ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်
Vol. 40 Ch. 560
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လောထျန်း မျက်လုံးဖွင့်လာသည်ကိုကြည့်ရင်း ခေတ္တမျှ အံ့အားသင့်နေပြီးမှ ပြောလိုက်၏။
" လောထျန်း ၊ နည်းနည်းထပ်ပြီး ကျင့်ကြံလိုက်ပါဦးလား.. ။ မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းတွေ အများကြီး စုပ်ယူခံထားရတာလေ "
သို့သော် လောထျန်းက အေးဆေးပင် ပြန်ပြောလာသည်။
" မဟုတ်ဘူးဗျ ၊ ကျုပ် လုံးဝ ပြန်ကောင်းသွားပြီ "
" ဟင်.. "
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ အံ့သြမှင်သက်ပြီးမှ သူ နားကြားများ လွဲသွားလေသလားဟု တွေးမိလိုက်၏။
သို့သော်.. သူ လောထျန်းအား သေချာကြည့်လိုက်သည့်အခါတွင်လည်း လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း အခြေအနေက ထိပ်ဆုံးသို့ ပြန်ရောက်နေမှန်း တွေ့လိုက်ရပါသည်။
" ဒီမအေ %##$ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး လုံးဝ ဆွံ့အသွားရတော့သည်။
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက ကြောက်စရာကောင်းလွန်းလှသည်ကို သူ လက်ခံနိုင်သေးသော်လည်း..
ယခု ပြန်ကောင်းသည့် အမြန်နှုန်းကပါ ထိုသို့ ကြောက်စရာကောင်းနေသတဲ့လား..
ထိုသူက လူသားတစ်ယောက်ပင် ဟုတ်ပါသေးရဲ့လား..
ထိုစဥ် တဖက်မှ လောထျန်းမှာ စာအုပ်ရှေ့သို့ ရောက်နေပြီး လက်နက်သန့်စင်နည်းများကိုပင် ဆက်ဖတ်နေလေပြီ ။
ဤတစ်ကြိမ်တွင်မူ သူ တစ်စက္ကန့်မျှ အချိန်အတွင်း စာမျက်နှာတစ်ရာကျော်ကို ဖတ်လိုက်ပြီးမှသာ ပြန်ကျင့်ကြံ၍ သူ့စိတ်ဝိဥာဥ်အစွမ်းကို ကုသလိုက်သည်။
ထို့နောက်တွင်ကား ထျန်းယွမ်ကမ္ဘာသခင်ကြီးနှင့် အဝတ်ဖြူ မသေမျိုးဆေးပင်တို့၏ မနာလိုသော အကြည့်အောက်မှာပင် ဆယ်စက္ကန့်ကျော် အချိန်အတွင်း သူ့စိတ်ဝိဥာဥ်အစွမ်းများ ပြန်ပြည့်သွားပြီး စာအုပ်ကို သွားဆက်ဖတ်လိုက်၏။
ဤသို့ဖြင့် လေး၊ငါးကြိမ်မျှ အနားယူလိုက် ၊ စာဖတ်လိုက် လုပ်ပြီးနောက်တွင်မူ လောထျန်း စာအုပ်တစ်အုပ်လုံးကို ဖတ်ပြီးသွားတော့သည်။
ဝီ...
ထိုအချိန်မှာပင် စာအုပ်က အလင်းတန်းတစ်ခု ရုတ်တရက်ထုတ်လွှတ်ပြီး လောထျန်းရှေ့သို့ မျောလွင့်လာ၏။
အဝတ်ဖြူမသေမျိုးဆေးပင်မှာ ထိုမြင်ကွင်းကိုကြည့်ပြီး အံ့သြတုန်လှုပ်သွားတော့သည်။
" ဒါ... သခင်အဖြစ် အသိအမှတ် ပြုနေတာလား "
အကယ်၍ .. လောထျန်းက လက်နက်သန့်စင်နည်း သိုင်းကျမ်းအား အမှန်တကယ် ဖတ်ပြီး၊မပြီးကို သူ အစောပိုင်းက သံသယဝင်နေခဲ့မိလျှင်ပင်..
ယခု ထိုသံသယများ လုံးဝ ပျောက်ကွယ်သွားရလေပြီ ။
စာအုပ်ကို ပြီးဆုံးအောင် ဖတ်ပြီးသွားမှသာလည်း ၎င်းက လောထျန်းအား သခင်အဖြစ် အသိမှတ်ပြုလာမည် မဟုတ်ပါလား ။
နတ်ဆိုးသခင်ကြီး နှစ် သိန်းပေါင်းများစွာ ကြိုးစားအားထုတ်၍ပင် မအောင်မြင်သေးသော ကိစ္စရပ်ကြီးကို လောထျန်းက တခဏလေးအတွင်း အောင်မြင်သွားခဲ့လေပြီ ။
နတ်ဆိုးသခင်ကြီးသာ ထိုအကြောင်းကို သိသွားလျှင်လည်း ဒေါသူပုန်ထနေမည် မလွဲပေ ။
ထိုစဥ် လောထျန်းက စာအုပ်ကို သိမ်းလိုက်ပြီးနောက် အဝတ်ဖြူ မသေမျိုးဆေးပင်ကို လှည့်ကြည့်ကာ မေးလာ၏။
" ကျန်တဲ့ ရတနာနှစ်ခုက ဘာတွေလဲ "
အဝတ်ဖြူ မသေမျိုးဆေးပင်မှာလည်း သူ့အသံကိုကြားမှသာ လန့်သွားပြီး အသိပြန်ဝင်လာသည်။
" ကျုပ်နဲ့ လိုက်ခဲ့ပါ သခင်လေး "
သူ ထိုသို့ပြောပြီးနောက် လောထျန်းအား နတ်ဆိုးနန်းတော် မြေအောက်ထပ်သို့ ဦးတည်ခေါ်သွားလိုက်သည်။
ဤသို့ဖြင့် မကြာမီမှာပင် သူတို့လူစု ထူးဆန်းသော လေထုတစ်ခု ရှိနေသည့် မြေအောက်ထပ်သို့ ရောက်သွားကြ၏။
" ဒါ... "
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုနေရာသို့ ရောက်ရောက်ချင်းမှာပင် စိတ်မသက်မသာ ခံစားလိုက်ရသဖြင့် ကျောက်စိမ်းပြားထဲ ချက်ချင်း ဝင်ပုန်းနေလိုက်ပြီး အပြင်သို့ ထပ်ထွက်မလာတော့ပါ ။
" ဝု... "
တလျှောက်လုံး အိပ်နေခဲ့သော ရှောက်ထျန်းလုံလေးသည်ပင် ထိုစဥ်၌ မျက်လုံးများ ဖွင့်လာသည်။
ကောင်းကင်မီးတောက် သားရဲဘုရင်မှာလည်း တစ်ကိုယ်လုံး တုန်နေပါ၏။
သူ့အသွင်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာကြီးတစ်ခုနှင့် ရင်ဆိုင်နေရသယောင်..
ထိုအချိန်တွင် အဝတ်ဖြူ မသေမျိုးဆေးပင်က နဖူးမှချွေးကို လက်ဖြင့် ပွတ်သုတ်ရင်း ပြောလာသည်။
" သခင်လေးလောထျန်း ၊ ဒီလေထုထဲမှာ အင်မတန်ထူးခြားတဲ့ ရတနာတစ်ခု ရှိတယ်ဗျ ။ အဲ့ဒါကတော့ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်ပဲ ။ တခြားတစ်နည်း ပြောရရင်တော့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ရဲ့ မိခင်ပေါ့ ။ အဲ့မီးတောက်က အရှုပ်အထွေးအဆင့် ရတနာတစ်ခုဖြစ်သလို နတ်ဘုရားမီးတောက်တွေထဲမှာလဲ အဆင့်တော်တော်မြင့်တယ် "
" နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ရဲ့ မိခင်... ဟုတ်လား "
လောထျန်း အံ့အားသင့်သွားရသည်။
အဝတ်ဖြူ မသေမျိုးဆေးပင်က ခေါင်းညိတ်၍ ပြန်ပြော၏။
" ဟုတ်တယ်ဗျ ၊ ဒီ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်က သဘာဝ နတ်ဘုရားမီးတောက်တစ်ခုပဲ ။ လောင်ကျွမ်းနေတဲ့ အချိန်အတွင်းမှာလဲ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ထုတ်လွှတ်ပေးတယ် "
" နတ်ဆိုးသခင်ကြီးက အဲ့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို အဓိကပစ္စည်းအဖြစ် သုံးပြီးတော့မှ ဝိဥာဥ်ကမ္ဘာမီးတောက်နဲ့ တာအိုထွင်းစာတွေကို ပေါင်းစပ်ပြီး ကောင်းကင်မီးတောက် သားရဲတွေကို ဖန်တီးတာ "
သူ့စကားကြောင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
" ဒါဆို ခင်ဗျားပြောတဲ့ အဓိပ္ပါယ်က ကျုပ်မှာသာ အဲ့ပစ္စည်း ရှိထားရင် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တွေကို အကန့်အသတ်မရှိ ကြိုက်သလောက် ပိုင်ဆိုင်နိုင်ပြီပေါ့.. ဟုတ်လား "
အဝတ်ဖြူ မသေမျိုးဆေးပင်က ပြန်ဖြေ၏။
" ဟုတ်တယ်ဗျ ။ ဒါပေမယ့် သခင်လေးလောထျန်း ၊ သတိတော့ ထားမှ ရမှာနော်။ ဒီ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်က စိတ်ဝိဥာဥ်အဖြစ်ကို အသွင်ပြောင်းနိုင်ပြီးသားဗျ ။ သူက အင်မတန် အစွမ်းထက်ရုံတင် မကဘူး ၊ ဒေါသလဲ အရမ်းကြီးတယ် ။ ပြီးတော့.. သူက နတ်ဆိုးသခင်ကြီးနဲ့လဲ အတူတူတွဲလုပ်ကြတဲ့ မိတ်ဆွေတွေမို့ သူ့ကို သိမ်းသွင်းဖို့က လွယ်မှာ မဟုတ်ဘူး "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" အဲ့လောက် ခက်တာလား ။ ဘယ်လောက်ခက်ခက်ပါလေ.. ကျုပ် အဲ့ဒါကို ရမှဖြစ်မယ် "
ပျောင်ပိုင်မြို့ကို အင်အားကြီးသော အဖွဲ့တစ်ခုအဖြစ် တည်ထောင်ရန်ဆိုလျှင် ထို ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက် မရှိ၍ မဖြစ်ပါချေ။
အဝတ်ဖြူ မသေမျိုးဆေးပင်က လောထျန်းကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။
" သခင်လေးလောထျန်း ၊ ကျုပ်ကတော့ အဲ့မီးတောက်ကို မခံနိုင်ဘူးမို့ သခင်လေးနဲ့ လိုက်မဝင်တော့ဘူးနော် ။ သခင်လေးတစ်ယောက်တည်းပဲ သွားရမှာဗျ "
" ကောင်းပြီ "
လောထျန်းက များစွာ ပြောမနေဘဲ ခေါင်းသာညိတ်လိုက်၏။ ထို့နောက် သူ ရှောက်ထျန်းလုံလေးနှင့် ထျန်းယွမ်ကမ္ဘာသခင်ကြီးတို့အား အပြင်တွင်ထား၍ ထူးဆန်းသော လေထုထဲသို့ ခြေချလိုက်သည်။
ဝုန်း...
လေထုထဲ ဝင်လိုက်သည်နှင့် အစွမ်းထက်သော အရောင်အဝါတစ်ခုက သူ့ထံသို့ ဝုန်းခနဲ တိုးဝင်လာသည်ကို လောထျန်း ခံစားလိုက်ရ၏။
" ငါ နတ်ဆိုးသခင်ကြီးကို မှာထားပြီးသားလေ .. ဒီနေရာကို ဘယ်သူမှ အနားမကပ်ရဘူးဆိုတာ ။ ကပ်လာတာနဲ့ သေမယ်လို့လဲ ပြောထားပြီးသား ။ ဒါတောင် အခု မင်းက ဒီကိုရောက်လာမှတော့... သေလိုက်တော့ "
အမျိုးသမီး အသံတစ်သံ ရုတ်တရက် ထွက်လာသည်။
ထို့နောက်တွင်..
ဝုန်း...
ကြောက်မက်ဖွယ် မီးတောက်တစ်ခုက လောထျန်းအား တိုက်ခိုက်လာ၏။
လောထျန်း ၎င်းကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။
သူ တစ်ခွန်းမှ မပြောရသေးခင်မှာပင် တဖက်လူက ချက်ချင်း တိုက်ခိုက်လာသတဲ့လား..
အကယ်၍ အခြားတစ်ယောက်သာ ဆိုပါက လောထျန်း ထိုလူအား အသေရိုက်သတ်မိမည် မလွဲပေ ။
သို့သော်.. ယခု သူ့ရှေ့မှ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်မှာ ထိပ်တန်းအဆင့် ရတနာတစ်ခုဖြစ်ရာ...
လောထျန်း ခေတ္တမျှ စဥ်းစားပြီး သည်းခံရန်သာ ဆုံးဖြတ်လိုက်ပါ၏။
ထို့ကြောင့် သူ မရှောင်လိုက်သလို ၊ ထွက်လည်းမပြေးဘဲ ထိုအတိုင်းသာ ငြိမ်ခံလိုက်သည်။
ဝုန်း...
အသံကျယ် တစ်သံနှင့်အတူ လောထျန်းရှေ့သို့ မီးတောက်များ ကျလာကြသည်။ သို့သော် ထိုမီးတောက်များက သူ့ကိုယ်မှ အကာအကွယ်စွမ်းအင်ကိုပင် မချိုးဖျက်နိုင်ကြပါ ။
" ဟင်.... "
ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်မှာလည်း ထိုသို့ဖြစ်မည်ဟု လုံးဝ မျှော်လင့်မထားဟန်ဖြင့် တအံ့တသြ ရေရွတ်လိုက်သည်။
" ငါ မင်းကို လျှော့တွက်လိုက်မိတာပဲ ။ အဲ့လောက် အစွမ်းထက်နေမယ်လို့ ငါ ထင်မထားမိဘူး ။ မင်း ဘယ်သူလဲ "
၎င်းက အေးစက်စက် မေးလာသည်။
" ကျုပ်နာမည်က လောထျန်းပါ ။ ကျုပ် မင်းကို ကျုပ်နဲ့အတူ လိုက်လာခဲ့ဖို့ ဖိတ်ခေါ်ချင်လို့ပါ "
လောထျန်း ပြောလိုက်၏။
" မင်းနောက် လိုက်ခဲ့ရမယ် ဟုတ်လား ။ ဘာတွေ စိတ်ကူးလာယဥ်နေတာလဲ ။ ငါ ဒေါသထွက်မလာခင် ဒီကနေ ထွက်သွားစမ်း "
ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်က လေသံမာမာဖြင့် ပြန်အော်ပြောလာသည်။
လောထျန်း ခေါင်းယမ်းလိုက်၏။
" မရဘူး ၊ ကျုပ် ဒီနေ့ မင်းကို မဖြစ်မနေ ခေါ်သွားမှာ "
တဖက်မှ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်က ဒေါသဖြင့် အော်ရယ်လိုက်သည်။
" မင်းက တကယ်ကြီး ပြောနေတာလား "
လောထျန်း ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်၏။
" ဟုတ်တယ်.. "
တဖက်က အေးစက်စက် ပြန်ပြောသည်။
" ကောင်းပြီလေ ။ တကယ်လို့ မင်းက ငါ့ရဲ့ စိတ်ဝိဥာဥ်ချိုးဖျက် ဓားကွက်ကို ခံရဲရင် ငါ မင်းနဲ့ လိုက်ခဲ့မယ် ၊ ဘယ်လိုလဲ... "
လောထျန်း မျက်ခုံးပင့်သွားသည်။
" အဲ့လိုလား... ။ ကောင်းပြီလေ ၊ ကျုပ် သဘောတူတယ် "
အမှန်တွင်မူ.. သူ ထိုသို့ပြောလိုက်ချိန်၌ တဖက်မှ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်မှာ ကြောက်ရွံ့စိတ် ဖြစ်သွားပါ၏။
" ကောင်လေး ၊ ငါ့ရဲ့ စိတ်ဝိဥာဥ်ချိုးဖျက်ဓားက ဘာလဲဆိုတာရော မင်းသိရဲ့လား ။ ဒီသိုင်းကွက်က အစွမ်းအထက်ဆုံး ဓားသိုင်းကွက်တစ်ခုပဲ ။ နတ်ဆိုးသခင်ကြီးတောင် ဒီဓားကွက်ကို မခုခံရဲဘူး "
၎င်းက ပြောလိုက်သည်။
လောထျန်း မျက်မှောင်ကြုံ့ သွားပြီး ပြန်ပြော၏။
" အစွမ်းအထက်ဆုံး ဓားသိုင်းကွက်... ဟုတ်လား "
ကောင်းကင်ဘုံကိုးခု စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်က အေးစက်စက်ပြန်ပြောသည်။
" အမှန်ပဲ ။ ဒီဓားကွက်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ဓားသိုင်းတစ်ခု ။ ဒီဓားကွက်ကိုသာ မင်း ထိပ်တိုက်ရင်ဆိုင်ရင် သေသွားရမှာ သေချာတယ် "
လောထျန်း မျက်မှောင်ကြုံ့သွားပြီး ထပ်ပြောလိုက်၏။
" အဲ့လိုလား... ။ ဒါဆို ကျုပ်ဘက်ကလဲ ဓားသိုင်းကိုသုံးပြီး ခင်ဗျားကို ပြန်တိုက်ခိုက်မယ်လေ ။ တကယ်လို့ ကျုပ်ဘက်က ရှုံးသွားခဲ့ရင် ချက်ချင်း လှည့်ထွက်သွားပေးမယ် ။ ဒါပေမယ့် ခင်ဗျား ရှုံးသွားခဲ့ရင်တော့ ကျုပ်လက်အောက်မှာ နှစ်တစ်သောင်း အမှုထမ်းရမယ် ၊ ဘယ်လိုလဲ "
ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်က ရုတ်တရက် ဒေါသတကြီး အော်လိုက်သည်။
" မင်းကများ ဓားသိုင်းနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတယ်ပေါ့ ။ ရယ်စရာကောင်းလိုက်တာကွာ ။ ကောင်းပြီလေ... တကယ်လို့ မင်းနိုင်သွားရင် ငါ မင်းလက်အောက်မှာ နှစ်တစ်သောင်း အမှုထမ်းပေးမယ် ။ ဒါပေမယ့် မင်း ရှုံးသွားခဲ့ရင်တော့ ဒီနေ့ သေရမယ်သာမှတ် "
သူ အလွန်လည်း ဒေါသထွက်နေပါ၏။
သို့သော်.. လောထျန်းကမူ ထိုစကားကို ကြားသည်နှင့် ဝမ်းသာသွားဟန်ဖြင့် မျက်နှာကြီး ချက်ချင်းဝင်းသွားသည်။
" ကောင်းပြီဗျာ ။ ဒါဆို စတိုက်ခိုက်လိုက်ပါ "
ဝုန်း..
ထိုအချိန်မှာပင် မလှမ်းမကမ်း လေထဲ၌ မီးတောက်လုံးတစ်ခု ပေါက်ကွဲထွက်လာသည်။
ထို့နောက်.. အမျိုးသမီးတစ်ယောက် ပေါ်လာ၏။
ထိုအမျိုးသမီးမှာ အလွန်ချောမောလှပသော ရုပ်ရည်သွင်ပြင်ရှိပြီး ကမ္ဘာ့ထိပ်တန်း အချောအလှ စာရင်းဝင်ဟု ပြော၍ရပါသည်။
သို့သော်.. အခြားသူများနှင့် မတူသည်မှာ.. သူမ၏ မျက်ခုံး ၊ ဆံပင်များသာမက ဝတ်ထားသည့် အဝတ်စားများကပင် မီးတောက်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သဖြင့် တမူထူးခြားနေခြင်းပင် ။
" လူငယ်လေး.. ငါ မင်းကို နောက်ဆုံးအခွင့်အရေး ပေးလိုက်မယ်နော် ။ ခုချက်ချင်း ဒီကနေထွက်သွားရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ် "
သူမ လောထျန်းအား အေးစက်စက်ပြောလိုက်သည်။
စာစဉ်ပြီး၏