ဇာတ်လမ်းဆက် ဖန်လုံကို ဒူးထောက်စေခြင်း
Vol. 3 Ch. 37
ဖုန်းကိုကိုင်လိုက်သောအခါ ဖုန်းထဲမှ ချိုသာသောအမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
"မစ္စတာရဲ၊ ကျွန်မရှင့်ကို လာကြိုတာပါ။ အခု ဘယ်မှာလဲရှင့်။"
"ခင်ဗျားကိုး။ ကျွန်တော် အခု ကျင်းချန်ကလပ်မှာ ကိစ္စတချို့ ဖြေရှင်းနေလို့။ ကျင်းချန်ကလပ် အောက်ထပ်မှာပဲ ကျွန်တော့်ကို စောင့်နေပေးပါ။"
"ဘာတွေဖြေရှင်းနေတာလဲရှင့်။ ပြဿနာတစ်ခုခုရှိရင် ကျင်းချန်ကလပ်က ဖန်လုံကို ပြောလို့ရတယ်နော်။"
ထိုစကားကိုကြားသော ရဲရှင်းချန်က သူ့ရှေ့မှ ဖန်လုံကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ဖုန်းထဲသို့ ပြန်ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ဒုက္ခက ဖန်လုံဆီက လာတာပဲ"
ရဲရှင်းချန်၏စကားကို ကြားပြီးနောက် ဖုန်းတစ်ဖက်မှလူက ခဏတာမျှ တိတ်ဆိတ်သွား၏။
စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ဖုန်းထဲမှအသံက ထပ်ထွက်လာသည်။
"ဖန်လုံကို ဖုန်းပေးလိုက်ပါ၊ ကျွန်မ သူနဲ့ စကားပြောမယ်။"
ရဲရှင်းချန်က ဖုန်းကို ဖန်လုံထံ ကမ်းပေးလိုက်ပြီး
"တစ်ယောက်ယောက်က မင်းကိုရှာနေတယ်"
ဖန်လုံက ဖုန်းကို သံသယကြီးစွာဖြင့် လှမ်းယူလိုက်သည်။ ဖုန်းကို နားနှင့်ကပ်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် သူ၏သဘောထားက ရုတ်တရက် အလွန်အမင်းရိုကျိုးသွား၏။ သူသည် လူတွေရဲ့လက်ကို အချိန်မရွေးရိုက်ချိုးပစ်တတ်သော သို့မဟုတ် သီလနဲ့သိမ်းသွင်းတတ်တဲ့လုံကိုနှင့် လုံးဝမတူတော့ပေ။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျွန်တော် မစ္စတာရဲကို စိတ်ရင်းမှန်နဲ့ တောင်းပန်ပြီး သူ့ရဲ့ခွင့်လွှတ်မှုကို ရအောင်ကြိုးစားပါ့မယ်။ သူ့ခွင့်လွှတ်မှုကို မရခဲ့ရင် ကျွန်တော် ကိုယ့်ကိုယ်ကို သတ်သေပြီး အပြစ်ကျေအောင် ဆပ်ဖို့ဆန္ဒရှိပါတယ်။"
ထိုနောက်ဆုံးစကားကို ပြောပြီးနောက် ဖန်လုံက ဖုန်းကို ရဲရှင်းချန်ထံ ရိုသေစွာ ပြန်ပေးလိုက်သည်။
နောက်မှာရပ်နေသော ရဲရှင်းဟွေ့နှင့် ဝက်ဝံကန်းတို့သည် ဖန်လုံနှင့် ရဲရှင်းချန်တို့ ဘာပြောနေကြသည်ကို တိတိကျကျမကြားရသော်လည်း ဖန်လုံ၏ သဘောထားပြောင်းလဲသွားပုံကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
အထူးသဖြင့် ရဲရှင်းဟွေ့သည် ရဲရှင်းချန်၏ဖုန်းကို ကိုင်ပြီးနောက် ဖန်လုံ၏သဘောထား ၁၈၀ ဒီဂရီပြောင်းသွားသည်ကို မြင်သောအခါ သူ၏အစ်ကိုသည် သူ့ကိုမပြောဘဲ အဘိုးကြီးနှင့် တွေ့ခဲ့ပြီးပြီဟု သေချာသွား၏။
"ဘယ်လိုကြီးလဲ။ ငါ့အစ်ကိုကို မတွေ့တာ နှစ်ရက်ပဲရှိသေးတယ်၊ သူက အဘိုးကြီးနဲ့ တွေ့ပြီးသွားပြီလား။"
"ဘယ်အဘိုးကြီးလဲ။"
အနားမှာရပ်နေသော ဝက်ဝံကန်းက ရဲရှင်းဟွေ့၏ တိုးတိုးရေရွတ်သံကိုကြားပြီး နားမလည်စွာ မေးလိုက်သည်။
"ဘာမှမဟုတ်ဘူး။"
ရဲရှင်းဟွေ့က ဖြစ်ကတတ်ဆန်းဖြေလိုက်ပြီး သူ၏အာရုံကို ရဲရှင်းချန်ထံ ပြန်လွှဲထားလိုက်၏။
...
ရဲရှင်းချန် ဖုန်းကိုယူလိုက်သည်ကို မြင်သောအခါ ဖန်လုံက သူ့ရှေ့မှာ ဒူးထောက်လိုက်သည်။
ဖန်လုံဘေးက သူဌေးချန်က ဘာတွေဖြစ်နေမှန်း တိတိကျကျမသိသော်လည်း လုံကို ဒူးထောက်လိုက်သည်ကို မြင်သောအခါ သူလည်း လိုက်ဒူးထောက်လိုက်၏။ လုံကိုအား မျက်နှာသာမပေးနိုင်တောင်မှ စနိုက်ပါကိုတော့ မျက်နှာသာပေးရမည်။
"မစ္စတာရဲ၊ ကျွန်တော် လူမှန်ကိုမသိခဲ့လို့ တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။"
"မင်း ငါ့ကို ထိခိုက်တာကိုတော့ ငါခွင့်လွှတ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ။ ပုရွက်ဆိတ်တစ်ကောင် ငါ့ရှေ့မှာ မောက်မာနေရင် သူ့အသက်ရှင်ခြင်း၊ သေခြင်းက ငါ ခြေထောက်ကြွချင်မကြွချင်ပေါ်မှာပဲ မူတည်တယ်။"
ထိုသို့ပြောပြီး ရဲရှင်းချန်က သူ၏ခြေဖျားဖြင့် ဖန်လုံ၏ပခုံးကို ညင်သာစွာ နင်းလိုက်သည်။ ဂျွတ်ခနဲအသံထွက်လာပြီး ဖန်လုံ၏ ဘယ်ဘက်လက်တစ်ချောင်းလုံး အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားသည်။ အရိုးပြန်ဆက်ရန် အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်ကြာမည်ဖြစ်ပြီး ပြန်ကောင်းသွားလျှင်တောင် ပုံမှန်အတိုင်း အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
ဖန်လုံ၏လက်တစ်ဖက်ကို ချိုးပြီးနောက် ရဲရှင်းချန်က ဆက်ပြောသည်။
"ဒါပေမဲ့ မင်းက ငါ့ညီကို တိုက်ခိုက်ခဲ့တယ်၊ ဒါကြောင့် မင်းကိုခွင့်လွှတ်နိုင်မလားဆိုတာကတော့ သူ့အပေါ်မှာ မူတည်တယ်။"
ရဲရှင်းချန်၏ နောက်စကားကို ကြားသောအခါ စိတ်ပျက်အားငယ်နေခဲ့သော ဖန်လုံသည် ရုတ်တရက် မျှော်လင့်ချက်ရသွားပြီး ရဲရှင်းဟွေ့၏နောက်မှ တောက်ပသော အလင်းရောင်ကို မြင်လိုက်ရသလို ခံစားလိုက်ရ၏။
ပြင်းထန်သောနာကျင်မှုကို အံကြိတ်ခံရင်း ဖန်လုံက ရဲရှင်းဟွေ့ရှေ့သို့ ဖြည်းဖြည်းချင်းရွှေ့သွားပြီး နောက်တစ်ကြိမ် ဒူးထောက်လိုက်သည်။
"ကျွန်တော့်ကို ခွင့်လွှတ်ပေးပါခင်ဗျာ။"
ထိုအချိန်တွင် ဖန်လုံတစ်ကိုယ်လုံး ချွေးများရွှဲနေပြီဖြစ်သော်လည်း သူ အံကိုတင်းတင်းကြိတ်ကာ နာကျင်မှုကြောင့် သတိလစ်မသွားအောင် ကြိုးစားထိန်းထားသည်။
ဖန်လုံ၏ပုံစံကိုမြင်တော့ ရဲရှင်းဟွေ့က အနည်းငယ် သနားသွားသည်။
"ဟူး။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ခင်ဗျားလက်ကို ဆက်လို့မရတော့ဘူးလို့ ကျွန်တော်ထင်တယ်။ အမြန်ဆုံး ဖြတ်ပစ်လိုက်သင့်တယ်။"
ရဲရှင်းဟွေ့၏စကားကြောင့် ဖန်လုံက ကြောင်အသွားပြီး သူ၏လက်နာကျင်မှုကိုပင် မေ့သွားသည်။
ဖန်လုံ သတိပြန်ဝင်လာပြီး သူ၏လက်ကို ကြည့်လိုက်ကာ
"အဲ... ကျွန်တော့်လက်ကို ဆက်လို့ရဦးမယ်လို့ ထင်ပါတယ်။"
ရဲရှင်းဟွေ့က တစ်ခုခုထပ်ပြောချင်နေစဉ်မှာပင် ရဲရှင်းချန်၏ဖုန်းက ထပ်မြည်လာသည်။
ရဲရှင်းချန်က ဖုန်းကိုကြည့်လိုက်တော့ ကျိုးလင်ခေါ်နေခြင်းဖြစ်သည်။ ဝမ်ကျားယန်က ဒီမှာဖြစ်ခဲ့တာတွေကို ယောင်တန်နှင့် ကျိုးလင်ကို ပြောပြလိုက်ပြီဖြစ်ကြောင်း သူသိသည်။ မဟုတ်လျှင် ကျိုးလင်က ဒီအချိန်မှာ ဖုန်းခေါ်မည်မဟုတ်။
ထိုသို့တွေးမိပြီး ရဲရှင်းချန်က ရဲရှင်းဟွေ့ကို ပြောလိုက်သည်။
"ရှင်းဟွေ့၊ မင်း သူ့ကို မလွှတ်ချင်ဘူးဆိုရင် သူ့နောက်ကလူတွေကို ငါပြောလိုက်မယ်"
"အန်တီကျိုးလင် ခေါ်နေတာ၊ ဒါဆို မြန်မြန်သွားကြရအောင်။"
ရဲရှင်းဟွေ့က ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
“လူတိုင်းမှာ သူ့အခက်အခဲနဲ့သူပဲ၊ ပြီးတော့ သူ့လက်တစ်ဖက်လည်း ကျိုးသွားပြီပဲ။"
ရဲရှင်းဟွေ့၏စကားကို ကြားသောအခါ ဖန်လုံ အလွန်ဝမ်းသာသွားသည်။
သူ့ကို ခွင့်လွှတ်လိုက်သရွေ့ ဖန်လုံသည် ကူယန်တစ်ခုလုံးတွင် တန်ခိုးထွားသော လုံကိုအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။ ခွင့်လွှတ်မခံရလျှင်တော့ သူသည် ကူယန်ဆိပ်ကမ်းမှ ရေပေါလောပေါ်နေသော အလောင်းတစ်လောင်း ဖြစ်သွားနိုင်သည်။
ရဲရှင်းဟွေ့၏စကားကို ကြားသောအခါ ရဲရှင်းချန်က ဘာမှမပြောဘဲ ခေါင်းညိတ်ကာ သီးသန့်ခန်းထဲမှ ထွက်သွားသည်။ ထိုမြင်ကွင်းကိုတွေ့တော့ ရဲရှင်းဟွေ့လည်း အလျင်အမြန် လိုက်ထွက်သွား၏။
ရဲရှင်းဟွေ့က ဖန်လုံကို မဖြေရှင်းရသည့် အဓိကအကြောင်းအရင်းမှာ ဖန်လုံက အမှန်တကယ် အသုံးဝင်သောကြောင့် ဖြစ်သည်။
ထို့အပြင် ဇာတ်လမ်းအရ ဖန်လုံက ဒီနေရာမှာ မသေသင့်ဘူး။ နတ်ဧကရာဇ် ပြန်လည်မွေးဖွားခြင်း ဇာတ်လမ်းမှာ သူ ပါဝင်ရမဲ့ ဇာတ်ကွက်တွေ အများကြီးရှိသေးတယ်။
...
အောက်ထပ်တွင်မူ ယောင်တန်နှင့် ဝမ်ကျားယန်တို့ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
ဝမ်ကျားယန်ကို သူ၏အတန်းဖော်များက ခေါ်ထုတ်လာပြီးနောက် ပုန်းခိုရန်နေရာတစ်ခု ရှာလိုက်သည်။ ထိုအချိန်မှာပင် ယောင်တန်၏ကား ရောက်လာခဲ့သည်။ ထို့နောက် ကလပ်ထဲတွင် ဖြစ်ပျက်ခဲ့သမျှကို ယောင်တန်အား ပြောပြလိုက်သည်။
ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့ အန္တရာယ်ကျရောက်နေကြောင်း သိသောအခါ ယောင်တန်က မိမိဘာသာ ဆုံးဖြတ်ချက်မချရဲဘဲ ကျိုးလင်ကို ဒီမှာဖြစ်ပျက်နေသည်များကို ပြောပြလိုက်၏။
ကျိုးလင်သည် ကူယန်တွင် အဆက်အသွယ်များစွာရှိသည်။ အကယ်၍ အခြားသူတစ်ယောက်က ကျင်းချန်ကလပ်တွင် ပြဿနာတက်ကြောင်း ရဲကိုတိုင်ကြားလျှင် ကူယန်ရဲများက အရေးတယူလုပ်မည်မဟုတ်ပေ။ သို့သော် ဒုတိယမြို့တော်ဝန်၏ဇနီးက ရဲကိုတိုင်ကြားလျှင်တော့ အခြေအနေက တစ်မျိုးတစ်မည် ဖြစ်သွားမည်။
ထိုအချိန်တွင် ယောင်တန်နှင့် ဝမ်ကျားယန်တို့သည် ရဲများနှင့် ကျိုးလင် ရောက်လာမည်ကို စောင့်နေကြသည်။
ရဲများမရောက်လာမီမှာပင် သူတို့က ကျင်းချန်ကလပ်၏ဂိတ်ပေါက်မှ အထိအခိုက်မရှိ ထွက်လာကြသော ရဲရှင်းချန်နှင့် ရဲရှင်းဟွေ့ ညီအစ်ကိုနှစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုမျှသာမက ယခင်က ဝမ်ကျားယန်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာပေးခဲ့သော အနက်ရောင်ဝတ် ညီအစ်ကိုတစ်စုက သူတို့နှစ်ဦးကို ဗုဒ္ဓဘုရားအိုကြီးကို ပို့ဆောင်နေသလိုမျိုး ကျင်းချန်ကလပ်အပြင်သို့ လိုက်ပို့ကြသည်။
မူလကတော့ ဖန်လုံက ကိုယ်တိုင်လိုက်ပို့ချင်သော်လည်း... သူ့ကို ခွင့်လွှတ်လိုက်ကြောင်း သိလိုက်ရသောအခါ စိတ်အေးသွားပြီး သတိလစ်သွားခဲ့၏။
...
"မင်းတို့ ဘာမှမဖြစ်ကြဘူးလား။"
ယောင်တန်က ရှေ့သို့တိုးလာပြီး စိုးရိမ်စွာမေးလိုက်သည်။
"ငါတို့က ဒုက္ခရောက်နေတဲ့ပုံပေါက်လို့လား။"
ရဲရှင်းဟွေ့က သူ့နောက်မှ အနက်ရောင်ဝတ် တပည့်တစ်စုကို ညွှန်ပြရင်း ပြုံးကာပြောလိုက်သည်။
"မင်းတို့ ဘာမှမဖြစ်လို့ တော်သေးတာပေါ့။ မစ္စကျိုးက မင်းတို့အတွက် အရမ်းစိတ်ပူနေတာ။ သူ ရဲကိုခေါ်ပြီးပြီ၊ သူတို့ မကြာခင်ရောက်လာတော့မယ်။"
ရဲရှင်းချန်က ခေါင်းညိတ်ပြီး
"ငါတို့သိတယ်။ အန်တီကျိုးလင် ခုနကပဲ ငါ့ဆီဖုန်းဆက်တယ်။ ငါတို့ ဘာမှမဖြစ်ဘူး၊ ရဲတွေလာစရာမလိုတော့ဘူးလို့ ပြောလိုက်တယ်။"
ရဲရှင်းချန် စကားဆုံးသည်နှင့် အနီရောင်စူပါကားတစ်စီးက ကျင်းချန်ကလပ်၏အဝင်ဝသို့ အရှိန်ဖြင့်မောင်းလာသည်။ ကလပ်အဝင်ဝသို့ ရောက်ခါနီးတွင် ကားနောက်ပိုင်းကို ရမ်းခါပြီး ဒရစ်ဖ်ဆွဲကာ ရဲရှင်းချန်ဘေးတွင် ငြိမ်သက်စွာ ရပ်တန့်သွား၏။
ကား ရပ်သွားပြီးနောက် ယာဉ်မောင်းနေရာမှ ချီဖောင်ဝတ်စုံဝတ်ထားသော ခြေတံရှည်ရှည်နှင့် အလှလေးတစ်ယောက် ထွက်လာသည်။
ထိုအမျိုးသမီးသည် ဒေါက်မြင့်ဖိနပ်စီးထားပြီး အရပ် ၁.၇၅ မီတာရှိသည်။ သူမဝတ်ထားသော ချီဖောင်က သူမ၏ကိုယ်လုံးကိုယ်ပေါက်ကို ထူးကဲစွာ သွယ်လျစေသည်။
အမျိုးသမီးက ကားပေါ်မှဆင်းလာပြီးနောက် ရဲရှင်းချန်ကို ကိုယ်ညွှတ်ကိုင်းပြီး အရိုအသေပေးကာ လေးစားစွာပြောလိုက်၏။
"မစ္စတာရဲ၊ တောင်းပန်ပါတယ်၊ ကျွန်မ နောက်ကျသွားတယ်။"
×××××