ကောင်းကင်မီးတောက် သားရဲတို့၏ ဘုရင်
Vol. 40 Ch. 552
" လောထျန်း ၊ ဒီမှာ ထူးဆန်းတာတစ်ခုခု ရှိနေတယ်နဲ့တူတယ် ။ ခုချိန်ကစပြီး မင်း သတိထားမှ ဖြစ််မယ်နော် "
ထျန်းယွမ်ကမ္ဘာသခင်ကြီး သတိပေးလိုက်သည်။
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
" ကျုပ် နားလည်ပါတယ် "
သူ ထိုသို့ပြောပြီး ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ ကောင်းကင်မီးတောက် သားရဲကြီး မရှိတော့သည်ကို တွေ့လိုက်ရသည်။
သို့သော် ထိုကောင်ကြီး မည်သည့်ဘက်သို့ ထွက်သွားသည်ကိုမူ ရှာတွေ့နိုင်ချေ ရှိပါသေးသည်။
လောထျန်း ထိုသို့တွေးကာ ချက်ချင်းတည်နေရာရွှေ့ပြောင်းပြီး သားရဲကြီးအား လိုက်ရှာလိုက်သည်။
သို့သော်.. အကြိမ်အနည်းငယ် တည်နေရာရွှေ့ပြောင်းပြီး နောက်တွင်ကား အစွမ်းထက် အရောင်အဝါကို သူ ပြန်ခံစားမိလိုက်ပါ၏။
သို့သော် ဤတစ်ကြိမ်တွင်မူ အရောင်အဝါက သူ့အား တိုက်ရိုက်မတိုက်ခိုက်ဘဲ အနည်းငယ်မျှသော ဖိနှိပ်အစွမ်းကိုသာ ထုတ်လွှတ်လာပါသည်။
လောထျန်း ခေါင်းလှည့်ကြည့်လိုက်ရာ ချောက်ကမ်းပါးတွင် ရှိနေသည့် နောက်အလောင်းတစ်ခုကို တွေ့လိုက်ရ၏။
ထိုသူ သေနေသည့် ပုံမှာလည်း ယခင်ဓားသမားလို တစ်ချက်တည်းဖြင့် သေသွားခဲ့ရဟန်ပင် ။
" ဒီလူက... "
အလောင်းကို မြင်ပြီးနောက် ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေတ္တမျှ မှင်သက်သွားသည်။
" ဘာဖြစ်လို့လဲဗျ "
လောထျန်း မေးလိုက်၏။
" ဒီလူရဲ့ အရောင်အဝါကို ငါ ရင်းနှီးနေသလိုပဲ ။
ဟုတ်တယ်... ဘာမှ မှားစရာမရှိဘူး ။ ဒီလူက ကြယ်ကမ္ဘာကပဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်ပြောသည်။
" ကြယ်ကမ္ဘာ.. ဟုတ်လား "
လောထျန်း စိတ်ဝင်တစား ဖြစ်သွားသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်၍ ပြန်ပြော၏။
" ဟုတ်တယ်ကွ ။ ကြယ်ကမ္ဘာဆိုတာ.. ကြယ်တွေရဲ့အစွမ်းကို ကျင့်ကြံကြတဲ့ အင်မတန်အစွမ်းထက်တဲ့ ကမ္ဘာငယ်တစ်ခုပဲကွ။ ဒါပေမယ့် နောက်ပိုင်းတော့ သူတို့နဲ့ ထျန်းမင်ကမ္ဘာ စစ်ပွဲဖြစ်ပြီး သူတို့တစ်ကမ္ဘာလုံးနီးပါး ဖျက်ဆီးခံခဲ့ရတာ ။ ကြယ်ကမ္ဘာက အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က ဒီမှာ ရှိနေမယ်လို့ ငါ လုံးဝ ထင်မထားမိဘူး "
" သူ့ရဲ့ ကြယ်အစွမ်းကို ကြည့်ရတာလဲ တကယ် ထူးခြားတဲ့ပုံပဲ။ ဒီလူကလဲ အစောက ဓားသမားထက် အစွမ်းနိမ့်မှာ မဟုတ်လောက်ဘူး ။ ဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ ။ ဘာလို့ အစွမ်းထက်တဲ့ လူတွေအများကြီး ဒီမှာ လာသေနေကြတာလဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး နားမလည်နိုင် ဖြစ်သွားတော့သည်။
လောထျန်းမှာလည်း ၎င်းကိုကြည့်ရင်း မျက်မှောင်အနည်းငယ်ကြုံ့လိုက်၏။
" အဆုံးကို ရောက်ရင်တော့ အဖြေကို သိကောင်းသိနိုင်ပါရဲ့ "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေတ္တမျှ စဥ်းစားနေဟန် တူပြီးနောက် မည်သို့မှ ပြန်မပြောဘဲ လောထျန်းသဘောအတိုင်းသာ သွားစေလိုက်သည်။
ဤတစ်ကြိမ်တွင်မူ လောထျန်းက မမြင်မကမ်း လိုက်မနေတော့ဘဲ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ သားရဲကြီး၏ အရောင်အဝါကို ဦးစွာရှာဖွေလိုက်ပါသည်။
ဝီ..
စိတ်ဝိဥာဥ်အစွမ်း ပျံ့သွားသည်နှင့် တစ်ပြိုင်နက် အနီးနားတွင် ရှိနေသော အရောင်အဝါများအားလုံးကို လောထျန်း တွေ့လိုက်ရတော့၏။
အခြားသော အစွမ်းထက် ကောင်းကင်မီးတောက် သားရဲ ဆယ်ကောင်ကျော်၏ အရောင်အဝါကိုလည်း သူ တွေ့လိုက်ရပါသည်။
ထိုအထဲတွင် အဆင့် ၁၀ သားရဲများ ၇၊၈ ကောင်ခန့် ပါဝင်သလို အဆင့် ၁၁ သားရဲ သုံးကောင်လည်း ပါပါသေး၏။
သို့သော် အဆင့် ၁၂ သားရဲကြီးကမူ လုံးဝ ပျောက်နေလေပြီ ။
" ငါ နောက်ကတောက်လျှောက် လိုက်နေတာဆိုတော့ ဒီကောင်ကြီး အပေါ်ဘက်ကို ထွက်ပြေးသွားတာတော့ လုံးဝ မဖြစ်နိုင်ဘူး ။ သူ သွားမယ့်သွား အောက်ကို ဆက်ဆင်းသွားတာပဲ ဖြစ်မယ် "
လောထျန်း ထိုသို့တွေးပြီး အဆင့်၁၁ ကောင်းကင်မီးတောက် သားရဲတစ်ကောင်နောက်သို့ ဦးစွာ တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။
ဝေါင်း...
ထို သားရဲကြီးမှာ သေချာပင် အသံထွက်မအော်လိုက်နိုင်မီ လောထျန်းက ၎င်း၏ ခေါင်းကိုဖြတ်၍ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်အား ထုတ်ယူလိုက်ပါ၏။
" အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ပဲလား... လောလောဆယ်တော့ ခဏသိမ်းထားလိုက်ပါမယ်လေ "
လောထျန်းက အထင်သေးသည့် မျက်နှာဖြင့် ပြောလိုက်သည်။
ကံကောင်းစွာပင် မိုယွမ်ရှောက်တို့ လူစု အနီးနား၌ ရှိမနေခဲ့ပါ...
သူတို့သာ လောထျန်း၏ စကားကို ကြားသွားပါက ချက်ချင်း ဒေါသူပုန်ထသွားကြမည်မှာ သေချာပါ၏။
ထိုစဥ် လောထျန်းက ကောင်းကင်မီးတောက် သားရဲများအား ယခင်နည်းအတိုင်း တစ်ကောင်ပြီးတစ်ကောင် သတ်ကာ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်များကို ဆက်သိမ်းယူလိုက်သည်။
သားရဲများအားလုံးကို ရှင်းပြီးနောက်တွင်မူ သူ ချောက်နက်ထဲသို့ ဆက်တိုးဝင်သွား၏။
သူ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ အဆင့် ၁၂ သားရဲကြီးကို ရှာဖွေနေရင်းလည်း ကောင်းကင်မီးတောက် နတ်ဆိုးချောက်၏ အဆုံးသတ်ကို စူးစမ်းရှာဖွေကြည့်လိုက်ပါသေးသည်။
နောက်ဆုံး အချိန်အတန်ကြာသည်အထိ ဆက်သွားနေပြီး နောက်တွင်ကား အဆင့် ၁၂ သားရဲကြီး၏ အရောင်အဝါကို သူ ပြန်အာရုံခံမိသွားပါ၏။
" နောက်ဆုံးတော့ တွေ့ပြီပေါ့ကွာ "
လောထျန်း ပြုံးပြီး မြန်မြန်ပင် တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။
တစ်ချိန်တည်းတွင်... ကောင်းကင်မီးတောက် သားရဲချောက်၏ အောက်ခြေတစ်နေရာ၌.. ကောင်းကင်မီးတောက် သားရဲကြီးမှာ တစ်စုံတစ်ခုကို အလွန်ကြောက်နေဟန်ဖြင့် ငြိမ်ကုပ်နေရှာ၏။
ထိုစဥ်မှာပင်...
ဝှစ်..
လေတိုးသံများ ထွက်လာပြီး သူ့ရှေ့သို့ လောထျန်းရောက်လာသည်။
" မိစ္ဆာကောင်... နောက်ဆုံးတော့ တွေ့ပြီပေါ့ကွာ "
လောထျန်းက ရှေ့မှသားရဲကိုကြည့်ရင်း ရယ်လိုက်သည်။
အဆင့် ၁၂ ကောင်းကင်မီးတောက် သားရဲဆိုလျှင် အဆင့် ၁၂ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ဆိုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား။
၎င်းက သူ့စိတ်ဝိဥာဥ်အစွမ်းကို အနည်းငယ် တိုးစေနိုင်မည်လား မသိပေ။
" ဝေါင်း... "
သားရဲကြီးမှာလည်း လောထျန်းကို တွေ့သည်နှင့် ကြောက်ရွံ့နေဟန် ပေါက်သွား၏။
သို့သော် ထိုကြောက်ရွံ့သည့် အရိပ်ယောင်က ခဏသာ ပေါ်လာပြီး ပြန်ပျောက်သွားပါသည်။
ပြီးနောက်တွင်ကား... သူ့ယုတ်မာသော အကြံအစည် အောင်မြင်သွားသည့်အတွက် ကျေနပ်နေဟန် ပေါ်လာ၏။
ထို့နောက်..
ဘုန်း..
လောထျန်းနောက်မှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်ချည်း ထွက်လာ၏။
" လူသားမျိုးနွယ်ပါလား.... မင်းက ငါ့ရဲ့ မြင့်မြတ်နယ်မြေထဲ လာပြီးတော့ ငါ့လူတွေကို အမဲလိုက်ရဲနေတယ်ပေါ့လေ ။ မင်း သေဖို့ပဲ တန်တယ် "
ခပ်အက်အက် အသံတစ်သံလည်း ထွက်လာသည်။
လောထျန်းမှာလည်း ထိုအသံကြောင့် အံ့အားသင့်သွားရကာ နောက်လှည့်ကြည့်လိုက်သည်။
သူ့နောက်တွင်ကား အမည်းရောင် မီးတောက်လုံးကြီးတစ်ခု တောက်လောင်နေပြီး..
မီးတောက်များထဲ၌ လူသားအသွင်ရှိသော ကောင်းကင်မီးတောက် သားရဲတစ်ကောင် ရှိနေ၏။
သို့သော်... ထိုလူ၏ ခန္ဓာကိုယ်မှာ သာမာန် လူသားခန္ဓာကိုယ်များထက် အဆပေါင်းများစွာ ပိုကြီးပါသည်။
လောထျန်း ၎င်းကိုကြည့်ကာ အံ့အားသင့်သွားရ၏။
" မင်းက.. တကယ်ကြီး စကားပြောနိုင်တာလား.. "
ကောင်းကင်မီးတောက် သားရဲများမှာ အသိဉာဏ် အလွန်နည်းပါးလှပြီး ..
လောထျန်း အစောက သတ်ခဲ့သော အဆင့် ၁၁ သားရဲသည်ပင် ဉာဏ်ရည်မရှိသလောက်ပင် ဖြစ်ကာ သတ်ဖြတ်ရန်သာသိသည့် သားရိုင်းတစ်ကောင် ဖြစ်ပါသည်။
အဆင့် ၁၂ သားရဲကြီးကသာ ဉာဏ်ရည်အနည်းငယ် ရှိပုံရကာ လောထျန်းကို တွေ့ပြီးနောက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်၏။
သို့သော်.. ယခု သူ့ရှေ့မှ ကောင်းကင်မီးတောက် သားရဲကမူ အမှန်တကယ် လူစကားပြောနေနိုင်ပါသည်။
ထို့ကြောင့်လည်း လောထျန်း အနည်းငယ်အံ့အားသင့်သွားခဲ့ရခြင်းပင် ။
တဖက်လူက လောထျန်း၏ စကားကိုကြားသည်နှင့် လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ငါက ကောင်းကင်မီးတောက် သားရဲတွေရဲ့ ဘုရင်လေ ၊ ဘာလို့ စကားမပြောနိုင်ရမှာလဲ "
လောထျန်း လန့်သွားကာ ပြန်မေးလိုက်သည်။
" ကောင်းကင်မီးတောက် သားရဲတွေရဲ့ ဘုရင်.. ဟုတ်လား "
တဖက်လူက ရယ်ပြီး ပြန်ပြော၏။
" အမှန်ပဲ ၊ မင်းတို့လူသားစကားနဲ့ဆို ငါက အဆင့် ၁၃ ကောင်းကင်မီးတောက် သားရဲပေါ့ကွာ "
" အဆင့် ၁၃ ကောင်းကင်မီးတောက် သားရဲ... "
လောထျန်း အံ့အားသင့်သွားရပြန်သည်။
သူ ပိုင်စီထံမှ သိခဲ့ရသော သတင်းအရဆိုလျှင်.. အဆင့် ၁၂ ကောင်းကင်မီးတောက် သားရဲသည်ပင် ဒဏ္ဍာရီကျော် သားရဲကြီး ဖြစ်နေလေပြီ ။
ရှေးခေတ်ကတည်းမှပင် ထိုသားရဲမျိုးအား လူအနည်းစုလေးကသာ အကြိမ်အနည်းငယ် တွေ့ဖူးခဲ့ကြသည်ဟု ဆိုပါ၏။
ထိုကောင်ကြီးအား တိုက်ခိုက်ရဲသူမှာလည်း မရှိသလောက်နီးပါးပင် ။
သို့သော်.. ယခု သူ့ရှေ့တွင် အဆင့် ၁၃ ကောင်းကင်မီးတောက် သားရဲကြီး ပေါ်လာသတဲ့လား.. ။
ထိုသို့သော သားရဲမျိုးက ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ဒဏ္ဍာရီများထဲတွင်ပင် ရှိမနေပါ။
လောထျန်း၏ အံ့အားသင့်သွားသည့် အမူအရာကို ကြည့်နေသော တဖက်သားရဲ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ရုတ်ချည်းပေါ်လာသည်။
" ဟား ဟား.. အခု ငါဘယ်သူလဲ သိသွားတော့ ကြောက်သွားပြီလား "
သူ လောထျန်းအား စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော်.. တခဏအကြာမှာပင် သားရဲကြီး၏ မျက်နှာထက်မှအပြုံး ရုတ်ချည်း ပျောက်ကွယ်သွားပါ၏။
အဘယ့်ကြောင့်ဆိုသော်... လောထျန်း၏ မျက်နှာထက်၌ စိတ်လှုပ်ရှားသွားဟန် အမူအရာကို သူ မြင်လိုက်ရသောကြောင့်ပါပင်... ။
အမှန်တွင် ထိုသို့ မဖြစ်သင့်ပါချေ...
ပြီးခဲ့သော နှစ်များအတွင်း ကောင်းကင်မီးတောက် သားရဲများ၏ ဘုရင်ဖြစ်သူ ၊ သူ့အား တွေ့ဖူးသူ လူအချို့ ရှိခဲ့ဖူးသော်လည်း ..
ထိုလူများအားလုံးနီးပါးက သူ မည်သူမှန်း သိပြီးသည်နှင့် ချက်ချင်း ကြောက်ရွံ့တုန်လှုပ်ကာ ကူကယ်ရာမဲ့ ဖြစ်သွားခဲ့ကြပါ၏။
လောထျန်းလို မျက်နှာအမူအရာမျိုးဖြင့် တုန့်ပြန်လာသူကိုမူ သူ ယခုမှ ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။
ဘာတွေ ဖြစ်နေပါသနည်း..
ထိုမျက်နှာထားကိုကြည့်ရင်း သူ အဘယ့်ကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရပါသနည်း ။
အန္တရာယ် အငွေ့အသက်ဟု ပြောရလေမလား..
ကောင်းကင်မီးတောက် သားရဲကြီးမှာ ကိုယ်တိုင်ပင် သတိမထားမိဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားပြီး မျက်မှောင်ကြုံ့၍ မေးလိုက်၏။
" မင်းက ဘာလုပ်နေတာလဲ "
လောထျန်းက နှုတ်ခမ်းကွေးသွားအောင်ပြုံးရင်း ပြန်ပြောသည်။
" အဆင့် ၁၃ ကောင်းကင်မီးတောက်သားရဲဆိုရင်.. အဆင့် ၁၃ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ဆိုတဲ့ အဓိပ္ပါယ်ပဲလေ.. ဟုတ်တယ်မလား ။ ဒီတစ်ခေါက်တော့ ငါ အချီကြီးထောပြီ ဟီးဟီးဟီး "
သူ ထိုသို့ပြောပြီး အကျ်ီလက်များ ပင့်တင်၍ တဖက်လူဆီသို့ လျှောက်သွားလိုက်၏။
ဤတစ်ကြိမ်တွင်မူ ကောင်းကင်မီးတောက် သားရဲကြီးမှာ အမှန်တကယ်ပင် အံ့သြမှင်သက်သွားရတော့သည်။
ဘာတွေ ဖြစ်နေပါသနည်း ။
သူနှင့် ရှေ့မှ လူတို့ နေရာပြောင်းသွားသလို သူ အဘယ့်ကြောင့် ခံစားနေရပါသနည်း ။
သူ့ရှေ့မှ လူက အရူးတစ်ယောက်လား..
" မင်း... ဒီနားကို တိုးမလာနဲ့နော် "
ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး အလန့်တကြား အော်လိုက်တော့သည်။