အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အခန်း (၄၉၆ ) : စစ်နတ်ဘုရားလင်းထျန်
ကျိုးဟောင်မှာအလွန်စိတ်ညစ်နေပြီး ဤမကောင်းသည့်လူသည် မည်သူဖြစ်ကြောင်းကိုလည်းသိချင်နေပေသည်။ ဤလူသည်လူလိမ်တစ်ယောက်ပေလော။ အကယ်၍ဤလူကြောင့်မဟုတ်ပါက သူအန္တရာယ်ကင်းကင်းနှင့်ထွက်သွားနိုင်မည်ဖြစ်သည်။ သို့သော် ဤလူကြောင့်သူ့အားသားရဲမှသတိထားမိသွားခဲ့ပေသည်။ ကျိုးဟောင်မှာတွေးရင်းဒေါသထွက်နေပေသည်။
ကျိုးဟောင်လက်မခံနိုင်ဆုံးအချက်လည်း သေချာပေါက်ရှိပေသည်။ ထိုအချက်မှာ ကျိုးဟောင်တွင်ဤသန္ဓေပြောင်းသားရဲအားချက်ချင်းသတ်ပစ်နိုင်သည့်အစွမ်းမျိုးရှိသော်ငြား ဘေးတွင်လူများရှိနေ၍ ကျိုးဟောင်မှာ သူ၏စွမ်းအားအစစ်အမှန်အား ထုတ်မပြရဲပေ။
နောက်ထပ်ပြဿနာတစ်ခုမှာတစ်ဖက်လူမှာဤနေရာတွင်ပေါ်လာပြီး သူတောင်မသိလိုက်ဘဲ သန္ဓေပြောင်းသားရဲအားသတိပေးနိုင်သည်ဆိုကတည်းက သူ၏ကျင့်ကြံဆင့်မှာ သေချာပေါက်မနိမ့်လောက်ပေ။ ထိုသို့တွေးရင်းကျိုးဟောင်၏အမူအရာမှာအနည်းငယ်ပြောင်းလဲသွားခဲ့ကာ စိတ်ထဲမှလည်းဤလူသည်တကယ်ပင်ဥာဏ်များသည်ဟုတွေးလိုက်မိပေသည်။
သို့သော်နဂါးကြေးခွံပုတ်သင်မှာ သူ့အားသတိထားမိသွားပြီဖြစ်ပေရာ ကျိုးဟောင်မှာဤနေရာမှထွက်သွားရုံသာတတ်နိုင်သည်။ ထို့ကြောင့်နဂါးကြေးခွံပုတ်သင် ကျိုးဟောင်အားကြည့်နေစဥ်ကတည်းက ကျိုးဟောင်မှာ နေရာမှထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ ကျိုးဟောင်၏ အရှိန်မှာမြန်သော်ငြား နဂါးကြေးခွံပုတ်သင်မှာပိုမြန်ပေသည်။ ဤနဂါးကြေးခွံပုတ်သင်သည်အရှိန်မြန်သည့်နေရာတွင်နာမည်ကြီးပေသည်။ လက်ရှိအချိန်တွင်၎င်းသည်ကျိုးဟောင်အားတွေ့သွားပြီဖြစ်ပေရာ သေချာပေါက်အလွတ်ပေးတော့မည်မဟုတ်ပေ။
၎င်း၏ခန္ဓာကိုယ်မှာ ဝှစ်ခနဲအသံနှင့်အတူပြေးဝင်လာပြီး သွေးနီရောင်ပါးစပ်ကြီးအားဟကာ ကျိုးဟောင်အားကိုက်လာခဲ့သည်။ ကျိုးဟောင်မှာဒေါသဖြစ်သွားခဲ့သော်လည်း ဓားအားထုတ်ကာအရိပ်ဓားခုနစ်ချောင်းအားသုံးလိုက်ပေသည်။ ချက်ချင်းပင် ဓားအရိပ်များမှာကောင်းကင်ပေါ်တွင်ပေါ်ထွက်လာကာ အလွန်လျင်မြန်လှသောအရှိန်ဖြင့် နဂါးကြေးခွံပုတ်သင်၏ကိုယ်ပေါ်သို့ကျရောက်သွားခဲ့သည်။ သို့သော် ပဥ္စမမြောက်မူလအဆင့်စွမ်းအားဖြင့်သုံးလိုက်သော အရိပ်ဓားခုနစ်ချောင်းမှာ စွမ်းအားကြီးသော်ငြား နဂါးကြေးခွံပုတ်သင်
အားသတ်ရန်တော့ မလုံလောက်သေးပေ။
ထိုအချိန်တွင်တစ်ဖက်၏နဂါးအကြေးခွံများမှာသံမဏိပြားများအဖြစ်ပြောင်းသွားသည့်ပမာ ဓားချက်များအားချက်ချင်းပင်တားဆီးလိုက်သည်။ ထို့နောက် ၎င်း၏ကြီးမားသောအမြီးကြီးမှာ သာမန်ထက်ထူးခြားသောအရှိန်မျိုးဖြင့် လေဟာနယ်အားခွင်းကာ ချက်ချင်ဆိုသလိုပင် ကျိုးဟောင်ထံရောက်ရှိလာခဲ့သည်။
"ချီးပဲ"
ကျိုးဟောင်မှာစိတ်ထဲမှ တိတ်တဆိတ်ဆဲရေးလိုက်ပြီးအလွန်ဒေါသဖြစ်နေခဲ့သည်။ သို့သော် သူလုပ်နိုင်တာ ဘာမှမရှိပေ။ လက်ရှိအချိန်တွင် သူ၏စွမ်းအားအားဖုံးကွယ်ထားပါက အသတ်ခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တွင် ကျိုးဟောင်မှာ သူ၏စွမ်းအားအားဆက်လက်ဖုံးကွယ်ထားရန်ဂရုစိုက်မနေတော့ပေ။ သူ၏ကျင့်ကြံရေးစွမ်းအားမှာ ချက်ချင်းပင်ထွက်ပေါ်လာခဲ့ပြီး စွမ်းအားကြီးသောကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံဆင့်မှာလည်းပေါ်လာခဲ့သည်။
ထို့နောက် အေးစက်စွာနှာခေါင်းရှုံ့ကာ နဂါးကြေးခွံပုတ်သင်ရှိရာနေရာသို့ချိန်ရွယ်ကာလက်အားဝေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်တွင်အလင်းတန်းများဖြင့်ပြည့်နှက်သွားကာ ထိုအလင်းတန်းမှာ နဂါးကြေးခွံပုတ်သင်၏ခေါင်းအားတိုက်ခိုက်လိုက်သည်။
နဂါးကြေးခွံပုတ်သင်မှာ ထိုတိုက်ခိုက်မှုအားလုံးဝဂရုမစိုက်ပေ။ သို့သော် စွမ်းအားကြီးသောအလင်းစွမ်းအားမှာ၎င်း၏ခေါင်းပေါ်ကျရောက်လာချိန်တွင် ၎င်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ ဖြစ်နိုင်သည်မှာ ထိုသတ္တဝါသည် သေဆုံးသွားသည်အထိ ပဥ္စမမြောက်မူလအဆင့်သာရှိသောလူသားသိုင်းပညာရှင်တစ်ယောက်မှ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်နှင့်ယှဥ်နိုင်သောစွမ်းအားမျိုး ဘာကြောင့် ရုတ်တရက်ထွက်ပေါ်လာကြောင်းကို နားလည်လိုက်မည်မဟုတ်ပေ။
လက်ရှိအချိန်တွင် ၎င်းထံ၌သေချာတွေးနိုင်မည့်အခွင့်အရေးမျိုးမရှိတော့ပေ။ ကောင်းကင်ပေါ်မှလျှပ်စီးအလင်းတန်းကျရောက်လာပြီးနောက် ၎င်း၏ခန္ဓာကိုယ်မှာ ချက်ချင်းပင်ပြာမှုန်များအဖြစ်ပြောင်းလဲသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းမှာနေရာတွင်ပင်သေဆုံးသွားခဲ့သည်။ ဖုန်းကွယ်နေသောထောင့်တစ်နေရာတွင် လူတစ်ယောက်မှာဤမြင်ကွင်းအားမြင်ကာ ခေတ္တမျှမှင်တက်နေခဲ့ပြီးနောက် ပြုံးလိုက်သည်။
"ကောင်လေး ဒီတော့မင်းကဒီလောက်စွမ်းအားတွေအများကြီးကို ဖုံးကွယ်ထားတာပဲမင်းခုလိုပါရမီရှင်တစ်ယောက်ဖြစ်နေတာ မဆန်းတော့ပါဘူး ဒီတော့......ဒီလိုကိုး"
ထိုလူမှာပြုံးလိုက်ပြီးသူ၏ခန္ဓာကိုယ်မှာလှုပ်ရှားသွားခဲ့ကာ နေရာမှပျောက်သွားခဲ့သည်။ ကျိုးဟောင်မှာ နဂါးကြေးခွံပုတ်သင်အားသတ်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာရုတ်တရက်ပြေးထွက်သွားကာ ထွက်သွားရန်ပြင်လိုက်သည်။
သို့သော် ထွက်သွားတော့မည့်ဆဲဆဲမှာပင် သူရပ်နေရာအပေါ်ဘက်တွင်မတ်တပ်ရပ်နေသော အမျိုးသားတစ်ယောက်ရှိနေသည်ကိုသိလိုက်ရပြီး ထိတ်လန့်သွားခဲ့သည်။
ဤအမျိုးသားသည်အနက်ရောင်သိုင်းပညာရှင်ဝတ်စုံအားဝတ်ဆင်ထားပြီး အမဲရောင်ဆံပင်နှင့် အေးစက်သောမျက်နှာရှိပေသည်။ သူသည်အပေါ်စီးမှနေ၍ကမ္ဘာကြီးအား ငုံ့ကြည့်နေခဲ့သည်။ အရေးကြီးဆုံးမှာ ထိုလူထံမှမည်သည့်စွမ်းအင်အတက်အကျကိုမှ ကျိုးဟောင်မခံစားမိခြင်းပင်ဖြစ်သည်။
သူသည်ထိုနေရာတွင်မတ်တပ်ရပ်နေသည်မှာ လောကကြီးနှင့်တစ်သားတည်းဖြစ်နေသည့်အတိုင်းပင်။ ထိုပုဂ္ဂိုလ်ကိုယ်တိုင်သည် ကောင်းကင်နှင့်မြေကြီးဖြစ်နေသလိုပင်ခံစားရပေသည်။
ကျိုးဟောင်မှာ ဤမြင်ကွင်းအားထိတ်လန့်တကြားကြည့်နေခဲ့ပြီး မျက်လုံးများမှာမယုံကြည်နိုင်သည့်အလား ပြူးကျယ်နေပေသည်။ သူ့ရှေ့ရှိလူ၏အငွေ့အသက်မှာ ကျိုးဟောင်အားထိုလူအပေါ်ခုခံလိုစိတ်ဖြစ်စေပေသည်။
"ဒီလူက.......အရမ်းစွမ်းအားကြီးတာပဲ"
ကျိုးဟောင်မှာ တံတွေးပင်မျိုချမိပြီး ထိုလူအားသတိကြီးကြီးထားကာကြည့်နေခဲ့သည်။ အကယ်၍သူခန့်မှန်းတာမှန်ပါက ဤလူသည်အစောပိုင်းက သန္ဓေပြောင်းသားရဲအားသတိပေးလိုက်သူဖြစ်နိုင်ပေသည်။ ကျိုးဟောင်မှာထိုလူအားကြည့်နေသလို ထိုလူသည်လည်းကျိုးဟောင်အားကြည့်နေခဲ့သည်။
"မင်းက ကျိုးဟောင်လား"
အချိန်တစ်ခုကြာပြီးနောက် အမဲရောင်ဝတ်စုံနှင့်လူမှာ ဂရုမစိုက်ဟန်ဖြင့်မေးလာခဲ့သည်။ သူ၏အသံမှာသြကာအားကောင်းပေသည်။ သူ့စကားသံထွက်လာသည်နှင့် အာကာသထဲရှိအသံများအားလုံးမှာပျောက်ကွယ်သွားသည်မှာ အခြားအရာများအားလုံးမှာသူ၏အငွေ့အသက်နှင့်ဖိနှိပ်ခံလိုက်ရကာ လေဟာနယ်အဖြစ်ပြောင်းလဲသွားသလိုပင်။
သူစကားပြောလိုက်သည်နှင့် ဤလူသည်သေချာပေါက်ပညာရှင်တစ်ယောက်ဖြစ်ကြောင်းကို ကျိုးဟောင်သိလိုက်ပေသည်။ ကျိုးဟောင်၏မျက်နှာမှာအလွန်အမင်းပျက်ယွင်းသွားခဲ့သော်လည်း မဆင်မခြင်မလုပ်ဝံ့ပေရာ ခေါင်းသာညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ် ကျွန်တော်ကကျိုးဟောင်ပါ စီနီယာကဘယ်သူလဲသိခွင့်ရှိမလားမသိဘူး"
ဤလူ၏ကျင့်ကြံဆင့်အားထွင်းဖောက်မမြင်နိုင်ကြောင်းကို ကျိုးဟောင်သိသော်လည်း တစ်ဖက်လူမှာအနည်းဆုံး ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့် သို့မဟုတ် ထိုထက်ပင်မြင့်နိုင်ကြောင်းကိုတော့သိပေသည်။ တစ်ဖက်လူမှာကောင်းကင်ဘုံအဆင့်အားကျော်လွန်ကာ သူတော်စင်ဘုံအဆင့်ကိုပင်ရောက်နေနိုင်ပေသည်။
"ဟဟ စိတ်ဝင်စားစရာပဲ ငါဘယ်သူလဲဆိုတာ မင်းမသိလောက်ဘူးလို့မထင်ထားခဲ့ဘူး"
ထိုလူမှာပြုံးကာ အံ့သြတကြီးပြောလိုက်သည်။
"အမ်....စီနီယာဘယ်သူလဲဆိုတာ ကျွန်တော်ကသိမှရမှာလား"
ကျိုးဟောင်မှာအနည်းငယ်ပဟေဌိဖြစ်သွားပြီးမေးလိုက်သည်။
"အဲဒီလိုတော့မဟုတ်ဘူးပေါ့ ဒါပေမဲ့ စစ်နတ်ဘုရားတပ်ရင်းရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ မင်းတကယ်ကြီးငါ့ကိုမသိဘူးဆိုတော့ ဒါကမင်းအိမ်စာကောင်းကောင်းမလုပ်ရသေးဘူးဆိုတာကိုပြနေတာပဲ"
အမဲရောင်ဝတ်စုံနှင့်လူမှာပြုံးကာဘာမှသိပ်မပြောပေ။ သို့သော်ကျိုးဟောင်မှာသူပြောလိုသည့်အဓိပ္ပာယ်အားသဘောပေါက်ပေသည်။ ဤလူသည်သေချာပေါက်အလွန်နာမည်ကြီးသူတစ်ယောက်ဖြစ်ပေလိမ့်မည်။
အနည်းဆုံး စစ်နတ်ဘုရားတပ်ရင်းတွင်အလွန်နာမည်ကြီးသူဖြစ်နိုင်ပေသည်။ ကျိုးဟောင်မှာထိုလူအားသေချာကြည့်ပြီးနောက် ဤလူ၏အငွေ့အသက်မှာ အလွန်စွမ်းအားကြီးကြောင်းသိလိုက်ရပြီးအံ့သြသွားခဲ့သည်။ စစ်ဘုရင်အန်းပင် ယခုလိုအငွေ့အသက်မျိုးမရှိပေ။
ဖြစ်နိုင်သည်မှာ......
ဖြစ်နိုင်သည်မှာ ......
သူယနေ့တွင် စစ်နတ်ဘုရားနှစ်ယောက်ထဲမှတစ်ယောက်နှင့်တွေ့နေသည်လော....
ကျိုးဟောင်မှာအသက်ရှူမြန်လာသလိုပင်ခံစားလိုက်ရသည်။ ဤလူသည်လောကကြီးရှိအသန်မာဆုံးလူနှစ်ယောက်ထဲမှတစ်ယောက်ဖြစ်ပေသည်။ လောကတွင်မည်သူမျှ ဤလူထက်သန်မာပါသည်ဟုမပြောရဲသည်အထိ သန်မာသူဖြစ်သည်။ ထိုသို့တွေးမိသည့်အချိန်တွင် ကျိုးဟောင်၏အသက်ရှူသံမှာမြန်လာခဲ့ပြီး မနေနိုင်ဘဲမေးလိုက်မိသည်။
"စီနီယာက စစ်နတ်ဘုရားနှစ်ယောက်ထဲကတစ်ယောက် ဟုတ်တယ်မလား"
အမဲရောင်ဝတ်စုံနှင့်လူမှာခေတ္တမျှကြက်သေသေသွားခဲ့ပြီးနောက်ပြုံးလာခဲ့သည်။
"ငါကဒီတိုင်းမင်းအိမ်စာမလုပ်ထားဘူးလို့ပဲပြောရသေးတာ မင်းဒီလောက်ဥာဏ်ကောင်းလိမ့်မယ်လို့မထင်ထားခဲ့ဘူး ချက်ချင်းကိုခန့်မှန်းလိုက်တာပဲ ဟုတ်တယ် ငါကစစ်နတ်ဘုရားလင်းထျန်ပဲ"
ကျိုးဟောင်၏မျက်လုံးများမှာ အံ့သြမှုကြောင့်ပြူးကျယ်သွားခဲ့သည်။ အမဲရောင်ဝတ်စုံနှင့်လူမှာ ဝန်ခံလိုက်သည်။ သူ့ကိုယ်သူမိတ်ဆက်လိုက်သည့်အချိန်တွင် ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ စစ်နတ်ဘုရားတပ်ရင်းတွင် စုစုပေါင်းစစ်နတ်ဘုရားနှစ်ယောက်ရှိပေသည်။ တစ်ယောက်မှာ စစ်နတ်ဘုရားလင်းထျန်ဖြစ်ကာ အခြားတစ်ယောက်မှာ စစ်နတ်ဘုရား ရှန့်ဝူဖြစ်သည်။
သူတို့နှစ်ယောက်သည်လောကကြီးတွင်အသန်မာဆုံးလူများဖြစ်ကြသည်။ သူဧရိယာဘီတွင် သန္ဓေပြောင်းသားရဲများအားအမဲလာလိုက်ချိန်တွင် စစ်နတ်ဘုရားတစ်ယောက်နှင့်ဆုံရမည်ဟု ကျိုးဟောင်မထင်ထားခဲ့ပေ။ အကယ်၍ဤသတင်းသာပေါက်ကြားသွားပါက သေချာပေါက်သမိုင်းစာအုပ်များတွင်မှတ်တမ်းတင်ခံရမည်ဖြစ်သည်။
"ကျောင်းသားကျိုးဟောင် စစ်နတ်ဘုရားလင်းထျန်ကို ဂါရဝပြုပါတယ်"
ကျိုးဟောင်မှာအလျင်အမြန်ပင် ဦးညွှတ်ကာအရိုအသေပေးလိုက်သည်။ ဤလူသည်လောကကြီးတွင်အသန်မာဆုံးလူဖြစ်ပေရာ ကျိုးဟောင်လျစ်လျူမရှုဝံ့ပေ။ စစ်နတ်ဘုရားလင်းထျန်မှာကျိုးဟောင်အားကြည့်ကာအနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက်သိလိုစိတ်ဖြင့်ပြောလိုက်သည်။
"စစ်နတ်ဘုရားတပ်ရင်းကကျိုးဟောင်ဆိုတဲ့လူက ဘာလို့ဒီလောက်တော်တဲ့ပါရမီရှင်ဖြစ်နေရလဲဆိုတာ ငါအမြဲသိချင်နေခဲ့တာ ဒီနေ့မင်းကိုတွေ့လိုက်ရမှ မင်းကငါတို့သိထားတဲ့ ပါရမီရှင်ဆိုတာထက်တောင်ပိုနေမှန်းသဘောပေါက်လိုက်တယ်"
"မင်းအသက် ၂၀ ပဲရှိသေးတာတောင် ကျင့်ကြံဆင့်က ကောင်းကင်ဘုံအဆင့်တစ်ဝက်ကိုရောက်နေပြီ ပြီးတော့ မင်းရဲ့အနှစ်သာရစွမ်းအင်ခန္ဓာကိုယ်ကလည်း ၈၀ ရာခိုင်နှုန်းအထိပုံသွင်းပြီးသွားပြီ မင်းကတကယ်ကိုကြောက်ခမန်းလိလိပဲ ကျိုးဟောင်မင်းကတကယ်ငါ့ကိုအံ့သြစေတာပဲ"
"ဒါပေမဲ့ ငါမင်းကိုကျိုးဟောင်လို့ခေါ်သင့်လား ဒါမှမဟုတ်.....စီနီယာကျိုးလို့ခေါ်ရမလား"
တစ်ဖက်လူ၏စကားဆုံးသည်နှင့် ကျိုးဟောင်၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။
....................................................................................
အခန်း (၄၉၆) ပြီးပါပြီ။
အခန်း (၄၉၇) : အတည်ပြုခြင်း
"ငါမင်းကို ကျိုးဟောင်လို့ခေါ်ရမလား..... ဒါမှမဟုတ် စီနီယာကျိုးလို့ခေါ်ရမလား....."
စစ်နတ်ဘုရားလင်းထျန်ပြောလိုက်သော စကား၏ ဆိုလိုရင်းမှာ အလွန်နားလည်ရလွယ်ပေသည်။ ကျိုးဟောင်မှာတစ်ဖက်လူအားမယုံကြည်နိုင်သည့်ဟန်ဖြင့်ကြည့်နေပြီး အလွန်ထိတ်လန့်သွားခဲ့သည်။စီနီယာကျိုးဆိုသည့်အကြောင်းအား ကျိုးဟောင်မှလွဲမည်သူမျှမသိပေ။ သို့သော် ဤစစ်နတ်ဘုရားလင်းထျန်မှာ ချက်ချင်းပင်သူ၏သရုပ်မှန်အား သိသွားခဲ့ပေရာ ကျိုးဟောင်အားအလွန်ထိတ်လန့်သွားစေခဲ့သည်။
သို့သော်ယခုတစ်ဖက်လူမှာ သူ၏သရုပ်မှန်အားသွားပြီဖြစ်ပေရာ ကျိုးဟောင်မူလကျောက်စာစွမ်းအားအားသုံးခဲ့ကြောင်းကိုလည်းသိမည်ဖြစ်ကြောင်း ကျိုးဟောင်ရိပ်စားမိပေသည်။ ထို့ကြောင့် ကျိုးဟောင်မှာမသိမသာဖြင့် ခြေတစ်လှမ်းနောက်ဆုတ်ပြီးပြီဖြစ်ပြီး ကျင့်ကြံရေးသိုင်းအားတိတ်တဆိတ်လည်ပတ်ကာ အချိန်မရွေးထွက်ပြေးနိုင်ရန်ပြင်နေပေသည်။
"ငါ့ရှေ့မှာမင်းထွက်ပြေးလို့ရမဲ့အခွင့်အရေးရှိမယ်လို့ထင်နေတာလား မင်းထွက်ပြေးနိုင်ရင်တောင် မင်းဟွာရှားကနေပြေးလွတ်မယ်ထင်လား တကယ်တမ်းကျ ကမ္ဘာဂြိုဟ်တစ်ခုလုံးမှာမင်းလွတ်မဲ့နေရာရှာလို့ရမယ်မထင်ဘူး"
စစ်နတ်ဘုရားလင်းထျန်မှာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ သူ၏အမူအရာမှာ စိတ်မဝင်စားသည့်ပုံပေါ်ကာ အရေးမကြီးသည့်ကိစ္စတစ်ခုအားပြောနေသလိုပင်။
သို့သော်ထိုစကားသည်မှန်ကြောင်းကိုကျိုးဟောင်သိပေသည်။ ဤကမ္ဘာဂြိုဟ်ပေါ်တွင် သူပြေးလို့ရသည့်နေရာမရှိလောက်ပေ။
အကယ်၍ကမ္ဘာအဆုံးထိထွက်ပြေးလျှင်ပင်အသုံးမဝင်ပေ။ ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူကာစစ်နတ်ဘုရားလင်းထျန်အားကြည့်ကာမေးလိုက်သည်။
"စစ်နတ်ဘုရားလင်းထျန်ဘာပြောချင်တာလဲဆိုတာ ကျွန်တော်မသိဘူး"
"မင်းမသိဘူးလား"
စစ်နတ်ဘုရားလင်းထျန်မှာထိုစကားအားကြားသောအခါ ချက်ချင်းပင်ပြုံးလိုက်သည်။
"ငါဘာပြောချင်လဲဆိုတာ မင်းတကယ်မသိတာလား ကျိုးဟောင် မင်းကငါ့အပေါ်ပွင့်လင်းမှုမရှိဘူးပဲ"
စစ်နတ်ဘုရားလင်းထျန်မှာ ကျိုးဟောင်အားကြည့်ကာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ သူ၏ပုံစံမှာအလျင်လိုနေပုံမပေါ်ဘဲ ဆက်မပြောမီ ကျိုးဟောင်အားစိတ်ဝင်တစားကြည့်နေပေသည်။
"ကျိုးဟောင် မင်းရဲ့အချက်အလက်တွေအားလုံးကိုငါသိတယ် မင်းစီနီယာကျိုးဆိုတဲ့အချက်အပါအဝင်ပဲ ဒီစီနီယာကျိုးကအသုံးဝင်တဲ့နောက်ခံအချက်အလက်ဘာမှမရှိဘဲ ဘာကြောင့်ရုတ်တရက်ကြီးပေါ်လာသလဲ ငါမသိပေမဲ့ သူနဲ့ပတ်သက်တာမှန်သမျှတော့ငါသိတယ် သူဘယ်အချိန်မှာပေါ်လာတယ် ဘယ်နေရာမှာပေါ်လာတယ် ဘာတွေလုပ်နေလဲဆိုတာ အကုန်သိတယ်"
"တကယ်တော့ ဒီစီနီယာကျိုးက တက်သစ်စပညာရှင်တစ်ယောက်ဆိုတာကို ရှန့်ဝူနဲ့ငါကောက်ချက်ချမိနေတာကြာပြီ သူရဲ့ကျင့်ကြံဆင့်ကကောင်းကင်ဘုံအဆင့်တစ်ဝက်ဆိုပေမဲ့ လက္ခဏာအမျိုးမျိုးအရ သူကခုမှသိုင်းပညာလောကကိုဝင်ခါစဆိုတာ ငါတို့ပြောနိုင်တယ်"
"တကယ်တော့ ရှန့်ဝူနဲ့ငါဒီလိုသုံးသပ်ချက်မျိုးရတာကို အရမ်းအံ့သြခဲ့ရတာ အခုလိုအဆင့်မျိုးရောက်ဖို့ဆို ကျင့်ကြံသူတစ်ယောက်က အနည်းဆုံး ၂၅ နှစ်ဖြစ်ဖို့လိုတယ် ဒါပေမဲ့ဒီစီနီယာကျိုးကအခုလိုစွမ်းအားကြီးတဲ့ကျင့်ကြံဆင့်မျိုးနဲ့ တကယ်ကြီးရုတ်တရက်ပေါ်လာနိုင်တယ် ဒီအချက်မှာကိုကတစ်ခုခုမှားနေပြီ"
စစ်နတ်ဘုရားလင်းထျန်မှာ ဇာတ်လမ်းတစ်ပုဒ်အားပြောပြနေသလိုပင် မမောနိုင်မပန်းနိုင်ပြောနေပေရာ ကျိုးဟောင်၏နှလုံးသားအားပို၍ပင်လေးလံလာခဲ့သည်။
"ပြီးတော့မင်း ကျိးဟောင်မင်းရဲ့အချက်အလက်တွေကိုလည်းငါစုံစမ်းပြီးပြီ အထက်တန်းကျောင်းမှာတုန်းက မင်းကသိုင်းပညာရှင်တစ်ယောက်တောင်မဟုတ်ဘူး နှစ်အနည်းငယ်အတွင်း မင်းကဒီအနေအထားအထိပြောင်းလဲလာတာ ပါရမီရှင်တစ်ယောက်လို့တောင်ပြောလို့ရနေပြီ ဒါပေမဲ့ အဲဒီတစ်ချက်တည်းနဲ့တင် ငါမင်းကိုသံသယဝင်ဖို့လုံလောက်နေပြီ မင်းစစ်နတ်ဘုရားတပ်ရင်းကိုရောက်လာတာသိပြီးနောက်ပိုင်း မင်းအပေါ်ငါ့ရဲ့နားလည်မှုကလည်း ပိုပြီးနက်ရှိုင်းလာတယ် အဲဒီအချိန်မှသာ မင်းနဲပတ်သက်ပြီးတစ်ခုခုတော့မှားနေပြီဆိုတာကို ငါနောက်ဆုံးမှာသိလိုက်ရတာ"
ပြီးတော့ ငါဒီနေ့မြင်ခဲ့ရတာကိုမြင်ပြီးနောက်ပိုင်း ငါ့စိတ်ထဲကသံသယကနောက်ဆုံးဖြေရှင်းလိုက်နိုင်ပြီဆိုတာကိုလည်း အတည်ပြုနိုင်ခဲ့တယ် ဒီစီနီယာကျိုးကမင်းကလွဲတခြားသူမဖြစ်နိုင်ဘူး ကျိုးဟောင်"
"ဒီကိစ္စကို မင်းသေချာပေါက်ငြင်းလို့ရတယ် ဒါပေမဲ့အဲဒီလူကမင်းပါဆိုတာသက်သေပြနိုင်မဲ့သက်သေငါ့မှာရှိတယ် ဒါပေမဲ့အဲဒါက အရေးမကြီးပါဘူး မင်းဘယ်သူလဲဆိုတာငါဂရုမစိုက်ဘူး"
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ခေတ္တမျှကြက်သေသေသွားခဲ့သည်။
"ဂရုမစိုက်ဘူးလား ကျွန်တော်ဘယ်သူလဲဆိုတာဂရုမစိုက်ဘူးလား စစ်နတ်ဘုရားလင်းထျန် ဒီလိုပြောနေမှတော့ ဒါဆိုဘာလို့ထွက်လာပြီးကျွန်တော့်ရဲ့သရုပ်မှန်ကိုဖော်နေသေးတာလဲ ဒီတိုင်းလေးပဲဆက်ပြီးပုန်းကွယ်ပြီးနေခိုင်းလိုက်လို့မရဘူးလား"
ကျိုးဟောင်မှာ အတော်လေးပြောစရာစကားမရှိဖြစ်သွားခဲ့သည်။
စစ်နတ်ဘုရားလင်းထျန်မှာ သူ့အားမသတ်လောက်သည်ကိုတော့ ကျိုးဟောင်သေချာပေါက်သိပေသည်။ မဟုတ်ပါက သူအစောကြီးကတည်းကတိုက်ခိုက်လိုက်ပြီဖြစ်ပြီး ယခုအချိန်အထိနှောင့်နှေးနေမည်မဟုတ်ပေ။
"မင်းဆက်ပြီးပုန်းကွယ်နေလို့ရတယ် ဒါပေမဲ့ငါ့ရှေ့မှာတော့မလိုဘူး ပြီးတော့မင်းဘာကိုစိုးရိမ်နေလဲဆိုတာ ငါလည်းသိတယ် မင်းစိုးရိမ်နေတာ မူလကျောက်စာရဲ့စွမ်းအားကလွဲ တခြားဟာမဖြစ်နိုင်ဘူး ဟုတ်တယ်မလား"
စစ်နတ်ဘုရားလင်းထျန်မှာတည့်တိုးပြောလိုက်လေရာ ကျိုးဟောင်အားထိတ်လန့်သွားစေခဲ့သည်။
"မင်းအရမ်းစိုးရိမ်စရာမလိုပါဘူး မူလကျောက်စာစွမ်းအားနဲ့ပတ်သက်ပြီး အမြင်တွေအများကြီးရှိတယ်ဆိုပေမဲ့ အများစုက အားလုံးတစ်ဖက်စောင်းနေတဲ့ဟာတွေပဲ မူလကျောက်စာစွမ်းအားရဲ့အကျိူးဆက်က ဘာလဲဆိုတာငါသေချာမသိပေမဲ့ ဒီကျင့်ကြံရေးသိုင်းနဲ့ကြုံရတာကမင်းရဲ့ကံကြမ္မာပဲဆိုတာတော့ငါသိတယ် မင်းရဲ့ကံကြမ္မာကိုငါ့မှာဝင်နှောင့်ယှက်ပိုင်ခွင့်မရှိသလို ဝင်နှောင့်ယှက်ဖို့လည်းစိတ်မဝင်စားဘူး"
စစ်နတ်ဘုရားလင်းထျန်သည်ပြုံးကာပြောနေသည်မှာ လုံးဝဂရုမစိုက်သည့်ပုံပင်။
"စိတ်မဝင်စားဘူးလား စစ်နတ်ဘုရားလင်းထျန်ကျွန်တော်နားမလည်ဘူး မူလကျောက်စာစွမ်းအားကိုမိစ္ဆာစွမ်းအားလို့ခေါ်ကြတာ ဒါကကမ္ဘာကြီးကိုဖျက်ဆီးပစ်လိုက်မှာကိုမကြောက်ဘူးလား"
ကျိုးဟောင်မှာချက်ချင်းပင်မေးလိုက်သည်။ ဤအချက်သည်အားလုံးစိုးရိမ်နေကြသောအချက်ဖြစ်သည်။
"ကမ္ဘာကြီးကိုဖျက်ဆီးပစ်မယ် ဟဟ စိတ်ဝင်စားစရာကောင်းတယ် စိတ်ဝင်စားစရာကောင်းတယ် တကယ်လို့အဲဒီနေ့တကယ်ရောက်လာရင် ငါတကယ်ကြည့်ချင်ပါသေးတယ် ဒါပေမဲ့ လက်ရှိမင်း မင်းမှာဒီလိုစွမ်းအားမျိုးလုံးဝမရှိသေးဘူး"
"ပြီးတော့ အဲဒီအချိန်ကျမင်းလောကကြီးကိုဖျက်ဆီးနိုင်မှာမဟုတ်ဘူး အဲဒီလိုဖြစ်မလာခင် ငါကိုယ်တိုင်မင်းကိုဖျက်ဆီးပစ်မှာ"
စစ်နတ်ဘုရားလင်းထျန်မှာအတော်လေးယုံကြည်ချက်ရှိနေပုံပေါ်ပြီး ထိုစကားအားပြောသည့်အချိန်တွင်သူ၏အမူအရာမှာတည်ငြိမ်နေခဲ့သည်။
ယခုလိုယုံကြည်ချက်ရှိသောစကားများပြောဝံ့သည်အထိဆိုပါက ဤလူသည်မည်သည့်အတိုင်းအတာအထိသန်မာပါသနည်း။ ကျိုးဟောင်မှာယုံပင်မယုံရဲပေ။
"တစ်ခုထပ်ရှိသေးတယ် ငါကမူလကျောက်စာရဲ့စွမ်းအားကိုစိတ်မဝင်စားဘူးဆိုပေမဲ့ စိတ်ဝင်စားတဲ့လူတွေရှိနေသေးတယ် ငါတောင်အဲဒီလူတွေကိုမဆန့်ကျင်နိုင်ဘူး အဲဒါကြောင့် မင်းရဲ့မူလကျောက်စာစွမ်းအားကိုဆက်ပြီး ကောင်းကောင်းဖုံးကွယ်ထားရမယ်"
"ငါဒီနေ့ဒီကိုလာတာမင်းကိုတွေ့ရုံကလွဲ တခြားရည်ရွယ်ချက်မရှိဘူး ဒီတိုင်းငါနဲ့ရှန့်ဝူရဲ့အတွေးကိုအတည်ပြုပြီး မင်းနဲ့စီနီယာကျိုးကြားက ဆက်ဆံရေးကိုဖော်ထုတ်ချင်ရုံပဲ"
"ရှေးဟောင်းအပျက်အစီးကိစ္စလည်းပါတယ် ရှေးဟောင်းအပျက်အစီးကမကြာခင်ပွင့်တော့မယ် မင်းသေချာပေါက်ပြင်ဆင်ထားရမယ်"
ထိုစကားအားကြားပြီးနောက်ကျိုးဟောင်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ရှေးဟောင်းအပျက်အစီးမှာမကြာမီပွင့်တော့မည်ဖြစ်ပြီး ဤကိစ္စသည်ကိစ္စကြီးဖြစ်သည်။
"စစ်နတ်ဘုရားလင်းထျန် ရှေးဟောင်းအပျက်အစီးပွင့်တော့မယ်လို့ပြောတာလား"
ကျိုးဟောင်မှာချက်ချင်းပင်မေးလိုက်သည်။
"သိပ်မကြာခင်ပွင့်တော့မှာ ဒါကြောင့်အားလုံးရှေးဟောင်းအပျက်အစီးထဲဝင်ဖို့အရည်အချင်းမီကြလားဆိုတာ အတည်ပြုချင်တာ"
စစ်နတ်ဘုရားလင်းထျန်မှာ မည်သည့်ကိစ္စကိုမှဖုံးကွယ်မနေပေ။
"အရည်အချင်းမီဖို့လား အဲဒါကအတည်ပြုပြီးပြီမဟုတ်ဘူးလား"
"အရည်အချင်းမီ မမီကိုတော့တကယ်ကိုစမ်းသပ်ပြီးပြီ ဒါပေမဲ့ငါကိုယ်တိုင်သွားပြီးသေချာကြည့်ရမယ်လို့ထင်လို့ ရှေးဟောင်းအပျက်အစီးကကိစ္စကြီးတစ်ခုပဲ ဘာအမှားအယွင်းမှရှိလို့မရဘူး"
"လူသားမျိုးနွယ်ရဲ့ရှေးဟောင်းအပျက်အစီးကအမြဲတမ်း ငါတို့လူသားတွေပဲအသုံးချနိုင်တဲ့လျှိို့ဝှက်ချက်တစ်ခုဖြစ်ခဲ့တာ မျိုးနွယ်ခြားတွေဝင်တာနဲ့ အကျိုးဆက်တွေက စိတ်ကူးကြည့်လို့ရမှာမဟုတ်ဘူး ဒါကြောင့်စာရင်းမှာပါတဲ့လူတိုင်းကို သေချာပေါက်စစ်ဆေးရမယ်"
ကျိုးဟောင်မှာနောက်ဆုံးတွင် စစ်နတ်ဘုရားလင်းထျန်၏ဆိုလိုရင်းအားသဘောပေါက်သွားခဲ့သည်။
"ဒါပေမဲ့မင်းစိုးရိမ်စရာလိုပါဘူး ဒီတစ်ခေါက်အဓိကအားကမင်းပဲ ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်အောက်ကလူတွေပဲ ဝင်လို့ရတယ်ဆိုတဲ့ကန့်သတ်ချက်ကြောင့် မင်းရဲ့ကျင့်ကြံဆင့်ကသေချာပေါက်အသုံးဝင်လိမ့်မယ်"
စစ်နတ်ဘုရားလင်းထျန်မှာပြုံးကာပြောလိုက်သည်။
"ကျွန်တော်သိပြီ....."
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။ တကယ်တမ်းတွင်သူသည်ရှေးဟောင်းအပျက်အစီးထဲ ဝင်နိုင်မဝင်နိုင်နှင့်ပတ်သက်ပြီး ယခုအထိအတော်လေးစိတ်ပူနေဆဲဖြစ်သည်။ သို့သော် စစ်နတ်ဘုရားလင်းထျန်၏စကားအားကြားပြီးနောက် စိတ်အေးကာသက်ပြင်းချလိုက်မိသည်။
....................................................................................
အခန်း(၄၉၇) ပြီးပါပြီ။
အခန်း (၄၉၈) : ခရစ်အားစိန်ခေါ်ခြင်း
စစ်နတ်ဘုရားလင်းထျန်မှာ ဘာကြောင့်သူ့အားရှေးဟောင်းအပျက်အစီးထဲဝင်ခွင့်ပြုမှန်း ကျိုးဟောင်နားမလည်ပေ။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာသူသည် စီနီယာကျိုးဆိုသည့်အကြောင်းအား သိထားပြီးပြီဖြစ်သည်။
ထို့အပြင် သူသည်မူလကျောက်စာအားသင်ယူထားသူတစ်ယောက်ဖြစ်သည်ကို စစ်နတ်ဘုရားလင်းထျန်မှာ တကယ်ပင်မစိုးရိမ်သည်လော။
ကျိုးဟောင်မှာအလွန်သိချင်နေသော်လည်း စစ်နတ်ဘုရားလင်းထျန်ဤသို့လုပ်ရသည့်အကြောင်းပြချက်အားသူသဘောပေါက်ပေသည်။ သူသည် ကျိုးဟောင်အားရှေးဟောင်းအပျက်အစီးထဲဝင်စေလိုခြင်းဖြစ်သည်။ သို့သော်တစ်ဖက်လူသည် သူ့အားဘာဖုံးကွယ်ထားကြောင်း ကျိုးဟောင်မသိသေးပေ။
"ကောင်းပြီ ကျိုးဟောင် ငါ့မှာတခြားဘာမှပြောစရာမရှိတော့ဘူး အသိပေးစာကရက်ပိုင်းအတွင်းရောက်လာလိမ့်မယ်"
စစ်နတ်ဘုရားလင်းထျန်မှာစကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်မှာကောင်းကင်ပေါ်သို့တစ်ရှိန်ထိုးပျံတက်သွားခဲ့သည်။ ကျိူးဟောင်မှာထွက်ခွာသွားသောပုံရိပ်အားကြည့်ပြီး လုံးဝစိတ်သက်သာရာရသွားခဲ့သည်။
စစ်နတ်ဘုရားလင်းထျန်မှာ ဘာကြောင့်သူ၏မူလကျောက်စာဆရာဟူသောသရုပ်အားဂရုမစိုက်မှန်း ကျိုးဟောင်နားမလည်ပေ။ သို့သော်တစ်ဖက်လူမှာဂရုမစိုက်ကတည်းက စစ်နတ်ဘုရားရှန့်ဝူလည်း ဂရုစိုက်မည်မဟုတ်ကြောင်းသိသာပေသည်။
ထိုသို့ဆိုပါက စစ်နတ်ဘုရားနှစ်ယောက်သူ့အားဖြေရှင်းမည့်ကိစ္စအား စိတ်ပူစရာမလိုတော့ပေ။
သို့သော်ကျိုးဟောင်မှာ ထိုပုဂ္ဂိုလ်ဆိုသောလူနှင့်ပတ်သက်ပြီး အနည်းငယ်စိုးရိမ်မိပေသည်။ ထိုပုဂ္ဂိုလ်မှာစစ်နတ်ဘုရားလင်းထျန်ပင်မဆန့်ကျင်ဝံ့သောသူ တစ်ယောက်ဖြစ်ပြီး သူ့အားဖျက်ဆီးချင်နေသူတစ်ယောက်လည်းဖြစ်သည်။
ထိုပုဂ္ဂိုလ်ဘယ်သူမှန်း ကျိုးဟောင်အနည်းငယ်တော့မှန်းဆမိပေသည်။
ဧရိယာဘီ၌သန္ဓေပြောင်းသားရဲအချို့အားထပ်မံသတ်ပြီးနောက် ကျိုးဟောင်မှာဧရိယာဘီမှထွက်လာခဲ့ပြီး သူ၏အဆင့်မှာ ၅၀သို့ရောက်ရှိသွားခဲ့သည်။
ကောင်းကင်ဘုံမျှော်စင်ရှိ သူ၏အမှတ်မှာလည်း ၂.၆ မှတ်သို့ရောက်ရှိသွားပြီဖြစ်သည်။
ဤအမှတ်မှာကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်အချို့နှင့်ပင်ယှဉ်နိုင်နေပြီဖြစ်ပေရာ ကျိုးဟောင်၏ အဆင့်များမှာမြင့်သထက်မြင့်လာခဲ့သည်။
"အမယ်လေး ကျိုးဟောင်နင်ငါ့ကိုတောင်ကျော်သွားပြီ နင်နဲ့ယှဉ်ရင်ငါကတကယ်အရှုံးသမားပဲ"
ခုတစ်လောတွင် လော့လီမှာကျိုးဟောင်အားမြင်တိုင်း အတော်လေးမနာလိုသလိုခံစားနေရပေသည်။ ဤကောင်လေး၏ပါရမီသည် အလွန်ကောင်းလှသည်။ ကျိုးဟောင် ဤနေရာအားရောက်သည်မှာ လပိုင်းမျှသာရှိသေးသော်လည်း သူမ ၂နှစ်တာမျှလေ့ကျင့်ပြီးမှ ရလာသောအောင်မြင်မှုအား ရရှိသွားပြီဖြစ်သည်။
ဤအချက်သည်သူမအား ကျိုးဟောင်နှင့်ယှဉ်လိုက်ပါက အမှိုက်တစ်စလိုခံစားရစေပေသည်။
ကျိုးဟောင်မှာမူလုံးဝဂရုမစိုက်ဘဲ လော့လီ၏စကားအားကြားသောအခါ ပြုံးသာနေခဲ့သည်။
"ကျိုးဟောင် ခရစ်၏မင်းကိုစိန်ခေါ်ချင်နေတယ်လို့ကြားတယ်"
ထိုအချိန်တွင်စုန့်ခွင်းမှာဗီလာသို့ပြန်ရောက်လာခဲ့ပြီး ကျိုးဟောင်အားမေးလိုက်သည်။
ထိုစကားကြားချိန်မှ ကျိုးဟောင်မှာခရစ်လည်း သူ့အားစိန်ခေါ်ထားကြောင်းသတိရလိုက်သည်။
စုန့်ခွင်းမပြောပါက ဤကိစ္စအားသတိပင်ရမည်မဟုတ်ပေ။
ဤခရစ်သည်ကျိုးဟောင်အပေါ်လှည့်စားမှုများစွာသုံးခဲ့ပေသည်။ ကြည့်ရသည်မှာတစ်ဖက်လူသည် ကျိုးဟောင်အားစိန်မခေါ်ဘဲ မနေနိုင်ပုံပင်။
ကျိုးဟောင်သည်လည်း ရှေးဟောင်းအပျက်အစီးထဲသို့မဝင်မီ ဤအခွင့်အရေးအားအသုံးချကာထိုကောင်စုတ်အား ပညာပေးရန်ဖြတ်လိုက်သည်။ ဤသို့လုပ်ခြင်းဖြင့်လွန်ခဲ့သောလပိုင်းအတွင်းတစ်ဖက်လူထံမှ အနိုင်ကျင့်ခံခဲ့ရသော အကြွေးကိုလည်းပြန်ယူနိုင်မည်ဖြစ်သည်။
ယခုတစ်ကြိမ်အတွက်ခရစ်မှာစိတ်ပိုင်းဖြတ်ထားပေသည်။ ကျိုးဟောင်၏အဆင့်မှာ သူနှင့်နီးကပ်လာသည်ကိုကြည့်ပြီး ပိုပိုပြီးရတက်မအေးဖြစ်လာရပေသည်။ ထို့ကြောင့် ကျိုးဟောင်သူ့နောက်တွင်ရှိနေစဉ်ကာလအတွင်း ကောင်းကောင်းပြန်ပေးဆပ်ခိုင်းရန်ရည်ရွယ်ထားပေသည်။
လက်ရှိအချိန်တွင်ခရစ်မှာသူ၏ဗီလာထဲတွင်ရှိနေပြီး အတော်ပူပန်နေကာ ဂနာမငြိမ်ဖြစ်နေပေသည်။
ပြီးခဲ့သည့်အခေါက်ကကျိုးဟောင်မှာဘသူ၏နည်းလမ်းအားလုံးအားဖြေရှင်းနိုင်ခဲ့ပေသည်။ ကျိုးဟောင်မှာစိန်ခေါ်မှုများမှလည်း ၁၀ ဘီလီယံရခဲ့သေးသည်။
ဤအချက်သည်သူ့အားအလွန်ဒေါသထွက်စေပေသည်။
ထိုအချိန်ကတည်းကခရစ်မှာစိတ်ပိုင်းဖြတ်ခဲ့ပြီး ကျိုးဟောင်နှင့်တစ်ဦးချင်းတိုက်ပွဲတစ်ခုတိုက်ရန် ကောင်းကောင်းပြင်ဆင်ခဲ့ပေသည်။
"ငါကအဆင့် ၃၀နေရာမှာရှိနေတာ ပြီးတော့ငါ့ကျင့်ကြံဆင့်က ၉ဆင့်မြောက်မူလအဆင့်ကိုရောက်နေပြီ သူက၅ဆင့်မြောက်မူလအဆင့်မှာပဲရှိသေးတာ ငါသေချာပေါက်နိုင်မှာ"
ခရစ်မှာသူ့ကိုယ်သူအားပေးလိုက်သည်။ သို့သော်လက်ရှိတွင်ကြည့်ရသည်မှာ ကျိုးဟောင်သည်သူ့ထက်ကျင့်ကြံဆင့်မြင့်သောသူများကိုပင် အနိုင်တိုက်နိုင်ပုံပေါ်ပေရာ အလွန်စွမ်းအားကြီးလှပေသည်။ နောက်တစ်ကြိမ်စိန်ခေါ်မှုတွင်လည်း ကျိုးဟောင်မှာဤရလဒ်အားထိန်းထားနိုင်လား ခရစ်မသေချာပေ။
ထို့အပြင်ယခုတစ်ကြိမ်လောင်းကြေးမှာလည်း အလွန်များလှပေသည်။ စုစုပေါင်း ၁၀ ဘီလီယံဖြစ်သည်။
ပေါလ် ကျိုးဟောင်ထံတွင် ၁၀ဘီလီယံဆုံးရှုံးလိုက်ရသည်မှာဆုံးရှုံးမှုအကြီးစားဖြစ်သော်လည်း ခရစ်အတွက်မူကိစ္စကြီးမဟုတ်ပေ။ သို့သော်မည်သို့ပင်ဖြစ်စေ ခရစ်မှာကျိုးဟောင်အားမရှုံးလိုပေ။
“ခရစ် မင်းနောင်တရလား ငါလဲမင်းလောသွားတယ်လို့ ထင်တယ်”
“မင်းကျန်တဲ့ကိစ္စကိုနောင်တရတယ်ဆိုပေမယ့် ကျိုးဟောင်ကိုစိန်ခေါ်ဖို့က နည်းနည်းလောနေတယ်လို့ မထင်ဘူးလား”
“သူကအခု ထိပ်ဆုံးအဆင့် (၅၀)ထဲမှာ ရောက်နေပြီ ပြီးတော့ မင်းအဆင့်နဲ့လဲ သိပ်မဝေးတော့ဘူး”
ပေါလ် မှာ လက်စားချေရန်ကိစ္စကိုမစဉ်းစားတော့ပဲ လက်စားမချေလို၍မဟုတ်ပဲ သူ့တွင် လက်စားချေနိုင်သည့် စွမ်းရည်မရှိ၍သာဖြစ်သည်။ ကျိုးဟောင်သည် တကယ်ပဲ အလွန်စွမ်းအားကြီးလွန်းလှသည်။ သူသည် ကျိုးဟောင်အတွက် ပြိုင်ဖက်လုံးဝ မဖြစ်နိုင်ပေ။
မူလက သူ၏ကျောထောက်နောက်ခံဖြစ်သော ခရစ် ရှိ၍ ဤကိစ္စနှင့်ပတ်သက်ပြီးများများစားစား မစဉ်းစားခဲ့မိပေ။ သို့သော် ယခု သူ၏ ကျောထောက် နောက်ခံဖြစ်သော ခရစ်မှာလဲ သိပ်မကြာခင် အဆုံးသတ်တော့မည်ဟုခံစားနေမိခဲ့ရာ အလွန်ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။
သူ့စိတ်ထဲတွင် ခရစ်သည် ကျိုးဟောင်၏ ပြိုင်ဘက်မဟုတ် ဟုခံစားနေရမိသည်။ ယခုလိုစဉ်းစားနေရခြင်းသည် ကျိုးဟောင်မှာ အံဖွယ်ဖြစ်ရပ်များစွာကိုဖန်တီးနိုင်၍ဖြစ်သည်။ ထို့အပြင် ခရစ်၏စိန်ခေါ်မှုကို ကျိုးဟောင်လက်ခံသည်ဆိုသည့်အဓိပ္ပါယ်မှာ ကျိုးဟောင်သည်ယုံကြည်ချက်ရှိ၍သာဖြစ်သည်။ထိုသို့တွေးမိရင်း ပေါလ် မှာ ခရစ်အတွက်ပို၍စိုးရိမ်လာခဲ့သည်။
“မကောင်းတဲ့အကောင် မင်းစကားအကောင်းမပြောတတ်ဘူးလား”
ခရစ်မှာ အလွန်ဒေါသဖြစ်သွားခဲ့သည်။ သူကိုယ်တိုင်ပင်စိုးရိမ်နေသည့်အခြေအနေတွင် ပေါလ်မှာ သူ့ကို တဂျီဂျီလုပ်နေခြင်းက အလွန်ပင်စိတ်ပျက်စရာကောင်းနေပေသည်"
“ငါလဲ ကောင်းတာပြောချင်ပါတယ်။ ဒါပေမယ့် အခြေအနေက တကယ့်ကို ကောင်းတဲ့အခြေအနေမှာမှ မရှိတာ ခရစ် ဒါမှမဟုတ် ငါတို့လက်လျှော့လိုက်ရင်ရော.. ဒါကိုရှုံးရမှာထက်စာရင်ကောင်းတယ်လေ”
ပေါလ် မှ ရုတ်တရက်ပြောလိုက်သည်။
“မင်းဘာပြောလိုက်တာလဲ မင်းကငါ့ကိုအရှုံးပေးစေချင်တာလား”
ဤသည်မှာ မည်ကဲ့သိုသောသူငယ်ချင်းမျိုးပါနည်း။ ပေါလ်သည် သူ့အားအရှုံးပေးရန်ပြောလာခဲ့သည်။ ဤစိန်ခေါ်မှုကိုစတင်ခဲ့သူမှာ သူဖြစ်ပြီး သူသာအရှုံးအားဝန်ခံလိုက်ပါက စစ်နတ်ဘုရားတပ်ရင်း၏ အဟားခံဖြစ်လာမည်ဖြစ်သည်။
"အကယ်လို့ငါရှုံးပြီးတော့ မျက်နှာပျက်ရရင်တောင်မှပဲ ဘယ်တော့မှ ငါ့ဘက်ကနေအရှုံးမပေးဘူး”
ခရစ်မှာ ချက်ချင်းပင်ပြောကာ ကောင်းကင်ဘုံမျှော်စင်သို့ထွက်သွားခဲ့သည်။ ပြိုင်ပွဲမှာ နေ့လည်ဖက်တွေ စတင်မည်ဖြစ်သည်။
ကျိုးဟောင်မှာ ထုံးစံအတိုင်းပင် ပုံရိပ်ယောင်အခန်းငယ်ထဲသို့ စောစီးစွာရောက်ကာ ဆိုဖာပေါ်တွင်လှဲလျောင်းရင်း ခေါင်းဆောင်း ဆောင်းပြီး ပြိုင်ဘက်ရောက်လာမည့်အချိန်ကိုစောင့်ဆိုင်းနေခဲ့သည်။ မကြာမှီတွင် ပုံရိပ်ယောင်အခန်း၏ တံခါးမှာ ပွင့်လာခဲ့ပြီး ခရစ်သည်လဲ လမ်းလျှောက်ဝင်လာခဲ့သည်။ ခရစ်မှာ ကျိုးဟောင်ကို မြင်လိုက်သည့်အချိန်တွင် နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှမပြောပဲ ခေါင်းဆောင်းကိုသာ ဆောင်းလိုက်သည်။
သူတို့၏ခန္ဓာများမှာလဲ ပုံရိပ်ယောင်လောကတွင် ပေါ်ပေါက်လာခဲ့သည်။ ပြင်ပတွင် လူအများအပြားမှာ ပွဲကျင်းပရာနေရာသို့ရောက်နေခဲ့ပြီး ပွဲရလဒ်ကို တက်နိုင်သမျှအမြန်ဆုံးသိချင်နေကြပေသည်။ အားလုံးမှာ ဤတိုက်ပွဲအား စောင့်မျှော်နေခဲ့သည်မှာ အချိန်ကြာလှပြီဖြစ်သည်။
ကျိုးဟောင်နှင့်ခရစ်ကြားရှိ အဆက်မပြတ်သော ပဋိပက္ခများမှာ သူတို့ကြားတွင် တိုက်ပွဲတစ်ခုမှာ အနှေးနှင့်အမြန်ဖြစ်လာမည်ဆိုသည့် သဘောအားညွှန်ပြနေပေသည်။
“ဒီတစ်ခါ ဘယ်သူနိုင်မယ်လို့ မင်းထင်လဲ”
လူအများစုမှာ ခန့်မှန်းနေခဲ့သည်။
“ငါ့အထင်တော့ ခရစ်ပဲဖြစ်မယ် ဘယ်လိုပဲဖြစ်ဖြစ် သူ့မိသားစုက တော်ဝင်သွေးစက်လေ”
“ပြီးတော့ အနှစ်သာရသိုင်း တွေလဲ ပိုင်ဆိုင်ထားသေးတယ်”“ပြီးတော့ သူ့မှာလဲ အထူးအရည်ခန္ဓာကိုယ်ရှိတယ်”
“အရည်ခန္ဓာကိုယ်.. အဲ့ဒီအလင်းရဲ့အရှိန်လိုမျိုးမြန်တဲ့ အရည်ခန္ဓာကိုယ်ကိုပြောတာလား”
ထိုစကားကြားသောအခါ လူတော်တော်များများမှာ အံဩသွားခဲ့ကြသည်။ ဤအရည်ခန္ဓာကိုယ်မှာ ခရစ်၏ မိသားစု ကျော်ကြားရသည့်အကြောင်းအရင်းဖြစ်သည်။
ခရစ်၏မိသားစုမှာ အရည်ခန္ဓာကိုယ်ဖြင့် ကျော်ကြားပေသည်။ ခရစ်၏မိသားစုသည် အရှိန်နှုန်းတွင် အလွန်နာမည်ကြီးပြီး သူတို့ထံတွင် စီးဆင်းနေသော အရည်ခန္ဓာကိုယ်ဟု လူသိများသည့် အထူးခန္ဓာကိုယ်တစ်မျိုးလဲ ပိုင်ဆိုင်ထားပေသည်။
ထိုခန္ဓာကိုယ်မှာ အလွန်စွမ်းအင်ကြီးပြီး အလွန်လဲလျင်မြန်လှပေသည်။ စင်စစ်တွင် သာမန်ကျင့်ကြံသည့်သိုင်းများသည် ယခုလို အမြန်နှုန်းမျိုးအား မထောက်ပံ့ပေးနိုင်ပေ။ ၎င်း၏အထူးခန္ဓာကျင့်စဉ်သိုင်းများနှင့်တွဲဖက်လိုက်ပါက လူတစ်ယောက်၏ အရှိန်မှာ လျှပ်စီးကြောင်းတမျှပင်မြန်လာမည်ဖြစ်သည်။ ယခုလိုမြန်ရသည့်အကြောင်းအရင်းမှာ ခရစ်တွင် ဤပြိုင်ဘက်ကင်းလှုပ်ရှားရေးသိုင်းနှင့်အမြန်နှုန်းအား ထိပ်ဆုံးအဆင့်ထိရောက်အောင် အောင်မြင်စွာ ကျင့်ကြံခဲ့ပြီးဖြစ်သည်။
ထို့အပြင် သူသည် မိသားစုတွင် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူ၏ သွေးမျိုးဆက်မှာလဲ ကောင်းမွန်စွာ နိုးထနေပြီဖြစ်သည်။ သူ၏အဖေပင် သူ့အားလိုက်မမှီပေ။ ယခုလို ကြီးမားလှသော အကျိုးကျေးဇူးများဖြင့် ဤတိုက်ပွဲ၌ ခရစ်ရှုံးမည်ဟု စဉ်းစားရန်မှာ တကယ်ပင် အလွန်ခက်လှပေသည်။
....................................................................................
အခန်း (၄၉၈) ပြီးပါပြီ။