← Chapters

အနိဋ္ဌာရုံ ဓားစိတ်ဆန္ဒ

Vol. 185 Ch. 2762

အနိဋ္ဌာရုံ ဓားစိတ်ဆန္ဒ

Vol. 185 Ch. 2762

ဓားကျင့်ကြံသူများစွာက ဓားသန့်စင်ကန်၏ ဘေးမှာ စုဝေးရောက်ရှိနေကြသည်။

ပေမင်ရွှယ်သည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကိုဖြတ်ကျော်ခဲ့ပြီးကတည်းက ဓားကျင့်ကြံသူများစွာသည် သူမ၏ ကျင့်ကြံမှုနည်းလမ်းအတိုင်း လိုက်ပါပြီး အနီးနားမှာ ကျင့်ကြံနေကြသည်။

အနိဋ္ဌာရုံဓားတောင်ထွတ်၏ ရှေ့ဘက်မှာ အဆက်မပြတ် တဝုန်းဝုန်းစီးကျနေသော ဓားချီရေတံခွန်တစ်ခုရှိလေသည်။ ဧကရာဇ်အင်မော်တယ်နှိမ်နင်း၏ ဓားစိတ်ဆန္ဒက တောင်ကုန်း၏နောက်ဘက်မှာရှိသည်။

ယွင်ထင်သည် ဤနေရာမှာ ဆူဇီမိုကိုနှုတ်ဆက်ပြီး အဆုံးစွန်းဓားတောင်ထွတ်သို့ ပြန်သွားလေသည်။

ဆူဇီမိုသည် လုယွင်နှင့်အတူ အနိဋ္ဌာရုံဓားတောင်ထွတ်ကို ထွက်လာခဲ့သည်။

တောင်ကုန်း၏ နောက်ဘက်သို့ ရောက်ရှိသည့်အခါ ဓားချီရေတံခွန်၏ မြည်ဟည်းသံက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ အနိဋ္ဌာရုံဓားတောင်ထွတ်သည် ဤနေရာမှာ စိုက်ထူထားသော အင်မော်တယ်ဓားတစ်လက်ကဲ့သို့ ဖြစ်၏။ အင်မော်တယ်တောင်ထွတ်၏ ရှေ့ဘက်နှင့် နောက်ဘက်သည် အင်မော်တယ်ဓား၏ ဟိုဘက်ခြမ်းနှင့် သည်ဘက်ခြမ်းကဲ့သို့ မတူသောလောကနှစ်ခုကို ပိုင်ခြားပေးထားသည်။

အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ကုန်းနောက်ဘက်မှာ ဓားကျင့်ကြံသူများက များစွာပိုမိုလျော့နည်းလေသည်။

ယေဘုယျအားဖြင့်ပြောရလျှင် သူတို့သည် ပကတိအင်မော်တယ်များဖြစ်လာပြီးမှသာ ဧကရာဇ်အင်မော်တယ်နှိမ်နင်းချန်ထားခဲ့သည့် ဓားစိတ်ဆန္ဒကို လေ့လာကြည့်ရှုကာ အာရုံခံနိုင်မည်ဖြစ်သည်။

ဓားကမ္ဘာသည် ဓားကျင့်ကြံသူများကို အခက်တွေ့စေလိုသောကြောင့် ဤကဲ့သို့ ကန့်သတ်ချက်မျိုးကို တမင်သက်သက်ချမှတ်ထားခြင်းမဟုတ်ပေ။ အကြောင်းမှာ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက လုံလောက်မှုမရှိလျှင် ကျင့်ကြံသူများသည် ဧကရာဇ်အင်မော်တယ်နှိမ်နင်း၏ ဓားစိတ်ဆန္ဒကို ခံနိုင်ရည်ရှိမည်မဟုတ်သောကြောင့်ပင်။

ထိုအခိုက်အတန့်မှာ တောင်ကုန်း၏ နောက်ဘက်တွင် ပကတိအင်မော်တယ်တချို့က တည်ငြိမ်၍ အာရုံစူးစိုက်ထားကြသည်။ သူတို့က သူတို့၏ ခေါင်းများကို အနည်းငယ်မော့ပြီး တောင်ထွတ်၏ နောက်ဘက်မှာ ချန်ထားသည့် ဓားအမှတ်အသားများကိုကြည့်ကာ တိတ်တဆိတ်အာရုံခံနေကြ၏။

ဧကရာဇ်အင်မော်တယ်နှိမ်နင်း၏ အနိဋ္ဌာရုံဓားစိတ်ဆန္ဒမှာ အနိဋ္ဌာရုံဓားစိတ်ဆန္ဒများအားလုံးက ဤဓားအမှတ်အသားများမှာ ပါဝင်နေသည်။

လုယွင်က ညင်သာစွာပြောလိုက်၏။

“မိတ်ဆွေလေးဆူကျူး... ငါမင်းကို ကြိုတင်ပြီးပြောထားစရာကိစ္စတချို့ရှိတယ်... ဒီတောင်ကုန်းပေါ်က ဓားချက်တွေကို အရင်တုန်းက ဧကရာဇ်အင်မော်တယ်နှိမ်နင်းက ချန်ထားခဲ့တာပဲ”

“အထဲမှာရှိတဲ့ အနိဋ္ဌာရုံဓားစိတ်ဆန္ဒက တာအိုနှလုံးသားပေါ်မှာ ကြီးမားတဲ့ရိုက်ခတ်မှုတစ်ခု ဖြစ်လာစေလိမ့်မယ်”

“အနိဋ္ဌာရုံဓားတောင်ထွတ်က ပြိုင်စံရှားတချို့တောင်မှ ဒီနေရာမှာ နှစ်နာရီထက်ပိုကြာပြီး မထိုင်နိုင်ကြဘူး”

“မင်းက... တစ်ခုခုလွဲမှားနေတာကို ခံစားရပြီး အဲဒါကို ခံနိုင်ရည်မရှိတော့ဘူးဆိုရင် မင်းကိုယ်မင်းဖိအားမပေးနဲ့... အချိန်မီနောက်ဆုတ်ပြီး ဒီအနိဋ္ဌာရုံဓားတောင်ထွတ်ကနေ ဝေးဝေးခွာလိုက်... အဲလိုဆိုရင် မင်းက အနိဋ္ဌာရုံဓားစိတ်ဆန္ဒရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်နိုင်လိမ့်မယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် မလှမ်မကမ်းမှာရှိသော ဓားကျင့်ကြံသူတစ်ယောက်က သူ၏ မျက်လုံးနှစ်ဖက်ကို ရုတ်တရက်ဖွင့်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။

ထိုလူက နီမြန်းလာသောမျက်လုံးများနှင့်အတူ သည်းထန်စွာမောဟိုက်နေပြီး သူ၏ အော်ရာက ကြမ်းတမ်းခက်ထန်နေသည်။

သူသည် သူ၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။

လုယွင်က မျက်မှောင်ကြုတ်အနည်းငယ်ကြုတ်ပြီး သူ၏ ဝတ်ရုံစကို ဝေ့ယမ်းကာ ဓားကျင့်ကြံသူကို အဝေးသို့ ရွှေ့ပြောင်းပေးလိုက်၏။ သူက ညင်သာစွာ အော်ငေါက်လိုက်လေသည်။

“မင်းရဲ့တာအိုနှလုံးသားက မတည်ငြိမ်တော့ဘူး မင်းက ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် ထိခိုက်ခံစားရဖို့ပဲ ရှိလိမ့်မယ်”

ထိုစကားလုံးများသည် ဆူဇီမိုကို သတိပေးလိုက်ခြင်းနှင့်လည်း တူနေပုံရသည်။

ဓားကျင့်ကြံသူက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ မျက်လုံးထဲရှိ သွေးရောင်က တဖြည်းဖြည်းဖျော့တော့ကာ သူ၏ အသိစိတ်ကို ပြန်လည်ရရှိလာ၏။

ရှက်ရွံ့စွာဖြင့် ထိုလူက ကြိုးစား၍မတ်တတ်ထရပ်ပြီး လုယွင်ကိုဦးညွှတ်ကာ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားလေသည်။

“မိတ်ဆွေးလေးဆူကျူး... မင်းလည်းအဲဒါကိုမြင်မှာပေါ့”

လုယွင်က တစ်ဘက်သို့လှည့်ပြီး ပြောလိုက်၏။

“ငါက မင်းအကြောင်းကို သိပ်မသိဘူး... မင်းရဲ့တာအိုနှလုံးသားက ဘယ်လိုရှိတယ်ဆိုတာလည်း ငါမသိဘူး... မင်းက အနိဋ္ဌာရုံဓားစိတ်ဆန္ဒကနေ အာရုံခံပြီး တစ်ခုခုကို မရနိုင်ဘူးဆိုရင် မင်းကိုယ်မင်းဖိအားပေးမနေနဲ့... မင်းရဲ့ခန္ဓာကိုယ်က အရေးကြီးဆုံးပဲ”

ဆူဇီမိုက ပြုံးပြလိုက်၏။

“စီနီယာ... မပူပါနဲ့ ကျုပ်အကန့်အသတ်ကိုကျုပ် သိပါတယ်”

လုယွင်က သတိထားစရာတချို့ကို ပြောဆိုပြီးနောက် လှည့်ထွက်သွားလေသည်။ သူက တောင်ကုန်း၏ တောင်ထွတ်ရှိရာသို့ ပျံတက်လာခဲ့၏။

ဆူဇီမိုသည် အနိဋ္ဌာရုံဓားတောင်ထွတ်ရှေ့သို့ ရောက်ရှိလာသောအခါ သူက မထိုင်ပေ။ ထိုအစား သူက မတ်တတ်ရပ်ပြီး ဧကရာဇ်အင်မော်တယ်နှိမ်နင်းချန်ထားခဲ့သည့် ဓားချက်များကို ကြည့်နေ၏။ သူက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ လက်ဖဝါးထဲမှာ ဗောဓိစေ့ကို ဆုပ်ကိုင်လိုက်လေသည်။

သူ့အတွက်တော့ ဤသည်က အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်လေသည်။

သူက သူ့လက်ထဲရှိ​ ​​ဗောဓိစေ့နှင့်အတူ သူ၏ အာရုံအသိစိတ်နှင့် နားလည်ဆင်ခြင်မှုက ပို၍တိုးလာပေလိမ့်မည်။

တကယ်တော့ ဆူဇီမိုသည် မဟာဓားပညာရပ်သုံးခုကို ပေမင်ရွှယ်ထက်ပင် ပို၍ကြာကြာကျင့်ကြံထားခဲ့လေသည်။ ဒါ့အပြင် သူသည် မဟာဓားပညာရပ်သုံးခု၏ မူရင်းအတွဲကို နားလည်ဆင်ခြင်ထားခဲ့သည်။

ပေမင်ရွှယ်မှာ ဓားပုံသဏ္ဌာန်သိုင်းစိတ်ဝိညာဥ်တစ်ခု၊ ဓားတာအိုမှာ ပါရမီအရည်အချင်းနှင့် ဓားတာအို၏ ထူးခြားအံ့မခန်းနားလည်ဆင်ခြင်မှုတို့ ရှိလေသည်။

သို့သော်လည်း သူမသည် မဟာဓားပညာရပ်သုံးခု၏ ရှေးဟောင်းမူလစာလိပ်များနှင့် ထိတွေ့မိနိုင်သည်မှာ မကြာသေးပေ။

ဒါ့အပြင် ဆူဇီမိုသည် အဆင့်-၁၂ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပိုင်ဆိုင်ထားလေသည်။ အင်မော်တယ်တာအိုမှာ ကျင့်ကြံခြင်းဖြစ်စေ၊ မိစ္ဆာ သို့မဟုတ် ဗုဒ္ဓတာအိုများမှာ ကျင့်ကြံခြင်းဖြစ်စေ သူသည် မည်သည့်အဟန့်အတားနှင့်မှ မကြုံတွေ့ရပေ။

သူသည် သူတို့အားလုံးကို သူ၏ ဓမ္မတာအိုထဲ ထည့်သွင်းပေါင်းစည်းပြီး သူ၏ ကိုယ်ပိုင်ဖန်တီးမှုအဖြစ် ပြောင်းလဲပစ်နိုင်လေသည်။

ဓားတာအိုမှာ ကျင့်ကြံရာတွင်လည်း အတူတူပင်ဖြစ်သည်။

ဆူဇီမိုကျင့်ကြံထားသည့် အင်မော်တယ်နှိမ်နင်းဓားသည် တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိ ရောက်ရှိနေပြီးသားဖြစ်သည်။

သူသည် မဟာဓားပညာရပ်နှစ်ခုကို နှစ်ပေါင်းများစွာကျင့်ကြံလာခဲ့ခြင်းနှင့် ယခု သူသည် ဧကရာဇ်အင်မော်တယ်နှိမ်နင်းချန်ထားခဲ့သည့် ဓားစိတ်ဆန္ဒကို အာရုံခံနိုင်ခြင်းနှင့်အတူ နောက်ဆုံးအသွင်ပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်လာဖို့က အချိန်တစ်ခုသာလိုလေသည်။

ဆူဇီမိုသည် သတ်ဖြတ်ခြင်းနည်းစနစ်များစွာကို ကျွမ်းကျင်တတ်မြောက်ထားသည်။

မဟာဓားပညာရပ်သုံးခုအပြင် အဲဒီမှာ ကျားဖြူအလောင်းသိမ်းယူခြင်းကဲ့သို့ အလွန်တရာသန်မာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် လျှို့ဝှက်အတတ်တစ်ခုလည်းရှိလေသည်။

သူသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများနှင့် စိမ်းသက်မနေပေ။

ပို၍အရေးကြီးသည်မှာ ဆူဇီမိုသည် ယင်ယန်အဆောင်သုတ္တန်ကို ယခင်က နားလည်ဆင်ခြင်ထားခဲ့သည်။

ဧကရာဇ်အင်မော်တယ်နှိမ်နင်း ဖန်တီးခဲ့သည့် မဟာဓားပညာရပ်သုံးခု၏ ဉာဏ်ကွန့်မြူးမှုသည် ယင်ယန်အဆောင်သုတ္တန်ကနေ အရင်းခံဆင်းသက်လာခဲ့လေသည်။

ကောင်းကင်၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ​ထွက်ပေါ်လာသည့်အခါ ကြယ်များက နဂိုနေရာကနေ ရွေ့လျားကုန်​ပေလိမ့်မည်။

ကမ္ဘာမြေ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည့်အခါ နဂါး မြွေတို့က ပေါ်ထွက်လာပေလိမ့်မည်။

လူသားသတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်လာသည့်အခါ ကောင်းကင်နှင့်မြေကြီးက လဲပြိုကျလာပေလိမ့်မည်။

ဆူဇီမိုသည် ပြီးပြည့်စုံသော ယင်ယန်အဆောင်သုတ္တန်ကိုလည်း ဖတ်ရှုထားခဲ့သည်။

ထိုစကားလုံးများပေါ် သူ၏ နားလည်ဆင်ခြင်မှုသည် ဧကရာဇ်အင်မော်တယ်နှိမ်နင်းထက် မနိမ့်ကျပေ။

မဟာဓားပညာရပ်သုံးခုနှင့် ဧကရာဇ်အင်မော်တယ်နှိမ်နင်းချန်ထားခဲ့သည့် အနိဋ္ဌာရုံဓားစိတ်ဆန္ဒနှင့်အတူ ဆူဇီမိုအနေဖြင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်နိုင်ဖို့က အချိန်တစ်ခုသာလိုလေသည်။

တောင်ကုန်း၏ တောင်ထွတ်ပေါ်မှာ...။

“ညီကိုလု... ခန့်မှန်းကြည့်စမ်း... လင်းရွှင်ကျန်းရယ် ပေမင်ရွှယ်ရယ်... ယွင်ထင်ရယ်မှာ အင်မော်တယ်နှိမ်နင်းဓားကို ဘယ်သူက အရင်နားလည်ဆင်ခြင်နိုင်မယ်လို့ မင်းထင်လဲ”

“ငါတို့တွေက အလောင်းအစားပြုလုပ်ပြီးသွားကြပြီ”

တောင်ထွတ်သခင်များက လှုံ့ဆော်လိုက်ကြ၏။

လုယွင်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ကျင့်ကြံဖို့က ဘယ်လိုလုပ်အဲလောက်ထိ လွယ်ကူပါ့မလဲ... သူတို့သုံးယောက်အနေနဲ့ အဲဒါကို အချိန်တိုအတွင်းမှာ နားလည်ဆင်ခြင်ဖို့ဆိုတာ ခက်ခဲတယ်... ဒီလိုမျိုး အလှမ်းကွာဝေးတဲ့ကိစ္စတစ်ခုက ဘယ်အချိန်မှာ ဖြစ်လာမယ်ကို ဘယ်သူက ပြောနိုင်မှာလဲ”

“ရလဒ်တစ်ခုထွက်ပေါ်လာဖို့ နှစ်ပေါင်းသောင်းချီလောက်ကြာသွားနိုင်တယ်”

ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ခေါင်းညိတ်ကာပြောလိုက်သည်။

“ညီကိုလုပြောတာ အဓိပ္ပါယ်ရှိတယ်... ငါ့အထင်တော့ ငါတို့တွေက အလျင်အမြန်ဆုံးဖြတ်နိုင်မယ့် အခြားကိစ္စတစ်ခုပေါ်မှာ ငါတို့ရဲ့အလောင်းအစားကို ပြောင်းလဲရလိမ့်မယ်”

“အဲဒါက လွယ်ပါတယ်”

အာဏာရှင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြုံး၍ပြောလိုက်၏။

“ဆူကျူးက အနိဋ္ဌာရုံဓားတောင်ထွတ်ရဲ့ ဓားစိတ်ဆန္ဒကို ဘယ်လောက်ကြာကြာခံနိုင်ရည်ရှိမလဲ လောင်းကြရအောင်”

“ကောင်းပြီလေ”

“အဲဒါက အကြံကောင်းပဲ”

အခြားသောတောင်ထွတ်သခင်များ၏ မျက်လုံးများက ဝင်းလက်သွားကြ၏။

ပုံရိပ်ယောင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။

“ငါထင်တာမမှားဘူးဆိုရင် အရင်တုန်းက လင်းရွှင်ကျန်း... ပေမင်ရွှယ်နဲ့ ယွင်ထင်တို့က ခြောက်နာရီတောင့်ခံပြီးတဲ့နောက် နောက်ဆုတ်ဖို့ ဖိအားပေးခံလိုက်ရသည်။

“ဆူကျူးက သေချာပေါက် ခြောက်နာရီအထိ ရောက်နိုင်မှာမဟုတ်ဘူး”

“သူ့ရဲ့တာအိုနှလုံးသားက အတော်လေးသန်မာမယ်ဆိုရင် သူက နှစ်နာရီတိတိကြာအောင်တော့ ထိုင်နိုင်လောက်တယ်”

ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။

“ငါကတော့ တစ်နာရီပဲလို့လောင်းတယ်”

“ငါ့အထင်တော့ သူက အလွန်ဆုံး ဆယ့်ငါးမိနစ်ပဲ”

“မင်းတို့တွေ သူ့ကိုတော်တော်အထင်သေးနေတာကြတာပဲ”

“ငါက သူ နှစ်နာရီတိတိထိုင်နိုင်မယ်လို့လောင်းတယ်”

တောင်ထွတ်သခင်ရှစ်ဦးက သူတို့၏ ထင်မြင်ချက်များကို တစ်ယောက်ပြီးတစ်ယောက်ထုတ်ဖော်ပြီး အေးအေးဆေးဆေး စကားပြောဆိုရင်း စောင့်ဆိုင်းနေကြ၏။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။

ဆယ့်ငါးမိနစ်...။

တစ်နာရီ...။

တစ်ခဏချင်းမှာပင် နှစ်နာရီကုန်ဆုံးသွားပြီး ဆူဇီမိုသည် လှုပ်ရှားခြင်းမရှိဘဲ ဆက်လက်နားလည်ဆင်ခြင်နေ၏။

“ငါတို့အားလုံးမှားခဲ့ကြတာလား”

“ကြည့်ရတာ ညီကိုလုနိုင်တော့မယ်နဲ့တူတယ်”

တောင်ထွတ်သခင်များက အကြည့်ချင်းဖလှယ်ပြီး ခါးသက်သောအပြုံးများနှင့်အတူ သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။

တောင်ထွတ်သခင်ရှစ်ဦးကြားမှာ လုယွင်တစ်ယောက်တည်းကသာ ဆူဇီမိုသည် လေးနာရီကြာတောင့်ခံနိုင်မည်ဟု ခန့်မှန်းခဲ့လေသည်။

တကယ်တမ်းမှာ စစချင်းသူသည် ဆူဇီမိုပေါ် မြင့်မြင့်မားမားသတ်မှတ်ထားခဲ့ခြင်း မရှိပေ။ သို့သော်လည်း စောစောက ဆူဇီမိုနှင့် ထိတွေ့ဆက်ဆံမှုအပြီး၌ ဤလူငယ်က မရိုးရှင်းဟု သူ၏ ဝမ်းတွင်းအသိစိတ်က သူ့ကိုပြောပြပေးနေခဲ့သည်။

တစ်ခဏချင်မှာပင် လေးနာရီကုန်ဆုံးသွားခဲ့သည်။

ဆူဇီမိုက အောက်ဘက်မှာ ဆက်လက်၍နားလည်ဆင်ခြင်နေဆဲဖြစ်သည်။

“ဒီကောင်လေးက ဒီလောက်ကြာကြာတောင့်ခံနိုင်တယ်ဆိုတော့”

“ငါတို့အားလုံး ဒီတစ်ခေါက်မှားခဲ့တာပဲ”

တောင်ထွတ်သခင်ရှစ်ဦးမှာ စိတ်လက်ပေါ့ပါးသောအမူအရာများရှိနေဆဲ ဖြစ်ပြီး ရယ်မောပြောဆိုနေကြ၏။

အချိန်ကြာလာသည်နှင့်အမျှ တောင်ထွတ်ရှစ်ဦး၏ မျက်နှာပေါ်မှ အပြုံးများက လျော့ကျလာလေသည်။

ထိုအခိုက်အတန့်မှာ ခြောက်နာရီကြာသွားခဲ့ပြီဖြစ်ပြီး ဆူဇီမိုက ထွက်ခွာမည့် မည်သည့်အရိပ်အယောင်မှ မပြသသေးပေ။

တောင်ထွတ်သခင်ရှစ်ဦးက တည်တံ့သောအမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။

“ဒီကောင်လေးရဲ့ဓားတာအိုက တကယ့်ကို သန်မာလွန်းတာပဲ... သူက လင်းရွှင်ကျန်းနဲ့ တခြားနှစ်ယောက်နဲ့တောင်မှ တကယ်ပဲယှဥ်နိုင်နေတာပဲ”

အခြားသောတောင်ထွတ်သခင်များက နှုတ်ဆိတ်နေကြ၏။

ယခုအချိန်မှာ အဲဒါသည် ယှဥ်နိုင်ရုံမျှသာ မဟုတ်တော့ပေ။ ဆူဇီမိုသည် ဆက်လက်၍ နားလည်ဆင်ခြင်နေမည်ဆိုလျှင် သူသည် လင်းရွှန်ကျန်းနှင့် အခြားနှစ်ယောက်ထက် သာလွန်သွားပေလိမ့်မည်။

ရှစ်နာရီကြာသွားခဲ့သည်။

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားဆဲဖြစ်ပြီး မလှုပ်မယှက်ရှိနေ၏။

ဆယ်နာရီအကြာအပြီးမှာ အနိဋ္ဌာရုံဓားတောင်ထွတ်ကို ညအမှာင်ထုက လွှမ်းခြုံလာခဲ့ပြီဖြစ်လေသည်။ သို့သော်လည်း တောင်ထွတ်ပေါ်မှ လူရှစ်ယောက်က အနားယူမည့်ပုံမရှိပေ။

ရုတ်တရက်ဆိုသလို...။

အောက်ဘက်မှ ရုတ်ရုတ်သဲသဲအသံတစ်သံ ထွက်ပေါ်လာ၏။

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး လှုပ်ရှားလိုက်လေသည်။

All Chapters