သိဒ္ဓိဝင်ဆေးနှင့် အပေးအယူ
Vol. 40 Ch. 555
စစ်တုရင်ခုံ လွင့်ထွက်သွားပြီးနောက် လူကြီးနှစ်ယောက်က လောထျန်းအား လှည့်ကြည့်လာကြသည်။
" နတ်ဆိုးသခင်ကြီးရဲ့ အခိုင်းအစေတွေက တော်တော်ရိုင်းနေကြပြီလား ။ မင်းက ငါ့ စစ်တုရင်ခုံကိုတောင် ကန်ရဲနေတယ်ပေါ့ ။ မင်းလက်တစ်ဖက်ကို မင်းပြန်ဖြတ်လိုက်စမ်း ၊ မင်းရဲ့ မျက်လုံးတစ်လုံးကိုရော ဖောက်ထုတ်လိုက်.. ပြီးရင် ထွက်သွားတော့ "
အမည်းရောင် ဝတ်စုံနှင့်လူက မထူးခြားဟန်ဖြင့် ပြန်ပြောလာ၏။
" အင်... "
လောထျန်း အံ့အားသင့်သွားရတော့သည်။
သူ့ရှေ့မှလူက မောက်မာလွန်းပြီး သူ့ကိုပင် လက်ဖြတ် ၊ မျက်လုံးဖောက် လာလုပ်ခိုင်းနေပေသည်။
ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံနှင့်လူက ရုတ်တရက် ပြောလာ၏။
" ခဏလေးနေဦး.. ဒီလူဆီမှာ နတ်ဆိုးသခင်ကြီးရဲ့ အမှတ်အသား မရှိဘူးကွ "
" ဟင်... "
သူ့စကားကြောင့် အမည်းရောင်ဝတ်စုံနှင့်လူ အံ့အားသင့်သွားသည်။
ထို့နောက် သူ လောထျန်းအား မျက်မှောင်ကြုံ့ကြည့်ကာ ပြောလိုက်၏။
" မင်းက နတ်ဆိုးသခင်ကြီးရဲ့ အခိုင်းအစေ မဟုတ်ဘူးပဲ ။ မဟုတ်မှလွဲရော... မင်းက ထွက်ပြေးသွားတဲ့ မြေသြဇာများလား... "
" ဟားဟား... နတ်ဆိုးသခင်ကြီး အိပ်နေတာ နှစ်ထောင်ပေါင်းများစွာ ကြာနေပြီမို့ ဘာမြေသြဇာအသစ်မှ မရောက်လာတာတောင် ကြာသွားခဲ့ပြီ ။ အခု နောက်ဆုံးတော့ ရောက်လာပြီပေါ့ကွာ။ ဒါပေမယ့်.. မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မနိမ့်လွန်းဘူးလား " အမည်းရောင်ဝတ်စုံနှင့် လူက ထိုသို့ပြောရင်း လောထျန်းကိုလည်း အထင်သေးဟန်ဖြင့် ကြည့်လိုက်သေးပါသည်။
" ဘယ်တတ်နိုင်မလဲလေ... ဘာမှ မရှိတာထက်တော့ သာပါသေးတယ် ။ ငါ အခု မင်းကို အပိုင်းပိုင်းဖြတ်ပြီးတော့ မင်းရဲ့ အသွေးအသားတွေကို ဆေးပင်ဥယျာဉ်ထဲ လိုက်ဖြန့်ထားလိုက်မယ် "
ထို့နောက် သူ ပြုံးပြီး လောထျန်းဆီသို့ လက်လှမ်းလိုက်၏။
" မျိုးမစစ်ကောင်.. "
၎င်းကို ကြည့်နေသော လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲလက်သွားတော့သည်။
ဝုန်း..
သူ လက်တစ်ဖက် ဆန့်ထုတ်ကာ တဖက်လူ၏ လက်ကို ဖမ်းဆုပ်လိုက်၏။
" ဟင်.. မင်းက ပြန်တိုက်ခိုက်ရဲတယ်ပေါ့လေ ။ သေချင်နေပြီနဲ့ တူတယ် "
အမည်းရောင်ဝတ်စုံနှင့် လူကြီး ချက်ချင်း ဒေါသထွက်သွားကာ သူ့လက်ထဲ နတ်ဆိုးအစွမ်းများ ထုတ်လွှတ်၍ လောထျန်းအား တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
သို့သော်...
သူ့ နတ်ဆိုးအစွမ်းများ များစွာ တိုးလာသည့်တိုင် လောထျန်းမှာ တုပ်တုပ်ပင် မလှုပ်ပါ။
ထိုအချိန်မှသာ တစ်စုံတစ်ခု လွဲချော်နေပြီကို အမည်းရောင်ဝတ်စုံနှင့် လူကြီး သတိထားမိသွားတော့သည်။
" မင်း... မင်းက အစွမ်းကို ဖုံးကွယ်ထားတာပဲ ။ ချီး.. အဲ့လိုဆိုရင်တောင် မင်း သေရမှာက သေရမှာပဲကွ။ နတ်ဆိုးဓား သုံးဆယ့်ခြောက်လက်.. ဒီကောင့်ကို လာဖြတ်ကြကွာ "
သူ အခြားလက်တစ်ဖက်ဖြင့် ကောင်းကင်ယံသို့ ညွှန်၍ အော်လိုက်သည်။
သို့သော်.. ဆေးပင်ဥယျာဉ်ထဲတွင်ကား.. သူ့အသံ တစ်ခုတည်းသာ ပဲ့တင်ထပ်လျက်..
" ဟင်... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ။ မသေမျိုး ဓားအစီအမံရော ဘယ်ရောက်သွားပြီလဲ "
အမည်းရောင်ဝတ်စုံနှင့် လူကြီး ထိတ်လန့်တုန်လှုပ်သွားတော့၏။
တဖက်မှ အဖြူရောင်ဝတ်စုံနှင့်လူကလည်း မျက်မှောင်ကြုံ့၍ ပြောလာသည်။
" ငါ နတ်ဆိုးဓားတွေရဲ့ အရောင်အဝါကို အာရုံခံလို့မရဘူး ဖြစ်နေတယ် "
ထိုအချိန်တွင် ဓားကမ္ဘာဖြင့် ချုပ်နှောင်ခံထားရသော ကောင်းကင်မီးတောက် သားရဲဘုရင်က ပြောလာ၏။
" သခင်ကြီးတို့... နတ်ဆိုး ဓားအစီအမံက ဖျက်ဆီးခံလိုက်ရပြီ "
" ဘယ်လို... "
လူကြီးနှစ်ယောက်လုံး အံ့သြမှင်သက်ကုန်ကြတော့သည်။
ဆေးပင်ဥယျာဉ်ကို စောင့်ကြပ်သော အစွမ်းထက် လက်နက်တစ်ခုဖြစ်သည့် နတ်ဆိုးဓားအစီအမံက အမှန်တကယ် ဖျက်ဆီးခံလိုက်ရသတဲ့လား.. ။
လုံးဝ မရှိတော့ဘူးလား..
ထို ဓားအစီအမံက မည်မျှအစွမ်းထက်သည်ကို သူတို့နှစ်ယောက်လုံး ကောင်းကောင်းကြီး သိကြပါသည်။
ထိုသို့သော အစီအမံမျိုးကိုပင် ဖျက်ဆီးနိုင်သူသည် အလွန်အစွမ်းထက်သူ တစ်ယောက်ဖြစ်မည်မှာ သံသယဝင်စရာ မရှိပါ။
" မင်း.. ငါ့ကို လွှတ်စမ်း ။ မဟုတ်လို့ကတော့ နတ်ဆိုးသခင်ကြီး သိသွားရင် မင်းကို ခွင့်လွတ်မှာမဟုတ်ဘူးနော် "
အမည်းရောင်ဝတ်စုံနှင့် လူကြီးက လောထျန်းအား ခြိမ်းခြောက်လိုက်သည်။
လောထျန်းမှာ ၎င်းကိုကြည့်ရင်း မျက်လုံးထဲ လူသတ်အရိပ်အငွေ့များ ပြည့်သွားပါ၏။
ယခုလို အခြေအနေမျိုးတွင်ပင် ထိုလူကြီးက သူ့အား ခြိမ်းခြောက်ဖို့ကို အရင်ဆုံး တွေးမိသတဲ့လား ။
" ခင်ဗျားကြီးက တကယ်ကို သေချင်နေတာနဲ့တူတယ် "
လောထျန်း အေးစက်စက် ပြောလိုက်သည်။
သူ့စကားကို ကြားသောအခါတွင်ကား တဖက်လူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အငွေ့အသက်တို့ ပေါ်လာပါ၏။
သို့သော်.. သူ ဒေါသတကြီးသာ ပြန်ပြောလာသည်။
" မင်းလိုကောင်ကများ ငါ့ကို... "
သို့သော် သူ စကားဆုံးအောင် မပြောနိုင်ခင်မှာပင်..
လောထျန်းက သူ့အား လက်ညိုးဖြင့် ညွှန်လာ၏။
ဝှစ်..
ဓားစွမ်းအင်တစ်ခုက အမည်းရောင်ဝတ်စုံနှင့် လူကြီး၏ ခန္ဓာကိုယ်ထဲ ချက်ချင်း ထိုးဖောက်ဝင်လာတော့သည်။
ဝုန်း..
ထိုဒဏ်ရာမှ အစွမ်းထက်သော ဆေးပင်အစွမ်းတစ်ခု ထွက်လာ၏။
အမည်းရောင်ဝတ်စုံနှင့် လူကြီးမှာ လူသားအသွင်ကို ဆက်ထိန်းမထားနိုငိတော့ဘဲ အမည်းရောင် လင်ဇီးပင်အဖြစ် ပြောင်းသွားကာ လောထျန်းရှေ့တွင် ပေါ်လာသည်။
" ဒါ.. နတ်ဆိုးအဆင့် မှော်ဆေးပင်ပဲကွ ။ လောထျန်း ၊ သူ့ရဲ့ အသိဉာဏ်က ဖျက်ဆီးခံလိုက်ရပြီ.. သူ့ရဲ့ ဆေးအစွမ်းကို မြန်မြန်ချုပ်နှောင်လိုက် ။ ဒါကိုသာ စားလိုက်ရင် ခန္ဓာကိုယ်အစွမ်းကို အများကြီး တိုးစေနိုင်တယ် ။ ဒါ တကယ့် ဆေးကောင်းကြီးပဲကွ "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောလိုက်၏။
လောထျန်းကလည်း ၎င်းကိုကြားသည်နှင့် ခေါင်းအသာညိတ်ပြီး ချက်ချင်း အချုပ်အနှောင် အစီအမံတစ်ခု ပြုလုပ်၍ လင်ဇီးပင်အား ချုပ်နှောင်ကာ ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။
အားလုံး ပြီးသွားပြီးနောက်မှ သူ အဖြူရောင်ဝတ်စုံနှင့်လူဘက် လှည့်လိုက်၏။
တဖက်လူမှာလည်း သူ့မိတ်ဆွေ၏ ဇာတ်သိမ်းကိုကြည့်ပြီး ယခင်လို မောက်မာနေဟန် အလျဥ်းမရှိတော့ဘဲ... ထိုအစား ကြောက်ရွံ့မှုတို့သာ အစားထိုး ဝင်ရောက်လာသည်။
" သခင်လေး.. သခင်လေး ၊ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ ။ ကျုပ်ကို မသတ်ပါနဲ့ဗျာ ။ ကျုပ်က မသေမျိုးဆေးပင်တစ်ပင်ပါ ။ ဒီနေ့လို အခြေအနေ ရောက်အောင်ထိ ကျုပ် နှစ် သိန်းပေါင်းများစွာ ကျင့်ကြံခဲ့ရတာပါ ။ ကျုပ် ကြိုးစားအားထုတ်ခဲ့ရတာတွေကို ငဲ့ညှာတဲ့အနေနဲ့ ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ သခင်လေးရယ် "
သူ မြေကြီးပေါ်တွင် ဒူးထောက်ချကာ လေသံတိုးတိုးဖြင့် တိုးလျှိုးတောင်းပန်လိုက်၏။
လောထျန်းမှာ သူ့ကိုကြည့်ရင်း မျက်မှောင်ကြုံ့သွားသည်။
" ခုနတည်းက အဲ့လို ယဥ်ကျေးခဲ့ရင် အားလုံး ပိုမကောင်းသွားဘူးလား "
အဖြူရောင်ဝတ်စုံနှင့်လူမှာ မည်သို့မှ ပြန်မပြောနိုင်ဘဲ တံတွေးကိုသာ ခက်ခက်ခဲခဲ မြိုချလိုက်ရ၏။
ထိုအချိန်တွင် လောထျန်းက အေးစက်စက် ဆက်ပြောလာသည်။
" ကျုပ် မေးချင်တဲ့ မေးခွန်းတချို့ရှိတယ် "
" ကျေးဇူးပြုပြီး မေးပါသခင်လေး "
အဖြူရောင်ဝတ်စုံနှင့်လူမှာ အလွန်ယဥ်ကျေးနေတော့သည်။
" အရင်ဆုံး ၊ ဒီ ဆေးပင်ဥယျာဥ်ထဲမှာ သိဒ္ဓိဝင်ဆေး ရှိလား "
လောထျန်း မေးလိုက်၏။
လက်ရှိတွင် သူ ဂရုအစိုက်ဆုံးမှာ သိဒ္ဓိဝင်ဆေးသာ ဖြစ်ပါသည်။
၎င်းမှာ သူ ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် အဓိကလိုအပ်ချက်ဖြစ်ပြီး..
ဤတစ်ကြိမ် သူ ထျန်းယွမ်ကမ္ဘာမှ ထွက်လာခဲ့ရသည့် အဓိကအကြောင်းရင်းလည်း ဖြစ်ပါ၏။
သူ့အမေးကို ကြားသောအခါ တဖက်လူက ချက်ချင်း ခေါင်းငုံ့သွားပြီး ပြန်ဖြေသည်။
" သိဒ္ဓိဝင်ဆေးပင်တွေ ဆယ့်ခြောက်ပင် ရှိပါတယ်.. ဒါပေမယ့်.. လောလောဆယ်မှာ အရွယ်ရောက်ပြီးသားက နှစ်ပင်ပဲ ရှိပါတယ် ။ အဲ့ဒါနဲ့ လုံလောက်နိုင်မလားဗျာ.. "
ကြားလိုက်ရသည့်စကားကြောင့် လောထျန်း အလွန်ဝမ်းသာပျော်ရွှင်သွားတော့၏။
မျှော်လင့်မထားစွာပင် ဤနေရာ၌ အရွယ်ရောက်ပြီးသား သိဒ္ဓိဝင်ဆေးပင် နှစ်ပင် ရှိသတဲ့လား..
သူလိုနေသည့် တစ်ပင်သာ မဟုတ်ဘဲ နောက်ထပ် အပိုတစ်ပင်ပါ ရှိနေပေသည်။
" လုံလောက်တာပေါ့ ၊ အဲ့ဆေးပင်တွေ ဘယ်မှာလဲ "
လောထျန်း ဆက်မေးလိုက်၏။
" ကျေးဇူးပြုပြီး ကျုပ်နဲ့လိုက်ခဲ့ပါ သခင်လေး "
အဖြူရောင်ဝတ်စုံနှင့်လူက ထိုသို့ပြောပြီး တုန်တုန်ယင်ယင် ထရပ်ကာ လောထျန်းအား ဆေးပင်ဥယျာဥ်၏ ထောင့်တစ်ခုဆီသို့ ခေါ်သွားလိုက်သည်။
ထိုထောင့်တွင်ကား.. နတ်ဘုရားအလင်းတန်းတို့ လွှမ်းခြုံနေသော သိဒ္ဓိဝင်ဆေးပင်တစ်ပင် အမှန်ပင် ရှိနေပါ၏။
ထို သိဒ္ဓိဝင်ဆေးပင်၏ ဘေးပတ်လည်တွင်လည်း ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများ ရောယှက်နွယ်နေကာ တချက်တချက် ယူနီကွန်းသားရဲတစ်ကောင်၏ ပုံရိပ်ယောင်လည်း ပေါ်လာပါသေးသည်။
လောထျန်းတို့ အနားကပ်လာသည့် အချိန်တွင်လည်း နတ်ဘုရားအလင်းတန်းက ရုတ်တရက် အရောင်ပိုလက်လာပြီး မြည်သံတစ်ခုလည်း ပေးလာ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် သိဒ္ဓိဝင်ဆေးပင်ရှေ့၌ မိန်းမငယ်လေးတစ်ယောက်၏ အရိပ် ပေါ်လာသည်။
" သူကလဲ စိတ်ဝိဥာဥ် အဖြစ် အသွင်ပြောင်းနိုင်တာလား ။ ဒီ နတ်ဆိုးသခင်ကြီးရဲ့ ဆေးပင်ဥယျာဥ်က အခြေခံ တော်တော်ကောင်းတာပဲ "
၎င်းကိုကြည့်ရင်း ထျန်းယွမ်ကမ္ဘာသခင်ကြီး တအံ့တသြ ဆိုလိုက်သည်။
ထိုအချိန်တွင် မိန်းမငယ်လေးက လောထျန်းအား စိုးရိမ်တကြီးအကြည့်ဖြင့် ကြည့်ရင်း ပြောလာ၏။
" ရှင်က ကျွန်မကို စားချင်နေတာလား "
လောထျန်း အံ့သြမှင်သက်သွားရတော့သည်။
သိဒ္ဓိဝင်ဆေးပင်က ယခုလိုပုံမျိုး အသွင်ပြောင်းသွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပါ။
ယခုလို အခြေအနေက စိတ်မသက်သာစရာပင်..
သို့သော် ၎င်းက သူ့ ကျင့်ကြံခြင်း အဆင့်တက်ခြင်းနှင့် ပတ်သက်နေပေရာ မည်သို့မှ မတတ်နိုင်ပေ ။
" အဲ့လို ပြောရမှာပေါ့ "
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
ထိုစကားကို ကြားသည်နှင့် မိန်းမငယ်လေးက သိဒ္ဓိဝင်ဆေးပင်အား ချက်ချင်း လက်ဖြင့်အုပ်လိုက်သည်။
" ကျွန်မ ရှင့်အစွမ်းကို အာရုံခံမိတာမို့.. ရှင့်အတွက် ကျွန်မက ပြိုင်ဘက်တစ်ယောက် လုံးဝမဟုတ်နိုင်မှန်းလဲ သိတယ် ။ ဒါပေမယ့် ကျွန်မ ရှင်စားတာကိုတော့ မခံချင်ဘူး ။ ရှင့်ဘက်က အတင်းအားသုံးလာရင်လဲ ရှင်စားတာကို ခံမယ့်အစား ကျွန်မကိုယ်ကျွန်မပဲ ဖောက်ခွဲပစ်လိုက်မှာ "
မိန်းမငယ်က ကလေးသံလေးဖြင့် ပြောလာ၏။
သူမက လောထျန်းကိုလည်း ဒေါသငွေ့ ပြည့်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။
လောထျန်းမှာ ၎င်းကိုကြည့်ကာ စစချင်း အံ့အားသင့်နေသေးသော်လည်း တခဏအကြာမှာပင် စိတ်သက်သာရာ ရသွားဟန်တူပါ၏။
မိန်းမငယ် ပြောသွားသည်မှာ အဓိပ္ပါယ် ရှိပါသည်။
စိတ်စွမ်းအင် အသိဉာဏ်မရှိသော သိဒ္ဓိဝင်ဆေးပင်ကို စားခြင်းက ကိစ္စမရှိလှသော်လည်း..
အသိဉာဏ်ရှိပြီးသား သိဒ္ဓိဝင်ဆေးပင်ကမူ အခြားသူတစ်ယောက်၏ စားခြင်းကို မည်သို့ လိုလားပါမည်နည်း။
သို့သော် သူ ဒီတိုင်းလည်း လက်မလျှော့လိုက်ချင်ပါ ။
ခဏတာစဥ်းစားနေပြီး နောက်တွင်မူ သူ တစ်ခုကို တွေးမိသွား၏။
" သိဒ္ဓိဝင်ဆေးပင်လေး ၊ ငါတို့ချင်း အပေးအယူတစ်ခု လုပ်ကြမယ်လေ "
လောထျန်း ပြောလိုက်သည်။
" ဘာအပေးအယူလဲ "
မိန်းမငယ်ကမူ လောထျန်းအား မျက်ထောင့်နီဖြင့်သာ မကျေမနပ် ကြည့်လာ၏။
" မင်းရဲ့ သိဒ္ဓိဝင်ဆေးက အရမ်းအစွမ်းထက်တာ ငါတွေ့တယ် ။ အဲ့တော့ ငါ သုံးပုံတစ်ပုံကိုပဲ ယူလိုက်မယ်လေ ။ မင်းဘက်ကလဲ မနစ်နာရအောင်လို့ မင်းအတွက် လက်ဆောင်တစ်ခုပါ ပေးပါ့မယ် "
လောထျန်း ပြောလိုက်သည်။
" လျှောက်ပြီး စိတ်ကူးယဥ်မနေနဲ့ "
မိန်းမငယ်လေးကမူ ရုတ်ချည်း ဒေါသထွက်သွားပါ၏။
" သုံးပုံတစ်ပုံ မပြောနဲ့ ၊ ဆယ်ပုံတစ်ပုံလဲ မရဘူး ။ အပုံတစ်ရာပုံ တစ်ပုံလေးတောင် ရှင့်ကို မပေးနိုင်ဘူး။ ကျွန်မကို သတ်လိုက်ရင်တောင် ရမယ်မထင်နဲ့ "
သူမ ဒေါသတကြီးပင် ပြန်ပြောလိုက်သည်။
သို့သော် ထိုအချိန်မှာပင် လောထျန်းက လက်ယမ်းလိုက်ရာ သူ့လက်ထဲ၌ မူလအရှုပ်အထွေးမြေမှုန် လေး၊ငါးဆယ်ကျော်ခန့် ပေါ်လာ၏။
ဝုန်း..
မူလအရှုပ်အထွေး အရောင်အဝါများလည်း ဘေးဘီသို့ ချက်ချင်းပျံ့သွားသည်။
" အိုး.. အဲ့လိုလား ။ အင်းလေ.. ဘယ်တတ်နိုင်မလဲ ။ ငါက မင်းအတွက် ဒါတွေပေးမလို့ ။ ဒါပေမယ့် မင်းက မလိုချင်မှတော့လဲ တခြား သိဒ္ဓိဝင်ဆေးကိုပဲ လိုက်ရှာရုံပေါ့ "
လောထျန်း ပြောလိုက်သည်။