← Chapters

နတ်ဆိုးဂူ

Vol. 40 Ch. 548

နတ်ဆိုးဂူ

Vol. 40 Ch. 548

အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အံ့သြမှင်သက်ကုန်ကြတော့သည်။

ဘာတွေဖြစ်နေပါသနည်း...

အစောလေးတွင်ပင် ပြိုင်ဘက်မဲ့သူတစ်ယောက်လို ဖြစ်နေခဲ့သော အဆင့် ၁၁ ကောင်းကင်မီးတောက် သားရဲကြီးက ယခု ခေါင်းကို အလွယ်တကူ လိမ်ချိုးခံလိုက်ရသတဲ့လား ။

ထို့အပြင် လောထျန်း၏ ပုံမှာလည်း ခေါင်းကိုလိမ်ချိုးစဥ်က ၎င်းအား ဖိခြေပစ်မည်ကို စိုးရိမ်နေသည့်အလား အလွန်သတိကြီးနေဟန်ပင် ။

၎င်းမှာ ကောင်းကင်မီးတောက် သားရဲတစ်ကောင်ကို သတ်သည်နှင့်မတူဘဲ..

ပုဇွန်တစ်ကောင်အား ခေါင်းချိုးသတ်နေသလိုပင်.. ။

ထိုစဥ် လောထျန်းက သူ့လက်ထဲ အစွမ်းထက်ထည့်လိုက်သည်။

ဝုန်း..

သားရဲကြီး၏ ခေါင်းကွဲသွားပြီး လောထျန်းလက်ထဲတွင် ရွှေရောင်မီးတောက်လုံးတစ်ခု ပေါ်လာ၏။

ဝီ..

ထို မီးတောက်လုံး ပေါ်လာသည်နှင့် စွဲမက်ဖွယ် အရောင်အဝါတစ်ခုလည်း အားလုံးဆီသို့ လွင့်ပျံ့လာသည်။

တခဏကြာပြီးနောက်တွင်မူ.. တစ်ယောက်၏ တအံ့တသြရေရွတ်သံ ထွက်ပေါ်လာ၏။

" အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ပဲ... အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ဟေ့.. "

ထိုစကားတစ်ခွန်းက ကောင်းကင်မီးတောက် နတ်ဆိုးချောက်ကြီး တစ်ခုလုံးအား ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် လုပ်လိုက်နိုင်ပါသည်။

လူများမှာ အဆင့်၁၁ ကောင်းကင်မီးတောက် သားရဲကြီး၏ ကြောက်စရာဇာတ်သိမ်းကိုပင် ခဏတာမျှ မေ့သွားကြတော့၏။

ထိုသို့သော အဆင့်မျိုးရှိသည့် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်မှာ သူတို့ရှေးဟောင်းနတ်ဆိုးကမ္ဘာ သမိုင်းတလျှောက်လုံးတွင်ပင် အကြိမ်အနည်းငယ်မျှသာ ပေါ်လာဖူးသည် မဟုတ်ပါလား ။

" သူ.. တကယ်ကြီး လုပ်လိုက်နိုင်တာလား "

ခပ်လှမ်းလှမ်းတွင် ရှိနေသော ကွေ့ရှန်မှာ လောထျန်းကို ကြည့်ရင်း မယုံနိုင်သည့် မျက်နှာကြီး ဖြစ်နေတော့သည်။

အစောပိုင်းတွင် လောထျန်းက ပိုင်စီအား နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို မည်သို့ ထုတ်ရမည်နည်းဟု မေးခဲ့စဥ်၌ သူ လှောင်ရယ်ခဲ့ပါ၏။

သို့သော်. .. လောထျန်းက အမှန်တကယ် လုပ်သွားခဲ့လေပြီ ။

ထိုတခဏ၌ သူ့မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားသလိုလည်း ခံစားလိုက်ရတော့သည်။

ဤမျှ အစွမ်းထက်ပြီး ကြောက်စရာကောင်းသော သူတစ်ယောက်ကို သူ အဘယ့်ကြောင့် လှောင်ပြောင်စကားများ ပြောခဲ့မိပါသနည်း ။

သူ့ကိုယ်သူ သေကြောင်းကြံလိုက်မိလေပြီ ။

သူ ချက်ချင်း ခေါင်းငုံ့သွားပြီး.. ထပ်မော့မကြည့်ရဲတော့ပါ။

ထိုစဥ် ပိုင်စီတစ်ယောက်ကမူ မျက်လုံးများ အရောင်လက်သွား၏။

သို့သော် လောထျန်းအား အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးနောက်တွင်မူ သူမ ယခင်ပြောခဲ့သော စကားများက မတော်တရော်များ ဖြစ်နေခဲ့ကြောင်း သတိရသွားသဖြင့် ရှေ့ဆက်မတိုးရဲတော့ပေ ။

တဖက်မှ မိုယွမ်ရှောက်မှာမူ လောထျန်းလက်ထဲမှနတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ကြည့်ရင်း စိတ်လှုပ်သွား၏။

" ညီလေး ၊ ငါ့နာမည်က မိုယွမ်ရှောက်ပါ ။ မင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်. "

မိုယွမ်ရှောက် လောထျန်းရှေ့ လျှောက်သွားပြီး ဦးညွှတ်နှုတ်ဆက်ရင်း မိတ်ဆက်စကား ဆိုလိုက်သည်။

လောထျန်းကမူ သူ့ကိုကြည့်ရင်း မျက်မှောင်ကြုံ့သွား၏။

" ဘာလဲ.. ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို လုချင်လို့လား "

လောထျန်း မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။

သူ့စကားကြောင့် မိုယွမ်ရှောက် ဆွံ့အသွားရ၏။

နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို လုချင်လို့တဲ့လား...

သူ့အသက်သူ နှမျောတတ်ပါသေးသည် ..

" မဟုတ်ပါဘူးကွာ ။ ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို မင်းကိုယ်တိုင် သန့်စင်ချင်လား... ဒါမှမဟုတ် ပြန်ရောင်းမှာလား မေးချင်လို့ပါ "

" တကယ်လို့ မင်းကိုယ်တိုင် သန့်စင်ချင်တယ်ဆိုရင် ငါ အခုချက်ချင်း လှည့်ထွက်သွားပါ့မယ် ။ ဒါပေမယ့် ပြန်ရောင်းချင်တယ် ဆိုရင်တော့ ငါ့လက်အောက်မှာ အမြင့်ဆုံးစျေးနဲ့ ရောင်းလို့ရမယ့် လေလံရုံးတွေ အများကြီး ရှိတယ် "

မိုယွမ်ရှောက် သတိထား၍ ပြောလိုက်သည်။

လောထျန်း ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် သူ့နားထဲသို့ ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံ ရောက်လာသည်။

" လောထျန်း ၊ နတ်ဆိုးဂူကို ဝင်ခွင့်ရအောင် လုပ်ပေးနိုင်မလားလို့ သူ့ကို မေးလိုက် "

လောထျန်းမှာ နတ်ဆိုးဂူက ဘာဆိုသည်ကို မသိသော်ငြား လျှို့ဝှက်နေရာတစ်ခု ဖြစ်ရမည်မှန်း ခန့်မှန်းမိလိုက်ပါသည်။

ထို့ကြောင့် သူပြောလိုက်၏။

" ကျုပ် ခင်ဗျားကို လေလံတင်ခွင့် ပေးမယ်ဆိုရင် ကျုပ်ကို ဘုံနတ်ဆိုးဂူထဲ ဝင်ခွင့်ရအောင် လုပ်ပေးနိုင်မလား။ မြန်လေ ကောင်းလေပဲ "

မိုယွမ်ရှောက်မှာ စစချင်းတွင် မျှော်လင့်ချက်မဲ့နေရာမှ.. လောထျန်းစကားကို ကြားသည်နှင့် ဝမ်းသာသွားဟန် တူသည်။

သူ့အတွက် အခွင့်အရေး ရှိသွားလေပြီ ။

" ပြဿနာမရှိပါဘူး ။ နတ်ဆိုးဂူက နောက် ၇ ရက်နေရင် ဖွင့်မှာ ။ မင်းသာ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ငါ့ဆီမှာ လေလံတင်မယ်မို့ သဘောတူရင် ငါ မင်းအတွက် ဝင်ခွင့် သုံးနေရာစာ ယူပေးမယ် "

မိုယွမ်ရှောက် ပြောလိုက်သည်။

လောထျန်းက ခေါင်းညိတ်၍ ပြန်ပြော၏။

" ကျုပ် ခနနေရင် ကောင်းကင်မီးတောက် သားရဲချောက် အနက်ပိုင်းထဲကို သွားစရာရှိတယ် ။ ကျုပ် ပြန်ထွက်လာမှ အဖြေကိုပြောမယ်လေ.. ဘယ်လိုလဲ "

မိုယွမ်ရှောက်မှာ ထိုစကားကြောင့် အနည်းငယ် စိတ်ပျက်သွားသည့်တိုင် ချက်ချင်း ပြန်ပြောလိုက်သည်။

" ဒါပေါ့.. ကိစ္စမရှိပါဘူး.. "

ထိုသို့ပြောပြီးနောက် သူ့အကျ်ီလက်ထဲမှ အသံလွှင့်အဆောင်တစ်ခုကို ထုတ်၍ လောထျန်းအား လက်နှစ်ဖက်ဖြင့် ပေးလိုက်၏။

" မင်း စိတ်ဆုံးဖြတ်ပြီးသွားပြီ ဆိုရင် ငါ့ကို ကြိုက်တဲ့အချိန် ဆက်သွယ်လို့ရပါတယ် "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းပါပြီ ၊ ကျုပ် ပြန်ထွက်လာရင် ခင်ဗျားကို လာရှာပါ့မယ် "

ထို့နောက် လောထျန်းက ကွေ့ရှန်နှင့် ပိုင်စီတို့ဘက် တစ်ချက်လှမ်းကြည့်ပြီး သူတို့ဆီ ပျံသန်းသွားလိုက်၏။

ထိုနှစ်ယောက်မှာ လောထျန်းလာသည်ကို မြင်သည်နှင့် တစ်ကိုယ်လုံး တုန်သွားကြသည်။

အထူးသဖြင့် ကွေ့ရှန်မှာ ကြောက်လွန်း၍ ငိုပင် ငိုတော့မတတ်...

ထိုအချိန်တွင် လောထျန်းက လက်ဆန့်၍ သူ့ပုခုံးဆီ လှမ်းလာ၏။

ကွေ့ရှန်မှာ ထိုလက်ကိုကြည့်ရင်း သူ့နှလုံးက ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မယောင်..

ထိုလက်က အဆင့်၁၁ ကောင်းကင်မီးတောက် သားရဲကြီး၏ ခေါင်းကို လိမ်ချိုးထားခဲ့သည့်လက် မဟုတ်ပါလား ။

ဘုတ်..

လောထျန်းက ကွေ့ရှန်၏ ပုခုံးကို အသာပုတ်လိုက်သည်။

" ဒါတွေအားလုံးက ခင်ဗျားကျေးဇူးကြောင့်ပါ ။ အကိုကြီးသာ ကျုပ်ကို နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က သားရဲရဲ့ ခေါင်းထဲမှာရှိမှန်း သတိမပေးခဲ့ရင် ကျုပ် အဲ့ကောင်ကြီးရဲ့ ခေါင်းကို တစ်ခါတည်း ရိုက်ပြားမိသွားမလား မသိဘူး ။ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်သာ ဖျက်ဆီးခံလိုက်ရရင် အဆုံးရှုံး တော်တော်ကြီးသွားမှာ "

လောထျန်း အပြုံးဖြင့် ဆိုလိုက်၏။

သူ ပြောပြောဆိုဆို ကွေ့ရှန်၏ ပုခုံးကိုလည်း အသာပုတ်လိုက်သေးပါသည်။

ကွေ့ရှန် မှာကား ကြောက်လွန်း၍ စကားပင် မဆိုနိုင်ရှာပါ ။

" ကဲပါလေ.. ကျုပ် ချောက်နက်ထဲကို သွားဖို့ပြင်ထားတာမို့ အများကြီး မပြောတော့ပါဘူး ။ ကျုပ် ပြန်ထွက်လာလို့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် အပိုပါလာရင် ခင်ဗျားတို့ကို နည်းနည်းပေးပါ့မယ် "

လောထျန်းက စကားဆုံးသည်နှင့် နောက်လှည့်ထွက်ခွာသွား၏။

ကွေ့ရှန်မှာ အစမှ အဆုံးထိ စကားတစ်ခွန်းပင် မဟရဲလိုက်ပါ ။

လောထျန်း ထွက်သွားပြီးမှသာ သူ အသိပြန်ဝင်လာတော့သည်။

" ဒီကောင်လေးက.... သွားပြီလား..

သူ မေးလိုက်သည်။

" အင်း.. သွားပြီ "

ပိုင်စီက အနည်းငယ် စိတ်ပျက်နေဟန်ဖြင့် ပြန်ဖြေ၏။

" ဟင်... ငါ့ဘောင်းဘီက ဘာလို့ ပူပြီး စိုနေသလို ခံစားနေရတာလဲ "

ကွေ့ရှန် တအံ့တသြ ပြောလိုက်သည်။

သူ့ကိုယ်သူ အောက်ပြန်ငုံ့ကြည့်လိုက်သည့် အချိန်တွင်ကား ... သူ သေမတတ်ကြောက်ရွံ့နေခဲ့သည့် သက်သေကို မြင်လိုက်ရတော့၏။

ထိုအချိန်တွင် လောထျန်းမှာ... ချောက်ထဲ ခပ်လှမ်းလှမ်းသို့ပင် ရောက်သွားခဲ့လေပြီ ။

သူက လမ်းတလျှောက်တွင်လည်း တွေ့သမျှသော ကောင်းကင်မီးတောက် သားရဲများစွာကို သတ်သွားလိုက်ပါသေးသည်။ သို့သော် ထိုအထဲမှ အဆင့်အမြင့်ဆုံးသည်ပင် အဆင့် ၇ သာ ရှိပါသည်။

" သခင်ကြီး ခုနက မေးလိုက်တဲ့ နတ်ဆိုးဂူဆိုတာ ဘယ်လိုလဲဗျ "

လောထျန်းက အခြား နတ်ဆိုးစိတ်ဝိဥာဥ် မီးတောက်တစ်ခုကို ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်သိမ်းရင်း မေးလိုက်သည်။

" အဲ့ဒါ ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ရတနာနယ်မြေကြီး ငါးခုထဲက တစ်ခုပဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်ဖြေ၏။

" အဲ့လိုလား... ဘယ်လိုရတနာနယ်မြေမျိုးလဲဗျ ၊ ဘာတွေအသုံးဝင်လဲ "

လောထျန်း ဆက်မေးလိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေတ္တမျှ စဥ်းစားနေဟန် တူပြီးမှ ပြန်ပြော၏။

" ငါလဲ မသိဘူးကွ "

" မသိဘူး... ဒါဆို ကျုပ်ကို ဘာလို့သွားခိုင်းတာလဲလဲ "

လောထျန်း ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်ပြော၏။

" တခြားလဲ လုပ်လို့မှ မရတာကွ။ အဲ့ နတ်ဆိုးဂူက ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အစောင့်အကြပ်အများဆုံး နေရာတစ်ခုပဲ။ အရင်ကဆို ငါတို့ ထျန်းယွမ်ကမ္ဘာက သခင်ကြီးတွေ အဲ့နတ်ဆိုးဂူထဲဝင်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ကြဖူးတယ် ။ ဒါပေမယ့် ဘယ်လိုမှ ဝင်မရခဲ့ဘူး ။ ဒါ့ကြောင့်မို့လဲ အထဲမှာ ဘယ်လိုအ​ခြေအနေ ရှိတယ်ဆိုတာ မသိတာ "

" ဒါပေမယ့်.. ငါ သိတာတစ်ခုက ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ နတ်ဆိုးခန္ဓာကိုယ်နဲ့လူတွေ နည်းနည်းရှိတယ် ဆိုတာပဲ ။ အဲ့လူတွေအားလုံးကလဲ နတ်ဆိုးဂူထဲမှာ တာအိုအစွမ်းတွေ ရခဲ့ကြတာ "

" နတ်ဆိုးခန္ဓာကိုယ်... အဲ့ဒါက အရမ်းအစွမ်းထက်လို့လား.. "

လောထျန်း ဆက်မေးလိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေတ္တမျှ တိတ်နေပြီးမှ ပြန်ပြော၏။

" အရမ်း အစွမ်းထက်တယ်ကွ။ အဆင့်နှစ် အရှုပ်အထွေးခန္ဓာကိုယ်နဲ့တောင် အတူတူလောက်ပဲ "

လောထျန်း အံ့အားသင့်သွားရကာ ပြန်မေးလိုက်သည်။

" အဲ့လောက်တောင် အစွမ်းထက်တာလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်ပြော၏။

" ဒါပေါ့ကွာ... ၊ ငါက မင်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကို အဆင့်သုံးအထိ တက်စေချင်တာ ။ အခု ဒီနတ်ဆိုးဂူက အဲ့အတွက် အခွင့်ကောင်းတစ်ခုပဲ ။ အဲ့ဒါကြောင့်မို့ မင်း အဲ့ကိုသွားမှဖြစ်မှာ "

လောထျန်း ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်သည်။

" ကောင်းပါပြီ ။ ဒါပေမယ့်... အဲ့လိုသာဆိုရင် ဒီ အဆင့်၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ရောင်းရတော့မှာပေါ့ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး သက်ပြင်းချလိုက်၏။

" တစ်ခုကို လိုချင်ရင် တစ်ခုတော့ ပေးဆပ်ရမှာပေါ့ကွာ.. ဟုတ်တယ်မလား.. "

လောထျန်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။ သို့သော်.. ချက်ချင်းမှာပင် သူ့မျက်လုံးများ အရောင်လက်သွားပါ၏။

" ဟုတ်သားပဲ သခင်ကြီးရဲ့ ၊ ချောက်နက်ထဲကို ရောက်လေလေ ကောင်းကင်မီးတောက် သားရဲတွေက ပိုအစွမ်းထက်လေလို့ ပြောတယ်မလား ။ ဟို အဆင့် ၁၂ ကောင်းကင်မီးတောက် သားရဲတောင် ရှိတယ်လို့ ကောလဟာလ ထွက်သေးတယ်တဲ့ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေါင်းညိတ်လိုက်သည်။

" အဲ့ဒါတော့ မှန်ပါတယ် ။ မင်းက..... "

လောထျန်းက အပြုံးဖြင့် စကားဆက်၏။

" ဟုတ်တယ်ဗျ ၊ ကျုပ် ချောက်နက် အဆုံးပိုင်းထိသွားပြီး သွားကြည့်ချင်တယ် "

All Chapters