ပြောင်ရှင်းသွားခြင်း
Vol. 40 Ch. 557
" အမှုန်နဲ့ တွက်တာ မဟုတ်ဘူး... "
အဘိုးအို အံ့သြမှင်သက်သွားသည်မှာ အသိသာပင် ။
သူ ထိုစကား၏ အဓိပ္ပါယ်ကို နားမလည်ပါချေ။
ထိုစဥ် လောထျန်းက လက်ယမ်း၍ ဟင်းလင်းပြင်လက်စွပ်တစ်ကွင်းကို ထုတ်ပြီး အထဲမှ မူလအရှုပ်အထွေးမြေများ အားလုံးကို သွန်ချလိုက်၏။
၎င်းမှာ ရှောက်ထျန်းလုံလေး စားဖို့အတွက် သူ ကြိုပြင်ဆင်လာသည့် ပမာဏပင် ။
ဝုန်း..
ရှေ့မှ မူလအရှုပ်အထွေးမြေ အပုံကြီးကို ကြည့်ရင်း ဆေးပင်ဥယျာဥ်တစ်ခုလုံး တုန်ခါသွားတော့သည်။
ဝီ...
မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများလည်း လင်းလက်လာ၏။
စိတ်စွမ်းအင် ဆေးပင်များမှာ မူလအရှုပ်အထွေးမြေ၏ အရောင်အဝါကို အာရုံခံနိုင်စွမ်း အလွန်မြင့်ကြသဖြင့်..
၎င်းတို့မှာ မူလအရှုပ်အထွေးမြေ အစစ်ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြတော့သည်။
သို့သော်.. အဘယ့်ကြောင့် ဤမျှ များနေရပါသနည်း ။
လောထျန်း၏ မူလအရှုပ်အထွေးမြေများမှာ အမှုန်နဲ့ တိုင်းတာ၍ မရတော့ဘဲ..
တန်ချိန်နှင့် တိုင်းတာမှသာ ရပေလိမ့်မည် ။
ထိုအချိန်တွင် လောထျန်းက အဘိုးအိုကိုကြည့်ကာ အေးစက်စက် မေးလိုက်၏။
" ကျုပ် ထပ်မေးမယ် ၊ အသွင်ပြောင်းနိုင်တဲ့ စိတ်စွမ်းအင်ဆေးပင်တိုင်းအတွက် တစ်ပင်ကို မြေမှုန့် ဆယ်မှုန်စီပေးမယ် ။ လုံလောက်လား... "
အဘိုးအို၏ နှုတ်ခမ်းများ လှုပ်ရှားသွားကာ အချိန်အတန်ကြာ တိတ်နေပြီးမှ အိုးတိုးအမ်းတမ်း ပြန်ပြောလိုက်သည်။
" လုံလောက်ပါတယ်ဗျာ "
" အခု ကျုပ်မှာရှိတဲ့ မူလအရှုပ်အထွေးမြေတွေနဲ့ဆို ခင်ဗျားတို့ကို ပေးပြီးသားမြေတွေ ပြန်ယူစရာ လိုမယ်လို့ရော ထင်လား "
လောထျန်း ထပ်မေးလိုက်၏ ။
အဘိုးအို ကူကယ်ရာမဲ့စွာ ပြန်ဖြေသည်။
" မလိုပါဘူး.. "
ဤ ဆေးပင်ဥယျာဥ်က ကြီးပြီး ဆေးပင်များလည်း အလွန်များသည့်တိုင် အသွင်ပြောင်း စိတ်စွမ်းအင်ဆေးပင်များအားလုံး အရှုပ်အထွေးမြေ ကိုယ်စီရပြီးသွားလျှင်ပင် လောထျန်းလက်ထဲမှ ပမာဏနှင့် ယှဥ်ပါက ပုံးထဲမှ ရေလေး တစ်စက်နှင့် မခြားပါချေ။
လောထျန်းအနေဖြင့် ဤမျှ သေးငယ်သော ပမာဏလေးအတွက် ဘာလုပ်စရာ လိုပါဦးမည်နည်း ။
ပြီးနောက်တွင်မူ လောထျန်းက အားလုံးဘက် လှည့်ကြည့်ကာ ထပ်မေးလိုက်၏။
" ကဲ.. အခု ကျုပ်နောက်ကို ဘယ်သူလိုက်ချင်လဲ "
ဝုန်း..
ချက်ချင်းနီးပါးပင် ဆေးပင်ဥယျာဥ် တစ်ခုလုံး ပြောင်သွားပါတော့သည်။
အစောက အဘိုးအိုသည်ပင် ရှက်နေသော မျက်နှာဖြင့် လောထျန်းကိုကြည့်ကာ မဝံ့မရဲ မေးလာ၏။
" သခင်လေး ၊ ကျုပ်ရော.... "
လောထျန်း သူ့အား မျက်စောင်းဖြင့် ကြည့်လိုက်သည်။
" စိတ်မရှိပါနဲ့ ၊ ကျုပ်အတွက် စိတ်စွမ်းအင် ဆေးပင်တွေ ထပ်မလိုတော့ဘူး "
ထိုစကားကိုကြားသည်နှင့် အဘိုးအို၏ မျက်နှာကြီး ချက်ချင်း သွေးဆုတ်ဖြူရော်သွားတော့သည်။
ထိုတခဏ၌ သူ အလွန်လည်း နောင်တရနေတော့၏။
သူ အစောက အဘယ့်ကြောင့် လောထျန်းကို ဆန့်ကျင်သည့်စကားများ ပြောခဲ့ရပါသနည်း ။
ယခုတွင်ကား... ကျန်စိတ်စွမ်းအင်ဆေးပင်များ မူလအရှုပ်အထွေးမြေ ကိုယ်စီရနေချိန်၌ သူကမူ လက်ဗလာသာ...
ထို့ထက်ပို အရေးကြီးသည်မှာ ဤ ဆေးပင်ဥယျာဥ်ထဲတွင် သူတစ်ယောက်တည်းသာ ကျန်နေခဲ့ပါက.. နောက်တစ်ကြိမ် ဆေးပင်များ လာယူသည့်အချိန်တွင် သူ သေချာပေါက် အသက်ပါရတော့မည် ။
ထိုသို့တွေးမိကာ သူ မျက်နှာဆိုးရွားစွာ ပျက်သွားတော့၏။
ထိုစဥ် တဖက်မှ အဝတ်ဖြူ မသေမျိုးဆေးပင် စိတ်ဝိဥာဥ်မှာလည်း အဓိပ္ပါယ် ဖော်ရန်ခက်သည့် မျက်နှာထား ဖြစ်နေသည်။
အချိန်အတန်ငယ်ကြာ တွန့်ဆုတ်နေပြီး နောက်မှသာ သူ အံကြိတ်၍ ပြောလာ၏။
" သခင်လေး ၊ ကျုပ်လဲ သခင်လေးနောက်ကို လိုက်ပါရစေ "
ထိုအချိန်မှာပင် ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံ လောထျန်းနားထဲ ရောက်လာသည်။
" လောထျန်း ၊ အဲ့ကောင်က အသက်ရှည်ဆေး တစ်မျိုးပဲကွ ။ သူ့ရဲ့ ဆေးအစွမ်းကလဲ တော်တော်ကို အစွမ်းထက်တယ် ။ မင်း အဲ့ဆေးကို မစားဘူးဆိုရင်တောင် ဒီတိုင်း အနံ့လေးရှူရုံနဲ့ အသက်ပိုရှည်နိုင်တယ် ။ ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အဲ့လိုဆေးပင်မျိုး နည်းနည်းလေးပဲ ရှိတာ ။ ငါတို့ ဒါကို ယူသွားသင့်တယ်နော် "
ထိုစကားကို ကြားပြီးနောက် လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ ဒါပေမယ့် ... ကျုပ် မေးချင်တာ နည်းနည်းတော့ ရှိတယ် "
" ကျေးဇူးပြုပြီး မေးပါသခင်လေး "
အဝတ်ဖြူ စိတ်ဝိဥာဥ်က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ပြန်ပြော၏။
" အရင်ဆုံး မေးချင်တာက ခင်ဗျား ခုနကပြောခဲ့တဲ့ မြေသြဇာ ဆိုတာ ဘာလဲ "
လောထျန်း မေးလိုက်သည်။
ထိုမေးခွန်းကြောင့် အဝတ်ဖြူ မသေမျိုးဆေးပင်မှာ ရှက်နေသည့် မျက်နှာထားဖြစ်သွားသည်။ သို့သော် သူ အံကြိတ်၍ အမှန်တိုင်း ပြောပြလိုက်ပါ၏။
" ဒီ ကောင်းကင်မီးတောက် သားရဲချောက်ထဲမှာ လူတွေ နေ့တိုင်း သေကြေကြတယ်ဗျ ။ အဲ့လူတွေရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံး နတ်ဆိုးသခင်ကြီးဆီ ယဇ်ပူဇော်ရတယ် ။ ပြီးမှ ကျန်တဲ့အပိုင်းတွေကို မြေသြဇာအဖြစ်နဲ့ ဒီ ဆေးပင်ဥယျာဥ်ထဲမှာ မြှုပ်နှံလေ့ရှိတယ် "
ထိုအစွမ်းထက် ကျင့်ကြံသူများမှာ အသက် သေသွားကြသည့်တိုင် သူတို့ပိုင်ဆိုင်သည့် အစွမ်းများကမူ အလွန်ကြောက်စရာ ကောင်းနေဆဲပါပင် ။
ထို့ကြောင့်လည်း ပြီးခဲ့သည့် နှစ်များအတွင်း ဆေးပင်ဥယျာဥ်အတွင်းရှိ စိတ်စွမ်းအင်ဆေးပင်များက ထိုအစွမ်းများကို စုတ်ယူ၍ အလျင်အမြန် ကြီးထွားခဲ့ကြခြင်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွား၏။
သူ ထိုသို့ ဖြစ်နိုင်ကြောင်းကို ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း အမှန်တကယ် ကြားလိုက်ရချိန်၌ လက်ခံရန် ခက်ခဲဆဲပင် ။
" ဒုတိယမေးခွန်းကတော့... အဲ့ နတ်ဆိုးသခင်ကြီးရဲ့ အစွမ်းက ဘယ်လောက်ရှိလဲ "
လောထျန်း ဆက်မေးလိုက်သည်။
အဝတ်ဖြူ မသေမျိုးဆေးပင် အံ့သြမှင်သက်နေပြီးမှ ပြန်ပြော၏။
" ကျုပ် တောင်းပန်ပါတယ် သခင်လေး ၊ ကျုပ်က အစွမ်းနိမ့်လွန်းတာမို့ နတ်ဆိုးသခင်ကြီးရဲ့ အစွမ်း ဘယ်လောက်ရှိတယ် ဆိုတာကို မပြောနိုင်လို့ပါ ။ တကယ်တော့ ပြီးခဲ့တဲ့ နှစ်ပေါင်း သိန်းချီကာလအတွင်းမှာတောင် ကျုပ် နတ်ဆိုးသခင်ကြီးကို သုံးကြိမ် ၊ ငါးကြိမ် လောက်ပဲ တွေ့ခဲ့ဖူးပါတယ် "
" အင်.. အဲ့လောက် နည်းတာလား "
လောထျန်း အံ့အားသင့်သွားရသည်။
အဝတ်ဖြူ မသေမျိုးဆေးပင်က အံကြိတ်၍ ဆက်ပြော၏။
" ဟုတ်တယ်ဗျ ။ နတ်ဆိုးသခင်ကြီးရဲ့ ခန္ဓာကိုယ်က တစ်ခုခု ပြဿနာဖြစ်နေတာ ။ သူက ပြီးခဲ့တဲ့ နှစ်ပေါင်း လေး ၊ ငါး သိန်းလောက်အတွင်းမှာ အများစုကို အိပ်ပြီးပဲ နေခဲ့တာ ။ ဒီ သားရဲချောက်ထဲမှာ အစွမ်းတွေ လုံလောက်အောင် များလာတဲ့အချိန်ကျမှ သူထလာပြီး အဲ့အစွမ်းတွေကို တစ်ခါတည်း စုပ်ယူတတ်တယ် ။ ပြီးရင် ပြန်အိပ်သွားရောဗျ "
" ကျုပ် တွက်ချက်ထားတဲ့အတိုင်း ဆိုရင် နတ်ဆိုးသခင်ကြီးက နောက် ရက်အနည်းငယ်အတွင်းမှာကို ပြန်နိုးလာလိမ့်မယ် ။ အဲ့တော့ သခင်လေးအနေနဲ့ ဒီကနေ မြန်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ ကျုပ် အကြံပေးချင်တယ် ။ သူ နိုးလာရင် ပြဿနာတွေ များသွားလိမ့်မယ်ဗျ "
စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
" အဲ့ဒါကို စိတ်မပူပါနဲ့ ။ ဒါနဲ့... နတ်ဆိုးသခင်ကြီးဆီမှာ ရတနာတွေ အများကြီးရှိမှာပေါ့.. ဟုတ်လား "
အဝတ်ဖြူ မသေမျိုးဆေးပင်မှာ ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှ ခေါင်းညိတ်၍ ပြန်ပြော၏။
" ဒါပေါ့... နတ်ဆိုးသခင်ကြီး ကိုယ်တိုင်ကလဲ အင်မတန်တော်တဲ့ လက်နက်သန့်စင်သူ တစ်ယောက်ပဲလေ ။ ပြီးတော့ သူက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို အမဲလိုက်သတ်ဖြတ်ပြီးတော့ အဲ့လူတွေရဲ့ ရတနာတွေကို သူ့အတွက် သိမ်းယူထားခဲ့သေးတယ် ။ အဲ့တော့ သူ့ဆီမှာ ရတနာတွေ တကယ်ကို များတယ်ဗျ "
ထိုစကားကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြတော့သည်။
" ကျုပ်ကို အဲ့ဆီ ခေါ်သွားပေး "
" အင်... "
အဝတ်ဖြူ မသေမျိုးဆေးပင်မှာ ရုတ်တရက် နားမလည်နိုင် ဖြစ်သွားရသည်။
သို့သော်.. ထိုစဥ်မှာပင် လောထျန်း မျက်နှာညိုသွားသဖြင့် သူ မည်သို့မှ မတတ်နိုင်ဘဲ ပါးစပ်ပိတ်လိုက်ရပါ၏။
" ဒါဆို.. ကျုပ်နဲ့ လိုက်ခဲ့ပါသခင်လေး "
သူ လောထျန်းအား နားချ၍လည်း မရနိုင်ကြောင်း သိသာနေရာ..
လောထျန်းကို ကူညီပြီး ရတနာများ မြန်မြန်ရွှေ့ကာ ဤနေရာမှ မြန်မြန်ထွက်သွားခြင်းက ပိုကောင်းပေလိမ့်မည် ။
ထိုသို့တွေးပြီး.. သူ လောထျန်းအား တံခါးချပ် နှစ်ခုရှေ့ ခေါ်သွားလိုက်သည်။
" သခင်လေး ၊ ဒီ တံခါးချပ်နှစ်ခုရဲ့နောက်မှာ နတ်ဆိုးသခင်ကြီးရဲ့ ရတနာတိုက် ရှိပါတယ် "
အဝတ်ဖြူ မသေမျိုးဆေးပင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အတားအဆီး လုပ်ထားတာတွေ ရှိသေးလား "
လောထျန်း မေး၏။
အဝတ်ဖြူ မသေမျိုးဆေးပင်က ခေါင်းယမ်းရင်း ပြန်ပြောသည်။
" ဒီ တံခါးချပ်နှစ်ခုက အကြီးဆုံး အတားအဆီးပဲဗျ "
" ဟင်.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
လောထျန်း နားမလည်နိုင် ဖြစ်သွား၏။
အဝတ်ဖြူ မသေမျိုးဆေးပင်က တံခါးချပ်များကို ကြည့်ရင်း သက်ပြင်းချသည်။
" ဒီ တံခါးချပ်နှစ်ခုကို ရွှမ်ကျိုး နတ်ဆိုးသံနဲ့ လုပ်ထားတာဗျ ။ အဲ့ တံခါးချပ်တစ်ခုစီတိုင်းက တန်ပေါင်း ကုဋေချီပြီး လေးတယ် ။ ပြီးတော့ တံခါးချပ်တွေပေါ်မှာ နတ်ဆိုးသခင်ကြီးရဲ့ တာအိုထွင်းစာတွေလဲ ရေးထားသေးတာမို့ တံခါးတွေက နဂိုရှိထားတဲ့ အလေးချိန်ထက်ကို အဆပေါင်းများစွာ ပိုလေးတယ် "
" ကျုပ် တွေ့ခဲ့ဖူးသမျှ လူတွေအားလုံးထဲမှာတော့ နတ်ဆိုးသခင်ကြီး တစ်ယောက်တည်းကပဲ ဒီတံခါးတွေကို တွန်းဖွင့်နိုင်တာ ။ ကျန်တဲ့သူတွေအတွက်ဆို တံခါးကို နည်းနည်းလေး ရွေ့သွားအောင်တောင် လုပ်ဖို့တော်တော်ခက်တယ် ။ အဲ့တော့ တခြား ဘာအတားအဆီးမှ မလိုတော့ဘူးပေါ့ဗျာ "
" ကျုပ်ကတော့ သခင်လေးကို လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ် "
သူ ထိုသို့ပြောပြီး လောထျန်းအား လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ထျန်းယွမ်ကမ္ဘာသခင်ကြီးကလည်း ရုတ်တရက် ပြောလာ၏။
" လောထျန်း ၊ ငါ သဘောပေါက်ပြီ ။ ဒီ နတ်ဆိုးသခင်ကြီး က ကောင်းကင်ဘုံ နတ်ဆိုးခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နိုင်တယ်ကွ "
" ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ် .. ဟုတ်လား.. "
လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီး သက်ပြင်းချ၏။
" ဟုတ်တယ်ကွ ။ အဲ့ဒါ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အစွမ်းအထက်ဆုံး ခန္ဓာကိုယ်တစ်မျိုးပဲ ။ ဟိုး ရှေးခေတ်တည်းကနေ ကနေ့ထိတောင် အဲ့လို ခန္ဓာကိုယ်ပိုင်ရှင်မျိုး နည်းနည်းလေးပဲ ရှိတာ "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ထို နတ်ဆိုးသခင်ကြီး ဆိုသူက အမှန်တကယ်လည်း အလွန်အစွမ်းထက်ဟန်ပင် ။
ထို့ကြောင့်လည်း တံခါးနှစ်ချပ်နှင့် ပတ်သက်၍ သူ့စိတ်ထဲ အလေးနက် ဖြစ်သွားပါသည်။
သူ အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် တံခါးပေါ်သို့ လက်နှစ်ဖက်လုံး တင်လိုက်၏။
အဝတ်ဖြူ မသေမျိုးဆေးပင်မှာမူ ၎င်းကိုကြည့်ရင်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။
" ဘယ်တတ်နိုင်မလဲလေ .. ။ ရှေ့ဆက်တိုးလို့ မရတော့မှပဲ သူ ရပ်သွားပါလိမ့်မယ် ။ တစ်ခါလောက်
ရှုံးနိမ့်သွားရင်တော့ သူ သိသွားမှာပါ "
သူ ထိုသို့တွေးပြီး ဆက်နားမချတော့ဘဲ နေလိုက်ပါ၏။
ထိုအချိန်တွင် တံခါးပေါ် လက်တင်ထားသော လောထျန်းက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
" နတ်ဆိုးသခင်ကြီး ၊ ကောင်းကင်ဘုံ နတ်ဆိုးခန္ဓာကိုယ် ပိုင်ရှင်... သူ့လို လူမျိုးကပဲ ဖွင့်နိုင်တာဆိုတော့ ဒီတံခါးက တော်တော်ထူးခြားရမယ် ။ ငါ အစွမ်းကုန် သုံးမှပဲ "
ထိုအတွေးနှင့်အတူ လောထျန်း၏ အရှုပ်အထွေးခန္ဓာကိုယ် အသက်ဝင်သွားပြီး သူ့ကိုယ်မှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများလည်း လင်းလက်လာ၏။ မဟာ တာအိုအစွမ်း စိတ်ဝိဥာဥ်အစစ်ကလဲ သူ့အနောက်ဘက်တွင် စတင်လည်လာသည်။
" ပွင့်စမ်းကွာ... "
ထိုသို့အော်ပြီး လောထျန်း တံခါးကို လက်နှစ်ဖက်လုံးဖြင့် တွန်းလိုက်သည်။
ထို့နောက်တွင်...
ဝုန်း..
တံခါးကြီး လွင့်ထွက်သွား၏။