ကြယ်တာရာကောင်းကင်ထက်က သွေးမြစ်
Vol. 185 Ch. 2775
ကမ္ဘာအများစုသည် အရမ်းကို ဝေးကွာပြီး ကြယ်တာရာကောင်းကင်ထဲမှာ ခရီးရှည်တစ်ခု ဖြတ်သန်းသွားလာဖို့ လိုအပ်လေသည်။
ထို့ကြောင့် နေရာတစ်ခုသို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင်သည့် ပို့ဆောင်ရေးဝင်္ကပါများက အနည်းအကျဉ်းသာရှိလေသည်။
အခြားသော ကမ္ဘာတစ်ခုသို့ ပို့ဆောင်ခံရသည့်အခါ အခြားသောမျိုးနွယ်များမှ သက်ရှိများ၏ ရန်ပြုခံရသည့် အန္တရာယ်ကလည်း ရှိနေသေးသည်။ အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲမှာ ခရီးရှည်တစ်ခု ပို့ဆောင်ပေးရခြင်းက မလွယ်ကူပေ။
လေဟာနယ်ကို ဆုတ်ဖြဲနိုင်စွမ်းရှိသော အင်မော်တယ်ဘုရင်ပညာရှင်များပင် အာကာသဥမင်ထဲမှာ အလွယ်တကူ ဖြတ်သန်းသွားလာရဲခြင်း မရှိကြပေ။
တားမြစ်ကုန်းမြေများနှင့် တွင်းနက်များကဲ့သို့ အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲမှာ ပုန်းလျှိုးနေသည့် ဘာမှန်းမသိရသော အန္တရာယ်များစွာ ရှိနေသောကြောင့်ဖြစ်သည်။
လူတစ်ယောက်က ပေါ့ပေါ့ဆဆပြုမူ၍ ထိုအထဲသို့ ဝင်ရောက်မိမည်ဆိုလျှင် အင်မော်တယ်ဘုရင်ပညာရှင်များပင် အလွယ်တကူ သေဆုံးရပေလိမ့်မည်။
ဆူဇီမိုနှင့် အခြားသူများသည် ထွက်ခွာဖို့ ဓားကမ္ဘာ၏ ပို့ဆောင်ရေးဝင်္ကပါကို အသုံးချလိုက်၏။ လုယွင်နှင့် အခြားအင်မော်တယ်ဘုရင်သုံးဦးက အင်မော်တယ်သင်္ဘောစိတ်ဝိညာဉ်ရတနာတစ်ခုကို ထိန်းချုပ်ကာ အာကာသဥမင်ထဲမှာ ဖြတ်သန်းသွားလာလိုက်ကြလေသည်။
သူတို့သည် သူတို့၏ လမ်းကြောင်းကနေ သွေဖယ်မသွားစေရန် မြေပုံကို တောက်လျှောက်ကြည့်နေကြ၏။ သူတို့သည် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင် အချိန်မီ ရှောင်တိမ်းနိုင်မည်ဖြစ်လေသည်။
ဝေးကွာလွန်းသော အကွာအဝေးကြောင့် အင်မော်တယ်ဘုရင် ပညာရှင်များက အာကာသဥမင်ထဲမှာ လူတိုင်းကို ဦးဆောင်နေသည်ဆိုလျှင်တောင် သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ရောက်ရှိဖို့အတွက် ရက်အနည်းငယ် အချိန်ယူရပေလိမ့်မည်။
အင်မော်တယ်သင်္ဘောက လျင်မြန်စွာ ရှေ့သို့မောင်းနှင်နေ၏။
အာကာသဥမင်ကနေတစ်ဆင့် လူတိုင်းသည် အထက်ဘုံလောကမှ ကြယ်တာရာကောင်းကင်များ၏ ခမ်းနားထည်ဝါမှုကို တွေ့မြင်နိုင်ကြလေသည်။ သူတို့သည် ကျယ်ပြောလှသော ကြယ်တာရာပင်လယ်ထဲမှာ ရောက်ရှိနေသည့်အခါ အရမ်းကို သေးငယ်သည်ဟု ခံစားရလေသည်။
အင်မော်တယ်ဘုရင် လေးဦးကလွဲလျှင် ဝမ်တုန်၊ ကုန်းစွန်းယွီ၊ ဓားအင်မော်တယ်ထိုက်လိုင်နှင့် အခြားသူများက အနည်းငယ်စိတ်လှုပ်ရှားနေကြပြီး ဝမ်းသာအားရစကားပြောဆိုနေကြသည်။
သူတို့သည် ဓားကမ္ဘာကနေ မထွက်ခွာရသည်မှာ အရမ်းကိုကြာနေခဲ့ပြီဖြစ်၏။
သူတို့သည် ဤတစ်ခေါက် လျှို့ဝှက်ဆန်းကြယ်သော မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ သွားရောက်ကြမည်ဖြစ်လေသည်။
နက်မှောင်နေသော ဓားတစ်လက်ကို လွယ်ထားသည့် လီရွှယ်က ပြောလိုက်၏။
“ငါကရောင်းရင်းညီကိုတွေနဲ့ လက်ရည်စမ်းတဲ့အခါ ချုပ်ထိန်းထားရတယ် ဒီတစ်ခေါက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ငါက စိတ်ရှိတိုင်း တိုက်ခိုက်နိုင်တော့မယ်ထင်တယ်”
ဓားကမ္ဘာမှာ တပည့်ဂိုဏ်းသားများကြား လက်ရည်စမ်းဖို့အတွက် လိုအပ်ချက်များက အရမ်းကို တင်းကျပ်ထားလေသည်။
သူတို့သည် ကျင့်ကြံမှုနယ်ပယ်တူရရုံသာမက လျှို့ဝှက်အတတ်များထုတ်ဖော်ခြင်း သို့မဟုတ် အသေအကြေတိုက်ခိုက်ခြင်းကို မပြုလုပ်နိုင်ကြပေ။
သူတို့က အနိဠာရုံဓားတာအိုကို ကျင့်ကြံထားသည်ဆိုလျှင်တောင် သူတို့တိုက်ခိုက်သည့်အခါ ထိန်ချန်ထားရပေမည်။
ကုန်းစွန်းယွီက ပြောလိုက်၏။
“ညီကိုလီ... ဘာမှမပူနဲ့ ငါတို့တွေ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ရောက်တာနဲ့ ငါတို့က ငါတို့က ငါတို့တိုက်ခိုက်ချင်တိုင်း တိုက်ခိုက်လို့ရပြီ... အဲဒီမှာ ဘာမှထိန်ချန်ထားစရာ မလိုဘူး... မင်းစိတ်ရှိတိုင်း သတ်ဖြတ်လို့ရတယ်”
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေလား”
မလှမ်းမကမ်းမှာ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
သူမပြောရသေးခင်မှာပင် လုယွင်က ဝမ်တုန်နှင့် တခြားသူများဘက်ကို တည်တံ့သောအမူအရာဖြင့် လှည့်ကာပြောလိုက်၏။
“မင်းတို့တွေ ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး... ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက အရမ်းကိုထူးခြားတယ်... အဲဒီမှာ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေကြားမှာ ထိပ်သီးပညာရှင်တွေရှိတယ်... သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက မင်းတို့ထက်သေချာပေါက် မနိမ့်ကျဘူး”
ယုလန်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်၏။
“မင်းတို့ကိုမပြောနဲ့ လင်းရွှင်ကျန်းတောင်မှ အဲဒီကို ရောက်ရင် သတိထားရလိမ့်မယ်... အဲဒီအချိန်ကျရင် မင်းတို့တွေလူစု မကွဲစေနဲ့ မင်းတို့ရဲ့ ဘေးကင်းလုံခြုံမှုကို အရင်ဆုံး သေချာအောင်လုပ်ရမယ်”
ဖုန့်ရှုကထပ်ပြောလိုက်၏။
“နောက်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ရောက်လာရဲတဲ့ ပကတိအင်မော်တယ်တွေအားလုံးက ကမ္ဘာကြီးတွေက ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေပဲ... သူတို့ထဲ ဘယ်သူကမှ သွားရှုပ်လို့မရဘူး”
“မွန်းမြတ်ကောင်းကင်ဘုံကမ္ဘာမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ် ဒါပေမဲ့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတော့ ပြောဖို့ခက်တယ်”
“ခင်ဗျားတို့ပြောနေတဲ့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက ဘာလဲ”
ဆူဇီမိုက ထိုစကားကို ကြားသောအခါ စဉ်းစားမရဖြစ်သွားလေသည်။
သူသည် လုယွင်နှင့် အခြားသူများ ပြောနေသည့် အပြစ်သားစိတ်ဝိညာဉ်များနှင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ဘယ်လိုပတ်သက်နေလဲ သူမသိပေ။ ထို့ကြောင့် သူက မေးမြန်းလိုက်ရ၏။
“တကယ်တော့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေဆိုတာက...”
လုယွင်ကပြုံး၍ ရှင်းပြတော့မည့်ဆဲဆဲမှာပင် သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူက သုန်မှုန်နေသော အမူအရာဖြင့် အာကာသဥမင်၏ အပြင်ဘက်ကို ကြည့်ပြီး တဖြည်းဖြည်း မျက်မှောင်ကြုတ်လိုက်၏။ ထိုအခိုက်အတန့်မှာ ဓားကမ္ဘာမှ တခြားသူများကလည်း အပြင်ဘက်ရှိ တစ်မူထူးခြားမှုကို သတိထားမိသွားပြီဖြစ်၏။
အာကာသဥမင်ကနေတစ်ဆင့် သူတို့သည် အပြင်ဘက်ကြယ်တာရာကောင်းကင်ထဲမှာ ခပ်ဖျော့ဖျော့သွေးမြူတစ်ခု ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ ဘာဖြစ်ပျက်နေသည်ကို မသိရပေ။
အင်မော်တယ်သင်္ဘောက အရှိန်လျော့ကျသွားပြီး လူတိုင်းက အဲဒါကို တဖြည်းဖြည်းတွေ့မြင်လိုက်ရသည်။
အပြင်ဘက်ကြယ်တာရာကောင်းကင်ထဲမှာ နီရဲ၍ သေးငယ်သော သွေးမြူတစ်စက်က လွင့်မျောနေပြီး အထဲမှာ မရေမတွက်နိုင်သော အလောင်းများက နိမ့်ချည်မြင့်ချည် ရွေ့လျားနေကာ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်လေသည်။
သွေးမြစ်က ကြယ်တာရာကောင်းကင်ထဲမှာ တိတ်တဆိတ်စီးဆင်းနေပြီး မျက်စိတစ်ဆုံးဖြစ်လေသည်။
အထဲမှာ မရေမတွက်နိုင်သော အလောင်းများက ဂင်္ဂါမြစ်ထဲရှိ သဲများကဲ့သို့ပင်။
အဲဒါက အရမ်းကို ချောက်ချားစရာကောင်းလေသည်။ သူတို့သည် အာကာသဥမင်ထဲကို ရောက်ရှိနေလျှင်တောင် ဓားကမ္ဘာမှ လူတိုင်းသည် သွေးနံ့ကို ရရှိနေကြသည်။ သူတို့က တုန်လှုပ်သွားပြီး အဲဒါကို ဆက်လက်၍ မကြည့်ရက်နိုင်တော့ပေ။
တစ်ချက်ကြည့်ရုံဖြင့် သေဆုံးနေသော သက်ရှိများက သန်းပေါင်းရာချီရှိနေလောက်သည်။
“အဲဒီမှာ ဘာတွေဖြစ်နေတာပါလိမ့်”
ယုလန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး တည်တံ့စွာ ပြောလိုက်သည်။
“တည်နေရာ အရဆိုရင် အဲဒါက ခုနှစ်စင်ကြယ် ဓားကမ္ဘာဖြစ်လောက်တယ်”
“ဟုတ်တယ်”
လုယွင်က ခေါင်းညိတ်ပြလိုက်၏။
“အဲဒီအလောင်းတွေအားလုံးက ခုနှစ်စင်ကြယ်ဓားကမ္ဘာက ကျင့်ကြံသူတွေပဲ”
ခုနှစ်စင်ကြယ်ဓားကမ္ဘာလား...။
ထိုကမ္ဘာ၏ နာမည်က ရင်းနှီးနေပုံရပြီး ဆူဇီမိုက စဉ်းစားတွေးတောကြည့်လိုက်၏။
နဝမမြောက်တောင်ထွတ်ကို တည်ဆောက်ခဲ့စဉ်က သူ့ကို ဂုဏ်ပြုရန် ကမ္ဘာငယ်တချို့မှလူများရောက်ရှိလာသည်ကို သူက သိပ်မကြာခင် အမှတ်ရသွား၏။
သူတို့ကြားမှာ ခုနှစ်စင်ကြယ်ဓားကမ္ဘာမှ လူးများလည်းပါဝင်လေသည်။ ထိုအချိန်တုန်းက ခုနှစ်စင်ကြယ်ဓားကမ္ဘာမှ အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးကပင် ဂုဏ်ပြုလက်ဆောင်နှင့် သူ့ကို ဂုဏ်ပြုရန် ရောက်ရှိလာခဲ့ဖူးလေသည်။
“အပြင်ထွက်ပြီး တစ်ချက်လောက်သွားကြည့်ကြရအောင်”
လုယွင်က အသံနိမ့်၍ ပြောလိုက်၏။ သူက အင်မော်တယ်သင်္ဘောကို ထိန်းချုပ်၍မောင်းနှင်ပြီး အာကာသဥမင်၏ အဟန့်အတားကို ဖြတ်ကျော်ကာ အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။
ကြယ်တာရာကောင်းကင်ထဲသို့ ရောက်ရှိလာပြီးနောက် လူတိုင်းက အဲဒါကို ပို၍ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်ကြ၏။
သွေးနံ့က သူတို့၏ မျက်နှာကို ရိုက်ခတ်လာပြီး အဲဒါက မွန်းကြပ်ဖွယ်ရာ ကောင်းလေသည်။
လုယွင်သည် အင်မော်တယ်သင်္ဘောကို ဖြည်းဖြည်းချင်း မောင်းနှင်ပြီး သွေးမြစ်၏ အထက်သို့ ရောက်ရှိလာ၏။
လူတိုင်းက သူတို့၏ ခေါင်းများကို ငုံ့ကြည့်လိုက်ပြီး သွေးမြစ်ထဲမှာ လွင့်မျောနေသည့် ချောက်ချားစရာကောင်းသော အလောင်းများကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။
သူတို့ထဲမှ အချို့က မချင့်မရဲဖြင့် မျက်လုံးများ ပြူးကျယ်နေ၏။
သူတို့ထဲမှအချို့၏ ဦးခေါင်းများက ကြေမွနေ၏။
အလောင်းအချို့က အပိုင်းပိုင်းလှီးဖြတ်ခံထားရသည်။
အလောင်းအများစုသည် သူတို့၏ တာအိုသစ်သီးများကိုပင် မစုဖွဲ့ရသေးသည့် မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ်မှ ကျင့်ကြံသူများဖြစ်ကြလေသည်။
ဆူဇီမိုသည် သေဆုံးခြင်းကို တွေ့မြင်နေကျ ဖြစ်သော်လည်း သူသည် သက်ရှိပေါင်း သန်းတစ်ရာကျော်၏ အလောင်းများကို ဤမျှအထိ နီးကပ်စွာ တွေ့မြင်ရသည့်အခါ ရင်တစ်ချက် ထိတ်သွားလေသည်။’
တျဲယွဲ့နှင့် လူသားဧကရာဇ်သည် အထက်ဘုံကမ္ဘာ၏ ရက်စက်ကြမ်းကြုတ်မှုများအကြောင်း သူ့ကို တစ်ခါက ပြောပြခဲ့ဖူးသည်။
သူကိုယ်တိုင်လည်း အထက်ဘုံကမ္ဘာမှာ ဆင်းရဲဒုက္ခများစွာကို တွေ့ကြုံခံစားခဲ့ရလေသည်။ သို့သော်ယခု သူ့ရှေ့မှမြင်ကွင်းကို တွေ့မြင်မှသာ သူသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးလွှမ်းတိုက်ပွဲများအကြောင်းကို အမှန်တကယ် နားလည်သဘောပေါက်သွားသည်။
ဖုန့်ရှုက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“အဲဒီကျင့်ကြံသူတွေက သေဆုံးသွားတာ မကြာလောက်သေးဘူး”
“ရှေ့တည့်တည့်ကို တစ်ချက်လောက်သွားကြည့်ရအောင်” လုယွင်က တည့်တံ့စွာ ပြောပြီး အင်မော်တယ်သင်္ဘောကို မောင်းနှင်ကာ လူတိုင်းကို သွေးမြစ်၏ အရင်းအမြစ်ရှိရာသို့ ခေါ်ဆောင်သွားလေသည်။
သိပ်မကြာခင် ကြယ်တာရာကောင်းကင်ထဲမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည့် ခပ်ထိုင်းထိုင်း ဧရာမကြယ်ခုနှစ်စင်းက ပေါ်ထွက်လာပြီး သွေးများဖြင့် စိုရွှဲနေ၏။
သွေးများသည် ကြယ်ခုနှစ်စင်း၏ အက်ကွဲကြောင်းများကနေ တဖြည်းဖြည်းစီးကျနေဆဲ ဖြစ်ပြီး ကောင်းကင်ထက်မှာ အဆက်မပြတ်စုစည်းကာ စောစောက ကီလိုမီတာ ထောင်ချီဖြန့်ကြက်ထားသော သွေးမြစ်ကို ဖြစ်ပေါ်လာစေ၏။
ကြယ်ခုနှစ်စင်း၏ တည်နေရာသည် ယခင်က ခုနှစ်စင်ကြယ်ဓားကမ္ဘာဖြစ်ခဲ့လေသည်။
သိပ်မကြာခင်ပဲ ခုနှစ်စင်ကြယ်ဓားကမ္ဘာသည် အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး သွေးမြစ်ထဲမှာ နိမ့်ချည်မြင့်ချည် လွင့်မျောနေသည့် အဆုံးမဲ့အလောင်းများသာ ကျန်ရစ်ခဲ့လေသည်။
သိပ်မကြာခင် ဧရာမကြယ်ခုနှစ်စင်းက လုံးလုံးလျားလျား လဲပြိုကျသွားပြီး အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲမှာ ပျက်ပြယ်သွားလေသည်။
အင်မော်တယ်သင်္ဘောပေါ်မှာ တိတ်ဆိတ်ငြိမ်သက်သွား၏။
လူတိုင်းသည် သူတို့ရှေ့မှမြင်ကွင်းကို အံ့အားတသင့် ငေးကြည့်နေကြ၏၊
ခဏနေပြီးနောက် ယုလန်က သက်ပြင်းချကာ ပြောလိုက်၏။
“ခုနှစ်စင်ကြယ်ဓားကမ္ဘာက ဒီလိုပုံစံနဲ့ဖျက်ဆီးခံလိုက်ရပြီပဲ”
လုယွင်၏ ရင်ထဲမှာ ဒေါသက တလိပ်လိပ်ထိုးတက်လာပြီး သူက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်၏။
“ကမ္ဘာတစ်ခုဖျက်ဆီးခံရတယ်ဆိုတာက အပေါ်ယံပဲ ဒါပေမဲ့ သက်ရှိပေါင်းသန်းရာချီကို သတ်ဖြတ်သုတ်သင်လိုက်တယ်ဆိုတာကတော့ အရမ်းကို ရက်စက်ကြမ်းကြုတ်ပြီး နှလုံးသားမဲ့ရာကျလွန်းတယ်”
“အဲဒါကို ဘယ်သူလုပ်တာလဲ”
အာဏာရှင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင် ပီထျန်ရှင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
ဖုန့်ရှုက ခေါင်းခါပြလိုက်၏။
“ကမ္ဘာတစ်ခုကို ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ပညာရှင်တွေအများကြီးရှိတယ် ဒါပေမဲ့ ဒီလောက်များတဲ့သက်ရှိတွေကို သတ်ဖြတ်သုတ်သင်တာကတော့ လူတစ်ယောက်တည်းရဲ့ လုပ်ရပ်မဟုတ်လောက်ဘူး... သူတို့က တခြားကမ္ဘာတစ်ခုက စစ်တပ်တစ်တပ်ရဲ့ ဝန်းရံပိတ်ဆို့သတ်ဖြတ်ခံခဲ့ရတာ ဖြစ်လောက်တယ်။”