သောကြာဂြိုလ် မဟူရာရွှေကျောက်တုံး
Vol. 185 Ch. 2773
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြီး မသိလိုက်မသိဘာသာနှင့်ပင် ဆူဇီမိုသည် ဓားကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်ကြာသွားခဲ့ပြီဖြစ်သည်။
နဝမမြောက်ဓားတောင်ထွတ်သည် ဓားကမ္ဘာနှင့် ပြီးပြည့်စုံစွား ပေါင်းစည်းသွားခဲ့ပြီဖြစ်ပြီး အသင်္ချေဓားနန်းတော်ကို ဝန်းရံထားသည့် တောင်ထွတ်ကိုးခုထဲမှ တစ်ခုဖြစ်လာခဲ့သည်။
တကယ်တော့ နဝမမြောက်တောင်ထွတ်၏ အလုံးစုံခွန်အားသည် အခြားသောတောင်ထွတ်ရှစ်ခုထက် များစွာနိမ့်ကျနေဆဲဖြစ်ပြီး ၎င်း၏ နာမည်ဂုဏ်သတင်းကလည်း ရှိသင့်သလောက်မရှိဟု ထင်ရလေသည်။
ပြီးခဲ့သည့် နှစ်တစ်ထောင်မှာ မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ်ကျင့်ကြံသူ သာမန်တပည့်ဂိုဏ်းသားတချို့သည် ကျင့်ကြံရန် နဝမမြောက်တောင်ထွတ်သို့ ရောက်ရှိလာခဲ့သော်လည်း မည်သူကမှ ပကတိဧကနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် နဝမမြောက်တောင်ထွတ်ပေါ်မှာ ပကတိအင်မော်တယ်နှစ်ဦးသာ ရှိနေဆဲပင်။
ပကတိဧကနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် ကျင့်ကြံမှုအလျင်အဟုန်က သိသိသာသာ လျော့ကျသွားပြီး အဆင့်သေးတစ်ဆင့် ချိုးဖျက်ဖို့ပင် အလွန်တရာ ခက်ခဲလာပေလိမ့်မည်။
ပေမင်ရွှယ်သည် နှစ်တစ်ထောင်အတွင်း ပကတိဧကနယ်ပယ်မှာ ရှိနေပြီး သူမ၏ ကျင့်ကြံမှုနယ်ပယ်က များစွာ တိုးတက်မှုမရှိဘဲ ယခင်အဆင့်မှာသာ ရှိနေဆဲပင်။
အဆုံးစွန်ဓားတောင်ထွတ်မှ ယွင်ထင်ကလည်း အတူတူပင်ဖြစ်သည်။
ပကတိဧကနယ်ပယ်မှာ ကျင့်ကြံသည့်အခါ အချိန်ကာလက အလွန်တရာ ဆန့်ထွက်သွားသည်ဟု ထင်ရသည်။
တစ်ခါတစ်ရံမှာ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများပင်လျှင် ကျင့်ကြံမှုနယ်ပယ်တစ်ခုမှာ ရပ်တန့်နေတတ်ပြီး နှစ်ပေါင်းသောင်းချီ သို့မဟုတ် နှစ်ပေါင်းသိန်းချီ ကြာအောင် ရှေ့သို့ မတက်လှမ်းနိုင်ကြပေ။
သို့သော်လည်း ဆူဇီမို၏ အခြေအနေက အနည်းငယ်ထူးခြားနေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် သူသည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ စုပ်ယူထားခဲ့သည့် စွမ်းအင်များကို သန့်စင်ခဲ့ပြီးနောက် သူ၏ ကျင့်ကြံမှုအလျင်အဟုန်က နှေးကွေးသွားရပေလိမ့်မည်။
သို့သော်လည်း လွန်ခဲ့သည့်နှစ်တစ်ထောင်က သူသည် တဗူးဂမ္ဘီရကျင့်စဉ်နှစ်ခုကို ပေါင်းစည်းပြီး ဓားသင်္ချိုင်းတာအိုကို ဖန်တီးခဲ့လေသည်။
ဤနှစ်များအားလုံးမှာ သူသည် ဓားကမ္ဘာ၏ အသင်္ချေဓားတာအိုများအားလုံးကို သူ၏ ဓားတာအိုထဲသို့ ထည့်သွင်းမြှုပ်နှံထားသည်နှင့်အမျှ သူသည် သူ့ကိုယ်သူ အဆက်မပြတ် သန်မာစေကာ သူ၏ ကျင့်ကြံမှုကို တိုးလာစေပေလိမ့်မည်။
သူ၏ ဓားတာအိုသည် ဓားများအားလုံးကို မြှုပ်နှံထားသည့် ဓားသင်္ချိုင်းတစ်ခုနှင့် တူလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာကြောင့်လည်း ဓားတာအိုများစွာကို မြှုပ်နှံထားတာတောင် သူကိုယ်တွင်းမှာ မည်သည့် ပဋိပက္ခမှရှိမလာခြင်းဖြစ်သည်။
ပို၍ အရေးပါသည်မှာ ဆူဇီမိုသည် ချင်းဖျင်ဓားကို ကိုင်ဆွဲပြီး ဗောဓိစေ့၏ အားဖြည့်ထောက်ပံ့မှုကို ရယူသည့်အခါ သူသည် ဓားတာအိုတွင် ကြိုးစားမှုထက် နှစ်ဆပိုသော ရလဒ်ကို ဖြစ်ပေါ်စေလေသည်။
ချင်းဖျင်ဓားသည် ဓားတာအိုကို အမြင့်ဆုံးအတိုင်းအတာထိ နားလည်စေရန် ဆူဇီမိုကို ကူညီပေးလေသည်။
ပေမင်ရွှယ်သည် သိုင်းတာအိုကို ကျင့်ကြံပြီး ဓားသိုင်းစိတ်ဝိညာဉ်တစ်ခုကို စုဖွဲ့ထားသောကြောင့် ဆူဇီမိုသည် ဓားတာအိုတွင် ပါရမီအရည်အချင်းမှာ သူမကို မယှဉ်နိုင်ပေ။ သို့သော်လည်း သဘောတရားအရ ချင်းဖျင်ဓား၏ တည်ရှိမှုသည် ဓားအမျိုးအစား သိုင်းစိတ်ဝိညာဉ်တစ်ခု၏ ကဏ္ဍကို အစားထိုးနိုင်လေသည်။
ပြီးခဲ့သည့် နှစ်တစ်ထောင်အတွင်း အောက်ဘုံလောကမှ တက်လှမ်း၍ ဓားကမ္ဘာသို့ ဆင်းသက်လာသော ဓားကျင့်ကြံသူများစွာရှိလေသည်။
သို့သော်လည်း အောက်ဘုံလောကကနေ တက်လှမ်းလာသော ကျင့်ကြံသူများအားလုံးနီးပါးသည် တောင်ထွတ်ရှစ်ခုမှာ ဖြန့်ကြက်နေရာယူထားပြီး နဝမမြောက်တောင်ထွတ်ပေါ်သို့ ဆင်းသက်လာသော ကျင့်ကြံသူများက အလွန်တရာနည်းပါးလေသည်။
အဓိကအကြောင်းအရင်းမှာ နဝမမြောက်ဓားတောင်ထွတ်တွင် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုစည်းပေးကာ ၎င်းကို စွမ်းအားကြီးမားသော ဓားချီတစ်ခုအဖြစ်အသွင်ပြောင်းလဲပေးနိုင်သည့် အနှိုင်းမဲ့ရတနာတစ်ခု လစ်လပ်နေသောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် ကောင်းကင်ဘုံကမ္ဘာ၏ အလယ်ဗဟိုမှာ တည်ဆောက်သူသစ်ပင် ရှိလေသည်။
မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်မက်မွန်သစ်ပင်နှင့် ဂျင်းဆင်းသစ်သီးကဲ့သို့ ရှားရှားပါးပါး အင်မော်တယ်သစ်ပင်များရှိလေသည်။
ဤကဲ့သို့ အနှိုင်းမဲ့ရတနာများသည် လောကမှာ ရှားရှားပါးပါးဖြစ်ပြီး သူတို့အများစုကို စွမ်းအားကြီးမားသော ကမ္ဘာများက သိမ်းပိုက်ပြီးထားခဲ့ပြီးလေပြီ။
ဓားကမ္ဘာအတွက် သင့်လျော်သော အနှိုင်းမဲ့ရတနာတစ်ခုကို ရှာဖွေဖို့က ပို၍ပင်ခက်ခဲလေသည်။
ဥပမာအားဖြင့် အင်မော်တယ်မက်မွန်သစ်ပင်နှင့် ဂျင်းဆင်းသစ်သီးပင်ကို ဓားကမ္ဘာသို့ ရွှေ့ပြောင်းယူဆောင်လာမည်ဆိုလျှင် သူတို့သည် များစွာအသုံးတည့်လိမ့်မည်မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ဓားချီအဖြစ် အသွင်ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ပေ။
ပြီးခဲ့သည့် နှစ်တစ်ထောင်အတွင်း ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်ဖို့ ကြိုးစားကြည့်ခဲ့လေသည်။ သို့သော်လည်း မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာနှင့် လေဟာနယ်ယက္ခသည် တစ္ဆေကမ္ဘာသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားနိုင်သလား သို့မဟုတ် သူတို့သည် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရနိုင်မလား မသိရပေ။
တစ္ဆေကမ္ဘာသည် ငရဲကမ္ဘာနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားလေသည်။
ငရဲကမ္ဘာက ပျက်စီးထိခိုက်ထားပြီး နိယာမများက ပြီးပြည့်စုံမှု မရှိသည့်အတွက်ကြောင့် အဲဒီမှာ မည့်သည့်ဧကရာဇ်ပညာရှင်မှ ရှိမနေပေ။ ထို့ကြောင့် ထိုနေရာမှာ သိုင်းတာအိုပင်မခန္ဓာကို ခြိမ်းခြောက်နိုင်သော မည်သည့် သက်ရှိမှမရှိပေ။
သို့သော်လည်း တစ္ဆေကမ္ဘာက ကွဲပြားခြားနားလေသည်။
တစ္ဆေကမ္ဘာမှာ ဧကရာဇ်ပညာရှင်များစွာ ရှိနေရုံသာမက ထိုနေရာမှာ မဟာဧကရာဇ်တစ်ဦး ဗြဟ္မာတစ္ဆေမိခင်ပင်လျှင် ရှိနေလေသည်။
လေဟာနယ်ယက္ခသည် တစ္ဆေကမ္ဘာမှာ ကြီးလေးသော ပြစ်မှုတစ်ခုကို ကျူးလွန်မိပြီး တမလွန်မြစ်သို့ ဗြဟ္မာတစ္ဆေမိခင်၏ မောင်းထုတ်ခြင်းခံခဲ့ရသည်ဟု သူက ပြောခဲ့ဖူးလေသည်။
သိုင်းတာအိုပင်မခန္ဓာနှင့် လေဟာနယ်ယက္ခသည် တစ္ဆေကမ္ဘာသို့ အတူတကွဝင်ရောက်သွားကြသည်။ သူတို့အနေဖြင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်သွားရန် ထိုလမ်းကြောင်းကို အသုံးပြုခြင်းက အကြံကောင်းတစ်ခုဟုတ်သလား တကယ်ပင်မသိရပေ။
တကယ်တော့ သိုင်းတာအို့ပင်မခန္ဓာနှင့် လေဟာနယ်ယက္ခက တစ္ဆေကမ္ဘာမှာ ဘေးကင်းလုံခြုံမည်ဆိုလျှင်တောင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် သူတို့နှင့် ဆက်သွယ်နိုင်လိမ့်မည် မဟုတ်ပေ။’
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် တစ္ဆေကမ္ဘာသည် သီးခြားရပ်တည်နေသော လောကနှစ်ခုဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်ရောက်မလာသ၍ သို့မဟုတ် သူတို့သည် တူညီသော ကမ္ဘာမှာရှိမနေသရွေ့ အစစ်အမှန်ခန္ဓာနှစ်ခုကို လောကအဟန့်အတားများက ပိုင်းခြားထားလိမ့်မည်ဖြစ်ပြီး သူတို့အနေဖြင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပေ။
ဤနေ့မှာ အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်လုယွင်၊ ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင် ယုလန်နှင့် ပုံရိပ်ယောင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင် ဖုန့်ရှုတို့က အလည်အပတ် ရောက်ရှိလာကြသည်။
လုယွင်က သူ၏ ခေါင်းကိုညင်သာစွာခါပြီး မတတ်နိုင်သော အမူအရာဖြင့်ပြောလိုက်၏။
“ညီကိုဆူ မင်းကတော့ အေးအေးဆေးဆေးပဲ… ဒီလိုပုံစံနဲ့ဆိုရင် မင်းရဲ့ဓားသင်္ချိုင်းတောင်ထွတ်က ဘယ်အချိန်မှ မြင့်မားတိုးတက်လာမှာလဲ”
“ဟုတ်တယ်”
ဖုန့်ရှုကလည်း ထပ်ပြောလိုက်သည်။
“ငါမင်းကို ပြောပြမယ်”
“တခြားဓားတောင်ထွတ်တွေက အမွေခံတပည့်တော်တော်များများက မင်းကို မကျေနပ်ကြဘူး”
ဆူဇီမိုက အဲဒါနှင့်ပတ်သက်၍ ဂရုမစိုက်ပေ။
“အဲဒါကို အလောတကြီး လုပ်စရာမလိုပါဘူး… ဓားသင်္ချိုင်းတာအိုရဲ့အမွေအနှစ်က ဒီမှာရှိနေပြီပဲ ကျုပ်က ရေစက်ပါမဲ့သူတွေကို စောင့်နေရုံပေါ့”
ဤကဲ့သို့သော ကိစ္စအတွက် သူ့ကို တကယ်ပင် အပြစ်မတင်နိုင်ပေ။
အမျိုးမျိုးသော ဓားတောင်ထွတ်များထဲ ဘယ်ပကတိအင်မော်တယ်ကမှ ဓားသင်္ချိုင်းတောင်ထွတ်သို့ မလာရောက်လိုကြပေ။
အမြုတေချီကို စုစည်းပေးသော ထိန်းညှိရတနာမရှိဘဲ အောက်ဘုံလောကကနေ တက်လှမ်းလာသော ကျင့်ကြံသူများအနေဖြင့် ဓားသင်္ချိုင်းတောင်ထွတ်သို့ ဆင်းသက်လာဖို့က ခက်ခဲလေသည်။
ဓားသင်္ချိုင်းတောင်ထွတ်အနေဖြင့် နှစ်ပေါင်းသိန်းချီ သို့မဟုတ် နှစ်ပေါင်းသန်းချီအားဖြည့်စုဆောင်းမှုမရှိဘဲ အခြားသော ဓားတောင်ထွတ်ရှစ်ခု၏ အဆင့်အတန်းထိ မြင့်မားတိုးတက်လာဖို့ တကယ်ပင်ခက်ခဲလေသည်။
“ညီကိုဆူ… ငါ့မှာ သတင်းကောင်းရှိတယ်”
သူတို့က ခဏမျှစကားပြောဆိုပြီးနောက် လုယွင်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
“ငါတို့က နဝမမြောက်တောင်ထွတ်အတွက် ထိန်းညှိရတနာတစ်ခုကို ရကောင်းရနိုင်လောက်တယ်”
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ သောကြာဂြိုလ်မဟူရာရွှေကျောက်တုံးရှိတယ်လို့ အခုဘဲ ငါသတင်းရထားတယ်”
“ဟုတ်လား”
ဆူဇီမိုက အနည်းငယ်အံ့အားသင့်သွားသည်။
သူသည် သောကြာဂြိုလ်မဟူရာရွှေကျောက်တုံးကို အရင်ကကြားဖူးထားလေသည်။
ထိုအနှိုင်းမဲ့ရတနာသည် သတ္တုရိုင်းများကြားမှာ ရှားရှားပါးပါး ထိပ်တန်းပစ္စည်းတစ်ခုဖြစ်ပြီး ၎င်းမှာ မဟူရာရွှေချီ ပါဝင်လေသည်။
၎င်းသည် သတ်ဖြတ်ခြင်းမှာ အထူးပြုပြီး ဓားတာအိုနှင့် ပင်ကိုယ်သဘာဝအလျောက် လိုက်ဖက်ညီလေသည်။
သောကြာဂြိုလ်မဟူရာရွှေကျောက်တုံး၏ အစတစ်စကို အင်မော်တယ်ဓားတစ်လက်ထဲမှာ ထည့်သွင်းပေါင်းစည်းမည်ဆိုလျှင် ၎င်း၏ သတ်ဖြတ်ခြင်းစွမ်းအားက ဆပေါင်းများစွာ တိုးလာပေလိမ့်မည်။
ဤကဲ့သို့သော ရတနာတစ်ခုက တကယ့်ကို ရှားရှားပါးပါးဖြစ်သည်။
ယုလန်ကလည်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီသောကြာဂြိုလ်မဟူရာရွှေကျောက်တုံးက ဓားသင်္ချိုင်းတောင်ထွတ်အတွက် အသင့်လျော်ဆုံး ထိန်းညှိရတနာတစ်ခုပဲ”
တကယ်တော့ ဤနှစ်များအားလုံးမှာ ဓားကမ္ဘာမှ ပညာရှင်များအားလုံးသည် နဝမမြောက်တောင်ထွတ်အတွက် သင့်လျော်သည့် ထိန်းညှိရတနာတစ်ခုရှာဖွေခြင်းကို လက်မလျှော့ခဲ့ပေ။
ယခု သူတို့သည် သောကြာဂြိုလ်မဟူရာရွှေကျောက်တုံး၏ သတင်းကို ရရှိထားပြီး တောင်ထွတ်သခင်သုံးဦးသည် ဆူဇီမိုထက်ပင် ပို၍စိတ်လှုပ်ရှားတက်ကြွနေကြ၏။
“မွန်မြတ်ကောင်းကင်ကမ္ဘာက ဘယ်မှာလဲ”
ဆူဇီမိုက မေးလိုက်၏။
“ကျုပ်က အဲဒီကမ္ဘာနဲ့သိပ်ပြီး ရင်းနှီးမှုမရှိဘူး… အဲဒါက အဆင့်နိမ့်ကမ္ဘာတစ်ခုလား”
ထိုစကားကို ကြားသောအခါ တောင်ထွတ်သခင်သုံးဦး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်ထွက်လာကြ၏။
လုယွင်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“အတိအကျ ပြောရရင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက သာမန်ကမ္ဘာတွေထဲမှာ မပါဘူး.. ဒါပေမဲ့ အဲဒါကို အဆင့်အတန်းခွဲခြားရမယ်ဆိုရင် အဲဒါက ထိပ်တန်းကမ္ဘာကြီးတစ်ခု သေချာပေါက်ဘဲ”
ဖုန့်ရှုက ရှင်းပြလိုက်၏။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ မူလဇာစ်မြစ်က အရမ်းကို ဆန်းကြယ်တယ်.. ငါတို့တောင်မှ အဲဒီအကြောင်းကို မသိကြဘူး… ငါတို့ဓားကမ္ဘာက ရောင်းရင်းအိုကြီးတွေကတော့ တစ်ခုခုကို သိထားလောက်တယ်… ဒါပေမဲ့ သူတို့တွေက အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အရမ်းကို လျှို့ဝှက်ထားကြတယ်”
ယုလန်က ပြောလိုက်၏။
“ငါတို့သိထားတာက ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ အဆင့်အတန်းက အထူးခြားဆုံးနဲ့ ရှေးအကျဆုံးပဲ… အဲဒါက အထက်ဘုံလောက ဖြစ်ပေါ်လာကတည်းက တည်ရှိလာခဲ့တဲ့ပုံပဲ”
“နောက်ပြီး အထက်ဘုံလောကက ခေတ်ပေါင်းများစွာနဲ့ ကမ္ဘာဖျက်ကပ်ဘေးပေါင်းများစွာကို တွေကြုံခံစားခဲ့ရပေမယ့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကတော့ ဒီနေ့ဒီအချိန်ထိ အမြဲတမ်းခိုင်မာစွာ ရပ်တည်နေပြီး သူတို့ရဲ့အမွေအနှစ်ကို လက်ဆင့်ကမ်းလာခဲ့တယ်”
“အဲလောက်တောင် ကြီးကျယ်ခမ်းနားတာလား”
ဆူဇီမိုက တိတ်တဆိတ် ဆွံ့အသွားလေသည်။