ဝက်ဝံကန်းရဲ့ အစာစားချင်စိတ်အမှန်က ဘာလဲ။
Vol. 3 Ch. 41
ရှီမင်ယန်က သူ၏လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး ရဲရှင်းဟွေ့ရဲ့ရှေ့မှာတင် ထိပ်ဆုံးမှာတင်ထားသော ပို့စ်အား ဖျက်ခဲ့လိုက်သည်။
ထိုမြင်ကွင်းကို မြင်တော့မှ ရဲရှင်းဟွေ့လည်း သက်ပြင်းချနိုင်သွားတော့သည်။
သူ နာမည်ကြီးတစ်ယောက် မဖြစ်ချင်ပါ။ အထူးသဖြင့် "လူသားကျူးပစ်" ဆိုတဲ့ နာမည်ပြောင်က အပေါစားဆန်တယ်လို့ သူထင်သည်။
ရဲရှင်းဟွေ့သည် သူငယ်ချင်းဆီသို့ ဖုန်း ပြန်ပေးဖို့ လုပ်နေတုန်းမှာပင် "ကတောင်" ဆိုသည့် အသံကို ကြားလိုက်ရသည်။
သူ အလိုအလျောက်ပင် ဖုန်းကို ကြည့်လိုက်မိရာ အစောနက ဖျက်ထားသော ပို့စ်က ပြန်ပေါ်လာပြီး ထိပ်ဆုံးမှာ ပြန်ရောက်နေတာကို တွေ့လိုက်ရသည်။
ရဲရှင်းဟွေ့သည် ရှီမင်ယန်အား လှည့်၍ ကြည့်လိုက်သည်။ ဒါကိုမြင်တော့ ရှီမင်ယန်က သူလုပ်တာမဟုတ်ကြောင်း ချက်ချင်းခေါင်းခါပြလာခဲ့သည်။
ဒီတစ်ခါ ပို့စ်တင်တဲ့သူက ရှီမင်ယန်ထက် ပိုတော်ပြီး သူ၏နာမည်ကို ချန်မထားခဲ့ပေ။
ရဲရှင်းဟွေ့အနေဖြင့် တစ်ယောက်ယောက်ကို သွားပြီး ဖြေရှင်းချင်ရင်တောင် ဘယ်မှာ သွားရှာရမှန်းပင်မသိချေ။
နောက်ဆုံးတော့ ရဲရှင်းဟွေ့သည် သူ့ဒေါသများကို ရှီမင်ယန်အပေါ် ပုံချလိုက်ရတော့သည်။
သူက ဒေါသပုံချတယ်ဆိုပေမဲ့ ရိုက်နှက်တာတော့မဟုတ်။
အဲဒီအစား ဘရုစ်လီဆီက သင်ယူခဲ့တဲ့ ကိုယ်ခံပညာကိုသုံးပြီး ရှီမင်ယန်ရဲ့ ခန္ဓာကိုယ်ထဲက အကြောတွေကို ဖိနှိပ်နေခဲ့သည်။
...
ဒီနေ့ရဲ့ စာသင်ချိန်ကတော့ သာမန်အတိုင်းပင်။
ရှီမင်ယန်သည် ရဲရှင်းဟွေ့၏ ဖိနှိပ်မှုကြောင့် တစ်ကိုယ်လုံး ထုံကျဉ်နေပြီး မလှုပ်ချင်တော့တဲ့အတွက် ဂိမ်းမဆော့တော့ဘဲ ဂိမ်းစက်အား ရဲရှင်းဟွေ့ဆီ ပေးလိုက်သည်။
ဝက်ဝံကန်းကကော။
ထိုသူကတော့ နေကာမျက်မှန်အကြီးကြီးတပ်ပြီး သူ့နေရာမှာ ထိုင်နေကာ စာကို အာရုံစိုက်ပြီး နားထောင်နေသလိုနဲ့ အိပ်ပျော်နေခဲ့သည်။
၎င်းအိပ်စက်ခြင်းသည်ကား နေ့လယ်စာစားချိန်အထိ ကြာသွားခဲ့သည်။
ယခင်နေ့ကလိုပင် ထမင်းစားချိန်ရောက်သည့်အခါ ဝက်ဝံကန်းသည် ထထိုင်လာပြီး "ထမင်းစားချိန်ရောက်ပြီ။" လို့ ပြောလာသည်။
ရဲရှင်းဟွေ့သည် ဝက်ဝံကန်းကို ဘာပြောရမှန်းမသိသော အကြည့်ဖြင့် ကြည့်လိုက်ပြီး အထက်တန်းနောက်ဆုံးနှစ်ဌာနဘက်သို့ လမ်းလျှောက်သွားခဲ့သည်။
သူနဲ့ ဝက်ဝံကန်းမှာ ထမင်းကတ်တွေ ရှိနေတယ်ဆိုတာ သူ မမေ့သေးပါ။
ဟုတ်တယ်လေ၊ အဲ့ဒါက ဝမ်ကျားယန်ဆီမှာပဲ။
ရဲရှင်းဟွေ့က ဝက်ဝံကန်းကို အထက်တန်းကျောင်းဆောင်ဘက်သို့ ခေါ်လာခဲ့သည်။
သူတို့ ရောက်ရောက်ချင်းပင် ဝမ်ကျားယန်နှင့် စကားပြောနေသော မုန်ကျစ်ယွီကိုပါ တွေ့လိုက်ရသည်။
"ကျားယန်၊ ငါ့ကိုယုံစမ်းပါ၊ ငါမင်းကို စွန့်ပစ်တာမဟုတ်ဘူး။ မင်းကို ကယ်ဖို့ အဆက်အသွယ်တွေ သွားရှာပေးနေတာ။ သူတို့အားလုံးတောင် ယုံကြတယ်၊ မင်းက ဘာလို့မယုံရတာလဲ။"
"ဟွန့်" ဝမ်ကျားယန်က ဘာမှမပြန်ပြောဘဲ နှာခေါင်းရှုံ့လိုက်သည်။
"စဉ်းစားကြည့်လေ ကျားယန်၊ ငါသာ အဆက်အသွယ်တွေ မသုံးခဲ့ရင် အစ်ကိုလုံက ရဲညီအစ်ကိုနှစ်ယောက်ကို လွှတ်ပေးပါ့မလား။"
ထိုစကားကို ကြားလိုက်ရတော့ ဝမ်ကျားယန်၏ မျက်နှာအမူအရာသည် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ဤသည်ကိုမြင်တော့ မုန်ကျစ်ယွီက ဆက်ပြောလာခဲ့သည်။
"မင်း အရင်ကပြောတယ်လေ၊ ရဲရှင်းချန်က ချุန်မိသားစုရဲ့ သမီးကြီးကားပေါ်တက်သွားတာကို မြင်တယ်ဆို။ အဲ့ဒါက ချุန်မိသားစုရဲ့ သမီးကြီးက ရဲရှင်းချန် ရုပ်ချောတာကိုတွေ့ပြီး သူ့ကို မွေးစားချင်လို့နေမှာပေါ့။"
အနားမှာရှိနေသော ရဲရှင်းဟွေ့သည် သူတို့နှစ်ယောက်၏ စကားဝိုင်းကိုကြားလိုက်ရပြီး ရယ်ချင်စိတ်ကို မနည်းပင်ထိန်းထားရသည်။
သူ့စိတ်ထဲမှာတော့ "ဒါကိုသာ ဝမ်ကျားယန်က ယုံရင် ငါ လက်ထောက်ပြီး ဝမ်းသွားပြတာကို live လွှင့်ပြမယ်။" လို့ တွေးလိုက်မိသည်။
"ဟုတ်သားပဲ၊ ရဲရှင်းချန်က ချุန်မိသားစုရဲ့ သမီးကြီးကို ဘယ်လိုလုပ်သိမှာလဲ။"
ဝမ်ကျားယန်၏ စကားကြောင့် ရဲရှင်းဟွေ့တစ်ယောက် သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။
ထိုအချိန်မှ သူသတိရသွားခဲ့သည်။ ဤသည်မှာ မသေမျိုးဧကရာဇ် ဇာတ်လမ်းထဲက ဇာတ်ပို့မင်းသမီးတွေအားလုံးက ဦးနှောက်မရှိကြဘူး၊ ဦးနှောက်ရှိရင်တောင် ရေနဲ့လုပ်ထားတာတွေချည်းပဲ ဆို၍ပင်။
"အဟမ်း အစောက လက်ထောက်ပြီး ဝမ်းသွားပြတာကို live လွှင့်ပြမယ်ဆိုတာတော့ မပါတော့ဘူး" စိတ်ထဲမှာ တိတ်တိတ်ကလေး ပြောပြီးနောက် ရဲရှင်းဟွေ့သညခ ဝမ်ကျားယန်တို့ဆီကို လျှောက်သွားလိုက်သည်။
"အိုး၊ ဒုက္ခရောက်ချိန်မှာ လူတိုင်းက ကိုယ်လွတ်ရုန်းကြပေမဲ့ မင်းက ဘယ်လိုလုပ်ပြန်ရောက်လာရတာလဲ။"
ရဲရှင်းဟွေ့ကို မြင်တော့ မုန်ကျစ်ယွီက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
သူ စိတ်လှုပ်ရှားရတဲ့အကြောင်းရင်းမှာ အရင်က လိမ်ထားခဲ့လို့ပင်။
မနေ့ညက ကျင်းချန်ကလပ်ကနေ ထွက်ပြေးပြီးနောက် သူ အိမ်ကို တန်းပြန်ခဲ့သည်။ ကျင်းချန်ကလပ်မှာ ဖြစ်ခဲ့တာတွေကို သူ့အဖေကို ပြောတောင်မပြောရဲခဲ့၊ ဝမ်ကျားယန်ကိုကယ်ဖို့ သူ့အဖေကို အဆက်အသွယ်တွေသုံးခိုင်းဖို့ဆိုတာကတော့ ဝေးရောပေါ့။
မုန်ကျစ်ယွီ စကားမပြောနိုင်ခင်မှာပဲ ဝမ်ကျားယန်က ရဲရှင်းဟွေ့၏ လှောင်ပြောင်သည့် စကားတွေကို ကြားပြီး မကျေမနပ်ဖြစ်သွားခဲ့သည်။
"ရဲရှင်းဟွေ့၊ ကျစ်ယွီသာမရှိရင် မင်းနဲ့ မင်းအစ်ကို ခြေထောက်တွေ ကျိုးနေလောက်ပြီ။ ဒီလိုပြောတာ နည်းနည်းတော့ မလွန်ဘူးလား။"
ရဲရှင်းဟွေ့: ...
"အိုး။ ဦးနှောက်မရှိတာ၊ တကယ် ဦးနှောက်မရှိတာပဲ။"
ရဲရှင်းဟွေ့သည် တစ်ကိုယ်တည်းတီးတိုးရေရွတ်ကာ ဝမ်ကျားယန်ကို ပြောလိုက်သည်၊ "တော်ပြီ။ မင်းရဲ့ ထမင်းကတ်ကို ပေး။"
"ထမင်းကတ်။" ဝမ်ကျားယန်တစ်ယောက် တစ်ခဏမျှ ကြောင်သွားပြီးမှ ရဲရှင်းဟွေ့က သူ့ကတိအတိုင်း လာတောင်းတာကို သဘောပေါက်သွားခဲ့သည်။
ဝမ်ကျားယန်သည် မထီမဲ့မြင်စွာဖြင့် နှုတ်ခမ်းအားမဲ့လိုက်ပြီး စာသင်ခန်းထဲသို့ဝင်ကာ သူ၏အိတ်ထဲမှ ထမင်းကတ်ကို ထုတ်လိုက်၍ ရဲရှင်းဟွေ့အား ပေးလိုက်သည်။
"ဒီထမင်းကတ်ကို ငါတစ်ခါမှမသုံးဖူးဘူး။ အထဲမှာ ယွမ် ၅,၀၀၀ ကျော်လောက် ရှိတယ်။ မင်းတို့ရဲ့ တစ်လစာ စားစရိတ်အတွက် လုံလောက်ရဲ့လား။"
ဤစကားကို ကြားတော့ ရဲရှင်းဟွေ့က ဝက်ဝံကန်းအား လည့်ကြည့်လာခဲ့သည်။
ဝက်ဝံကန်းက တိတ်တိတ်ကလေး ခေါင်းခါပြလာသည်။ ဆိုလိုရင်းကတော့ မလုံလောက်ဘူးပေါ့။
သို့ပေမဲ့ ရဲရှင်းဟွေ့သည် မလုံလောက်ဘူးဟု ချက်ချင်းထုတ်မပြောဘဲ ခေါင်းညိတ်ပြကာ ပြောလိုက်သည်၊ "ကောင်းပြီ၊ မလောက်ရင် နောက်မှ ပိုက်ဆံထပ်ထည့်ပေးပေါ့။"
နောက်ဆုံးစကားကို ပြောလိုက်ပြီးနောက် ရဲရှင်းဟွေ့သည် အထက်တန်းကျောင်းဆောင်ကနေ ထွက်ပြီး ကန်တင်းဘက်ကို သွားခဲ့သည်။
"ဝက်ဝံကန်း၊ ဒီယွမ်ငါးထောင်က မင်းအတွက် ဘယ်လောက်ကြာကြာခံမယ်လို့ မင်းထင်လဲ။"
ရဲရှင်းဟွေ့က ထမင်းကတ်ကို ခါယမ်းရင်း မေးလိုက်သည်။
ဝက်ဝံကန်းသည် တစ်ခဏလောက်စဉ်းစားပြီးမှ လေးလေးနက်နက် ပြန်ဖြေလာခဲ့သည်။
"တစ်ရက်စာလောက်ပဲ။"
ရဲရှင်းဟွေ့သည် "တစ်ရက်စာလောက်ပဲ" ဆိုသော အဖြေကိုကြားလိုက်ရသည့်အခါ သူသောက်နေသော ကိုကာကိုလာများတောင် သီးသွားခဲ့သည်။
"မင်း တစ်ရက်လို့ပြောလိုက်တာလား။ ငါ့ကို နောက်များနေတာလား။"
ကျောင်းကန်တင်းက အစားအစာတွေက အရမ်းဈေးသက်သာတယ်လေ။ ယွမ်ငါးထောင်ဆိုတာ သာမန်အထက်တန်းကျောင်းသားတစ်ယောက်အတွက် လပေါင်းများစွာ စားလို့ရတယ်။
ဒါပေမဲ့...ဝက်ဝံကန်းက တစ်ရက်တည်းနဲ့ အကုန်စားပစ်နိုင်တယ်လို့ ပြောနေတယ်။
ရိုးရိုးသားသားပြောရရင် ဝက်ဝံကန်းက ဒီလောက် အစားကြီးမယ်ဆိုတာကိုသူ တကယ်မယုံနိုင်ဘူး။
သံသယစိတ်များနှင့် ရဲရှင်းဟွေ့သည် ဝက်ဝံကန်းအား ကန်တင်းသို့ ခေါ်လာခဲ့သည်။
သူကိုယ်တိုင်ကတော့ သိပ်မစားဘဲ သူ့ထမင်းကတ်ကိုသုံးပြီး ဝက်ဝံကန်းအတွက်သာ အစားအစာတွေ ဝယ်ပေးနေခဲ့သည်။
ထမင်းစားပွဲက နှစ်နာရီကျော် ကြာသွားခဲ့သည်။
နေ့လယ်စာစားချိန်တစ်ခုလုံး ရဲရှင်းဟွေ့သည် ဝက်ဝံကန်း ထိုင်စားနေသည်အား ကြည့်ရင်း ကုန်ဆုံးသွားတယ်လို့ ပင် ပြောလို့ရချေသည်။
ရဲရှင်းဟွေ့တစ်ယောက်တည်းမဟုတ်၊ တခြား ကူယန်အထက်တန်းကျောင်းက ကျောင်းသားတွေကလည်း ကြည့်နေကြပြီး တချို့က ဖုန်းများထုတ်၍ live တောင် လွှင့်နေကြသည်။
"ဟေ့လူတွေ၊ ကြည့်ကြ၊ ကြည့်ကြ။ ဒီလူကမှ အစားဘုရင်အစစ်ကွ။"
"သူ ဘယ်လောက်တောင် စားပြီးသွားပြီလဲ။ ဟိုကောင်လေးရဲ့ ထမင်းကတ်တောင် ကုန်တော့မယ်ထင်တယ်။"
"ဟုတ်ပါ့။ ငါ ခုနကကြည့်တော့ သူ့ထမင်းကတ်ထဲမှာ ယွမ်တစ်ထောင်ပဲ ကျန်တော့တာ တွေ့တယ်။ ငါက အစကတည်းက ဒီမှာ ကြည့်နေတာ၊ အစတုန်းက ကတ်ထဲမှာ ယွမ်ငါးထောင်တောင် ရှိသေးတယ်။"
"သောက်ကျိုးနည်း။ ဒီလူ တကယ်အစားကြီးတာပဲ။ ကမ္ဘာ့စံချိန်ကို ချိုးတော့မယ်။"
ထိုသူတွေထဲ "လူသားကျူးပစ်" လို့ နာမည်ကြီးတဲ့ ရဲရှင်းဟွေ့ကို မှတ်မိတဲ့လူတွေလည်း ရှိနေတာပေါ့။
"ဟမ်။ ကတ်ရှင်းပေးနေတဲ့သူက လူသားကျူးပစ် ရဲရှင်းဟွေ့ မဟုတ်လား။"
"သူနဲ့ တကယ်တူတယ်။ သူ့အနားကပ်တဲ့သူ ဒါမှမဟုတ် သူ့ကို သဘောကျတဲ့သူဆိုရင် အချစ်စစ်ကို တွေ့ရတယ်လို့ ကြားတယ်။ အဲ့ဒါ တကယ်မှန်တာလား မသိဘူး"
"မဟုတ်လောက်ပါဘူး။ အဲ့ဒါတွေက like နဲ့ view ရဖို့လုပ်တဲ့ ကမြင်းကြောထတာတွေပါ"
"ဟားဟား တကယ်ဖြစ်ပါစေလို့ ငါတော့ ဆုတောင်းတယ်"
"ဟေ့။ အစ်ကိုကြီး၊ ခင်ဗျားက ယောက်ျားနော်"
...
ပတ်ဝန်းကျင်မှာ အံ့ဩသံများ၊ ဆွေးနွေးသံများဖြင့် ဆူညံနေသည်။
ရဲရှင်းဟွေ့ကတော့ သူ့အား "လူသားကျူးပစ်" လို့ ခေါ်နေကြတာကို ဘာမှမတုံ့ပြန်ခဲ့ပါ။
သူ၏အာရုံအားလုံးက ဝက်ဝံကန်းအပေါ်၊ ပိုပြီးတိတိကျကျပြောရလျှင် သူ့ဗိုက်ပေါ်မှာပဲ ရှိနေသည်။
ဟင်းများ ထည့်ပေးနေသော အန်တီကြီးများကတောင် ဝက်ဝံကန်း စားနေတဲ့ပုံစံကိုမြင်ပြီး အရေးပေါ်ဌာနကို ဖုန်းဆက်ခေါ်ချင်စိတ် ပေါက်လာခဲ့ကြသည်။
ရဲရှင်းဟွေ့သာ မတားခဲ့ရင် သူတို့ တကယ်ဖုန်းဆက်လောက်ပေသည်။ ဘာလို့ဆို ဝက်ဝံကန်း စားသောက်နေတဲ့ပုံစံက လူနှင့်မတူလို့ပင်။
ဤသည်ကား ရဲရှင်းဟွေ့အတွက် ဝက်ဝံကန်း ဗိုက်အပြည့်စားတာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။
"သောက်ကျိုးနည်းတာပဲ။ ငါက သက်တော်စောင့်တစ်ယောက် ရှာတွေ့တာမဟုတ်ဘူး၊ ဘယ်လောက်ဖြည့်ဖြည့်မပြည့်တဲ့ တွင်းနက်ကြီးနဲ့ အသုံးမကျတဲ့ကောင်ကို ရှာတွေ့ခဲ့တာပဲ။"
××××××××