ကြောက်မက်ဖွယ် လက်နက်သန့်စင်ခြင်း ပညာရပ်
Vol. 40 Ch. 559
" လက်နက်သန့်စင်နည်း.. ဟုတ်လား ၊ ဒါကို ရတနာကြီး သုံးခုထဲက တစ်ခုအဖြစ် သတ်မှတ်တာလား "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
အဝတ်ဖြူမသေမျိုးဆေးပင် က မြန်မြန်ပြန်ပြော၏။
" ဟုတ်တယ်ဗျ ။ ဒီ ဖန်တီးခြင်း လက်နက်သန့်စင်နည်းက သာမာန် လက်နက်သန့်စင်နည်းတွေနဲ့ လုံးဝ မတူဘူး "
" ဘာတွေ ကွာလို့လဲ "
လောထျန်း စိတ်ဝင်တစား မေးလိုက်သည်။
တဖက်လူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြန်ဖြေသည်။
" နတ်ဆိုးသခင်ကြီးနဲ့ ကျုပ်နဲ့ တစ်ခါက ဒီနည်းကိုသုံးပြီး မူလမသေမျိုးလက်နက်တစ်ခုကို သန့်စင်ခဲ့ဖူးတယ် "
" ဘယ်လို... "
ဤတစ်ကြိမ်တွင်မူ လောထျန်း ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ချက်ချင်း အသွင်ပြောင်းကာ ပြောလာ၏။
သူ အဝတ်ဖြူမသေမျိုးဆေးပင် အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
" မင်းပြောတာ.. တကယ်အမှန်တွေလား.. "
အဝတ်ဖြူမသေမျိုးဆေးပင် မှာလည်း ထျန်းယွမ်ကမ္ဘာသခင်ကြီးကို အစောကြီးတည်းကပင် သတိထားမိပြီး ဖြစ်သဖြင့် သူထွက်လာသည်ကို မအံ့သြလှပါချေ။
သူ ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
" အမှန်ပေါ့ဗျာ ။ ဒါ့ကြောင့်လဲ နတ်ဆိုးသခင်ကြီးကို လက်နက်သန့်စင်သူ သခင်ကြီးလို့ ခေါ်ကြတာ "
" အဲ့လို ခေါ်တာက နတ်ဆိုးသခင်ကြီးက မသေမျိုးလက်နက်တွေနဲ့ နတ်ဆိုးလက်နက်တွေ သိန်း ၊ သန်းချီပြီး သန့်စင်ခဲ့လို့မဟုတ်ဘဲ.. မူလမသေမျိုးလက်နက် ဖန်တီးရှင် ဖြစ်လာတဲ့အတွက်ကြောင့်မို့ ခေါ်တာ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" မသေမျိုးလက်နက်တွေ တစ်သန်းလောက် ရှိတာမရှိတာထက်... မူလ မသေမျိုးလက်နက် တစ်ခုကို သန့်စင်လိုက်နိုင်တာနဲ့တောင် ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့ လုံလောက်သွားပြီ "
ထို့နောက် သူ လောထျန်းဘက် လှည့်ကြည့်ကာ စကားဆက်၏။
" လောထျန်း ၊ မင်း အဲ့ဒီ လက်နက်သန့်စင်နည်းကို ရအောင်ယူမှ ဖြစ်မယ်နော်။ အစွမ်းထက် မသေမျိုးလက်နက်တွေ လုံလောက်အောင် ပိုင်ဆိုင်မှလဲ ထျန်းယွမ်ကမ္ဘာရဲ့ အနာဂါတ်က သေချာမှာကွ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကျုပ် သဘောပေါက်ပါပြီ "
သူ ထိုသို့ပြောပြီးသည်နှင့် လက်နက်သန့်စင်နည်း သိုင်းကျမ်းဆီသို့ လျှောက်သွားလိုက်၏။
တဖက်မှ အဝတ်ဖြူ မသေမျိုးဆေးပင်က ရုတ်တရက် သတိလှမ်းပေးသည်။
" ခဏနေပါဦး သခင်လေး လောထျန်း "
" ဟင်.. ဘာဖြစ်လို့လဲ "
လောထျန်း သူ့အား လှည့်ကြည့်လိုက်၏။
တဖက်လူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ စကားဆက်သည်။
" အဲ့စာအုပ်မှာ တဖက်လူရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ဝါးမြိုပစ်တတ်တဲ့ စိတ်ဝိဥာဥ်တစ်ခု ရှိတယ်ဗျ ။ နတ်ဆိုးသခင်ကြီး ဒီစာအုပ်ကို လာကြည့်တဲ့ အခါတိုင်းတောင် တော်တော်ပင်ပန်းတဲ့ပုံ ပေါက်တာ "
လောထျန်းမှာ ထိုစကားကြောင့် သိုင်းကျမ်းစာအုပ်အား တအံ့တသြ ကြည့်လိုက်သည်။
" တကယ်ကြီးလား... ဒါဆို ကြည့်ကြည့်လိုက်ဦးမယ် "
သူ ပြောပြောဆိုဆိုပင် စာအုပ်ဆီ ဆက်လျှောက်သွားလိုက်၏။
ဝီ...
သူ အနီးရောက်သည်နှင့် စာအုပ်ပေါ်၌ အမည်းရောင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ပေါ်လာသည်။
လောထျန်းက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် စာအုပ်ပေါ် လက်တင်လိုက်၏။
" သတိထားနော်.... "
အဝတ်ဖြူ မသေမျိုးဆေးပင် က ၎င်းကိုမြင်သည်နှင့် လှမ်းအော်၍ သတိပေးလိုက်သည်။
သို့သော်.. ထိုအချိန်မှာပင် စာအုပ်ပေါ်မှ အမည်းရောင် အလင်းတန်းက ပြိုကွဲသွားပါ၏။
ဝုန်း..
လောထျန်းလက် စာအုပ်ပေါ် တင်လိုက်သည်နှင့်..
သူ့လက်ဝါးတလျှောက် စိတ်ဝိဥာဥ် အစွမ်းများ စီးဆင်းလာကာ စာအုပ်ထဲသို့ စီးဝင်သွားသည်။
သို့သော် လောထျန်းမှာ ၎င်းကို ဂရုမစိုက်လှဘဲ စာအုပ်ကို ဖွင့်၍ စဖတ်နေလိုက်၏။
ထိုမြင်ကွင်းကြောင့် အဝတ်ဖြူမသေမျိုးဆေးပင် အံ့သြတုန်လှုပ်သွားရတော့သည်။
" သူက စာအုပ်ကိုတောင် ဖတ်တော့မလို့လား.. "
တခဏအကြာမှာပင် သူ အသိပြန်ဝင်လာကာ ထျန်းယွမ်ကမ္ဘာသခင်ကြီးဘက် ချက်ချင်းလှည့်၍ ပြောလိုက်၏။
" သခင်ကြီး... သခင်လေးကို ကျေးဇူးပြုပြီး မြန်မြန်တားလိုက်ပါဗျာ "
" ဘာဖြစ်လို့လဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်မေးသည်။
အဝတ်ဖြူမသေမျိုးဆေးပင် က စိုးရိမ်တကြီး ဆို၏။
" ကျုပ် ခုနကပြောခဲ့သလို ဒီစာအုပ်က တဖက်လူရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ဝါးမြိုစုပ်ယူနိုင်တယ်ဗျ ။ နတ်ဆိုးသခင်ကြီးတောင် စာမျက်နှာတစ်ရွက်လေး ဖတ်ပြီးတာနဲ့ ပြန်သက်သာအောင် နှစ်ပေါင်း ရာချီ ၊ ထောင်ချီပြီး ပြန်အချိန်ယူရတာ "
" ဒီစာအုပ်က လူသားတွေရဲ့ စိတ်ဝိဥာဥ်အစွမ်းတွေ အများကြီးကို စုပ်ယူတတ်တာ အခု သခင်ကြီးလဲ အမြင်ပဲ ။ နတ်ဆိုးသခင်ကြီးကလဲ ဒီအကြောင်းကြောင့်ပဲ နှစ်တွေအကြာကြီး အိပ်နေတာဗျ ။ အခုထိတောင် သူက စာအုပ်ရဲ့ တစ်ဝက်ကိုပဲ ဖတ်ပြီးသေးတာ "
" အခု သခင်လေးသာ အဲ့တိုင်း ဆက်ဖတ်နေမယ်ဆိုရင် စာအုပ်ကြောင့် အားနည်းပျော့ခွေသွားလိမ့်မယ် "
ထိုစကားကို ကြားသောအခါ ထျန်းယွမ်ကမ္ဘာသခင်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
သို့သော်.. သူတို့နှစ်ယောက် လောထျန်းအား နားချရန် လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ လောထျန်းက စာရွက် ဆယ်ရွက်လောက် ဖတ်ပြီးသွားပြီကို မြင်လိုက်ရပါ၏။
" ဘယ်လိုဖြစ်ပြီး... "
အဝတ်ဖြူ မသေမျိုးဆေးပင်မှာ အံ့သြတုန်လှုပ်သွားတော့သည်။
သူ စကားလေး နည်းနည်းပြောနေစဥ် အချိန်အတွင်း လောထျန်းက စာရွက် ဆယ်ရွက်လောက် ဖတ်ပြီးသွားသတဲ့လား.. ။
နတ်ဆိုးသခင်ကြီးအတွက်ပင် ထိုစာရွက်ဆယ်ရွက်ကို ဖတ်ရန်ဆိုလျှင် အနည်းဆုံး နှစ်ပေါင်း တစ်သောင်းကျော် အချိန်ယူရမည် ဖြစ်ပါသည်။
သို့သော်.. လောထျန်းကမူ..
သူ့စိတ်ဝိဥာဥ်အစွမ်းက မည်မျှ ကြောက်စရာကောင်းပါသနည်း..
ထိုအချိန်မှာပင် လောထျန်းက စာအုပ်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်၏။
" ဟင်.. ငါ နည်းနည်း ပင်ပန်းနေသလိုပဲ "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
တဖက်လူနှစ်ယောက်မှာမူ သူ့စကားကို နားထောင်ရင်း ဆွံ့အနေပါတော့သည်။
" လောထျန်း ၊ မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းတွေ ဘယ်လောက် စုပ်ယူခံလိုက်ရသလဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး မေးလိုက်သည်။
လောထျန်းက မျက်လုံးမှိတ်၍ သူ့ကိုယ်သူ ခေတ္တမျှ စစ်ဆေးကြည့်လိုက်ပြီးနောက်မှ .. ချက်ချင်း တုန်လှုပ်သွားဟန်ဖြင့် ပြန်ပြော၏။
" စာရွက် ဆယ်ရွက်ကျော်လေးနဲ့တောင် ကျုပ်ရဲ့ စိတ်ဝိဥာဥ်အစွမ်း ဆယ်ပုံတစ်ပုံစာလောက် စုပ်ယူခံလိုက်ရတာလား ။ ကြောက်စရာ ကောင်းလိုက်တာ.. "
သူ့စကားကို နားထောင်နေသည့် အဝတ်ဖြူ မသေမျိုးဆေးပင်မှာ ယိုင်ပြီး လဲကျတော့မလိုပင် ဖြစ်သွားတော့သည်။
စာရွယ်ဆယ်ရွက်ကျော် ဖတ်ပြီးသွားချိန်တွင်ပင် စိတ်ဝိဥာဥ်အစွမ်း ဆယ်ပုံတစ်ပုံသာ စုပ်ယူခံခဲ့ရသတဲ့လား..
သူ့မျက်လုံးဖြင့်သာ ကိုယ်တိုင်မြင်ခဲ့ရခြင်း မဟုတ်ပါက သူ့အား အသေရိုက်သတ်မည် ဆိုလျှင်ပင် ယုံမိလိမ့်မည် မဟုတ်ပါချေ။
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း သူ့စကားကိုကြားပြီး မျက်မှောင်ကြုံ့သွားပါ၏။
သူ အဝတ်ဖြူ မသေမျိုးဆေးပင် ဘက်သို့ သံသယမကင်းသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
" ဟေ့.. မင်း တမင်ကို ပုံကြီးချဲ့ပြီး လျှောက်ပြောခဲ့တာမလား ။ ဒီစာအုပ်က မင်းပြောသလောက် တကယ်ကြောက်စရာကောင်းလို့လား "
အဝတ်ဖြူ မသေမျိုးဆေးပင်က မျက်နှာပျက်ပျက်ဖြင့် ပြန်ပြော၏။
" ကျုပ် ကောင်းကင်နဲ့မြေကြီးကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်ဗျာ ။ ကျုပ် အမှန်တွေ ပြောနေတာပါ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး မျက်မှောင်ကြုံ့၍ ဆက်ပြောသည်။
" ဒါဆို အခုက ဘာအဓိပ္ပါယ်လဲ "
" ကျုပ်လဲ ဘယ်လိုသိမှာလဲဗျ "
အဝတ်ဖြူ မသေမျိုးဆေးပင် မှာ ဆွံ့အသွားရတော့သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက မျက်မှောင်ကြုံ့ရင်းပင် ထပ်ပြော၏။
" ငါကိုယ်တိုင် ကြိုးစားကြည့်မယ် "
သူ ပြောပြောဆိုဆိုပင် လောထျန်းဆီသို့ သွားလိုက်သည်။
" လောထျန်း ၊ ငါ့ကို စာမျက်နှာ တစ်မျက်နှာလောက် ပေးကြည့်လို့ ရမလား "
" ဒါပေါ့ဗျ ၊ ကျုပ်လဲ စိတ်ဝိဥာဥ်အစွမ်း ပြန်တိုးအောင် လုပ်ရမှာနဲ့ အတော်ပဲ "
လောထျန်း ထိုသို့ပြောပြီး မျက်လုံးမှိတ်၍ သူ့စိတ်ဝိဥာဥ်အစွမ်း ပြန်ကောင်းလာအောင် ကောင်းကင်ဘုံ ပုံရိပ်ဖော်ကျင့်စဥ်အား ကျင့်ကြံလိုက်သည်။
တဖက်မှ ထျန်းယွမ်ကမ္ဘာသခင်ကြီးက စာအုပ်ဆီသို့ သတိထား သွားလိုက်၏။
သူသည်လည်း လက်နက်သန့်စင်သူ တစ်ယောက်ဖြစ်ရာ..
ထိုစာအုပ်၏ တန်ဖိုးကြီးပုံကို ကောင်းကောင်းကြီး နားလည်ပါသည်။
၎င်းက မူလမသေမျိုးလက်နက်ကိုပင် ထုတ်လုပ်နိုင်သည့် လက်နက်သန့်စင်နည်း တစ်ခုဖြစ်ကြောင်း တွေးမိလိုက်ချိန်တွင်ကား သူ့စိတ်ဝိဥာဥ်ပင် တုန်ခါသွားတော့၏။
" ဒီ လက်နက်သန့်စင်နည်းက ဘယ်လောက်ထူးခြားလဲ ကြည့်မယ်ကွာ "
သူ ထိုသို့တွေးပြီး စာအုပ်၏ ပထမစာမျက်နှာကို လှန်ကြည့်လိုက်သည်။
သို့သော်.. စာကြောင်းအနည်းငယ်မျှသာ ဖတ်ပြီးသွားချိန်မှာပင် သူ့စိတ်ဝိဥာဥ်အစွမ်းက ခန္ဓာကိုယ်ထဲမှ ဆူနာမီကြီးတစ်ခုလို စုပ်ယူခံလိုက်ရတော့၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီး ချက်ချင်း အံ့သြတုန်လှုပ်သွားတော့သည်။
လက်ရှိတွင် သူသည် အကြွင်းအကျန် စိတ်ဝိဥာဥ်တစ်ခုသာ ဖြစ်ပါ၏။
သို့ဖြစ်ရာ သူ့စိတ်ဝိဥာဥ်အစွမ်း ကုန်ဆုံးသွားပါက သူ့ခန္ဓာကိုယ်လည်း ပျက်စီးသွားပေမည်။
ဝုန်း..
သူ ချက်ချင်း စာအုပ်ကို ဆောင့်ပိတ်ကာ စိတ်ဝိဥာဥ်အစွမ်း စုပ်ယူခံရခြင်းမှ လွတ်မြောက်ရန်အတွက် အနောက်ဘက် ပေရာပေါင်းများစွာအထိ နောက်ဆုတ်ပြေးသွားလိုက်ရတော့သည်။
" ဒါ... "
သူ နောက်သို့ ရောက်သွားမှသာလည်း သူ့စိတ်ဝိဥာဥ်အစွမ်းက တစ်ဝက်လောက်အထိ ကုန်သွားခဲ့ပြီမှန်း သိလိုက်ရပါ၏။
သို့သော်.. သူ စာကြောင်းလေး အနည်းငယ်မျှသာ ဖတ်ခဲ့ရပါသေးသည် ..
" ကဲ.. ကျုပ် လိမ်ခဲ့တာ မဟုတ်မှန်း သိပြီမလားဗျ "
အဝတ်ဖြူမသေမျိုးဆေးပင်က သူ့ကိုကြည့်ကာ ပြောလာသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း သူ့စကားကြောင့် မျက်နှာကြီး မဲ့သွားတော့၏။
သို့သော်.. သူ ထိုသို့ ဖြစ်နေရင်း လောထျန်းအား ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နေသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
" ဒီကောင်လေးရဲ့ စိတ်ဝိဥာဥ်အစွမ်းက အဲ့လောက် အစွမ်းထက်တာလား ။ မတရားလိုက်တာကွာ... ဒီကောင်က အပြင်မှာလဲ အရှုပ်အထွေးခန္ဓာကိုယ် နဲ့ ၊ အထဲမှာလဲ စိတ်ဝိဥာဥ်အစွမ်းက နည်းတာမဟုတ်ဘူး ။ ဒီကောင်က မွေးကတည်းက အံ့မခန်း ခန္ဓာကိုယ်ကြီးနဲ့ မွေးလာတာပဲ ။ ဒီချိန် သူ့ကို အပေါ်ကမ္ဘာဆီ ပစ်တင်လိုက်ရင်တောင် သူက ထိပ်ဆုံးသူတွေထဲက တစ်ယောက်ဖြစ်နေမှာ ။ မဟုတ်သေးဘူး.. အကောင်းဆုံးလို့တောင် ပြောရမယ်ထင်တယ် "
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လောထျန်းကိုကြည့်ရင်း တွေးမိလိုက်၏။
" သခင်ကြီး.. အဲ့ လက်နက်သန့်စင်နည်းကို ဘယ်လိုသဘောရလဲဗျ "
သူ အသံတိတ်နေသည်ကို မြင်သော အဝတ်ဖြူ မသေမျိုးဆေးပင်က ထပ်မေးလာသည်။
ထျန်းယွမ်ကမ္ဘသခင်ကြီးမှာ ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး ပြော၏။
" အင်မတန်ထူးခြားတယ် ။ ငါ စာကြောင်းလေးနည်းနည်းပဲ ဖတ်လိုက်ရတာတောင် တော်တော်ကောင်းတာကွ။ မူလမသေမျိုးလက်နက်ကို သန့်စင်လို့ရတဲ့ လက်နက်သန့်စင်နည်းလို့ ခေါ်ထိုက်ပါပေတယ် "
အဝတ်ဖြူ မသေမျိုးဆေးပင်ကလည်း သူ့စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။
ထို့နောက် သူတို့နှစ်ယောက်လုံး လောထျန်းဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။
" သူ့ စိတ်ဝိဥာဥ်အစွမ်း အရင်လိုပြန်ကောင်းဖို့ဆို အချိန်တော်တော်ပြန်ယူရမယ်ထင်တယ် ။ အခု သူ့စိတ်ဝိဥာဥ်အစွမ်းတွေ အများကြီး စုပ်ယူခံလိုက်ရမှာ... ပြီးတော့ စိတ်ဝိဥာဥ်အစွမ်း ပြန်တိုးတဲ့နှုန်းကလဲ တော်တော်နှေးတာ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောလိုက်သည်။
သို့သော်.. သူ ထိုသို့ ပြောနေစဥ်မှာပင်..
လောထျန်းက မျက်လုံးပြန်ဖွင့်လာ၏။