သူဌေးကြီးများ၏အစီအစဥ်များ
Vol. 30 Ch. 449
"ဖာ့ခ်! ဝမ်ဖေး...သိပ်ကောင်းတယ်! တစ်ယောက်နဲ့တစ်ယောက် ကြာကြာတောင် မတွေ့ဖူးသေးဘဲ မင်းက ဆရာရွှီလို့တောင် ခေါ်နေပြီလား"
"ဝမ်ဖေး မင်း ယောကျ်ားတစ်ယောက်ရော ဟုတ်သေးရဲ့လား"
"မင်းက သူ့ကိုတောင် အဘိုးလို့ ခေါ်နေမှတော့ ငါတို့ကိုလည်း အဘိုးလို့ ခေါ်လေ"
ဝမ်ဖေးက ဆရာရွှီအကြောင်း ပြောနေသည်ကို ကြားသောအခါ လျိုယွမ့်နှင့် တခြားဒါဇင်နှင့်ချီသော လူငယ်များသည် အော်ဟစ်ရယ်မောလိုက်ကြ၏။
ဝမ်ဖေးက ဘာကိုဆိုလိုနေလဲဆိုတာကို သူတို့ သိကြသည်။ သို့သော်လည်း သူတို့ မတိုင်ခင်ကပြောခဲ့သလိုပင်။ သူတို့က သူတို့အကြီးအကဲများ၏ သဘောထားကို ဖော်ပြရန် ဒီတစ်ခါ ရောက်လာခဲ့ကြခြင်းပင်။ ထို့ကြောင့် လက်ရှိအချိန်မှာ သူတို့သည် ဝမ်ဖေးအား ချက်ချင်းဆိုသလိုပင် လှောင်ပြောင်လိုက်ကြသည်။
ပုံမှန်ဆိုလျှင် သူတို့က ဝမ်ဖေးကို ဤကဲ့သို့ မဆက်ဆံကြပေ။ သို့သော် အခုအခြေအနေများ ပိုဆိုးသွားအောင် လျိုယွမ့်၏ ဦးဆောင်မှုအောက်မှာ လူတိုင်းသည် ဝမ်ဖေးအား စတင် လှောင်ပြောင်လာကြ၏။
ဝမ်ဖေးတစ်ယောက် ဒေါသထွက်နေမည်လား။
ဒီလိုမျိုး အဆူခံနေရတာကြောင့် ဝမ်ဖေးလည်း သိသိသာသာ ဒေါသထွက်ပေသည်။ သို့သော်ငြား ဒီနေ့ မြင်ကွင်းက သူဌေးကြီးများမှ စီစဉ်ထားခြင်းပင်။ အခု ဝမ်ဖေး၏ ဒေါသထွက်ရန် အလှည့်ကို ရောက်လာလေပြီ။
ထိုအချိန် ဝမ်ဖေးက အေးစက်စက် ပြုံးကာ...
"ဆရာရွှီက မင်းတို့တွေ နောက်ကျတယ်လို့ ပြောတယ်၊ ဆရာရွှီက မင်းတို့ကို တံခါးအပြင်ဘက်မှာ တစ်နာရီရပ်ပြီး စောင့်ခိုင်းထားတယ်၊ အပြင်မှာပဲ ရပ်စောင့်နေလိုက်ကြ"
စကားပြောပြီးသည်နှင့် ဝမ်ဖေးသည် တစ်ဖက်ကို လှည့်ကာ ဒိုဂျိုထဲ ဝင်သွားခဲ့၏။
တစ်စုံတစ်ယောက်က အပြစ်ခံပေးမည့်သူဆိုလျှင် နောက်တစ်စုံတစ်ယောက်က ကောင်းမှုကို ကိုယ်စားပြုသူ ဖြစ်ရမည်။ ဝမ်ဖေးက ကောင်းမှုပြုသူ နေရာက သရုပ်ဆောင်နေခြင်းပင်။
သူဌေးကြီးများသည် ရွှီဖန်းနှင့် အရာရာမှာ ရန်မဖြစ်ချင်ကြပေ။ ထို့ကြောင့် ဒီကိစ္စကိုသုံးကာ ရွှီဖန်း၏ သဘောထားကို စမ်းသပ်ချင်ကြခြင်းဖြစ်သည်။
ဝမ်ဖေးက ဒိုဂျိုထဲသို့ ဝင်လာခဲ့၏။ သို့သော်ငြား သူ့အနေဖြင့် ရွှီဖန်းက စိတ်မရှည်တတ်သူတစ်ယောက်ဆိုသည့် သတင်းစကားကို ပေးပို့ခဲ့ပြီးသားပင်။
ထို့ကြောင့် လူငယ်အုပ်စုက သူတို့ဦးတည်ချက်ကို ပြောင်းလိုက်ကြသည်။ သူတို့က ဝမ်ဖေးကို ပစ်မှတ်ထားကာ တံခါးအပြင်ဘက်မှာ စတင်အော်ဟစ်လာကြ၏။
"ဟေး ဝမ်ဖေး မင်း ဘယ်မှာ ပုန်းနေတာလဲ! မင်း သတ္တိရှိရင် ထွက်လာခဲ့"
"ဟုတ်တယ်၊ ဝမ်အမည်ရှိတဲ့ကောင် မင်းဆီကနေ အဘိုးလို့ ခေါ်တာ မခံရသေးဘူး! ထွက်လာပြီး ငါ့ကို အဘိုးလို့ လာခေါ်စမ်း"
"မင်း အထဲမှာ ပုန်းနေရလို့ မင်းကို ဘာမှမလုပ်နိုင်တော့ဘူးလို့ မထင်လိုက်နဲ့! ဝမ်ဆိုတဲ့ကောင် မင်းသာ မထွက်လာလို့ကတော့ မင်းကို မြင်တိုင်းရိုက်သတ်ပစ်မယ်!"
ထိုအချိန်မှာတော့ ဝမ်ဖေးက တံခါးအပြင်ဘက်ရှိ ဆဲဆိုသံများကို လျစ်လျူရှုထား၏။ သူက ရွှီဖန်း၏ အရှေ့မှာ လေးလေးစားစားရပ်ကာ ဦးညွတ်နေပြီး...
"ဆရာရွှီရဲ့အမိန့်ကို လုပ်ဆောင်ပြီးပါပြီ၊ ဒါပေမယ့် အပြင်က အသုံးမကျတဲ့လူအုပ်စုက ကိုင်တွယ်ရတာ မလွယ်ပုံပဲ၊ သူတို့က သူတို့ရဲ့မိသားစုတွေကြောင့် အချိန်အကြာကြီး ဖျက်စီးခံထားရတယ်"
ရွှီဖန်းက သူ့လက်ဖက်ရည်ခွက်ကို ပေါ့ပေါ့ပါးပါးချကာ လက်ဝှေ့ယမ်းလိုက်သည်။
"မင်းရဲ့တာဝန် ပြီးဆုံးသွားပြီ၊ အပြင်မှာသွားရပ်စောင့်နေကြတော့"
ရွှီဖန်း၏စကားကို ကြားတော့ ဝမ်ဖေးမှာ ကြောင်သွားခဲ့၏။
"ရွှီ...ဆရာရွှီ၊ ကျွန်တော်...ကျွန်တော်တို့က မနောက်ကျဘူးလေ..."
သူ ထစ်ထစ်အအဖြင့် ပြန်ဖြေမိသည်။
ရွှီဖန်းက ဝမ်ဖေးကို အနည်းငယ် ပြုံးပြနေသည်။ သူ့အပြုံးမှာ ပျော်ရွှင်မှုအပြည့် ရှိနေလေ၏။
"သူတို့ကို တံခါးဝမှာ တစ်နာရီရပ်ခိုင်းတာက သူတို့နောက်ကျတဲ့အတွက် အပြစ်ပေးတာပဲ၊ ဒါပေမယ့် မင်းတို့ကို တံခါးဝမှာ တစ်နာရီရပ်ခိုင်းတာက မင်းတို့အတွက် ဆုလာဘ်ပဲ၊ နောက်ပြီး ငါ့အတွက် နောက်ထပ် သတင်းစကားတစ်ခု ပါးပေးပါဦး၊ ဒီမီတာတစ်ရာအတွင်းက ဟွာချန်းကိုယ်ခံပညာကျောင်းရဲ့ နယ်မြေပဲ၊ ဆူဆူညံညံ မလုပ်ရဘူး...မအော်ရဘူး...ချိုးဖောက်သူတိုင်းကို ငါ ထုတ်ပစ်မယ်"
ရွှီဖန်း၏စကားများကို ကြားသောအခါ ဝမ်ဖေး၏ နှလုံးသားက တင်းကျပ်သွားလေသည်။
အထုတ်ခံရခြင်းက ဘာကိုဆိုလိုသနည်း။ ဝမ်ဖေးအပါအဝင် ဤသူဌေးသားများအတွက် ဘာကိုဆိုလိုသနည်း။
ထိုအရာက ရွှီဖန်းသည် သူတို့နှင့် တရားဝင် အဆက်အသွယ်ဖြတ်တောက်လိုက်ပြီဟု ဆိုလိုခြင်းပင်။
ဘာအကျိုးဆက်များ ရှိလာနိုင်မည်ကို ဝမ်ဖေးက မသိချင်သလို တံခါးအပြင်ဘက်ရှိ လူငယ်အုပ်စုကလည်း မသိချင်ကြပေ။
ချွေးအေးများက ဝမ်ဖေးနှင့် တခြားသူများ၏ နဖူးကနေ စီးကျနေလေသည်။ အပြင်ဘက်ရှိ ဆဲဆိုသံများကတော့ အရင်အတိုင်းပင်။ ဝမ်ဖေးမှာ ထပ်ပြီး မနှောင့်နှေးရဲတော့ပေ။ သူ လျိုချောင်ဖန်နှင့် တခြားသူများကို ခေါ်ကာ ဒိုဂျို၏ဝင်ပေါက်ဘက်သို့ အလျင်အမြန် လျှောက်သွားခဲ့၏။
တံခါးအပြင်ဘက်တွင် မိုက်မဲစွာပြုမူနေသာ သခင်လေးများ ဒါဇင်မက ရှိနေပြီး လူတစ်ရာကျော် ရှိနေလေသည်။ ချွင်းချက်မရှိပေ...သူတို့အားလုံးက မိုက်မဲသော သခင်လေးများဖြစ်၏။
ထိုလူငယ်အုပ်စု စုဝေးလိုက်ပါက ဘာဖြစ်နိုင်မည်နည်း။
သူတို့သည် တစ်ယောက်နှင့် တစ်ယောက် လည်ပင်းဖက်ကာ အတူတူ သောက်ကြ၊ မိန်းမများနှင့် ဆော့ကစားကြနှင့် တစ်ယောက်ကိုတစ်ယောက် စနောက်နေကြလိမ့်မည်။
သို့မဟုတ် ရန်ဖြစ်ကာ သူတို့၏ မျက်လုံးများက ဒေါသကြောင့် နီရဲနေလိမ့်မည်။
လျိုယွမ့်နှင့် ဝမ်ဖေးတို့လို လူဒါဇင်ပေါင်းများစွာက ဦးဆောင်လျက် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်ကြကာ တခြားတစ်ယောက်၏ မကောင်းမှုများကို ပြောကြလျက် ကြီးမားသော တိုက်ပွဲတစ်ခုကို မကြာခင်မှာ စကြတော့မှာ ဖြစ်၏။
ဒါက သူတို့ ကြိုတင်စီစဉ်ထားသောအရာပင်။ သူတို့ ရွှီဖန်းကို မလှုပ်မယှက်ဖြစ်အောင် လုပ်ရမည် မဟုတ်ပါလော။
ငါတို့ အချင်းချင်း မင်းရဲ့အိမ်ရှေ့မှာ ယင်ကောင်တွေလို ကစားကြမယ်၊ ငါတို့ကြားက မကျေနပ်ချက်က မင်းမိသားစုရဲ့ထမင်းကို စားနေတာမဟုတ်သလို မင်းမိသားစုရဲ့ ရေကိုလည်း မသောက်နေဘူး၊ မင်း ရွှီဖန်းအကြောင်းကိုလည်း တစ်ခွန်းမှ မပြောခဲ့ဘူး၊ မင်း ဘယ်လောက်ထိ အင်အားကြီးကြီး...ငါတို့ကို ဘာလုပ်နိုင်မှာလဲ။
ရုတ်တရက် ဒိုဂျို၏ တံခါးက တစ်ဖန် ပွင့်လာသည်။ ဝမ်ဖေး၊ လျိုချောင်ဖန်နှင့် တခြားသူများက အမြန်ထွက်လာခဲ့ကြ၏။
လက်ရှိအချိန်မှာတော့ တစ်ယောက်နှင့် တစ်ယောက် မကျေနပ်ချက်များ ရှိခဲ့ကြသော အသုံးမကျသည့် လူအုပ်စုသည် ရန်ဖြစ်နေတာကို ရပ်လိုက်ကြပြီး ဝမ်ဖေးအား တစ်ပြိုင်နက်တည်း ကြည့်လာကြသည်။
ဝမ်ဖေးက သူတို့ကို တစ်ချက်ကြည့်၍...
"မင်းတို့ ဘာကို အော်ဟစ်နေကြတာလဲ၊ မင်းတို့ ရန်ဖြစ်ချင်ရင် ဆရာရွှီရဲ့နယ်မြေမှာ ရန်မဖြစ်ကြနဲ့...မင်းတို့ရဲ့ နယ်မြေကို ပြန်ပြီး ရန်ဖြစ်ကြ"
ပေါက်ကွဲတော့မလို ဖြစ်နေသည့် ရာဂဏန်းလောက်ရှိသော လူများကို မြင်သည့်အခါ ဝမ်ဖေးလည်း ကျယ်လောင်စွာဖြင့် ထပ်ဆူပူလိုက်သည်။
"ဆရာရွှီက ပြောတယ်၊ မီတာတစ်ရာပတ်ပတ်လည်က ဟွာချန်းကိုယ်ခံပညာကျောင်းရဲ့နယ်မြေပဲ၊ မင်းတို့ ဒီကို ရောက်လာတာ နောက်ကျပေမယ့် ဟွာချန်းကိုယ်ခံပညာကျောင်းရဲ့လူတွေပဲလေ၊ နောက်ထပ် အသံထွက်ရဲတဲ့သူတွေကို တိုက်ရိုက်ထုတ်ပစ်လိုက်မယ်တဲ့...ကြားကြလား"
ဝမ်ဖေး၏အသံက အလွန်ကျယ်လောင်သည့် အတွက် အကွာအဝေး တစ်ခုကနေတောင် ဝမ်ဖေး၏စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရ၏။
လက်ရှိအချိန်မှာတော့ မိုက်မဲစွာပြုမူနေသော သခင်လေးတစ်ရာကျော်သည် တိတ်ဆိတ်သွားကြကာ ပတ်ပတ်လည်ကို ကြည့်နေကြသည်။ သို့သော်ငြား သူတို့ထံ၌ ခုနကလို ယုံကြည်မှုမျိုး မရှိတော့ပေ။
ထိုစကားလုံးများက ငှက်မွေးကဲ့သို့ ပေါ့ပါးသည်။
တစ်စုံတစ်ယောက်ကို ရိုက်နှက်သလို နာကျင်တာမျိုး မရှိသလို၊ စည်းကမ်းများကို ချိုးဖောက်၍ သေဆုံးရခြင်းကဲ့သို့ ပြင်းထန်တာမျိုးလည်း မဟုတ်ပေ။ သို့သော် လူတိုင်းက ထိုစကားလုံးများ၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း နားလည်ကြသည်။
ဒီတစ်ကြိမ်မှာ ဘယ်သူကမှ ရွှီဖန်းနှင့် မပြိုင်ရဲတော့ပေ။
ငှက်ကို ပစ်ပြီး စံနမူနာပြခြင်း။ ဘယ်သူမှ ကံမကောင်းသည့် ကြက်မဖြစ်ချင်ကြပေ။
ရာကျော်သည့် သခင်လေးများက တိတ်ဆိတ်သွားကြကာ တိုးတိုးလေး စကားပြောနေကြ၏။ သူတို့က စိတ်မချမ်းမြေ့သောပုံစံဖြင့် ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လုပ်နေကြလေသည်။ သို့မဟုတ် သူတို့၏ ဖုန်းများကို ထုတ်ကာ သူတို့၏မိဘများကို ဖုန်းခေါ်နေကြ၏။
ဒီနေ့ဖြစ်ခဲ့သောအရာက သူတို့၏မိဘများမှ စီစဉ်ထားခြင်းဖြစ်သည်။ ထို့အပြင် ဤအစီအစဉ်ကို သေချာလေး ဆွေးနွေးကြပြီးမှသာ စီစဉ်ခဲ့ကြခြင်းဖြစ်၏။
ရွှီဖန်းအား မျက်နှာချင်းဆိုင်မြင်ဖူးသည့် ဝမ်ဖေးသည် နှစ်ဖက်စလုံး၏ လုပ်ဆောင်မှုများကနေတစ်ဆင့် ရွှီဖန်း၏ သဘောထားကို စမ်းသပ်ရန်အတွက် သခင်လေးများ၏ ခေါင်းဆောင်ဖြစ်သော လျိုယွမ့်ကို ဦးဆောင်စေခဲ့သည်။
သို့သော် အခုတော့ လျိုယွမ့်တို့ ရွှီဖန်းကို မတွေ့ရသေးခင်မှာပင် သူတို့၏ အစီအစဉ်က ဆက်ပြီးအလုပ်မလုပ်နိုင်တော့ပေ။
ရွှီဖန်းက ဘာမှသိပ်မပြောခဲ့ပေ။
သူတို့က နောက်ကျပြီး အချိန်အကြာကြီး အော်ဟစ်နေခဲ့ကြ၏။ သူတို့ကို တစ်နာရီရပ်ခိုင်းသည့် ရွှီဖန်း၏ အပြစ်ပေးခြင်းက ဆီလျော်မှု ရှိသည်။
ဘယ်သူ့ကို ထုတ်ပယ်ပစ်ချင်လဲဆိုတာကတော့ ရွှီဖန်း၏ လွတ်လပ်ခွင့်ပင်။ ဒိုဂျိုက သူ ဖွင့်ထားသော ဒိုဂျိုဖြစ်နေလေ၏။
ရွှီဖန်းက တိုက်ခိုက်သူတစ်ယောက်ကိုတောင် အသုံးမပြုခဲ့ပေ။ ဝမ်ဖေးမှတဆင့် သူ ပါးလိုက်သော ပေါ့ပေါ့ပါးပါး စကားအနည်းငယ်နှင့်တင် သူတို့ ခက်ခက်ခဲခဲ ကြိုးစားဖော်ဆောင်ခဲ့ရသည့် အစီအစဉ်က လုံးဝပျက်စီးသွားခဲ့သည်။
*********************