ကောင်းမွန်သောကမ္မ
Vol. 185 Ch. 2770
တောင်ထွတ်သခင်ရှစ်ဦးသည် အဲဒါကို ခန့်မှန်းမိခဲ့ပြီးသားဖြစ်သော်လည်း သံသရဖူဆောင်းအဖိုးအိုထံမှ ကြားသိလိုက်ရသောအခါ သူတို့က တုန်လှုပ်သွားရဆဲဖြစ်သည်။
နဝမမြောက်ဓားတောင်ထွတ်…။
တောင်ထွတ်သခင်ရှစ်ဦးသည် အကြည့်ချင်းဖလှယ်ပြီး ခါးသက်စွာပြုံးလိုက်ကြ၏။
စောစောက သူတို့သည် ဆူဇီမိုကို သူတို့၏ တပည့်အဖြစ် ဘယ်လိုစည်းရုံးသိမ်းသွင်းရမလဲ တွေးတောနေခဲ့ကြသည်။ ယခု သူတို့အနေဖြင့် ထပ်မံ၍တိုက်ခိုက်စရာ မလိုအပ်တော့ပေ။
ဆူဇီမိုသည် နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်ဖြစ်လာလေပြီ။
ဤအချက်သည် သံသရဖူဆောင်းအဖိုးအိုက ဆူဇီမိုကို ဘယ်လောက်မြင့်မြင့်မားမား သတ်မှတ်ထားသလဲ သိသာစေလေသည်။
သူသည် ဆူဇီမိုကို ကိုယ်တိုင်ဖိတ်ခေါ်ခဲ့ရုံသာမက သူသည် သူ့အတွက် တောင်ထွတ်တစ်ခုကိုပင် တည်ဆောက်ပေးလိုလေသည်။
လုယွင်က ပြုံး၍ ကျီစယ်လိုက်၏။
“ကိုယ့်လူက တစ်ခါတည်းနဲ့ တစ်ဟုန်ထိုး မြင့်တက်သွားတာပဲ… သူက အခုဆို ငါတို့နဲ့ ရင်ဘောင်တန်းရပ်တည်နိုင်နေပြီ”
“အမှန်ပဲ”
ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်ကလည်း ပြုံး၍ ပြောလိုက်၏။
“ကျွန်မတို့တွေ နောက်ပိုင်းမှာ သတိထားရမယ်… သူ့ကို မိတ်ဆွေလေးလို့ ဆက်ပြီးခေါ်လို့ မရတော့ဘူး”
တောင်ထွတ်သခင်နှစ်ဦးက စိတ်လက်ပေါ့ပါးသော အမူအရာဖြင့် ပြောဆိုလိုက်ကြပြီး ဆူဇီမိုပေါ် မည့်သည့်မကောင်းသော ရည်ရွယ်ချက်မှ မရှိကြပေ။
ဆူဇီမိုသည် သူ၏ ပကတိအင်မော်တယ်ကျင့်ကြံမှုနှင့်အတူ သူ၏ နဝမမြောက် တောင်ထွတ်သခင်ဖြစ်လာကာ သူတို့နှင့် ယှဉ်နိုင်တော့မည်ဖြစ်သော်လည်း တောင်ထွတ်သခင်ရှစ်ဦး၏ မျက်နှာပေါ်တွင် မည့်သည့်မကျေနပ်ချက်မှ မရှိကြပေ။
ထိုအစား သူတို့က ဆူဇီမိုအတွက် ဝမ်းသာပျော်ရွှင်မိကြသည်။
တစ်ချိန်လုံးတည်ငြိမ်နေသော ပေမင်ရွှယ်က သံသရဖူဆောင်းအဖိုးအို၏ ဆုံးဖြတ်ချက်ကို ကြားရသောအခါ မယုံကြည်နိုင်မှုဖြင့် သူမ၏ ပါးစပ်က အလိုလိုပွင့်ဟသွား၏။
တစ်ခဏချင်းမှာပင် သူမ၏ ဆရာသည် တောင်ထွတ်တစ်ခု၏ တောင်ထွတ်သခင်ဖြစ်လာခဲ့သည်။
သည်ဘက်မျိုးဆက်၏ အမွေခံတပည့်များကြားမှာ ဓားကမ္ဘာ၏ တန်ဖိုးထားရဆုံး အရိုက်အရာဆက်ခံသူသုံးယောက်က သူမ၊ ယွင်ထင်နှင့် လင်းရွှင်ကျန်းတို့ဖြစ်လေသည်။
သူတို့သုံးယောက်က ဘယ်လောက်ပင် တန်ဖိုးထားခံရသည်ဖြစ်စေ ဤမျှအတိုင်းအတာထိ မရောက်ရှိနိုင်ကြပေ။
ဆူဇီမိုအတွက် ဤကဲ့သို့သော ပြုမူဆက်ဆံမှုသည် ဓားကမ္ဘာ၏ သမိုင်းမှာ မကြုံစဖူး ထူးခြားအံ့မခန်း ဖြစ်စဉ်တစ်ခု ဖြစ်ပေလိမ့်မည်။
ဆူဇီမိုကလည်း အံ့အားသင့်သွားသည်။
အစကတော့ သူသည် ဓားကမ္ဘာသို့ ဝင်ရောက်ပြီးနောက် သာမန်အမွေခံတပည့်တစ်ယောက်အဖြစ် နေထိုင်မည်ဟု စဉ်းစားထား၏။
သို့သော် ယခု သံသရဖူဆောင်းအဖိုးအိုက ဤမျှအထိ လေးနက်သော ကတိကဝတ်တစ်ခုကိုပင် ပေးလာခဲ့လေသည်။
ဆူဇီမိုက လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“စီနီယာ… ခင်ဗျားရဲ့စေတနာကောင်းအတွက် ကျုပ်က အရမ်းကို ကျေးဇူးတင်ရပါတယ်… ဒါပေမယ့် ကျုပ်ရဲ့ကျင့်ကြံမှုက လုံလောက်မှုမရှိဘူး… ကျုပ်က အတွေ့အကြုံနုနယ်သေးတယ်… ကျူပ်ကို တောင်ထွတ်သခင်တစ်ဦးအဖြစ် တိုက်ရိုက်သတ်မှတ်ဖို့ဆိုတာက… အဲဒါက…”
သူသည် ယဉ်ကျေးသယောင် ဟန်ဆောင်နေခြင်းမဟုတ်ဘဲ အဲဒါက အမှန်ကို ပြောဆိုနေခြင်းဖြစ်သည်။
သူသည် ဓားကမ္ဘာသို့ ရောက်ရှိလာသည်မှာ သုံးနှစ်ကျော်ကျော်သာလျှင်ရှိသေးလေသည်။
သူသည် ဓားကမ္ဘာသို့ ဝင်ရောက်ဖို့ သဘောတူလိုက်သည့် ခဏမှာပင် တောင်ထွတ်တစ်ခု၏ တောင်ထွတ်သခင် ဖြစ်လာခဲ့သည်။ သူက အများသူငှာကို လက်ခံယုံကြည်နိုင်စေနိုင်စရာ အကြောင်းမရှိပေ။
ဓားတောင်ထွတ်ရှစ်ခု၏ တောင်ထွတ်သခင်များက ထိပ်သီးပကတိအင်မော်တယ်ဘုရင်များ ဖြစ်ကြလေသည်။
ပကတိအင်မော်တယ်တစ်ဦးအနေဖြင့်ပင် သူသည် အာကာသသက်ရှိနယ်ပယ်မှာသာ ရှိလေသည်။ ဓားကမ္ဘာ၏ ပကတိအင်မော်တယ်များကြားမှာ သူ့အထက်မှာရပ်တည်သော ထိပ်သီးပညာရှင်များစွာရှိလေသည်။
ဥပမာအားဖြင့် နံပါတ်တစ်အမွေခံတပည့်ဟု ကျော်ကြားသော လင်းရွှင်ကျန်းသည် ဘယ်လိုပဲကြည့်ကြည့် သူ့ထက်ပို၍ အဆင့်မီလေသည်။ မထင်မှတ်ထားစွာပင် ဆူဇီမိုစကားဆုံးအောင် မပြောရသေးခင် သံသရဖူဆောင်းအဖိုးအိုက လက်ကာပြလိုက်၏။
“ငါတို့ဓားကမ္ဘာမှာ နောက်ခံတွေနဲ့ ကျင့်ကြံမှုနယ်ပယ်တွေက သိပ်ပြီးအရေးမကြီးဘူး”
“မင်းရဲ့ကျင့်ကြံမှုနယ်ပယ်က နဲနဲနိမ့်ကျနေသေးတယ် ဒါပေမယ့် စောစောက ဓားစိတ်ဆန္ဒတစ်ခုနဲ့တင် မင်းက နဝမမြောက်ဓားတောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်လာဖို့ လုံလောက်နေပြီ”
တောင်ထွတ်သခင်ရှစ်ဦးကလည်း ခေါင်းညိတ်ပြလိုက်ကြ၏။
သူတို့သည် ကြောက်စရာကောင်းသော ဓားစိတ်ဆန္ဒကို ယခုတင် ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီး အဲဒါကို ပြန်စဉ်းစားကြည့်သည့်အခါ အကြောက်မပြေသေးပေ။
ဆူဇီမိုက တွေဝေတုံ့ဆိုင်းနေဆဲဖြစ်၏။
ယခုတင် သူနားလည်ဆင်ခြင်ထားသော ဓားသင်္ချိုင်းတာအိုကလွဲလျှင် သူ့ကို နဝမမြောက်တောင်ထွတ်သခင်ဖြစ်လာစေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေသည်။ သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ။
သို့သော်လည်း အခြားမည်သူကမှ ဤအကြောင်းကို မသိရှိကြဘဲ သံသရဖူဆောင်းအဖိုးအိုက အဲဒါကို ပျံ့နှံ့ခွင့်လည်း ပေးမထားပေ။
အခြားသော ဓားကျင့်ကြံသူများက သူသည် နဝမမြောက်ဓားတောင်ထွတ်၏ တောင်ထွတ်ဖြစ်လာမည်ဟု ကြားသိရမည်ဆိုလျှင် သူတို့သည် သေချာပေါက် မချင့်မရဲခံစားလာရပေလိမ့်မည်။ သူသည် ထိုအချိန်မှာ ပြဿနာ တချို့နှင့် သေချာပေါက် ကြုံတွေ့ရပေလိမ့်မည်။
သံသရဖူဆောင်းအဖိုးအိုက ထပ်ပြောလိုက်၏။
“မပူနဲ့ ဒီကိစ္စကို ဆုံးဖြတ်ချက်ချပြီးသွားပြီ… ဘယ်သူကမှ မင်းရဲ့အဆင့်အတန်းကို စိန်မခေါ်စေရဘူး”
“နောက်ပြီး ငါတို့တွေက ဒီကိစ္စကို သိုသိုသိပ်သိပ်ထားမှာမဟုတ်ဘူး… ငါတို့တွေက မဟာအခမ်းအနားတစ်ခုကို ကျင်းပပြီး နဝမမြောက်တောင်ထွတ်ရဲ့အမည်ကို ပျံ့နှံ့စေမယ်… ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ကမ္ဘာတွေကလည်း နဝမမြောက်တောင်ထွတ်သခင်က ဘယ်သူလည်းဆိုတာ သိလာလိမ့်မယ်”
ဆူဇီမိုက ကြက်သေသေနေ၏။
လုယွင်က ပြုံး၍ ရှင်းပြလိုက်သည်။
“အဲဒါက ငါ့ဆရာရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ဘဲ… ငါတို့ဓားကမ္ဘာက ထိပ်တန်းကမ္ဘာကြီးတစ်ခုဘဲ… တောင်ထွတ်သခင်ဆိုတဲ့ မင်းရဲ့အဆင့်အတန်းက မင်းရဲ့ ကာကွယ်ရေး အဆောင်တစ်ခုလို ဖြစ်လာလိမ်မယ်”
“တစ်ယောက်ယောက်က သူတို့ရဲ့ အဆင့်အတန်း ဒါမှမဟုတ် သူတို့ရဲ့ စွမ်းအားကို အသုံးချပြီး မင်းကို ထိပါးလာရဲမယ်ဆိုရင် သူတို့ကို နောက်ခံပေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာတွေက နောက်ဆက်တွဲအကျိုးဆက်တွေကို သေသေချာချာ စဉ်းစားလာရလိမ့်မယ်”
လုယွင်၏ နောက်ဆုံးစကားက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
တကယ်တမ်းမှာလည်း ကိစ္စက ထိုသို့ပင်ဖြစ်လေသည်။
တောင်ထွတ်သခင်များသည် သာမန်အမွေခံတပည့်များ မဟုတ်ကြပေ။
အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးက ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခုဖြတ်ကျော်ပြီး ဆူဇီမိုကို တိုက်ခိုက်မည်ဆိုလျှင် အဲဒါသည် စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ရာကျလေသည်။ ဓားကမ္ဘာသည် လက်တုံ့ပြန်ကာ လက်စားချေဖို့အတွက် အကြောင်းပြချက် ရရှိလာပေလိမ့်မည်။
အဆင့်နိမ့်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများကို မပြောနှင့် အခြားသော ထိပ်သီးကမ္ဘာကြီးများမှ အင်မော်တယ်ဘုရင်ပညာရှင်များပင် ဆူဇီမိုကို မတိုက်ခင် နှစ်ခါပြန်လည်စဉ်းစားလာရပေမည်။
တကယ်တော့ ကျင့်ကြံနယ်ပယ်တူများကြား တိုက်ပွဲများက တစ်ကဏ္ဍဖြစ်လေသည်။
သံသရဖူဆောင်းအဖိုးအို၏ ထင်မြင်ချက်အရ ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်သည် အာကာသသက်ရှိနယ်ပယ်မှာသာ ရှိသော်လည်း သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ သူသည် သုခဘုံလေဟာနယ်ပကတိအင်မော်တယ်များနှင့် ရင်ဆိုင်ရာမှာ သူ့ကိုယ်သူကောင်းကောင်း ကာကွယ်နိုင်ပေလိမ့်မည်။
ယခု နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်ဟူသော သူ၏ အဆင့်အတန်းအရ သူသည် ကမ္ဘာများစွာမှာ သူလုပ်ချင်ရာကို လုပ်နိုင်တော့မည်ဖြစ်သည်။
သူ့ကို ထိပါးရဲသော ဘယ်သူမဆို သူ့နောက်မှ ဓားကမ္ဘာကို ထည့်တွက်လာရပေတော့မည်။
“ဂုဏ်ယူပါတယ်”
“ဂုဏ်ယူပါတယ်”
“ဂုဏ်ယူပါတယ် ညီကိုဆူ”
အခြားသောတောင်ထွတ်သခင်များက ရှေ့ကို တစ်ယောက်ပြီးတစ်ယောက်တက်ပြီး သူ့ကို ဂုဏ်ပြုစကားပြောဆိုလိုက်ကြ၏။
ဤနေရာအရောက်မှာ ဆူဇီမိုသည် ဆက်လက်၍ မငြင်းပယ်နိုင်တော့ဘဲ ရှက်ကိုးရှက်ကန်းဖြင့် သဘောတူလိုက်ရ၏။
သူက ခါးသက်စွာပြုံးလိုက်၏။
“ကျုပ်က ဒီနေရာမှာ လူသစ်ပဲ.... တောင်ထွတ်သခင်ဖြစ်ရတာနဲ့ပတ်သက်ပြီး ဘာကိုမှသိမထားဘူး.. ကျေးဇူးပြုပြီး နောက်ပိုင်းမှာ ကျုပ်ကို လမ်းညွှန်ပေးပါဦး စီနီယာတို့”
“ဪ… ကိုယ့်လူရယ်…”
အာဏာရှင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။
“ညီကိုဆူ… မင်းက တောင်ထွတ်သခင်တစ်ဦး ဖြစ်လာပြီဆိုမှတော့ မင်းက ငါတို့ကို ရောင်းရင်းညီကိုလို့ ခေါ်ဆိုရုံပဲ,,, တောင်ထွတ်သခင်တွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ရင်တော့ အဲဒါက အရေးတကြီး လုပ်နေစရာမလိုဘူး… နဝမမြောက်တောင်ထွတ်ကို တည်ဆောက်ပြီးတာနဲ့ အကုန်လုံးက နေရာတကျ ဖြစ်သွားလိမ့်မယ်”
လုယွင်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်၏။
“တောင်ထွတ်အသစ်တစ်ခု ဖွင့်လှစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး အဲဒီမှာ လုပ်ဆောင်ရမယ့်အရာတွေ အများကြီးရှိတယ်… အဲဒါက နှစ်ပေါင်းရာချီ ဒါမှမဟုတ် နှစ်ပေါင်းထောင်ချီကြာသွားနိုင်တယ်… ညီကိုဆူ ဘာမှမပူနဲ့ မင်းက အဲဒါနဲ့တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာအောင် လုပ်လို့ရတယ်”
“အဲလောက်တောင် ကြာမှာလား “
ဆူဇီမိုက တုန်လှုပ်သွားလေသည်။
သံသရဖူဆောင်းအဖိုးအိုက တစ်ခဏချင်းမှပင် သူ၏ ကျင့်ကြံရေးကုန်းမြေသို့ ပြန်သွားခဲ့သည်ဖြစ်သည်။
အခြားသော နန်းတော်များနှင့်ယှဉ်လျှင် သံသရဖူဆောင်းအဖိုးအို၏ ကျင့်ကြံရေးနေရာက အလွန်တရာ ရိုးရှင်း၍ အကြမ်းထည်နိုင်လေသည်။
အဲဒီမှာ ရိုးရှင်းသော ကောက်ရိုးတဲတစ်လုံးသာ ရှိလေသည်။
သံသရဖူဆောင်းအဖိုးအိုက အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်ရောက်လာ၏။ ကောက်ရိုးတဲထဲမှာ မြူခိုးများက ထွက်ပေါ်နေပြီး လက်ဖက်ရည်မွှေးရနံ့က နှာဝကို ပျံ့လွင့်လာလေသည်။ တစ်ယောက်က ဝဝနှင့် တစ်ယောက်က ပိန်ပိန်ဖြစ်သော ဆံပင်များဖြူဖွေးနေသည့် အခြားသော လူအိုကြီးနှစ်ယောက်က အထဲမှာ အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေသည်ကို ခပ်ရေးရေးတွေ့မြင်နိုင်လေသည်။
သူတို့သည် သံသရဖူဆောင်း အဖိုးအိုပြန်ရောက်လာသည်ကို တွေ့ရသောအခါ ဝဝအဖိုးအိုနှင့် ပိန်ပိန်အဖိုးအိုက တစ်ချိန်တည်းမှာ လက်မထောင်ပြပြီး သူ့ကို ချီးကျူးလိုက်ကြ၏။
“သံခေါင်း… မင်းကတော့ တကယ်ကို တစ်ခုခုပဲ… ဒီကောင်လေးရဲ့ ဓားသင်္ချိုင်းအမွေအနှစ်ကို ထိန်းသိမ်းဖို့အတွက် မင်းက သူ့အတွက် နဝမမြောက်ဓားတောင်ထွတ်ကိုတောင်မှ တကယ်ပဲဖွင့်လှစ်ပေးတော့မှာပဲ”
“ဒါက အသေးအဖွဲ့ပါ”
သံသရဖူဆောင်းအဖိုးအိုက အဖိုးအိုနှစ်ယောက်၏ ချီးကျူးစကားမှာ အထင်အမြင်သေးစွာဖြင့် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။
“ဘာလို့လဲ.. မင်းမှာ တခြားရည်ရွယ်ချက်တွေ ရှိနေသေးတာလား”
ခပ်ဝဝအဖိုးအိုက မေးလိုက်၏။
သံသရဖူဆောင်းအဖိုးအိုက ပြန်မဖြေပေ။ သူက လူအိုကြီးနှစ်ယောက်၏ အလယ်သို့ ရောက်ရှိလာပြီး ထိုင်ချလိုက်၏။
ယခုတင် ကျိုချက်ထားသည့် မွေးပျံ့သောလက်ဖက်ရည်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။
သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး အဲဒါကို အရသာခံပြီးမှ သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်၏။
သံသရဖူဆောင်းအဖိုးအိုက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ငါ့အနေနဲ့ သူ့ကို ဓားကမ္ဘာမှာ နေခိုင်းစေတဲ့ အရေးကြီးဆုံးအရာက သူနဲ့ ကောင်းမွန်တဲ့ ကမ္မတစ်ခု တည်ဆောက်ဖို့ပဲ”
“သူက နောက်ပိုင်းမှာ ထွက်ခွာသွားမယ်ဆိုရင်တောင် သူက ဓားကမ္ဘာနဲ့ ရန်သူတွေဖြစ်လာတော့မှာ မဟုတ်ဘူး”
“ဓားကမ္ဘာက နောက်ပိုင်းမှာ ဒုက္ခနဲ့ကြုံတွေ့ရမယ်ဆိုရင်တောင် အဲဒီကောင်းမွန်တဲ့ ကမ္မက ဓားကမ္မာအတွက် ရှင်သန်ရာ အခွင့်အရေးတစ်ခုဖြစ်ကောင်း ဖြစ်လာနိုင်တယ်”
နောက်ဆုံးစကားကို ကြားသောအခါ အဖိုးအိုနှစ်ယောက်က တစ်စုံတစ်ရာနှင့်ပတ်သက်၍ စဉ်းစားမိသွားပုံရပြီး မချိတင်ကဲ အမူအရာများနှင့်အတူ လေးတွဲစွာ သက်ပြင်းချလိုက်ကြ၏။