ခိုးယူကူးချမှု
Vol. 49 Ch. 728
အချိန်တိုအတွင်းမှာပင် သူသည် အလယ်အလတ်အဆင့် စွမ်းရည် လေးခု ရရှိခဲ့ပြီး အခြေခံအဆင့် စွမ်းရည် ကိုးခုသာ ကျန်ရှိတော့သည်။
ရဲ့လင်းချန်သည် သူ၏ ရေပန်းစားမှုအမှတ်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး အမှတ်က ၂၈ သန်း ဝန်းကျင် ကျန်ရှိနေသေး၏။
ကျင့်ကြံခြင်းက အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် သူသည် အဆင့်မြင့်အဆင့် စွမ်းရည်ကို နောက်ထပ် နှစ်ကြိမ်မျှ မြှင့်တင်ပြီး ၎င်းအား အဆင့်မြင့်အဆင့်သို့ ရောက်နိုင်ရန် မျှော်လင့်နေမိသည်။
ကြောင်ဘာသာစကား (အလယ်အလတ်အဆင့်)၊ ခွေးဘာသာစကား (အလယ်အလတ်အဆင့်)၊ အရှိန်အဝါ ဟောကိန်း (အလယ်အလတ်အဆင့်)၊ ရုပ်ပြောင်းရုပ်လွှဲပညာ (အလယ်အလတ်အဆင့်)၊ ကျင့်ကြံခြင်း (အလယ်အလတ်အဆင့်)၊ နဂါးဖမ်းလက် (အလယ်အလတ်အဆင့်)၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်နည်း (အလယ်အလတ်အဆင့်)။
ရေပန်းစားမှုအမှတ် ဆယ်သန်း လျော့သွားလေသည်။ ကံစမ်းမဲနှိုက်ခြင်း စတင်လေပြီ။
ရဲ့လင်းချန်သည် ကျင့်ကြံခြင်း စွမ်းရည်ကို မမှိတ်မသုန် ကြည့်နေပြီး လက်နှစ်ဖက်လုံးကို တင်းကြပ်စွာ ဆုပ်ထားမိသည်။
“ဒင်”
အလင်းတန်း ရပ်သွားလေသည်။
ရုပ်ပြောင်းရုပ်လွှဲ ပညာ (အလယ်အလတ်အဆင့်)။
*လခွမ်း၊ လာပြန်ပြီ အဲ့ဒါပဲ*
ရဲ့လင်းချန် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။
[ရုပ်ပြောင်းရုပ်လွှဲပညာ (အဆင့်မြင့်အဆင့်) သင်၏ ရုပ်ရည်ကို သင် ဆန္ဒရှိသလို ပြောင်းလဲနိုင်ပါပြီ]
ထို့နောက် ထူးခြားသော ပညာရပ်တစ်ခုက ရဲ့လင်းချန်၏ အတွေးထဲ ပေါ်လာသည်။ ထိုပညာနှင့်ဆိုလျှင် သူသည် ပြင်ဆင်ချိန်ပင် မလိုအပ်ပေ။ သူသည် ရုပ်ဖျက်ရန်အတွက် ပစ္စည်းအချို့သာ လိုအပ်ပြီး အနည်းငယ် ပွတ်လိမ်းလိုက်သည်နှင့် အခြားသူအဖြစ် ပြောင်းလဲနိုင်လေပြီ။
၎င်းက အံ့အားသင့်ဖွယ်ကောင်းသော စွမ်းရည် တစ်ခု ဖြစ်သော်လည်း ရဲ့လင်းချန်၏ လက်ရှိ အခြေအနေအတွက် အသုံးမဝင်ပေ။
*ထပ်လုပ်မယ်*
နောက်ထပ် ရေပန်းစားမှုအမှတ် ဆယ်သန်း ထပ်ကုန်သွားလေသည်။
*ကျင့်ကြံခြင်း၊ ကျေးဇူးပြုပြီး ကျင့်ကြံခြင်း ဖြစ်ပေးစမ်းပါကွာ*
မည်သည့်စွမ်းရည်မဆို အဆင့်မြင့်အဆင့်သို့ ရောက်သည်နှင့် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ အခြေခံအဆင့်မှ အလယ်အလတ်အဆင့်သို့ ရောက်ချိန်တွင် စွမ်းဆောင်ရည်က ခုနစ်ဆ တိုးလာသည်။ အကယ်၍ သူသာ အဆင့်မြင့်အဆင့်သို့ မြှင့်နိုင်ပါက သူ၏ ချီကျင့်ကြံခြင်း အရှိန်က မယုံနိုင်လောက်လောက်အောင် ဖြစ်သွားပေလိမ့်မည်။
ရဲ့လင်းချန် စိုးရိမ်ပူပန်နေချိန်မှာပင် အလင်းတန်းက ရပ်သွားလေသည်။
ကြောင်ဘာသာစကား (အလယ်အလတ်အဆင့်)။
*ချီးပဲ၊ ချီး၊ ချီး*
ထိုစကားလုံးကို မြင်ပြီး ရဲ့လင်းချန် မျက်လုံးကျွတ်ကျမတတ် ဖြစ်သွားလေသည်။
ရုတ်ချည်းဆိုသလိုပင် သူ ဘာသာစကားများစွာကို အလွန် မုန်းတီးမိသွားသည်။ ၎င်းတို့က သူ၏ ရေပန်းစားမှုအမှတ်များကို ဖြုန်းရုံသာ ရှိသည်။
*ဒါတွေကို အဆင့်မြင့်အဆင့်ကို မြှင့်နိုင်လို့ ဘာအသုံးဝင်မှာလဲ*
ထိုတစ်ခဏအတွင်းမှာပင် ထူးဆန်းသော အရှိန်အဝါတစ်ခုက ရဲ့လင်းချန်ပေါ်သို့ ကျရောက်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
ထို့နောက် … အခြား ဘာမှဆက်မဖြစ်လာပေ။
[ကြောင်ဘာသာစကား (အဆင့်မြင့်အဆင့်) သင့်တွင် ကြောင်မျိုးနွယ်ဝင်များအားလုံးနှင့် ဆက်သွယ်နိုင်သည့် အရည်အချင်း ရှိပါပြီ]
စွမ်းရည် ရှင်းပြချက်က အလယ်အလတ်အဆင့်နှင့် ဘာမှမခြားပေ။
*အပေါ်ယံ ဆန်လိုက်တာ၊ ဒီ့ထက်ပိုပြီး အပေါ်ယံဆန်တာ ရှိပါဦးမလား*
ရဲ့လင်းချန် နှုတ်ခမ်းတွန့်သွားသည်။
*ဒါက တကယ်ကို လှည့်စားတာပဲ*
သူ ငိုင်တွေသွားရသည်။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် တိရစ္ဆာန် ဘာသာစကားက သစ်သားဝိညာဉ် ခန္ဓာကိုယ်ကဲ့သို့ပင်။ သူတို့အား စွမ်းရည်တစ်ခုဟု အမှန်တကယ် မသတ်နိုင်ဘဲ အရည်အချင်း တစ်ခုဟုသူ ဆိုရပေမည်။ ၎င်းသည် တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်သည့် အရည်အချင်းတစ်ခုသာ ဖြစ်သည်။
ထိုအရည်အချင်းကို ရရှိပြီးနောက် ဘယ်နေရာမှာ ကွာခြားမှုရှိလဲ ဆိုသည်ကို ရဲ့လင်းချန် မသိပေ။ ယင်းကို သူ့ဘာသာသူ ရှာဖွေရန် လိုအပ်ပေတော့မည်။
စနစ်ထဲကနေ ထွက်လိုက်ပြီးနောက် ရဲ့လင်းချန် ဆွံ့အသွားလေသည်။ ဤသို့နှင့် သူ၏ ရေပန်းစားမှုအမှတ်က ရှစ်သန်းသို့ ကျဆင်းသွားလေသည်။
နောက်ဆုံးတွင် သူသည် အခြားသော အရာများနှင့် ပတ်သက်၍ စဉ်းစားချိန် ရသွားလေသည်။
*ဘာလို့ ငါ့ရေပန်းစားမှုအမှတ်တွေက ဒီလောက် များလာရတာလဲ*
ထိုအကြောင်းအရင်းကို ရဲ့လင်းချန် သိချင်ပါက နောက်ဆုံးရသတင်းတွေကို အွန်လိုင်းမှာ ရှာကြည့်ရန်သာ လိုအပ်ပေသည်။
မကြာခင်မှာပင် သူ ရှာတွေ့သွားလေသည်။
ယင်းမှာ Masked Singer ကြောင့်ပင်။ သဘာဝ သီချင်းသည် အလွန် အောင်မြင်ခဲ့ပြီး ကျော်ကြားမှုက ပြည်ပအထိပင် ပျံ့နှံ့သွားသည်။
သီချင်းကို အင်္ဂလိပ်လို သီဆိုထားပြီး လုံးဝမူရင်းသီချင်းတစ်ပုဒ် ဖြစ်သောကြောင့် နိုင်ငံတကာပရိသတ်တွေကြားသို့ ရောက်ရှိသွားခြင်းက သဘာဝကျပေသည်။
ချက်ချင်းဆိုသလိုပင် နိုင်ငံခြားသားများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ တရုတ်နိုင်ငံသားတစ်ယောက်က ဘယ်လိုလုပ် လက်ရာမြောာက်သော အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ဖန်တီးနိုင်ရတာလဲ။ ယုတ္တိမရှိပေ။
ယင်းက အမေရိကန်လူမျိုးတစ်ယောက်က လက်ရာမြောက်သော သီချင်းတစ်ပုဒ်ကို တရုတ်လို ရေးသားပြီး တရုတ်လူမျိုးများထက် သာလွန်သွားသည်နှင့် အတူတူပင်။ မယုံနိုင်စရာ ကောင်းလှပေသည်။
မယုံနိုင်စရာကောင်းသော်လည်း ရဲ့လင်းချန်က ထိုသို့ လုပ်နိုင်ခဲ့သည်။ ၎င်းက လူပေါင်းများစွာ၊ အထူးသဖြင့် နိုင်ငံခြားအဆိုတော်များအား သူတို့ကိုယ်သူတို့ ရှက်ရွံ့သွားစေခဲ့သည်။ ဤသတင်းကြောင့် သူတို့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြသည်။
ဤသို့သော အခြေအနေမျိုး၌ သူ့အတွက် သိုသိုသိပ်သိပ် နေရန် မဖြစ်နိုင်တော့ပေ။ ထို့နောက်တွင်မူ နိုင်ငံခြားသားပေါင်းများစွာက ရဲ့လင်းချန်ကို စံနမူနာယူလာပြီး သူ၏ အမာခံပရိသတ်များ ဖြစ်လာကြသည်။ အချို့သော အစွန်းရောက်များက သူတို့၏ ပြည်တွင်းအဆိုတော်များကို တရုတ်လူမျိုးတစ်ယောက်က ပိုသာ သွားသဖြင့် ရှက်ကြရန် ဝေဖန်ပြစ်တင်လာကြသည်။
သို့သော် ထိုကိစ္စက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသောအခါ နိုင်ငံခြားသားအချို့က မခံမရပ်နိုင်တော့ဘဲ ဝင်ရောက် ပြောဆိုလာခဲ့ကြသည်။
ပထမဆုံး ဝင်ရောက်ပြောဆိုသူက ဒေ့ဗ်ဟုခေါ်သော အဆိုတော်တစ်ယောက်ပင်။
“ဒီသီချင်းကို ကောင်းကောင်းရေးထားတာ ကျွန်တော်ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီလိုလက်ရာမြောက်တဲ့သီချင်းမျိုးကို တရုတ်တစ်ယောက်က ဆိုထားတာက ထူးဆန်းတယ်လို့ ထင်တယ်။ ကျွန်တော့်ရဲ့ခန့်မှန်းချက်ကို စဉ်းစား ပေးကြပါဦး”
၎င်းက နာမည်ကြီးအောင်လုပ်ရန်အတွက် ထင်သာမြင်သာရှိသော လှုပ်ရှားမှုတစ်ခုပင်။ နာမည်ကြီးရန်အတွက် လိုက်ပါဆောင်ရွက်တတ်သည်က တရုတ် အနုပညာရှင်များတင် မဟုတ်ပေ။ တခြားနိုင်ငံများတွင်လည်း အတူတူပင်။ နာမည်ကြီးလာနိုင်သရွေ့ ယခုကဲ့သို့ လုပ်ဆောင်ခြင်းက လုပ်လေ့လုပ်ထ ရှိသော အလေ့အကျင့်တစ်ခုပင်။
ထို့နောက်တွင်မူ အဆိုတော်များစွာက မှိုပေါက်သကဲ့သို့ အသီးသီး ပေါ်လာကြသည်။
“ဒါက အရမ်းကောင်းတဲ့သီချင်း ဆိုပေမဲ့ တစ်ခုခုတော့ ထူးဆန်းတယ်လို့ ကျွန်တော် ခံစားရနေရတာ။ လတ်စသက်တော့ တရုတ်က ဆိုထားတာပဲ။”
“ဒီသီချင်းကို ကျွန်တော်တို့ အမေရိကန်တွေက ဆိုသင့်တယ်။ ကျွန်တော့်ဗားရှင်းကို လာနားထောင်ကြည့်။”
“မယုံနိုင်စရာပဲ။ ဒါက တကယ်ပဲ တရုတ်လူမျိုးတစ်ယောက်က ရေးတာလား? ကျွန်တော်တော့ မယုံဘူး”
ထို့နောက်တွင်မူ တစ်ယောက်ပြီး တစ်ယောက် ပိုပြီး ဝင်ရောက်ပြောဆိုလာကြသည်။ နောက်ဆုံးတွင် သူတို့၏ ထင်မြင်ယူဆချက်များက နိုင်ငံခြားသားများစွာအပေါ် သက်ရောက်မှု ရှိလာခဲ့သည်။
ရဲ့လင်းချန်၏ သီဆိုမှုက ပြဿနာမရှိပါ။ သို့သော် သူတို့၏ စိတ်ဓာတ်က သူတို့ရဲ့ခံယူချက်ကို သက်ရောက်စေနေသည်။ လူပြောများလာသည်နှင့်အမျှ သူတို့သည် မသိစိတ်မှ လွှမ်းမိုးခြင်း ခံလိုက်ရသည်။ ထို့အပြင် ရဲ့လင်းချန်က တရုတ်လူမျိုး ဖြစ်နေသဖြင့် သူတို့တွင် လူမျိုးရေး ခွဲခြားမှုတစ်ချို့ ရှိနေ၏။
နောက်တစ်ကြိမ် ပြန်နားထောင်ကြည့်လိုက်သည့်အခါတွင် တရုတ်လူမျိုး တစ်ယောက်၏ သီဆိုမှုက တကယ်ကို အဆင်မပြေ ဖြစ်နေပုံရသည်။ အံ့သြစရာကောင်းသော သီချင်းက တစ်နည်းနည်းနှင့် ခံစားချက်မပါဘဲ ဆိုထားသကဲ့သို့ ခံစားနေရသည်။
ထို့နောက် သူတို့နိုင်ငံသား အဆိုတော် သီဆိုထားသည့် ဗားရှင်းကို နားထောင်ကြည့်ကြသည်။
“ဟာ! ဒါက ဒီလိုပဲ ဆိုရမှာ။ အင်္ဂလိပ်သီချင်းတွေကို အကောင်းဆုံးအကျိုးသက်ရောက်မှုရဖို့ဆိုရင် ငါတို့ လူမျိုး ကိုယ်တိုင်ပဲ ဆိုသင့်တယ်”
အမှန်အတိုင်းပြောရမည်ဆိုလျှင် သဘာဝက အလွန် အောင်မြင်သော သီချင်းတစ်ပုဒ် ဖြစ်သည်။ နိုင်ငံခြားသားများသည် အကြိမ်ကြိမ်နားထောင်ပြီးနောက် သီချင်းကို ရိုးအီသွားသည်က သဘာဝပင်။ ထို့အပြင် အဆိုတော် ပြောင်းသွားသည့်အခါ ခံစားချက်က မတူတော့တာကလည်း သဘာဝပင်တည်း။
သို့သော် သူတို့ ယူဆခဲ့သည်က ထိုမျှသာ မဟုတ်ချေ။ ဤသီချင်းကို တရုတ်လူမျိုး တစ်ယောက်က သီဆို ထားတာကြောင့်ဟု ချက်ချင်း ကောက်ချက်ချခဲ့ကြသည်။ ထို့နောက် သံသယများကလည်း ပို၍ တိုးလာခဲ့သည်။ ဒီသီချင်းက တကယ်ပဲ တရုတ်တစ်ယောက်က ရေးနိုင်တဲ့သီချင်းမျိုးလား။
ဤသို့သော အခြေအနေမျိုး၌ နိုင်ငံခြား အဆိုတော်တစ်ယောက်က ပို့စ်တစ်ခု တင်လာခဲ့သည်။
[တရုတ်နိုင်ငံက အဆိုတော်ဝိုင်က သီချင်းခိုးချတာ! သူ တခြားသူရဲ့လက်ရာကို ခိုးတာပဲ!]
သူက သက်သေအဖြစ် စခရင်ရှော့အချို့ကိုတောင်မှ တင်လာခဲ့သည်။
ထိုပုံများမှာ သီချင်းတစ်ပုဒ်မှ စာသားများ ဖြစ်ပြီး အချို့သော စာသားများကို အနီရောင်ဖြင့် ခြယ်ထားသည်။ ၎င်းဘေးတွင် ရဲ့လင်းချန်၏ သီချင်းမှ တူညီသော နေရာများကို မီးမောင်းထိုးပြထားလေသည်။
ပြောရမည်ဆိုလျှင် တူညီသည်ဟူသော အချက်များက အတော်လေး အတင်းအကျပ် လုပ်ယူထားခြင်း ဖြစ်သည်။ စာသားထဲက အချို့သော အကြောင်းများက အနည်းငယ် တူညီခြင်း သို့မဟုတ် အချို့သော သံစဉ်များက တူညီနေခြင်းတို့ ဖြစ်သည။ ထိုလူသည် သီချင်း အပုဒ် နှစ်ဆယ်ကျော်ကို ရှာပြီး ၎င်းတို့ကြားမှ တူညီချက်အချို့ကို အတင်း ရှာယူထားခြင်း ဖြစ်ပေသည်။
စွပ်စွဲချက်ကို သက်သေအထောက်အထားများနှင့် ထောက်ပံ့ထားသည်။ အရေးအကြီးဆုံးအချက်မှာ ထိုအဆိုတော်က နာမည်ကောင်းရှိသော အဆိုတော် ဒန်နီပင်။ သူသည် စူပါစတား မဟုတ်သော်လည်း အချို့သော လွှမ်းမိုးနိုင်သည့် အင်တာနက် အနုပညာရှင်များထက် ပိုသာပေသည်။
ဤသို့ ပြင်းထန်သော သတင်းကြောင့် နိုင်ငံတကာ အနုပညာလောကတစ်ခုလုံး ချက်ချင်းတုန်လှုပ်သွားပြီး လူတိုင်း အံ့အားသင့်သွားသည်။
ထို့နောက် ပိုကြီးသော သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအဆိုတော်က နောက်ထပ် ပို့စ်တစ်ခု ထပ်တင်လာ၏။
[ငါ တင်ထားတဲ့ သီချင်းတွေက ငါ့ပါတနာရဲ့ လက်ရာတွေဆိုတာကို မင်းတို့ သတိထားမိမှာပါ၊ ငါက ဂျော့ရှ်နဲ့ အတူတူ အလုပ်လုပ်လာတာ ဆယ်စုနှစ် တစ်ခုတောင် ကြာနေခဲ့ပြီ၊ ပြီးတော့ သူက ငါ့ရဲ့ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်ပဲ၊ ဂျော့ရှ်တစ်ယောက်တည်း ဒါကို ငြိမ်ပြီး ခံစားနေတာကို ငါ တကယ် မကြည့်ရက်ဘူး၊ သူ ဂရုမစိုက်ရင်တောင်မှ ငါက သူ့ရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမှာပဲ၊ အမှန်အတိုင်း ပြောရရင် ဒီသီချင်းရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းက ငါတို့ မကြာခင် ထုတ်တော့မယ့် သီချင်းသစ်ကနေ ရှစ်ဆယ် ရာခိုင်နှုန်းဝန်းကျင် ခိုးချထားတာပဲ]