အခန်း (၁၁၀၈-၁၁၁၀)
Vol. 74 Ch. 1108-1110
အခန်း(၁၁၀၈) မြို့တော်ကို တိုက်ခိုက်ခံရပြီ
ဤသည်က သမ္မတပြန်လာပြီးနောက်ပထမဆုံးအကြိမ်တွေ့ဆုံပွဲဖြစ်သည်။ နတ်အဆင့်များက မျက်နှာသာရရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ကြသည်။ သမ္မတအိမ်တော်သည် နှစ်ပေါင်းများစွာတိုင်အောင် အသက်မဲ့နေခဲ့ရာ သူပြန်လာသည်နှင့် သမ္မတအိမ်တော်က ပြည်ထောင်စု၏ အဓိက အချက်အချာဖြစ်လာပြန်သည်။
သမ္မတအိမ်တော်အပြင်ဘက်တွင် အခြေစိုက်မြို့ကြီးများမှ မရေမတွက်နိုင်အောင် များပြားလှသော သတင်းတောက်များက အစီရင်ခံစာအမျိုးမျိုးနှင့် တိုက်ရိုက် ထုတ်လွှင့်မှုများပြုလုပ်နေသည်။ သတင်းထောက်အများအပြားကိုလည်း ဤနေရာသို့ အင်တာဗျူးလုပ်ရန် ဖိတ်ခေါ်ထားကြသည်။
ခန်းမထဲတွင် ဇိမ်ကျကျ ၀တ်ဆင်ထားသော နတ်အဆင့်များ တယောက်ပြီး တယောက် ဝင်လာကြသည်။ သတင်းထောက်အများအပြားသည် မကြုံစဖူးသောမြင်ကွင်းကို ရိုက်ယူခွင့်ရပြီဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။ ထိုလူများကြားတွင် ရှေ့ဆုံးတန်းရှိ ချူးယွင်ဖန်းသည် ထုံးစံအတိုင်းပငပင် မရေမတွက်နိုင်သော သတင်းထောက်များ၏ အာရုံစူးစိုက်မှုကို ခံနေရ၏။
ယနေ့ သူက တစ်စုံတစ်ခုကို ပြီးဆီးသွားသကဲ့သို့ မြန်မြန်ဆန်ဆန်ရောက်လာခဲ့သည်။ သူရောက်လာသည်နှင့် ချက်ချင်းပင် အားလုံး၏ အာရုံက သူ့ဆီရောက်လာကာ သူ၏ ထိုင်ခုံမှာလည်း သမ္မတကြီးဘေးတွင်ဖြစ်နေ၏။ လူတိုင်းက ယခု ချူးယွင်ဖန်းသည် ပြည်ထောင်စုတွင် ဒုတိယအာဏာရှိသူဖြစ်ကြောင်းနားလည်ခဲ့ကြသည်။ သူသည် ပြည်ထောင်စု၏ သမ္မတဖြစ်လာရန် အခွင့်ကောင်းတစ်ခုရှိ၏။ နောက်ဆုံးတွင်မူ သမ္မတသည် ရာသက်ပန်သမ္မတဖြစ်နေရန် မဖြစ်နိုင်ပေ။ အနာဂတ်တွင် ချူးယွင်ဖန်းက ထိုရာထူးကို ရနိုင်ခြေမှာ အလွန်မြင့်မားသည်။ ထို့ကြောင့် လူအများ၏ အမြင်တွင် ဤတွေ့ဆုံမှုသည် လက်ရှိသမ္မတနှင့် နောက်သမ္မတတို့အကြား တွေ့ဆုံမှုဖြစ်သည်။
သမ္မတကြီးသည် လူအုပ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူသည် စင်မြင့်ပေါ်သို့ လှမ်းတက်ကာ အောက်ဘက်ရှိ ရာနှင့်ချီသော နတ်အဆင့်များကို ကြည့်ရှုလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်မိ၏။ ပြည်ထောင်စုသည် ဤမျှကြီးမားခမ်းနားသော အခိုက်အတန့်မျိုးကို မည်သည့်အချိန်ကရခဲ့ဖူးသနည်း။ ပြောရန်ပင်မလိုပေ။ ဤသည်က အဆုံးသတ်မဟုတ်ပေ။ ချူးယွင်ဖန်းက နတ်စွမ်းအင်ဖြည့်တင်းဆေးနှစ်ရာကို ဖြန့်ဝေခဲ့သောကြောင့် ၎င်းတို့က အစွမ်းအစအပြည့်အဝကို အသုံးပြုလိုက်သောအခါတွင် ပြည်ထောင်စု၌ နောက်ထပ် နတ်အဆင့်နှစ်ရာ သို့မဟုတ် ထို့ထက်မက ရှိလာပေလိမ့်မည်။ အတိုင်းအတာတစ်ခုအထိ ထိုနှစ်များအတွင်း ပြည်ထောင်စုသမ္မတဖြစ်သော သူ၏ အောင်မြင်မှုများသည် လက်ရှိနှစ်များတွင် ချူးယွင်ဖန်းလုပ်ဆောင်ခဲ့သော အောင်မြင်မှုများကဲ့သို့ မကောင်းမွန်လှပေ။
“မင်္ဂလာနေ့လယ်ခင်းပါ အားလုံးပဲ။ ဒီနှစ်ရဲ့ နတ်အဆင့်ညီလာခံကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနှစ်ညီလာခံ…”
သမ္မတက စကားကို အဆုံးမသတ်ခင်တွင် သမ္မတအိမ်တော်တစ်ခုလုံး ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ သို့တည်းသာမဟုတ် မြို့တော်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
လူအုပ်ကြီးသည် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထက်တွင် တုနှိုင်း၍မရနိုင်လောက်အောင် ကြီးမားသော လက်ကြီးတစ်ဖက်ကို မြင်လိုက်ကြရသည်။ ၎င်းက ကောင်းကင်မှ ဆင်းသက်လာပြီးနောက် ပြင်းပြင်းထန်ထန်ရိုက်ချလိုက်ရာ တစ်ချိန်တည်း၌ပင် မြို့တော်၏ အထက်၌ ခံစစ်အတားအဆီးတစ်ခု ရုတ်တရက်ပေါ်လာကာ မြို့တော်ကို လုံး၀ဖုံးလွှမ်းသွားတော့သည်။
ဘမ်း
မြို့တော်ကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွား၍ အတားအဆီးပေါ်တွင် အက်ကြောင်းများ ထူထပ်စွာ ပေါ်လာသည်။ တိုက်ခိုက်မှုသည် ကာကွယ်ရေးစနစ်ကို ပြိုပျက်စေလုနီးပါးဖြစ်စေခဲ့သည်။ မြို့တော်၏ အမျိုးမျိုးသော ကာကွယ်ရေးစနစ်များက ချက်ချင်း အသက်ဝင်လာခဲ့သည်။ ကောင်းကင်ယံ၌ ဒုံးကျည်များက လေထုထဲသို့တိုးဝင်သွားကာ နောက်တွင် မီးခိုးငွေ့များချန်ရစ်ခဲ့သည်။
ဘမ်း
ဘမ်း
ဘမ်း
ဒုံးကျည်များသည် ကောင်းကင်ပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်အတားအဆီးတစ်ခုအဖြစ် ဝေဟင်အလယ်တွင် ပေါက်ကွဲထွက်လာသည်။
အားလုံးက တစ်စုံတစ်ခု မှားယွင်းနေကြောင်းနှင့် တစ်စုံတစ်ဦးက ပြဿနာရှာရန် စီစဥ်နေကြောင်း နားလည်သဘောပေါက်လိုက်ကြသည်။ လူများစွာက ပင့်သက်ရှိုက်လိုက်မိကြသည်။ နတ်အဆင့်များစွာရှိနေသည့် ဤအချိန်တွင် တစ်စုံတစ်ယောက်က မြို့တော်ကို တိုက်ခိုက်ရန် စီစဥ်ခဲ့ပါက ထိုသူက ကျိန်းသေ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင်ဖြစ်ပေလိမ့်မည်။
သို့သော် တစ်စုံတစ်ဦးသည် အမှန်တကယ်ထိုသို့ပြုလုပ်ခဲ့သဖြင့် လူတိုင်း အံသြသွားကြသည်။
ဘမ်း
ကြီးမားသောလက်ကြီးက ကောင်းကင်မှ ထပ်မံဆင်းသက်လာကာ ဒုံးကျည်အတားအဆီးဖြင့် ကာကွယ်ထားသော ကောင်းကင်ယံကြီးတစ်ခုလုံးက ထိုသူ့ကို ဒဏ်ရာမပေးနိုင်သကဲ့သို့ ထင်ရသည်။ ဤကြောက်မက်ဖွယ် တိုက်ခိုက်မှုကြောင့် မြို့တော်၏ ကာကွယ်ရေးစနစ် ပြိုပျက်သွားခဲ့သည်။ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက လူတိုင်းကို ထိတ်လန့် ကြောက်ရွံ့သွားစေသည်။
တစ်မြို့လုံး၏ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားသည်။
ဘမ်း
ဘမ်း
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ မြို့တော်ရှိ လျှို့ဝှက်စစ်စခန်းများအားလုံးသည် ဤကြီးမားသောလက်အောက်တွင် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်ကို လူတိုင်းမြင်လိုက်ရသည်။ မြို့တော်၏ ခံစစ်ဆောင်ရွက်မှုများသည် ဤလူ၏ရှေ့တွင် လုံးဝအသုံးမဝင်ပေ။ နောက်ဆုံးတွင် ၎င်းတို့အားလုံးက ဤလူသည် သူစိမ်းမဟုတ်ကြောင်း သိလိုက်ကြရသည်။ သူသည် ယမန်နေ့က ပင်းဟိုင်မြို့ကို တိုက်ခိုက်ခဲ့သူဖြစ်နိုင်သည်။ သို့သော် ၎င်းတို့က ထိုသူကို ၎င်းတို့၏ မျက်စိဖြင့် ကိုယ်တိုင် တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ ယခု ၎င်းတို့ မြင်ခွင့်ရကြပြီဖြစ်သည်။
ဤမြင်ကွင်းက မြို့တော်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်းဖြစ်သ်ည။ ၎င်းသည် ပြည်ထောင်စု၏ နှလုံးသာ၊ အဓိက အချက်အချာနေရာ၌ အမှန်တကယ်ပင်ဖြစ်ပျက်နေပြီဖြစ်သည်။
အစပိုင်းတွင် အာလုံးက ဒေါသဖြစ်ကြရပြီးနောက် ယခု ထိတ်လန့်တုန်လှုပ်သွားကြသည်။ ပင်းဟိုင်မြို့တော်နှင့် အခြားသော အခြေစိုက်စခန်းမြို့နှစ်ခုတွင် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရသည်။ လက်ရှိ မြို့တော်ကြီးသည် အခြေစိုက်မြို့သုံးမြို့ ပေါင်းစည်းထားသော မြို့များထက်ပင် ကြီးမားသည်။
မြို့တော်ကို သိမ်းပိုက်လိုက်လျှင် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားမည်ဖြစ်သည်။
ကောင်းကင်မှ မရေမတွက်နိုင်အောင် များပြားသော မွန်းစတားများ ခုန်ဆင်းလာသည်။ လူတိုင်းက အသက်ကို ပြင်းပြင်းရှုလိုက်ကြသည်။ နတ်အဆင့်များက အလျင်မြန်ဆုံးတုံ့ပြန်ကြ၏။
“ပို့ဆောင်ရေး ခင်းကျင်း”
မှန်သည်။ ပို့ဆောင်ရေးခင်းကျင်းကသာ ဤကဲ့သို့ မမျှော်လင့်ထားသော တိုက်ခိုက်မှုကို စတင်နိုင်မည်ဖြစ်သည်။ တကယ်တမ်းတွင် မြို့ကြီးသုံးမြို့ ကျဆုံးသွားခဲ့ရခြင်းမှာ ဤပို့ဆောင်ရေးခင်းကျင်းကြောင့်ပင်ဖြစ်သည်။ မဟုတ်ပါက ဤကဲ့သို့ ကြီးမားများပြားသော မွန်းစတားများ စုဝေးလာမှုက ပြည်ထောင်စုလူလုပ်ဂြိုလ်တုများကို သတိမထားမိစေရန်မဖြစ်နိုင်ပေ။
ပြည်ထောင်စုတွင် ကောင်းကင်ယံ၌ လူလုပ်ဂြိုလ်တုမည်မျှရှိသည်ကို မည်သူမျှ မသိခဲ့ကြပေ။ ပြည်ထောင်စုမှ အထက်အရာရှိများသာ သိနိုင်သည်ဖြစ်၍ အများစုက မသိနိုင်ကြပေ။
ထိုသို့သောအခြေအနေများတွင် ခွန်းလွန်နယ်မြေအပေါ် ပြည်ထောင်စု၏ စောင့်ကြည့်မှုနှင့် ထိန်းချုပ်မှုသည် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ ပြည်ထောင်စုကို သတိလက်လွတ်ဖြစ်စေရန်မှာမဖြစ်နိုင်ပေ။
အကယ်၍ ၎င်းသည် ၎င်းတို့နောက်မှ ထွက်လာသော မွန်းစတားသန်းရာနှင့်ချီကြောင့်သာမဟုတ်ပါက ၎င်းသည် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေမည်မဟုတ်ပေ။ မရေမတွက်နိုင်သော လူများ သေကြေ ဒဏ်ရာရကာ ဤမျှသော ဆင်းရဲဒုက္ခကို ကြုံရလိမ့်မည်မဟုတ်ပေ။
ယခု ဤလူသည်လည်း ဤကဲ့သို လုပ်ရန်ကြိုးစားနေခြင်းဖြစ်ရာ သူသည် ပင်းဟိုင်မြို့တော်နှင့် မြို့တော်ရှိ အခြားသော အခြေစိုက်မြို့ကြီးများတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအတိုင်း လုပ်ဆောင်ချင်ခြင်းဖြစ်သည်။
ဤသို့တွေးမိသောအခါ လူတိုင်း ထိတ်လန့်ကုန်ကြသည်။
မရေမတွက်နိုင်သော ကောင်းကင်မွန်းစတားများ ထူထပ်စွာ ရောက်ရှိလာသည်။
သမ္မတ၊ ချူးယွင်ဖန်းနှင့် အခြားသူများ၏ အမူအရာများက လေးနက်နေသော်လည်း အံ့သြခြင်းမရှိပေ။ ဤမြင်ကွင်းကို ၎င်းတို့ ခန့်မှန်းထားခဲ့ပြီးသည်မှာ ကြာပြီဖြစ်သည်။
ယခု မြို့တော်တွင် ကျွမ်းကျင်သူများအားလုံးစုဝေးနေပြီဖြစ်၍ ဤသည်က ပြည်ထောင်စု၏ ရာထူးကြီးများအားလုံးကို တစ်ချက်တည်းနှင့် သတ်ပစ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
သမ္မတသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ သူ၏ ရောင်ဝါကို အပြည့်အဝထုတ်လွှတ်လျက် ကောင်းကင်ယံထက်သို့ ပျံတက်သွားသည်။
"ဘယ်သွားမလို့လဲ ဆရာ” တစ်စုံတစ်ယောက်ကမေးလိုက်၏။
“မွန်းစတားတွေကို သတ်ပြီး ပို့ဆောင်ရေးခင်းကျင်းကို ဖျက်ဆီးပစ်မလို့”
“ပြန်မလာနိုင်ရင် ဘယ်လိုလုပ်မလဲ ဆရာ”
“ဒါဆို ငါထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး”
အခန်း(၁၁၀၉) နတ်အဆင့်များကို ချေမှုန်းနိုင်သည့် မြှား
ချူးယွင်ဖန်းက ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ပျံနိုင်သော မွန်းစတားများ ထူထပ်စွာ ပြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ နတ်အသိဉာဏ်ဖြင့် အဝေးမှ မရေမတွက်နိုင်သော မွန်းစတားများ ရှိနေကြောင်း ခံစားရနိုင်သည်။
"မျှော်လင့်ထားတဲ့အတိုင်း သူရောက်လာတယ်။"
ချူးယွင်ဖန်းသည် ဤနေ့က များမကြာမီရောက်ရှိလာမည်ကို သိထားပြီးဖြစ်သော်လည်း၊ နတ်ဘုရား တစ်ဖန်ပြန်ပေါ်လာသောအခါ စိတ်နှလုံးထဲ၌ ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
အကယ်၍ ဤနတ်ညီလာခံကို ကျင်းပတော့မည်ဟူသောအချက်ကြောင့် မဟုတ်ပါက၊ နတ်ဘုရားသည် ယခုအချိန်အထိ စောင့်ဆိုင်းနေမည်မဟုတ်ပေ။ သူ့အနားရှိ တန်စီယု၏ အမူအရာက အလွန် လေးနက်နေသည်။ ချူးယွင်ဖန်းထံမှ သူမ ကြားသိခဲ့ပြီးဖြစ်သော်လည်း ယနေ့တိုက်ပွဲက အလွန်အရေးကြီးကြောင်း သိလိုက်ရသည်။
မှားယွင်းသော လှုပ်ရှားမှုတစ်ခုကြောင့် ပြည်ထောင်စုက ပျက်ဆီးသွားနိုင်သည်။ ၎င်းတို့တွင် ထွက်လမ်းမရှိပေ။ ကမ္ဘာကြီးက ကြီးမားသော်လည်း ၎င်းတို့ နောက်သို့ဆုတ်ခွာနိုင်ရန် နေရာမရှိတော့ပေ။
အကယ်၍ ၎င်းတို့ ပြန်မလာနိုင်ပါက.. ပြန်လာလိမ့်မည်မဟုတ်ပေ။
မရေမတွက်နိုင်သော မွန်းစတားများကြားတွင် နတ်အဆင့်များ ရောနှောပါဝင်နေသည်။ ရာနှင့်ချီသော မွန်းစတားများသည် မြို့တော်ဆီသို့ ဦးတည်လာကြသည်။
“အားလုံးပဲ အနိုင်အရှုံးဆိုတာ လှုပ်ရှားမှုတစ်ခုစီတိုင်းပေါ် မူတည်တယ်။ အခုက တိုက်ပွဲဝင်ကြရမယ့်အချိန်ပဲ” ကျူးပုဖျင်က အော်၍ ကောင်းကင်သို့ ပျံတက်ကာ ဦးဆောင်ခဲ့သည်။
နတ်အဆင့်များက တစ်ယောက်ကို တစ်ယောက်အချင်းချင်းကြည့်လိုက်ကြသည်။ နတ်ကုန်းမြေမှ လူများပင်လျှင် ဆုံးဖြတ်ချက် ချခဲ့ကြသည်။ အခြားတစ်ဖက်သည် လူသားမျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်နေခြင်းဖြစ်ရာ အကယ်၍ ပြည်ထောင်စုသာ ဖျက်ဆီးခံရပါက ပျက်ဆီးနေသော အသိုက်အောက်တွင် မည်သည့် မည်သည့်မျိုးဆက်သစ်မျှ ကျန်ရှိတော့မည်မဟုတ်ပေ။
ကောင်းကင်ယံ၌ နတ်ဆိုးနတ်ဘုရားကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက ကမ္ဘာမြေသို့ ဆင်းသက်လာကာ မြို့တော်အတွင်းရှိ အောက်မှ လူများကို အေးစက်စွာကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံးက မီးလုံးကြီးများနှင့် ဖုံးလွှမ်းနေ၍ သူ့မျက်နှာကို ရှင်းလင်းစွာမမြင်ရပေ။ ထိုနတ်ဘုရား၏ အကြည့်က သမ္မတကြီးပေါ်တွင်သာ တည်မြဲနေကာ လူတိုင်းက သူ့အကြည့်ကို ခံစားနိုင်ကြသည်။
သမ္မတက တခြားတစ်ဖက်ကို မကြောက်မရွံ့ကြည့်နေသည်။
သူထွက်လာခါနီးတွင် ချူးယွင်ဖန်းက သူ့ကို တား၍ ပြောလိုက်၏။
“ဆရာ ဒီဆေးက လွန်ခဲ့တဲ့ရက်တွေထဲ ကျွန်တော်လုပ်ထားတာပါ။ ဆရ့ာအတွက် အသုံးဝင်ကောင်းဝင်လောက်ပါတယ်။ ဒါကို ကောင်းကင်နှလုံးသားကာကွယ်ရေးဆေးလုံးလို့ ခေါ်တယ်။ ဒါက ဆရာ့ စိတ်ကို ကာကွယ်ပေးနိုင်တယ်။ သုံးရက်အတွင်းမှာ ဆရာ ဘယ်လို ဒဏ်ရာရရ သေမှာမဟုတ်ဘူး။ ဒါပေမယ့် နောက်ဆက်တွဲက ပြင်းထန်လိမ့်မယ်။ သုံးရက်ကြာရင် ဆရာ့ ကျင့်ကြံရေးစွမ်းအားအားလုံးကို ဆုံးရှုံးရလိမ့်မယ်။ ဒါပေမယ့် ဆရာ့အတွက် အသုံးဝင်လောက်ပါရဲ့”
ချူးယွင်ဖန်းက သမ္မတက အသေခံရန် ဆုံးဖြတ်ထားသည်ဟု ခံစားရသည်။ ကောင်းကင်နှလုံးသားကာကွယ်ရေးဆေးလုံး၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ပြင်းထန်လွန်းသည်။ သာမာန်အခြေအနေအရ သုံးရန်ပင် စဥ်းစားမိမည်မဟုတ်ပေ။
သို့သော် ယခုအခြေအနေက မတူပေ။ မည်သို့ပင်ဖြစ်စေကာမူ ကိုယ့်အသက်ကိုယ် ထိန်းသိမ်းထားသင့်သည်ဖြစ်ရာ ကျင့်ကြံရေးအဆင့်များ ပျက်သုဥ်းသွားလျှင်ပင် တိုက်ပွဲထဲ သေရသည်ထက် ပို၍ ကောင်းသည်။
“ကျေးဇူးပါ” သမ္မတက ချူးယွင်ဖန်းကို ကြည့်လိုက်ပြီးနောက် ဆေးလုံးကို ယူကာ
ကောင်းကင်သို့ တည့်တည့် ပျံသန်းသွားခဲ့သည်။
ဘမ်း
ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်စွမ်းအင်က သမ္မတ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူ့ကို ဖုံးအုပ်လိုက်သည်။ သမ္မတ၏ ရောင်ဝါက လွန်ကဲစွာမြင့်တက်လာကာ နတ်အဆင့် အထွတ်အထိပ်အဆင့်သို့ ရောက်လာသည်။ မြို့တော်တစ်ခုလုံးသည် သူ၏နတ်စွမ်းအင်များ လွန်ကဲစွာ တိုးမြင့်လာမှုကို ခံစားနိုင်ကြသည်။ ခေတ္တရပ်လိုက်ပြီးနောက် သမ္မတ၏ ရောင်ဝါက တစ်ဖန် ကြောက်မက်ဖွယ် မြင့်တက်လာပြန်ကာ အင်အားသည် အဆများစွာ တိုးလာသည်။
ချူးယွင်ဖန်းသည် သမ္မတ၏မျက်နှာတစ်ခုလုံး နီရဲနေ၍ သူ့အရေပြားများ ကွဲအက်နေသည်ကို တွေ့လိုက်ရသည်။ ယခု ကြီးမားသော ဝေဒနာကို ခံစားနေရခြင်းဖြစ်ကြောင်း သိသာသည်။ သမ္မတသည် ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို ရွှေအမတေအဆင့်သို့ ဖြတ်ကျော်ရန် လျှို့ဝှက်နည်းပညာကို အသုံးပြုခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိသာသော်လည်း ၎င်း၏ ခန္ဓာကိုယ်အပေါ် သက်ရောက်သည့် ဝန်ထုပ်ဝန်ပိုးသည် အလွန် တုန်လှုပ်စရာကောင်းသည်။ ယခုအချိန်တွင် သမ္မတသည် သေရန် ပြတ်ပြတ်သားသားဆုံးဖြတ်ထားခြင်းဖြစ်ရာ သေရမည်ဆိုလျှင်ပင် နတ်ဘုရားကို သုတ်သင်ပစ်မည့် စိတ်ဓာတ်မျိုးပင်ဖြစ်သည်.
“ရွှေအမတေအဆင့်ကို မရောက်သေးဘဲ မင်းရဲ့ ခွန်အားနဲ့ ငါ့ကို ယှဉ်နိုင်မယ်လို့ မင်းထင်လား"
နတ်ဘုရား၏ ကြိမ်းဝါးသံက စကြဝဌာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်
“ငါတို့ ကြည့်ကြတာပေါ့”
သမ္မတကြီးက ရှေ့ကို တလှမ်းပြီးတလှမ်း လျှောက်လာရာ တစ်ကမ္ဘာလုံးပြိုလဲလုနီးပါး ခံစားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်က စုတ်ဖြဲခံနေရသကဲ့သို့ ကြောက်ခမန်းလိလိနာကျင်မှုကို တောင့်ခံနေသည့်အလား ခြေတစ်လှမ်းလျှောက်တိုင်း အလွန်ခက်ခဲလျက်ရှိသည်။
နတ်အဆင့်များအားလုံး အံ့ဩသွားကြသည်။ ၎င်းတို့က ယင်းသည် မည်သို့သော စွမ်းအားမျိုးဖြစ်ကြောင်းကို တွေးကြည့်၍ပင်မရပေ။ သမ္မတ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် စွမ်းအားများက ၎င်းတို့ကို အနည်းငယ် ကြောက်ရွံ့သွားစေသည်။ ယခုအချိန်တွင် ၎င်းတို့က နှိုင်းယှဉ်နိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။
နတ်ကုန်းမြေ၏ ဂိုဏ်းခွဲသုံးခု၏ ခေါင်းဆောင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သမ္မတက ထုတ်လွှတ်လျက်ရှိသော စွမ်းအင်အတက်အကျများသည် ၎င်းတို့ အိပ်မက်မက်ခဲ့သော ရွှေအမတေအဆင့်၏ စွမ်းအားဖြစ်ကြောင်း ခံစားရနိုင်သည်။
'အဲ့တာ ရှေးစာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ ရွှေအမတေအဆင့်လား' လမင်းတံခွန်ဂိုဏ်း၏ ခေါင်းဆောင်၏ အမူအရာက မယုံကြည်နိုင်မှုများဖြင့်ပြည့်နေသည်။ ရွှေအမတေအဆင့်၏
တည်ရှိမှုကို နတ်ကုန်းမြေရှိ ရှေးဟောင်းစာအုပ်များစွာတွင် မှတ်တမ်းတင်ထားသည်။ သို့သော် ဖော်ပြခြင်းသာ ဖြစ်ခဲ့သည်။ ရွှေအမတေအဆင့်ကို ဖြတ်ကျော်ရန် နည်းလမ်းများ ပျောက်ဆုံးနေသည်မှာကြာပြီဖြစ်သည်။
ရွှေအမတေအဆင့်နှင့် ပတ်သက်၍ ၎င်းသည် သာမန်လူများအတွက် ဒဏ္ဍရီလာအဆင့်ကဲ့သို့ဖြစ်သည်မှာသေချာသည်။ သို့သော် ၎င်းတို့အတွက်မူ ကြိုးကြိုးစားစားလုပ်လျှင်ပင် မရောက်နိုင်သည့် အဆင့်တစ်ခုဖြစ်သည်။ သမ္မတက ၎င်း၏ ကျင့်ကြံရေးအဆင့်ကို ရွှေအမတေအဆင့်သို့ရောက်ရှိစေရန် လျို့ဝှက်နည်းပညာတစ်မျိုးကို သုံးထားကြောင်း ၎င်းတို့က ပြောနိုင်သော်လည်း သူတကယ် ထိုအဆင့်သို့ရောက်သွားခြင်းက အလွန်အံ့သြဖွယ်ကောင်းလှသည်။
အဝေးမှကြည့်ရုံဖြင့်ပင် နှလုံးသားထဲ၌ ရင်တုန်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဟားဟားဟားဟားဟား ဟာသပဲ မင်း ရွှေအမတေအဆင့်မှာ မရှိဘူးဆိုရင် မရှိဘူးပဲကွ။ ဒီလိုလုပ်လို့ မင်းနိုင်မယ်ထင်နေလား”
နတ်ဘုရားက ကျယ်လောင်စွာ ရယ်မောခဲ့သည်။ သမ္မတကြီးလည်း ဤအဆင့်သို့ရောက်လာသော်လည်း အနိုင်က သူ့အတွက်ဟု ယုံကြည်ချက်ပြင်းပျနေဆဲဖြစ်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားကာ သူ့လက်ကို ဆန့်လိုက်သည်။ သူ့လက်ထဲတွင် ကြေးဝါရောင် လေးတစ်စင်းပေါ်လာသည်။
"ဆရာ၊ ကူညီပါရစေ" ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်လိုက်သည်။
လေး၏ အတွင်းမှ နတ်စွမ်းအင်များအားလုံးဆူပွက်လာသည်။
‘ဘမ်း’ဟူသောအသံဖြင့်အတူ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာနည်းစနစ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် ရှေးခေတ်ယဉ်ကျေးမှုမှ ကြောက်မက်ဖွယ် ပညာရှင်တစ်ဦးဖြစ်သည့် လေးဧကရာဇ် အဖြစ်သို့ ပြောင်းလဲသွားသည်ထင်ရ၏။ သူ၏ ခန္ဓာကိုယ်နှင့် စိတ်သည် နေမင်းပစ်ခွင်းမြှားနှင့် လုံးဝပေါင်းစပ်သွားကာ နတ်စွမ်းအင်များအားလုံးက မြှားထဲသို့ မြန်ဆန်စွာ တိုးဝင်သွားသည်။
နေမင်းပစ်ခွင်းမြှားက ပို၍ အင်အားကောင်းသော စွမ်းအားကို ခံနိုင်ရည်ရှိလာသည်နှင့်အမျှ လေးပေါ်ရှိ အက်ကြောင်းများက ပို၍ ကြီးမားလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ကြေးဝါလေး(မြှား) ပေါ်တွင် ရွှေကျီးကန်းတစ်ကောင်ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ပထမက နတ်ဘုရားသည် ချူးယွင်ဖန်းကို အလေးအနက်မထားခဲ့ပေ။ နတ်အဆင့်မျှဖြင့် သူ့ကို စိတ်မလှုပ်ရှားစေခဲ့ပေ။ သို့သော် ချူးယွင်ဖန်း၏လက်ထဲရှိ နေမင်းပစ်ခွင်းမြှားက ပို၍ ပို၍တောက်ပလာသောအခါ အရာအားလုံးပြောင်းလဲသွားသည်။ နေမင်းပစ်ခွင်းမြှားထံမှ သေခြင်းတရားကို သူ ခံစားသိရှိနိုင်သည်။ ကျိုးနေသော ကြေးဝါလေးကပင် သူ့ကို လုံလောက်စွာ ခြိမ်းခြောက်နိုင်သည်။ ယင်းက မပျက်ဆီးနေလျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။
"ဒါကိုခံကြည့်”
ချူးယွင်ဖန်းက အော်၍ သူ၏ စွမ်းအင်အားလုံးကို မြှားထဲသို့ ထည့်လိုက်ရာ သူ၏ အနှစ်သာရ၊ ချီစွမ်းအင်နှင့် စိတ်ဝိဉာဥ်တို့သည် မကြုံစဖူး ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသွားခဲ့၍ မြှား၏စွမ်းအားက နတ်အဆင့်ကို လုံးဝကျော်လွန်သွားခဲ့သည်။
ဤတိုက်ခိုက်မှုသည် ရွှေအမတေအဆင့်၏ စွမ်းအားသို့ တကယ်ပင်ရောက်ရှိသွားခဲ့သည်။
အခန်း(၁၁၁၀) မြှားတစ်ချက်ဖြင့် ဒဏ်ရာရသွားသော နတ်ဘုရား
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး ကွဲအက်သွားခဲ့သည်။ သူသည် ဤအတိုင်းအတာအထိ သူ၏ အတွင်းစွမ်းအင်အားလုံးကို တစ်ခါမျှ မထုတ်ခဲ့ဖူးပေ။
ခန္ဓာကိုယ်တွင်းရှိ စွမ်းအားအားလုံးကို တစ်ခဏလောက် ချုပ်နှောင်၍ လုံး၀ လွှတ်ချခြင်းသည် နတ်အဆင့်ရှိ သူများပင် လုပ်နိုင်သောအရာ မဟုတ်ပေ။ ရွှေအမတေအဆင့်ရှိသူများသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ရွှေအမတေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားသည် ရွှေအမတေအဖြစ် ပေါင်းစပ်သွားမည်ဖြစ်သည်။ ဆိုရိုးစကားအတိုင်း ရွှေအူတိုင် ဖြစ်ပေါ်လာသည်နှင့် အမျှ လူ၏အသက်သည် ကောင်းကင်လက်၌ မဟုတ်ဘဲ မိမိလက်၌သာ ရှိပေလိမ့်မည်။ ရွှေအမတေနှင့် နတ်အဆင့်ကြား
ခြားနားချက်မှာ နတ်အဆင့်၏ စွမ်းအားက သမုဒ္ဒရာကဲ့သို့ ကြီးမားသော်လည်း ၎င်းကို အပြည့်အဝ မထုတ်သုံး မစုစည်းနိုင်ပေ။
ရွှေအမတေအဆင့်ကမူ မတူပေ။ ၎င်းတို့၏ နတ်စွမ်းအားသည် ပိုမိုခိုင်မာရုံသာမက အရေးကြီးဆုံးမှာ ၎င်းတို့သည် ၎င်းတို့၏ခွန်အားအားလုံးကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ခြင်းဖြစ်သည်။
လူနှစ်ယောက် ရန်ဖြစ်နေသကဲ့သို့ပင်ဖြစ်ရာ လူတစ်ယောက်က သူ့ခွန်အား၏ အစိတ်အပိုင်းတစ်ခုကိုသာ အသုံးချနိုင်သော်လည်း တစ်ဖက်လူက သူထိုးလိုက်တိုင်း သူ့အစွမ်းရှိသမျှ အသုံးပြုနိုင်ခြင်းကဲ့သို့ပင်ဖြစ်သည်။ ဤသည်က မည်သို့သော ကွာခြားချက်ဖြစ်သနည်း။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ရွှေအမတေ တည်ရှိခြင်းကြောင့် နတ်စွမ်းအင်များ ပို၍ပင် ထွက်လာနိုင်မည်ဖြစ်သည်။
အတိအကျပြောရလျှင် နတ်အဆင့်နှင့် ရွှေအမတေအဆင့်အကြား ခြားနားချက်မှာ နတ်အဆင့်များက ၎င်းတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို နတ်စွမ်းအင်များနှင့် ပြည့်စေခြင်းပင်ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ခန္ဓာ၏ စွမ်းရည်သည် နတ်စွန်းအားကို မည်မျှ ထိန်းထားနိုင်ကြောင်း ဆုံးဖြတ်သည်။
ရွှေအမတေအဆင့်အတွက်မူ ၎င်းတို့သည် ပို၍များပြားသော နတ်စွမ်းအင်များကို ရွှေအမတေအဖြစ် အဆက်မပြတ် စုစည်းနိုင်သည်။ ထို့ကြောင့် ရွှေအမတေ ကျွမ်းကျင်သူ တစ်ဦးစီ၏ ခန္ဓာကိုယ်ရှိ နတ်စွမ်းအင် ပမာဏသည် နတ်အဆင့်များ တွေးနိုင်သော ပမာဏထက် များစွာ ကျော်လွန်နေသည်။
နတ်အဆင့်များနှင့် နှိုင်းယှဉ်ပါက ရွှေအမတေသည် ကဏ္ဍအားလုံးနီးပါးတွင် တိုးတက်မှုရှိသည်။
နေမင်းပစ်ခွင်းမြှား၏အကူအညီဖြင့် ချူးယွင်ဖန်းသည် သူ၏အတွင်းစိတ်စွမ်းအင်အားလုံးကို ပထမဆုံးအကြိမ်အဖြစ် ထုတ်လွှတ်နိုင်ခဲ့သည်။ သူ့တစ်ကိုယ်လုံး အရေပြားများ အက်ကွဲစပြုလာ၍ သွေးစိမ်းများ ထွက်ကျလာကာ ခေါင်းမှ ခြေဖျားအထိ စိုရွှဲနေသည်။ ဤတိုက်ခိုက်မှုသည် သူ၏ခန္ဓာကိုယ်ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့သည်။
ဤကြောက်မက်ဖွယ်ကောင်းသောတိုက်ခိုက်မှုသည် ကောင်းကင်ယံကို ဖြတ်ကျော်သွားကာ ရွှေကျီးကန်းတစ်ကောင်သည် ၎င်း၏အတောင်ပံများကိုခတ်လျက် နတ်ဘုရား၏ ဦးတည်ရာသို့ အံ့အားသင့်စွာ အရှိန်အဟုန်ဖြင့် ပျံသန်းနေသည်ကို လူတိုင်းတွေ့လိုက်ရသည်။
ရွှေကျီးကန်းက သူ့အပေါ် ပြသနေသည့် ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုကို နတ်ဘုရားက ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ပထမဆုံးတုံ့ပြန်မှုသည် ရှောင်တိမ်းရန်ဖြစ်သော်လည်း သူ့ဝိညာဉ်တစ်ခုလုံး ပိတ်လှောင်ခံထားရသကဲ့သို့ ခံစားရသည်။ ထိုရွှေကျီးကန်းက သူ့ကို ယခုထိမှန်ပါက မြေကြီးစွန်းအထိ စိုက်ဝင်သွားရပေလိမ့်မည်။
တုံ့ဆိုင်းနေသောအခိုက်အတန့်တွင် ရွှေကျီးကန်းက သူ့ရှေ့ရောက်လာသည်။
"ငရဲကိုသွား"
နတ်ဘုရားက ပေါက်ကွဲသွားပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအင်များ အကုန်ထွက်လာသည်။ အဆုံးမဲ့သော နတ်စွမ်းအင်များသည် ကောင်းကင်တွင် စုရုံးကာ ကြီးမားသော ဒိုင်းကြီးအဖြစ်ပြောင်းလဲလျက် သူ့ကို အကာအကွယ်ပေးသည်။
ဘမ်း
ဒိုင်းကို ဆင့်ခေါ်လိုက်သည်နှင့် တပြိုင်နက် ရွှေကျီးကန်းက ဖြတ်ဝင်လာသောအခါ ရွှေကျီးကန်း၏ အရှိန်အဟုန်သည် နှေးသွားခြင်းမရှိဘဲ နတ်ဘုရားကို ဆက်လက်တိုက်ခိုက်သည်။
ဘမ်း
အလွန်ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ နတ်ဘုရားက ကျယ်လောင်စွာ အော်ဟစ်လျက် လွင့်ထွက်သွားရသည်။ ရွှေကျီးကန်းက သူ့ခါးနှင့် ဝမ်းဗိုက်ကို အပေါက်ကြီးတစ်ခု ထိုးဖောက်လိုက်၏။ သူ့တွင် ယခင်က ကမ္ဘာကြီးကို တုန်လှုပ်စေမည့် စွမ်းအားမရှိသဖြင့် အလွန်ရှက်ရွံ့နေသကဲ့သို့ အမူအရာမျိုးဖြစ်နေသည်။
"အားးးး”
နတ်ဘုရားက ဒဏ်ရာရနေသော သားရဲကဲ့သို့ အလွန်ဒေါသထွက်နေလျက်
ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
"ငါ မင်းကို သတ်မယ်"
နတ်ဘုရား၏အကြည့်သည် မီတာထောင်ပေါင်းများစွာကို ထိုးဖောက်လျက် ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ အားလုံးတိတ်ဆိတ်စွာ သေဆုံးသွားသကဲ့သို့ ငြိမ်သက်သွားကြသည်။
ချူးယွင်ဖန်း၏မြှားသည် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ နတ်ဘုရားမဆိုနှင့် ဤမြှားဖြတ်သွားသော လမ်းတစ်လျှောက်ရှိ ကောင်းကင် မွန်းစတားများပင် ချက်ချင်း အငွေ့ပျံသွားကြသည်။ ဤသို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားပါက နတ်အဆင့်များပင် သေရပေလိမ့်မည်။
ချူးယွင်ဖန်းသည် ဤမျှထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ထုတ်သုံးနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ နတ်ဆိုးနတ်ဘုရားကဲ့သို့ တုနှိုင်းမရသောတည်ရှိမှုပင်လျှင် ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
"ဟားဟားဟား အဘိုးကြီး၊ မင်းဒီနေ့သေတော့မှာ" သမ္မတကြီးက ရယ်လိုက်သည်။
ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် နတ်ဘုရားကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ကာ ကြီးမားသောအတားအဆီးတစ်ခုကိုလည်း ဖယ်ရှားခဲ့သည်။
သမ္မတကြီး၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်ဖွယ် သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် တောက်ပနေသည်။ ထွက်သွား၍ ဘယ်သောအခါမှ ပြန်လာတော့မည်မဟုတ်လျှင်ပင် ဤလူကြီးကို သတ်ပစ်ရမည်။ ရုတ်တရက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် ခွန်အားများ ဆုံးရှုံးသွားပုံဖြင့် ကောင်းကင်မှ လဲကျသွားသည်။ သူ မြေပြင်ကို ထိလုနီးနီးတွင် နှင်းဖြူရောင် အလင်းတန်းတစ်ခုကဲ့သို့ လျှပ်တပြက် ဖြတ်သွားကာ သူ့ကို ဖမ်းဆုပ်ထားလိုက်သည်။
ချူးယွင်ဖန်းကို တစ်ယောက်ယောက်က ဖမ်းဆုပ်လိုက်ထားရာ မွှေးသင်းပျံ့သော ရနံ့ကို ခံစားလိုက်ရသည်။ မော့ကြည့်လိုက်သောအခါ… တန်စီယုဖြစ်နေကြောင်း သိလိုက်ရ၏။
တန်စီယု၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသည်။ သူမက ချူးယွင်ဖန်းကို မကျေမနပ် ကြည့်နေလျက် နှုတ်ခမ်းရဲရဲလေးကို စူကာ ပြောလိုက်သည်။
"ဘာလို့ဒီလိုလုပ်တာလဲ"
ချူးယွင်ဖန်းသည် တန်စီယု၏ နူးညံ့သိမ်မွေ့သောမျက်နှာကို ဆုပ်ကိုင်ထားချင်သော်လည်း သူ့တစ်ကိုယ်လုံး သွေးထွက်လွန်နေကြောင်း သိလိုက်ရသည်။
"အာ့ အ"
ချူးယွင်ဖန်းက သွေးတစ်ပွက်အန်ပြီးနောက် အနည်းငယ် ပိုသက်သာလာသည်။ ဤတိုက်ခိုက်မှုမှ တုံ့ပြန်မှုသည် ပြင်းထန်လွန်းသဖြင့် သူ့နှလုံးနှင့် အဆုတ်များ ပေါက်ကွဲလုနီးနေပြီဟု ခံစားရသည်။ ထိုမြှားကိုပစ်ရာတွင် မြှားသည် စွမ်းအားတစ်စိတ်တစ်ပိုင်းကို အမှန်တကယ် ထုတ်လွှတ်နိုင်ခဲ့သည်။ သို့သော် သူပေးရသည့်စျေးက သေလုနီးနီးပင်ဖြစ်သည်။ တခြားသူသာဆိုပါက ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံရေး အခြေခံသည် သူ့တမျှ ခိုင်မာမည်မဟုတ်ပေ။
ထိုတစ်ချက်တည်းဖြင့် သူသေသွားရလိမ့်မည်ဖြစ်သည်။
"စိတ်မပူပါနဲ့ ကိုအဆင်ပြေပါတယ်။ တုံ့ပြန်မှုက ပြင်းနေလို့ပါ" ချူးယွင်ဖန်းက ပြောသည်။
စကားပြောနေရင်းဖြင့် သူ့ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာသကဲ့သို့ ခံစားလိုက်ရသည်။ ဧကရာဇ်ခန္ဓာကိုယ်၏ စွမ်းအားသည် ထင်ရှားသည်။
တန်စီယုသည် ချူးယွင်ဖန်း၏ အသက်ရှုသံများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်ကို ခံစားလိုက်ရကာ သူမ သက်ပြင်း ချလိုက်သည်။
ဤအချိန်တွင် ချူးယွင်ဖန်း၏ အံ့မခန်းတိုက်ခိုက်မှုအပြီးတွင် မြို့တော်၏ ခုခံကာကွယ်မှု စတင်ခဲ့သည်။
ခံစစ်စခန်းများစွာက နတ်ဘုရား၏ ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း မြို့တော်တွင် နောက်ထပ်ကာကွယ်ရေးစခန်းများစွာရှိသေးသည်။ ထို့အပြင် မြို့တော်ရှိ မြို့စောင့်တပ်များသည် ပြည်ထောင်စုတပ်မတော်၍ လက်ရွေးစင်များဖြစ်သည်။
အဆုံးမဲ့ မွန်းစတားများစု ပေါ်လာသော်လည်း အထိတ်တလန့် မဖြစ်ခဲ့ကြပေ။ ကာကွယ်ရေးစည်းကို အလျင်အမြန် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
နတ်ဘုရားများသည်လည်း တိုက်ပွဲတွင် ပါဝင်ခဲ့သည်။
ရာနှင့်ချီသော နတ်အဆင့်များ၏ အကျိုးသက်ရောက်မှုသည် ထင်ရှားသည်။ ၎င်းတို့က စစ်မြေပြင်တွင် ပြိုင်ဘက်ကင်းဖြစ်ကြောင်းသေချာသော်လည်း အဏ္ဏဝါမျိုးနွယ်စုများနှင့် နတ်ဆိုးများသည် ဤတစ်ကြိမ်တွင် ကောင်းစွာပြင်ဆင်ထားခဲ့သည်။ အလားတူ ရာနှင့်ချီသော နတ်မွန်းစတားများသည် အဆုံးမဲ့ မွန်းစတားအုပ်ကြီးထဲမှ ပြေးထွက်လာကြသည်။
ရုတ်တရက် ကောင်းကင်မှ ဒေါသတကြီး ကြုံးဝါးသံ ထွက်ပေါ်လာသည်။
"ချူးယွင်ဖန်း မင်းက ငါ့အရှင်ကို ဘယ်လိုတောင် နာကျင်အောင် လုပ်ရဲတာလဲ။ ငါမင်းကို သတ်ပစ်မယ်”