← Chapters

ယွမ်နှစ်သိန်း

Vol. 30 Ch. 441

ယွမ်နှစ်သိန်း

Vol. 30 Ch. 441

ကျိုးဟွာသည် ရွှီဖန်းကို မြင်လိုက်သောအခါ ပြုံးသွားခဲ့ပြီး ကြိုဆိုရန်အတွက် မလျှောက်သွားခင်မှာပင် အလွန်စူးရှသည့်အသံတစ်ခုက ဖြတ်ပြောလာသည်။

သားမွေးဝတ်အမျိုးသမီးသည် ရွှီဖန်းက ရုတ်တရက် ထွက်လာပြီး ကိစ္စများအား ရှုပ်ထွေးအောင် လုပ်နေတာကို တွေ့လိုက်ရသည့်အခါ သူမမျက်နှာက ပို၍ ဆိုးရွားလာပြီး ဒေါသထွက်သွားလေ၏။ သူမက ရွှီဖန်းကို လက်ညှိုးထိုး၍ အော်ဟစ်ဆဲဆိုလာသည်။

"နင်က ဘယ်ကရောက်လာတာလဲ၊ အဘိုးကြီး...ကျွန်မတို့ရဲ့အစ်ကိုဟွားက ရှင့်ကို မျက်နှာသာပေးပေမယ့် ရှင်က အဲ့ဒါကို မလိုချင်ဘူးပေါ့ ဟုတ်လား၊ ကျွန်မတို့ရဲ့အစ်ကိုဟွားက ဖုန်းတစ်ချက်လောက် ခေါ်လိုက်ရုံနဲ့ ဒီဒိုဂျိုကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ ရှင် ယုံလား"

သားမွေးဝတ်အမျိုးသမီး ဒေါသထွက်နေတာကို မြင်သည့်အခါ အခြေအနေ ပိုဆိုးလာတော့မည်ကို သဘောပေါက်သော ဖော်ရွေသည့် အိမ်နီးနားချင်းတစ်စုက ဝင်ရောက်ဖျောင်းဖျလာကြ၏။

"လူလေး မြန်မြန်ထွက်သွားတော့၊ သူတို့ကို အထင်မလွဲစေနဲ့"

"ဟုတ်တယ်၊ လူကြီးမင်းတို့နှစ်ယောက်လုံး ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့၊ စကားကောင်းကောင်းပြောကြရအောင်ပါ"

ရွှီဖန်းသည် သူတို့ကို လျစ်လျူရှု၍ ကျိုးဟွာဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။ သူ ပြုံးကာ...

"အကြီးအကဲကျိုးက ဒီနေ့မှာ ဒိုဂျိုအတွက် အံ့အားသင့်စရာ ပြင်ဆင်ထားရုံသာမက ကျွန်တော့်

အတွက်လည်း အံ့အားသင့်စရာတစ်ခု ပြင်ဆင်ထားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးဗျာ"

ရွှီဖန်း၏စကားများက ကျိုးဟွာကို အပြစ်တင်နေတာမျိုးမဟုတ်ပေ။ ထိုအစား ခင်မင်ရင်းနှီးသော သူငယ်ချင်းနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် စနောက်နေသလိုမျိုး ရင်းနှီးမှုအပြည့်ရှိနေလေသည်။

အခုဆိုလျှင် ကျိုးဟွာက ပို၍ ရှက်ရွံ့သွားလေ၏။ သူ ခေါင်းကို ကုတ်ကာ ညီလေးရွှီအား ခြောက်ကပ်စွာ ပြုံးပြလိုက်မိသည်။

"ညီလေးရွှီအတွက်ကတော့ ဒီအဖြစ်က ရယ်စရာတစ်ခုဖြစ်စေမိပြီ၊ အားပင်းက ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ...ဒီလိုမျိုး ပြဿနာတွေ အများကြီးဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး"

ကျိုးပင်းက ရွှီဖန်းနှင့် မသင့်မြတ်ပေ။ သူမက ရွှီဖန်းကို မြင်သောအခါ အေးစက်စွာ နှာခေါင်းရှုံ့၍ ခေါင်းလှည့်သွား၏။

ကျိုးဟွာက ပို၍ ရှက်ရွံ့သွားသည်။ သူ့မြေးမလေးအတွက် ရွှီဖန်းကို သူ အမြန်တောင်းပန်လိုက်

သော်လည်း ရွှီဖန်းက ခေါင်းခါလျက် ကျိုးဟွာ၏ ပခုံးကို ပုတ်ပေးလာ၏။

"အကြီးအကဲကျိုး ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စမှာ အားပင်းကို အပြစ်တင်လို့ မရနိုင်ဘူး၊ ခင်ဗျားတို့ရဲ့ ပွင့်လင်းရိုးသားတဲ့ စိတ်ဓာတ်ကြောင့်ပါပဲ"

ရွှီဖန်း၏စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ကျိုးဟွာက ဘယ်လိုလုပ် နားမလည်ဘဲ ရှိမည်နည်း။ သူ ချက်ချင်းပင် ခေါင်းခါလျက် ခါးသီးစွာ ပြုံးလိုက်သည်။

ကိုယ်ခံပညာလေ့ကျင့်သူများ အထူးသဖြင့် ကျိုးဟွာနှင့် သက်တူရွယ်တူများသည် စည်းမျဥ်းစည်းကမ်းအရှိဆုံးလူများပင်။ သာမန်လူများနှင့် ဆက်ဆံသောအခါ အများဆုံး ရှောင်ကြဉ်ရမည့် အရာကတော့ ကိုယ်ခံပညာကို အားကိုးကာ သာမန်လူများအား အနိုင်ကျင့်ခြင်းပင်။ ထိုစည်းမျဉ်းများက ကျိုးဟွာ၏ အရိုးထဲအထိ စွဲမြဲနေခဲ့၏။

ထို့ကြောင့် အနောက်ပိုင်းဧရိယာ၏ ဘုရင်တစ်ဦးဖြစ်သည့်အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကိုယ်ခံပညာလောကမှာ နာမည်ကြီးခဲ့သည့် လေနှင့်မိုးတုတ်ဖြစ်သော ကျိုးဟွာသည် သာမန်လူနှစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရ၏။

သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပင် သူတို့ဘေးနားရှိ အမျိုးသားနှင့် အမျိုးသမီးက ရွှီဖန်း၏ ဂရုမစိုက်သော ပုံစံကြောင့် ဒေါသအပြည့်ဖြင့် ရှိနေကြသည်။ 

သားမွေးဝတ်အမျိုးသမီး၏ မျက်နှာက နီရဲနေပြီး ရွှီဖန်းကို ဒေါသတကြီးဖြင့် ကျိန်ဆဲကာ...

"ဒီကောင်က ဘာဖြစ်လို့ ချမ်းသာချင်ယောင်ဆောင်နေတာလဲ၊ အစ်ကိုဟွား ဒီလူတစ်စုက သူတို့ရဲ့ မျက်နှာကို ဂရုမစိုက်မှတော့ လူတွေခေါ်ပြီး ဒီဒိုဂျိုကို ရိုက်ချိုးခိုင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်"

လက်ရှိအချိန်မှာ မျက်မှန်သမား၏ မျက်နှာက မှုန်မှိုင်းနေပြီး သူက ရွှီဖန်းကို အေးစက်စက်ကြည့်ကာ...

"ညီလေး မင်းက ဘယ်သူ့လက်အောက်ကလဲ၊ ဒီကိစ္စမှာ သူတို့ကို ကာကွယ်ပေးချင်တာလား"

ရွှီဖန်းမှ တစ်ခုခုမပြောရသေးခင် အနီးအနားရှိ လူအုပ်ကြီးက ထိတ်လန့်တကြားဖြင့် ဖျောင်းဖျကြလေ၏။

"စိတ်မလောပါနဲ့၊ ဒါတွေအားလုံးက နားလည်မှုလွဲတာပါ"

"ညီငယ်လေး၊ မြန်မြန်ထွက်သွားတော့... မဟုတ်ရင် မင်းက အဘိုးကြီးကျိုးကို ဒုက္ခပေးနေတာပဲ"

"ဟုတ်တယ် အဘိုးကြီးကျိုးက ဒီဒိုဂျိုတစ်ခုကိုပဲ အားကိုးနေရတာ၊ ဒီဒိုဂျိုသာ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ"

လူအုပ်ကြီး၏ စကားများကို ကြားသောအခါ အမျိုးသားနှင့် အမျိုးသမီးသည် ပို၍ယုံကြည်မှုရှိလာကြပြီး ရွှီဖန်းအား မျက်လုံးပြူးပြူးဖြင့် စိုက်ကြည့်လာကြသည်။ ရွှီဖန်းကသာ သူတို့ကို အနည်းငယ်လေး စိတ်မပျော်မရွှင်ဖြစ်အောင် လုပ်ခဲ့လျှင် လူရာနှင့်ချီကို တကယ်ခေါ်ကာ ဒိုဂျိုအား ဖျက်ဆီးပစ်တော့မည့်အတိုင်းပင်။

ရွှီဖန်းက နောက်ဆုံးမှာတော့ လှည့်ကြည့်လာပြီး အမျိုးသားနှင့် အမျိုးသမီးကို ကစားချင်နေသလို အကြည့်ဖြင့် ကြည့်ကာ...

"ငါက ဘယ်သူ့လက်အောက်ကမှ မဟုတ်ဘူး"

ရွှီဖန်း၏ စကားဆုံးသွားသည်နှင့် ကျိုးဟွာကလည်း ပါးစပ်ဖွင့်ကာ ပြောလာ၏။

"ညီလေးရွှီပြောတာ မှန်ပါတယ်၊ ဟွားချန်ကိုယ်ခံပညာကျောင်းကို ညီလေးရွှီဆီ လွှဲပြောင်းရောင်းချခဲ့တာ ကြာလှပြီ၊ ကျုပ်က ဒီကိုယ်ခံပညာကျောင်းမှာ အလုပ်လုပ်ပေးနေရုံပဲ"

လူအုပ်ကြီးက ဟာခနဲ ဖြစ်သွားကြသည်။ သူတို့က ရွှီဖန်းကို သနားသော မျက်လုံးများဖြင့် ကြည့်နေကြ၏။

သူဌေးများအားလုံးက အထက်တန်းလွှာများဖြစ်ပြီး ကောင်းမွန်သောဝိုင်များ၊ လှပသည့်အမျိုးသမီးများနှင့် ပျော်မွေ့နေချိန်မှာ သူဌေးရွှီဖန်းကတော့ ဒိုဂျိုထဲ မဝင်ရသေးခင်မှာပင် ဒီလိုပြဿနာကြီးနှင့် ကြုံနေရသည်။

သားမွေးဝတ်အမျိုးသမီးသည် သူမမျက်လုံးထဲရှိ အထင်သေးသောအကြည့်ကို ဖယ်ရှားလိုက်သော်ငြား သူမ ရွှီဖန်းကို မယဉ်ကျေးသေးဘဲ သူ့ထက် မြင့်မြတ်သည့် ပုံစံဖြင့် တိုက်ရိုက်မေးလိုက်၏။

"ရှင်က သူဌေးဖြစ်တဲ့အတွက်ကြောင့် နစ်နာကြေးကို ရှင်နဲ့ပဲ စကားပြောလိုက်မယ်"

ထိုစကားများက သားမွေးဝတ်အမျိုးသမီးသည် ရွှီဖန်းနှင့် တခြားသူများကို မထီမဲ့မြင်ပြုကြောင်း ဖော်ပြနေသလို သူမ၏ မြင့်မြတ်သော ဂုဏ်သိက္ခာကိုလည်း ဖော်ပြနေလေသည်။

"ကျွန်မတို့က ပိုက်ဆံမလိုချင်ဘူး...ရှင်တို့ကို သင်ခန်းစာပေးချင်ရုံပဲ"

ရွှီဖန်းသည် စကားပြောချင်နေသော ကျိုးဟွာကို လက်လှုပ်ပြကာ တားလိုက်၏။ သူ သားမွေးဝတ်အမျိုးသမီးကို ပြုံးပြကာ...

"ငါ ခုနက သဲသဲကွဲကွဲ မကြားလိုက်ရဘူး၊ မင်းတို့က ကျောင်းလခကို ဘယ်လောက်ပေးခဲ့ကြတာလဲ၊ ပြီးတော့ ဘာအကြောင်းကြောင့် ငါက လျော်ကြေးပေးရမှာလဲ၊ ပိုပြီးအသေးစိတ်ရှင်းပြလို့ရမလား"

သားမွေးဝတ်အမျိုးသမီးသည် ချက်ချင်းဆိုသလိုပင် ဒေါသထွက်နေသော ပုံစံကို ပြသကာ ရွှီဖန်းကို လက်ညှိုးထိုး၍...

"ရှင် လူအ,ယောင်ဆောင်နေတာလား! အစ်ကိုဟွားကျွန်မတို့တွေ အင်အားဖြည့်တင်းဖို့ ခေါ်လိုက်ရအောင်"

မျက်မှန်သမားသည် စိတ်အေးလက်အေးရှိနေသော ရွှီဖန်းကို ကြည့်လိုက်ကာ ဒီတစ်ကြိမ်မှာတော့ လေးနက်သည့် ပုံစံ ပေါ်ပေါက်လာသည်။

သူက သားမွေးဝတ်အမျိုးသမီးကို အေးစက်စက်ကြည့်ကာ...

"လီလီ ငါ မင်းကို ဘယ်နှစ်ခါ ပြောပြီးပြီလဲ၊ ငါတို့က ချမ်းသာပြီး အင်အားကြီးတဲ့သူတွေ ဖြစ်ပေမယ့် ငါတို့ရဲ့ခွန်အားနဲ့ တခြားသူတွေကို မဖိနှိပ်ရဘူး၊ ငါတို့ရဲ့ စိတ်ဓာတ်နဲ့ပဲ တခြားသူတွေကို အနိုင်ယူရမယ်၊ ဒီညီလေးက နားထောင်ချင်တဲ့အတွက်ကြောင့် သူ့ကို ထပ်ပြောပြလိုက်ပါဦး"

မျက်မှန်သမား၏ တရားမျှတသော စကားများကို ကြားသည့်အခါ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် မျက်မှန်သမား၏ အစွမ်းအစကို ပို၍ ယုံကြည်သွားကြ၏။ ဒီလိုလူမျိုးက သူဌေးကြီးတစ်ယောက်ဖြစ်ရန် ထိုက်တန်သည်။ ရွှေသွားများနှင့် ရွှေဆွဲကြိုးကြီးများ ဝတ်ဆင်ထားသော သူဌေးအသစ်များနှင့် မတူပေ။ သူ့စကားများက ယဉ်ကျေးသိမ်မွေ့ကာ ဂုဏ်ရှိန်အပြည့်ဖြင့် ပြည့်နှက်နေ၏။

"ဟုတ်ကဲ့၊ အစ်ကိုဟွား"

သူမက ရွှီဖန်းဘက်ကို လှည့်ကာ စိတ်မရှည်စွာဖြင့် ...

"ကျောင်းလခက တစ်ယောက်ကို ၁၀၀၀ စီဖြစ်ပြီး နှစ်ယောက်ဆိုတော့ ၂၀၀၀ပေါ့၊ ဒီပမာဏက ကျွန်မတို့အတွက် ဘာမှမဟုတ်ဘူး၊ ဒါပေမဲ့ ဒါက ယုတ္တိတော့ရှိရမယ်လေ၊ အဲဲ့ဒီကလေးမလေးက ကျွန်မတို့ကို အကန့်အသတ်တွေမရှိတဲ့ ဒီဒိုဂျိုအကြောင်း ကြွားလုံးထုတ်ခဲ့ပေမယ့် ဒီဒိုဂျိုမှာ ဘာမှကောင်းတာလည်း မတွေ့ခဲ့ရဘူး"

သားမွေးဝတ်အမျိုးသမီးသည် ထိုသို့ပြောနေရင်း သူမ၏ မာနကြီးသောပုံစံကို ထပ်ပြလာ၏။

"ကျွန်မတို့ရဲ့အစ်ကိုဟွားက တစ်မိနစ်ကို သိန်းနဲ့ချီပြီး ရှာနိုင်တာ၊ ဘာလို့ ဒီလောက်စုတ်ပြတ်နေတဲ့နေရာမှာ အချိန်တွေအများကြီး ဖြုန်းရမှာလဲ၊ ဒါက အချိန်တွေ ဖြုန်းတီးပစ်ရုံသာမက အစ်ကိုဟွားရဲ့ စိတ်အခြေအနေကိုပါ ဆိုးဆိုးရွားရွားဖြစ်စေခဲ့တယ်၊ ရှင်တို့ရဲ့ လုပ်ရပ်တွေနဲ့ သတင်းဖြန့်ချိမှုတွေက လူလိမ်တွေနဲ့ ဘာမှမထူးခြားဘူး၊ ရှင်တို့ကို ယွမ်တစ်သိန်း လျော်ကြေးပေးခိုင်းတာက မများလွန်းဘူးမလား"

ရွှီဖန်းသည် ခပ်သာသာခေါင်းညိတ်လျက်...

"မများပါဘူး"

မျက်မှန်သမား၏ သတိပေးနေသော အကြည့်ကို လျစ်လျူရှုလျက် သားမွေးဝတ်အမျိုးသမီးသည် ရွှီဖန်းကို ထပ်၍ လှောင်ပြောင်လာသည်။

"ဒါပေမယ့် ယွမ်တစ်သိန်းလျော်ကြေးက ကျွန်မတို့ ခုနက ပေးခဲ့တဲ့ဈေးနှုန်းပဲ၊ အခု ရှင်က ကျွန်မတို့ အစ်ကိုဟွားရဲ့အချိန်တွေကို ပိုပြီးဖြုန်းတီးလိုက်ပြီဆိုမှတော့ ရှင် အနည်းဆုံး ယွမ်၂ သိန်း ပေးရမယ်"

************************

All Chapters