← Chapters

သက်သေပြခြင်း အတန်းတက်ရန်

Vol. 3 Ch. 42

သက်သေပြခြင်း အတန်းတက်ရန်

Vol. 3 Ch. 42

ခေါင်းလောင်းတီးသည့်အချိန်အထိ ထမင်းစားပွဲက ဆက်ရှိနေခဲ့သည်။

ယွမ် ၅၀၀၀ ပါသော ထမင်းကတ်ထဲမှ ပိုက်ဆံအားလုံးလည်း လုံးဝကုန်သွားခဲ့သည်။ တစ်ပြားတစ်ချပ်မှ မကျန်တော့ပေ။

ဝက်ဝံကန်း သူ့နေရာမှ ထရပ်လိုက်သည်ကိုမြင်တော့ ရဲရှင်းဟွေ့သည် လျှောက်သွားပြီး သူ့ဗိုက်ဖောင်းလာသလားဆိုတာကို သေချာကြည့်လိုက်သည်။

သို့သော် ဝက်ဝံကန်း၏ဗိုက်သည် ထမင်းမစားခင်ကအတိုင်းပင် ဖြစ်နေသည်။ သူ့ဗိုက်ထဲတွင် အခြားအရာတစ်ခု ရှိနေသည့်အလား သူစားလိုက်သော အစားအစာများအားလုံးသည် အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ပင်။

အတန်းထဲသို့ ပြန်လမ်းတွင် ရဲရှင်းဟွေ့က ဝက်ဝံကန်းကို ဘာကြောင့် ဒီလောက် အများကြီး စားနိုင်ရတာလဲဟု အဆက်မပြတ် မေးနေခဲ့သည်။

ဝက်ဝံကန်းဆီမှာတော့ အဖြေတစ်ခွန်းသာ ရှိသည်။

"ငါလည်း မစားချင်ပါဘူး"

ဝက်ဝံကန်း ထိုစကားကို ပြောလိုက်သည့်အခါ သူ၏အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရဲရှင်းဟွေ့သည် ဝက်ဝံကန်းမှာလည်း သူ့နောက်ခံဇာတ်ကြောင်းနှင့်သူ ဖြစ်မည်ဟု သိလိုက်သည်။

အတန်းထဲသို့ ပြန်ရောက်ပြီးနောက်…

ဒီတစ်ခါတော့ ထူးဆန်းသောအကြည့်များသည် ရဲရှင်းဟွေ့တစ်ယောက်တည်းအပေါ် ကျရောက်နေခြင်းမဟုတ်ဘဲ ဝက်ဝံကန်းအပေါ်ကိုပါ ရောက်နေသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့တွင် ဝက်ဝံကန်း ထမင်းစားနေသော ဗီဒီယိုသည်လည်း ကျောင်းဝက်ဘ်ဆိုဒ်ပေါ်သို့ ရောက်သွားသောကြောင့်ဖြစ်သည်။

ဝက်ဝံကန်းကတော့ အတန်းဖော်များ၏ အကြည့်များကို ဂရုမစိုက်ပေ။ အဓိကအားဖြင့် သူက မမြင်နိုင်သောကြောင့် ဖြစ်သည်။

.......

အချိန်သည် ညနေခင်း ကျောင်းဆင်းချိန်သို့ ရောက်လာသည်။

ယနေ့တွင် ရဲရှင်းဟွေ့သည် အားကစားရုံရှိ ဝမ်းနည်းစရာနေရာသို့ သွားရန် အစီအစဉ်မရှိဘဲ ကျောင်းအပြင်သို့ တန်းထွက်လာခဲ့သည်။

ရဲရှင်းဟွေ့ ကျောင်းဂိတ်ပေါက်မှ ထွက်ခါနီးတွင် မိန်းကလေးတစ်ယောက်သည် သူ့ဆီသို့ ရုတ်တရက်ပြေးလာပြီး မျက်နှာနီရဲစွာဖြင့် ရည်းစားစာတစ်စောင်ကို ကမ်းပေးလိုက်သည်။

"ကျောင်းသားရဲ လက်ခံပေးပါ"

ရဲရှင်းဟွေ့သည် "ပျော်ရွှင်မှုက ဒီလောက်ရုတ်တရက်ကြီး ရောက်လာတတ်သလား" ဟု တွေးရင်း ရည်းစားစာကို ကြောင်တောင်တောင်ဖြင့် ယူလိုက်သည်။

သို့သော် ဇာတ်လမ်းက ဒီမှာမပြီးသေး။

ထိုမိန်းကလေး ရည်းစားစာပေးပြီး သိပ်မကြာခင်မှာပင် နောက်ထပ်မိန်းကလေးတစ်ယောက် ရှေ့ထွက်လာပြီး ပန်းရောင်ရည်းစားစာ တစ်စောင်ကို ရဲရှင်းဟွေ့အား ထပ်ပေးပြန်သည်။

ခဏလေးအတွင်းမှာပင် ရဲရှင်းဟွေ့သည် ရည်းစားစာ အစောင်လေးဆယ်ကျော် လက်ခံရရှိခဲ့သည်။

ရဲရှင်းဟွေ့ ကြောင်တောင်တောင်ဖြစ်နေစဉ် မုတ်ဆိတ်မွှေးထူလဗျစ်နှင့် လူကြီးတစ်ယောက် သူ့ဆီသို့ လျှောက်လာသည်။

ရဲရှင်းဟွေ့သည် ထိုမုတ်ဆိတ်မွှေးနှင့်လူကို သိသည်။ သူသည် အထက်တန်း ဒုတိယနှစ်မှ ကာယဆရာဖြစ်ပြီး သူ့နာမည်က ရှန်းရှန်းကိုးဖြစ်သည်။

သူသည် အသက်သုံးဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း ယခုထိ လူပျိုကြီးပင်။

ရှန်းရှန်းကိုး သူ့ဆီသို့ လျှောက်လာသည်ကိုမြင်တော့ ရဲရှင်းဟွေ့သည် လူအများရှေ့တွင် ရည်းစားစာများစွာ ရရှိခဲ့သည့်အတွက် ထိုလူ၏ ထိလွယ်ရှလွယ် နှလုံးသားကို ထိခိုက်စေမိပြီဟု ထင်လိုက်သည်။

သို့သော် ရှန်းရှန်းကိုးက သူ့ရှေ့သို့ရောက်လာပြီး ပန်းရောင်စာအိတ်တစ်အိတ်ကို ချပေးလိုက်သောအခါတွင်တော့ ရဲရှင်းဟွေ့ စိတ်မသက်မသာ ဖြစ်သွားသည်။

ထိုအချိန်တွင် ရဲရှင်းဟွေ့သည် ဤရည်းစားစာများသည် သူ၏မယုံနိုင်ဖွယ် ဆွဲဆောင်မှုကြောင့်မဟုတ်ဘဲ... "လူ့လောကက ကျူးပစ်" ဆိုသော ဘွဲ့ထူးကြောင့်ဖြစ်သည်ကို နောက်ဆုံးတော့ သဘောပေါက်သွားသည်။

ရဲရှင်းဟွေ့သည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီးနောက် ရည်းစားစာ အစောင်လေးဆယ်ကျော်ကို ကောင်းကင်သို့ ပစ်တင်လိုက်ကာ ပြောလိုက်သည်။

"ငါက လူ့လောကက ကျူးပစ် မဟုတ်ဘူး၊ ငါ့ကို ရည်းစားစာတွေ ပေးနေတာ အလကားပဲ"

ထို့နောက် ရဲရှင်းဟွေ့သည် ရှန်းရှန်းကိုးကို လက်ညှိုးထိုးပြီး ထပ်ပြောလိုက်သည်။

"ခင်ဗျားကို ပြောနေတာ... မိန်းကလေးတွေက ရည်းစားစာပေးတာက ထားပါတော့ ခင်ဗျားလို အမွှေးပွကြီးက ဘာလို့ လာရှုပ်နေရတာလဲ"

"အဲဒါက... ကျွန်တော်လည်း ကျွန်တော့်ရဲ့အချစ်စစ်ကို ရှာချင်လို့ပါ မစ္စတာရဲ ကျေးဇူးပြုပြီး ကူညီပါ ခင်ဗျားသာ ကျွန်တော့်ကို ရည်းစားတစ်ယောက်ရှာပေးရင် ဒီစာသင်နှစ်တစ်လျှောက်လုံး ကျွန်တော် ဖျားမှာမဟုတ်ဘူးလို့ အာမခံတယ်"

ရဲရှင်းဟွေ့: .....

ဒီအာမခံချက်က တကယ်ကို အစွမ်းထက်လှသည် သေချာပြန်စဉ်းစားကြည့်လျှင် ယခင်ဘဝမှာရော ယခုဘဝမှာပါ ကာယဆရာတွေက အမြဲတမ်း ကျန်းမာရေးအချူချာဆုံး ဖြစ်ခဲ့သည်။

ကာယချိန် မစခင်တိုင်း အတန်းပိုင်ဆရာ (သင်္ချာ သို့မဟုတ် တရုတ်စာဆရာ) က တံခါးဖွင့်ဝင်လာပြီး "မင်းတို့ ကာယဆရာ နေမကောင်းလို့ ဒီတစ်ချိန်ကို သင်္ချာပြောင်းလိုက်မယ်" ဟု ပြောတတ်သည်။

.....

ရဲရှင်းဟွေ့သည် ရှန်းရှန်းကိုးကို ထိုးကြိတ်ချင်စိတ်အား ထိန်းချုပ်ကာ လက်သီးကိုဆုပ်လိုက်ပြီးနောက် "ငါ ကျူးပစ် မဟုတ်ဘူး ငါ့ကိုလာရှာနေလို့ အလကားပဲ" ဟု ပြောလိုက်သည်။

"မင်းက မဟုတ်ဘူးပြောတိုင်း မဟုတ်တော့ဘူးလား"

"ဟုတ်တယ် မင်းက စုံတွဲနှစ်တွဲကို ဖူးစာရေးပေးခဲ့ပြီးပြီ မဟုတ်ဘူးဆိုရင်တောင် ဟုတ်တယ်လို့ပဲ သတ်မှတ်ရမှာ"

"ဟုတ်တယ် ကျောင်းသားရဲ ကျေးဇူးပြုပြီး ကျွန်မကိုလည်း စိတ်လှုပ်ရှားစရာ အချစ်တစ်ခု ပေးပါ"

"ကျောင်းသားရဲ ကျွန်မ ရှင့်အတွက် ကလေးမွေးပေးချင်တယ်"

......

ရဲရှင်းဟွေ့သည် ဤနေရာရှိလူအများစုမှာ ကျူးပစ်ဆိုတာကို အမှန်တကယ် မယုံကြည်ကြမှန်း သိသည်။ သူတို့သည် အားနေ၍ မိုးရွာထဲ ကလေးရိုက်သည့် ပုံစံမျိုးဖြင့် အပျင်းပြေ လာနောက်နေကြခြင်းသာ ဖြစ်သည်။

"ကောင်းပြီလေ မင်းတို့က ငါ့ကို လူ့လောကက ကျူးပစ်လို့ ပြောနေမှတော့ ငါကိုယ်တိုင် တိုက်ရိုက် သက်သေပြရတာပေါ့"

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ပစ်မှတ်ကို နေရာအနှံ့ ရှာဖွေတော့သည်။ မကြာခင်မှာပင် သူတွေ့သွားသည်။

"ဒေါ်လေးရွှမ် နတ်သမီးများရဲ့အက ခင်ဗျားပဲ ခင်ဗျား ကျွန်တော်နဲ့ တွဲချင်လား"

လူတိုင်းသည် ရဲရှင်းဟွေ့ ညွှန်ပြရာဘက်သို့ ကြည့်လိုက်ကြသည်။

"ဘာကြီးလဲ ဒေါ်လေးရွှမ် ရဲရှင်းဟွေ့က ဒီလောက်တောင် အကြိုက်ကြမ်းရသလား"

"ဒေါ်လေးရွှမ်က အသက်ငါးဆယ်နီးပါး ရှိနေပြီ"

"သေစမ်း သူက သူကိုယ်တိုင် ကျူးပစ် ဟုတ်မဟုတ် စမ်းသပ်နေတာမဟုတ်ဘူး ဒါက လုံးဝလိမ်နေတာ"

လူတိုင်း၏ ပြောစကားများကို နားထောင်ရင်း ရဲရှင်းဟွေ့က နှုတ်ခမ်းတွန့်လိုက်ပြီး စိတ်ထဲမှ "ဘာ လူ့လောကက ကျူးပစ်လဲ ငါက အဲ့မိန်းကလေးနှစ်ယောက်နဲ့ ထိတွေ့ဆက်ဆံမှု သိပ်မရှိခဲ့ပါဘူး" ဟု တွေးလိုက်သည်။

......

နတ်သမီးများရဲ့အကမယ် ဒေါ်လေးရွှမ်၏ နာမည်အရင်းမှာ ချန်ဖုန်းကျစ် ဖြစ်သည်။

သူမ၌ နတ်သမီးများ၏အကမယ် နှင့် ဒေါ်လေးရွှမ် ဟူသော ဘွဲ့နှစ်ခု ရရှိထားရခြင်း အကြောင်းရင်းမှာ သူမသည် လူအများစုပေါင်းကခုန်သည့်အက၏ ခေါင်းဆောင်ဖြစ်သလို ကျောင်းထမင်းစားဆောင်တွင် ထမင်းဟင်းချက်သော အန်တီကြီးလည်း ဖြစ်သောကြောင့်ပင်။

သူမသည် လူများကို ထမင်းဟင်း ခပ်ပေးတိုင်း ဇွန်းကိုခါတတ်သည်။ တစ်ခါတစ်ရံ ကံဆိုး၍ အပြင်းအထန် ခါထုတ်ခံလိုက်ရလျှင် ဇွန်းထဲမှ အသားများပင် ပြုတ်ကျသွားတတ်သည်။

ဒေါ်လေးရွှမ် ဟူသော ဘွဲ့နာမည်သည် ထိုသို့ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ရွှမ်ဆိုသည်မှာ ဦးနှောက်သွေးကြောပိတ်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

ကျောင်းရှိလူများ၏ သုံးပုံနှစ်ပုံက ဒေါ်လေးရွှမ်ကို မုန်းလျှင် သူ့ကိုကြိုက်သော သုံးပုံတစ်ပုံလည်း ကျိန်းသေရှိသည်။

သူမသည် ထမင်းခပ်တိုင်း လက်တုန်နေခြင်းမှာ ကျောင်းသားများကို အများကြီး မပေးချင်၍မဟုတ်ဘဲ အဓိကအားဖြင့် ကျောင်းသားများ မစားနိုင်၍ အစားအစာများကို ဖြုန်းတီးပစ်သည်ကို မကြည့်ရက်သောကြောင့် ဖြစ်သည်။

ဖြုန်းတီးတာကို ထားချေ။ နောက်ဆုံးမှ ထမင်းစားဆောင်သို့ ရောက်လာသော ကျောင်းသားများသည် အစားအစာများ အလွန်အကျွံ စွန့်ပစ်ခံရသည့်အတွက် တစ်ခါတစ်ရံ စားစရာပင် မကျန်တော့ပေ။

ယခုခေတ် ကျောင်းသားများသည် အလွန်အစားရွေးကြသည်။ အစားအစာက သူတို့အကြိုက်နှင့် မကိုက်ညီလျှင် လုံးဝမစားဘဲ လွှင့်ပစ်လိုက်ကြသည်။

ထို့ကြောင့်ပင် ဒေါ်လေးရွှမ်သည် ထမင်းဟင်းခပ်သည့်အခါ ဇွန်းကို နှစ်ခါလောက် ခါထုတ်ခြင်းဖြစ်သည်။

အကယ်၍ ထမင်းစားပြီးသား ကျောင်းသားများက ထပ်စားချင်သေးလျှင် ဒေါ်လေးရွှမ်က သူတို့ကို ကတ်ထပ်ခြစ်ခိုင်းတော့မည်မဟုတ်ပေ။ သူက ဇွန်းတစ်ဝက်စာလောက် ထပ်ထည့်ပေးလိုက်သည်။

.....

အကြောင်းအမျိုးမျိုးကြောင့် ဒေါ်လေးရွှမ်သည် ကျောင်းတွင် နာမည်ကြီးတစ်ယောက် ဖြစ်နေသည်။

ရဲရှင်းဟွေ့က ဒေါ်လေးရွှမ်ကို တိုက်ရိုက်အချစ်စကားဆိုလိုက်သည်ကို မြင်တော့ လူတိုင်းက လှောင်ရယ်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ စမ်းသပ်မှုတစ်ခု လုံးဝမဟုတ်သောကြောင့်ဖြစ်သည်။

ဒေါ်လေးရွှမ်သည် အသက်ငါးဆယ်နီးပါး ရှိနေပြီပေ။ သူ့အတွက် အချစ်စစ်ကို ဘယ်မှာ သွားရှာနိုင်တော့မည်လဲ။

ရဲရှင်းဟွေ့သည် ဒေါ်လေးရွှမ်ကို ရွေးချယ်ရခြင်းမှာ အဓိကအားဖြင့် လုံခြုံမှုအတွက် ဖြစ်သည်။ တကယ်လို့များ... တကယ်လို့များ နောက်ထပ်တစ်တွဲ ထပ်ဖြစ်သွားခဲ့လျှင်... ရဲရှင်းဟွေ့သည် လူ့လောကက ကျူးပစ် ဆိုသော ဘွဲ့ထူးကို တကယ်ပင် ဖယ်ရှားနိုင်တော့မည် မဟုတ်ပေ။

.....

ထိုအချိန်တွင် ဒေါ်လေးရွှမ်သည် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

သို့သော် ဒေါ်လေးရွှမ်ဘေးတွင် ရပ်နေကာ ပြဿနာရှာချင်သည့် ကျောင်းသားတစ်ယောက်က ဒေါ်လေးရွှမ်ကို သဘောတူလိုက်ရန် တိုက်တွန်းနေသည်။

ဒေါ်လေးရွှမ်သည်လည်း ဤကလေးများက နောက်နေကြမှန်း သိပြီး သူကိုယ်တိုင်လည်း အကောင်းမြင်တတ်သူဖြစ်သည်။

"ကောင်းပြီလေ လူငယ်လေး မင်းက ဒေါ်လေးရွှမ်ကို သဘောကျမှတော့ ဒေါ်လေးရွှမ်က သဘောတူလိုက်ပါ့မယ်"

ချန်ဖုန်းကျစ်သည် "ဒေါ်လေးရွှမ်" ဟူသော နာမည်ပြောင်ကို မမုန်းပေ။ သူသည် ထမင်းလာယူသော ကျောင်းသားများနှင့် အမြဲတမ်းလိုလို နောက်ပြောင်နေကျဖြစ်သည်။

ဟုတ်ပါသည်။ ယခုပြောလိုက်သောစကားသည်လည်း နောက်လိုက်ခြင်းသာ။

"မေမေ သူ့ကို သဘောမတူရဘူး သမီးသဘောမတူဘူး"

ထိုအချိန်တွင် လူအုပ်ကြားမှ လိုက်ဖက်မှုမရှိသော အသံတစ်သံ ထွက်ပေါ်လာသည်။

×××××××××

All Chapters