← Chapters

ပြဿနာရှာခြင်းနှင့် ကျွန်တော့်အစ်ကိုအား အစွမ်းပြခွင့်မပေးခြင်း

Vol. 3 Ch. 35

ပြဿနာရှာခြင်းနှင့် ကျွန်တော့်အစ်ကိုအား အစွမ်းပြခွင့်မပေးခြင်း

Vol. 3 Ch. 35

SPA ၏ အထူးသီးသန့်အခန်းထဲတွင်

ဖန်လုံက ခွေးတစ်ကောင်ကဲ့သို့ သတ္တိမရှိသော မုန်ကျစ်ယွီအား ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

"ရတယ်လေ မင်းအဖေကိုတော့ ငါမျက်နှာသာမပေးနိုင်ပေမဲ့ မင်းကိုတော့ မျက်နှာသာပေးလိုက်မယ်။"

"ဘာပဲဖြစ်ဖြစ် ငါက ဖန်လုံမှာရှိတဲ့ လူတွေကို သီလတရားနဲ့ပဲ အနိုင်ယူတတ်တဲ့သူလေ။"

ထိုစကားကိုကြားသောအခါ မုန်ကျစ်ယွီ၏ မျက်နှာသည် ဝမ်းသာမှုများဖြင့် ပြည့်သွားသည်။ သို့သော် သူကျေးဇူးတင်စကားပင် မပြောရသေးခင်ပင် ဖန်ကွဲသံကို ကြားလိုက်ရသည်။

မုန်ကျစ်ယွီနောက်ရှိ လူငယ်လေးများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ဖန်လုံမှ "သီလတရားနဲ့ အနိုင်ယူတယ်" ဟု ပြောပြီးသည်နှင့်တစ်ပြိုက်နက် သူ၏ တပည့်တစ်ယောက်က မုန်ကျစ်ယွီ၏ ခေါင်းကို ဝိုင်ပုလင်းဖြင့် ရိုက်ခွဲလိုက်ခြင်းဖြစ်သည်။

ဝိုင်အရက်နှင့် သွေးများရောပြီး မုန်ကျစ်ယွီ၏ ခေါင်းပေါ်မှ သွေးများ စီးကျလာသည်။

"လုံ... လုံအစ်ကို၊ ခင်ဗျားက သီလတရားနဲ့ အနိုင်ယူတယ်လို့ ပြောခဲ့တယ်မဟုတ်လား"

ထိုစကားကိုကြားသော် ဖန်လုံက "ဟုတ်တယ်လေ၊ သီလတရားနဲ့ အနိုင်ယူတာပဲ" ဟု ပြန်ပြောလိုက်သည်။

ထို့နောက် ဖန်လုံက မုန်ကျစ်ယွီကို ရိုက်လိုက်သော သူ၏တပည့်ကို မေးလိုက်သည်။ "ဝိုင်ပုလင်းပေါ်မှာ 'သီလ' ဆိုတဲ့စာလုံး ရေးထားရဲ့လား"

ဖန်လုံ၏ မေးခွန်းကို ကြားသောအခါ ထိုတပည့်က အရိုအသေပေးကာ ပြုံးလျက်ပြန်ဖြေသည်။ "စိတ်မပူပါနဲ့ သူဌေး၊ ကျွန်တော် ဝိုင်ပုလင်းပေါ်မှာ 'သီလ' ဆိုတဲ့ စာလုံးတော်တော်များများ ရေးထားပါတယ်"

ထိုလူ၏စကားကိုကြားသောအခါ မုန်ကျစ်ယွီမှာ သွေးများ အန်ထွက်လုနီးပါးပင် ဖြစ်သွားသည်။

အနောက်တွင်ရပ်နေသော ရဲရှင်းဟွေ့မှာ ဖန်လုံနှင့် သူ၏တပည့်တို့ စကားပြောနေကြသည်ကို ကြားပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

"ဟားဟားဟား၊ ဒီလုံအစ်ကိုက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ တကယ့်ကို ဖားပြုတ်က ဖားစုတ်ကို နမ်းနေတာနဲ့တူတာပဲ"

......

မုန်ကျစ်ယွီသည် ခေါင်းကို ဝိုင်ပုလင်းဖြင့် အရိုက်ခံလိုက်ရသော်လည်း ဒေါသထွက်နေသည့်တိုင် အောင့်သက်သက်နှင့်သာ မျိုသိပ်ထားလိုက်ရသည်။

ယခုအခါ မုန်ကျစ်ယွီသည် ရဲရှင်းဟွေ့ ယခင်ကပြောခဲ့သော စကားကို ပြန်သတိရမိသည်။

"မင်းတော့ ခွေးဖြစ်ချင်ယောင်ဆောင်ရင်း ခွေးအစစ်ဖြစ်သွားလိမ့်မယ်"

ယခုတော့၌ မုန်ကျစ်ယွီသည် လုံအစ်ကို၏ ရှေ့တွင် ခွေးတစ်ကောင်လိုသာ နေနိုင်တော့သည်ဟု ခံစားလိုက်ရသည်။

"တော်ပြီ။ မင်းတို့ကို ဧည့်ခံပြီးပြီ၊ ထွက်သွားတော့။"

ဖန်လုံသည် လက်ကိုဝှေ့ယမ်းကာ ခေါင်းတွင် သွေးများစီးကျနေသော မုန်ကျစ်ယွီကို ပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် မုန်ကျစ်ယွီက ခေါင်းငြိမ့်၍ လှည့်ထွက်ကာ ဝမ်ကျားယန်ကိုဆွဲ၍ အခန်းထဲမှ ထွက်ရန်ပြင်လိုက်သည်။ သူသည် ဤနေရာတွင် တစ်စက္ကန့်လေးမျှပင် မနေချင်တော့ပေ။

"ဟမ် ခဏနေဦး၊ ငါက မင်းကိုပဲထွက်သွားခိုင်းတာ ဘယ်သူက တခြားသူတွေကိုပါ ခေါ်သွားခိုင်းလို့လဲ"

မုန်ကျစ်ယွီက လူပါခေါ်သွားချင်နေသည်ကို မြင်သောအခါ ဖန်လုံက အေးစက်သောလေသံဖြင့် မေးလိုက်သည်။

"အမ်... လုံအစ်ကို၊ ဒါက ကျွန်တော့်ကောင်မလေးပါ၊ ကျွန်တော်..."

သို့သော် မုန်ကျစ်ယွီ၏ စကားမဆုံးခင်ပင် ဖန်လုံ၏ တပည့်တစ်ယောက်က သူ့အား တည့်တည့်ကန်ချလိုက်သည်။

"အသုံးမကျတဲ့ကောင်၊ လုံအစ်ကိုက မင်းကိုသွားခွင့်ပေးတာပဲ ကျေနပ်နေလိုက် ဘာလို့ အပိုတွေ လာပြောနေသေးလဲ"

အကန်ခံလိုက်ရသဖြင့် မုန်ကျစ်ယွီတစ်ယောက် ယိုင်သွားသော်လည်း မည်သည့် စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။ သူသည် ဝမ်ကျားယန်ကို တောင်းပန်သော အကြည့်ဖြင့်သာ စိုက်ကြည့်လိုက်ပြီးနောက် နောက်သို့လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ဝမ်ကျားယန်၏ မျက်လုံးများမှာ ကြောင်အသွားသည်။

"လင်မယားဆိုတာ တောတူငှက်တွေလိုပဲ၊ ဘေးဒုက္ခရောက်လာရင် ကိုယ့်လမ်းကိုယ်ခွဲသွားကြတာပဲ"

ထိုအချိန်တွင် ရဲရှင်းဟွေ့၏ အလိုက်မသိသော အသံက ဝမ်ကျားယန်၏ နားထဲသို့ ဝင်ရောက်လာသည်။

ဝမ်ကျားယန်သည် ရဲရှင်းဟွေ့၏ ယုတ်မာသော အသံကိုကြားလိုက်ရ၍ ချက်ချင်း ဒေါသထွက်သွားသော်လည်း သူမဒေါသမထွက်နိုင်ခင်မှာပင် ရဲရှင်းဟွေ့က ဆက်ပြောလိုက်သည်။

"အိုး မဟုတ်သေးဘူး၊ မင်းတို့က လင်မယားမှမဟုတ်သေးတာ ဒါပေမဲ့ လင်မယားမဖြစ်သေးခင်မှာတောင် ကိုယ့်လမ်းကိုယ်ခွဲသွားကြမှတော့ တကယ်သာလင်မယားဖြစ်သွားရင် တစ်ယောက်ကိုတစ်ယောက် သတ်ကြတော့မှာပဲ"

ရဲရှင်းဟွေ့၏ သရော်လှောင်ပြောင်သော စကားကိုကြားရသောအခါ ဝမ်ကျားယန်သည် ဒေါသတကြီးဖြင့် အံကြိတ်ကာ ဘာမှပြန်မပြောနိုင်တော့ပေ။

ဝမ်ကျားယန်တွင် မုန်ကျစ်ယွီတစ်ယောက် အပြင်ရောက်လျှင် ရဲအား ဖုန်းဆက်လိမ့်မည်ဟု မျှော်လင့်ချက် အနည်းငယ်တော့ ရှိနေသေးသည်။

မုန်ကျစ်ယွီထွက်သွားပြီးနောက် ထိုနေရာတွင်ရှိသော လူငယ်များအားလုံး ထိတ်လန့်နေကြသည်။ အထူးသဖြင့် ဘဲတီးချန်နှင့် ရန်ဖြစ်ခဲ့ကြသော သွေးသည် လူငယ်များကို ပို၍ တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

အကယ်၍ သူဌေးချန်က သူတို့အား ဒူးထောက်လိုက်ပြီး ဤကိစ္စကို နားလည်ပေးမည်ဟု ပြောပါက သူတို့သည်လည်း တွန့်ဆုတ်ခြင်းမရှိ၊ ချက်ချင်းဒူးထောက်လိုက်ကြမည်မှာ သေချာသည်။

.....

"သူဌေးချန်၊ ပြောပါ။ ခင်ဗျားကျေနပ်အောင် ကျွန်တော် ဘာလုပ်ပေးရမလဲ"

လူငယ်လေးများ မျှော်လင့်ချက်မဲ့နေသည့် အချိန်တွင် လုံအစ်ကိုက သူဌေးချန်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဖန်လုံ၏ မေးခွန်းကိုကြားသောအခါ သူဌေးချန်က ခေတ္တစဉ်းစားကာ ပြုံးလျက်ပြန်ပြောသည်။

"မိန်းကလေးတွေကို ထားခဲ့၊ ယောကျ်ားလေးတွေက ခြေ‌ထောက်တစ်ဖက်စီပေးခဲ့ ဘာလဲ သိပ်များသွားလို့လား"

ထိုစကားကိုကြားသော်လည်း ဖန်လုံကမူ ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ဘေးနှစ်ဖက်တွင်ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် ညီအစ်ကိုများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "သူဌေးချန်ပြောတာ မကြားဘူးလား ဘာလို့ ခုထိမလှုပ်ရှားသေးတာလဲ"

ထိုစကားကိုကြားသည်နှင့် အနက်ရောင်ဝတ်စုံနှင့်လူတစ်စုသည် ချက်ချင်းဆိုသလို အုပ်စုနှစ်စုခွဲလိုက်သည်။

တစ်စုက မိန်းကလေးများကိုဖမ်းဆွဲ၍ ဘေးသို့ခေါ်သွားပြီး ကျန်တစ်စုသည်တော့ လက်ထဲတွင် သံပိုက်လုံးများ၊ ဝိုင်ပုလင်းများ ကိုင်ဆောင်ကာ ယောကျ်ားလေးများဆီသို့ လျှောက်သွားကြသည်။

......

အနက်ရောင်ဝတ်စုံနှင့် တပည့်တစ်ယောက်က ဝမ်ကျားယန်၏ လက်ကောက်ဝတ်ကို ဆွဲလိုက်စဉ်မှာပင် နောက်တွင်ရပ်နေသော ရဲရှင်းချန်က စကားပြောလိုက်သည်။

"တခြားသူတွေကို ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ သူမကိုတော့ မင်းတို့ထိလို့မရဘူး"

ရဲရှင်းချန်၏ လေသံသည် အလွန်အေးစက်နေပြီး သူ၏ မျက်စိရှေ့က မြင်ကွင်းအား လုံးလုံး အလေးမထားသည့်ဟန် ပေါက်နေသည်။

ရဲရှင်းဟွေ့သည် သူ၏ အစ်ကိုကြီး ထွက်လာသည်ကိုမြင်သောအခါ သူ့ဘက်မှ လက်စွမ်းပြရမည့်အချိန် ရောက်ပြီဟု သိလိုက်သည်။

သို့သော် သူသည် သူ၏ အစ်ကိုအား ဘယ်မည်သို့ အစွမ်းပြခွင့်ပေးနိုင်မည်နည်း။

ဝမ်ကျားယန်ကို ဖမ်းရန် ကြိုးစားနေသော အနက်ရောင်ဝတ်ရုံဖြင့်လူဖက်မှ မတုံ့ပြန်နိုင်ခင်ပင် ရဲရှင်းဟွေ့က အနီးရှိ ဝိုင်စင်ပေါ်မှ ဝိုင်ပုလင်းတစ်လုံးကို ဆွဲယူကာ ထိုလူကို လွှဲရိုက်လိုက်သည်။

အမှတ်မထင်ဖြစ်သွားသောကြောင့် အနက်ရောင်ဝတ်လူငယ်သည် ရဲရှင်းဟွေ့၏ ရိုက်ချက်ကြောင့် ခေါင်းသို့ တိုက်ရိုက် ထိခိုက်သွားသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ဖန်လုံဘက်မှလူများရော၊ ကြောက်လန့်နေသော ယုန်သူငယ်လေးများလိုဖြစ်နေသည့် လူငယ်များပါ မှင်သက်သွားကြသည်။

အထူးသဖြင့် ဝမ်ကျားယန်သည် လူယုတ်မာ ရဲရှင်းဟွေ့က သူမအတွက်၊ ဤလူမိုက်များနှင့် အတည် ရန်ဖြစ်လိမ့်မည်ဟု မည်သည့်အခါကမှ မျှော်လင့်ထားခြင်းမရှိခဲ့ပေ။

လှုပ်ရှားရန်ပြင်နေသော ရဲရှင်းချန်သည် သူ၏ ညီငယ် လှုပ်ရှားလိုက်သည်ကို မြင်သောအခါ သူ၏ခြေလှမ်းများကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်နေသမျှကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။

"ကောင်လေး၊ မင်းက ငါ့လူကို ရိုက်ရဲတယ်ပေါ့၊ တော်တော်သတ္တိရှိတာပဲ"

ရဲရှင်းဟွေ့က သူ့လုအား တိုက်ခိုက်ရလောက်သည်အထိ ရဲတင်းသည်ကို မြင်သောအခါ ဖန်လုံ၏နဖူးပေါ်မှ သွေးကြောများက ရုတ်ချည်းအားဖြင့် ထောင်မတ်လာသည်။

"မင်းလား လုံအစ်ကိုဆိုတာ မင်းလူကို ငါရိုက်တာ ဘာဖြစ်လဲ သတ္တိရှိရင် ပြန်လုပ်လေ"

ရဲရှင်းဟွေ့သည် ချက်ချင်းပင် လှောင်ပြောင်သည့်ကို ဖွင့်လိုက်သည်။

သူ၏ အစ်ကိုထက် ဦးအောင် ဤအတွေ့အကြုံနုနယ်သောကောင်များကို တိုက်ခိုက်ပြီး လှောင်ပြောင်ရသည့် အကြောင်းရင်းမှာ သူ့တွင် ထိုသို့လုပ်ပိုင်ခွင့်ရှိသောကြောင့် ဖြစ်သည်။

မုန်ကျစ်ယွီပင်လျှင် ဝက်ဝံကန်းကို ကြောက်၍ သူ့အား မထိရဲခဲ့ပေ။ ဤသို့လူ့အဖွဲ့အစည်းထဲမှ နာမည်ကြီးတစ်ယောက်က သူ့အား မထိရဲဘူးဆိုသည်ကိုတော့ မယုံကြည်ပေ၊ ဝက်ဝံကန်းက ငါ့ဘက်မှာရှိနေတာပဲ။

"ဟဲဟဲဟဲ..."

ဖန်လုံက မဲ့ပြုံးပြုံးလိုက်ပြီး လှုပ်ရှားရန်အသင့်ဖြစ်နေသော သူ၏တပည့်များကို မေးငေါ့ပြလိုက်သည်။

ထိုအဖြစ်ကိုမြင်သောအခါ အနက်ရောင်ဝတ်ညီအစ်ကိုများသည် သူတို့၏ အိတ်ကပ်များထဲမှ ဓားများနှင့် တုတ်များကိုထုတ်ကာ ရဲရှင်းဟွေ့ထံသို့ ပြေးဝင်သွားကြသည်။

နောက်တွင်ရပ်နေသော ရဲရှင်းချန်သည် ထိုလူများမှ ယင်းတို့၏ လက်နက်များထုတ်လာသည်ကို မြင်သောအခါ သူ၏ မည်သည့်ခံစားချက်မှမရှိသော မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော ဆန္ဒအငွေ့အသက်များ ပေါ်ထွက်လာခဲ့သည်။

တစ်စုံတစ်ယောက်က သူ့အား လက်နက်ဖြင့် ချိန်ရွယ်ပါက သူသည် သတ်ဖြတ်လိုစိတ်ရှိမည်မဟုတ်ဘဲ ဂရုမစိုက်ဟုပင် ပြောကောင်းပြောလိမ့်မည်။ သို့သော် ထိုလူများက သူ၏ ညီကို ပစ်မှတ်ထားနေခြင်းဖြစ်ရာ အခြေအနေက ကွဲပြားသွားသည်။

ရဲရှင်းချန်သည် သူ၏ လက်တစ်ဖက်ကို နောက်ပစ်ထားလိုက်ပြီး ထိုလက်ထဲ၌ ကြယ်ရောင်အလင်းတန်းများက တစ်စုတစည်းတည်း စုရုံးလာသည်။ အကယ်၍ ရဲရှင်းဟွေ့ အန္တရာယ်ကျရောက်ပါက သူချက်ချင်းပင် လှုပ်ရှားတိုက်ခိုက်မည်ဖြစ်သည်။

ရဲရှင်းချန် အချိန်မရွေးလှုပ်ရှားရန် ပြင်ဆင်နေစဉ်ပင် ရဲရှင်းဟွေ့၏ ကိုယ်ထဲမှ တီဗီလေးက ထွက်ပေါ်လာပြန်သည်။

"လိုင်း... လာနေပြီ။"

ရဲရှင်းဟွေ့ကား အလွန်အမင်း ဝမ်းသာသွားသည်။

ထိုအချိန်၌ပင် အနက်ရောင်ဝတ် လူတစ်စုသည်လည်း ရဲရှင်းဟွေ့ထံသို့ ပြေးဝင်လာကြသည်။

"လာကြစမ်းပါ၊ ငါ့ရဲ့ အထူးစွမ်းအင်ကို ရန်ဖြစ်တဲ့နေရာမှာ တစ်ခါမှမသုံးဖူးသေးဘူး"

ရဲရှင်းဟွေ့သည် ထိုသို့ပြောပြီးနောက် တီဗီလေးကို ဘေးတွင်ချထားလိုက်သည်။

×××××××

All Chapters