← Chapters

ကစားဖော်ကစားဖက်

Vol. 3 Ch. 163

ကစားဖော်ကစားဖက်

Vol. 3 Ch. 163

ရိုမြူလက်ဘုရားကျောင်း ပင်မခန်းမကျယ်ကြီ။

ရဟန်းမင်းကြီးပီးယပ်က ပလ္လင်ပေါ်မှာ ထိုင်နေပြီး သွေးစွန်းဘုန်းတော်ကြီး​ကတော့ ဘေးမှာရပ်နေတယ်။ သူတို့နှစ်ယောက်ရဲ့ရှေ့မှာတော့ လေးသူတော်စင်ဖြစ်တဲ့ သီယာက ဒူးထောက်ခစားနေပါတယ်။

သီယာဟာ ငွေရောင်သံချပ်ဝတ်စုံကိုဝတ်ဆင်ထားပြီး ခါတိုင်းမြင်နေကျ ဘာသာရေးဝတ်စုံနဲ့မဟုတ်တော့ဘူး။ ဒါပေမဲ့ ဒီပုံစံကြောင့်ပဲ သူ့ပုံစံဟာ ပိုမိုသန့်စင်တဲ့ နတ်သမီး တစ်ပါးလိုမျိုးထင်ရပါတယ်။

ရဟန်းမင်းကြီးပီးယပ်က သူ့ရဲ့အိုမင်းနေတဲ့ မျက်လုံးတွေနဲ့ သီယာကိုကြည့်လိုက်ပါပြီ။

“အခုရက်ပိုင်းအတွင်း မင်းရဲ့တိုးတက်လာတဲ့ စွမ်းအားတွေကို သေချာစမ်းသပ်ပြီးသွားပြီလား။”

သီယာက ခေါင်းညိတ်လိုက်ပြီး တလေးတစားနဲ့ပဲ ပြန်ဖြေပါတယ်။ “ဟုတ်၊ အခုအခြေအနေနဲ့ဆိုရင် ညမင်းသားကို ကျွန်မကျိန်းသေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

ပီးယပ်က ခေါင်းညိတ်လိုက်တယ်။ ပြီးတဲ့နောက် သူ့လက်ကို မြှောက်လိုက်ပြီး “ညမင်းသားကို နှိမ်နင်းတာက အဓိကတာဝန်တစ်ခုဆိုတာမှန်တယ်။ ဒါပေမဲ့ အဲဒီကိစ္စက ခဏစောင့်လို့ရသေးတယ်။ ကိုယ်တော့်မှ သမီးတော်ကို လုပ်စေချင်တဲ့ တခြားကိစ္စတစ်ခုရှိတယ်။”

“ပြောပါ အရှင်မြတ်။”

ပီးယပ်က သီယာကို အချိန်အတော်ကြာအောင် စိုက်ကြည့်ရင်း လက်မှာဝတ်ထားတဲ့လက်စွပ်ကို လှည့်ပတ်ဆော့ကစားနေတယ်။ ဘုရားကျောင်းခန်းမတွင်း တိတ်ဆိတ်မှုက တစ်ခဏတာ ကြီးစိုးထားတယ်။ နောက်ထပ် ပီးယပ်ရဲ့စကားသံ ထွက်ပေါ်လာချိန်မှာတော့ ခန်းမကြီးရဲ့ အပူချိန်ဟာ ရေခဲမှတ်အထိ ကျဆင်းသွားသလိုမျိုး ထင်ရပါတယ်။

“ဆားဗီးရပ်က ကိုယ်တော်ဆင့်ခေါ်တာကို နားမထောင်ဘူး။ သူ့ကိုအပြစ်ပေးဖို့ အချိန်သင့်ပြီလို့ထင်တယ်။”

“နားလည်ပါပြီ။” ပီးယပ်ဆီက အမိန့်ရပြီးတာနဲ့ သီယာက ဒူးထောက်ခစားနေရာကနေ ထလိုက်ပါတယ်။ ပြီးနောက် ကြမ်းပြင်မှာချထားတဲ့ အထွတ်အမြတ်လေးကို ကောက်ယူပြီး ခန်းမထဲကနေ ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့တယ်။

...

ပီးယပ်နဲ့သွေးစွန်းဘုန်းတော်ကြီးက သီယာ ခန်းထဲကနေ ပျောက်ကွယ်သွားတဲ့အထိ သူ့နောက်ကျောကိုပဲ ကြည့်နေ ခဲ့ပါတယ်။ အဲဒီနောက်တော့ သွေးစွန်းဘုန်းတော်ကြီးက ပီးယပ်ကို ချီးကျူးတဲ့အနေနဲ့ ပြောလိုက်ပါတယ်။

“ခင်ဗျားက သူတော်စင်လေးယောက်ထဲမှာ သီလနဲ့စာရိတ္တ အရှိဆုံးသူကို ဘာမေးခွန်းမှမထုတ်ဘဲ နာခံလာအောင် လုပ်နိုင်ခဲ့တာပဲ။ တကယ့်ကို လေးစားဖို့ကောင်းတယ်။”

သွေးစွန်းဘုန်းတော်ကြီးရဲ့စကားကြောင့် ပီးယပ်က ခပ်ဟဟ ရယ်မောလိုက်တယ်။ အဲဲဒီနောက်တော့ သူ့မေးသူပွတ်ရင်း

“တကယ့်တကယ်တော့ နီကိုလပ်က သီယာကို ကာကွယ်ပေးချင်တယ်လို့ တစ်ချိန်လုံးပြောနေပေမဲ့ သူတို့နှစ်ယောက်ထဲမှာ ပိုပြီးအကာအကွယ်ပေးလိုစိတ် ပြင်းထန်တဲ့သူက သီယာပါပဲ။ မီလန်မြို့တိုက်ပွဲက ငါတို့အတွက် အလှည့်အပြောင်းတစ်ခုဖြစ်စေခဲ့တယ်။ ဘုရားကျောင်းက ရှုံးနိမ့်ခဲ့ပေမဲ့ အခုဆိုရင် ငါတို့က သူတော်စင်တွေကို လိုသလိုထိန်းချုပ်နိုင်နေပြီလေ။”

သူတော်စင်တွေကို လိုသလိုထိန်းချုပ်တယ်ဆိုတဲ့စကားကို ကြားတဲ့အခါမှာတော့ သွေးစွန်းဘုန်းတော်ကြီးက မျက်မှောင် ကြုတ်လိုက်ပါပြီ။ ပြီးတဲ့နောက် ပီးယပ်ကိုမေးလိုက်တယ်။

“ဒါပေမဲ့ ခင်ဗျားက သီယာတစ်ယောက်တည်းကိုပဲ ကျဆုံးနတ်သားသွေးတိုက်ရသေးတာလေ။”

ပီးယပ်က မလောနဲ့ဆိုတဲ့ပုံစံနဲ့ လက်ကာပြလိုက်ပြီး “ဒီနေ့ ငါတို့ဆီကိုလာမှာ သူတစ်ယောက်တည်းမဟုတ်ဘူး။”

ပီးယပ်စကားဆုံးတယ်ရှိသေးတယ် အပြင်ဘက်က ဘုရားကျောင်းအစောင့်စစ်သည်ဆီကနေ လှမ်းပြီး သတင်းပို့တဲ့အသံ ထွက်လာပါတယ်။

“အရှင်မြတ်ခင်ဗျား၊ လှံသူတော်စင် နီကိုလပ်က တွေ့ခွင့်တောင်းနေပါတယ်။”

ပီးယပ်က ရယ်မောလိုက်တယ်။

“ဒိုမီနိုချပ်ပြားလေးတွေ ဘယ်လိုအလုပ်လုပ်လည်းသိလား သွေးစွန်းဘုန်းတော်ကြီး။”

“.....” သွေးစွန်းဘုန်းတော်ကြီးရဲ့မျက်လုံးတွေထဲမှာ အံ့အားသင့်တဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နှက်သွားတယ်။

“သီရာက သူကာကွယ်ပေးဖို့မဖြစ်နိုင်တဲ့အထိ သန်မာလာရင် နီကိုလပ်ကလည်း ပိုပြီးသန်မာချင်လာမှာပဲ။ သူတို့နှစ်ယောက် ပိုပြီးသန်မာလာရင် သူတော်စင်တွေကြားထဲက အင်အား ကွာဟမှုပိုများလာပြီး ခေါင်းမာနေတဲ့ ရူဘီလည်း ပါလာလိမ့်မယ်။ အဲဒီလိုနဲ့ သွေးနားထင်ရောက်နေတဲ့ ဆားဗီးရပ် ချောင်ပိတ်ခံရပြီး ငါ့အမိန့်တွေကို မနာခံဘဲ နေလို့ရမှာမဟုတ်တော့ဘူး။”

သွေးစွန်းဘုန်း​တော်ကြီးမျက်နှာပျက်သွားတယ်။ သူ့ပုံစံက ကြောက်စရာအကောင်းဆုံး အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင်မြင်တွေ့နေရတဲ့အလားပါပဲ။

“ခင်ဗျားက သူတော်စင်တွေကို ရဟန်းမင်းနေရာ ဆက်ခံဖို့ ရွေးချယ်ခဲ့တာမဟုတ်ဘဲ ရုပ်သေးရုပ်တွေလို အသုံးချဖို့ ရွေးချယ်ခဲ့တာပဲ။”

....

“ဟမ်...”

ဆားဗီးရပ် မျက်လုံးဖွင့်လိုက်တယ်။ သူ့လက်ထဲမှာ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲပါ။ ဒါပေမဲ့ အလင်းရောင် လုံးဝမရှိဘဲ မွန်းကျပ်နေတဲ့နေရာတစ်ခုဆီ ရောက်နေတဲ့ အတွက်ကြောင့်မလို့ သူစိတ်ရှုပ်သွားတယ်။ သူ့လက်ကို ဆန့်တန်းကြည့်တော့ အတားအဆီးတစ်ခုနဲ့တွေ့သလို ဖြစ်သွားပြီး သူရောက်နေတဲ့နေရာဟာ လူတစ်ကိုယ်စာ ဆန့်ရုံသာရှိတဲ့အရာတစ်ခုမှန်း သတိထားမိလိုက်တယ်။

“အခေါင်းလား....”

သူမျက်လုံးကိုမှိတ်ပြီး ပတ်ဝန်းကျင်ကို သေချာပြန်လည် အာရုံခံကြည့်လိုက်မိတယ်။ လူတွေတီးတိုးစကားပြောနေတဲ့ အသံတွေကိုကြားရသလို ဂေါ်ပြားနဲ့မြေကြီးထိသံတွေလည်း ကြားနေရပါတယ်။

“စိတ်ရှုပ်စရာပဲ....”

ဆားဗီးရပ်က သူ့ခြေထောက်ကို မြှောက်လိုက်ပြီး ခေါင်းတလားအဖုံးကို ကန်ဖွင့်လိုက်တယ်။

ဘုန်း....

စူးရှတဲ့နေရောင်က သူ့မျက်နှာကို လာထိမှန်တဲ့အတွက် မျက်လုံးကိုမှိတ်ထားလိုက်ရတယ်။ ခေါင်းတလားဘောင်ကို အားပြုပြီး မတ်တပ်ရပ်လိုက်ချိန်မှာတော့ မူးဝေမှုကိုခံစား ရတယ်ဆိုပေမဲ့ သူ့မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့် လိုက်ပါတယ်။

“ဖုတ်... ဖုတ်ကောင်ကြီး။” တချို့လူတွေရဲ့အလန့်တကြား အော်သံကို ကြားရတဲ့အတွက်ကြောင့် ဆားဗီးရပ်ရယ်လိုက် မိပါတယ်။ သူပတ်ဝန်းကျင်ကို မြင်လိုက်ရချိန်မှာတော့ သာမန်အရပ်သားအများအပြားကို မြင်လိုက်ရပါတယ်။

“ကြည့်ရတာ ငါမြက်ခင်းပြင်မှာ လဲကျနေတုန်း သူတို့တွေတွေ့ပြီးတော့ သေပြီမှတ် မြေမြုပ်ဖို့ လုပ်နေတာထင်တယ်။”

ဆားဗီးရပ်က သူ့ဝမ်းဗိုက်ကို ငုံကြည့်လိုက်တယ်။ ဒဏ်ရာက မရှိတော့ဘူးဆိုပေမဲ့ သူဝတ်ထားတဲ့ဝတ်စုံကတော့ ပြဲနေဆဲပါ။ သူ့မှာသာ အထွတ်အမြတ်ဓားမရှိရင် ဝံပုလွေဘုရင်ကြောင့် အသက်ပျောက်နေလောက်ပါပြီ။

“အေး... ငါလည်းတကယ် သေသွားနိုင်တာကိုး။”

နောက်တော့ သူက သာမန်လူတွေကို ဂရုမစိုက်တော့ဘဲ ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်တယ်။ ပြီးတဲ့နောက်တော့ အရပ်မျက်နှာတစ်ခုကိုရွေးပြီး ဆက်တိုက်ပြေးပါတယ်။ အရပ်မျက်နှာတိုင်းက နှင်းတွေဖုံးနေတာကို မြင်ပြီးနောက် သူ့နှလုံးခုန်သံက တဖြည်းဖြည်းမြန်လာတာကို ခံစားမိတယ်။

“ဆောင်းယဥ်စွန်းတန်းအချိန်က ရောက်ဖို့ရက်ပိုင်းပဲ လိုတော့တယ်။ ငါ့သားကောင်လေးရေ၊ မင်းနန်းတက်တဲ့နေ့ ငါပေါ်လာရင် မအံ့ဩနဲ့နော်။” သူက ပြောလိုက်ရင်း နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်တယ်။

ဒါပေမဲ့ ရုတ်တရက်ပဲ သူ့မျက်နှာပေါ်က အပြုံးပျောက်သွားပြီး ပြေးနေတဲ့လမ်းကြောင်းကို ရုတ်တရက်ပြောင်းပြီး ချိုးကွေ့ချလိုက်တယ်။

ဘုန်း....

သူပြေးနေခဲ့တဲ့လမ်းကြောင်းက မီတာနှစ်ရာပတ်လည် ​မြေပြင်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး မြေသားစိုင်တွေ သူ့မျက်နှာကို လာရောက်ထိမှန််တယ်။

“ကပ်သီးလေးပဲ....” သူက အခုလိုပြောလိုက်ပြီးတဲ့နောက် ကောင်းကင်တစ်နေရာကို မော့ကြည့်လိုက်တယ်။ ငွေဖြူ ချပ်ဝတ်ကိုဝတ်ဆင်ထားတဲ့ တောင်ပံပါမိန်းမလှလေး တစ်ယောက်က အမြင့်ကနေ ဖြည်းဖြည်းချင်းဆင်းလာ ပါတော့တယ်။ လက်မှာလည်း ဝတ်စုံနဲ့သီးခြားဖြစ်နေတဲ့ ပက်တီးတွေကို ပတ်ထားတယ်။

“ဘယ်သူများလဲလို့ သူတော်စင်သီရာပါလား။” ဆားဗီးရပ်ရဲ့အကြည့်က မှောင်မိုက်သွားပြီး ဓားကို ဓားအိမ်ထဲက ထုတ်လိုက်တယ်။ နေရောင်အောက်မှာ သူ့ရဲ့ဓားသွားက ရွှေရောင်တောက်ပနေပါတယ်။

သီရာကတော့ အေးစက်စက်နဲ့ပဲ မြေပြင်ပေါ်ကို ဆင်းသက်လိုက်ရင်း လာရင်းအကြောင်းကိုပဲ ပြောလိုက်တယ်။

“သူတော်စင်ဆားဗီးရပ်၊ ရှင်က ဘုရားကျောင်းရဲ့အမိန့်ကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့တဲ့အတွက် ရဟန်းမင်းကြီးက ရှင့်ကို အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။”

သီရာ့လေးမှာ အလင်းတန်းတွေစတင်ဖြစ်ပေါ်လာတယ်။ လာခြင်းကောင်းနဲ့လာတာမဟုတ်မှန်း သိလိုက်ရပြီးတဲ့ နောက်မှာတော့ ဆားဗီးရပ်က နာမည်တစ်ခုကိုတီးတိုး ရေရွတ်လိုက်တယ်။

“အဇင့်ခီ....”

ရွှတ်... ရွှတ်... ရွှတ်....

အလင်းတိုင်သုံးတိုင်က မဖြစ်နိုင်တဲ့ထောင့်တွေကနေ ချိုးကွေ့ဝင်ရောက်လာပြီး ဆားဗီးရပ်ကိုတိုက်ခိုက်တယ်။ ခါတိုင်းလိုတည့်ဝင်လာတာမဟုတ်လို့ သီရာနဲ့တိုက်ခိုက်ရာမှာ ရင်းနှီးတဲ့သူတွေတောင် ရှောင်ဖို့ခဲယဥ်းမှာဆိုပေမဲ့လို့ တိုက်ကွက်တွေကို ကြိုမြင်နိုင်တဲ့ ဆားဗီးရပ်ကတော့ အေးအေးဆေးဆေးပဲ ရှောင်လိုက်တယ်။ အလင်းတိုင်တွေက သူ့နောက်ကိုဆက်လိုက်လာနေတာ မြင်ရတာကြောင့် သူဟာဆက်ရှောင်မနေတော့ဘဲ အလင်းတိုင်တွေကိုဓားနဲ့ပဲ တိုက်ရိုက်ဖျက်ဆီးချလိုက်ပါတယ်။

ဘုန်း... ဘုန်း... ဘုန်း...

အလင်းတိုင်တွေပေါက်ကွဲမှုကြောင့် သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတချို့ဖြစ်ပေါ်လာခဲ့ပေမဲ့ ဆားဗီးရပ်က အပြုံး မပျက်ပါဘူး။ သူက သီရာကိုအထင်သေးစွာ ကြည့်နေတယ်။ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေက စက္ကန့်ပိုင်းအတွင်းမှာပဲ အမာရွတ်ပါမကျန် ပျောက်ကွယ်သွားတယ်​။

“အချိန်ခဏလေးအတွင်း မင်းက နက်ဆန်နီးနီး တိုးတက်လာပါလား။ ဘိုးတော်ကြီးက မင်းကို ဘာလုပ်လိုက်တာလဲ။”

ဆားဗီးရပ်က သီရာ့လက်က ပက်တီးတွေကို ကြည့်လိုက်တယ်။ သီရာကလည်း ရန်သူ့ခွန်အားက အထင်သေးလို့မရတာကို သတိထားမိတဲ့အတွက် တွန့်ဆုတ်မနေတော့ဘဲ ပက်တီးတွေကိုဖြေချလိုက်တယ်။ နတ်မျက်လုံးတွေက ပက်တီးပြေသွားတာနဲ့ပွင့်လာပြီး သီရာက အလင်းမြားတွေကို ဆက်တိုက်ပစ်လွှတ်တယ်။

“အားဟားဟား.... အဲဒီမျက်လုံးတွေက မင်းရဲ့စွမ်းအား မဟုတ်ဘူး။ မင်းရဲ့သန့်စင်မှုကို ပေးဆပ်ရတဲ့ လုပ်ရပ်မျိုးကို လက်ခံရလောက်တဲ့အထိ မင်းစိတ်ထဲမှာ ဘာတွေတွေးနေတာလဲ။”

ဆားဗီးရပ်က ပိုပြီးရူးသွပ်လာတယ်။ သူကဓားကို ဒေါင်လိုက်ပိုင်းချလိုက်တော့ အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး သီရာအမြန်ရှောင်လိုက်ရတယ်။

ဘုန်း...

နောက်တော့ အသွံကျယ်ကြီးတစ်ခုနဲ့အတူ မြေပြင်ဟာ အပိုင်းပိုင်းကွဲအက်သွားတယ်။

“စိတ်ရှုပ်စရာကောင်းတဲ့ကောင် သေစမ်း”

ဆားဗီးရပ်ရဲ့တိုက်ကွက်ကို ရှောင်ရှားပြီးတဲ့နောက်မှာ သီရာက မြားတွေကို ပိုထုတ်လွှတ်လိုက်တယ်။ ရာထောင် ချီတဲ့ မြားတွေက သီရာကိုဝန်းရံထားပြီး မုန်တိုင်းတစ်ခုလိုမျိုး ထင်ရပါတယ်။ ဆားဗီးရပ်က အဇင့်ခီရဲ့စွမ်းအားကိုသုံးပြီး ရှောင်ရှားနေတယ်ဆိုပေမဲ့ ပြေးပေါက်အားလုံးပိတ်သွားချိန်မှာတော့...

“ပြေးစရာလမ်းမရှိတော့ဘူးဆားဗီးရပ်၊ အခုချက်ချင်း အညံ့ခံပြီး ဘုရားကျောင်းကို ပြန်လိုက်ခဲ့။ ဒီလိုမှမဟုတ်ရင် ရှင်ဘယ်လောက် ပြန်ရှင်နိုင်ရှင်နိုင် ကျွန်မရှင့်ကို သတ်ရလိမ့်မယ်။”

မြားတွေက ပိုနီးကပ်လာခဲ့ပြီ။ ဆားဗီးရပ်ဟာ ဖြူးတစ်ကောင်လိုမျိုး အလင်းမြားတွေထိုးစိုက်ခြင်း ခံထားရပြီး ပါးစပ်ကနေ သွေးတွေစီးကျနေတယ်။ အဗျာဟန်ရဲ့ ပြန်လည်ကုသနိုင်စွမ်းနဲ့တောင်မှ ထောင်သောင်းများစွာသောမြားတွေရဲ့ထိုးစိုက်ခံရတဲ့ ဒဏ်ကနေ မကယ်မနိုင်ပါဘူး။

“ဟုတ်ရဲ့လား... မင်းစွမ်းတယ်ထင်ရင် လုပ်ကြည့်လိုက်လေ။ ဒါပေမဲ့ ကြိုပြောထားမယ်.... ဒီကမ္ဘာမှာ ငါ့ကိုတကယ် သတ်နိုင်တဲ့သူ တစ်ယောက်ပဲရှိတယ်....”

ဆားဗီးရပ်ရဲ့သွေးနားထင်ရောက်စကားတွေကို ကြားရတာ ရိုးနေပြီဖြစ်တာကြောင့် သီရာက ဂရုစိုက်မနေတော့ဘဲ လက်ကိုဝေ့ယမ်းလိုက်တယ်။ များပြားလှတဲ့ မြားတွေဟာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီးနောက် ဆားဗီးရပ်ရဲ့ နှလုံးသားကို တိုက်ရိုက်ထိုးဖောက်သွားပါတော့တယ်။

....

ဝှီး... ဝှီး... ဝှီး....

ထောင်သောင်းချီတဲ့ နှင်းလုံးတွေက မြို့ပြင်ဗီလာအိမ်ရှေ့မှာ အတားအဆီးမဲ့ပျံသန်းနေတယ်။

ကလေးမလေးနှစ်ယောက်က ခြံရှေ့တစ်ဖက်တစ်ချက်မှာ ရပ်နေရကြပြီး သူတို့တစ်ယောက်ချင်းစီက များစွာသော သစ်မြစ်သစ်နွယ်တွေကိုထိန်းချုပ်ကာ ကစားနေကြတယ်။

အစပိုင်းတော့ အိုလီရာနာက အသာစီးရနေပေမဲ့ ဒါလီယာက အတတ်မြန်ပြီး သိပ်မကြာခင်မှာပဲ သစ်နွယ်တွေကို ထိန်းချုပ်တဲ့နေရာမှာ သူနဲ့တန်းတူဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အိုလီရာနာက ဖိအားကြီးကိုခံစားနေရပြီး ​မျက်မှောင်ကြုတ်ထားရတယ်။

“အီးယား... နင့်ကိုအနိုင်မယူနိုင်ရင် ဒီအရှင်မက ကိုယ့်ကိုယ်ကိုယ် သစ်သားကျောင်းတော်ရဲ့နတ်ဆရာမလို့ မခေါ်တော့ဘူး။”

ဒီမြင်ကွင်းကို အားရပါးရနဲ့ကြည့်နေတဲ့သူလည်းရှိနေပြီး အဲဒီလူကတော့ ခြုံပုတ်ထဲမှာပုန်းနေတဲ့ အယ်မာပါ။

“လုပ်ပြလိုက် ရဲဘော်လေး။ မကြာခင် နင်သူ့ကိုနိုင်တော့မှာ။ နင်သူ့ကိုနိုင်ပြီးရင် အသေသတ်ပစ်လိုက်။ ပြီးတာနဲ့ အမှောင်ဘုရားကျောင်းက တခြားသူတွေရဲ့စွမ်းအားကို ပုံတူပွားဖို့လုပ်ရမယ်။”

....

အိမ်ထဲမှာတော့ နက်ဆန်နဲ့ပါစီဗယ်က ဆိုဖာခုံတစ်လုံးစီမှာ ထိုင်နေပြီးတော့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့် နေကြပါတယ်။ အကြည့်တိုက်ပွဲက နာရီဝက်ကျော်ကြာပြီ ဖြစ်ပြီးတော့ အနိုင်အရှုံးမပေါ်သေးပါဘူး။ ဘေးကနေ ကြည့်နေတဲ့ ဆယ်ဗီတောင်မှ အိပ်ငိုက်နေပြီ။

“ဒီတော့ မင်းက ငါ့ကို အမှောင်ကျောင်းတော်ရဲ့ဆီနိတ်တာ ဖြစ်စေချင်တယ်ပေါ့။ ငါသဘောမတူနိုင်ဘူး။ အဲဒီလိုဆိုရင် ငါက မင်းရဲ့လက်အောက်ငယ်သား ဖြစ်သွားမှာပေါ့။”

ပါစီဗယ်က နက်ဆန်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်တယ်။ ဒါပေမဲ့ နက်ဆန်ကတော့ လက်မလျှော့သေးပါဘူး။ လောလောဆယ် အမှောင်ကျောင်းတော်မှာ ဆီနိတ်တာ နှစ်ယောက်ပဲရှိနေပြီး နဂိုအခြေအနေပြန်ရဖို့ဆိုရင် ဆောင်းယဥ်စွန်းတန်းနေ့မှာ ဆီနိတ်တာခုနစ်ယောက် ပြည့်အောင်ပြန်ခန့်ရမှာပါ။

နာတာရှာက ဆီနိတ်တာဖြစ်နေပြီဖြစ်ပြီးတော့ နက်ဆန်က အမှောင်ကျောင်းတော်ထဲက တခြားမာစတာတွေဖြစ်တဲ့ ဩတေဗီယန်၊ မက်ဆီမက်နဲ့ မိုက်ကယ်တို့ကို ဆီနိတ်တာရာထူးပေးဖို့ လျာထားပါတယ်။ သူတို့တွေက အားနည်းတယ်ဆိုပေမဲ့ လေ့ကျင့်ပေးဖို့တော့ဖြစ်နိုင်တယ်။

တခြားလိုနေသေးတဲ့နှစ်နေရာအတွက် နက်ဆန်က သူ့သက်တော်စောင့်တွေထဲက နှစ်ယောက်ဖြစ်တဲ့ မော်လီနဲ့ ပါစီဗယ်ကို ရွေးချယ်ခဲ့ပါတယ်။

မော်လီကတော့ ခါတိုင်းလိုပဲ ဂါဝန်အနားစလေးမပြီး “သခင့်အမိန့်အတိုင်း နာခံပါမယ်။” လို့ပြော သဘောတူလိုက်ပေမဲ့ ပါစီဗယ်နဲ့ကျမှ ဂွကျနေပါတော့တယ်။

“ငါတို့နှစ်ယောက်က တန်းတူစာချုပ်မှာ လက်မှတ်ထိုးထားတယ်ဆိုပေမဲ့ ကျောင်းတစ်ခုရဲ့ဆီနိတ်တာ ဖြစ်သွားတာက အဲဒီကျောင်းအယ်ဒါရဲ့တိုက်ရိုက် ငယ်သားလို့ သဘောမသက်ရောက်ဘူးလေ။ မင်းမြင်တဲ့အတိုင်း ဆီနိတ်တာတွေက တော်တော်လေး လွတ်လပ်မှုရှိနေတာပဲဥစ္စာ။”

နက်ဆန်က ထပ်ဆွဲဆောင်ပေမဲ့ ပါစီဗယ်က စားပွဲခုံကို လက်ဝါးနဲ့ရိုက်ရင်း... “မရဘူး၊ နာမည်အရတောင် ငါက မင်းလက်အောက် အရောက်မခံနိုင်ဘူး။ ငါ့ကို အမှောင်ကျောင်းတော်ထဲဝင်စေချင်ရင် အယ်ဒါနဲ့တန်းတူ ဒါမှမဟုတ် ပိုမြင့်တဲ့ရာထူးပေးမှပဲရမယ်။”

“ဒါတော့ မဖြစ်နိုင်ဘူးကွ”

ယောက်ျားလေးနှစ်ယောက်ရဲ့ရန်ပွဲက ဆက်ဖြစ်နေဆဲ။ မော်လီကတော့ ဟင်းပွဲတွေချပေးနေရင်းကနေ သူတို့ကို တိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်။ နောက်တော့ လွတ်နေတဲ့ ထိုင်ခုံကိုကြည့်ရင်း ဆယ်ဗီကိုမေးလိုက်တယ်။

“အိုလီရာနာ ခုထိ အိမ်ပြန်မလာသေးဘူးလား။”

ဆယ်ဗီက ခေါင်းခါပြီး မော်လီကို ပြန်ဖြေပါတယ်။ “ အခုတလော အိမ်နီးနားချင်းကလေးတစ်ယောက်နဲ့အတူ ကစားနေတယ်လို့ပြောတာပဲ။ တစ်နေကုန် ဖုန်းကြည့်နေတာထက်စာရင် ကောင်းတယ်ထင်လို့ လွှတ်ထားလိုက်တာလေ။”

“ဒါဆိုလည်း အဲဒီကလေးကိုပါ ထမင်းစားဖို့ တစ်ခါတည်းခေါ်လိုက်ပါလား။”

ဆယ်ဗီက ထမင်းဝိုင်းမှာရှိနေတဲ့ အူကြောင်ကြားတွေ အားလုံးနဲ့သူ့ကိုယ်သူ ပြန်ကြည့်လိုက်တယ်။ ဖုတ်ကောင်၊ သရဲ၊ စကူးဘတ်၊ နတ်တစ်ပိုင်းနဲ့ နတ်ဘုရားမတစ်ပါး။ သာမန်အိမ်နီးနားချင်း ကလေးတစ်​ယောက်ကို ဖိတ်ခေါ်ဖို့သင့်ပါ့မလား။

ဒါပေမဲ့ ဆယ်ဗီက သူ့ဦးနောက်သေးသေးလေးနဲ့ ဆက်တွေးဖို့ လက်လျှော့လိုက်ပြီး အိမ်အပြင်ကို ထွက်သွားကာ အိုလီရာနာတို့ကိုသွားခေါ်တယ်။

“အိုလီရာနာ... ထမင်းစားချိန်ရောက်ပြီလေ။ သူငယ်ချင်းပါ ခေါ်ခဲ့ပါလား။”

တစ်ယောက်နဲ့တစ်ယောက် နှင်းဘောလုံးပစ်တိုင်း ကစားနေတဲ့ အိုလီရာနာနဲဲ့ဒါလီယာက ဆယ်ဗီကို လှည့်ကြည့်လိုက်တယ်။ ဆယ်ဗီနဲ့သူတို့ကြားမှာ ဒါလီယာရဲ့တောင်ဝှေးကြီးရှိနေပြီး တောင်ဝှေးက သာမန်လူသားကလေးတွေကစားသလိုထင်ရအောင် လှည့်စားထားပါတယ်။ အလှည့်စားခံထားရတဲ့အထဲမှာ ဆယ်ဗီတို့အုပ်စုလည်းပါတယ်။

ပြီးတော့ ဒီအကြံက အိုလီရာနာဆီကလာတာဖြစ်ပြီး ဒါလီယာက သာမန်မဟုတ်မှန်းသိရင် သူ့ကိုဒါလီယာနဲ့ ပေးမကစားတော့မှာ စိုးရိမ်လို့ပါ။

All Chapters