← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅) : ဖားနှင့် ဂျယ်လီ

လူအိုကြီး၏စကားများကြောင့် ကျိုးဟောင်မှာတုန်လှုပ်သွားလေသည်။ သူသည်ဥကြီးအားစိုးရိမ်စွာကြည့်လိုက်မိလေသည်။ အရိုးသားဆုံးပြောရလျှင် ထိုဥကြီးအားသူတကယ်မလိုချင်ပေ။

"ကောင်လေး မကြောက်ပါနဲ့ ဒါကအနည်းငယ်တော့ အနှောင့်အယှက်ဖြစ်ပေမဲ့ မင်းကိုအန္တရာယ်ပေးမှာမဟုတ်ဘူး။ ဒါ့အပြင် ဒီဥက ဒီလောကထဲမှာတည်ရှိနေတာကြာလှပြီ။ ပြီးတော့ ဒီလောကထဲ ၎င်းနိုးထလာတဲ့အခါကျရင် မင်းကိုဆရာသခင်အဖြစ်မှတ်ယူလိမ့်မယ်။ ၎င်းကမင်းကို ဆရာသခင်အဖြစ်သတ်မှတ်ပြီးရင်တော့ သူ့အသက်က မင်းအပိုင်ပဲ။ ဒါ့ကြောင့် မင်းဘာမှစိုးရိမ်စရာမလိုပါဘူး"

လူအိုကြီးက သူ့စကားဆုံးသွားသောအခါ အချိန်ဖြုန်းမနေတော့ဘဲ ထိုနေရာမှထွက်သွားလေသည်။ ကျိုးဟောင်က ထိုဥကြီးကိုငေးကြည့်နေလေသည်။ ၎င်း၏အရွယ်အစားမှာ ရေဇလုံအရွယ်အစားလောက်ရှိပြီး ထိုထဲမှ ဘာပေါက်ဖွားလာမလဲ ကျိုးဟောင်မသိပေ။သို့သော်ထိုအရာမှာဘာပဲဖြစ်ဖြစ်သူ့ကိုပေးခဲ့ပြီဖြစ်သောကြောင့် သူ့အနေဖြင့်လက်ခံယုံသာတတ်နိုင်လေသည်။

မကြာမီပင် ကျောက်သား၀င်ပေါက်ကြီး ပွင့်သည့်ရက်ရောက်လာလေသည်။ ထိုနေရာကြီးရှေ့တွင် ရပ်နေသောလူများမှာ အယောက်တရာလောက်ရှိလေသည်။

ကျိုးဟောင်လည်းလျှောက်လာပြီးထောင့်တနေရာတွင်ရပ်နေလေသည်။ ကျိုးဟောင်မှာ ထိုကျောက်သားဂိတ်အကြောင်းသေချာမသိသော်လည်း သိပ်တော့ဂရုမစိုက်ပေ။

"ဟမ် ဒီလူတွေလာမယ်လို့ မထင်ထားခဲ့ဘူး"

ကျိုးဟောင်၏စိတ်ထဲရှိ မုရုံရွှင်းက ပြောလာလေသည်။

"စီနီယာဒီလူတွေအကုန်လုံးကိုသိတာလား"

ကျိုးဟောင်မှာမုရုံရွှင်း၏အသံကြောင့်အံ့ဩသွားပြီးမေးလိုက်လေသည်။

"ဒါပေါ့ အရင်တုန်းက ငါက၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ဖြစ်ပြီး သူတော်စင်အဆင့်ကိုခြေတစ်ဖက်လှမ်းနေတဲ့သူပဲ။ ကမ္ဘာဂြိုလ်မှာတော့ သူတော်စင်အဆင့်ကတကယ့်အမြင့်ဆုံးအဆင့်ပဲ။အဲ့အဆင့်ကိုတော်ရုံလူရောက်နိုင်တာမဟုတ်ဘူး"

ကျိုးဟောင်မှာ မုရုံရွှင်းဘာကိုဆိုလိုချင်မှန်းသဘောပေါက်လေသည်။ လူသားတွေအရင်ဆုံးရောက်နိုင်သည့်အဆင့်မှာ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ဖြစ်ပြီး ထိုအဆင့်အထက်ရှိလူများကိုတော့ နတ်ဘုရားများလို့တောင်ခေါ်လို့ရလေသည်။

"စွင်းယွဲ့က ရှေးဟောင်းငရဲဓားလေ့ကျင့်ရေးခန်းမကိုအမွေဆက်ခံရရှိထားတဲ့ စွင်းမိသားစုကဆိုတာကို မင်းသိလား။ မင်းမသိလောက်ပေမဲ့ သူတို့စွင်းမိသားစုရဲ့ဓားသိုင်းပညာက အရမ်းစွမ်းအားကြီးတယ်"

"ပြီးတော့ စုမိသားစုကညီအစ်မလေးယောက်ကိုလည်း ငါသိတယ်။ အကြီးဆုံးလေလံစံအိမ်ကိုဦးစီးနေတဲ့တယောက်က သူတို့မျိုးရိုစဉ်ဆက်ကျင့်ကြံလာတဲ့ နတ်ဆိုးကျင့်စဉ်ကိုကျင့်ကြံထားတယ်"

မုရုံရွှင်းက တည့်တိုးပြောချလိုက်သောကြောင့်ကျိုးဟောင်အံ့ဩသွားလေသည်။

"နတ်ဆိုးကျင့်စဉ်... ခင်ဗျားဘာကိုဆိုလိုချင်တာလဲ"

"စုမိသားစုက အမျိုးသားနဲ့အမျိုးသမီးဆိုပြီး အုပ်စြနှစ်ခုခွဲထားတယ်။ အမျိုးသားတွေက ယန်စွမ်းအားတွေကိုကျင့်ကြံကြပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိကြတယ်။ အမျိုးသမီးတွေကတော့ သူတို့အမျိုးသမီးဆိုင်ရာနှစ်လိုဖွယ်ကျင့်စဉ်တွေကိုကျင့်ကြံကြတယ်။ လူအများစုကဒီအကြောင်းတွေကိုမသိကြဘူး။ ဒါပေမဲ့ နှစ်စဉ်တိုင်းမှာ စုမိသားစုက မိသားစုတွေထဲက အသန်မာဆုံးအမျိုးသမီးလေးယောက် ရွေးချယ်ပြီးသူတို့မိသားစုရဲ့လျှို့ဝှက်ကျင့်စဉ်ကိုကျင့်ကြံခိုင်းတယ်။ အဲ့ကျင့်စဉ်က ဘာလဲဆိုတာငါသေချာမသိပေမဲ့ သူ့မှာ နတ်ဆိုးကဲ့သို့အရှိန်အဝါနှင့် နှစ်လိုဖွယ်ခံစားချက်မျိုးတွေရှိတယ်။ ထိုလက်ရွေးစင်အမျိုးသမီးလေးယောက်က လေလံစံအိမ်တော်ကိုဦးစီးကြရတယ်။ ပြီးတော့သူတို့ကလေလံဆွဲရာမှာလည်းတော်ကြတယ်။ ပစ္စည်းတခုရဲ့တန်ကြေးကို ၂ဆ ဒါမှမဟုတ်၃ဆဖြစ်အောင်စွမ်းဆောင်နိုင်ကြတယ်"

" နှစ်တိုင်းနှစ်တိုင်း အဲ့ကျင့်စဉ်ကိုကျင့်ဖို့ လူ၄ယောက်ရွေးချယ်တယ်။ သူတို့လေးယောက်က တူညီတဲ့ ကျင့်စဉ်ကိုပဲ ပုံစံလေးမျိုးခွဲပြီး ကျင့်ကြံကြတယ်။ ငါ့မှာအဲ့ကိစ္စနဲ့ပတ်သက်ပြီးသိထားတာတော့ဒါအကုန်ပဲ ကျန်တာကတော့ မင်းကိုယ်တိုင်စုံစမ်းကြည့်ရမယ် သဘောပေါက်လား"

မုရုံရွှင်း၏စကားကြောင့် ကျိုးဟောင်မှာစဉ်းစားစရာများဖြစ်သွားလေသည်။

"ပြီးတော့မင်း မိုရိုလူမျိုးစုနဲ့ပတ်သက်ပြီးဘာမှမသိဘူးမှတ်လား ငါလည်းသိပ်တော့မသိဘူး ဒါပေမဲ့ ရှေးတုန်းကစိတ်စွမ်းအားအကောင်းဆုံးပညာရှင်တွေကမိုရိုမျိုးနွယ်ကဆင်းသက်လာကြတာတွေချည်းပဲ။ သူတို့ရဲ့စိတ်စွမ်းအားက သာမန်မျိုးနွယ်စုတွေ လွယ်လွယ်နဲ့ဆက်ခံလို့ရတဲ့အရာမျိုးမဟုတ်ဘူး။ မင်းသူတို့ပိုင်နက်ထဲမရောက်သေးတာကြောင့် ငါပြောတာကိုမယုံသေးတာပဲ ရောက်သွားအခါကျရင်မင်းသိလာလိမ့်မယ်"

မုရုံရွှင်းကသူပြောပြီးနောက်ပြန်လည်တိတ်ဆိတ်သွားလေသည်။ကျိုးဟောင်ကတော့ စိတ်ထဲ သံသယများ၀င်နေလေသည်။

မကြာမီပင် ကျောက်သား၀င်ပေါက်ကြီးမှာ ပွင့်လာခဲ့လေသည်။လူအများ၏အမူအရာများပြောင်းလဲသွားသော်လည်း ဘယ်သူမှအရင်ဆုံးမ၀င်ရဲကြပေ။ အဲ့ဒီအစားတယောက်ကိုတယောက် စောင့်ကြည့်နေကြလေသည်။

" ကြည့်ရတာ ဌာနခွဲအမျိုးမျိုးနဲ့ မိသားစုအများအပြားက အချင်းချင်း ပြန်ကြောက်နေကြတာပဲ"

ထိုလူများမှာ အပြင်လောကတွင် အချင်းချင်းသင့်မြတ်ကြသော်လည်း ဒီရှေးဟောင်းအပျက်အစီးထဲတွင်တော့ အခြေအနေများပြောင်းလဲသွားကြလေသည်။ သူတို့အချင်းချင်းပြန်လန့်နေကြသည်မှာလည်း ဖြစ်သင့်ပေသည်။ ဒီနေရာတွင်အခွင့်အလမ်းကောင်းများစွာရှိပြီး အန္တရာယ်များစွာလည်းရှိနေပေသည်။ အချိန်မရွေး နောက်ကျောက ဓားနဲ့ထိုးသည့်လုပ်ရပ်များလည်းဖြစ်နိုင်လေသည်။

သို့သော်လည်း တယောက်ယောက်ကစတင်လှုပ်ရှားလာပြီး ကျောက်သား၀င်ပေါက်ထဲ၀င်သွားခဲ့သည်။ ကျိုးဟောင်လည်း တခြားသူများအရင်၀င်တာကိုစောင့်ရင်း တဖြေးဖြေးလမ်းလျှောက်၀င်လာလေသည်။ ၀င်ပေါက်ကြီး၏နောက်တွင် အဖြူရောင်အလင်းတန်းများကလွှမ်းခြုံထားလေသည်။

ထိုအလင်းတန်းများကို သူဖြတ်ကျော်ပြီးသွားသောအခါ သူ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားလေသည်။ သူ့ရှေ့တွင်ရှိနေသောအရာများမှာ သူမြင်ဖူးနေသည့်ပုံစံမျိုးမဟုတ်ပေ။ ထိုနေရာမှာ လိုရာဆွဲတွေးလို့ရသည့်ထူးဆန်းသောနေရာမျိုးဖြစ်နေလေသည်။

အတိအကျပြောရလျှင် ပီကာဆို၏ပန်းချီကားနှင့်ဆင်တူလေသည်။ ထိုနေရာမှာ စိတ္တဇပန်းချီကားတချပ်ကဲ့သို့ဖြစ်နေလေသည်။ သစ်ပင်များမှာ အရိုးအပြိုင်းပြိုင်းကျနေပြီး နေကလည်း ၉စင်းရှိနေလေသည်။ တိမ်များမှာလည်း လေးထောင့်ဆန်ဆန်ပုံစံများဖြစ်နေပြီး ကောင်းကင်ကြီးမှာလည်း ပန်းချီစာရွက်တခုလိုဖြစ်နေလေသည်။

"ဒီနေရာက တကယ့်....ကိုထူးဆန်းတာပဲ"

ကျိုးဟောင်က စိတ်မထိန်းနိုင်ဘဲပြောလိုက်မိသည်။

"ဒါကမိုရိုတွေရဲ့နေရာပဲ ဒါက မိုရိုတွေရဲ့စိတ်စွမ်းအားကိုသရုပ်ပြထားသလိုပဲ ဒါတွေအကုန်လုံးကိုတယောက်ယောက်ကထိန်းချုပ်ထားတာပဲ ပြောရရင် တစုံတယောက်ရဲ့စိတ်ကူးကမ္ဘာလို့တောင်ဆိုနိုင်တယ်။ "

မုရုံရွှင်းကပြောပြလာလေသည်။

" လူတယောက်ရဲ့စိတ်ကူးကမ္ဘာဟုတ်လား ဒါဆိုဒါကအတုကြီးပေါ့"

ကျိုးဟောင်ကရုတ်တရက်ပြောလာလေသည်။

"အတုတော့မဟုတ်ဘူး။ ဒါကသူတို့နေထိုင်ရာနေရာဒေသပဲ။ အရာတော်တော်များများက မင်းမြင်နေသလိုမဟုတ်ဘူး။ မင်းမျက်စိတွေကိုလှည့်စားထားတာ ဒါကစိတ်စွမ်းအားရဲ့ထူးခြားတဲ့အရာပဲ သဘောပေါက်လား"

"စိတ်စွမ်းအားပညာရှင်တယောက်က မင်းကို မီးလုံးတလုံးပေးပေမဲ့ မင်းထိလိုက်တဲ့အခါ အေးစက်မှုကိုခံစားရလိမ့်မယ် မင်းကိုရေခဲပေးတဲ့အခါမှာလည်း မင်းထိလိုက်တဲ့အခါ မီးထက်ပိုပူတာကိုခံစားရလိမ့်မယ် ။ အခုလည်းအဲ့လိုသဘောပဲ နားလည်လား"

ကျိုးဟောင်အနေဖြင့်ထိုကဲ့သို့အကြောင်းအရာများကို အခုမှ ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သောကြောင့် တုန်လှုပ်သွားလေသည်။သို့သော်လည်း သူချက်ချင်းနားလည်လက်ခံလိုက်လေသည်။

ကျိုးဟောင်မှာဘေးပတ်၀န်းကျင်သို့လှည့်ပတ်ကြည့်လိုက်သောအခါ သူနှင့်အတူ၀င်လာသောလူ၂၀၀ကိုမတွေ့ရဘဲ သူတယောက်ထဲဖြစ်နေလေသည်။

တခြားလူများဘယ်ရောက်သွားပါသနည်း။

လူတိုင်းမတူညီတဲ့ကမ္ဘာတခုဆီကိုရောက်သွားလေခြင်းလား။

ကျိုးဟောင်မှာ အံ့ဩနေသော်လည်း ချက်ချင်းပင်တခုခုသိရှိနိုင်မည့်နေရာအားရှာရင် အဝေးသို့ချက်ချင်းထွက်လာလေသည်။ သို့သော် ထိုအချိန်တွင် ကျိုးဟောင်မှာအံဩသောအမူအရာဖြင့်ဥအားထုတ်ကြည့်နေလေသည်။ ထိုဥဆီမှာ ပူသောအလင်းတန်းများထုတ်လွှတ်နေပြီး မကြာမီပင် ဥအခွံမှာကွဲသွားလေသည်။

ကျိုးဟောင်လည်း ထိတ်လန့်သွားပြီး နောက်သို့ဆယ်မီတာလောက် ခုန်ဆုတ်လိုက်လေသည်။ သူသည်ထိုအရာအား သေချာကြည့်နေပြီး အန္တရာယ်အငွေ့အသက်တခုခုရပါက သူချက်ချင်းထွက်သွားဖို့၀န်လေးနေမည်မဟုတ်ပေ။

ဥဆီမှစူးရှသောအလင်းတန်းများထုတ်လွှင့်နေပြီး မကြာမီပင်ထိုအထဲမှ ထူးဆန်းသောအရာနှစ်ခုထွက်လာသောကြောင့် ကျိုးဟောင်မျက်လုံးပြူးသွားလေသည်။

တစ်ခုမှာ အနီရောင်ခြုံထည်နှင့်နေကာမျက်မှန်ကိုတပ်ဆင်ထားသည့်ဖားတကောင်ဖြစ်လေသည်။ သို့သော်ထိုဖားမှာလူတယောက်နှင့်ဆင်တူပြီး လက်ကိုနောက်ပစ်မှာ သူ့ခြေထောက်၂ချောင်းပေါ်တွင်ရပ်နေလေသည်။

နောက်တခုမှာ မိုးခိုးရောင်ဂျယ်လီပုံစံရှိပြီး တွန့်လိမ်တွန့်လိမ်ပုံစံရှိသည့်အရာတခုဖြစ်ပြီး ထိုအရာကိုကြည့်ရသည်မှာ ရွံစရာကောင်းနေလေသည်။

....................................................................................

အခန်း(၅၀၅)ပြီးပါပြီ။

အခန်း (၅၀၆) : အရူးနှစ်ကောင်

ကျိုးဟောင်မှာဤအရာနှစ်ခုအားကြည့်ကာ မျက်လုံးပြူးသွားခဲ့ပြီးထိတ်လန့်သွားခဲ့သည်။

"သေစမ်း နောက်တစ်ခေတ်ကုန်သွားပြန်ပြီ ချီးပဲငါဒီကြယ်စနစ်ကနေထွက်နိုင်မဲ့နည်းလမ်းကို အနှေးနဲ့အမြန်စဉ်းစားမှဖြစ်မယ် မဟုတ်ရင်စွမ်းအင်အနှစ်သာရကို ဘယ်တော့မှပြန်မဖြည့်နိုင်ဘဲ အိပ်နေလို့ပဲရလိမ့်မယ်"

ထိုဖားမှရုတ်တရက်စကားလာပြောအခါ ကျိုးဟောင်မှာပို၍အံ့ဩသွားခဲ့သည်။

"ဟမ့် ဖားကောင် မင်းဒီလိုပွစိပွစိပြောနေဖို့မတန်ဘူး မင်းကြောင့်သာမဟုတ်ရင် ငါဒီနေရာမှာပိတ်မိနေပါ့မလား ဟမ့် ဒီလိုစိတ်ပျက်စရာကောင်းတဲ့နေရာကိုတွေ့ပြီးတော့ မူလရင်းမြစ်မြေကိုဘာလို့ပြောခဲ့လဲ မင်းကတကယ်ကိုအမှိုက်ကောင်ပဲ"

ဂျယ်လီပုံစံသတ္တဝါမှာလည်းစကားပြောလာခဲ့သည်။

"ငါကအမှိုက်လား တကယ်လို့ငါသာ အမ် ၈ ဂြိုဟ်ကနေမင်းကိုခေါ်ထုတ်လာမပေးရင် မင်းတော့သူတို့ရဲ့အားဖြည့်စာဖြစ်နေလောက်ပြီ ဟမ့် မင်းကမူလလောကကြီးရဲ့နတ်ဘုရားမြေဆီလွှာဆိုတာကို မမေ့လိုက်နဲ့ မင်းကအရမ်းကိုတန်ဖိုးရှိတာနော် တကယ်လို့သူတို့သာမင်းကိုရသွားရင် မင်းကိုအရည်ဖျော်ပြီး စကြဝဠာအဆင့်ထက်ကျော်လွန်တဲ့ နတ်ဘုရားပစ္စည်းသန့်စင်ဖို့သုံးမှာ"

ဖားမှာအေးစက်စွာနှာခေါင်းရှုံ့ရင်းပြောလိုက်သည်။

"မကောင်းတဲ့ကောင် မင်းငါ့ကိုဖမ်းနိုင်မယ်လို့တကယ်ထင်နေတာလား ငါကနတ်ဘုရားမြေဆီလွှာပညာရှင်နော် သူတို့ကိုအလွယ်လေးဝါးမျိုပစ်လိုက်လို့ရတယ်"

ဂျယ်လီပုံစံရှိသောသတ္တဝါမှာ အထင်သေးသောဟန်ဖြင့်ပြောလိုက်သည်။

ဖားမှာစိတ်ထဲတွင်မကျေမနပ်ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် ထိုသတ္တဝါသည်ကျိုးဟောင်အားကြည့်ကာမှင်တက်သွားခဲ့သည်။

"ဟေ့ ကလေးလေး မင်းကဒီခေတ်မှာငါ့ကိုနှိုးလိုက်တဲ့လူဟုတ်တယ်မလား မဆိုးဘူး မဆိုးဘူး ဟမ် မင်းမှာဘာလို့မူလကျောက်စာအငွေ့အသက်ရှိနေရတာလဲ မင်းကအဲဒီသွေးမျိုးဆက်ရဲ့ သားစဉ်မြေးဆက်လား"

ထိုအချိန်တွင်ဖားမှာကျိုးဟောင်အားကြည့်ကာ ရုတ်တရက်စကားပြောလာခဲ့သည်။ စကား‌ဆုံးသောအခါကျိုးဟောင်မှာကြက်သေသေသွားခဲ့သည်။

သူ၏မူလကျောက်စာစွမ်းအားအကြောင်း မည်သူမျှမသိပေ။ အနည်းဆုံးတစ်ချက်ကြည့်ရုံဖြင့် ဘယ်သူမှမပြောနိုင်ပေ။ ဤဖားသည်ဘာကြောင့်ပြောနေနိုင်ရပါသနည်း။

ထိုအချိန်တွင်ဖားမှာလည်းသိချင်လာဖြင့် ကျိုးဟောင်ဘေးသို့ခုန်လာခဲ့ပြီး နေကာမျက်မှန်အားဖယ်လိုက်ပေရာပဲစိမ်းရောင်မျက်လုံးအစုံပေါ်လာခဲ့ပြီး ကျိုးဟောင်အားသေချာကြည့်နေခဲ့သည်။

"ကလေး မင်းကတကယ်ကိုတစ်ခုခုပဲ မင်းကိုယ်ပေါ်မှာအဲဒီစနစ်ရဲ့ အစအနတွေတောင်ရှိနေတယ် မဆိုးဘူး မဆိုးဘူး ဒီခေတ်မှာမင်းငါ့ရဲ့သခင်ဖြစ်လာတာ ငါအရမ်းကျေနပ်တယ် စိတ်ချငါမင်းကိုကာကွယ်ပေးမယ်"

ထိုဖားစကားပိုပြောလေ ကျိုးဟောင်မှာပိုရှုပ်ထွေးလာလေဖြစ်သည်။ ထိုသတ္တဝါဘာတွေပြောနေမှန်း ကျိုးဟောင်လုံးဝနားမလည်ပေ။

"ဟမ့် ဖားကောင် ကြွားမနေနဲ့တော့ မင်းကဒီတိုင်းကွဲနေတဲ့အခွံတစ်ခုသာသာပဲ မင်းရဲ့စွမ်းအင်အနှစ်သာရကလည်းကုန်ခမ်းနေပြီကို ဘယ်လိုလုပ်ပြီးတခြားလူကိုကာကွယ်မှာလဲ"

ထိုအချိန်တွင်အဖြူရောင်ဂျယ်လီမှဝင်ပြောလာခဲ့သည်။

"အသုံးမကျတဲ့ကောင် မင်းကငါ့ကိုဝေဖန်ပိုင်ခွင့်ရှိတယ်ထင်နေတာလား မင်းကတခြားလူတွေရေချိုးတာကိုကြည့်ရတာကြိုက်တဲ့ နှာဘူးတစ်ကောင်အပြင်မပိုဘူး ပြီးတော့မင်းယောက်ျားနဲ့မိန်းမတောင်မခွဲခြားနိုင်တာ ငါအခုပြောနိုင်တာကတော့မင်းတစ်ချိန်လုံး ဒီကောင်လေးကိုခိုးကြည့်နေတယ်ဆိုတာပဲ"

ဖားမှပြန်တုံ့ပြန်လိုက်သည်။

"မုန်းစရာသတ္တဝါ လောင်းမလား အထီးနဲ့အမ ဘယ်လိုခွဲရလဲဆိုတာငါသေချာပေါက်သိတာပေါ့ ဒီတစ်ယောက်ကယောက်ျားလားမိန်းမလားငါပြောနိုင်တယ်ဆိုတာ လောင်းရဲတယ်"

ပြောရင်း အဖြူရောင်ဂျယ်လီမှာခုန်လိုက်ပေရာ၎င်း၏ခန္ဓာကိုယ်မှာ သေးငယ်သောအဖြူရောင်ပုံသဏ္ဍာန်တစ်ခုအဖြစ်ပြောင်းလဲသွားကာ ကျိုးဟောင်ရှေ့သို့ခုန်လာခဲ့ပြီး ကျိုးဟောင်အားသေချာကြည့်နေခဲ့သည်။

"အင်း...မင်းမှာနှာခေါင်းပါတယ် မျက်လုံးပါတယ် ပါးစပ်ပါတယ် မင်းကယောက်ျားဟုတ်တယ်မလား"

ဂျယ်လီဖြူလိုသတ္တဝါမှာကျိုးဟောင်အား သရော်ပြုံးပြုံးကာမေးလိုက်ပြီး ကျိုးဟောင်သည်လည်းရှုပ်ထွေးသွားခဲ့သည်။

သူပြောသောစကားမှာမှန်သော်ငြား မည်သည့်အဓိပ္ပာယ်ပါနည်း။ သို့တည်းမဟုတ် သူသည်မျက်စိ၊နှာခေါင်း၊ ပါးစပ်တို့မပါသော မိန်းကလေးတစ်ယောက်နှင့်တွေ့ခဲ့ဖူးသည်လော။

ကျိုးဟောင်၏အမူအရာပြောင်းလဲသွားသည်ကိုမြင်သောအခါ ဂျယ်လီဖြူမှာ၏ပုံစံမှာချက်ချင်းပြောင်းလဲသွားကာ အသံသည်လည်းပြောင်းလဲသွားခဲ့သည်။

"အမယ်လေး ငါကဒီတိုင်းစလိုက်တာပါ ကောင်မလေး မင်းစတာကိုအတည်ယူလို့မဖြစ်ဘူးနော် ကောင်းပြီ ငါမင်းကိုမစတော့ဘူး မင်းကမိန်းကလေးဟုတ်တယ်မလား"

ပြောရင်းအဖြူရောင်ပုံရိပ်မှာ သူ့ခန်းမှန်းချက်မှန်သည့်ပုံမျိုးဖြင့်ဖားအားကြည့်နေခဲ့သည်။

ဖားမှာအထင်သေးသောအမူအရာမျိုးလုပ်ပြလိုက်ပေရာ ဂျယ်လီဖြူအားဒေါသဖြစ်သွားစေခဲ့သည်။

"မှားလို့လား ဘယ်လိုလုပ်မှားနိုင်မှာလဲ ငါခုနကသူ့ကိုယောက်ျားလေးလို့ပြောတော့ သူ့မျက်နှာကပြောင်းသွားတယ်လေ ဒါသေချာပေါက်ပထမတစ်ကြိမ်တုန်းက ငါမှားပြောလို့ပဲ အဲဒါကြောင့် သူကမိန်းကလေးဆိုတာ‌သေချာတယ် ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့ ငါကအရမ်းဉာဏ်ကောင်းတာ..."

ဂျယ်လီဖြူမှာချက်ချင်းပင်မကျေမနပ်ဖြစ်သွားခဲ့သည်။

သူတို့နှစ်ယောက်အားငေးနေသောကျိုးဟောင်မှာပို၍ပင်ရှုပ်ထွေးလာခဲ့သည်။ ယောက်ျားနှင့်မိန်းမခွဲခြားရသည်မှာ ဤမျှလောက်ခက်သည်လော။

သူ၏တောင့်တင်းသောပုံစံကိုကြည့်ရုံဖြင့် ပြောရအလွန်လွယ်သည်မဟုတ်ပေလော။

"ကျစ် ဒီလောက်နှစ်တွေအများကြီးကြာပြီးတာတောင် မင်းတိုးတက်မလာသေးဘူး တကယ်ကိုအမှိုက်ပဲ"

ဖားမှာနှာခေါင်းရှုံ့ရင်း ဂျယ်လီဖြူအားမကြည့်ဘဲ ကျိုးဟောင်အားကြည့်ကာခေါင်းညိတ်ရင်းပြောလိုက်သည်။ ၎င်းမှာကျိုးဟောင်သည်ဂျယ်လီဖြူအားရှုပ်ထွေးစွာကြည့်နေသည်ကို သဘောတွေ့နေပုံပင်။ ထို့ကြောင့် ၎င်းမှာချက်ချင်းပင်ကျိုးဟောင်ဘေးသို့ရောက်လာပြီး ပုခုံးပေါ်သို့ခုန်တက်လိုက်သည်။

"မင်းကမဆိုးဘူး လုံးဝမဆိုးဘူး ငါဒီဘဝမှာမင်းကိုအဖော်လုပ်ပေးမယ် ငါ့ကိုယ်ငါမိတ်ဆက်ပေးမယ် ရှေးဟောင်းကြယ်မွေးဖွားလာကတည်းက မွေးလာခဲ့တဲ့ပထမဆုံးရွှေဖားပဲ"

ကျိုးဟောင်မှာထိုဖား၏‌အစိမ်းရောင်အရေခွံအားကြည့်နေပေသည်။ ၎င်းသည်ရွှေဖားနှင့်လုံးဝမတူပေ။

"အဟမ်းအဟမ်း ရွှေဖားအားလုံးကရွှေရောင်မဟုတ်ဘူး ငါကစကြဝဠာရဲ့အဆုံးမှာရှိတဲ့ရှေးဟောင်းကြယ်ကလာတဲ့ရွှေဖား ဒါနဲ့ပတ်သက်ပြီးမင်းဘာမှမသိတာထုံးစံပါပဲ"

ဖား၏စကားအားနားထောင်ပြီးနောက် ကျိုးဟောင်မှာတစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရပေသည်။

"မကောင်းတဲ့ကောင် မင်းကဒီတိုင်းဖားတစ်ကောင်ပဲ ရေကန်ထဲနေပြီးအနံ့နံတဲ့မင်းနဲ့တူတဲ့သက်ရှိတွေရှိတာ ငါမသိဘူးမထင်နဲ့ ငါသူများတွေကိုတိတ်တိတ်လေးမေးပြီးပြီ သူတို့ကငါ့ကိုပြောတယ် မင်းကဒီတိုင်းရုပ်ဆိုးတဲ့ဖားတစ်ကောင်ပဲတဲ့"

ဂျယ်လီဖြူမှာချက်ချင်းဖော်လိုက်ပေရာ ဖားမှာအလွန်စိတ်ဆိုးသွားခဲ့ပြီး ပုခုံးပေါ်မှခုန်ဆင်းကာချက်ချင်းတိုက်ခိုက်လိုက်သည်။ ၎င်းမှာဂျယ်လီဖြူအားသူ၏လူသားပုံသဏ္ဍာန်ကိုထပ်မံထိန်းမထားနိုင်တော့ဘဲအဖြူရောင်ရွှံ့ပုံသဖွယ်ပြောင်းသွားသည်အထိထိုးကြိတ်နေခဲ့သည်။

"မင်းကဒီတိုင်းရွှံ့ပုံတစ်ပုံပဲကို ငါ့ရှေ့လာပြီးမောက်မာရဲသေးတယ်"

အားရအောင်ထိုးကြိတ်ပြီးနောက်ဖားမှာ ကျိုးဟောင်၏ပုခုံးပေါ်ထပ်မံခုန်တက်လာခဲ့သည်။

"ကလေး မင်းကြယ်စနစ်ကြီးတစ်ခုလုံးကိုအုပ်ချုပ်ချင်လား မင်းမျိုးနွယ်အားလုံးလေးစားတာကိုခံချင်လား မင်းဘဝရဲ့နက်နဲမှုကိုသိချင်လား စကြဝဠာကြီးရဲ့အဆုံးသတ်ကိုသိချင်လား မင်းလိုချင်သရွေ့ ငါဘာမဆိုအလွယ်လေးပေးလို့ရတယ် ဘာကြောင့်မှန်းမသိငါမင်းနဲ့ခုမှတွေ့ဖူးပေမဲ့ မိတ်ဆွေဟောင်းတစ်ယောက်လိုခံစားနေရတယ်"

"မကောင်းတဲ့ကောင် လိမ်မနေနဲ့မင်းကဒီတိုင်းဖားတစ်ကောင်ပဲ မမသူ့ထောင်ချောက်ထဲမကျစေနဲ့"

ဂျယ်လီဖြူမှာယခုအချိန်အထိလက်မခံသေးပေ။ ၎င်းမှာလူတစ်ယောက်အဖြစ်မပြောင်းနိုင်သော်ငြား ပါးစပ်ဖွင့်ကာဆဲရေးနေပေသည်။

ဤတစ်ကြိမ်တွင်ဖားသည်တကယ်ပင်ဒေါသထွက်သွားခဲ့ပြီး စကားတစ်ခွန်းမျှမဆိုဘဲ လက်အိတ်အနီအားချွတ်ကာ ဂျယ်လီအဖြူ၏ပါးစပ်ထဲသို့ထိုးထည့်လိုက်ပြီး ထိုအဝတ်စဖြင့်ပင်ဘောလုံးတစ်လုံးသဖွယ်လုံးကာမြေကြီးပေါ်သို့ပစ်ချလိုက်သည်။

ကျိုးဟောင်မှာဤမြင်ကွင်းအားကြည့်ပြီး စိတ်ထဲမှတွေးနေခဲ့သည်။

"ဒီနှစ်ကောင်ကကမ္ဘာဂြိုဟ်‌ပေါ်ကတော့မဟုတ်လောက်ဘူး စကားပြောတဲ့ဖားကိုငါတစ်ခါမှမမြင်ဖူးဘူး ကမ္ဘာကြီးသန္ဓေပြောင်းပြီးနောက်ပိုင်း သန္ဓေပြောင်းသားရဲတွေ ကျင့်ကြံလာနိုင်တယ်ဆိုပေမဲ့ အများစုကအဆင့်တစ်ခုရောက်မှစကားပြောနိုင်တာ ကျင့်ကြံဆင့်ကိုထိုးဖောက်မမြင်နိုင်တဲ့ဖားတစ်ကောင်စကားပြောတာကိုမြင်ဖူးတာကတော့ ဒါပထမဆုံးအကြိမ်ပဲ"

"ပြီးတော့ ဒီအဖြူရောင်သတ္တဝါကလည်းသူ့ကိုယ်သူ နတ်ဘုရားမြေဆီလွှာပညာရှင်လို့ပြောပုံအရ စွမ်းအားကြီးတဲ့နောက်ခံရှိတဲ့ပုံပဲ"

ကျိုးဟောင်မှာစိတ်ထဲမှစဉ်းစားရင်းအဖြေရှာနေခဲ့သည်။

ထိုအချိန်တွင်ဖားမှာကျိုးဟောင်အားကြည့်ကာ ပြောလာခဲ့သည်။

"ဟေ့..ငေးငိုင်မနေနဲ့တော့ ကြယ်စနစ်ကိုအုပ်ချုပ်ချင်လား မျိုးနွယ်ခြားအားလုံးရဲ့လေးစားမှုကိုခံချင်လား စကြဝဠာအဆုံးမှာရှိတဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို စူးစမ်းချင်လား"

....................................................................................

အခန်း(၅၀၆) ပြီးပါပြီ။

အခန်း(၅၀၇) : စွမ်းအားကြီးသောဖား

ကျိုးဟောင်မှာဤဖား၏ဆိုလိုရင်းအားမသိပေရာ ခေတ္တမျှစဥ်းစားပြီးနောက်ပြောလာခဲ့သည်။

"ခင်ဗျားတကယ်ပြောနေတာလား"

" မင်းကငါ့ကိုမယုံတာလား"

ဖားမှာထိုစကားအားကြားသောအခါမကျေနပ်သောလေသံဖြင့်မေးလာခဲ့သည်။

"မယုံတာမဟုတ်ပါဘူး ဒါပေမဲ့ ခင်ဗျားကျွန်တော့်ကိုအရင်ယုံလာအောင်ပြောပြရမှာပေါ့ မဟုတ်ရင် ကျွန်တော်ကဘယ်လိုယုံရမှာလဲ"

ကျိုးဟောင်မှပြန်ပြောလိုက်သည်။ မည်သည့်သက်သေမျှမရှိဘဲ သူမယုံကြည်နိုင်ပေ။

"ဟမ့် မင်းကဖားတစ်ကောင်ပဲ ကြွားမနေနဲ့တော့ ကြည့်သူကမင်းကိုယုံတောင်မယုံဘူး"

ဂျယ်လီဖြူမှာအခွင့်အရေးအားအမိအရဆုပ်ကိုင်ကာ ချက်ချင်းပင်ရန်စလိုက်သည်။

"ငါကရှေး‌ဟောင်းဖားပဲ ရှေးဟောင်းကြယ်ကနေမွေးလာတဲ့အသက် စကြဝဠာကနေ ချောက်နက်အထိ ငါမသိတာဘာမှမရှိဘူး မင်းကငါ့ကိုမယုံပဲနေရဲတယ်ပေါ့"

ဖားမှာစော်ကားခံလိုက်ရသလိုခံစားလိုက်ရပြီး ‌ဒေါသထွက်သွားခဲ့သည်။

ကျိုးဟောင်မှာအချက်တစ်ခုအားထောက်ပြခြင်းသာဖြစ်သည်။ တစ်ဖက်လူမှာဘာကြောင့်ဤမျှလောက်တုံ့ပြန်ပုံပြင်းထန်နေရပါသနည်း။

သို့သော်ကျိုးဟောင်မှာ အလျင်အမြန်ပင်ခန့်မှန်းလိုက်သည်။ ဤအဖြူရောင်ဂျယ်လီမှာတကယ်ပင် ယောက်ျားနှင့်မိန်းမအားမခွဲခြားနိုင်လောက်ပေ။ မဟုတ်ပါက သူ့အားသေချာစစ်ဆေးပြီနောက် မိန်းမဟုပြောမည်မဟုတ်ပေ။

ဤဖားမှာစွမ်းအားကြီးပုံပေါ်ပြီး အားလုံးကိုသိပုံပေါ်ပေသည်။ သို့သော် ခံစားချက်မတည်ငြိမ်ဘဲ အတက်အကျမြန်ပေသည်။ အရေးကြီးဆုံးမှာ တစ်ဖက်လူမှာ သူပြောသည့်စကားအားမယုံသည့်အချိန်တွင်ဖြစ်သည်။

ကျိုးဟောင်၏စိတ်ထဲတွင်အကြံတစ်ခုပေါ်လာခဲ့ပြီး စမ်းသပ်ကြည့်ရန်ပြင်လိုက်သည်။

"သေချာပေါက်ပဲပေါ့ ခင်ဗျားမှာဘယ်လိုဖြစ်ပြီး ဒီလိုစွမ်းအားကြီးကြီးမားမားရှိမှာလဲ တကယ်လို့ခင်ဗျားမှာ ဒီလိုစွမ်းရည်မျိုးရှိရင် ခင်ဗျားဘာလို့ဒီနေရာမှာရှိနေဦးမှာလဲ"

ဖားမှာနှာခေါင်းရှုံ့လိုက်သည်။

"ဟမ့် ငါကစကြဝဠာအဆုံးမှာမွေးလာတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ငါလျှို့ဝှက်ချက်တစ်ခုသိခဲ့ရတယ် စကြဝဠာရဲ့ဇာစ်မြစ်ကိုသာရှာနိုင်ရင်ငါဘဝရဲ့လျှို့ဝှက်ဆန်းကြယ်မှုကို ပိုပြီးအဖြေရှာနိုင်မှာ အဲဒါကြောင့် ငါစပြီးရှာဖွေခဲ့တယ် တစ်ချို့ကိစ္စတွေသိခဲ့ရပြီးတော့ နောက်ဆုံးမှာဒီနေရာကိုရှာတွေ့ခဲ့တယ်"

ဖားမှာကျိုးဟောင်အားဤကိစ္စများပြောပြနေသော်ငြားကျိုးဟောင်မှာဂရုမစိုက်ပေ။

"ခင်ဗျားအရမ်းစွမ်းအားကြီတယ်ဆိုတာ ကျွန်တော်မယုံသေးဘူး ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာကိုသက်သေပြနိုင်တဲ့နည်းလမ်းမှမရှိတာ ခင်ဗျားပြောနေတာ အမှန်ဟုတ်မဟုတ် ဘယ်သူသိမှာလဲ"

ကျိုးဟောင်မှာဖားအားအဆက်မပြတ်လေ့လာနေပေရာ ထိုစကားအားပြောပြီးနောက်ဖားမှာပိုဒေါသဖြစ်သွားကြောင်းတွေ့လိုက်ရပေသည်။

"သက်သေပြစရာနည်းလမ်းမရှိဘူးဟုတ်လားဟမ့် မင်းကမှသက်သေပြဖို့အရည်အချင်းမရှိတာ ဒါပေမဲ့အခုငါပြောသမျှအားလုံးကအမှန်ဆိုတာ ငါမင်းကိုသက်သေပြလို့ရတယ်"

ပြောရင်းဖားမှာ ၎င်း၏ပါးစပ်အားဟလိုက်ပြီးပစ္စည်းတစ်ခုအားထွေးထုတ်လိုက်သည်။ ၎င်းမှာစာလိပ်တစ်လိပ်ဖြစ်ပြီး အလွန်ကြီးမားလှပေသည်။ ယခုစာလိပ်မှာဖားထက်ပင်ဆယ်ဆမျှပိုကြီးမည်ဟု ကျိုးဟောင်တွေးမိလိုက်ပေသည်။ ဤဖားသည်မည်သည့်နည်းလမ်းဖြင့် ထွေးထုတ်လိုက်ပါသနည်း။

"ဒါကရုပ်ပိုင်းဆိုင်ရာကျင့်ကြံရေးသိုင်း ကြည့်ကြည့်လိုက် ငါဖန်တီးထားတာ"

ဖားမှာစာလိပ်အားကျိုးဟောင်ထံတန်းပစ်ပေးလိုက်ပြီး ၎င်း၏ပုံစံမှာအလွန်ဘဝင်မြင့်နေပုံပင်။ ကျိုးဟောင်မှာထိုစာလိပ်အားယူကာဖွင့်ကြည့်လိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့်ကျိုးဟောင်မှာ ဤသိုင်းသည်တကယ်ပင်ကောင်းမွန်သော ကျင့်ကြံရေးသိုင်းတစ်ခုဖြစ် ကြောင်းသိလိုက်ရပေသည်။ ၎င်း၏ဇာစ်မြစ်အားကျိုးဟောင်မသိသော်ငြား စနစ်ဖြင့်စမ်းသပ်လိုက်သည်။ ဤသိုင်းသည် စကြဝဠာအဆင့်ကျင့်ကြံရေးသိုင်းတစ်ခုဖြစ်သည်။

အမည်မှာ စကြဝဠာခန္ဓာကိုယ်ဖြစ်သည်။

"မင်းကသိုင်းပညာရှင်တစ်ယောက်ဆိုတော့ တစ်ချို့သိုင်းပညာရှင်တွေမှာအထူးခန္ဓာကိုယ်ရှိတယ်ဆိုတာ သိမှာပဲ ဒါပေမဲ့ ငါမင်းကိုပြောနိုင်တာက ဒီခန္ဓာကိုယ်တွေက ဒီစကြဝဠာခန္ဓာကိုယ်ကနေဆင်းသက်လာတယ်ဆိုတာပဲ ဒီစကြဝဠာခန္ဓာကိုယ်က အထူးခန္ဓာကိုယ်တွေအားလုံးရဲ့ ဘိုးဘေးပဲ တကယ်လို့မင်းဒါကိုကျွမ်းကျင်သွားရင် ကြယ်စနစ်အချို့ကိုလုယက်ယူဖို့က မင်းအတွက်ပြဿနာမဟုတ်တော့ဘူး"

ဖားမှာအလွန်ဘဝင်မြင့်နေပြီး ကျိုးဟောင်မှာမူမယုံကြည်နိုင်ပေ။

"မင်းအခုငါ့ကိုယုံပြီလား"

ကျိုးဟောင်မှာဤကျင့်ကြံရေးသိုင်းအားကြည့်ကာ ဤကဲ့သို့စွမ်းအားကြီးသောကျင့်ကြံရေးသိုင်းမှာ ကျင့်ကြံရအလွန်ခက်မည်ဟုခံစားလိုက်ရပေသည်။ ထို့ကြောင့်ပြောလိုက်သည်။

"ခင်ဗျားပေးတဲ့ဒီကျင့်ကြံ‌ရေးသိုင်းကစွမ်းအားကြီးတယ်ဆိုပေမဲ့ ဘယ်လိုကျင့်ကြံရလဲဆိုတာ ကျွန်တော်မသိဘူး ခင်ဗျားကျွန်တော့်ကိုမပြောဘဲ ဘယ်လိုကျင့်ကြံရမှာလဲ"

ဤကျင့်ကြံရေးသိုင်းမှာရုပ်ပိုင်းဆိုင်ရာကျင့်ကြံရေးသိုင်းဖြစ်ပြီး အရိပ်ဓားခုနစ်ချောင်းကဲ့သို့သောကျင့်ကြံရေးသိုင်းမျိုးမဟုတ်ပေရာ ဤသိုင်းအားသင်ယူရန်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားသုံး၍မရပေ။

ထို့ကြောင့်ကျိုးဟောင်မှာ ဖားအားမျှော်လင့်တကြီးမေးလိုက်ခြင်းဖြစ်သည်။

"ဟမ့် ဒီစကြဝဠာအဆင့်ကျင့်ကြံရေးသိုင်းက အရမ်းကျင့်ကြံလို့လွယ်တယ်ထင်နေတာလား မင်းရဲ့လက်ရှိပါရမီနဲ့ မင်းဒါကိုလုံးဝမကျင့်ကြံနိုင်ဘူး"

ဖားမှာမဲ့ကာရွဲ့ကာဖြင့်ပြောလိုက်သည်။

"တကယ်လို့ကျွန်တော်ကျင့်ကြံလို့မရရင်ဘာလို့ပေးတာလဲ ဟမ့် ခင်ဗျားစကားကိုဘယ်လိုယုံရမှာလဲ"

ကျိုးဟောင်မှာတမင်ပင်မခံချင်‌အောင်ပြောလိုက်သည်။

"ဒါကကျင့်ကြံဖို့လွယ်တယ်လို့ထင်နေတာလား ဒါကိုဘဝပုံစံပထမအဆင့်ကိုကျော်လွန်ပြီးသားလူပဲကျင့်လို့ရတာ မင်းလိုလူကကျင့်လို့ရမယ်ထင်နေတာလား တကယ်လို့မင်းအခုကျင့်ကြံရင်တောင် အသုံးမဝင်ဘူး"

ဖားမှဒဲ့ပင်ပြောလိုက်သည်။

"ဘဝပုံစံပထမအဆင့် ဘာအဓိပ္ပာယ်လဲ"

ကျိုးဟောင်မှာ မနေနိုင်ဘဲမေးလိုက်မိသည်။

ကမ္ဘာဂြိုဟ်စကားအရဆို မင်းကထူးကဲတဲ့သွေးမျိုးဆက်နဲ့ပါရမီရှင်တစ်ယောက်ပဲ ငါတို့ရဲ့တွက်ချက်ပုံအရဆိုရင်တော့ မင်းကဘဝပုံစံအဆင့်၅ဆင့်မြောက်မှာပဲရှိသေးတာ ဘဝပုံစံပထမအဆင့်ကိုရောက်ဖို့ အဝေးကြီးလိုသေးတယ် ဘဝပုံစံပထမအဆင့်ကျင့်ကြံရေးက မင်းရဲ့မွေးဖွားလာကတည်းကသက်တမ်းနဲ့တောင်ယှဉ်လို့ရတယ်"

ဖား၏စကားဆုံးသောအခါ ကျိုးဟောင်မှာကြက်သေသေသွားခဲ့သည်။

မွေးဖွားလာကတည်းကသူ၏လက်ရှ်ိကျင့်ကြံဆင့်ဖြင့်ကိုက်ညီနိုင်ရန်မှာ မည်မျှထိသာလွန်ကောင်းမွန်ရမည်နည်း။

"ဟမ့် အံ့ဩသွားတယ်မလား ဒါပေမဲ့ဒီဘဝပုံစံရဲ့ကန့်သတ်ချက်ကချိုးဖောက်နိုင်သေးတယ် မင်းစကြဝဠာစွမ်းအားကိုစုပ်ယူနေသရွေ့ တဖြည်းဖြည်းတိုးတက်လာနိုင်တယ် ကမ္ဘာဂြိုဟ်ပေါ်က မင်းရဲ့လူသားမျိုးနွယ်က အတော်လေးကောင်းတဲ့ဘဝပုံစံလို့ပြောလို့ရတယ် မင်းရဲ့သေမျိုးအသက်ပုံစံက အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ ၁၀ ဆင့်မြောက်ဘဝပုံစံမှာပဲရှိသေးတယ် ၅ဆင့်မြောက်ကိုရောက်ဖို့ဆို မင်းကျင့်ကြံပြီး မင်းရဲ့ခန္ဓာကိုယ်ကိုတိုးမြှင့်ဖို့ရတနာအချို့တောင်သုံးခဲ့ရမှာပဲ ဟုတ်တယ်မလား တကယ်လို့ငါထင်တာမမှားရင် ဒါကခန္ဓာကိုယ်ပုံသွင်းအရည်တစ်ချို့ဖြစ်လိမ့်မယ် ဟုတ်တယ်မလား"

ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်ပြီးသူမည်သူ့ကိုမျှမပြောခဲ့ပေ။ သို့သော်တစ်ဖက်လူမှာတစ်ချကြည့်ရုံဖြင့်ပြောနေနိုင်ပေသည်။

"ဒီတော့ဘာဖြစ်လဲ ကျွန်တော်ဒီကျင့်ကြံရေးသိုင်းကိုကျင့်ကြံနိုင်တဲ့အချိန်မှသာယုံမှာ"

ကျိုးဟောင်မှာချက်ချင်းပင်သွားရမည့်ဦးတည်ချက်အားခွဲခြားကာ အလျင်အမြန်ထွက်သွားခဲ့သည်။

"ဟမ် မင်းဘာလုပ်မလို့လဲ မိုရိုမျိုးနွယ်စုအကြောင်းဘာမှတောင်မသိဘဲနဲ့ ဘာလို့လျှောက်သွားနေတာလဲ"

ဖားမှာကျိုးဟောင်အားအလျင်အမြန်ပင်တားလာခဲ့သည်။

"ခင်ဗျားဒီနေရာနဲ့ရင်းနှီးလား"

ကျိုးဟောင်မှမေးလိုက်သည်။

"မဟုတ်တာတွေ ငါ...ငါ သူငါ့သခင်ဖြစ်လာတဲ့အချိန်တောင်မေ့သွားပြီ ဒါပေမဲ့ငါ့သခင်တွေထဲကတစ်ယောက်က မိုရိုမျိုးနွယ်ရဲ့ခေါင်းဆောင်ပဲ သူ့ရဲ့စိတ်စွမ်းအားကိုသင်ပေးခဲ့တဲ့လူကငါပဲ ဒါနဲ့ သူလည်းမူလကျောက်စာစွမ်းအားအကြောင်းနည်းနည်းသိတယ် ဒါပေမဲ့သူက မင်းလောက်တော့ရှေးရိုးမစွဲဘူး"

ထိုစကားဆုံးသောအခါ ကျိုးဟောင်မှာချက်ချင်းပင်မေးလိုက်သည်။

"ဒါဆို ခင်‌ဗျားဟွမ်လို့ခေါ်တဲ့လူကိုသ်ိလား"

"မင်းဟွမ်ကိုပြောနေတာလား ဟမ့် သူလည်းငါ့သခင်ပဲလေ"

ဖား၏စကားများမှာကျိုးဟောင်အားထိတ်လန့်သွားစေခဲ့သည်။

"သေချာတာပေါ့ ငါဟွမ်နဲ့အတူရှိခဲ့တဲ့ခေတ်က ငါ့ဘဝကအသက်သာဆုံးပဲတကယ်လို့ငါသူနဲ့မခွဲနိုင်လို့သာမဟုတ်ရင် အစောကြီးကတည်းကဒီဂြိုဟ်ပေါ်ကထွက်သွားပြီးနေပြီ သူကအဲဒါကိုအသုံးချပြီး ကမ္ဘာဂြိုဟ်ကိုဖုံးကွယ်ထားဖို့ ငါ့ကိုမူလကျောက်စာအကာအကွယ်တောင်ဖန်တီးခိုင်းခဲ့သေးတယ် အခုတော့ကောင်းရော အထဲကလူလည်းထွက်မရ အပြင်ကလူလည်းဝင်မရနဲ့ ဟင်း... ဒါကြောင့်ပဲငါဒီမှာဒီလောက်နှစ်တွေအကြာကြီး ခါးခါးသီးသီးဖြတ်သန်းနေတာပေါ့"

ကျိုးဟောင်မှာဤဖားအားဤမျှလောက်စွမ်းအားကြီးမည်ဟုမထင်ထားခဲ့ပေ။ ဟွမ်အကြောင်းတောင်သိပေသည်။

....................................................................................

အခန်း(၅၀၇)ပြီးပါပြီ။

All Chapters