အခန်း (၅၂၉-၅၃၁)
Vol. 36 Ch. 529-531
အခန်း (၅၂၉) : ရှက်ရွံ့သော
စုရှောင်းဖူယခုလိုပြောရသည့်အကြောင်းပြချက်ရှိပေသည်။
စုရှောင်းဖူမှာ ဒုတိယအကြီးဆုံးဖြစ်သော်ငြား သူမ၏အတွေးများမှာရိုးရှင်းပြီး ရင့်ကျက်မှုအရလည်းစုရှောင်းယွီအားမမီပေ။ သို့သော်စုရှောင်းဖူ၏တိုက်ခိုက်ရေးစွမ်းအားမှာမူ စုရှောင်းယွီထက်သာပေသည်။ ညီမ ၄ ကထူးဆန်းသော်ငြားသူမ၏တိုက်ခိုက်ရေးစွမ်းအားမှာအလွန်အားနည်းပေသည်။ ထို့ကြောင့်ယခုလိုလူခွဲလိုက်ခြင်းသည်မျှတပေသည်။
ညီမ ၃ မှာစေ့စပ်ပေရာ အကယ်၍ထိုလူတွင်မကောင်းသောရည်ရွယ်ချက်ရှိလျှင်ပင် ညီမ ၃ မှကိုင်တွယ်နိုင်စွမ်းရှိပေသည်။
စုရှောင်းယွီမှာတွေဝေမနေဘဲခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ အစ်မကြီး"
သူမသည် အစ်မကြီးယခုလိုစီမံရသည့်အကြောင်းအရင်းအားနားလည်ပေသည်။ အလားတူပင် သူမလည်းဤချစ်ပ်ပြားအားလိုချင်ပေသည်။ အကယ်၍အခွင့်အရေးသာရှိပါကသူမကြိုးစားကြည့်ချင်ပေသည်။
"ဖေးအာ ညီမ ၃ နဲ့သွားတစ်ချက်သွားကြည့်လိုက် အဲဒီလူငါတို့ကိုကူညီအောင်မင်းသိမ်းသွင်းနိုင်ဖို့မျှော်လင့်တယ်"
စုရှောင်းပင်းမှ ချက်ချင်းပြောလိုက်သည်။
စုရှောင်းဖေးမှာခေါင်းညိတ်ပြကာစုရှောင်းယွီအား အစည်းအဝေးခန်းထဲမှဦးဆောင်ခေါ်သွားကာ ကျိုးဟောင်အားရှာရန်ထွက်သွားခဲ့သည်။
စုရှောင်းယွီမှာတစ်ခါမှမမြင်ဖူးသောထိုလူအကြောင်းတွေးကာအနည်းငယ်စိတ်လှုပ်ရှားကာ သိချင်စိတ်ဖြစ်နေပေရာ မနေနိုင်တော့ဘဲမေးလိုက်သည်။
"ညီမလေးဒီလူကိုဒီလောက်အထင်ကြီးနေတာ သူကဘယ်လိုလူဖြစ်မလဲမသိဘူး"
စုရှောင်းဖေးမှာထိုစကားအားကြားသောအခါ ပြန်ဖြေလိုက်သည်။
"အစ်မစိတ်ချပါ ဒီလူကအရမ်းစွမ်းအားကြီးတာ တကယ်လို့ကျွန်မသူ့လက်မှာခံရတယ်ဆိုရင်တောင် သူ့နည်းလမ်းတွေကထူးခြားပြီး အရမ်းကြီးစိုးနိုင်စွမ်းရှိတယ် တကယ်လို့အစ်မသာသူနဲ့အတူသွားရင် သူကူညီပေးချင်တဲ့စိတ်ရှိရင်အစ်မသေချာပေါက် အဲဒီချစ်ပ်ပြားကိုရအောင်ယူနိုင်မှာ"
"ဟမ် ညီမလေးမင်းချီးကျူးတာကိုငါကြားဖူးတာဒါပထမဆုံးအကြိမ်ပဲ မဟုတ်မှမင်းသူ့ကိုသဘောကျနေတာများလား"
စုရှောင်းယွီမှာချက်ချင်းပင်ပြုံးကာစနောက်ပြီးပြောလိုက်သည်။
"အစ်မ ညီမကစေ့စပ်ထားတဲ့လူဆိုတာမေ့သွားပြီလား ကျွန်မရွှယ်ယွမ်ကွေ့ကိုတကယ်သဘောမကျဘူးဆိုပေမဲ့ ကျွန်မသဘောကျတဲ့လူကသူမဟုတ်ဘူး ပြီးတော့ကျွန်မကစေ့စပ်ထားမှတော့ တခြားလူအကြောင်းစဥ်းစားမှာမဟုတ်ဘူး ပြီးတော့ဒီလူကအရမ်းစွမ်းအားကြီးတယ် အစ်မသူ့ကိုသဘောကျရင်စမ်းကြည့်လို့ရတယ်"
စုရှောင်းဖေးမှာပြုံးကာပြန်ပြောလာခဲ့သည်။
သို့သော်သူမစနောက်ပြီးချိန်တွင် သူမ၏မျက်လုံးထဲ၌ ထူးဆန်းသောအရိပ်အယောင်တစ်ခုဖျက်ခနဲပေါ်လာခဲ့သည်။
ဤသည်မှာသေချာပေါက်သေဆုံးသွားပြီဖြစ်သောရွှယ်ယွမ်ကွေ့ကြောင့်သာဖြစ်သည်။
စုရှောင်းဖေးနှင့်ရွှယ်ယွမ်ကွေ့တို့၏စေ့စပ်ကြောင်းလမ်းမှုနှင့်ပတ်သက်ပြီး စုရှောင်းဖေးမည်မျှမနှစ်မြို့ကြောင်း လေလံအိမ်တော်တစ်ခုလုံးသိသော်ငြား သူမသည်တစ်ခါမှထုတ်ဖော်ပြခဲ့ခြင်းမရှိပေရာ သူမ၏အတွေးကိုလည်းမည်သူမျှမသိပေ။
ထိုထက်အရေးကြီးသည်မှာ ယခုလိုအခြေအနေမျိုးအား ရွှယ်ယွမ်ကွေ့သူမအပေါ်ယုတ်မာသည့်ရည်ရွယ်ချက်များရှိနေစဥ်ကတည်းက သူမစဥ်းစားထားခဲ့ခြင်းဖြစ်သည်။
အခြားညီအစ်မများမှာဘာဖြစ်ပျက်နေမှန်းမသိကြပေ။ သူတို့ညီမဖြစ်သူသည်ရွှယ်ယွမ်ကွေ့အားသဘောာမကျဟုသာတွေးပြီး အလွန်မုန်းတီးနေကြောင်းကိုတော့မသိကြပေ။
ရွှယ်ယွမ်ကွေ့အကြောင်းကိုလည်းများများစားစားမသိကြပေ။ အပြင်ပန်းအရထိုလူသည် အတော်လေးကြည့်ကောင်းသည်ဟုသာသိခြင်းဖြစ်သည်။
စုရှောင်းဖေးအတွက် ရွှယ်ယွမ်ကွေ့သည်ဂုဏ်သိက္ခာကြီးမားပြီး မြင့်မားသောအဆင့်အတန်းရှိကာ ပါရမီလည်းရှိပေသည်။ လေလံအိမ်တော်တွင်သူ၏ အဆင့်အတန်းမှာသူမထက်ပင်မြင့်ပေရာ သူနှင့်လက်ထပ်ပြီးပါကသူမ၏အဆင့်အတန်းလည်းမြင့်မားလာမည်ဟုဆိုနိုင်ပေသည်။ သို့သော်စုရှောင်းဖေးမှာယောကျ်ားနှင့်မိန်းမကြားမှကိစ္စအားဂရုမစိုက်ပေ။
စုရှောင်းယွီသည်လည်း စုရှောင်းဖေးတစ်ယောက်ရွှယ်ယွမ်ကွေ့အားမုန်းတီးနေမည်ဟုမထင်ထားပေရာ ရွှယ်ယွမ်ကွေ့အားသတ်ရန်ဂရုတစိုက်စီစဥ်နေလိမ့်မည်ဟုလည်းမထင်ထားခဲ့ပေ။ သူမ၏မျက်လုံးထဲတွင် သူမ၏ညီမ ၄သည် အနည်းငယ်ထူးဆန်းသောမိန်းကလေးတစ်ယောက်သာဖြစ်ပြီး ရွှယ်ယွမ်ကွေ့အကြောင်းပြောချိန်တွင်သူမသည် ခံစားချက်သိပ်မပါဘဲအချစ်ကိုဂရုမစိုက်ပုံသာပေါက်ပေသည်။
ရွှယ်ယွမ်ကွေ့မှာသူမအားအရူးအမူးချစ်ကာ သူမအားရရန်အလွန်အကြူးလုပ်ရပ်များပင်လုပ်ခဲ့ပေသည်။
စုရှောင်းဖေးမှာသည်းခံကာအောက်ကျို့နေခဲ့ကာ ရွှယ်ယွမ်ကွေ့အားဖြေရှင်းရန် သူမသည်တစ်လှမ်းချင်းအစီအစဥ်ဆွဲခဲ့ပြီးနောက်ဆုံးတွင်အောင်မြင်ခဲ့သည်။
ဤကိစ္စတွင် မည်သူအမှားမည်သူအမှန်ကိုဆုံးဖြတ်ရန်တကယ်ပင်ခက်လှပေသည်။
"တွေ့ပြီ"
ထိုအချိန်တွင်စုရှောင်းဖေးမှာရုတ်တရက်ပြုံးကာပြောလိုက်ပြီး လူအုပ်ထဲတွင်လျှောက်သွားနေသောကျိုးဟောင်အားတွေ့လိုက်ရသည်။
စုရှောင်းယွီသည်လည်း ထိုလူအားမြင်လိုက်ပေသည်။ ဘာကြောင့်မှန်းမသိသူမ၏စိတ်ထဲတွင်ထိုလူအားအတော်လေးရင်းနှီးနေသလိုခံစားနေရပေသည်။ ထိုအချိန်တွင် စုရှောင်းဖေးမှာ သူမ၏လက်အားဆွဲကာအလျင်အမြန်ပင်ကျိုးဟောင်၏ရှေ့သို့လျှောက်သွားလိုက်သည်။
"အစ်ကိုကျိုး စျေးဝယ်ရတာဘယ်လိုနေလဲ"
ကျိုးဟောင်မှာနောက်လှည့်ကြည့်ကာ စုရှောင်းဖေးအားပြုံးပြလာခဲ့သည်။ သို့သော်စုရှောင်းယွီအားတွေ့လိုက်ရချိန်တွင်ချက်ချင်းပင်အံ့သြသွားခဲ့သည်။ သူမမျက်နှာပေါ်ရှိရှက်ရွံ့နေသောအမူအရာအရ ဤလူသည်သေချာပေါက်စုရှောင်းယွီဖြစ်ကြောင်းကျိုးဟောင်သိပေသည်။
"မဆိုးပါဘူး...."
ကျိုးဟောင်မှာချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည်။ ရိုးရိုးသားသားပြောရပါကသူလည်းအနည်းငယ်ရှက်နေပေသည်။
"ဒါကကျွန်မရဲ့အစ်မ ၃ စုရှောင်းယွီ အစ်ကိုကျိုး ကျေးဇူးပြုပြီးကျွန်မအစ်မကိုချစ်ပ်ပြားရအောင်ကူညီပေးလို့ရမလား ဒီကိစ္စပြီးရင်ကျွန်မတို့လေလံအိမ်တော်လည်း အစ်ကိုကျိုးချစ်ပ်ပြားရဖို့အစွမ်းကုန်ကူညီပေးပါ့မယ် ဘယ်လိုလဲ"
စုရှောင်းဖေးမှပြောလိုက်သည်။
စင်စစ်တွင်စုရှောင်းဖေးမှာစိတ်လှုပ်ရှားနေပေသည်။ မည်သို့ပင်ဖြစ်စေဤလူ၏စိတ်အရ သူ့အတွက်အကျိုးမရှိမည့်ကိစ္စမျိူးအားလုပ်မည်မဟုတ်ပေ။ မျိုးနွယ် ၆ ခုတွင်ထူးဆန်းသောသင်္ကေတအားအလွယ်တကူဖြေရှင်းနိုင်ပြီး သူမတို့အားလှည့်စားခဲ့ပေသည်။
သို့သော်သူမအားအံ့သြသွားစေသည့်အရာမှာ ကျိုးဟောင်သည်စုရှောင်းယွီအားကြည့်ကာ တကယ်ပင်ခေါင်းညိတ်လိုက်ခြင်းဖြစ်သည်။
"ကိစ္စမရှိပါဘူး ငါ့ကိုပဲလွှဲထားလိုက်ပါ"
"အမ်......ကျေးဇူးတင်ပါတယ် အစ်ကိုကျိုး"
အပြောနှင့်အတူ စုရှောင်းဖေးမှာသူတို့အနားမှထွက်သွားတော့သည်။
သူတို့နှစ်ယောက်သာကျန်တော့သည့်အခြေအနေတွင် လေထုမှာအနည်းငယ်နေရခက်စေပေသည်။
"အမ်...မိန်းကလေးစု...ဒါဆိုကျွန်တော်တို့သွားကြတော့မလား"
ကျိုးဟောင်မှာတကယ်ပင်စုရှောင်းယွီကြောင့်လက်ခံခဲ့ခြင်းဖြစ်သည်။ သူတို့ကြားတွင်နားလည်ရခက်သောဆက်ဆံရေးရှိပေသည်။ ကျိုးဟောင်မှာလူငယ်တစ်ယောက်ဖြစ်သော်ငြား သူသည်သူမထံမှအနမ်းဦးအားခိုးယူခဲ့ပေသည်။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ယူခဲ့မိသည်သာဖြစ်သည်။
ထို့ကြောင့်ကျိုးဟောင်မှာစုရှောင်းဖေး၏တောင်းဆိုမှုအားမငြင်းဆိုခဲ့ခြင်းဖြစ်သည်။
စုရှောင်းယွီ၏မျက်နှာလေးမှာနီရဲနေပြီး သူမသည်စကားမဆိုပေ။ တစ်ဖက်လူမှာကျိုးဟောင်ဖြစ်နေမည်ဟုသူမမထင်ထားခဲ့ပေ။
သို့သော် လက်ရှိအခြေအနေတွင်သူမသည်ခက်ခဲသည့်ဆုံးဖြတ်ချက်အားချရုံသာရှိပြီး နောက်ပြန်ဆုတ်စရာအကြောင်းပြချက်မရှိပေ။
သူမ၏အနမ်းဦးအားဤလူအားပေးလိုက်ပြီးနောက် ရှက်ရွံ့မိသည်ဟုပြောရန်မှာမဖြစ်နိုင်ပေ။ အကယ်၍ထိုသို့ပြောလိုက်ပါက တစ်ဖက်လူထံမှလှောင်ပြောင်ရယ်မောခံရမည်မဟုတ်ပေလော။
ကျိုးဟောင်မှာ သိမ်မွေ့သောစုရှောင်းယွီအားကြည့်ကာသက်ပြင်းသာချလိုက်သည်။ သူမလိုမိန်းကလေးမျိုးသည်ယောက်ျားလေးတိုင်း၏အိပ်မက်ဖြစ်သည်။ သို့သော်ကျိုးဟောင်၏နှလုံးသားမှာတော့ပိုင်ရှင်ရှိပြီးသားဖြစ်သည်။
စုရှောင်းယွီမှာနောက်မှလိုက်လာနေသောကျိုးဟောင်အားကြည့်ကာ နှာခေါင်းရှုံ့လိုက်ကာခေတ္တမျှစဥ်းစားပြီးနောက်ပြောလိုက်သည်။
"အဲဒီနေ့ကဖြစ်ခဲ့တာကအတိတ်မှာကျန်ခဲ့ပြီ ရှင်ကျွန်မကိုကယ်ခဲ့သလို ကျွန်မလည်းရှင့်ကိုကယ်ခဲ့တယ် ကျွန်မတို့အချင်းချင်းအကြွေးတင်တာမရှိဘူး ပြီးတော့အဲဒါကဒီတိုင်း...အနမ်းလေးတစ်ခုပဲကို ကျွန်မရှင့်ကိုသဘောကျတယ်လို့.....ထင်မနေနဲ့ အဲဒါကြောင့် ကျွန်မနားချဥ်းကပ်ဖို့မစဥ်းစားနဲ့ ဟုတ်ပြီလား"
စုရှောင်းယွီမှာပြောပြီးနောက်အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့သည်။ သူမသည်ကျိုးဟောင်သူမအားပေါပေါပဲပဲမိန်းကလေးဟုမထင်စေလိုပေ။
ထိုစကားအားပြောပြီးနောက် စုရှောင်းယွီမှာအရှိန်တင်ကာ ချက်ချင်းပင်ထွက်သွားတော့သည်။
ကျိုးဟောင်မှာသက်ပြင်းချကာ ဘာမှမတတ်နိုင်သလိုခံစားလိုက်ရသည်။ ဘာဖြစ်ပျက်နေသလဲဆိုသည်အားသူတကယ်ပင်နားမလည်နိုင်တော့ပေ။
သို့သော်ကျိုးဟောင်မှာစိတ်အနှောင့်အယှက်ဖြစ်မနေပေ။ သူမအားဤကိစ္စကိုကူညီဖြေရှင်းပြီးပါက သူခံစားရသည်မှာလည်းသက်သာသွားမည်ဖြစ်သည်။
နှစ်နာရီမျှကြာပြီးနောက် သူတို့နှစ်ယောက်မှာအလွန်ထူးဆန်းသောမြို့တစ်ခုစီရောက်လာခဲ့သည်။
ဤမြို့၏အပြင်ဘက်တွင်ကြီးမားသောစက်ယန္တယားများရှိနေပေသည်။ ၎င်းတို့မှာအလွန်ထူးဆန်းလှကာ အချို့အရာများမှာ စိတ်ကူးယဥ်သိပ္ပံဇာတ်ကားထဲမှစက်ယန္တယားများနှင့်ပင်တူပေသည်။
လက်ရှိလူသားမျိုးနွယ်၏လက်နက်များထက်ပင် စိတ်ကူးယဥ်ဆန်သေးသည်။
"ဒါကစက်ယန္တယားမြို့လား"
ကျိုးဟောင်မှာကြည့်ကာမေးလိုက်သည်။
....................................................................................
အခန်း (၅၂၉) ပြီးပါပြီ။
အခန်း (၅၃၀) : တော်ဝင်အစောင့်
ကျိုးဟောင်မှာမြို့အားကြည့်ကာအံ့သြတကြီးမေးလိုက်သည်။
"ဟုတ်တယ် ဒါကစက်ယန္တယားမြို့ပဲ ကောလဟလတွေအရတော့ ဒီမြို့ကမိုရိုမျိုးနွယ်စုရဲ့ စက်ယန္တယားစက်ရုံလို့ပြောကြတယ် ဘာလို့ဒီလိုဖြစ်သွားလဲဆိုတာတော့ကျွန်မမသိဘူး အဲဒီအချိန်တုန်းက သူတို့ရဲ့နည်းပညာတွေက ကျွန်မတို့ထက်တောင်ပိုပြီးတိုးတက်သေးတယ်တဲ့"
ထိုအချိန်တွင် စုရှောင်းယွီမှရှင်းပြလာခဲ့သည်။
ကျိုးဟောင်မှာဤမြို့သည် ဘာကြောင့်ယခုလိုဖြစ်သွားကြောင်းခန့်မှန်းမိပေသည်။ သို့သော်သူ၏ခန့်မှန်းချက်မှာမသေချာပေရာ ဘာမှပြောဆိုလာခြင်းမရှိပေ။
"ချစ်ပ်ပြားကဘယ်နားမှာလဲ"
ကျိုးဟောင်မှာချက်ချင်းပင်မေးလိုက်သည်။
"စက်ယန္တယားမြို့ထဲကလျှို့ဝှက်အခန်းတစ်ခန်းထဲမှာ အဲဒီချစ်ပ်ပြားကအရမ်းထိန်းသိမ်းရခက်တယ် ဘယ်လိုဖြစ်ဖြစ်လူတစ်ယောက်သေသွားတာနဲ့ ချစ်ပ်ပြားကလည်းအလိုလိုပျောက်ကွယ်သွားမှာ ဒါပေမဲ့ တစ်ချို့အခြေအနေတွေမှာ ချစ်ပ်ပြားကိုထိန်းသိမ်းထားလို့ရတယ် ဒါပေမဲ့ အဲဒါကအရေအတွက်နည်းနည်းပဲရှိပေမဲ့ သိတဲ့လူကအရမ်းများတယ် လုယူဖို့မလွယ်မှာကိုပဲစိုးရိမ်မိတယ်"
စုရှောင်းယွီမှာယုံကြည်ချက်သိပ်မရှိသည့်ပုံဖြင့်ပြောလိုက်သည်။
"ဒီနေရာမှာ ဘယ်သူရှိနေလဲဆိုတာမင်းတို့သိတယ်မလား"
ကျိုးဟောင်မှာချက်ချင်းပင်မေးလိုက်သည်။
"အဲဒီနိုင်ငံခြားသားတွေပြောတာတော့ အနောက်တိုင်းမိသားစုတွေအပြင် ကျွန်မတို့အရှေ့တိုင်းကမိသားစုတွေလည်းဒီမှာရှိတယ်တဲ့ အားလုံးကထူးခြားတဲ့အဖွဲ့တွေ မိသားစုတွေကြီးပဲ အဲဒီကြားထဲမှာ အနောက်တိုင်းရဲ့ချိုက်မက်မိသားစုက အာရုံစိုက်ဖို့အထိုက်တန်ဆုံးပဲ သူတို့မိသားစုတွေက သွေးစုပ်ဖုတ်ကောင်တွေကို ယုံကြည်ကြတယ်ပြီးတော့ သူတို့ရဲ့ကျင့်ကြံရေးသိုင်းတွေကလည်းအားလုံးသွေးအပေါ်မှာအခြေခံထားတာ ထပ်ပြောရရင်ကမ္ဘာ့အကြီးဆုံးဆေးဝါးမိသားစုဖြစ်တဲ့ စွန်းမိသားစု၊ အထူးအဖွဲ့အစည်းဖြစ်တဲ့ ကုမိသားစု နဲ့ အရှေ့တိုင်းရှေးဟောင်းသိုင်းပညာရှင်မိသားစုဖြစ်တဲ့ နင်မိသားစုဆိုတာလည်းရှိသေးတယ်"
"ဒီလူတွေကသူတို့ရဲ့အင်အားကိုအလွယ်တကူထုတ်မပြဘူးဆိုပေမဲ့ အားလုံးကနိုင်ငံတကာမှာလွှမ်းမိုးနိုင်ပြီး ရန်သွားစဖို့မလွယ်တဲ့လူတွေလို့ယူဆလို့ရတယ် မဟုတ်ရင် ဒီနေရာကိုဝင်ဖို့ စစ်နတ်ဘုရားတပ်ရင်းရဲ့ရွေးချယ်မှုကိုခံရမှာမဟုတ်ဘူး"
စုရှောင်းယွီစကားဆုံးသောအခါ ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ စစ်နတ်ဘုရားတပ်ရင်းအကြောင်းသူကောင်းကောင်းသိပေသည်။ ဤအဖွဲ့အစည်းသည် အလွန်စွမ်းအားကြီးကာနံပါတ်တစ်နိုင်ငံတကာအဖွဲ့အစည်းဟုပင်ဆိုနိုင်ပေသည်။ သို့သော်လက်ရှိအချိန်တွင် ဤမိသားစုများနှင့်အဖွဲ့များမှာ သူ့အားပဟေဠိဖြစ်စေဆဲပင်ဖြစ်ပေသည်။
"ငါတကယ်ကိုဒီလောက်မိသားစုအများကြီးနဲ့အဖွဲ့အများကြီးကိုမကြားဖူးဘူး ငါ့မျက်လုံးထဲမှာ စစ်နတ်ဘုရားတပ်ရင်းကအမြဲတမ်းအသန်မာဆုံးပဲ ခုတောင်မှအတူတူပဲ ငါမှန်ရဲ့လားဆိုတာတော့မသိဘူး"
ကျိုးဟောင်မှာချက်ချင်းပင်သူ၏သံသယများအားဖွင့်ဟလာခဲ့ပြီး စုရှောင်းယွီသည်လည်းသူ့စကားအားနားထောင်ကာခေါင်းညိတ်လာခဲ့သည်။
"အတိအကျဆိုရရင် စစ်နတ်ဘုရားတပ်ရင်းကတကယ်ကိုအသန်မာဆုံးအဖွဲ့အစည်းပဲ ဒါပေမဲ့စစ်နတ်ဘုရားတပ်ရင်းကမိသားစုတွေ၊အဖွဲ့တွေအများကြီးနဲ့လည်းအလုပ်လုပ်တယ် အဲဒီကြားမှာကျွန်မတို့လေလံအိမ်တော်ကလည်းစစ်နတ်ဘုရားတပ်ရင်းအတွက် အများကြီးအကျိုးဆောင်ပေးခဲ့တယ်"
"အဲဒီစစ်နတ်ဘုရားနှစ်ယောက်က ကမ္ဘာဂြိုဟ်ပေါ်မှာအထွတ်အထိပ်အဆင့်ကိုရောက်နေပြီဆိုပေမဲ့ အဲဒါကအပေါ်ယံပဲ ကျွန်မသိသလောက်တော့ မြို့တော်ထဲမှာပဲနေပြီးဘယ်တုန်းကမှပေါ်မလာဖူးတဲ့ တော်ဝင်အစောင့်တပ်ဖွဲ့ကလည်း စစ်နတ်ဘုရားတွေထက်အားမနည်းဘူး"
စုရှောင်းယွီ၏စကားအားကြားပြီးနောက်ကျိုးဟောင်မျက်နှာပေါ်တွင် ပဟေဠိဖြစ်နေသောအမူအရာပေါ်လာခဲ့သည်။ တော်ဝင်အစောင့်ဟူသောစကားလုံးအားသူယခုမှပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
"ဒီတော်ဝင်အစောင့်တပ်ဖွဲ့ဆိုတာဘာလဲ"
ကျိုးဟောင်မှာချက်ချင်းပင်မေးလိုက်သည်။
"ရှင်မသိဘူးလား ကျွန်မကရှင်သိတယ်ထင်နေတာ"
စုရှောင်းယွီမှာကျိုးဟောင်၏မေးခွန်းအားကြားသောအခါ သူမသည်ခေတ္တမျှမှင်တက်သွားခဲ့သည်။ ထို့နောက် အဖြေပြန်ပေးလာခဲ့သည်။
"တော်ဝင်အစောင့်တပ်ဖွဲ့ဆိုတာ အရှေ့တိုင်းလူသားကျင့်ကြံသူတွေကိုထိန်းချုပ်တဲ့အဖွဲ့အစည်းလို့ပြောလို့ရတယ် သူတို့ရဲ့နာမည်အရ သူတို့ကတိုင်းပြည်နဲ့အာဏာကိုကိုယ်စားပြုတယ်ဆိုတာသိသာတယ် ရှေးဟောင်းတော်ဝင်မိသားစုတွေရဲ့ တော်ဝင်အစောင့်တွေလိုပဲ နိုင်ငံတိုက်ခိုက်ရေးဌာနတွေလိုပဲ သူတို့မှာလည်းအမြင့်ဆုံးအာဏာရှိတယ်"
"ကမ္ဘာကြီးသန္ဓေပြောင်းပြီးနောက်ပိုင်း သိုင်းပညာရှင်တွေအများကြီးရှိပေမဲ့ သူတို့ဘယ်နှစ်ယောက်ပဲဖြစ်ဖြစ် ဒီစည်းမျဥ်းကိုမပြောင်းလဲနိုင်သေးဘူး ဒီအခြေအနေကိုထိန်းချုပ်ဖို့ အထွတ်အထိပ်ခေါင်းဆောင်တစ်ယောက်လိုတယ် မဟုတ်ရင် နွေဦးဆောင်းတိုင်းပြည်နဲ့ လောက၇ ခုခေတ်တုန်းကနဲ့အတူတူပဲဖြစ်မှာမဟုတ်ဘူးလား"
စုရှောင်းယွီမှာစကားအများကြီးပြောလိုက်သည်။ ကျိုးဟောင်နှင့်အချိန်တစ်ခုအထိစကားပြောပြီးနောက် သူမ၏စိုးရိမ်စိတ်များမရှိတော့တာလည်းဖြစ်နိုင်ပေသည်။
ထိုအခါမှသာကျိုးဟောင်နားလည်သွားခဲ့သည်။ တကယ်တမ်းတွင် သူနားလည်ပေးနိုင်ပါသည်။ အကယ်၍ဤကမ္ဘာကြီးအား မည်သူမျှတာဝန်မယူပါက တကယ်ပင်ရှုပ်ထွေးသွားလိမ့်မည်မဟုတ်ပါလော။
"တော်ဝင်အစောင့်တပ်ဖွဲ့ထဲမှာ စစ်နတ်ဘုရားတွေနဲ့ယှဥ်နိုင်တဲ့လူရှိတာလား"
ကျိုးဟောင်မှာထိုစကားကြားပြီးအလွန်ထိတ်လန့်သွားခဲ့ကာ ဤလူမှာစစ်နတ်ဘုရားများထက်ပင်ပို၍စွမ်းအားကြီးလောက်သည်ဟုခံစားလိုက်ရသည်။ ဤလူသည်ဟွမ်ခေတ်မှ နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နိုင်ပေသည်။
တစ်နည်းဆိုရသော် သူသည်မူလကျောက်စာအားကျင့်ကြံခဲ့ပြီး မျိုးနွယ် ၆ ခုအားဖျက်ဆီးခဲ့သောပညာရှင်ဖြစ်နိုင်ပေသည်။ ကျိုးဟောင်မှာဤအချက်အားခန့်မှန်းမိသော်ငြားဘာမှမပြောပေ။
"စွမ်းအားအတိအကျကိုကျွန်မမသိဘူး ဒါပေမဲ့ကျွန်မမှန်းကြည့်လို့ရတယ် မဟုတ်ရင်ဘာလို့စစ်နတ်ဘုရားတပ်ရင်းက တော်ဝင်အစောင့်တပ်ဖွဲ့ရဲ့စကားကိုနားထောင်မှာလဲ"
စုရှောင်းယွီမှာမေးခွန်းပြန်ထုတ်လိုက်ကာအောက်သို့ငုံ့ကြည့်လိုက်သည်။
"အဲဒါတွေကအားလုံးကျွန်မတို့သိတဲ့အတိုင်းအတာထက်ကျော်လွန်တဲ့ဖြစ်တည်မှုမျိုးတွေပဲ ဒီတစ်ခေါက်ချစ်ပ်ပြားအတွက်ယှဥ်ပြိုင်ဖို့ကအရမ်းခက်လောက်တယ် အဲဒါကြောင့် ....တကယ်လို့တစ်ခုခုတကယ်ဖြစ်ရင် ရှင်....."
"စိတ်ချပါ ကတိပေးပြီးပြီဆိုမှတော့ ငါအကောင်းဆုံးကြိုးစားမှာပါ ပြီးတော့ ဒီအပျက်အစီးထဲမှာငါ့ကိုနိုင်တဲ့လူသိပ်မရှိလောက်ဘူး"
ကျိုးဟောင်မှာပြုံးကာစုရှောင်းယွီ၏စကားအားဖြတ်ပြောလိုက်သည်။
စုရှောင်းယွီမှာကျိုးဟောင်၏စကားအားကြားချိန်တွင်အံ့သြသွားသော်ငြား ကျိုးဟောင်၏လေးနက်သောမျက်လုံးတို့အားမြင်ပြီးနောက်ဘာကြောင့်မှန်းမသိ ရုတ်တရက်ရှက်လာကာကျိုးဟောင်အားကြည့်ပင်မကြည့်ရဲတော့ပေရာ တစ်ဖက်သို့လှည့်သွားခဲ့သည်။
ကျိုးဟောင်မှာစုရှောင်းယွီ၏ပုံစံအားကြည့်ကာအစောပိုင်းကသူတစ်ခုခုအမှားလုပ်မိသလားဟုတွေးပြီး ချောင်းသာဟန့်နေတော့သည်။ သူသည်သူ၏ဆုံးဖြတ်ချက်အားပြလိုခြင်းဖြစ်သော်ငြား ယခုမူသူမအားဖွင့်ပြောသလိုဖြစ်သွားပေသည်။
ကျိုးဟောင်မှာမျက်နှာပူပြီးအနေရခက်စွာ လည်ပင်းကိုသာပွတ်နေပေသည်။
"စုရှောင်းယွီမှာဘာစကားမှမဆိုတော့ဘဲ မြို့ထဲသို့တန်းဝင်သွားခဲ့သည်။ ဤနေရာတွင် နင်မိသားစု မှလူအားလုံးနီးပါးလည်းရောက်နေပြီဖြစ်သည်။ သူတို့သည်စွမ်းအားကြီးသောနင်မိသားစုဟူသည့်ဂုဏ်ကိုသုံးကာဤနေရာအားသိမ်းပိုက်ချင်သော်ငြား ယခုလိုမိသားစုများနှင့်အဖွဲ့များစွာရှိသည့်အခြေအနေတွင် သူတို့ကိုယ်သူတို့ဤနေရာအားအပိုင်ယူနိုင်သည်ဟုတွေးဖို့ရာမှာ မဖြစ်နိုင်သောကိစ္စသာဖြစ်သည်။
စုရှောင်းယွီမှာဝင်သွားပြီးနောက် ဝါးဦးထုပ်အားထုတ်ကာ မျက်နှာလုံအောင်ဆောင်းလိုက်သည်။ သူမတို့စုမိသားစုမှမိန်းကလေးများမှာ အားလုံးနာမည်ကျော်ကြပေရာ ပြဿနာများအားရှောင်ရှားရန် မျက်နှာအားဖုံးကွယ်ထားရန်လိုအပ်ပေသည်။
ကျိုးဟောင်မှာထိုမိန်းကလေးအားကြည့်ကားစိတ်ထဲမှသက်ပြင်းသာချလိုက်မိသည်။ ဤသခင်ကြီးစုသည်သားသမီးမွေးရာ၌တကယ်ပင်ထူးချွန်ပေသည်။ မိန်းကလေး ၄ယောက်မွေးထားပြီး ၄ယောက်လုံးမှာထူးခြားသူများဖြစ်ကြသည်။
အထူးခြားဆုံးတစ်ယောက်မှာစုရှောင်ဖေးဖြစ်ကာ သူမသည်သိမ်မွေ့ကာချစ်စဖွယ်ကောင်းသော်ငြား သူမ၏အတွေးများမှာ သာမန်လူများယှဥ်နိုင်သောအရာမျိုးမဟုတ်ပေ။
ကျိုးဟောင်ပင်သူမနှင့်သေချာစွာရင်မဆိုင်ပါက သူမလက်ထဲတွင်အရုပ်လုပ်ခံရမည်ဖြစ်သည်။
စက်ယန္တယားမြို့ထဲတွင်လူ ၁၀ယောက်ကျော်ရှိနေကာ လက်ရှိအချိန်တွင် အပျက်အစီးတစ်ခုလုံးတွင်လူအယောက် ၂၀၀ ကျော်သာရှိသည့်အချိန်တွင် မိုရိုမျိုးနွယ်၏အပျက်အစီးနေရာတွင်စုဝေးနေသူမှာ ၁၀ ယောက်ကျော်ရှိနေပေသည်။ ဤအချက်သည်ကျိုးဟောင်အားအနည်းငယ်အံ့သြသွားစေခဲ့ကာ ချစ်ပ်ပြားသည်မည်မျှဆွဲဆောင်နိုင်ကြောင်းသည်လည်း သိသာလှပေသည်။
"စက်ယန္တယားမြို့ရဲ့ဗဟိုဧရိယာက မိုရိုမျိုးနွယ်စုရဲ့နှုန်းလွန်အသံလှိုင်းနဲ့ကာကွယ်ထားတာ ဒီတစ်ခေါက်နင်မိသားစုရဲ့သခင်လေးဖြစ်တဲ့ နင်ယွမ်ဖုန်းလည်း ဒီကိုလာတယ် ဒီလူကကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးရှိပြီးတော့ ဒီမှာအမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားရှိတဲ့ အရမ်းအားကြီးတဲ့လူပဲ ပြီးတော့ ရှေးဟောင်းသိုင်းပညာရှင်မျိုးဆက်ဆိုတဲ့ သူ့ရဲ့အဆင့်အတန်းနဲ့ဆို လူအတော်များများကကူညီပေးချင်ကြတယ် အဲဒါကြောင့် ဒီနှုန်းလွန်အကာအကွယ်ကိုနှစ်ရက်အတွင်းဖျက်ဆီးခံရလိမ့်မယ်လို့ ကျွန်မတော့ခန့်မှန်းတယ် အဲဒီအချိန်ကျရင်သွေးစုပ်ဖုတ်ကောင် ချိုက်မက်မိသားစု၊ စစ်နတ်ဘုရားတပ်ရင်းနောက်ခံရှိတဲ့စွန်းမိသားစုနဲ့ ကုမိသားစုလည်းဝင်နှောင့်ယှက်လာလိမ့်မယ် ကံကောင်းတာက အထူးအဖွဲ့ကပိုင်ရန်ရွှယ်ကဒီတစ်ခေါက်မလာဘူး မဟုတ်ရင်ကိစ္စတွေက သေချာပေါက်ခက်တော့မှာ"
စုရှောင်းယွီမှရုတ်တရက်ပြောလိုက်သည်။
ထိုစကားအားကြားပြီးနောက်ကျိုးဟောင်မှာသိလိုစိတ်ဖြင့်မေးလိုက်သည်။
"ပိုင်ရန်ရွှယ်ကဘယ်သူလဲ ဒီလူကအရမ်စွမ်းအားကြီးတာလား"
....................................................................................
အခန်း (၅၃၀) ပြီးပါပြီ။
အခန်း ( ၅၃၁) : အထူးအဖွဲ့အစည်း
ကျိုးဟောင်မှာဤလူအားမသိသော်ငြား စုရှောင်းယွီနှုတ်မှထိုလူ၏နာမည်အားကြားလိုက်ရချိန်တွင်သိလိုစိတ်ဖြစ်သွားပေသည်။
စုရှောင်းယွီမှာခေတ္တမျှစဥ်းစားပြီးနောက်ပြောလာခဲ့သည်။
"ကျိုးဟောင် ရှင်....အရှေ့ပိုင်းအထူးအဖွဲ့အစည်းဆိုတာကိုသိလား"
လက်ရှိအချိန်တွင်ကျိုးဟောင်မှာကြက်သေသေနေခဲ့သည်။ သူများများစားစားမသိသော်ငြား ကြားတော့ကြားဖူးပေသည်။
"နည်းနည်းတော့သိတယ် ဒါပေမဲ့အားလုံးကအပေါ်ယံလောက်ပဲသိတာ"
ကျိုးဟောင်မှပြောလိုက်သည်။
"အထူးအဖွဲ့အစည်းဆိုတာ အရမ်းထူးခြားတဲ့လူတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုပဲ သူတို့ကျွန်မတို့နဲ့မတူဘူး ကမ္ဘာကြီးသန္ဓေပြောင်းပြီးနောက်ပိုင်း ကျွန်မတို့ရဲ့ကျင့်ကြံရေးစနစ်ကပြောင်းလဲသွားပြီ မတူညီတဲ့ခွန်အားတွေရခဲ့တယ်ဆိုပေမဲ့ အမှန်တိုင်းပြောရရင်ကျွန်မတို့ကတကယ်တမ်းမှာသန္ဓေပြောင်းသွားရုံပဲရှိပြီးတော့ ကမ္ဘာဂြိုဟ်မွေးဖွားလာကတည်းကရှိနေခဲ့တဲ့ မူလလူသားတွေနဲ့မတူဘူး"
"ကျွန်မတို့ရဲ့ကျင့်ကြံရေးက အဆင့်ထိုးဖောက်ဖို့အတွက်ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရတွေကိုစုပ်ယူခွင့်ပေးတယ် ဒါပေမဲ့အထူးအဖွဲ့အစည်းအတွက်ကျမတူဘူး သူတို့ကအထူးစွမ်းရည်ကိုအသုံးပြုတဲ့အဖွဲ့ပဲ အားလုံးကအထူးစွမ်းရည်တစ်ခုနိုးထကြပြီး ကျွန်မတို့ရဲ့အထူးခန္ဓာကိုယ်လိုပဲ"
"ဒါပေမဲ့သူတို့ရဲ့အထူးစွမ်းရည်တွေက ပိုပြီးတော့တောင်မှထူးဆန်းသေးတယ် ပြီးတော့ဒီပိုင်ရန်ရွှယ်ကအထူးအဖွဲ့အစည်းကအဖွဲ့ဝင်တစ်ယောက် ပြီးတော့ သူကအထူးအဖွဲ့အစည်းရဲ့ဥက္ကဌရဲ့ တပည့်နှစ်ယောက်ထဲကတစ်ယောက် အထူးအဖွဲ့အစည်းထဲမှာဆိုရင်သူ့ရဲ့အဆင့်အတန်းကမင်းသမီးတစ်ပါးလိုပဲ"
ထိုအချိန်တွင်ကျိုးဟောင်မှာမျက်လုံးပြူးနေပြီဖြစ်သည်။ သူ၏ပုံရိပ်အားထိန်းထား၍မဟုတ်ပါက ထပင်ဆဲမိလောက်ပေသည်။
ဘာတွေဖြစ်ပျက်နေသလဲဆိုသည်အားကျိုးဟောင်နားမလည်နိုင်ပေ။ အထူးစွမ်းရည်ပင်ပေါ်လာသည်လော ဤလောကကြီးတွင်ဘာတွေဖြစ်ပျက်နေပါသနည်း။ သို့သော်ဤအတွေးများသည်သေချာပေါက်ကျိုးဟောင်၏ ရွှတ်နောက်နောက်အတွေးများသာဖြစ်သည်။ ဂြိုဟ်သားများတည်ရှိသည်ဆိုသည့်အချက်အားသိရပြီးနောက်ပိုင်း ဤမျှလောက်အထူးတလည်အံ့သြမနေတော့ပေ။
"ဒီပိုင်ရန်ရွှယ်ကအရမ်းစွမ်းအားကြီးတယ် သူကအထူးစွမ်းအားအသုံးပြုသူဖြစ်ရုံတင်မကဘူး သိုင်းပညာရှင်တစ်ယောက်လည်းဟုတ်တယ် သူ့ရဲ့စွမ်းရည်ကကောင်းကင်ဘုံအဆင့်တစ်ဝက်မှာ မီးကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်လည်းရှိတယ် သူ မလာဘူးလို့ပြောရတဲ့အကြောင်းအရင်းက ပိုင်ရန်ရွှယ်နဲ့ နင်ယွမ်ဖုန်းကတကယ်တော့စေ့စပ်ထားကြတာ သူတို့နင်ယွမ်ဖုန်းကိုကူညီဖို့လာမလားဆိုတာတော့ သေချာမသိဘူး ဒါပေမဲ့တကယ်လို့ ပိုင်ရန်ရွှယ်သာလာရင် ကျွန်မအထင်သူသေချာပေါက်နင်ယွမ်ဖုန်းကိုကူညီပေးမှာပဲ"
ထိုစကားအားကြားချိန်တွင် ကျိုးဟောင်မှာဘာဖြစ်ပျက်နေသလဲဆိုသည်အားနားလည်သွားခဲ့သည်။
သို့သော်ဤပိုင်ရန်ရွှယ်မှာအလွန်စွမ်းအားကြီးလှပေရာ ကျိုးဟောင်အနည်းငယ်စိတ်ပူနေမိသည်။ အကယ်၍ကျိုးဟောင်သာသူမနှင့်တွေ့ပါက သူမအားနိုင်အောင်မတိုက်နိုင်လောက်ပေ။
ကံကောင်းသည်မှာ ယခုတစ်ကြိမ်တွင်သူမရောက်မလာပေ။ မဟုတ်ပါကသူမနှင့်ရင်ဆိုင်ရသည့်အချိန်တွင် အခြေအနေမကောင်းလောက်ပေ။
တစ်ချိန်တည်းမှာပင် စက်ယန္တယားမြို့ထဲတွင် အဖွဲ့များနှင့်မိသားစုအများအပြားမှာစခန်းချရန်နေရာယူနေကြပေသည်။
လက်ရှိအချိန်တွင်စုယွဲ့လည်းဤနေရာတွင်ရှိနေပြီး သူမသာမကစုမိသားစုမှလူတစ်ချို့ပါဤနေရာတွင်ရှိနေကြပေသည်။ ထိုအဖွဲ့ထဲမှအမျိုးသားတစ်ယောက်မှာလက်ထဲတွင်ဓားအားကိုင်ထားပြီး လူသတ်လိုသောအငွေ့အသက်များမှာထိုအမျိုးသားအနာတွင်ပျံ့နှံ့နေပေသည်။ ထိုလူသည် စက်ယန္တယားမြို့အလယ်ဗဟိုမှထွက်ပေါ်နေသောစွမ်းအင်အတက်အကျလှိုင်းများအားကြည့်ကာ သရော်ပြုံးပြုံးလိုက်သည်။
"နင်ယွမ်ဖုန်းဒီချစ်ပ်ပြားကိုသူ့အတွက်လိုချင်တယ်ဆိုတာ တကယ်ရယ်ရတယ် ညီမလေးယွဲ့အာနဲ့ငါနှစ်ယောက်လုံးက ချစ်ပ်ပြားရှိပေမဲ့ ပိုရလေငါတို့အတွက်ပိုကောင်းလေပဲ ငါတို့စိုးရိမ်ရမဲ့တစ်ခုတည်းသောအရာက အထူးအဖွဲ့အစည်းက နင်မိသားစုကိုကူညီပေးဖို့ရောက်လာမလား ဒါမှမဟုတ်ဒီအခြေနေကိုအသုံးချဖို့ရောက်လာမလားဆိုတာပဲ"
ထိုအမျိုးသားမှာစကားပြောရင်းအခန်းထဲတွင်အနားယူနေသောစုယွဲ့အားကြည့်ကာပြုံးလိုက်သည်။ သူ၏မျက်လုံးများတွင်လည်းချစ်ခြင်းတရားများဖြင့်ပြည့်နှက်နေခဲ့သည်။
"ညီမလေးယွဲ့ မပူနဲ့ အစ်ကိုသာရှိရင်ဘယ်သူမှမင်းကိုမထိခိုက်စေရဘူး တကယ်လို့သူတို့မင်းကိုထိခိုက်အောင်လုပ်ချင်ရင် အစ်ကို့အလောင်းပေါ်က ကျော်သွားမှရမယ်"
ပြောရင်းလက်ထဲရှိဓားမှာလည်း အသံထွက်လာခဲ့သည်။ ဤဓားမှာအလွန်ထူးခြားကာ သာမန်ဓားတစ်လက်မဟုတ်ပေ။ စက်ပစ္စည်းတစ်ခုနှင့်တူကာ စက်ပစ္စည်းကဲ့သို့သုံးနိုင်သည့်ဓားတစ်လက်ဖြစ်သည်။
"အစ်ကိုဖုန်း နင်ယွမ်ဖုန်းကကနှစ်ရက်အတွင်းအောင်မြင်လိမ့်မယ် အဲဒီအချိန်ကျကျွန်တော်တို့ အတားအဆီးတွေကိုဖယ်ရှားသင့်လား"
ထိုအချိန်တွင် စွန်းမိသားစုမှတပည့်အချို့မှာ ဓားကိုင်ထားသောအမျိုးသားအားကြည့်ကာပြောလိုက်ကြသည်။
"အင်းစိတ်ချ ဒီချစ်ပ်ကငါတို့စွန်းမိသားစုလက်ထဲပဲရောက်မှာ"
ဖုန်းပိုင်ချွမ်းမှာ အေးစက်စွာနှာခေါင်းရှုံ့ကာ သေချာနေသည့်ပုံဖြင့်ပြောလိုက်သည်။
ထိုမျှသာမက လက်ရှိအချိန်တွင် အထူးအဖွဲ့၏ပိုင်နက်ထဲရှိ ရေငွေ့ကန်ထဲတွင်ရေချိုးနေသောသိမ်မွေ့လှပသောပုံရိပ်တစ်ခုမှာလည်း စင်တာအားစောင့်ကြည့်နေပေသည်။
"အစ်မကြီးအိုးယန် ကျွန်မတို့အဲဒါအတွက်တိုက်ရမလား"
လက်အောက်ငယ်သားဖြစ်သူထံမှအမေးစကားထွက်လာခဲ့သည်။
"ညီမပိုင်နဲ့ နင်ယွမ်ဖုန်းကစေ့စပ်ထားပြီသားဆိုပေမဲ့ ငါတို့ဝင်နှောင့်ယှက်ဖို့ကမသင့်တော်ဘူး တကယ်လို့နင်ယွမ်ဖုန်းမှာအရည်အချင်းရှိရင်ငါတို့မနှောင့်ယှက်ဘူး တကယ်လို့သူ့မှာအရည်အချင်းမရှိရင်တော့ ဒါဆိုရင်တော့ငါတို့ကိုအပြစ်တင်လို့မရတော့ဘူး"
ဤမိန်းကလေး၏အသံမှာတည်ငြိမ်နေပြီး ခံစားချက်မရှိသောခံစားမှုမျိုးပေးစွမ်းပေသည်။
သူမ၏အမည်မှာအိုးယန်ထင်းရွှမ်ဖြစ်ကာ သူမသည်အထူးအဖွဲ့အစည်းမှနောက်ထပ်မင်းသမီးလိုလူတစ်ယောက်ဖြစ်ကာ ပိုင်ရန်ရွှယ်၏အစ်မဖြစ်သည်။
ထို့အပြင်သူမသည် အထူးအဖွဲ့ဥက္ကဌ၏အကြီးဆုံးတပည့်ဖြစ်ပေရာ သူမ၏အဆင့်အတန်းမှာ ပိုင်ရန်ရွှယ်ထက်ပင်ပိုမြင့်ပေသည်။
သူမ၏စကားလုံးများမှာ အထက်စီးဆန်နေသည်မဟုတ်ဘဲ သူမသည်အထက်စီးဆန်ပိုင်ခွင့်ရှိသောလူတစ်ယောက်သာဖြစ်သည်။ သူမ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးနှင့် အထူးစွမ်းရည်ဖြင့်ဆိုပါက သာမန်ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာ သူမအားအနိုင်မပိုင်းနိုင်ပေ။
သူမသည်အထူးစွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်သလို သိုင်းပညာရှင်တစ်ယောက်လည်းဖြစ်သည်။ ယခုလိုလူမျိုးမှာရှားပါးလှပြီး ခန္ဓာကိုယ်မှာလည်းအလွန်ထူးခြားလှသည်။ အထူးအဖွဲ့အစည်းထဲတွင် သူမနှင့်ပိုင်ရန်ရွှယ်နှစ်ယောက်လုံးမှာအထူးဖြစ်တည်မှုများဖြစ်ကြပြီး ထိုကဲ့သို့သောဖြစ်တည်မှုမျိုးမှာလည်းသူမတို့သာရှိကာ ထိုအကြောင်းပြချက်ကြောင့်ပင် သူမတို့နှစ်ယောက်မှာအထူးအဖွဲ့အစည်းဥက္ကဌ၏တပည့်များဖြစ်လာခဲ့ခြင်းဖြစ်သည်။
"ဒါနဲ့ အာဖရိကကအီတာယွီမိသားစုကိုဂရုစိုက် ငါကြားတာတော့ကူရုသေပြီတဲ့ သူ့ကိုဘယ်သူသတ်သွားလဲဆိုတာသိချင်မိတယ် သူ့အစ်ကို ဘလူးက နည်းနည်းမိုက်ရူးရဲဆန်တယ် ငါတို့အထူးအဖွဲ့ကသူတို့လိုရိုင်းစိုင်းတဲ့လူတွေကိုသေချာပေါက်မကြောက်ဘူး တကယ်လို့သူတို့ချစ်ပ်အတွက်ပြိုင်ချင်ရင် ပြိုင်ခိုင်းလိုက်"
အိုးယန်ထင်းရွှမ်မှာ စကားဆုံးသည်နှင့်ဂရုမစိုက်ဟန်ဖြင့်မျက်လုံးများအားမှေးမှိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အီတာယွီမိသားစုရှိဘလူးမှာ ဝမ်းနည်းနေသောအမူအရာမျိူးဖြင့်အခန်းထဲတွင်ထိုင်နေပေသည်။ သူတို့၏အီတာယွီမိသားစုဝင်များမှာ အချင်းချင်း၏သွေးမျိုးဆက်အားအာရုံခံနိုင်ကြပေသည်။ ညီဖြစ်သူ၏သွေးမျိုးဆက်ပျောက်ကွယ်သွားသည်ကိုအာရုံခံမိပြီးနောက် သူ၏နှလုံသားထဲတွင် အောင့်မျက်သွားခဲ့ရသည်။
ထို့ကြောင့် သူသည်သူ၏ညီဖြစ်သူအားသတ်ခဲ့သူကိုအပိုင်းပိုင်းလုပ်ပစ်ချင်နေပေသည်။
"ငါ့ညီမသေခင်က အမှတ်အသားတစ်ခုချန်ခဲ့တယ် ဒီလူသာပေါ်လာရင် ငါသေချာပေါက်သူ့ကိုရှာလို့ရမှာပဲ"
ဘလူးမှာအေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သူ၏မျက်လုံးထဲတွင်လည်းသတ်ဖြတ်လိုသာအငွေ့အသက်များဖြင့်ပြည့်နေပေသည်။ ထိုအချိန်တွင် မြို့လယ်ခေါင်ရှိကြီးမားသောအဆောက်အဦးထဲတွင် နင်ယွမ်ဖုန်းမှာ အဖြူရောင်စစ်သည်ဝတ်စုံအားဝတ်ဆင်ထားကာ လက်နောက်ပစ်ပြီး ခပ်ဖျော့ဖျော့ပြုံးရင်း အောက်သို့ငုံ့ကြည့်နေပေသည်။
"ဒီလောက်လူတွေအများကြီး ဒီကိုလာကြတယ် ကြည့်ရတာအားလုံးကဒီချစ်ပ်ပြားကို ငါ့ဆီကနေလုယူချင်နေတဲ့ပုံပဲ သူတို့မှာအဲဒီလိုစွမ်းရည်ရှိမရှိကြည့်ကြရသေးတာပေါ့"
"ရွှယ်အာမလာဘူး အထူးအဖွဲ့အစည်းကငါ့ကိုကူညီမပေးမှာစိုးရတယ် အိုးယန်ထင်းရွှမ်က နည်းနည်းပြဿနာများတယ် ဒါပေမဲ့ကိစ္စမရှိပါဘူး သူသာငါ့ကိုနှောင့်ယှက်ရဲရင် ငါကလည်းသူ့ကိုငဲ့ညှာနေမှာမဟုတ်ဘူး"
နင်ယွမ်ဖုန်းမှာ ထူးခြားသောအငွေ့အသက်ရှိပြီး အလွန်ထူးခြားပေသည်။ ထိုအငွေ့အသက်အောက်တွင် ၎င်းမှာဓားအိမ်မှထွက်လာသောဓားသွားတစ်ခုပမာ စိုးမိုးနိုင်သောအငွေ့အသက်ဖြင့် လူများအားသူ့ကိုစေ့စေ့မကြည့်နိုင်အောင်လုပ်နိုင်စွမ်းရှိပေသည်။
သူ၏ကြီးစိုးနိုင်စွမ်းရှိပြီး ကျက်သရေရှိသောအငွေ့အသက်မှာ သူ့အားဇာတ်လမ်းထဲမှလမ်းလျှောက်ထွက်လာသောဇာတ်လိုက်ပမာထင်မြင်စေကာ လူအများ၏အာရုံစိုက်မှုအားရရှိစေပေသည်။
"ရှေးဟောင်းသိုင်းပညာရှင်မိသားစုကမျိုးဆက်တစ်ယောက်အနေနဲ့ ငါနင်ယွမ်ဖုန်းက သာမန်ထက်ထူးခြားဖို့မွေးဖွားလာတာ ငါငယ်ငယ်တုန်းကရှေးဟောင်းနတ်ဘုရားသားရဲရဲ့အမွေဆက်ခံမှုကိုရခဲ့ပြီး အမှတ်အသားတစ်ခုကျန်ခဲ့တယ် ငါ့မှာမိခင်ကမ္ဘာကြီးရဲ့အကာအကွယ်တောင်မှရှိတယ် ဒါတွေအားလုံးကငါကသာမန်ထက်ထူးခြားတယ်ဆိုတာကိုသက်သေပြဖို့လုံလောက်တယ် ပြီးတော့ဒီတစ်ခေါက် မိုရိုမျိုးနွယ်ရဲ့ရတနာကသေချာပေါက်ငါ့ဟာဖြစ်ရမယ်"
နင်ယွမ်ဖုန်းမှာယုံကြည်ချက်ရှိစွာဖြင့်ပြုံးရင်းပြောလိုက်သည်။
....................................................................................
အခန်း(၅၃၁) ပြီးပါပြီ။