ပြိုင်ဘက်ကင်း ကောင်းကင်မီးတောက် သားရဲက ဘာလို့ ကြောက်ပြီးထွက်ပြေးသွားရတာလဲ
Vol. 40 Ch. 550
ထိုမျက်လုံးကြီးမှာ အေးစက်နေပြီး လူသတ်အရိပ်အငွေ့တို့ဖြင့် ပြည့်နေပါသည်။
သို့သော် ၎င်းမှာ အခြားကောင်းကင်မီးတောက် သားရဲများကဲ့သို့ ဒေါသထွက်နေဟန် မရှိဘဲ ထူးဆန်းစွာပင် တည်ငြိမ်သော အရောင်အဝါအချို့ ထုတ်လွှတ်နေ၏။
ထိုမျက်လုံးကြီး ရွေ့လျားလာသည်။
အကြည့်ခံလိုက်ရသူများမှာ.. တခဏအတွင်း အကြိမ်ပေါင်းထောင်ချီ အသတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရပါ၏။
သူတို့ ၎င်းမျက်လုံးမှ အကြည့်လွဲလိုက်သည့် အချိန်တွင်မူ ... ပင်ပန်းနွမ်းလျသွားကာ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်ကြတော့ပါ ။
" အဲ့ဒါ ဘာကြီးလဲ... "
" မီးတောက်နဂါးကွ... မီးတောက်နဂါးကြီးပဲ ဖြစ်ရမယ် "
" အဆင့် ၁၂ ကောင်းကင်မီးတောက် သားရဲက တကယ်ကြီး ရှိတာပေါ့.. အဲ့ကောင်ကြီးက အခု နိုးလာတာလား... "
" ဟာ... ကမ္ဘာသခင်ကြီးနဲ့တောင် ယှဥ်နိုင်တဲ့ ကောင်ကြီးက ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ "
အားလုံး ကူကယ်ရာမဲ့ ဖြစ်ကုန်ကြသည်။
အစောက အဘိုးအိုကလည်း လောထျန်းအား စိတ်ပျက်အားငယ်နေသည့် အကြည့်ဖြင့် ကြည့်လာ၏။
သူ့အမြင်တွင်လည်း လောထျန်း အရှုံးပေးလက်လျှော့လိုက်သင့်ပြီဟုသာ ထင်ပါသည်။
သို့သော်.. လောထျန်း၏ မျက်နှာအမူအရာကို မြင်သည့်အချိန်တွင်မူ သူ အံ့သြမှင်သက်သွားရ၏။
ထိုအချိန်တွင် လောထျန်းမှာကား.. မျက်လုံးကြီးအား စိုက်ကြည့်နေပြီး သူ့မျက်နှာတွင်လည်း ကြောက်ရွံ့ နာကျင်ဟန် လုံးဝ ရှိမနေပါ ။
ထိုအစား စိတ်လှုပ်ရှားနေဟန် အပြုံးပင် ရှိနေပါသေးသည်။
" သခင်လေး.. ဘာလို့ ပြုံးနေတာလဲ "
အဘိုးအို လောထျန်းအား တအံ့တသြ ကြည့်လိုက်သည်။
လောထျန်းက သူ့အသံကြောင့် လန့်သွားပြီးမှ ပြန်လှည့်ကြည့်ကာ ပြောလာ၏။
" အဲ့ဒါ အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်လေ... ခင်ဗျားတို့က ဝမ်းမသာဘူးလား.. "
အဘိုးအို : " ............... "
အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် တဲ့လား...
သူက ယခုလိုအချိန်မျိုးတွင်... ထိုသို့ တွေးနေသတဲ့လား...
" သခင်လေး... ဒီလို အခြေအနေကြီးမှာကို.. နောက်နေတာလားဗျာ ။ အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို အသာထားလိုက်ပါဦး.. ၊ ဟိုသားရဲအုပ်ကိုတောင် ဘယ်သူက တားနိုင်လို့လဲ "
ထိုစကားကို ကြားမှသာ လောထျန်း အသိပြန်ဝင်လာပါ၏။
" ဟုတ်သားပဲ.. သားရဲအုပ်လဲ ရှိသေးတယ် "
လောထျန်း တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
အဘိုးအိုမှာ လောထျန်းတစ်ယောက် ယခုမှ အဖြစ်မှန်ကို ပြန်သတိရသည်ဟု စိတ်ထဲ ကြိတ်တွေးလိုက်သည်။
သို့သော် လောထျန်းက စကားဆက်၏။
" အဆင့်ကိုး နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က ဘာမှ သိပ်မဟုတ်ပေမယ့် ဒီတိုင်းကြီး လွင့်ပစ်လိုက်လို့လဲ မဖြစ်ဘူးလေ ။ ခြင်လေးတစ်ကောင်ကလဲ အသားက အသားပဲ.. အထင်သွားသေးလို့ မရဘူး "
အဘိုးအို ဆွံ့အသွားရပြန်တော့သည်။
ဘာတွေဖြစ်နေပါသနည်း..
အဆင့်ကိုး နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ခြင်တစ်ကောင်တဲ့လား..
ထိုကောင်လေးက ရူးများနေသလား....
ယခုလို အခြေအနေမျိုးတွင် သူတွေးနေသည့် အကြောင်းက ဒါတဲ့လား..
ထိုအချိန်တွင် လောထျန်းက သားရဲအုပ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သားရဲအုပ်ကလည်း လောထျန်းနှင့် ပေတစ်ထောင်ခန့် အကွာအတွင်း ရောက်လာ၏။
အားလုံး၏ အံ့အားသင့်နေသည့် အကြည့်အောက်မှာပင် လောထျန်းက ဓားတစ်လက်ကို ဆွဲထုတ်ဟန် လုပ်လိုက်သည်။
" ဟင်.. သူက ဘာလုပ်နေတာလဲ "
အားလုံးက လောထျန်းအား နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။
ထိုစဥ် လောထျန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
" ကောင်းကင်ဘုံဓားသိုင်း... ဓားတစ်လက်နဲ့ မြှုပ်နှံမယ် "
ဝုန်း..
သူ လှုပ်ရှားလိုက်သည်။
လောထျန်း၏ လက်ထဲတွင် ဓားတစ်လက်မှ ရှိမနေသည့်တိုင် ကြောက်မက်ဖွယ် ဓားစွမ်းအင်တစ်ခု ဝုန်းခနဲ တက်လာ၏။
ထိုအချိန်တွင် တကမ္ဘာလုံးမှာ လောထျန်း၏ ဓားလိုပါပင်..
ဓားစွမ်းအင်မှာလည်း ကြောက်စရာကောင်းလှပြီး ပြိုင်ဘက်ကင်းလျက်..
တဖက်မှ သားရဲအုပ်မှာ ထိုဓားစွမ်းအင်အောက်တွင် သစ်ပင်ခြောက်များကဲ့သို့ ဝုန်းခနဲ လဲကျကုန်ကြတော့သည်။
ကောင်းကင်မီးတောက်သားရဲ တစ်ကောင်ကမှ ၎င်းကို မခုခံလိုက်နိုင်ကြသလို..
တစ်ကောင်မှလဲ ထွက်မပြေးနိုင်ခဲ့ကြပါ ။
ဓားတစ်ချက်တည်းဖြင့် သားရဲအုပ် တစ်အုပ်လုံး ပျောက်သွားခဲ့ရလေပြီ ။
လေထဲတွင်ကား မရေမတွက်နိုင်သော ခြေပြတ် လက်ပြတ်များသာ ကျန်နေခဲ့တော့၏။
" နိုင်.. နိုင်သွားတာလား... "
ထိုမြင်ကွင်းကို တအံ့တသြ ကြည့်နေသော လူအုပ်ထဲမှ တစ်ယောက်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
အဆင့်ကိုး ရှိသည့် ကောင်းကင်မီးတောက် သားရဲအုပ်ကြီးကို ဓားတစ်ချက်တည်းဖြင့် သတ်ခဲ့သတဲ့လား...
သူတို့ရှေ့မှ လူက မည်သို့သော ကျင့်ကြံခြင်းအဆင့်မျိုး ရှိထားပါသနည်း ။
" မဟာနတ်ဆိုးစိတ်ဝိဥာဥ် တစ်ရာ လား.. မဟုတ်သေးဘူး ၊ အဲ့ထက်လဲ ပိုအစွမ်းထက်မှာ "
အဘိုးအိုက လောထျန်းကိုကြည့်ရင်း စိတ်ထဲမှ ခန့်မှန်းကြည့်လိုက်သည်။
ထိုသို့သော လူတစ်ယောက် အနားတွင် ရှိနေပြီဖြစ်ရာ သူ ယနေ့ မသေနိုင်တော့ပေ ။
သူ လောထျန်းကို ကြည့်နေရင်း စိတ်ထဲလည်း သက်တောင့်သက်သာ ဖြစ်သွား၏။
သို့သော် .. ထိုအချိန်မှာပင် လောထျန်းက ရုတ်တရက် မျက်နှာထားပြောင်းသွားပြီး ပြောလာသည်။
" ဟာ.. အခြေအနေ မဟန်ဘူး.. "
သူ ထိုသို့ပြောပြီး ပြေးထွက်သွား၏။
" ဘာတွေဖြစ်နေတာလဲ ။ သူက ဒီလောက်အစွမ်းထက်နေတာကို ဘာလို့ လန့်နေရတာလဲ ။ ကိစ္စကြီး တစ်ခုခုများ ဖြစ်လို့လား.. "
အဘိုးအိုရင်ထဲ စိုးထိတ်သွားကာ ကူကယ်ရာမဲ့သည့် ခံစားချက်လည်း ပြန်ဝင်လာသည်။
ထိုအချိန်တွင် လောထျန်းမှာ လက်ဝေ့ယမ်းပြီး သားရဲအလောင်းများဆီသို့ ပြေးသွား၏။
ထို့နောက်.. သူ လက်ဖြင့် အစီအမံများ လုပ်လိုက်သည်။
ဝီ...
အစွမ်းတစ်ခု ပေါ်လာပြီး သားရဲအလောင်းများ အားလုံးကို သူ့အတွင်းကမ္ဘာငယ်ထဲ စုပ်ယူလိုက်တော့၏။
" ကြောက်လိုက်ရတာကွာ ။ ငါသာ နည်းနည်းလေး နောက်ကျသွားရင် ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တွေ အားလုံး ချောက်နက်ထဲ ကျသွားကြတော့မှာ ။ ဒါတွေသာ ပျောက်သွားရင် ဆုံးရှုံးမှုက နည်းမှာမဟုတ်ဘူး "
အားလုံးပြီးသွားမှသာ လောထျန်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ထိုစကားကို ကြားသွားသည့် အဘိုးအိုမှာကား အန်ပင် အန်ချင်သွားပါသည်။
အသည်းအသန် စိုးရိမ်နေပုံ ပြပြီးမှ.. သူက အဲ့ဒါကို စိတ်ပူနေခဲ့သတဲ့လား..
သူ့မှာကား ကြောက်လွန်း၍ အသက်ပင် သေရတော့မလို ဖြစ်ခဲ့ရပါသည်။
အဘိုးအို စိတ်သက်သာရာ ရပြီး သက်ပြင်းချလိုက်စဥ်မှာပင်..
ဝုန်း..
ချောက်နက်ထဲမှ ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု ထွက်လာ၏။
အဘိုးအိုမှာ ထိုစွမ်းအင်လှိုင်းလုံးကို အာရုံခံမိသည်နှင့် တစ်ကိုယ်လုံး တုန်သွားတော့သည်။
" ဟာ... မဖြစ်ဘူး ။ ငါ စောနက ဓားချက်ကို အာရုံရောက်နေတာနဲ့ ဟိုကောင်ကြီး ရှိနေသေးတာကို မေ့သွားတာ "
သူ တီးတိုးရေရွတ်လိုက်သည်။
သူ လောထျန်းအား လှမ်းအော်ပြောလိုက်၏။
" သခင်လေး ၊ သတိထားနော် ။ သခင်လေးနောက်က ကောင်ကြီးက အဆင့် ၁၂ ကောင်းကင်မီးတောက် သားရဲကြီးပဲ "
အဆင့် ၁၂ ကောင်းကင်မီးတောက် သားရဲကြီးတဲ့..
အနားတွင် ရှိနေကြသူများမှာလည်း လောထျန်း၏ ဓားချက်ကြောင့် အံ့သြမှင်သက်နေကြရာမှ အဘိုးအို စကားကြောင့် အသိပြန်ဝင်လာကြသည်။
အစောက သားရဲအုပ်မှာ ကြောက်စရာကောင်းသည် မှန်သော်လည်း..
ထို အဆင့်၁၂ သားရဲကြီးလောက်မူ ကြောက်စရာမကောင်းသေးပါ ။
ထိုတခဏ၌ အားလုံး ရုတ်ရုတ်သဲသဲ ပြန်ဖြစ်သွားကြသည်။
ချောက်နက်အောက်ထဲမှ အဆင့် ၁၂ သားရဲကြီး၏ ရုပ်သွင်ကလည်း ပိုပို၍ ထင်ရှားလာပါ၏။
၎င်းထံမှ ထွက်နေသည့် ကြောက်မက်ဖွယ် ဖိအားကလည်း နေရာအပြည့် လွှမ်းခြုံလာကာ ထိုဖိအားကို နည်းနည်းလေး ခံစားမိရုံဖြင့်ပင် အားလုံး သေမတတ် ကြောက်ရွံ့သွားကြတော့သည်။
အထူးသဖြင့် အဘိုးအိုမှာ သားရဲကြီးနှင့် အနီးဆုံး ဖြစ်နေသဖြင့် ၎င်းကို သေချာပင် ခံစားမိလိုက်ပါ၏။
ထိုသားရဲကောင်ကြီး၏ မျက်လုံးများမှာကား... အေးစက်ပြီး..
ယုတ်မာကောက်ကျစ်လှသော လူသတ်အရိပ်အငွေ့တို့ဖြင့် ပြည့်နှက်လျက်...
သူ့အရောင်အဝါမှာလည်း အားလုံးကို ကူကယ်ရာမဲ့ ခံစားသွားရစေပါသေးသည်။
ကောင်းကင်မီးတောက် နတ်ဆိုးချောက် ၏ သခင်ကြီး မှာ... အမှန်တကယ် ပြိုင်ဘက်ကင်း ပင်..
သို့သော်.... ထိုသို့သော ပြိုင်ဘက်ကင်း သားရဲကြီးက အဘယ့်ကြောင့် တုန်လှုပ်နေဟန် ပေါက်နေရပါသနည်း...
သက်ပြင်းတချချဖြင့် ရှေ့သို့ ကြည့်နေသော အဘိုးအိုမှာ.. ရုတ်တရက် ကောင်းကင်မီးတောက် သားရဲကြီးက တုန်တုန်ယင်ယင်ဖြင့် နောက်သို့ဆုတ်နေသည်ကို သတိထားမိသွား၏။
ဘာတွေ ဖြစ်နေပါသနည်း..
သူ အမြင်မှားနေပါသလား..
ထိုစဥ်တွင် လောထျန်းကလည်း ခပ်လှမ်းလှမ်းမှ သားရဲကြီးအား ကြည့်လိုက်သည်။
" ဟိုကောင်ကြီး ၊ အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကြီး.. မပြေးနဲ့လေ "
သူ အော်ပြီး ရှေ့သို့ ပြေးသွားလိုက်၏။
တဖက်မှ သားရဲကြီးမှာလည်း ချက်ချင်း နောက်လှည့်၍ တုန့်ဆိုင်းမနေဘဲ ထွက်ပြေးလိုက်တော့သည်။
လူအုပ်ကြီးမှာကား အံ့သြမှင်သက်ပြီး ကျန်ခဲ့ပါ၏။
" ဘာတွေ ဖြစ်ကုန်တာလဲ ၊ ဒီ အဆင့် ၁၂ ကောင်းကင်မီးတောက် သားရဲကြီးက ပြိုင်ဘက်ကင်းနီးပါးပဲ မဟုတ်ဘူးလား "
" ဟုတ်တယ်.. မင်းပြောတော့ ဒီချောက်ကြီးရဲ့ သခင်ကြီးဆို.. ၊ အခု ဘာလို့ လမ်းပျောက်နေတဲ့ ခွေးတစ်ကောင်လို ပြေးသွားရတာလဲ "
" ငါ သောက်ထားတာများပြီး မူးနေတာများလားကွာ ။ အဲ့လိုပဲ ဖြစ်ရမယ်.. "
အားလုံးမှာ သူတို့မျက်လုံးကိုပင် မယုံနိုင်ကြတော့ပါချေ...
ရှေ့မှ မြင်ကွင်းကလည်း အမှန်ပင် သူတို့နားလည်နိုင်စွမ်းထက် ပိုနေပြီ မဟုတ်ပါလား..
ထိုစဥ် တဖက်မှ လောထျန်းမှာမူ သားရဲကြီးနောက်သို့ ခဏတာမျှ ပြေးလိုက်နေပြီးနောက် သူ ခဏအတွင်း လိုက်မမှီနိုင်မှန်း သိသွားသဖြင့် ကောင်းကင်ဘုံ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အသက်သွင်းလိုက်သည်။
ဝှစ်...
လောထျန်း နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး သားရဲကြီးနောက်၌ ပြန်ပေါ်လာကာ ၎င်း၏ ခေါင်းကို ဖမ်းဆုပ်ရန် လက်တစ်ဖက် ဆန့်ထုတ်လိုက်၏။
သားရဲကြီးမှာလည်း တစ်စုံတစ်ခု လွဲနေသည်ကို အာရုံခံမိသွားဟန်ဖြင့်.. အလွန်ကြောက်ရွံ့သွားပုံရကာ တစ်ကိုယ်လုံး မီးတောက်များ ဖုံးလွှမ်းသွားသည်။
ဝုန်း..
မီးတောက်များ ထွက်လာပြီးနောက် သူ နေရာမှ ပျောက်ကွယ်သွား၏။
ထို့နောက်.. မိုင် သုံး၊ လေးဆယ် အကွာ၌ ပြန်ပေါ်လာသည်။
" ဟင်... တည်နေရာရွှေ့ပြောင်းနိုင်တာလား "
လောထျန်း အံ့အားသင့်သွားရ၏။
သူမဟုတ်သည့် အခြားတစ်ယောက်က တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်အား အသုံးပြုသည်ကို သူ ယခုမှ ပထမဆုံး မြင်ဖူးခြင်းပင် ။
" ကောင်းပြီလေ.. မင်းက ခန္ဓာကိုယ်အစွမ်းနဲ့ တိုက်ခိုက်ချင်တယ်ပေါ့ ။ အဲ့တော့လဲ တိုက်ခိုက်ကြတာပေါ့ကွာ "
လောထျန်း လှောင်ပြုံးဖြင့် ပြောလိုက်သည်။