← Chapters

ခက်ခဲလွန်းလှပါလား..

Vol. 40 Ch. 547

ခက်ခဲလွန်းလှပါလား..

Vol. 40 Ch. 547

" အကိုတုချန် "

စုန်းမဖြူ၏ မျက်နှာထား ချက်ချင်းပြောင်းသွားတော့သည်။ သူမ လက်ယမ်း၍ နတ်ဆိုးအစွမ်းအား ထုတ်လွှတ်ပြီး တုချန်တစ်ယောက် ချောက်နက်ထဲ ကျမသွားအောင် ဖမ်းထိန်းထားလိုက်၏။

သို့သော် ထိုလုပ်ရပ်က ကောင်းကင်မီးတောက် သားရဲကြီး၏ အာရုံကို ဆွဲဆောင်လိုက်သလို ဖြစ်သွားကာ...

၎င်း၏ မျက်လုံးအကြည့်က စုန်းမဖြူပေါ်သို့ ကျလာသည်။

စုန်းမဖြူ မှာ ချက်ချင်း ငရဲသို့ ထိုးကျသွားသလို ခံစားလိုက်ရ၏။

ကြောက်စရာ ကောင်းလှပါတကား..

အဆင့်၁၁ ကောင်းကင်မီးတောက် သားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်း ခံရသည့် ခံစားချက်က

ထိုသို့လား.. ။

ဝုန်း..

ထိုစဥ်မှာပင် သားရဲကြီးက သူမထံသို့ ပြေးဝင်လာပြန်သည်။

စုန်းမဖြူ မှာ ပြေးဝင်လာသော သားရဲကြီးကိုကြည့်ရင်း ရှောင်ပင်မရှောင်လိုက်နိုင်ပါ ။

" မိစ္ဆာသားရဲကောင် "

ထိုစဥ်မှာပင် မိုယွမ်ရှောက် လှုပ်ရှားသွား၏။

ဝုန်း..

သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် နတ်ဆိုးအရိပ်ဆယ်ခု သူ့အနောက်ဘက်တွင် ချက်ချင်း စုစည်းလာ၏။

သူ့ကိုယ်မှလည်း ကြောက်မက်ဖွယ် အစွမ်းတစ်ခု တိုးထွက်လာသည်။

ထို့နောက်တွင်..

ဝုန်း..

မိုယွမ်ရှောက်၏ နတ်ဆိုးလက်ကြီးက သားရဲကြီးဆီသို့ တိုးဝင်သွားကာ ၎င်း၏ ခေါင်းကို ရိုက်ချလိုက်၏။

သားရဲကြီး ချက်ချင်း ဟန်ချက်ပျက်သွားသည်။

" ဟင်... သခင်ကြီး မိုယွမ်ရှောက်... မျှော်လင့်ချက်ရှိသေးတယ် "

ပိုင်စီ တအံ့တသြ ရေရွတ်လိုက်သည်။

ထိုသခင်ကြီးလေးယောက် စတိုက်ခိုက်သည့် အချိန်မှစ၍ ကောင်းကင်မီးတောက် သားရဲကြီးက တုန့်ပြန်သည်ကို တွေ့ရသည်မှာ ယခုက ပထမဆုံးအကြိမ်ပင် ။

တဖက်မှ သားရဲကြီးမှာလည်း ထိုအချိန်မှသာ မိုယွမ်ရှောက် ရှိနေသည်ကို သတိထားမိသွားသည့်အလား ခေါင်းလှည့်ကြည့်လာ၏။

၎င်းက သူ့ခေါင်းသူ ပြန်ကိုင်လိုက်ပြီး... သူ့ကိုယ်မှ မီးတောက်များလည်း ရုတ်တရက် ဝုန်းခနဲ တောက်လာကြသည်။ သူ ဒေါသထွက်သွားသည်မှာ သိသာပါ၏။

ထို့နောက်..

ဝုန်း..

သားရဲကြီးက ပါးစပ်ဟ၍ မိုယွမ်ရှောက်ဆီသို့ မီးတောက်လုံးကြီး မှုတ်ထုတ်လာသည်။

" ဟင်... ဖွင့်စေ "

မိုယွမ်ရှောက်မှာလည်း သတိလတ်လွတ် မနေရဲပါ ။ ချက်ချင်းမှာပင် နတ်ဆိုးအစွမ်းများ စီးဆင်းလာပြီး ဒိုင်းကြီးတစ်ခုအဖြစ် စုစည်းသွားကာ သူ့ရှေ့တွင် ပေါ်လာ၏။

သို့သော်..

ဝုန်း..

တစ်ချက်တည်းဖြင့်ပင် ဒိုင်းကြီးက ချက်ချင်းပြိုကွဲသွားပြီး မိုယွမ်ရှောက် နောက်သို့ လွင့်ထွက်သွားတော့သည်။

ဝေါင်း...

သားရဲကြီးက ဒေါသတကြီး ထပ်အော်၍ မိုယွမ်ရှောက်နောက်သို့ ဆက်ပြေးလိုက်သွား၏။

မိုယွမ်ရှောက် အံကြိတ်လိုက်သည်။ သူ့နောက်မှ နတ်ဆိုးအရိပ် ဆယ်ခုမှာလည်း သူ့နည်းတူပင် လိုက်လှုပ်ရှားသွားပြီး လက်ဖြင့် အစီအမံများ ပြုလုပ်ကာ ရှေ့သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဝုန်း..

ဤတစ်ကြိမ်တွင်မူ လက်ဝါးကြီးက ကောင်းကင်မီးတောက် သားရဲကြီးအား အနည်းငယ် တွန့်ဆုတ်သွားအောင်သာ လုပ်လိုက်နိုင်ပါသည်။

ထို့နောက်တွင်မူ သားရဲကြီးက လက်ဝါးအစွမ်းအား ချိုးဖျက်ပစ်ကာ မိုယွမ်ရှောက်ရှေ့သို့ ရောက်လာပြီး လက်ဖြင့် ရိုက်ချလိုက်၏။

ဝုန်း...

ထိုရိုက်ချက်ကြောင့် မိုယွမ်ရှောက်တစ်ယောက် အနောက်ဘက် ပေတစ်ရာခန့်အထိ လွင့်ထွက်သွားကာ သူ့နောက်မှ နတ်ဆိုးအရိပ်လည်း ပြိုကွဲသွားတော့သည်။

" ဟင်... နတ်ဆိုးအသွင်ပြောင်းဆယ်မျိုး ခန္ဓာကိုယ်တောင် မခံနိုင်ဘူးတဲ့လား.. "

" ဒီတစ်ခေါက်တော့.. ငါတို့တွေ တကယ်သေပြီနဲ့ တူတယ် "

အနားတွင် ရှိနေကြသူများ အားလုံးမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်ဓာတ်ကျသွားတော့၏။

ကွေ့ရှန်ကလည်း မျက်နှာငယ်လေးဖြင့် ပြောသည်။

" ငါ ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလို့လဲကွာ ။ ဒီမှာ ခုလိုကြီးတော့ မသေချင်ဘူး... "

ပိုင်စီမှာလည်း မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်သွားကာ မျက်လုံးတွင်လည်း မျက်ရည်စများ တွဲခိုလာသည်။

သူမစိတ်ထဲတွင်လည်း သေရတော့မည်ဟုသာ ​တွေးမိနေပါ၏။

လက်ရှိ.. နတ်ဆိုးလက်ပိုင်ရှင် မိုယွမ်ရှောက်သည်ပင် အလုပ်မဖြစ်ပေရာ...

ထိုကောင်းကင်မီးတောက် သားရဲကြီးအား အနိုင်ယူနိုင်သူ မည်သူရှိပါတော့မည်နည်း ။

ထိုစဥ်.. လောထျန်းမှာမူ ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ဆွံ့အနေပါ၏။

" ငါက ဒီလူတွေ သားရဲကြီးကို တိုက်ခိုက်ပြီး နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ဘယ်လိုထုတ်ကြလဲဆိုတာ ကြည့်ပြီး သင်မလို့ဟာကို.. "

သူ သက်ပြင်းချလိုက်သည်။

သူ့အနေဖြင့် သားရဲကြီးအား သတ်လိုလျှင် သတ်၍ရသော်လည်း...

သူ အစွမ်းများများ သုံးမိသွားကာ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်အား ဖျက်ဆီးမိသွားမည်ကို စိုးရိမ်နေပါ၏။

သို့သော်.. ယခု သူ့ရှေ့မှ အစွမ်းထက်ကျင့်ကြံသူ ဆိုသူများကလည်း အလွန်စိတ်ပျက်စရာပင်..

သို့ဖြစ်ရာ.. သူ့အတွက် အခြားနည်းတစ်ခု ရှာရန်သာ ရှိပါတော့သည် ။

လောထျန်း ပိုင်စီဘက် လှည့်ကြည့်ကာ မေးလိုက်၏။

" ဒါနဲ့.. နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ကို ဘယ်လိုထုတ်ရလဲဟင် "

ပိုင်စီမှာ သူ့စကားကြောင့် အံ့သြမှင်သက်သွားတော့သည်။

ဘေးတွင် ရပ်နေသည့် ကွေ့ရှန်ကလဲ စိတ်မထိန်းနိုင်တော့ဟန်ဖြင့် ပြောလာ၏။

" ကောင်လေး.. ဒီလိုချိန်ကြီး ရောက်နေတာတောင် ဘာလို့ ဒါတွေ မေးနေသေးတာလဲ "

" မင်းက နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ထုတ်ချင်တယ်ပေါ့လေ.. ဟုတ်လား ။ ငါပြောပြမယ်.. နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ဆိုတာ ကောင်းကင်မီးတောက် သားရဲရဲ့ ဦးနှောက်ထဲမှာ ရှိတာကွ။ အဲ့တော့ မင်းလုပ်ရမှာက သားရဲရဲ့ ခေါင်းကိုဖြုတ်ပြီး နှစ်ခြမ်းခွဲလိုက် ၊ အဲ့ကျရင် အထဲက နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို တွေ့ရလိမ့်မယ် "

သူ ပြောနေရင်း ဒေါသ ပိုပိုထွက်လာဟန်လည်း တူကာ ထိုသို့သော အရူးတစ်ယောက်နှင့် ဘယ်လိုကြောင့် တွေ့နေရသနည်းဟုလည်း တွေးနေဟန်ပင် ။

လောထျန်း အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။

" အဲ့လောက် ရိုးရှင်းတာလား "

" ရိုးရှင်းတယ်.. ဟုတ်လား.. "

ကွေ့ရှန်မှာ အော်ဆဲပစ်ချင်စိတ် ပေါက်သွားတော့၏။

ရိုးရှင်းတယ် တဲ့လား..

ထို သားရဲကြီး၏ ကြောက်စရာအခြေအနေကို သူ မတွေ့လိုက်ဘူးလား..

နတ်ဆိုးလက်ပိုင်ရှင် မိုယွမ်ရှောက်သည်ပင် သားရဲကြီးကြောင့် နောက်သို့လွင့်သွားပြီး သူ့ နတ်ဆိုးအရိပ်ဆယ်ခုလည်း ပြိုကွဲသွားကာ လေးခုသာ ကျန်ပါတော့သည်။

၎င်းကို ရိုးရှင်းသတဲ့လား..

" ဟားဟား.. အဲ့လောက်ရိုးရှင်းတယ် ထင်နေရင် မင်းသွားလုပ်လိုက်လေ "

ကွေ့ရှန် သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြောလိုက်သည်။

လောထျန်းက မထူးခြားဟန် မျက်နှာပေးဖြင့် ခေါင်းညိတ်၏။

" ကောင်းပြီလေ.. ဒါဆိုလဲ ကျုပ်သွားမယ် "

လောထျန်း ထိုသို့ပြောပြီးသည်နှင့် ရှေ့သို့ လျှောက်သွားလိုက်သည်။

၎င်းကိုမြင်သောအခါ ပိုင်စီက အလန့်တကြား အော်ခေါ်၏။

" လောထျန်း.... "

သို့သော်.. သူမ စကားစလိုက်စဥ်မှာပင် ကွေ့ရှန်က သူမကိုတားပြီး ပြောလာသည်။

" သူ့ကို တားမနေနဲ့ ၊ သူက သေချင်နေမှတော့ ပေးသွားလိုက်။ ဘယ်လိုနေနေ အားလုံးလဲ သေရတော့မှာပဲဟာ.. သူ အရင်ဆုံး သေသွားတော့လဲ ဘာထူးမှာလဲ "

ထို့နောက်တွင်မူ.. ပိုင်စီ လက်ပြန်ရုတ်လိုက်၏။

ထိုအချိန်မှာပင်..

ဝုန်း ....

မိုယွမ်ရှောက် နောက်သို့ထပ်လွင့်သွားကာ သူ့နောက်မှ နတ်ဆိုးအရိပ်လည်း နှစ်ခုသာ ကျန်တော့၏။

သူ့တစ်ကိုယ်လုံးလည်း သွေးများ အလိမ်းလိမ်းပေနေပြီး မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ပါ။

" တောက်... ဒီကောင်ကြီးက အစွမ်းထက်လိုက်တာ။ ကမ္ဘာတစ်ခုလုံးကို ဖိနှိပ်လာတဲ့ ငါလိုလူမျိုးက ဒီနေရာမှာ ခုလို ကြုံရမယ်လို့ လုံးဝမထင်ထားမိဘူး "

မိုယွမ်ရှောက်က အသံသြသြဖြင့် ပြောလိုက်သည်။

သူ ထိုသို့ စိတ်ပျက်လက်ပျက် ဖြစ်နေစဥ်မှာပင်... လောထျန်းက ကောင်းကင်မီးတောက် သားရဲနားသို့ တဖြည်းဖြည်း ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

" ဟင်.. ကောင်လေး.. အဲ့ကိုမသွားနဲ့... "

သူ ချက်ချင်း အော်တားရန် ကြိုးစားလိုက်သော်လည်း ထိုအချိန်မှာပင် သူ့ဒဏ်ရာများက ပိုဆိုးလာသဖြင့် သွေးအန်သွားပါ၏။

လောထျန်းက သူ့အော်သံကို ကြားသွားကာ တစ်ချက်လှည့်ကြည့်လာသေးသော်လည်း ချက်ချင်းမှာပင် ကောင်းကင်မီးတောက် သားရဲဘက် ပြန်လှည့်သွားသည်။

" အင်း... တကယ်လဲ ခက်တာပဲ... "

သူ တီးတိုးရွတ်လိုက်၏။

မိုယွမ်ရှောက်မှာ သူ့စကားကြောင့် အံ့အားသင့်သွားရသည်။

" ဒါပေါ့ကွ ၊ အဲ့ဒါ အဆင့် ၁၁ ကောင်းကင်မီးတောက် သားရဲကြီးလေ ။ မင်းလောက်တော့ သူက အာရုံထဲတောင် ထည့်မှာမဟုတ်ဘူး။ ငါ ခနနေကျရင် ငါ့ရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို ဖောက်ခွဲပစ်လိုက်မယ်။ အဲ့ကျရင် ဒီက လေထုအချုပ်အနှောင်ကို ယာယီတော့ ချိုးဖျက်လိုက်နိုင်မှာပဲ ။ မင်းနဲ့ ကျန်တဲ့သူတွေအားလုံး အခွင့်အရေးရတုန်း ထွက်ပြေးကြ ။ ဒီ ကောင်းကင်မီးတောက် သားရဲချောက်နားကနေ ထွက်ပြေးနိုင်ရင် မင်းတို့ ဘေးကင်းပါပြီ "

လောထျန်း၏ မျက်နှာထား အေးစက်သွားကာ တဖက်လူအား ထပ်ကြည့်လိုက်သည်။

ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် ထိုသို့သော ကိုယ်ကျိုးစွန့်တတ်သည့် လူမျိုး ရှိနေမည်ဟု သူ ထင်မထားခဲ့ပါ။

" ထားလိုက်ပါ.. အဲ့လိုလုပ်ဖို့ မလိုပါဘူး "

လောထျန်း ပြောလိုက်သည်။

" ဘာမှ စိတ်ကူးပေါက်ရာ လျှောက်မလုပ်နဲ့နော် ။ မင်းက ငယ်ငယ်လေး ရှိသေးတယ်ကွ ၊ ဒီမှာ အသေမခံနဲ့ ။ ပြီးတော့ မင်းကိုယ်တိုင်လဲ ပြောခဲ့သေးတယ်လေ.. အဲ့ကောင်ကြီးက ကိုင်တွယ်ဖို့ တော်တော်ခက်တာဆို "

မိုယွမ်ရှောက်က စိုးရိမ်တကြီး ပြောလိုက်သည်။

လောထျန်းမှာမူ မျက်မှောင်သာ ကြုံ့သွားပြီး မည်သို့မှ ပြန်မပြောပါ။

ဝေါင်း..

ထိုအချိန်တွင် ကောင်းကင်မီးတောက် သားရဲက ဒေါသတကြီးအော်၍ လောထျန်းဆီသို့ ပြေးဝင်လာ၏။

" ထွက်ပြေးတော့... "

မိုယွမ်ရှောက် ကျယ်လောင်စွာ အော်လိုက်သည်။

ထိုအချိန်မှာပင် လောထျန်းလည်း လှုပ်ရှားသွား၏။

သူ လက်ဆန့်ထုတ်ကာ ကောင်းကင်မီးတောက် သားရဲကြီးအား ဖမ်းဆုပ်လိုက်သည်။

ဝုန်း...

ကောင်းကင်မီးတောက် သားရဲကြီးကလည်း ပါးစပ်ဟ၍ လောထျန်းဆီသို့ မီးတောက်လုံးကြီး မှုတ်ထုတ်လာပြီး ၎င်းမီးတောက်က လောထျန်းဆီသို့ တည့်တည့် တိုးဝင်သွားသည်။

" ဟာ.... "

မိုယွမ်ရှောက် ထိတ်လန့်တုန်လှုပ်သွားသလို ခပ်လှမ်းလှမ်းမှ ကွေ့ရှန်နှင့် ပိုင်စီတို့လည်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။

" ဒီကောင်လေးက ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတာပဲ "

ကွေ့ရှန် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သို့သော်. တခဏအကြာမှာပင် သူ အံ့သြမှင်သက်သွားရပါ၏။

အဘယ့်ကြောင့်ဆိုသော် လောထျန်းက မီးတောက်များကြားမှ အထိအခိုက်မရှိ ထွက်လာပြီး တဖက်သားရဲဆီသို့ တိုးဝင်သွားသောကြောင့်ပင် ။

" ဟင်.. သူက ဘယ်လိုလုပ်ပြီး "

အားလုံး အံ့သြမှင်သက်ကုန်ကြတော့သည်။

ထို ကောင်းကင်မီးတောက်သားရဲ၏ မီးတောက်မှာ အလွန်ကြောက်စရာကောင်းလှပြီး..

၎င်းဖြင့် တွေ့သွားရသည့် တုချန်ဆိုလျှင် သေလူမျောပါးပင် ဖြစ်နေလေပြီ ။

သို့သော် လောထျန်းမှာကား လုံးဝ မှုဟန်မတူပါ...

မည်သို့ ဖြစ်နိုင်ပါမည်နည်း ။

သို့သော်.. ထိုအချိန်မှာပင် အားလုံးကို ပိုအံ့အားသင့်သွားစေသည့်အရာ ထပ်ဖြစ်လာပါသည်။

ဝုန်း...

လောထျန်းက လက်ကို ကောင်းကင်မီးတောက် သားရဲခေါင်းပေါ်သို့ တင်ပြီး လက်ချောင်းများကို စုကာ လှည့်လိုက်၏။

ဖျောင်း...

သူ ကောင်းကင်မီးတောက် သားရဲကြီး၏ ခေါင်းကို လိမ်ချိုးလိုက်လေပြီ ။

" ဒီကောင်ကြီးက တော်တော်ပျော့တာပဲ.. သူ့ခေါင်းကို အကောင်းတိုင်းဖြုတ်ဖို့ တော်တော်ခက်တာ "

လောထျန်း တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

All Chapters