← Chapters

နတ်ဆိုးသခင်ကြီး

Vol. 40 Ch. 553

နတ်ဆိုးသခင်ကြီး

Vol. 40 Ch. 553

လောထျန်းမှာ ရှေ့မှ ကောင်းကင်မီးတောက် သားရဲဘုရင်ကြီးကို ကြည့်ရင်း သူ့ကိုယ်သူ သတိပြန်ပေးလိုက်၏။

" ခေါင်းကို မရိုက်နဲ့... "

သ့ ယခင်အတွေ့အကြုံများအရ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်မှာ တဖက်လူ၏ ခေါင်းထဲတွင် ရှိသည်မဟုတ်ပါလား။

ထိုမီးတောက်သာ ပျက်စီးသွားခဲ့ပါက သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေမည်။

ယခု သူ့ရှေ့မှ ကောင်ကြီးမှာ အဆင့်၁၃ ကောင်းကင်မီးတောက် သားရဲကြီးဖြစ်ကာ... ဤ ချောက်တစ်ခုလုံးတွင်ပင် ထိုသို့သားရဲမျိုး နောက်တစ်ကောင် ထပ်မတွေ့နိုင်တော့မည်ကို သူ စိုးရိမ်ပါသည်။

တဖက်မှ သားရဲကြီးမှာမူ လောထျန်းကိုကြည့်ရင်း ရုတ်တရက် ကြောက်ရွံ့စိတ် ဖြစ်သွား၏။

သို့သော်.. တခဏအကြာတွင်.. သူ ဒေါသထွက်သွားတော့သည်။

" ချီး.. မင်းလို ဘာမဟုတ်တဲ့ လူသားတစ်ယောက်က ငါ့ကို ကြောက်အောင် လုပ်နိုင်တယ်ပေါ့ ။ ဒီ မအေ $## "

ကောင်းကင်မီးတောက် သားရဲဘုရင်ကြီးမှာ နောက်ဆုံး မည်သို့မှ သည်းမခံနိုင်တော့ပါချေ။

ဝီ..

သူ လက်ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲတွင် မီးတောက်များ တဝုန်းဝုန်း လောင်ကျွမ်းနေသည့် ဓားတစ်လက် ပေါ်လာသည်။

" သေစမ်းကွာ.. "

သူ အော်ပြီး တိုက်ခိုက်လိုက်၏။

ဝုန်း..

ချက်ချင်းမှာပင် ဓားကမ္ဘာတစ်ခုက လောထျန်းအား လွှမ်းခြုံလာသည်။

လောထျန်းမှာ စစချင်းတွင် သိပ်ဂရုစိုက်ဟန် မတူသော်လည်း..

တဖက်လူ၏ ဓားကမ္ဘာအား ခံစားမိပြီးနောက်တွင်မူ အံ့အားသင့်သွားပါ၏။

" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

သူ တအံ့တသြ ရေရွတ်လိုက်သည်။

ယခု သူ့ရှေ့တွင် ရှိနေသည့်ဓားကမ္ဘာမှာ ယခင် သူ့အား ချောက်ကမ်းပါးပေါ်၌ တိုက်ခိုက်ခဲ့သည့် ဓားကမ္ဘာနဲ့ အတူတူပါပင် ။

ပုံမှန်ဆိုပါက.. ဓားသိုင်း တစ်ခုတည်းကို ကျင့်ကြံသည့် ဓားကျင့်ကြံသူများသည်ပင် ကျင့်ကြံစဥ်အတွင်း ဓားအပေါ် မိမိ၏ကိုယ်ပိုင် နားလည်နိုင်စွမ်း ကွာခြားကြပါသည်။

ထို့ကြောင့်လည်း ဓားကမ္ဘာသို့ ရောက်သည့် မည်သူမဆို မတူညီသော ဓားကမ္ဘာကိုယ်စီ ရှိတတ်ကြပါသည်။

သို့သော်.. ယခု သူ့ရှေ့မှ လူကမူ ယခင်လူ၏ ဓားကမ္ဘာအတိုင်း တစ်ပုံစံတည်းကို သုံးသွားခဲ့ပါ၏။ ၎င်းက မည်သို့ ဖြစ်နိုင်ပါသနည်း ...

တဖက်မှ သားရဲမှာ လောထျန်း အံ့အားသင့်သွားပုံကို ကြည့်ပြီး လောထျန်းက သူ့အား ကြောက်နေသည်ဟု ထင်သွား၏။

" ဟား ဟား.. မင်းအစွမ်းက ဒါအကုန်ပဲလား ။ ကြည့်ရတာ ငါ မင်းကို အထင်ကြီးလွန်းသွားခဲ့တယ်နဲ့ တူတယ် "

ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ထို့နောက် သူ့လက်ထဲမှ ဓားကိုယမ်းလိုက်ရာ ဓားကမ္ဘာက လောထျန်းပေါ်သို့ စတင်ဖိနှိပ်လာပြီး သူ့အား တိုက်ခိုက်လိုက်ကြ၏။

လောထျန်းမှာလည်း ထိုအချိန်မှသာ အသိပြန်ဝင်လာသည်။

သူ တဖက်မှ ကောင်းကင်မီးတောက် သားရဲဘုရင်ကြီးကို ကြည့်ကာ လက်တစ်ဖက် မြှောက်လိုက်၏။

ဤတစ်ကြိမ်တွင်မူ သူ ဓားမထုတ်ဘဲ သူ့လက်ချောင်းကိုသာ ဓားအဖြစ် သုံးလိုက်ပါသည်။

ချွှင် ..

ဓားသံ တစ်သံနှင့်အတူ ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး၏ ဓားကမ္ဘာ ချက်ချင်း ပြိုကွဲသွားတော့၏။

" ဘယ်လိုဖြစ်ပြီး... "

ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး အံ့သြတုန်လှုပ်သွားကာ နောက်ဆုတ်ရန် ပြင်လိုက်သည်။

သို့သော်.. ထိုအချိန်မှာပင် လောထျန်းက သူ့အား လက်ညိုးဖြင့် ရွယ်လာပါ၏။

ချွှင်..

ဓားကမ္ဘာတစ်ခုက ကောင်းကင်မီးတောက် သားရဲဘုရင်ကြီးအား ချက်ချင်း ချုပ်နှောင်ထားလိုက်တော့သည်။

ယခု ဓားကမ္ဘာမှာ အစောက ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး ထုတ်ပြခဲ့သည့် ဓားကမ္ဘာထက် များစွာ ပိုသေးငယ်ပါသည်။

သို့သော်..

ယခု ဓားကမ္ဘာက သူ့အား ကြိမ်ဖန်များစွာ အလွယ်တကူ သတ်ပစ်နိုင်ကြောင်းကို ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး သိလိုက်၏။

" မင်း... "

သူ လောထျန်းအား ကြောက်လန့်တကြား ကြည့်လိုက်သည်။

ထင်မှတ်မထားစွာပင်.. တဖက်လူက ဤမျှ အစွမ်းထက်နေသတဲ့လား ။

ထိုစဥ်မှာပင် လောထျန်းက သူ့ကိုကြည့်ပြီး အေးစက်စက်ပြောလာ၏။

" မင်း ခုနက သုံးလိုက်တဲ့ ဓားကမ္ဘာကို ဘယ်သူသင်ပေးခဲ့တာလဲ "

သားရဲဘုရင်ကြီးက အံကြိတ်၍ ပြန်ပြောလိုက်သည်။

" ငါက မင်းကို ဘာလို့ပြောပြရမှာလဲ "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

ဝုန်း...

ဓားကမ္ဘာ လည်လာပြီး..

ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး၏ ခန္ဓာကိုယ် တစ်ဝက်ခန့် အပိုင်းပိုင်း ဖြတ်ခံလိုက်ရတော့သည်။

" အား... "

သားရဲဘုရင်ကြီးထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်လာသည်။

လောထျန်း မျက်မှောင်ကြုံ့ပြီး ထပ်မေးလိုက်၏။

" ငါ မေးတာကို ဖြေ.. မဟုတ်လို့ကတော့ နောက်တစ်ကြိမ်ဆို မင်း အသေသတ်ခံရပြီသာမှတ် "

သားရဲဘုရင်ကြီးမှာ ဤတစ်ကြိမ်တွင် လုံးဝ ကြောက်ရွံ့တုန်လှုပ်သွားပါတော့သည်။

လောထျန်းက ဤမျှအစွမ်းထက်ပြီး အညှာအတာကင်းမဲ့ကာ ရက်စက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။

" ပြောပါ့မယ်ကွာ.. ပြောပါ့မယ် ။ အဲ့ဒါကို နတ်ဆိုးသခင်ကြီးက ပေးခဲ့တာပါ "

သူ အသံတုန်တုန်ဖြင့် ပြန်ဖြေလိုက်ရသည်။

" နတ်ဆိုးသခင်ကြီး.. ဟုတ်လား.. ဘယ်သူလဲ သူက "

လောထျန်း ဆက်မေးလိုက်သည်။

" နတ်ဆိုးသခင်ကြီး ဆိုတာ ဒီ ကောင်းကင်မီးတောက် နတ်ဆိုးချောက်ရဲ့ သခင်ကြီးပါ "

တဖက်လူက ပြန်ဖြေ၏။

" ကောင်းကင်မီးတောက် နတ်ဆိုးချောက်ရဲ့ သခင်ကြီး.. ဟုတ်လား ။ အဲ့သခင်ကြီးက မင်း မဟုတ်ဘူးလား "

လောထျန်း တအံ့တသြ မေးလိုက်သည်။

တဖက်မှ သားရဲဘုရင်ကြီးက အောင့်သက်သက်ရယ်ရင်း ပြန်ပြော၏။

" ငါလား... ဟားဟား ။ ငါက နတ်ဆိုးသခင်ကြီး မွေးထားတဲ့ ခွေးတစ်ကောင်လောက်ပဲ ရှိတာပါ ။ ငါ့လိုလူက ဘယ်လိုလုပ်ပြီး သူ့သခင်ကြီးဖြစ်ဖို့ ထိုက်တန်မှာလဲ "

" အင်... "

လောထျန်း အံ့အားသင့်သွားရတော့သည်။

ယခု ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး၏ အစွမ်းမှာ မနိမ့်လှပါချေ ။

ထိုသို့သော လူကပင် နတ်ဆိုးသခင်ကြီး၏ ခွေးတစ်ကောင်တဲ့လား ။

ဤ ကောင်းကင်မီးတောက် နတ်ဆိုးချောက်ထဲမှ ကိစ္စများမှာ သူ ထင်ထားသည်ထက် ပိုနက်ရှိုင်းဟန်ပင် ။

" မင်းပြောတဲ့ နတ်ဆိုးသခင်ကြီးဆိုတဲ့သူက ဒီ ချောက်ထဲမှာပဲ ရှိတာလား "

လောထျန်း ထပ်မေးလိုက်သည်။

" ဟုတ်တယ် ၊ နတ်ဆိုးသခင်ကြီးက နတ်ဆိုးနန်းတော်ထဲမှာပဲ နေတာ ။ အပြင်ကို တစ်ခါမှ ထွက်မသွားဖူးဘူး "

သားရဲဘုရင်ကြီးက တီးတိုးပြန်ပြော၏။

" ဒါဆို ငါ့ကို သူ့ဆီ ခေါ်သွားပေး "

လောထျန်း ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ သားရဲဘုရင်ကြီး အနည်းငယ် တွန့်ဆုတ်သွားသည်။

ချွှင်..

ထိုအချိန်မှာပင် ဓားကမ္ဘာက စတင်လည်ပတ်လာပြန်၏။

၎င်းကို မြင်သော သားရဲဘုရင်ကြီးမှာ ဆက်ငြိမ်မနေရဲတော့ဘဲ ချက်ချင်း ခေါင်းညိတ်၍ ပြောလိုက်ရတော့သည်။

" ကောင်းပါပြီ.. ငါ့နောက် လိုက်ခဲ့ပါ "

သူ ထိုသို့ပြောပြီးသည်နှင့် နောက်လှည့်ကာ လောထျန်းအား တစ်နေရာသို့ ဦးတည်ခေါ်သွားလိုက်သည်။

" သခင်ကြီး ၊ သခင်ကြီးရော အဲ့ဒီ နတ်ဆိုးသခင်ကြီးဆိုတာကို ကြားဖူးလား "

လောထျန်း လမ်းလျှောက်နေရင်း မေးလိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက သက်ပြင်းချ၍ ပြန်ပြော၏။

" ငါလဲ တစ်ခါမှ မကြားဖူးဘူးကွ ။ ဒီ ကောင်းကင်မီးတောက် နတ်ဆိုးချောက်က ငါတို့ထျန်းယွမ်ကမ္ဘာရဲ့ ဟိုး ရှေးခေတ်မှာတည်းက ရှိခဲ့တာဆိုတော့.. ဒီ နတ်ဆိုးသခင်ကြီးဆိုတဲ့သူက အဲ့ခေတ်က အစွမ်းထက်တဲ့ သူတစ်ယောက် ဖြစ်မယ်နဲ့တူတယ် "

" ပြီးတော့ သူ့အစွမ်းကလဲ တော်တော်ကြောက်စရာ ကောင်းလောက်တယ်ကွ။ မင်း သတိထားမှဖြစ်မယ် "

ထိုစကားကို ကြားပြီးနောက်တွင်မူ လောထျန်း အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

လောထျန်း ဘာမှမပြောဘဲ ငြိမ်နေသည်ကို ကြည့်ရင်း ထျန်းယွမ်ကမ္ဘာသခင်ကြီး မေးလိုက်၏။

" မင်း ဘာတွေစဥ်းစားနေတာလဲ "

လောထျန်းက ရုတ်တရက် ပြောလာသည်။

" သခင်ကြီး ၊ အဲ့လောက် အစွမ်းထက်တဲ့ သူတစ်ယောက်ဆီမှာ ရတနာတွေ အများကြီးရှိမယ်လို့ ထင်လား "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လောထျန်းက ထိုအကြောင်းကို တွေးနေမည်ဟု ထင်မထားသဖြင့် အံ့သြမှင်သက်သွားတော့သည်။

" သဘောတရားအရ ဆိုရင်တော့ ရှိနိုင်ပါတယ် "

သူ ပြန်ပြောလိုက်၏။

လောထျန်းက အပြုံးဖြင့် ဆိုသည်။

" အဲ့လိုဆို ကောင်းတာပေါ့ဗျာ လမ်းကြုံဓားပြတိုက်ရဦးမှာပေါ့ "

ဤသို့ဖြင့် ကောင်းကင်မီးတောက် သားရဲဘုရင်ကြီး၏ ဦးဆောင်မှုနှင့်အတူ လောထျန်းတို့လူစု မကြာခင်မှာပင် နတ်ဆိုးနန်းတော်အား ​မြင်လိုက်ရတော့သည်။

ထို နတ်ဆိုးနန်းတော်မှာ ရှေးဟောင်းနန်းတော် တစ်ခုဖြစ်ပြီး ကောင်းကင်မီးတောက် နတ်ဆိုးချောက်၏ အောက်ခြေမြေပြင်ပေါ်တွင် ရှိနေပါ၏။

နန်းတော် ပတ်ပတ်လည်ရှိ နတ်ဆိုးအစွမ်းမှာလည်း သိပ်သည်းလှကာ အတက်မပြတ် တိုးနေပါသည်။

ထို နတ်ဆိုးအစွမ်းထဲတွင်လည်း ထွင်းစာများ တချက်တချက် လင်းလက်လာပြီး ၎င်းတို့ တစ်ခါပေါ်လာတိုင်း ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရပါ၏။

ထို့အပြင်... နန်း​တော် ဘေးပတ်လည်တွင်လည်း အမည်းရောင်မီးတောက်များ တောက်လောင်နေကာ.. နတ်ဆိုးအစွမ်းနှင့် တစ်သားတည်း ပေါင်းစပ်​နေပြီး သက်ရှိများအဖြစ် ပြောင်းလဲ၍ ကောင်းကင်မီးတောက် သားရဲများ ဖြစ်သွားကြသည်။

ထို ကောင်းကင်မီးတောက် သားရဲများမှာ မွေးဖွားလာသည်နှင့် တစ်ကောင်ကိုတစ်ကောင် လိုက်၍ အချင်းချင်း ဝါးမြိုစားသောက်နေကြ၏။

မကြာခင်မှာပင် အစွမ်းနိမ့်သော ကောင်းကင်မီးတောက် သားရဲများ အသတ်ခံလိုက်ကြရပြီး.. ကျန်ရှိသည့် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်များက ကောင်းကင်မီးတောက် နတ်ဆိုးချောက် အပေါ်ဘက်သို့ လွင့်တက်သွားကြတော့သည်။

ကျန်နေသေးသော ကောင်းကင်မီးတောက် သားရဲများမှာမူ နတ်ဆိုးနန်းတော်မှ လွတ်မြောက်ရန် အတတ်နိုင်ဆုံး ကြိုးစား​နေကြ၏။

" ဒါ... ကောင်းကင်မီးတောက် သားရဲတွေက အဲ့လိုနည်းနဲ့ ဖြစ်လာကြတာလား "

လောထျန်း တအံ့တသြ ရေရွတ်လိုက်သည်။

" လောထျန်း... "

ထိုစဥ်မှာပင် ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံအက်အက်လည်း ရုတ်တရက် ထွက်လာ၏။

" ဘာဖြစ်လို့လဲဗျ "

လောထျန်း တိတ်တဆိတ် အသံလွှင့်နည်းဖြင့် မေးလိုက်သည်။

" သတိထားနော်.. ဒီ နတ်ဆိုးသခင်ကြီးက ငါ ထင်ထားတာထက် ပိုအစွမ်းထက်တယ်ကွ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောလိုက်၏။

" သခင်ကြီး ဘာတွေ တွေ့ထားလို့လဲ "

လောထျန်း စိတ်ဝင်တစား မေးလိုက်သည်။

" ဒီ မီးတောက်တွေက အောက်ကမ္ဘာရဲ့ ဝိဥာဥ်မီးတောက်တွေပဲကွ ။ ကမ္ဘာပေါ်က မသေမျိုးတွေကိုတောင် သေအောင် လောင်ကျွမ်းစေနိုင်တဲ့ မီးတောက်တစ်မျိုးပေါ့ ။ အဲ့လူက ဒီလိုမီးတောက်မျိုးကို ထိန်းချုပ်နိုင်ရုံတင် မကဘူး ၊ မဟာလမ်းစဥ်ရဲ့ ထွင်းစာတွေကို သုံးပြီးတော့ မီးတောက်တွေထဲရောပြီး ကောင်းကင်မီးတောက် သားရဲတွေ ဖန်တီးနိုင်တယ် ။ ဒီလူက ပေါ့သေးသေး မဟုတ်တာတော့ လုံးဝ သေချာတယ်ကွ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောလိုက်သည်။

လောထျန်းကလည်း သူ့စကားကို နားထောင်ပြီး ခေါင်းအသာညိတ်၏။

" သခင်လေး ၊ ကျုပ် ရှေ့ဆက်တိုးလို့ မရတော့ဘူး ။ နတ်ဆိုးသခင်ကြီးက သူ မခေါ်ဘဲနဲ့ နတ်ဆိုးနန်းတော်ထဲ မဝင်ရဘူးလို့ ကျုပ်ကို ပြောထားတယ် "

ကောင်းကင်မီးတောက် သားရဲဘုရင်က အသံတုန်တုန်ဖြင့် ပြောလာသည်။

သူ့အသံမှာလည်း တုန်နေကာ အသနား ခံနေသလိုပါပင် ။

သူသည် လက်ရှိတွင် လောထျန်းအား ကြောက်နေသလား.. နတ်ဆိုးသခင်ကြီးကိုပင် ကြောက်နေသလား မပြောနိုင်ပါ ။

သို့သော် လောထျန်းက ထိုစကားကို လျစ်လျူရှုပြီး သူ့အား ဓားကမ္ဘာဖြင့်သာ ချုပ်နှောင်လိုက်ပါ၏။

" အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ ။ အတူတူ သွားမယ် "

လောထျန်း အေးစက်စက်ပြောလိုက်သည်။

ထိုကောင်ကြီးက အဆင့် ၁၃ ကောင်းကင်မီးတောက် သားရဲကောင်ကြီးဖြစ်ရာ.. သူ မည်သို့ လွတ်ပေးလိုက်နိုင်ပါမည်နည်း ။

ထို့နောက်တွင်မူ လောထျန်းက ကောင်းကင်မီးတောက် သားရဲဘုရင်ကြီးအား နတ်ဆိုးနန်းတော် တံခါးဝဆီသို့ ခေါ်သွားလိုက်၏။

တံခါးမှ ဝင်ဝင်ချင်းမှာပင် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြတော့သည်။

All Chapters