အခန်း (၅၂၆-၅၂၈)
Vol. 36 Ch. 526-528
အခန်း (၅၂၆) : ဒုတိယနန်းတော်
ကျိုးဟောင်မှာအလွန်ထိတ်လန့်သွားကာအရှိန်တင်လိုက်ပေရာ နောက်တွင်ပုံရိပ်ယောင်များပင်ကျန်ခဲ့လေသည်။ သူသည်လုံးဝမရပ်တန့်ဝံ့ဘဲ ဖားပြောခဲ့သောတောင်အတွင်းပိုင်းသို့ ဦးတည်ပြေးတော့သည်။
သူ့နောက်ရှိစွမ်းအင်အတက်အကျမှာ ကျိုးဟောင်အားခေါင်းယားအောင်လုပ်နိုင်စွမ်းရှိပေသည်။ ဤလူမှာအလွန်စွမ်းအားကြီးလှသည်။ ကျိုးဟောင်မှာသူ၏စွမ်းအားသည်တစ်ဖက်လူရှေ့တွင်စက္ကူတစ်ခုလိုသာဖြစ်ကြောင်းခံစားလိုက်ရပေသည်။ တစ်ဖက်လူသာအလိုရှိပါက သူ့အားလက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်နိုင်ပေသည်။
ကျိုးဟောင်မှာလွတ်မြောက်နိုင်မလားမသိသော်ငြား မည်သို့ပင်ဖြစ်စေ လက်လျှော့လိုက်လို့မရပေ။
ထို့ကြောင့် လက်ရှိအချိန်တွင် သူ၏ခန္ဓာကိုယ်မှာပေါ့ပါးနေပြီး အရှိန်မှာလည်းအလွန်လျင်မြန်လှပေသည်။
မကြာမီကျိုးဟောင်မှာသူ့ဘေးတွင် စွမ်းအင်အတက်အကျနှစ်ခုပေါ်လာသည်ကိုခံစားမိလိုက်ပေသည်။ ကျိုးဟောင်အရှိန်တင်လိုက်စဥ်မှာပင် သူ့ပခုံးပေါ်သို့ရောက်လာသော ဖားနှင့်ဂျယ်လီဖြူတို့အားတွေ့လိုက်ရသည်၊။
ဘာကြောင့်မှန်းမသိဖား၏မျက်မှန်မှာကွဲနေပြီး အနီရောင်ဝတ်ရုံမှာလည်းတွန့်ကြေနေခဲ့သည်။
ဂျယ်လီဖြူသည်လည်းအတူတူပင် မူလကနှင်းကဲ့သို့ဖြူဖွေးနေသော်လည်း ယခုမူမီးခိုးရောင်ဖြစ်နေပြီး ကြည့်ရအလွန်ထူးဆန်းလှပေသည်။ ကျိုးဟောင်မှာ ထိုမြင်ကွင်းအားကြည့်ပြီးထိတ်လန့်သွားခဲ့သည်။
"သေစမ်း ဝိဉာဥ်ခန္ဓာကိုယ်က တကယ်ကိုဒီလောက်စွမ်းအားကြီးတာပဲ ကျွန်တော်နှစ်တွေအများကြီးစုဆောင်းလာခဲ့ရတဲ့စွမ်းအင်တွေပျောက်ကုန်ပြီ"
ကျိုးဟောင်မှာအလျင်အမြန်ပင်ပြောလိုက်သည်။
"အဲဒီလူက အဲဒီလောက်ကိုစွမ်းအားကြီးတာလား"
"ဒါပေါ့ အဲဒီလူကမူလစကြဝဠာသစ်ပင်ရဲ့ အစောင့်အရှောက်ဖြစ်မယ် မင်းကမူလစကြဝဠာသစ်ပင်ကိုယူလာတယ်ဆိုကတည်းက သူကမင်းကိုသတ်ဖို့ဆုံးဖြတ်ထားပြီးသား တကယ်လို့ငါတို့ တောင်အတွင်းပိုင်းကိုရောက်အောင်သွားနိုင်ရင် ငါတို့အသက်ရှင်နိုင်သေးတယ်"
ဖား၏ပုံစံမှာအလွန်ပူပန်နေပုံပင်။ ဖား၏ယခုလိုစိတ်ပူနေသည့်ပုံစံအားမြင်ရခြင်းမှာ ယခုအချိန်သည်ကျိုးဟောင်အတွက်ပထမဆုံးအကြိမ်ဖြစ်သည်။
"မင်းအခုတော့ခဏထိန်းထားဦး ပျက်စီးမှုကအရမ်းများတယ် ငါအိပ်ချင်နေပြီ"
ဖားမှာပြောရင်း ကျိုးဟောင်၏လွယ်အိတ်ထဲဝင်ပြီး ထူးဆန်းသောအလင်းတစ်ခုထွက်ပေါ်လာပြီးနောက် အိပ်ပျော်သွားခဲ့သည်။
ကျိုးဟောင်မှာစိတ်ထဲ၌နာကျင်သွားရသော်လည်း မတတ်နိုင်ပေ။ အလျင်အမြန်ပင်ခြေထောက်အားအားပြုကာအရှိန်တင်လိုက်သည်။
သို့သော်ထိုအချိန်တွင် အန္တရာယ်ကြီးသောအငွေ့အသက်တစ်ခုအား ကျိုးဟောင်ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာလည်းချက်ချင်းပင်ရပ်တန့်သွားကာ ဘယ်ဘက်သို့ရွေ့လျားသွားခဲ့သည်။
ထိုအချိန်တွင်လေဟာနယ်ထဲမှလက်တစ်ဖက်ထွက်လာကာ အစောပိုင်းကကျိုးဟောင်ရပ်နေခဲ့သောနေရာအားရက်စက်စွာထိုးဖောက်သွားခဲ့ပြီး အနက်ရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။
ကျိုးဟောင်မှာတစ်ဖက်လူ၏ပုံစံအားရှင်းရှင်းလင်းလင်းမမြင်ရသော်ငြား ထိုလူထံမှအေးစက်သောအငွေ့အသက်များထုတ်လွှတ်နေကြောင်းကိုတော့ခံစားမိပေသည်။
"သေစမ် ဒီလူကအရမ်းမြန်လွန်းတယ်"
ကျိုးဟောင်မှာထိတ်လန့်နေခဲ့သည်။ ထို့နောက်သူသည်ကျောပိုးအိတ်ထဲမှရတနာပေါင်းစုံအားသုံးကာထွက်ပြေးတော့သည်။ တခြားဘာကိုမှဂရုမစိုက်ဘဲ ထိုပုံရိပ်အားတားနိုင်မလားဟူသောမျှော်လင့်ချက်ဖြင့်ချက်ချင်းပင်ပစ္စည်းများအားဖောက်ခွဲပစ်လိုက်သည်။ သို့သော်တစ်ဖက်လူမှာအရေးစိုက်ပုံမပေါ်ပေ။ ဤပြင်းထန်သည့်ပေါက်ကွဲမှုမှာ သူ့အားမတားဆီးနိုင်သည့်အပြင် သူသည်ကျိုးဟောင်နားတဖြည်းဖြည်းကပ်လာခဲ့သည်။
ထိုအချိန်မှာပင်ထိုလူသည်သူ၏လက်အားဆန့်ထုတ်ကာ ကျိုးဟောင်အားရက်စက်စွာရိုက်ချလိုက်သည်။ ကြီးမားသောအားမှာ ကမ္ဘာကြီးကိုပင်နှစ်ခြမ်းကွဲသွားမယောင်ထင်ရပြီး ကျိုးဟောင်ကိုပင်ခေါင်းယားသွားစေခဲ့သည်။ ကျိုးဟောင်မှာရှောင်ရန်ပြင်လိုက်သော်ငြား အလွန်နောက်ကျသွားပြီဖြစ်သည်။ ဂျယ်လီဖြူမှာအပေါ်သို့ခုန်တက်သွားကာ ကျိုးဟောင်၏နောက်ကျောအားကာကွယ်ပေးသည့် အဖြူရောင်အကာအကွယ်အဖြစ်အသွင်ပြောင်းသွားခဲ့သည်။ လက်ဝါးချက်မှာလည်းရောက်ရှိလာခဲ့ပြီး အားကောင်းသောအားမှာ ကျိုးဟောင်အားချက်ချင်းပင်သွေးအန်သွားစေခဲ့သည်။
သူ၏ခန္ဓာကိုယ်မှာလည်းပျက်စီးနေသောဘောလုံးတစ်လုံးကဲ့သို့ မီတာတစ်ရာနီးပါးလွင့်ထွက်သွားခဲ့ကာ လမ်းတွင်ပိတ်ဆို့နေသောသစ်ပင်ကြီးတစ်ပင်ဖြင့်ဝင်တိုက်မိသွားသည်။
ကျိုးဟောင်မှာရင်တုန်သွားခဲ့သော်ငြား ဒဏ်ရာအားစစ်ဆေးရန်အချိန်မရှိပေရာ ဆက်လက်ထွက်ပြေးရန်သာပြင်လိုက်သည်။
ထိုအချိန်တွင် ဂျယ်လီဖြူ၏အငွေ့အသက်မှာ ကျိုးဟောင်၏ခန္ဓာကိုယ်တွင်ပေါ်လာခဲ့ပြီး ၎င်းမှာရွှေရောင်သွေးတစ်ပွက်အားအန်ထုတ်လာခဲ့သည်။
ကျိုးဟောင်မှာထိတ်လန့်သွားပြီး စိတ်ထဲတွင်သက်ပြင်းချလိုက်မိသည်။
"ခုနကတုန်းကတိုက်ခိုက်မှုကို ဂျယ်လီဖြူသာကာပြီး တိုက်ခိုက်လိုက်တဲ့စွမ်းအားရဲ့အများစုကိုမလျှော့ချပေးခဲ့ရင် ငါသေနေလောက်ပြီ"
ကျိုးဟောင်မှာပြောရင်း နတ်ဘုရားမြေဆီလွှာအားကျောပိုးအိတ်ထဲသို့ဂရုတစိုက်ထည့်လိုက်ပြီး ဆက်အရှိန်တင်လိုက်သည်။ သို့သော်သူ၏အရှိန်မှာအမဲရောင်ပုံရိပ်ဖြင့်မယှဥ်နိုင်ပေရာ ထိုလူ၏လက်ထဲတွင်မိမလိုဖြစ်သည်မှာ အခါခါပင်ဖြစ်သည်။ ကျိုးဟောင်မှာရတနာများအားဖောက်ခွဲရင်း သို့မဟုတ် စွမ်းအားအပြည့်ဖြင့်ခုခံရင်းထွက်ပြေးနေရပေသည်။ ထိုသို့ဖြစ်သည်မှာအကြိမ်အနည်းငယ်ကြာပြီးနောက်တွင်ကျိုးဟောင်မှာဒဏ်ရာအပြင်းအထန်ရနေပြီဖြစ်ပြီး ဆက်လက်တောင့်ခံမထားနိုင်တော့ပေ။
"ကြည့်ရတာငါဒါကိုလက်လျှော့မှရတော့မဲ့ပုံပဲ ဒါကအရမ်းကြောက်စရာကောင်းလွန်းတယ် ငါအခုသူ့ကိုပေးလိုက်ရင်တောင် သူကငါ့ကိုလွှတ်ပေးမှာမဟုတ်လောက်ဘူး"
ကျိုးဟောင်၏နှလုံးသားမှာအတွေးမျိုးစုံဖြင့်ပူလောင်နေခဲ့ပြီး ထိုအချိန်တွင်သူ၏အမူအရာမှာရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ ထူးဆန်းသောတောတစ်ခုအားဖြတ်သန်းပြီးနောက် ကျိုးဟောင်မှာအလွန်ထူးဆန်းသောနေရာတစ်ခုသို့ရောက်သွားခဲ့သည်။
ထိုနေရာသည်ကြီးမားသောတောင်ကြီးတစ်လုံးဖြစ်ကာ အဆုံးမရှိဘဲအလွန်ကြီးကျယ်ခမ်းနားလှပေသည်။ ထို့အပြင်ကျိုးဟောင်အားထိတ်လန့်စေသည့်အရာမှာ ထိုတောင်ပေါ်တွင်ထူးဆန်းသောအငွေ့အသက်တစ်ခုရှိနေခြင်းပင်ဖြစ်သည်။
ဤအငွေ့အသက်မှာအားလုံးအားတွန်းကန်နေပုံပေါ်ပြီး ပတ်ဝန်းကျင်မှတိမ်တိုက်များဖြစ်စေ၊ အငွေ့အသက်ဖြစ်စေဤတောင်ထဲသို့ဝင်ရောက်နိုင်ခြင်းမရှိပေ။
ဆက်ဝင်သွားသည်နှင့်ကျိုးဟောင်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။ အကြောင်းမှာသက်ရှိအငွေ့အသက်တစ်ခုအားခံစားမိလိုက်၍သာဖြစ်သည်။ ကျိုးဟောင်အလျင်အမြန်ပင်မော့ကြည့်လိုက်ရာ တောင်ပေါ်တွင်တင်ပလ္လင်ခွေထိုင်ကာ ထူးဆန်းစွာဝတ်ဆင်ထားသောလူတစ်ယောက်အားတွေ့လိုက်ရပေသည်။
ထိုထူးဆန်းသောဝတ်စုံနှင့်လူသည်လည်းကျိုးဟောင်နှင့်အကြည့်ဆုံသွားသည့်အချိန်တွင် ခေတ္တမျှကြက်သေသေသွားခဲ့ပြီး ကျိုးဟောင်အားအံ့သြတကြီးကြည့်နေခဲ့သည်။ သူသည်ကျိုးဟောင်ဤနေရာအားဖောက်ဝင်လာပြီး သူ့အားမြင်နိုင်လိမ့်မည်ဟုမထင်ထားခဲ့ပုံပေ။
အမဲရောင်ပုံရိပ်သည်လည်းလျင်မြန်စွာဆင်းသက်လာခဲ့သည်။ စွမ်းအားကြီးသောအငွေ့အသက်မှာလည်း အားကောင်းသောသတ်ဖြတ်လိုစိတ်ဖြင့်ကျရောက်လာခဲ့သည်။
သို့သော်ထူးဆန်းသောဝတ်စုံနှင့်လူမှာနှာခေါင်းရှုံ့လိုက်ပြီးခြေတစ်လှမ်းဆင်းလိုက်ကာ အမဲရောင်ဝတ်ရုံနှင့်လူရှေ့တွင်ရပ်လိုက်ပြီး သူ၏ပန်းထိုးထားသောဝတ်ရုံအားဖြန့်ကာ သူတို့နှစ်ယောက်ကြားတွင်အကာအကွယ်တစ်ခုဖန်တီးလိုက်သည်။
"ပြန်သွား မင်းမှာငါ့ရဲ့ဝိဉာဥ်နန်းတော်ကိုလာလို့ရတဲ့အခွင့်အာဏာမရှိဘူး"
ထူးဆန်းသောဝတ်စုံနှင့်လူမှာပြောလိုက်သော်ငြား အမဲရောင်ဝတ်စုံနှင့်လူမှာနားလည်ပုံမပေါ်ပေ။ ကျိုးဟောင်အားသတ်ဖြတ်လိုစိတ်ဖြင့်သာ အေးစက်စွာစိုက်ကြည့်နေပေသည်။
ထိုအချိန်တွင်ထူးဆန်းသောဝတ်စုံနှင့်လူမှာ မျက်မှောင် ကြုတ်ရင်းပြောလာခဲ့သည်။
"ဒီတော့ သူ့ဝိဉာဥ်ကိုဆုံးရှုံးသွားပြီး အမိန့်တွေကိုပဲနာခံတတ်တဲ့ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သွားတာ ကြာလှပြီပေါ့"
ပြောရင်းလေဟာနယ်အားအသာအယာပုတ်လိုက်ရာ အမဲရောင်ဝတ်စုံနှင့်လူနောက်တွင် ချက်ချင်းပင်ကြီးမားသောအပေါက်တစ်ခုပေါ်လာခဲ့ပြီး အဆုံးမရှိသောဆွဲငင်အားတို့ထွက်ပေါ်လာကာအမဲရောင်ပုံရိပ်အားစုပ်ယူသွားတော့သည်။ ကျိုးဟောင်မှာတစ်ချိန်လုံးအာရုံစိုက်နေခဲ့ပြီး ရှေ့ရှိလူမည်မျှစွမ်းအားကြီးကြောင်းသိလိုက်ရချိန်တွင် ထိတ်လန့်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်.....အစ်ကိုကြီးကျွန်တော်တို့ကိုကယ်ပေးလို့"
ကျိုးဟောင်မှအလျင်အမြန်ပင်ပြောလိုက်သည်။
"အစ်ကိုကြီး ဟဟ ငါကမင်းအဘိုးလို့ခေါ်ရင်တောင်ရတဲ့အရွယ်ဖြစ်နေမှာကြောက်မိတယ် မင်းကဒုတိယနန်းတော်ကိုဝင်လာနိုင်တယ်ဆိုမှတော့ ဒီနေရာနဲ့ရေစက်ရှိတယ်လို့ပြောလို့ရတယ် မင်းဒဏ်ရာအပြင်းအထန်ရထားတယ် ဒီတော့မင်းဒဏ်ရာတွေကိုအမြန်ကုလိုက်ပါ မင်းလက်ထဲကမူလစကြဝဠာသစ်ပင်ကိုတတ်နိုင်သမျှအမြန်ဆုံးသန့်စင်လိုက် မဟုတ်ရင်သူထပ်ရောက်လာလိမ့်မယ်"
ထူးဆန်းသောဝတ်စုံနှင့်လူမှာ ကျိုးဟောင်အားကြည့်ကာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
ကျိုးဟောင်မှာထိုစကားအားကြားလိုက်ရချိန်တွင် ရင်ပင်တုန်သွားခဲ့ပြီး တွေဝေမနေဘဲ တင်ပလ္လင်ခွေထိုင်ကာ ဒဏ်ရာများအားစတင်ကုသတော့သည်။
တစ်ဖက်လူ၏စကားအားသူတကယ်မေးချင်သော်ငြားလက်ရှိတွင် ဒဏ်ရာအားကုသရန်မှာပိုအရေးကြီးပေရာ ကျိုးဟောင်မှာငြင်းဆိုမနေတော့ပေ။
သိပ်မကြာမီ ကျိုးဟောင်မှာသူ၏ဒဏ်ရာများအားထိန်းချုပ်လိုက်ကာ မူလစကြဝဠာသစ်ပင်အားထုတ်ယူလိုက်သည်။ ရိုးရိုးသားသားပြောရပါက ဤပစ္စည်းအားမည်သည့်နည်းလမ်းဖြင့်သန့်စင်ရမည်မှန်းကျိုးဟောင်မသိပေ။
"စကြဝဠာမူလသစ်ပင်ကစွမ်းအင်အနှစ်သာရတွေစုစည်းနေတဲ့ပစ္စည်းတစ်ခုပဲ တကယ်လို့မင်းဒါကိုသန့်စင်ချင်တယ်ဆိုရင် အရမ်းရိုးရှင်းတယ် မင်းသွေးကိုအဲဒီပေါ်လောင်းချလိုက်ရုံပဲ ဒါဆိုမင်းအပိုင်ဖြစ်သွားပြီ"
ထိုအချိန်တွင် ထူးဆန်းသောအဝတ်အစားနှင့်လူမှာ ချက်ချင်းပင်ပြောလာခဲ့သည်။
ကျိုးဟောင်မှာထိုလူ၏စကားသည်မှန် မမှန်မသိသော်ငြားလက်ရှိအချိန်တွင်သူလုပ်နိုင်တာဘာမှမရှိပေ။ ထို့ကြောင့်ချက်ချင်းပင်သူ၏သွေးအားထုတ်ကာမူလစကြဝဠာသစ်ပင်ပေါ်သို့လောင်းချလိုက်သည်။
ချက်ချင်းဆိုသလိုပင် မူလစကြဝဠာသစ်ပင်မှထူးဆန်းသောအလင်းရောင်တစ်ခုဖျက်ခနဲပေါ်လာကာ သူ၏ခန္ဓာကိုယ်ထဲဝင်သွားသည်ကိုမြင်လိုက်ရသည်။ ထို့နောက်၎င်းမှာကွင်းတစ်ခုအဖြစ်ပြောင်းကာ သူ၏နှလုံးသားတွင်တင်းကြပ်စွာရစ်ပတ်သွားလေတော့သည်။
....................................................................................
အခန်း (၅၂၆) ပြီးပါပြီ။
အခန်း (၅၂၇) : စုရှောင်းဖေးနှင့်ထပ်မံတွေ့ဆုံခြင်း
ထိုပစ္စည်းမှာသူ၏ခန္ဓာကိုယ်တွင်းဝင်သွားပြီးနောက် နှလုံးသားနှင့်အနီးတွင်နေရာယူလိုက်သည်။ ကျိုးဟောင်မှာဤပစ္စည်းနှင့်တစ်ခုခုဆက်နွယ်နေသကဲ့သို့ အလွန်ထူးဆန်းသည့်ခံစားချက်အားခံစားလိုက်ရသည်။
အတွေးတစ်ချက်တွေးရုံဖြင့်မူလစကြဝဠာသစ်ပင်မှာချက်ချင်းပင်သန့်စင်သောစွမ်းအင်အနှစ်သာရတစ်ခုထုတ်ပေးလာပြီး ကျိုးဟောင်အား အားပြန်ဖြည့်ပေးလိုက်သည်။ မူလကကျိုးဟောင်ခံစားနေရသောဒဏ်ရာများစွာအတွက် စွမ်းအင်အနှစ်သာရများစွာသုံးစွဲကာကုသရမည်ဖြစ်သော်ငြား ယခုတွင်စက္ကန့်ပိုင်းအတွင်း ဒဏ်ရာများအားကုသလိုက်နိုင်ပေသည်။
"ဘုရားရေ ဒါကအရမ်းကောင်းလွန်းတယ်"
ဤများစွာသောစွမ်းအင်အနှစ်သာရပမာဏမှာ ကျိုးဟောင်အားတံတွေးပင်မျိုချမိအောင်လုပ်နိုင်စွမ်းရှိပေသည်။ လက်ရှိအချိန်တွင် သူ့ထံ၌အဆုံးမရှိသောစွမ်းအင်အနှစ်သာရတို့ရှိနေပြီဟူသောအဓိပ္ပာယ်ပင်မဟုတ်ပါလော။
ကျိုးဟောင်မှာဒဏ်ရာများအားကုပြီးနောက်မတ်တပ်ရပ်လိုက်ကာ ထူးဆန်းသောဝတ်ရုံနှင့်လူအားကြည့်ကာ ဦးညွှတ်လိုက်သည်။
"အစ်ကိုကြီး ကျိုးဟောင်အစ်ကိုကြီးရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူး နောက်ကိုအစ်ကိုကြီးတောင်းဆိုစရာရှိရင် ကျွန်တော့်ကိုအားမနာတမ်းပြောပါ ကျွန်တော်အတတ်နိုင်ဆုံးအကောင်းဆုံးကြိုးစားပေးပါ့မယ်"
သို့သော်ထူးဆန်းသောဝတ်စုံနှင့်လူမှာ ကျိုးဟောင်အားလျစ်လျူရှုကာတောင်ကိုငေးကြည့်ရင်း ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
"ဒီနေရာကမိုရိုမျိုးနွယ်စုရဲ့စွမ်းအားအကောင်းဆုံးမျိုးနွယ်ရဲ့နေရာဖြစ်ခဲ့ဖူးပြီးတော့ ဒုတိယနန်းတော်လို့ခေါ်တယ်"
"မိုရိုမျိုးနွယ်စုမှာ စုစုပေါင်းနန်းတော်၃ ခုနဲ့ ခန်းမဆောင် ၅ ခုရှိတယ် အားလုံးမှာသာမန်ထက်ထူးခြားတဲ့စွမ်းအားမျိုးရှိတယ် ငါ့ရဲ့ဒုတိယနန်းတော်ဆိုပိုလို့တောင်ထူးခြားသေးတယ် မျိုးဆက်နည်းနည်းပဲရှိတယ်ဆိုပေမဲ့ အားလုံးကရက်စက်တဲ့လူတွေကြီးပဲ"
"ငါစဥ်းစားမိတိုင်း လမ်းပျောက်သွားသလိုပဲ ကောင်းပြီ ငါပြောစရာရှိတာအဲဒါအကုန်ပဲ သွားတော့ မင်းငါနဲ့တွေ့ခဲ့တယ်ဆိုတာဘယ်သူ့ကိုမှမပြောနဲ့"
ကျိုးဟောင်မှာစကားပြောလိုသော်ငြား ထိုလူမှာသူ့စကားဆုံးသည်နှင့်လက်အားဝေ့ယမ်းကာ ချက်ချင်းပင်ကျိုးဟောင်အားဒုတိယနန်းတော်၏အပြင်ဘက်သို့ပို့လိုက်တော့သည်။
တစ်ဖက်လူသည်သူ့အားမည်သည့်နေရာသို့ပို့လိုက်ကြောင်းကျိုးဟောင်မသိပေ။
"မိုရိုမျိုးနွယ်စုနဲ့ပတ်သက်ရင်ဖားကအများကြီးပိုသိပေမဲ့ အခုသူကအိပ်ပျော်နေတယ် နိုးလာဖို့ဘယ်လောက်ကြာမလဲဆိုတာငါမသိဘူး ပြီးတော့ဂျယ်လီဖြူလည်းရှိသေးတယ် သူလည်းဒဏ်ရာအပြင်းအထန်ရထားတာဆိုတော့အိပ်နေလောက်တယ် ပြီးတော့ငါကတော့....ဒီနေရာနဲ့မရင်းနှီးဘူး ဒီတိုင်းခြေဦးတည့်ရာလျှောက်သွားနေရုံပဲတတ်နိုင်တယ်"
ကျိုးဟောင်မှာဘေးပတ်ဝန်းကျင်အားကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
"မိုရိုမျိုးနွယ်ရဲ့နောက်ဆုံးစမ်းသပ်မှုက စိတ်စွမ်းအားပဲ အားလုံးကမိုရိုမျိုးနွယ်ရဲ့ပိုင်နက်ဟောင်းထဲကိုသိပ်မကြာခင်မှာဝင်ကြတော့မှာ တကယ်လို့ငါအထောက်အထားတစ်ခုခုမရှာနိုင်ရင် ငါဒီစိတ်လောကကိုဝင်ဖို့အရည်အချင်းပြည့်မီမှာမဟုတ်ဘူး"
ကျိုးဟောင်မှာအနည်းငယ်စိုးရိမ်သွားခဲ့သည်။ ဖားမှာဤအရည်အချင်းပြည့်မီမှုနှင့်ပတ်သက်ပြီးဘာမှသိပ်မပြောခဲ့ပေရာ ကျိုးဟောင်မှာလည်းနားမလည်ပေ။ ထို့ကြောင့်သူယခုလုပ်ရန်လိုအပ်သည့်အရာမှာ အဖြေရှာရန်ဖြစ်သည်။
ကျိုးဟောင်မှာဤကိစ္စအကြောင်းသိကာအဖြေပေးနိုင်မည့်လူအားရှာရန်ဆုံးဖြတ်လိုက်ပြီး ဦးတည်ချက်မရှိလိုက်လံရှာဖွေတော့သည်။ နာရီဝက်ကျော်မျှရှာပြီးနောက် ကျိုးဟောင်မှာလူတစ်ယောက်ပင်မတွေ့ရလေရာ အတော်လေးမကျေမနပ်ဖြစ်သွားခဲ့သည်။
သို့သော်ထိုအချိန်တွင်ရုတ်တရက်ဆိုသလိုပင် ဒဏ်ရာအပြင်းအထန်ရထားသော နိုင်ငံခြားသားများအားမြင်လိုက်ရပြီး စကားတစ်ခွန်းမှမဆိုဘဲ ချက်ချင်းဆိုသလိုပင် ထိုအဖွဲ့ရှေ့မှပိတ်ရပ်လိုက်သည်။
ထိုနိုင်ငံခြားသားများမှာ ကျိုးဟောင်မှသူတို့လမ်းအားပိတ်လိုက်သည်ကိုမြင်သောအခါ ဒေါသထွက်သွားခဲ့ကြကာမေးလိုက်သည်။
"သေစမ်း မင်ဘာလုပ်တာလဲ ထွက်သွား"
သူတို့အဖွဲ့မှာ ဒဏ်ရာအပြင်းအထန်ရထားသော်ငြား အလွန်မောက်မာနေသေးသည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာတစ်ယောက်တည်းဖြစ်ပြီး သူတို့အဖွဲ့မှာလူသုံးယောက်ရှိပေသည်။ ထို့အပြင်သူတို့၏ကျင့်ကြံရေးအဆင့်မှာဆဠမမြောက်မူလအဆင့်အထက်ရှိပေသည်။
ကျိုးဟောင်မှာပြုံးလိုက်ကာ ထိုအဖွဲ့အားညှာတာနေခြင်းမရှိဘဲ ချက်ချင်းပင်လက်သီးသုံးကာထိုအဖွဲ့အား တိုက်ခိုက်တော့သည်။
အဆုံးတွင်ကျိုးဟောင်မှာတရုတ်ရိုးရာသီချင်းအားဆိုရင်း ထိုအဖွဲ့အားမြေပြင်ပေါ်တွင်စောင့်ကြောင့်ထိုင်ကာခေါင်းမဖော်နိုင်သည်အထိ အနိုင်ကျင့်ပြီးနောက်မထူးဆန်းသလိုမေးလာခဲ့သည်။
"မိုရိုမျိုးနွယ်ရဲ့စိတ်လောကကိုဝင်ဖိုအရည်အချင်းပြည့်မီအောင်ဘယ်လိုလုပ်ရမလဲဆိုတာ မင်းတို့သိလား"
ထိုအဖွဲ့မှာအံ့သြသွားခဲ့ပြီး ကြက်သေသေသွားခဲ့သည်။
"စိတ်ချပါ မင်းတို့သေချာဖြေရင် ငါမင်းတို့ကိုမတိုက်ခိုက်ဘူး ဒါပေမဲ့အမှန်တိုင်းမပြောရင်တော့ ငါ့အဆိုးမဆိုနဲ့"
ကျိုးဟောင်မှာအလွန်စွမ်းအားကြီးလှပေရာ ဤလူများဒဏ်ရာရမနေလျှင်ပင် သူ၏ပြိုင်ဘက်မဟုတ်ပေ။ လက်ရှိအချိန်တွင် သူတို့သည်ဒဏ်ရာအပြင်းအထန်ရထားပေရာ သေချာပေါက်ကျိုးဟောင်၏ပြိုင်ဘက်ပိုလို့ပင်မဖြစ်နိုင်ပေ။
ဤမြင်ကွင်းကိုကြည့်ပြီးနိုင်ငံခြားသားများမှာလွန်ဒေါသထွက်သွားခဲ့သည်။ ယခုပုံစံသည်သိပ်ဘဝင်မြင့်လွန်းလှပေသည်။
"ဟမ့် တရုတ်ကောင်မင်းကအရမ်းဘဝင်မြင့်လွန်းတယ် မင်းငါတို့ဆီကသိချင်တာကိုငါတို့ပြောပြမှာမဟုတ်ဘူး မင်းတို့တရုတ်တွေက အရမ်းကောက်ကျစ်ပြီးဉာဏ်များတယ်"
ဤလူများမှာအလွန်ဒေါသထွက်နေကြပေသည်။ ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့ဘက်ကတစ်ခုခုအားရန်စမိသည်လော။
"ဒီတော့မင်းတို့ကငါ့ကိုမပြောဘူးပေါ့ ရတယ်ငါ့မှာနည်းလမ်းရှိတယ်"
အပြောနှင့်အတူကျိုးဟောင်မှာတိုက်ရန်ပြင်လိုက်သည်။ သို့သော်ထိုအချိန်တွင်ထွက်ပေါ်လာသည့်အသံမှာ ကျိုးဟောင်အားကြက်သေသေသွားစေခဲ့သည်။
"အစ်ကိုကျိုး ကျေးဇူးပြုပြီးရပ်လိုက်ပါ"
ကျိုးဟောင်မှာမော့ကြည့်လိုက်ပေရာ ချက်ချင်းပင်အပြုံးတစ်ပွင့်နှင့်သူ့ဆီလှမ်းလာနေသောမိန်းကလေးတစ်ယောက်အားတွေ့လိုက်ရသည်။ ထိုအမျိုးသမီးမှာအခြားလူမဟုတ်ဘဲ စုရှောင်းဖေးသာဖြစ်သည်။
"စု...ရှောင်းဖေး"
ကျိုးဟောင်မှာရောက်လာသူသည်စုရှောင်းဖေးဖြစ်ကြောင်းခံစားမိသော်ငြားမသေချာပေ။ မည်သို့ပင်ဖြစ်စေသူမသည် စုရှောင်းဖူ၊ စုရှောင်းယွီတို့နှင့်တစ်ထပ်တည်းတူပေသည်။
"ဟီးဟီး အစ်ကိုကျိုးကိုဒီမှာတွေ့ရလိမ့်မယ်လို့မထင်ထားခဲ့ဘူး"
စုရှောင်းဖေးမှာလည်း ကျိုးဟောင်အားတွေ့လိုက်သည့်အချိန်တွင်ထိတ်လန့်သွားခဲ့ပေသည်။
သူမနောက်ရှိအဖွဲမှာအားလုံးသူမတို့၏နိုင်ငံတကာလေလံအိမ်တော်မှဖြစ်ကာ အမြင်အားအဖမ်းစားနိုင်ဆုံးလူမှာ စုရှောင်းဖေးနောက်မှသားရေအင်္ကျီအနက်ရောင်အားဝတ်ဆင်ထားသည့်မိန်းကလေးပင်ဖြစ်သည်။
ဤမိန်းကလေးသည်စုရှောင်းဖေး၊ အခြားနှစ်ယောက်တို့နှင့်တစ်ထပ်တည်းတူနေပေသည်။ တစ်ခုတည်းသောကွာခြားချက်မှာ ကျန်သုံးယောက်မှာဆံပင်ရှည်ပြီး ဤမိန်းကလေးမှာဆံပင်တိုခြင်းသာဖြစ်သည်။
သူမ၏ကိုယ်ပေါ်ရှိအငွေ့အသက်မှာလည်း အလွန်အေးစက်ကာအလှမ်းဝေးသည့်ခံစားချက်မျိုးပေးပေသည်။
သို့သော်သူမသည်လည်းအလွန်ဆွဲဆောင်မှုရှိပေရာ ကျိုးဟောင်ပင်အနည်းငယ်အံ့သြသွားခဲ့သည်။ သူသည်သူမ၏ပြည့်စုံသောခန္ဓာကိုယ်အားတစ်ကြိမ်မကပင်ကြည့်လိုက်မိသည်။
ဤမိန်းကလေးသည်ယောက်ျားတို့သိမ်းပိုက်ချင်သောအမျိုးသမီးမျိုးဖြစ်ပြီး ကျိုးဟောင်ပင်သူမကိုတွေ့ချိန်၌ အံ့သြသွားရသည်။
စုရှောင်းဖေးမှာဤမြင်ကွင်းအားကြည့်ကာ ချက်ချင်းပင်ပါးစပ်ကိုလက်ဖြင့်အုပ်၍ခိုးရယ်လိုက်သည်။ တစ်ဖက်တွင် အနက်ရောင်သားရေအင်္ကျီနှင့်အမျိုးသမီးမှာကျိုးဟောင်၏ရိုင်းစိုင်းသောအပြုအမူကြောင့် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
"ကြည့်လို့ဝပြီလား"
ကျိုးဟောင်မှာအေးစက်သောအသံကြောင့်ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပင်သတိဝင်လာခဲ့သည်။ ထို့နောက်ချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည်။
"အာ...တောင်းပန်ပါတယ်..တောင်းပန်ပါတယ် ကျွန်တော်ခုနကသတိလက်လွတ်ဖြစ်သွားလို့ပါ"
"ဟမ့်နောက်တစ်ခါဆိုတာရှိရင် ကျွန်မရှင့်မျက်လုံးကိုဖောက်ထုတ်ပစ်မယ်"
စုရှောင်းဖေးမှာပြုံးကာ ချက်ချင်းပင်ကျိုးဟောင်၏ရှေ့သို့လျှောက်သွားလိုက်သည်။ သူမသည်အသံအားတိုးကာနှစ်ကိုယ်စာကြားရုံမျှပြောလိုက်သည်။
"အစ်ကိုကျိုး အစ်ကိုမူလစကြဝဠာသစ်ပင်ကိုသန့်စင်ပြီးလောက်ပြီမလား ဘယ်လိုခံစားရလဲ"
ကျိုးဟောင်မှာစိတ်ထဲတွင်တွေးလိုက်မိသည်။ သူ့ဘေးတွင်ရှိနေသူမှာနိုင်ငံတကာလေလံအိမ်တော်မှလူဖြစ်ပြီး ဤစုရှောင်းဖေးသည်ထူးဆန်းကာမကောင်းသောအတွေးအပြည့်ရှိသူဖြစ်သည်။ သူသည်ကျိုးဟောင်နှင့်ထိပ်တိုက်ရင်ဆိုင်ချင်နေသည်လော။
"အစ်ကိုကျိုးအများကြီးစဥ်းစားမနေပါနဲ့ ကျွန်မမှာတခြားရည်ရွယ်ချက်မရှိပါဘူး ပြီးတော့ကျွန်မတို့သဘောတူထားပြီးသားလေ တကယ်လို့အစ်ကိုသာကျွန်မရဲ့လျှို့ဝှက်ချက်ကိုကူပြီးထိန်းသိမ်းပေးရင် ကျွန်မလက်နှစ်ဖက်နဲ့ကိုယ်တိုင်မူလစကြဝဠာသစ်ပင်ကိုပေးပါ့မယ်ဆိုပြီး ဒီသဘောာတူ့ညီချက်ကိုလိုက်နာရမှာပေါ့ ပြီးတော့ သေသွားတဲ့ရွှယ်ယွမ်ကွေ့ကနိုင်ငံတကာလေလံအိမ်တော်အဖွဲ့ကသား ဒီကိစ္စကိုပေါက်ကြားစေပြီးဒုက္ခဖြစ်စေလောက်တဲ့အထိတော့ကျွန်မမတုံးသေးပါဘူး"
စုရှောင်းဖေးမှာအလွန်ဉာဏ်ကောင်းလှကာ ကျိုးဟောင်၏အတွေးအားခန့်မှန်းနိုင်ပေသည်။
ကျိုးဟောင်မှာဤမိန်းကလေး၏အကြံအစည်ကြီးမှုအားအတော်လေးကြောက်ပေသည်။ သူမရွှယ်ယွမ်ကွေ့အားသတ်ရန်တစ်လှမ်းချင်းမည်သို့အစီအစဥ်ဆွဲခဲ့ကြောင်း သိလိုက်ရချိန်မှစပြီး ဤမိန်းကလေးသည်သွားရှုပ်လို့ကောင်းသည့်လူမဟုတ်ကြောင်းသဘောပေါက်ခဲ့ခြင်းဖြစ်သည်။
သူတို့သည်မိတ်ဆွေမဖြစ်နိုင်လျှင်ပင်သေချာပေါက်ရန်သူတော့ဖြစ်လို့မရပေ။ မဟုတ်ပါကသူသည်လည်းတစ်ဖက်လူ၏အကွက်ကျကျကြံစည်ခြင်းအားခံရနိုင်ပေသည်။
....................................................................................
အခန်း (၅၂၇) ပြီးပါပြီ။
အခန်း (၅၂၈) : အစည်းအဝေး
စုရှောင်းဖေးမှာစကားဆုံးသည်နှင့်ကျိုးဟောင်အားကြည့်ကာဆက်ပြောလိုက်သည်။
"ဒီနိုင်ငံခြားသားတွေကတကယ်ကိုမိုရိုမျိုးနွယ်စုရဲ့စိတ်လောကကိုဝင်နိုင်တဲ့နည်းလမ်းကိုသိကြတယ် ဒါပေမဲ့ဒီလျှို့ဝှက်ချက်ကိုကျွန်မပြောပြလို့ရပေမဲ့ပစ္စည်းကိုတော့ပေးလိုက်လို့မရဘူး ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ဒုတိယအစ်မနဲ့တတိယအစ်မကို သူတို့အတွက်ချစ်ပ်ပြားမပေးရသေးဘူး"
အပြောနှင့်အတူစုရှောင်းဖေးမှာလက်အားဝေ့ယမ်းလိုက်ပြီးဤနိုင်ငံခြားသားများအားထိန်းချုပ်ရန် လေလံအိမ်တော်မှလူများအားခေါ်လိုက်သည်။
ထိုလူများမှာဒေါသတကြီးအော်ဟစ်နေပြီးနောက် ချက်ချင်းပင်သတိမေ့အောင်အရိုက်ခံလိုက်ရကာကြိုးဖြင့်တုပ်နှောင်ခံလိုက်ရသည်။
"အစ်ကိုကျိုးအဲဒီလောကထဲဝင်ဖို့ဆို ကျွန်မတို့ရဲ့စိတ်စွမ်းအားကသန်မာဖို့လိုတယ် ပြီးတော့ဒီလောကထဲမှာကျွန်မတို့အားကိုးစရာတစ်ခုခုလိုတယ် တစ်နည်းပြောရရင် ကျွန်မတို့မဝင်ခင်အားထားလို့ရမဲ့တစ်ခုခုရှာထားရမယ် ပြီးတော့ဒီအားထားရမဲ့အရာက ဒီလောကရဲ့မိုရိုမျိုးနွယ်စုပညာရှင်တွေပဲ"
"ပြီးတော့ စိတ်လောကဖွင့်ရင်တစ်ခုခုဖြစ်လိမ့်မယ် ဖွင့်တာနဲ့ကျွန်မတို့အားလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားကြမှာ ဒါပေမဲ့ မိုရိုမျိုးနွယ်ပညာရှင်တွေရဲ့အထောက်အထားရမှသာအဲဒီလောကထဲဝင်ဖို့အရည်အချင်းပြည့်မီမှာ ပြီးတော့ဒီအထောက်အထားက သူတို့မျိုးနွယ်ရဲ့ချစ်ပ်ပြားပဲ ဒီချစ်ပ်ပြားကိုသာရအောင်ယူနိုင်ရင် ဒီလောကရဲ့အဓိကအူတိုင်နဲ့ချိတ်ဆက်နိုင်လိမ့်မယ် ဒါဆိုစိတ်လောကဖွင့်တဲ့အခါကျဝင်ခွင့်ရလိမ့်မယ်"
စုရှောင်းဖေး၏စကားများမှာအလွန်ရိုးရှင်းပြီးနားလည်ရလွယ်ပေသည်။ အကယ်၍ဤစိတ်လောကထဲသို့ဝင်လိုပါက အထောက်အထားတစ်ခုလိုအပ်ပြီး ထိုအထောက်အထားမှာချစ်ပ်ပြားဖြစ်ကြောင်းကျိုးဟောင်သဘောပေါက်လိုက်ပေသည်။
"ကောင်းပြီ အစ်ကိုကျိုး ကျွန်မအကုန်လုံးပြောပြပြီးပြီ ဒါပေမဲ့ဒီအပျက်အစီးပွင့်တာရက်တွေကြာပြီ အစ်ကိုအမြဲတမ်းတစ်ယောက်တည်းပဲ ဒါပေမဲ့အစ်ကိုတစ်ယောက်တည်းခရီးသွားဖို့ကအရမ်းအန္တရာယ်များတယ် ပြီးတော့အစ်ကို့လက်ထဲမှာရတနာကောင်းတစ်ခုရှိနေတာ တကယ်လို့ပစ်မှတ်ထားခံရရင်အရမ်းပြဿနာများလိမ့်မယ် ဒါမှမဟုတ်ကျွန်မတို့နဲ့လိုက်ခဲ့ပါလား ဘယ်လိုဖြစ်ဖြစ်အပျက်အစီးထဲကလူအားလုံးလည်း ဒီချစ်ပ်ပြားတွေကိုရှာနေကြတာပဲ နောက်ကို တကယ်လို့အစ်ကိုသတင်းတစ်ခုခုရပြီးထွက်သွားဖို့လိုတဲ့အခါ အစ်ကို့ဘာသာထွက်သွားလို့ရတာပဲ ဘယ်လိုလဲ"
စုရှောင်းဖေး၏စကားများမှာသေချာပေါက်ကျိုးဟောင်အတွက် တစ်စိတ်တစ်ပိုင်းပါသော်ငြား အများစုမှာ ကျိုးဟောင်၏တိုက်ခိုက်ရေးစွမ်းအားမှာသာမန်ထက်ထူးခြားနေ၍ဖြစ်ကြောင်းခံစားမိပေသည်။ အကယ်၍သူသာသူမတို့အဖွဲ့ထဲဝင်လိုက်ပါက တိုက်ခိုက်ရေးစွမ်းအားပိုများသွားမည်ဖြစ်သည်။
ကျိုးဟောင်မှာခေတ္တမျှစဥ်းစားပြီးနောက်ငြင်းဆန်ခြင်းမပြုပေ။ ဤအာကာသသည်အလွန်ကြီးမားလှပေရာ သူတစ်ယောက်တည်းရှာပါကမည်မျှကြာမည်ကိုမသိပေ။ ထို့အပြင်ထိုပစ္စည်းသည်မည်သည့်ပစ္စည်းဖြစ်ကြောင်းကိုလည်းသူမသိပေ။ သူမတို့အဖွဲ့ထဲဝင်ပြီးသတင်းတစ်ခုခုရနိုင်မလားဆိုသည်အား ကြည့်ရုံသာတတ်နိုင်တော့သည်။
ထို့အပြင် စုရှောင်းဖူနှင့် စုရှောင်းယွီတို့လည်း ချစ်ပ်ပြားမရသေးဘူးဟုကျိုးဟောင်ကြားထားပေသည်။ ကျိုးဟောင်မှာစုရှောင်းယွီနှင့်ဖြစ်ခဲ့သည့်ကိစ္စအားပြန်တွေးမိတိုင်းအနည်းငယ်ရှက်သလိုခံစားရပေသည်။ မည်သို့ပင်ဖြစ်စေ သူသည်သူမအားနမ်းခဲ့ပြီး သူမသည်လည်းအနမ်းဦးအားပေးခဲ့ပေရာ ကျိုးဟောင်မှာထိုခံစားချက်အားဂရုစိုက်ဆဲပင်ဖြစ်သည်။
ထို့ကြောင့်လမ်းတစ်လျှောက်တွင်သူမအားကူညီပေးရန်အတွက် ကျိုးဟောင်မှာပြဿနာမရှိပေ။
"ကောင်းပြီလေ ဒါဆိုမင်းကိုပဲဒုက္ခပေးရတော့မယ်"
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။
"အစ်ကိုကျိုး အားနာနေပါပြီ ဘယ်လိုပဲဖြစ်ဖြစ်အစ်ကို့ရဲ့လုပ်နိုင်စွမ်းကိုကျွန်မသိနေတာပဲကို"
စုရှောင်းဖေးမှာစိတ်အခြေအနေကောင်းနေပေသည်။ မည်သို့ပင်ဖြစ်စေရွှယ်ယွမ်ကွေ့ကိစ္စအားဖြေရှင်းပြီးနောက် သူမအလွန်ပျော်ရွှင်နေပေသည်။ စုရှောင်းဖေးမှာ ကျိုးဟောင်အားသူမတို့အနားယူရာနေရာသို့ခေါ်သွားခဲ့သည်။ ဤနေရာသည်မိသားစုများ၊ အဖွဲ့ပေါင်းများစွာ၏အနားယူရာနေရာလည်းဖြစ်ကာ မြို့ငယ်လေးတစ်ခုဖြစ်သည်။
လေလံအိမ်တော်သို့ပူးပေါင်းလာသောလူများစွာရှိပေသည်။ မည်သို့ပင်ဖြစ်စေလေလံအိမ်တော်သည်ဤနေရာတွင်ကြီးမားသောအဖွဲ့တစ်ခုဟုဆိုနိုင်ပေရာ အားလုံးသည်အထောက်အပံ့ရှာရန်ရောက်လာကြခြင်းဖြစ်သည်။
လေလံအိမ်တော်မှအားလုံးကိုကာကွယ်ပေးလိုသည့်ဆန္ဒရှိရသည့်အကြောင်းအရင်းမှာလည်း အခြားလူများမှသူတို့အားလာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်၍ဖြစ်သည်။ လူအများကြီးရှိနေပါက ရန်သူအားအတူတကွခုခံနိုင်ပေသည်။ ထို့ကြောင့်ဤမြို့လေးထဲတွင်အားလုံးမှာ အဆင်ပြေပြေရှိနေပေသည်။
မြို့ငယ်လေးထဲသို့လမ်းလျှောက်လာပြီးနောက် စုရှောင်းဖေးမှာရုတ်တရက်ကိစ္စတစ်ခုအားသတိရသွားကာကျိုးဟောင်အားပြောလိုက်သည်။
"ဒါနဲ့အစ်ကိုကျိုး ကျွန်မအစ်မစုရှောင်းပင်းကယောက်ျားတွေသူ့ကိုကြည့်ရင်မကြိုက်ဘူး အဲဒါကြောင့်နောက်ကို အစ်ကိုသေချာပေါက်သတိထားရမယ် ပြီးခဲ့တဲ့တစ်ခေါက်က ယောက်ျားတစ်ယောက်ကသူ့ပေါင်ကိုငေးကြည့်လို့ဆိုပြီး အဲဒီလူကိုခြေထောက်ချိုးပစ်လိုက်တာ"
စုရှောင်းဖေးမှာပြုံးကာပြောလိုက်သည်။ သူမ၏စကားဆုံးသောအခါကျိုးဟောင်မှာ ချက်ချင်းပင်သူမအားစိုက်ကြည့်လာခဲ့သည်။
"ပြီးတော့ ဒီမြို့ထဲကလူအတော်များများကအသစ်စုဆောင်းထားတဲ့လူတွေ သူတို့ကအပြင်မှာထူးခြားတဲ့အဆင့်အတန်းတွေရှိပေမဲ့ ဒီမှာတော့အဖော်သိပ်မရှိကြဘူး အသက်ရှင်ရပ်တည်ဖို့အတွက် ကျွန်မတို့လေလံအိမ်တော်ကိုလာကြတာ အစ်ကို့ဘာသာသူတို့ကိုချစ်ပ်ပြားအကြောင်းမေးကြည့်လို့ရတယ် ကျွန်မမနှောင့်ယှက်တော့ပါဘူး"
အပြောနှင့်အတူစုရှောင်းဖေးမှာကျိုးဟောင်အားထားခဲ့သလိုကျိုးဟောင်သည်လည်း ပတ်ကာဝယ်ခြမ်းတော့သည်။
ကျိုးဟောင်ကိုယ်ပေါ်ရှိရတနာအများစုအားအမဲဝတ်နှင့်လူအားခုခံရာတွင်သုံးလိုက်၍ပျက်စီးသွားပြီဖြစ်သည်။ လက်ရှိအချိန်တွင် စျေးရောင်းရန်ဆိုင်ခင်းနေသူများအားကြည့်ကာ ကျိုးဟောင်မှာသက်ပြင်းသာချလိုက်မိသည်။
ကျိုးဟောင်မှာချစ်ပ်ပြားနှင့်ပတ်သက်ပြီးမေးခွန်းအများအပြားမေးခဲ့သော်ငြား လူအတော်များများမှာမသိကြပေ။ ကျိုးဟောင်မှာဤသတင်းအတွက် စျေးမြင့်ပေးကာစုံစမ်းသည်ကိုပင် အသုံးဝင်သောအချက်အလက်တစ်ခုမှမရသေးပေ။
တစ်ချိန်တည်းမှာပင် စုရှောင်းဖေးနှင့်စုရှောင်းပင်းမှာ သူမတို့၏အဆောင်သို့ပြန်သွားပြီး အစည်းအဝေးခန်းမထဲသို့ရောက်နေကြပြီဖြစ်သည်။ စုရှောင်းပင်းမှာအေးစက်သောအမူအရာဖြင့်အဓိကထိုင်ခုံတွင်ထိုင်နေပြီး လေလံအိမ်တော်၏အခြားတပည့်များအပြင် ကျန်ရှိနေသည့်စုအစ်မနှစ်ယောက်လည်းရှိနေပေသည်။
စုရှောင်းဖူ၊ စုရှောင်းယွီ၊နှင့် စုရှောင်းဖေးအားလုံးရှိနေကြပေသည်။
ဤအချိန်အတောအတွင်း စုရှောင်းဖူမှာကျိုးဟောင်အားရှာနေသော်ငြား သူမသည်မတွေ့ခဲ့ရပေ။
စုရှောင်းယွီမှာမူစိတ်ပျက်နေသောအမူအရာမျိုးဖြစ်နေပေသည်။ သူမထိုမုန်းစရာကောင်းသောဖားထံမှ လှည့်စားခံခဲ့ရကာ သူမ၏အနမ်းဦးအားပေးခဲ့ရသည်ကိုတွေးရင်းဒေါသဖြစ်နေပေသည်။ သူမသည်နှစ်ပေါင်းများစွာသန့်ရှင်းစွာနေလာခဲ့သော်ငြား ကျိုးဟောင်ထံမှအလွယ်တကူအခွင့်အရေးယူခံလိုက်ရပေရာ အဘယ်မှာဒေါသမဖြစ်ဘဲနေမည်နည်း။
"ဖေးအာ ချစ်ပ်ပြားဘယ်မှာရှိလဲဆိုတာအဲဒီနိုင်ငံခြားသားတွေပြောလား"
ထိုအချိန်တွင် စုရှောင်းပင်းမှရုတ်တရက်မေးလာခဲ့သည်။
"ပြောတယ် ဒါပေမဲ့သူတို့ပြောတာနှစ်နေရာ တကယ်လို့တစ်ခုခုဆိုညီမတို့လူခွဲပြီးသွားရလောက်မယ်ထင်တယ်"
သူမစကားဆုံးသည်နှင့်စုရှောင်းပင်းမှာမျက်မှောင်ကြုတ်သွားခဲ့သည်။
"နှစ်နေရာ ဒါပေမဲ့ ငါတို့လေးယောက်မှာတစ်ယောက်ကတော့မြို့ကိုစောင့်ကြပ်ရမှာ တခြားတစ်နေရာကိုတစ်ယောက်တည်းသွားရမှာကိုငါနည်းနည်းစိတ်မချဘူး"
အစ်မကြီးတစ်ယောက်အနေနှင့် စုရှောင်းပင်းမှာညီမများအားစိတ်ပူသည်မှာသဘာဝကျပေသည်။
"အစ်မကြီး ဒီလိုလုပ်ရင်ရော ကျွန်မဒီတစ်ခေါက်ချစ်ပ်ပြားကိုလွှဲပေးလိုက်မယ် ညီမ ၃ နဲ့ ညီမ ၄ ပဲသွားပါစေ"
ထိုအချိန်တွင် စုရှောင်းဖူမှပြောလာခဲ့သည်။
"အာ အစ်မ ၂ မလုပ်နဲ့ ညီမရဲ့စွမ်းအားကအစ်မနဲ့ယှဥ်ရင်အဝေးကြီးလိုသေးတယ် တကယ်လို့ကျွန်မသွားရင်တောင် ကောင်းတာဘာမှမရလာမှာစိုးရတယ်"
စုရှောင်းယွီမှာအလျင်အမြန်ပင်ခေါင်းယမ်းရင်းငြင်းလိုက်သည်။
ထိုအချိန်တွင်စုရှောင်းဖေးမှာပြုံးရင်းပြောလာခဲ့သည်။
"အစ်မတို့ ညီမမှာနှစ်လောကလုံးအတွက်အကောင်းဆုံးဖြစ်မဲ့နည်းလမ်းတစ်ခုရှိတယ်"
စုရှောင်းဖေး၏စကားမှာ ကျန်သုံးယောက်အားခေတ္တမျှကြက်သေသေသွားစေခဲ့ပြီးနောက် စုရှောင်းပင်းမှာချက်ချင်းပင်မေးလာခဲ့သည်။
"ဘာနည်းလမ်းလဲ"
"ဟုတ်တယ် အစ်မကြီးကျွန်မခုနကမြို့ထဲကိုဖိတ်ခဲ့တဲ့လူကိုမှတ်မိသေးလား"
စုရှောင်းဖေးမှာ အလျင်အမြန်ပင်မေးလိုက်သည်။
"သေချာတာပေါ့ ဒီတိုင်းနှာဘူးတစ်ယောက်ပဲကို သူကဘာတတ်နိုင်မှာမလို့လဲ"
စုရှောင်းပင်းမှာယောက်ျားများအားသဘောမကျသူဖြစ်လေရာ သူမ၏အသံမှာလည်းကောင်းမနေပေ။
"ဟီးဟီး အစ်မကြီးမှားနေပြီ ဒီလူကအရမ်းထူးခြားတယ် သူကအရမ်းအကြံအစည်များပြီးဉာဏ်လည်းကောင်းတယ် တကယ်လို့သူသာကျွန်မတို့ကိုကူညီနိုင်ရင် ဒီချစ်ပ်ပြားကိုရနိုင်တဲံအခွင့်အရေးက ၈၀ ရာခိုင်နှုန်းလောက်ရှိမယ်လို့ထင်တယ် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကိုလည်းကျွန်မသိတယ် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပဲ ကျွန်မအထင် အစ်မကြီးတောင်သူ့ကိုမနိုင်လောက်ဘူး"
စုရှောင်းဖေး၏စကားဆုံးသည်နှင့် စုညီအစ်မများအားလုံးမှာအံ့သြသွားခဲ့ကြသည်။
"တကယ်လား ဒီလူကဒီလောက်တောင်စွမ်းအားကြီးတယ်လား"
စုရှောင်းဖူမှာချက်ချင်းပင်တအံ့တသြပြောလိုက်သည်။
"အဲဒီလိုဆို ညီမ ၂ နဲ့ ညီမ ၄ကတစ်နေရာကိုအတူသွားပြီး ညီမ ၃နဲ့ သူ့ကို ၅၀ ကီလိုမီတာဝေးတဲ့ စက်ယန္တယားမြို့တော်ကိုသွားခိုင်းလိုက်ရင်ရော ဘယ်လိုလဲ"
ပြောရင်းစုရှောင်းပင်းမှာ စုရှောင်းယွီအားကြည့်ကာမေးလိုက်သည်။
....................................................................................
အခန်း (၅၂၈) ပြီးပါပြီ။