ဇာတ်လမ်းဆက်နေပြီ၊
Vol. 3 Ch. 34
အသုံးမပြုတော့သည့်သီးသန့်အခန်းထဲတွင် ဟယ်ကျစ်ဖေးက ယောင်ယောင်၏ ပခုံးကိုဖက်ထားရင်း အခင်းဖြစ်ခဲ့စဉ်က ထိုနေရာတွင်မရှိခဲ့သောသူများကို သူတို့က ထိုအမြင်ကတ်စရာ ခေါင်းပြောင်ကို ဘယ်လိုသင်ခန်းစာပေးခဲ့ကြောင်း တစ်ခန်းလုံးကို ပြန်ပြောပြနေသည်။ထိုအကြောင်းကိုယောင်ယောင်နှင့်အတူ ပြောနေရင်း ဟယ်ကျစ်ဖေးက ယောင်ယောင်၏ပါးကိုပင် နမ်းလိုက်သေးသည်။
ဟယ်ကျစ်ဖေးက နမ်းလိုက်သောအခါ ယောင်ယောင်သည် မျက်နှာနီသွားရုံမှလွဲ၍ တခြားဘာမှတုံ့ပြန်မှုမရှိခဲ့ပေ။ ဤအချက်က သူတို့နှစ်ဦး တကယ်တွဲနေကြပြီဆိုသည်ကို ပြနေသည်။ဟယ်ကျစ်ဖေးနှင့် လူငယ်တစ်သိုက်က ပျော်ရွှင်စွာ စကားပြောနေကြသော်လည်း မုန့်ကျစ်ယွီကတော့ စိတ်မဝင်စားခဲ့။အဓိကအကြောင်းရင်းမှာ ယခင်က ရဲရှင်းဟွေ့ပြောခဲ့သော စကားများကြောင့် သူ၏ စိတ်ထဲတွင် မသက်မသာခံစားနေရသောကြောင့် ဖြစ်သည်။
မုန့်ကျစ်ယွီ ဟိုတွေးဒီတွေးလုပ်နေစဉ်မှာပင် "ဘန်း" ဟူသောအသံနှင့်အတူ သီးသန့်အခန်းတံခါးက တစ်စုံတစ်ယောက်၏ ကန်ဖွင့်ခြင်းကိုခံလိုက်ရသည်။ထို့နောက် အနက်ရောင်ဝတ်စုံပြည့်နှင့် လူထွားကြီးအချို့ ဝင်လာကြသည်။ဤမြင်ကွင်းကိုမြင်သောအခါ မုန့်ကျစ်ယွီသည် မျက်နှာပျက်သွားပြီး စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။
"မဟုတ်သေးပါဘူး... ဒီကောင်ပြောတာ မှန်နေတာလား"
အကယ်၍ မုန့်ကျစ်ယွီ တွေးနေသည်ကိုသာ ရဲရှင်းဟွေ့သိခဲ့လျှင် သူသည် နဂါးဘုရင်လိုမျိုး အပြုံးယဲ့ယဲ့ပြုံးပြီးနောက် သူ့ကို ပြောလိမ့်မည်။
"သာမန်လူသား၊ ငါက ဇာတ်ညွှန်းကို ဖတ်ပြီးသားကွ"
အနက်ရောင်ဝတ်စုံနှင့် လူထွားကြီးအချို့ ဝင်လာပြီးနောက် သူတို့က အခန်းထဲရှိလူတိုင်းကို အေးစက်စက်ပြောလိုက်သည်။
"ငါတို့နဲ့လိုက်ခဲ့၊ အစ်ကိုလုံက မင်းတို့ကိုတွေ့ချင်တယ်တဲ့"
လူတိုင်းက အစ်ကိုလုံဟူသော နာမည်ကိုကြားသောအခါ အရင်က မကြားဖူးသောကြောင့် အနည်းငယ်ကြောင်သွားကြသည်။မုန့်ကျစ်ယွီတစ်ယောက်သာ အစ်ကိုလုံက သူတို့ကို တွေ့ချင်သည်ဟု ကြားသောအခါ ကြောက်လန့်၍ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
အစ်ကိုလုံ၊ ဒီနာမည်ကို ကူယန်မြို့ရဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းမှာ လူတိုင်းသိကြသည်။မုန်ကျစ်ယွီက ဤအကြောင်းကို သိနေခြင်းမှာ သူ၏အဖေက အစ်ကိုလုံအကြောင်းကို သူ့အား ပြောပြဖူးသောကြောင့် ဖြစ်သည်။
ကျင်းချန်ကလပ်၏ မန်နေဂျာ ဖန်လုံသည် မန်နေဂျာတစ်ယောက်ဖြစ်သော်လည်း သူသည် အများအားဖြင့် ဘာမှလုပ်စရာမလိုဘဲ အခြေအနေများကို ထိန်းချုပ်ရန်သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။အစ်ကိုလုံ ဩဇာကြီးမားရခြင်း၏ အဓိကအကြောင်းရင်းမှာ သူ၏နောက်ခံအင်အားက အလွန်တောင့်တင်းသောကြောင့်ဖြစ်သည်။
အချို့လူများက အစ်ကိုလုံကို အမည်မသိ သူဌေးကြီးတစ်ဦးက သူ့အတွက် အလုပ်လုပ်ပေးရန်နှင့် ငွေရှာပေးရန်အတွက် ရှေ့တန်းသို့ တွန်းပို့ထားသည်ဟုပင်ပြောကြသည်။မုန်ကျစ်ယွီက အစ်ကိုလုံ၏ အသေးစိတ်အချက်အလက်များကို မသိသော်လည်း ဤအစ်ကိုလုံဆိုသူမှာ သူတင်သာမက... သူ၏အဖေရော သူ၏ဒုတိယဦးလေးပါ မပြိုင်ဆိုင်နိုင်သောသူတစ်ယောက်ဖြစ်သည်ကိုတော့ သူသိသည်။
"အစ်ကိုလုံလား ဘာလား ငါတို့မသိဘူး။ ငါတို့သိတာ အစ်ကိုမုန့်ပဲ။"
မုန့်ကျစ်ယွီ စကားမပြောမီမှာပင် ဟယ်ကျစ်ဖေးက ထရပ်လိုက်သည်။သူ့ရည်းစားအသစ်ရှေ့မှာ ကြွားချင်လို့လား၊ ဒါမှမဟုတ် သူ့နောက်မှာ မုန့်ကျစ်ယွီရဲ့ အားကိုးရှိနေလို့လားမသိ၊ ဟယ်ကျစ်ဖေးကတော့ တတ်နိုင်သလောက် မောက်မာနေသည်။ဟယ်ကျစ်ဖေး၏ သေကြောင်းကြံနေသည့်ပုံစံကိုမြင်တော့ မုန့်ကျစ်ယွီက ချက်ချင်းထရပ်ပြီး သူ့ကို ဆိုဖာပေါ်သို့ ပြန်တွန်းချလိုက်သည်။
ဟယ်ကျစ်ဖေး၏ နားမလည်သော အကြည့်ကို လျစ်လျူရှုကာ မုန့်ကျစ်ယွီက အနက်ရောင်ဝတ်စုံနှင့် လူထွားကြီးကို မချိပြုံးပြုံးပြပြီး ပြောလိုက်သည်။
"အမ်... အစ်ကိုလုံ၊ ကျွန်တော်တို့ကို ဘာပြောစရာရှိလို့လဲခင်ဗျ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင် ကျွန်တော်တို့ ချက်ချင်း ထွက်သွားပေးပါ့မယ်"
ဒီစကားကိုကြားတော့ အနက်ရောင်ဝတ်စုံနှင့် လူထွားကြီးက မုန့်ကျစ်ယွီကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"မင်းတို့က ငါတို့အစ်ကိုလုံရဲ့ အရေးကြီးဧည့်သည်ကို ထိုးကြိတ်ပြီးတော့ အကောင်းအတိုင်းပြန်ထွက်သွားချင်သေးတာလား"
မုန့်ကျစ်ယွီနှင့် တခြားသူများ ဒီစကားကိုကြားတော့ ဘာတွေဖြစ်နေလဲဆိုတာကို သိလိုက်ကြသည်။ ဒါတွေက အမြင်ကတ်စရာ ခေါင်းပြောင်ကောင် လွှတ်လိုက်တဲ့လူတွေဆိုတာ သေချာနေပြီ။အံ့အားသင့်သွားပြီးနောက် မုန့်ကျစ်ယွီက ရဲရှင်းဟွေ့ကို လှမ်းကြည့်လိုက်သည်၊ အကြောင်းမှာ ရဲရှင်းဟွေ့က အရာအားလုံးကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။နောက်ဆုံးတော့ မုန့်ကျစ်ယွီက ခုခံခြင်းမပြုခဲ့ပေ။ အကြောင်းမှာ သူ ခုခံခဲ့လျှင် သူနှင့်သူ့သူငယ်ချင်းများ ဒုက္ခရောက်ကုန်မည်ကို သူသိသောကြောင့်ဖြစ်သည်။ထိုသို့ဖြင့် အနက်ရောင်ဝတ်စုံနှင့် လူသန်မာများ၏ ဦးဆောင်မှုဖြင့် လူတိုင်းသည် အခြားသော အထူး VIP အခန်းတစ်ခုဆီသို့ လျှောက်သွားကြသည်။
ညီအစ်ကိုနှစ်ဦးဖြစ်သော ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့သည် နောက်ဆုံးမှ လိုက်ပါသွားကြသည်။ဝက်ဝံကန်းကတော့ အနက်ရောင်ဝတ်စုံနှင့် သက်တော်စောင့်အဖွဲ့ထဲသို့ ဘယ်အချိန်ကတည်းက ရောနှောဝင်သွားမှန်း မသိတော့။ဒီမြင်ကွင်းကိုမြင်တော့ ရဲရှင်းဟွေ့မှာ ပြောစရာစကားမရှိတော့ပေ။
"ဘာတွေဖြစ်ကုန်တာလဲ... ဝက်ဝံကန်းက မျက်စိကန်းနေတာလား၊ ဒါမှမဟုတ် ဟိုကောင်တွေက မျက်စိကန်းနေတာလား။ လူတစ်ယောက်ပိုလာတာကိုတောင် မသိကြဘူးလား။ ပြီးတော့... ဝက်ဝံကန်း၊ သေနာကောင် မင်းကိုဖမ်းမိမယ်ကွ"
အခြားသီးသန့်အခန်းတစ်ခု၏ အပြင်အဆင်မှာ SPA ဖြစ်ပြီး နှိပ်နယ်ခြင်းနှင့် ရေချိုးခြင်းအတွက် ဖြစ်သည်။ရေချိုးရန်နှင့် သန့်စင်ရန် လိုအပ်သောကြောင့် ဤသီးသန့်ခန်းသည် မုန့်ကျစ်ယွီတို့ ယခင်ကနေခဲ့သော အခန်းထက် များစွာပိုကြီးသည်။ကျောပေါ်၌ နဂါးလိမ်တက်တူးထိုးထားသော အမျိုးသားတစ်ဦးက အခန်းထဲရှိအနှိပ်ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်ကောင်းမွန်သော SPA အနှိပ်သည်အမျိုးသမီးတစ်ဦးက ထိုအမျိုးသား၏ကျောကို နှိပ်နယ်ပေးနေသည်။အရင်က ဟယ်ကျစ်ဖေးတို့၏ ထိုးကြိတ်ခြင်းကို ခံခဲ့ရသော ခေါင်းပြောင်မှာမူ မကျေမနပ်ဖြစ်သော မျက်နှာထားဖြင့် တစ်ဖက်တွင် ထိုင်နေသည်။သီးသန့်အခန်းတံခါးပွင့်လာသောအခါ အနှိပ်ကုတင်ပေါ်တွင် လှဲလျောင်းနေသော အမျိုးသားက လှမ်း၍လက်ပြလိုက်သည်။ထိုမြင်ကွင်းကိုမြင်သောအခါ ထိုအမျိုးသား၏ကျောကို နှိပ်နယ်ပေးနေသော SPA အနှိပ်သည်က ဖယ်ပေးလိုက်သည်။
ကျောပေါ်တွင် နဂါးလိမ်တက်တူးထိုးထားသော အမျိုးသားမှာ ကျင်းချန်ကလပ်၏ မန်နေဂျာ ဖန်လုံဖြစ်ပြီး အစ်ကိုလုံဟုလည်း လူသိများသည်။ဖန်လုံက ထထိုင်လိုက်ပြီး သူ၏ပခုံးနှင့်လည်ပင်းကို အနည်းငယ်လှုပ်ရှားလိုက်ကာ နောက်ဆုံးတွင် သူ၏ရေချိုးဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ ထိုအချိန်မှာပင် သူ၏လူများက မုန့်ကျစ်ယွီနှင့် အခြားသူများကို ခေါ်ဆောင်လာကြသည်။
"သူဌေးချန်၊ ခင်ဗျားကို ထိုးကြိတ်သွားတာ သူတို့ပဲလား"
ဖန်လုံက ဝင်လာသော မုန့်ကျစ်ယွီတို့အဖွဲ့ကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။
"ဟုတ်တယ်"
ခေါင်းပြောင်ဖြစ်သူ သူဌေးချန်က ပြင်းထန်စွာ ခေါင်းညိတ်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ရက်စက်သောအပြုံးတစ်ခုနှင့်အတူ ဟယ်ကျစ်ဖေးဆီသို့ လျှောက်သွားပြီး သူ့ကို ဒူးထောက်ကျသွားအောင် ကန်ချလိုက်သည်။
"ဖွီး"
သူဌေးချန်က ဟယ်ကျစ်ဖေး၏ခေါင်းပေါ်သို့ တံတွေးထွေးချလိုက်ပြီး ကြမ်းတမ်းစွာပြောလိုက်သည်။
"မင်း သိပ်မိုက်နေတယ်မဟုတ်လား။ ဆက်ပြီးမိုက်ပြစမ်း"
နောက်ဆုံးတွင် ရပ်ကြည့်နေသော ရဲရှင်းဟွေ့က စိတ်ထဲတွင် ကြိတ်တွေးလိုက်သည်။
"သေချာပါတယ်... ဒါကပုံမှန် မြို့ပြဆိုင်ရာ ကျင့်ကြံသူဧကရာဇ် ဇာတ်လမ်းပုံစံပဲ။ နောက်ဆိုရင် မုန့်ကျစ်ယွီက သူ့နောက်ခံကို ထုတ်သုံးပြလိမ့်မယ်၊ ဒါပေမဲ့ အဲ့ဒါက အသုံးမဝင်ဖြစ်သွားမယ်။ နောက်ဆုံးမှာတော့ ငါက ငါ့ညီတော်မောင်ကို ပွဲထွက်ပြီး ကြွားလုံးထုတ်ရမယ့်အလှည့်ပဲ"
ရဲရှင်းဟွေ့ တွေးထင်ထားသည့်အတိုင်းပင်။ဟယ်ကျစ်ဖေး အထိုးခံရသည်ကိုမြင်သောအခါ မုန့်ကျစ်ယွီက ချက်ချင်း ဖန်လုံဆီသို့ သွားပြီး ဦးညွှတ်လိုက်သည်။
"အစ်ကိုလုံ၊ ကျွန်တော့်အဖေက မုန့်ဖေးပါ၊ ကြည့်ပါဦး..."
သို့သော် မုန့်ကျစ်ယွီ စကားမဆုံးမီမှာပင် ဖန်လုံက ဖြတ်ပြောလိုက်သည်။
"မုန့်ဖေးက မင်းအဖေလား"
အစ်ကိုလုံက သူ၏အဖေကို အမှန်တကယ်သိနေသည်ကိုမြင်တော့ မုန့်ကျစ်ယွီ ဝမ်းသာသွားသည်။ သူက အဆက်မပြတ်ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော့်အဖေက ကူယန်မြို့ရဲ့ အချမ်းသာဆုံးလူ မုန့်ဖေးပါ။ ကျေးဇူးပြုပြီး ကျွန်တော့်အဖေကို မျက်နှာသာပေးတဲ့အနေနဲ့ ကျွန်တော်တို့ကို လွှတ်ပေးပါလား။ ခင်ဗျားရဲ့မိတ်ဆွေက လျော်ကြေးဘယ်လောက်လိုချင်လဲ။ ပမာဏကိုသာပြောပါ၊ ကျွန်တော်ပေးပါ့မယ်။"
မုန့်ကျစ်ယွီစကားဆုံးသည်နှင့် ဖန်လုံက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ရယ်ပြီးနောက် သူ၏မျက်လုံးများက ရုတ်တရက် အေးစက်သွားပြီး သူဌေးတစ်ယောက်၏ ဩဇာအရှိန်အဝါဖြင့် မုန့်ကျစ်ယွီကို တစ်ကိုယ်လုံးတုန်သွားအောင် ဖိနှိပ်လိုက်သည်။
"မင်းအဖေကို မျက်နှာသာပေးရမယ် ဟုတ်လား။ ငါကသာ မျက်နှာသာပေးလိုက်ရင် သူကရော ယူရဲရဲ့လားလို့ သူ့ကို သွားမေးကြည့်လိုက်စမ်း။ကူယန်မြို့ရဲ့ အချမ်းသာဆုံးလူ ဟုတ်လား။ ငါက သူဟာ အချမ်းသာဆုံးလူလို့ပြောရင် သူက အချမ်းသာဆုံးလူပဲ။ ဒီနေ့ကစပြီး သူက အချမ်းသာဆုံးလူမဟုတ်ဘူးလို့ ငါပြောလိုက်ရင် သူက ဘာမှမဟုတ်တော့ဘူး"
ဖန်လုံ၏ စကားများကြောင့် မုန့်ကျစ်ယွီ၏ မျက်နှာ ဖြူဖျော့သွားသည်။ ဒီနေ့ကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းလို့မရသည်ကိုသူသိလိုက်၏။သူက ခေါင်းလှည့်ပြီး မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်ကဲ့သို့ လဲလျောင်းနေသော ဟယ်ကျစ်ဖေးနှင့် ယခင်က သူဌေးချန်ကို ထိုးကြိတ်ခဲ့ပြီး ယခုအခါ နာကျင်စွာ အော်ဟစ်နေသော လူငယ်တစ်သိုက်ကို ကြည့်လိုက်သည်။မုန့်ကျစ်ယွီက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ဖန်လုံကို ပြောလိုက်သည်။
"အစ်ကိုလုံ၊ ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ ခင်ဗျားမိတ်ဆွေကို ထိုးကြိတ်သွားတာ ကျွန်တော့်အတန်းဖော်တွေပါ။ ကျွန်တော့်ကို သွားခွင့်ပြုပေးလို့ရမလားခင်ဗျာ"
မုန့်ကျစ်ယွီ၏ စကားကိုကြားသောအခါ အခင်းဖြစ်ပွားရာရှိ သူ၏ အတန်းဖော်များနှင့် သူငယ်ချင်းများအားလုံးက မယုံနိုင်စွာ ကြည့်လိုက်ကြသည်။
"မုန့်ကျစ်ယွီ မင်းက အခု ငါတို့ကို ရောင်းစားလိုက်တာလား"
"မင်းကတိပေးခဲ့တဲ့ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်က ဘယ်မှာလဲ"
"မင်းကတိပေးခဲ့တဲ့အတိုင်း အရမ်းမိုက်တဲ့နောက်ခံဖြစ်ပေးမယ်ဆိုတာကရော "
"ကူယန်မြို့ရဲ့ အချမ်းသာဆုံးလူက ဩဇာကြီးတယ်ဆိုတဲ့ ကတိကရော ဘယ်မှာလဲ"
"ကျင်းချန်ကလပ်မှာ အဆင်ပြေစေရမယ်ဆိုတဲ့ ကတိကရော ဘယ်မှာလဲ"
××××××