာတွေက ဘာဖြစ်နေကြတာလဲ... ဆူကျူးကို မင်းတို့ရဲ့တပည့်ဖြစ်စေချင်လို့လား”
“အဲဒါဆိုရင် တခြားဘာရှိသေးလို့လဲ”
တောင်ထွတ်သခင်ရှစ်ဦးက မှင်တက်သွားလေသည်။
လုယွင်က ညင်သာစွာချောင်းဟန့်ကာပြောလိုက်၏။
“မိတ်ဆွေလေးဆူကျူးက ဘာပဲပြောပြာ အင်မော်တယ်ဘုရင်တစ်ပါးမဟုတ်သေးဘူး”
“သူက အသင်္ချေဓားနန်းတော်ကို တိုက်ရိုက်ဝင်ရောက်လို့မရဘူး... မဟုတ်ရင်အဲဒါက စည်းမျဥ်းစည်းကမ်းကို ဖောက်ဖျက်ရာကျနေလိမ့်မယ်”
“ဒါပေါ့”
သံသရဖူဆောင်းအဖိုးအိုက ညင်သာစွာခေါင်းညိတ်ပြလိုက်၏။
လုယွင်က ဆက်ပြောလိုက်သည်။
“သူက ဓားတောင်ထွတ်ရှစ်ခုကိုလည်း မဝင်ရောက်နိုင်ဘူး... အသင်္ချေဓားနန်းတော်ကိုလည်း မဝင်ရောက်နိုင်ဘူးဆိုရင် သူက တခြားဘယ်နေရာကိုသွားရမှာလဲ... မဟုတ်မှလွဲ...”
သူသည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူ၏ စကားက ယတိပြတ်ရပ်တန့်သွားလေသည်။
အခြားသောတောင်ထွတ်သခင်ခုနှစ်ဦး၏ အမူအရာများကလည်း ပြောင်းလဲသွားကြသည်။
သံသရဖူဆောင်းအဖိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဓားကမ္ဘာက ဆူကျုးအတွက် ဓားတောင်ထွတ်ရှစ်ခုနဲ့ယှဥ်နိုင်တဲ့ နဝမမြောက်ဓားတောင်ထွတ်ကို တည်ဆောက်ပေးရလိမ့်မယ်... ဆူကျူးက နဝမမြောက်ဓားတောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်လာမယ်။”