ရတနာကြီး သုံးခု
Vol. 40 Ch. 558
တံခါးချပ်ကြီး နှစ်ချပ်လုံးမှာ လက်ရာကြီးထင်းလျက် အလွန်လျင်မြန်သော အရှိန်ဖြင့် လွင့်ထွက်သွားတော့သည်။
ထို့အပြင် တံခါးချပ်ကြီး၏ အပေါ်တွင်လည်း တလက်လက်တောက်နေသော အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခု ရှိနေကာ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများကို တိုက်ရိုက် အသက်သွင်းနေပြီး ထွင်းစာများ ပေါ်လာ၏။
ဝုန်း..
တံခါးချပ်ကြီးက နတ်ဆိုးနန်းတော်၏ ကျောက်နံရံကြီးတစ်ခုနှင့် ရိုက်မိကာ နံရံအား ထိုးဖောက်ဝင်သွားပြီး အခြားကျောက်နံရံတစ်ခုဆီ ဆက်တိုးဝင်သွားသည်။
ဤသို့ဖြင့် တံခါးချပ်ကြီးက တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် မရေမတွက်နိုင်သော ကျောက်နံရံများစွာကို ထိုးဖောက်ဝင်သွားပြီး.. နောက်ဆုံး.. နတ်ဆိုးနန်းတော်ကြီးမှ ဖောက်ထွက်သွားတော့၏။
ဝုန်း..
အသံကျယ် တစ်သံနှင့်အတူ အစီအမံလည်း ပျက်စီးသွားတော့သည်။
မဟာတာအိုအစွမ်း၏ အမှတ်အသားသည်ပင် ဖျက်ဆီးခံလိုက်ရလေပြီ ။
တံခါးကြီးနှစ်ချပ်မှာကား အဝေးသို့ ဆက်လွင့်သွားကာ မည်သည့်နေရာတွင် သွားကျမည်ဟု မပြောနိုင်ပေ ။
သို့သော် အချိန်အတန်ကြာသွားပြီး နောက်တွင်မူ အဝေးတစ်နေရာမှ အသံကျယ်ကြီး ထွက်လာပါ၏။
တဖက်မှ လောထျန်းမှာလည်း စစချင်းတွင် တံခါးရှေ့ ရှိနေရာမှ အစွမ်းအထုတ်လွန်သွားသဖြင့် နောက်သို့ ပြန်လွင့်သွားရှာသည်။
သို့သော် ကံကောင်းစွာပင် သူ့ကိုယ်သူ ချက်ချင်း ပြန်ထိန်းလိုက်နိုင်သဖြင့် မြေပြင်သို့ ကျမသွားခဲ့ပါ ။
ထို့နောက်တွင်မူ... သူ အဝတ်ဖြူ မသေမျိုးဆေးပင်ကြီးဘက် ဒေါသတကြီး လှည့်ကြည့်လိုက်သည်။
" ခင်ဗျားကြီးပြောတော့ အဲ့တံခါးက လေးတယ်ဆို.. "
လောထျန်း ဒေါသတကြီး ပြောလိုက်၏။
တဖက်မှ အဝတ်ဖြူ မသေမျိုးဆေးပင်မှာလည်း ထိုအချိန်တွင် လုံးဝ နားမလည်နိုင် ဖြစ်နေဟန်ပင် ။
သူ့ရှေ့တွင် ဖြစ်ပျက်သွားသည့်အရာကို သူ အမှန်တကယ် နားမလည်နိုင်တော့ပါ ။
ထို တံခါးချပ်များက မည်မျှ လေးသည်ကို သူ ကောင်းကောင်းကြီး သိထားပါသည်။
နတ်ဆိုးသခင်ကြီးကိုယ်တိုင် ဖွင့်လျှင်ပင် ထိုသို့ဖြစ်သွားအောင် မလုပ်နိုင်ပါချေ ။
သို့သော်.. ယခု သူ့ရှေ့မှလူက တံခါးနှစ်ချပ်လုံးကို လွင့်ထွက်သွားအောင် လုပ်ခဲ့သတဲ့လား..
ထိုလူ၏အစွမ်းက နတ်ဆိုးသခင်ကြီးထက် ပိုသာနေပါသလား...
" သခင်လေး ၊ အဲ့တံခါး နှစ်ချပ်လုံးကို တကယ်ကို လေးပါတယ် ။ သခင်လေးရဲ့ အစွမ်းက... အရမ်းများနေလို့များလား.... "
အဝတ်ဖြူ မသေမျိုးဆေးပင်မှာ မည်သို့ပင်စဥ်းစားစဥ်းစား ထိုအဖြေသာ ထွက်လာပါ၏။
လောထျန်းက မျက်မှောင်ကြီးကြုံ့ပြီး ပြန်ပြောသည်။
" ဒီ တံခါးနှစ်ချပ်က လုံးဝ မလေးဘူး ။ ကမ္ဘာနှစ်ခုကြား တံခါးလောက်ကို မလေးတာ "
သူ ပြောလိုက်သည့်စကားကြောင့် အဝတ်ဖြူ မသေမျိုးဆေးပင်မှာ မည််သို့ ပြန်ပြောရမည် မသိတော့ဘဲ ခဏတာမျှ တိတ်သွားပါ၏။
သို့သော် ထျန်းယွမ်ကမ္ဘာသခင်ကြီးက တုန်လှုပ်စွာ ပြန်ပြောလာသည်။
" လောထျန်း ၊ မင်း ခုနက ဘာပြောလိုက်တာ ။ မင်း.. ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို ပိတ်ဖူးတာလား.. "
လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်၍ ပြန်ဖြေသည်။
" ဟုတ်တယ်လေ "
တလက်စတည်း သူ ကမ္ဘာနှစ်ခုကြားမှ တံခါးပေါက်ကို မည်သို့အားသုံးပြီး ဖွင့်ခဲ့ကြောင်းကိုပါ ပြန်ပြောပြလိုက်၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လောထျန်း ပြောသမျှကို တိတ်တဆိတ်သာ နားထောင်နေရှာသည် ။
သူ့ရင်ထဲတွင်ကား ဗလာင်ဆူလျက်...
ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆိုသည်မှာ..
ကမ္ဘာနှစ်ခု ဆုံတွေ့ရာတွင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများမှ ဖြစ်ပေါ်လာသော အရာတစ်ခု ဖြစ်ပါသည်။
သာမာန်လူများ မဆိုထားဘိ ၊ အစွမ်းထက် ထိပ်သီးကျင့်ကြံသူများသည်ပင် ၎င်းကို တုန်ခါအောင် မလုပ်နိုင်ကြပါချေ။
သို့သော်... လောထျန်းက ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို လက်ချည်းသက်သက်ဖြင့် ပိတ်ခဲ့သတဲ့လား...
" အင်း... သူက ငါထင်ထားတာထက်တောင် ပိုအစွမ်းထက်တဲ့ပုံပဲ ။ ဒီတိုင်းဆို.. သူ ဟိုအရာလေးကို ထုတ်နိုင်မလား မသိဘူး "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ထိုသို့တွေးမိကာ စိတ်ထဲ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုစဥ် တဖက်မှ လောထျန်းမှာလည်း အသိပြန်ဝင်လာပြီး နတ်ဆိုးရတနာတိုက်ထဲဝင်၍ ရတနာများ ရှာဖွေရန် ပြင်လိုက်၏။
သို့သော်.. သူ တံခါးမှ ဝင်လိုက်ပြီးနောက်တွင်ကား.. အံ့သြမှင်သက်သွားရပါသည်။
" ဟင်.... "
ဤနေရာတွင် အမှန်တကယ်လည်း ယခင်က ရတနာများစွာ သိုလှောင်ထားခဲ့ဖူးဟန် တူပါ၏။
အထဲတွင် မရေမတွက်နိုင်သော လက်နက်များနှင့် မှော်ကိရိယာမျိုးစုံ ရှိနေကာ အားလုံးမှာလည်း အလွန်အရည်အသွေး မြင့်ဟန်ပါပင် ။
သို့သော်.. လက်ရှိတွင်မူ ထိုရတနာများက ကြမ်းပြင်တွင် နေရာအနှံ ပြန့်ကျဲနေကာ အများစုမှာလည်း မပြည့်မစုံ ကျိုးပဲ့နေပါသည်။
အချို့သော ကျိုးပဲ့နေသည့် ရတနာအနည်းငယ်ပေါ်တွင် မဟာတာအိုအစွမ်း အမှတ်အသားများ ကျန်နေသေးသည့်တိုင် ၎င်းတို့ကလည်း တဖြည်းဖြည်း ပျောက်ကွယ်နေပါ၏။
လောထျန်း ဘေးဘီသို့ ဝေ့ကြည့်ရင်း မျက်မှောင်ကြီး ကြုံ့သွားတော့သည်။
" ဒီ နတ်ဆိုးသခင်ကြီးရဲ့ ရတနာတွေက ဘာလို့ အဲ့လောက်ဆိုးရတာလဲ "
အဝတ်ဖြူ မသေမျိုးဆေးပင် နှင့် ထျန်းယွမ်ကမ္ဘာသခင်ကြီး : " ............... "
နောက်ဆုံးမှ ထျန်းယွမ်ကမ္ဘာသခင်ကြီးက အနည်းငယ် ချောင်းဟန့်ရင်း ပြောလိုက်သည်။
" လောထျန်း ၊ အဲ့ရတနာတွေက မင်းကြောင့် ပျက်စီးသွားရတာ ထင်တယ်.. "
" အင်... "
လောထျန်း မှင်သက်သွားရတော့သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက သုန်မှုန်နေသော မျက်နှာဖြင့် ဆက်ပြော၏။
" အဲ့ဒါ ဖြစ်နိုင်ချေ အများကြီးရှိတယ် ။ မင်း တွန်းထုတ်လိုက်တဲ့ တံခါးနှစ်ချပ်လုံးက ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေနဲ့ ပေါင်းစပ်ထားတာလေ ။ သူတို့ရဲ့ ဖျက်ဆီးအစွမ်းက မူလမသေမျိုးလက်နက်ထက်တောင် ပိုသာသေးတယ် ။ အဲ့ဒါကို မင်းက ဝုန်းဒိုင်းကြီး လုပ်ပစ်လိုက်တော့ ဒီရတနာတွေက ဘယ်ခံနိုင်မှာလဲ "
ထိုစကားကို ကြားပြီးနောက် လောထျန်း ရှက်နေသည့် မျက်နှာကြီး ဖြစ်သွားသည်။
သို့သော် ချက်ချင်းမှာပင် သူ အေးစက်မှုတို့ ပြည့်နေသော မျက်လုံးများဖြင့် အဝတ်ဖြူ မသေမျိုးဆေးပင် ဘက်သို့ လှည့်ကြည့်လိုက်၏။
ဝုန်း..
အဝတ်ဖြူ မသေမျိုးဆေးပင်မှာ နောက်သို့ ချက်ချင်း လွင့်ထွက်သွားကာ သူ့ကိုယ်ပေါ်မှ မသေမျိုးအလင်းတန်းလည်း ပြိုကွဲလုနီးပါး ဖြစ်သွားတော့သည်။
" ဟင်.. ခင်ဗျားက ဘာဖြစ်သွားတာလဲ "
လောထျန်းမှာ သူ ဘာမှ မလုပ်လိုက်ရပါဘဲ တဖက်လူက လွင့်ထွက်သွားသဖြင့် နားမလည်နိုင် ဖြစ်သွားရှာသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ချက်ချင်း အော်ပြော၏။
" အဲ့ဒါ မင်းရဲ့ တာအိုစိတ်ဝိဥာဥ်ကြောင့်ပဲကွ ။ မြန်မြန်သိမ်းလိုက်ဦး ၊ မဟုတ်ရင်.. မင်းကြောင့် သူ သေရတော့မှာ "
လောထျန်းက ထိုအချိန်မှသာ သူ့ အရှုပ်အထွေးခန္ဓာကိုယ်နှင့် တာအိုစိတ်ဝိဥာဥ်အား ချက်ချင်း ပြန်သိမ်းလိုက်သည်။
တဖက်မှ အဝတ်ဖြူမသေမျိုးဆေးပင်မှာလည်း ထိုအချိန်မှသာ သက်ပြင်းချနိုင်သွား၏။
တစ်ချိန်တည်းမှာပင် သူ လောထျန်းအား ကြောက်ရွံစွာ ကြည့်လိုက်သည်။
အစောလေးက လောထျန်း သူ့ကို ဘာမှ မလုပ်ခဲ့သော်လည်း..
အနည်းငယ်မျှသော ဒေါသလေးသည်ပင် မဟာတာအို စိတ်ဝိဥာဥ်ထံမှ သူ့ပေါ်သို့ ဖိအားများ ထုတ်လွှတ်လာအောင် လုံလောက်ခဲ့ပါသည်။
သူသည် ဆေးပင်တစ်ပင် ဆိုသော်ငြား... မသေမျိုး ဆေးပင်ဖြစ်ရာ..
အစွမ်းအရာတွင် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်နှင့် တိုက်ခိုက်မည်ဆိုပါက ခက်ခက်ခဲခဲ တိုက်ခိုက်၍ ရပါသေးသည်။
သို့သော်.. လောထျန်းနှင့် ရင်ဆိုင်ရချိန်တွင်မူ ဒေါသလေးနည်းနည်းကိုပင် မခံနိုင်ခဲ့ပေ..
ထို့အပြင်.. အကယ်၍ လောထျန်းကသာ အချိန်မီ မရပ်ခဲ့ပါက သူ့အသက်ပင် ဆုံးသွားရနိုင်ပါ၏။
ကမ္ဘာပေါ်တွင် ဤမျှ အစွမ်းထက်သူမျိုး ရှိသတဲ့လား...
သူ အံ့သြတုန်လှုပ်နေစဥ်တွင်... တဖက်မှ လောထျန်းမှာကား ရတနာများကို စတင်ကောက်ယူနေလေပြီ ။
" ဟူး... ရတနာတွေကနေ ဘာမှသုံးစားမရတဲ့ အစုတ်အပြတ်တွေ ဖြစ်သွားတာ တကယ်နှမျောစရာပဲ "
လောထျန်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောသည်။
" လောထျန်း ၊ စိတ်ပျက်မသွားပါနဲ့ ။ ဒီရတနာတွေက ပျက်စီးနေပြီ ဆိုပေမယ့်.. အဲ့ နတ်ဘုရားလက်နက်တွေအားလုံးကို တကယ့်ထိပ်တန်းပစ္စည်းတွေနဲ့ လုပ်ထားတာကွ ။ အဲ့ထဲက မှော်အစွမ်းတွေ ပျက်စီးသွားရင်တောင် ပစ္စည်းတွေကတော့ သုံးလို့ရသေးတယ်။ ငါတို့ လက်နက်သန့်စင်သူ ကောင်းကောင်းတစ်ယောက်ကို ရှာပြီး ဒါတွေကို ထပ်သန့်စင်လိုက်ရင် အစွမ်းထက်တဲ့ မသေမျိုးလက်နက်တွေ အများကြီး ရနိုင်သေးတယ် "
ထိုစကားကို ကြားပြီးနောက် လောထျန်း ခေါင်းအသာညိတ်၍ လက်နက်များကို ဆက်ယူနေလိုက်သည်။
သူ ထိုသို့ လိုက်ကောက်သည့် အချိန်မှလည်း ဤနေရာရှိ ရတနာများ အရေအတွက်က သူ ထင်ထားသည်ထက် များစွာ ပိုများကြောင်း သိလိုက်ရ၏။
ထို့အပြင် အားလုံးနီးပါးမှာလည်း မသေမျိုးလက်နက်များ ၊ သို့မဟုတ် ထိပ်တန်းအဆင့် မှော်လက်နက်များ ဖြစ်ကြပါသည်။
ဘာမဟုတ်သည့် ဓားမြှောင်သေးသေးလေး တစ်ချောင်းသည်ပင် မသေမျိုးပစ္စည်းများဖြင့် ပြုလုပ်ထားသည့်အတွက် စျေးကောင်းကောင်းဖြင့် ရောင်း၍ရပါ၏။
ထိုအတွေး ဝင်ပြီးသွားမှ လောထျန်း ဒေါသအနည်းငယ် ပြေကာ ပြန်တည်ငြိမ်သွားသည်။
ဤသို့ဖြင့် မကြာမီမှာပင် ရတနာတိုက် တစ်ခုလုံး ပြောင်ရှင်းသွားတော့၏။
အားလုံး ပြီးသွားပြီးနောက်မှ လောထျန်းက အဝတ်ဖြူ မသေမျိုးဆေးပင်ဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" နတ်ဆိုးနန်းတော် ထဲမှာ တခြားရတနာတွေ ရှိသေးလား "
အဝတ်ဖြူ မသေမျိုးဆေးပင် မျက်နှာထားအနည်းငယ် ပြောင်းသွားပြီး အံကြိတ်၍ ပြန်ပြော၏။
" ရှိတာပေါ့ ၊ နတ်ဆိုးနန်းတော်ထဲမှာ အဖိုးတန်ဆုံး ရတနာ သုံးခု ရှိပါသေးတယ် "
" အဖိုးတန်ဆုံး ရတနာသုံးခု... ကျုပ်ကို ဘာလို့စောစောမပြောတာလဲ "
လောထျန်း မျက်မှောင်ကြုံ့၍ ပြန်မေးလိုက်သည်။
အဝတ်ဖြူ မသေမျိုးဆေးပင်မှာ ခဏတာမျှ ဆွံ့အသွားတော့၏။
လောထျန်း၏ အစွမ်းက ဤမျှ ကြောက်စရာကောင်းနေမည်ဟု သူ မည်သို့ ထင်မိပါမည်နည်း ။
အစောပိုင်းတွင် သူ လောထျန်းအား ပစ္စည်းနည်းနည်း ယူပေးကာ နတ်ဆိုးသခင်ကြီး နိုးမလာခင် မြန်မြန်ထွက်သွားစေချင်စိတ်သာ ရှိခဲ့ပါသည်။
ယခုမှသာ လောထျန်း၏ အစွမ်းက နတ်ဆိုးသခင်ကြီးထက် မနိမ့်သည်ကို သူ သိခဲ့ရခြင်းပင် ။
သို့ဖြစ်ရာ.. သူ ဘာကို ကြောက်နေရပါဦးမည်နည်း ။
" ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ပါ သခင်လေး "
အဝတ်ဖြူမသေမျိုးဆေးပင် ချက်ချင်း နောက်လှည့်ထွက်သွားလိုက်တော့သည်။
အနည်းငယ် ဟိုချိုး ၊ ဒီကွေ့ လုပ်ပြီးနောက်တွင်ကား.. သူတို့ နတ်ဆိုးနန်းတော်၏ အတွင်းအကျဆုံး နေရာသို့ ရောက်လာကြပါ၏။
ဝီ...
သူတို့ အနားမရောက်ခင်ကတည်းကပင် တာအိုအစွမ်း လှိုင်းလုံးများ သူ့ထံသို့ တဖြည်းဖြည်း ရွေ့လျားလာသည်ကို လောထျန်း အာရုံခံမိလိုက်သည်။
ဘေးပတ်လည်တွင် ရှိနေသော ထွင်းစာများကလည်း တစ်ခုနှင့်တစ်ခု ရောယှက်နေကာ တစ်စုံတစ်ရာကို ဖိနှိပ်နေသယောင် ...
" ဒါ ဘယ်နေရာလဲ "
လောထျန်း မေးလိုက်သည်။
အဝတ်ဖြူမသေမျိုးဆေးပင်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြန်ပြော၏။
" ဒါ.. နတ်ဆိုးသခင်ကြီးရဲ့ ရတနာကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ ... ' ဖန်တီးမှုသိုင်းကျမ်း ၊ လက်နက်သန့်စင်ခြင်းနည်း ' ပဲဗျ "