မင်းနဲ့ ကလေးယူချင်တယ်
Vol. 4 Ch. 44
အမျိုးသမီးတစ်ယောက်က သူနှင့်အတူ ညစာစားချင်သည်ဟု ပြောသည်ကို ကြားလိုက်ရတဲ့အခါ ရဲရှင်းဟွေ့လည်း အနည်းငယ် ကြောင်သွားသည်။
“ဟေ့... ငါတို့ အချင်းချင်း သိလို့လား”
ရဲရှင်းဟွေ့က မေးလိုက်သည်။
“တကယ်တော့ မသိပါဘူး။ ညစာစားပြီးရင်တော့ သိသွားမှာပေါ့”
ထိုသို့ပြောရင်း အမျိုးသမီးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ဆက်ပြောသည်။
“အရမ်းဝေးဝေးကို မသွားပါဘူး၊ ဒီနားက စားသောက်ဆိုင်တစ်ဆိုင်ကိုပဲ သွားမှာပါ...”
သူမစကားဆုံးသောအခါ မလှမ်းမကမ်းမှ စားသောက်ဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးပြ၏။
ရဲရှင်းဟွေ့ အနည်းငယ်စိတ်ရှုပ်ထွေးသွားရပြီး ဤအမျိုးသမီးက အဘယ်ကြောင့် သူနှင့်အတူ ညစာစားချင်ရသည်ကို နားမလည်ပေ။ ထို့ကြောင့် သူသည် ဤအမျိုးသမီးက မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူ့ကို ဒုက္ခပေးရန် ကြံစည်နေသလားဆိုတာ သိနိုင်ရန် သူ၏ “အလုံးစုံမြင်မျက်လုံး” ကို ဖွင့်ကြည့်လိုက်သည်။
“အလုံးစုံမြင်မျက်လုံး” ကို ဖွင့်လိုက်သည့်အခါ ဤအမျိုးသမီး၏ သူ့အပေါ်ထားသော သဘောကျမှုအဆင့်မှာ ၆၀% ကျော်နေကြောင်း ရဲရှင်းဟွေ့ တွေ့ရှိလိုက်ရသည်။
ပထမဆုံးအကြိမ် တွေ့လိုက်ရုံနဲ့ သဘောကျမှုအဆင့် ၆၀% ထိ ရောက်ရှိနိုင်တာက တကယ်ကိုရှားတာ။
အမည်: ဝမ်ရှောင်လီ
အသက်: ၂၉
အလုပ်အကိုင်: မော်ဒယ်
စွမ်းရည်များ: ပါးစပ်ထဲ လက်သီးဆုပ်ထည့်ခြင်း၊ မြေကြီးပေါ် ပစ်လဲကျပြခြင်း၊ ငွေကိုင်နိုင်ခြင်း...
ဘဝဇာတ်ကြောင်း: ????
သူမ၏ သဘောကျမှုအဆင့် မလုံလောက်သေးသောကြောင့် ဘဝကိုယ်ရေးရာဇဝင်ကိုတော့ မြင်တွေ့နိုင်ခြင်း မရှိသေးပေ။
သို့သော် ဝမ်ရှောင်လီဆိုသော ထိုအမျိုးသမီး၏ အချက်အလက်များကို ကြည့်ရသလောက်တော့ သူမသည် အလွန်သာမန်ဖြစ်ပြီး မည်သည့်လူသတ်သမားအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦး မဟုတ်ပေ။
“မြေကြီးပေါ် ပစ်လဲကျပြခြင်း” ဆိုတဲ့ စွမ်းရည်က ဘာကြီးလဲ…သောက်ကျိုးနည်း... ဒါက ချစ်စရာကောင်မလေးငယ်လေးတွေပဲ လုပ်နိုင်တာမဟုတ်ဘူးလား။ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ကလည်း ဒါကို လုပ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။
ဝမ်ရှောင်လီ၏ အချက်အလက်များတွင် ထူးခြားမှုတစ်စုံတစ်ရာ မရှိသည်ကို တွေ့ရသောအခါ ရဲရှင်းဟွေ့က ခေါင်းညိတ်ပြီး သူမနှင့်အတူ ညစာစားရန် သဘောတူလိုက်သည်။
“မင်းနဲ့အတူ ညစာစားလို့ရတယ်၊ ဒါပေမဲ့ မင်းက ငါ့ဘော်ဒါကိုပါ ခေါ်သွားရမယ်...”
စကားပြောနေရင်းပင် ရဲရှင်းဟွေ့က သူ့နောက်တွင် ရပ်နေသော ဝက်ဝံကန်းကို လက်ညှိုးထိုးပြလိုက်သည်။
ရဲရှင်းဟွေ့ပြောသည့်စကားကို ကြားသောအခါ ဝက်ဝံကန်းမှာ တိတ်ဆိတ်သွားသည်။ သူသည် ရဲရှင်းဟွေ့အား ထိုထူးဆန်းသောအမျိုးသမီးနှင့် ညစာစားခြင်းကို တားမြစ်သင့်၊မသင့် စဉ်းစားနေမိ၏။
သို့သော် ခဏကြာစဉ်းစားပြီးနောက်
“ငါပါနေတာပဲ၊ ဘာမှဖြစ်မှာမဟုတ်လောက်ပါဘူး”
ဟု တွေးကာ ငြင်းဆိုခြင်းမပြုတော့ပေ။
“ရတာပေါ့... မင်းကြိုက်သလောက် လူခေါ်ခဲ့လို့ရတယ်”
ထိုသို့ပြောပြီးနောက် ဝမ်ရှောင်လီက ဦးဆောင်ကာ သူမ အစောက လက်ညှိုးထိုးပြခဲ့သော စားသောက်ဆိုင်ဆီသို့ လျှောက်သွားလေသည်။
ရဲရှင်းဟွေ့က ဝမ်ရှောင်လီ၏နောက်မှ လိုက်သွားရင်း
“ ဝက်ဝံကန်းတော့ ညစာငတ်ပြန်ပြီ” ဟု စိတ်ထဲမှ တွေးနေမိသည်။
မူလက ညစာအတွက် ဝမ်ကျားယန်က တာဝန်ယူရမည်ဖြစ်သော်လည်း ယနေ့ အလျင်လိုနေသဖြင့် သူ၏ထမင်းကတ်ကို ဝမ်ကျားယန်အား ငွေဖြည့်ခိုင်းရန် မေ့သွားခဲ့သည်။
ရဲရှင်းဟွေ့သည် မူလက ဘူဖေးစားသောက်ဆိုင်သို့ သွားရန် စီစဉ်ထားသော်လည်း ယခုတစ်စုံတစ်ယောက်က သူ့ကို ညစာကျွေးချင်နေသည့်အတွက် အခမဲ့စားရမည့် အခွင့်အရေးကိုတော့ ရဲရှင်းဟွေ့လည်း လက်လွှတ်မခံနိုင်ပေ။
လမ်းတွင် ဝမ်ရှောင်လီက သူမ၏အမည်နှင့် အလုပ်အကိုင်ကို မိတ်ဆက်ခဲ့သည်။
ရဲရှင်းဟွေ့ကလည်း မိမိကိုယ်ကို မိတ်ဆက်ပြီး ဝက်ဝံကန်းကိုပါ မိတ်ဆက်ပေးခဲ့သည်။
စားသောက်ဆိုင်သို့ ရောက်သောအခါ ဝမ်ရှောင်လီက မီနူးကိုယူ၍ သက်သတ်လွတ်ဟင်းအချို့ကို မှာကြားပြီးနောက် မီနူးကို ရဲရှင်းဟွေ့ထံသို့ ကမ်းပေးလိုက်သည်။
ရဲရှင်းဟွေ့က မီနူးကိုယူကာ သက်သတ်လွတ်ဟင်းအချို့ကို လက်ညှိုးထိုးပြလိုက်သည်။
ထိုအချင်းအရာကိုမြင်သော် ဝမ်ရှောင်လီက ပြုံးပြီးပြောသည်။
“မောင်လေး၊ မမအတွက် ပိုက်ဆံချွေတာပေးစရာမလိုပါဘူး။ စားချင်တာရှိရင် ကြိုက်တာသာမှာ...”
စကားပြောရန် ဟန်ပြင်နေသော ရဲရှင်းဟွေ့က ဝမ်ရှောင်လီကို အနည်းငယ်ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ပြီးနောက် စားပွဲထိုးကို ပြောလိုက်သည်။
“ခုနက ကျွန်တော်မှာထားတာတွေ မယူနဲ့တော့။ ဒီထဲက ဟင်းပွဲတွေကလွဲလို့ ကျန်တာတစ်ခုစီ အကုန်ယူခဲ့...”
ဝမ်ရှောင်လီ: .....
စားပွဲထိုး: .....
“အဟမ်း... အဲ... မောင်လေး.. မင်းစားနိုင်လို့လား။ ကြိုက်တာမှာလို့ ပြောပေမဲ့လည်း ဖြုန်းတီးလို့တော့ မဖြစ်ဘူးလေ...”
“စိတ်မပူပါနဲ့၊ ဘာမှဖြုန်းတီးသွားမှာ မဟုတ်ဘူး။ ကျွန်တော့်မှာ ကမ္ဘာ့အဆင့်မီ အစားသောင်းကျန်းတဲ့တစ်ကောင် ပါလာတယ်...”
ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့က သူ့ဘေးတွင် ထိုင်နေသော ဝက်ဝံကန်းကို ပုတ်ပြလိုက်သည်။
ဝမ်ရှောင်လီက ဝက်ဝံကန်း၏ ကိုယ်လုံးကိုယ်ပေါက်ကို တစ်ချက်ကြည့်လိုက်သည်။ အမှန်ပင် ကြီးမားလှသော်လည်း ထိုမျှလောက် များပြားစွာ စားနိုင်လိမ့်မည်ဟု သူမ မယုံကြည်။
သူမ မယုံကြည်သော်လည်း ဤအကြောင်းအရာကို ဆက်ပြီး ပြောနေရန် အစီအစဉ်မရှိတော့ပေ။
ဝမ်ရှောင်လီက သူမ၏ဖုန်းကိုထုတ်၊ ဗီဒီယိုတစ်ခုကို ရှာဖွေပြီး ရဲရှင်းဟွေ့ထံသို့ ကမ်းပေးကာ မေးလိုက်သည်။
“ဘတ်စကတ်ဘော ကစားနေတာ မင်းလား”
ရဲရှင်းဟွေ့က ဖုန်းကိုယူ၍ ဗီဒီယိုကို ဖွင့်ကြည့်လိုက်လျှင် သူနှင့် ကျန်းဖန်တို့ ဘတ်စကတ်ဘောကစားနေသည့် ဗီဒီယိုဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ဟင်.. ဒီဗီဒီယိုကို ခင်ဗျားဘယ်ကရတာလဲ”
ရဲရှင်းဟွေ့က အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ဟားဟားဟား...”
ဝမ်ရှောင်လီက ကျက်သရေရှိစွာ ရယ်မောပြီးနောက် ပြောသည်။
“မမက အရင်က ကူယန်ကျောင်းသူတစ်ယောက်ပဲ။ ဘွဲ့ရသွားပေမဲ့ ကူယန်ဖိုရမ်ကိုတော့ ရံဖန်ရံခါ ဝင်ကြည့်ဖြစ်တယ်လေ”
“ဪ ဟုတ်သားပဲ။ လူသားကျူးပစ်ဆိုတာလည်း မင်းပဲမလား...”
“ဘာတွေလား.. မမ၊ မမကလည်း ကျွန်တော့်ဆီမှာ အချစ်စစ်ကို လာရှာနေတာတော့ မဟုတ်ဘူးမလား”
ထိုစကားကိုကြားသော် ဝမ်ရှောင်လီက လက်ခါပြသည်။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မမက အိမ်ထောင်ရှိပြီးသားပါ။ ပြီးတော့ ဒီလူသားကျူးပစ်ဆိုတာကလည်း စတာနောက်တာပါပဲ”
အကယ်၍ ဝမ်ရှောင်လီသာ ယနေ့ကျောင်းဂိတ်ဝတွင် ဖြစ်ပျက်ခဲ့သည်များကို သိခဲ့မည်ဆိုလျှင် သူမ လူသားကျူးပစ်၏ စကားများကို ယုံကြည်သွားလောက်ပေသည်။
ဝမ်ရှောင်လီက အချစ်စစ်ကို ရှာဖွေရန် သူ့ထံလာခြင်းမဟုတ်ကြောင်း သိလိုက်ရသောအခါ ရဲရှင်းဟွေ့မှာ စိတ်သက်သာရာရသွား၏။
“ဒါဆို... မမက ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ ”
စကားပြောရင်း ရဲရှင်းဟွေ့ သူ့ရှေ့မှ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံမော့သောက်လိုက်သည်။
“ငါ မင်းနဲ့ ကလေးယူချင်လို့”
ယင်းကို ကြားလိုက်ရသောအခါ ရဲရှင်းဟွေ့ သောက်လက်စရေများကိုပင် ထွေးထုတ်လိုက်မိတော့သည်။
ကံကောင်းစွာဖြင့် ဝမ်ရှောင်လီက အမြန်ရှောင်လိုက်ရာ တံတွေးများ သူမမျက်နှာပေါ်သို့ မစင်သွားခဲ့ချေ။
ရဲရှင်းဟွေ့သည် ဝမ်ရှောင်လီ၏အဖြေက ဤသို့ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမနှင့် ကလေးယူပေးရမည်…။ လာ နောက်နေတာလား…။
သူတို့ဘေးတွင် ထိုင်နေသော ဝက်ဝံကန်းမှာလည်း ဝမ်ရှောင်လီ၏စကားကို ကြားသောအခါ မှင်တက်သွားသည်။
“အိပ်ရာထဲမှာ သားကောင်ကို သတ်တာလား…မင်းက တကယ်ပဲ မြွေပွေးပဲ..”
ဝက်ဝံကန်းသည် မြွေပွေးအသုံးပြုသော သတ်ဖြတ်နည်းများကို သဘာဝကျကျ ပိုသိသည်။
ထို့ကြောင့် သူ့ရှေ့မှအမျိုးသမီးက “မြေပွေး” ဖြစ်နိုင်သည်ဟူသော သူ၏ခန့်မှန်းချက်မှာ ပို၍သေချာသွား၏။
ထိုအချိန်တွင်ပင် ဇီးကွက်က ဝက်ဝံကန်းကို ဆက်သွယ်လာ၏။
ကြိုးမဲ့ဘလူးတုနားကြပ်ကို အသုံးပြု၍ အချင်းချင်းဆက်သွယ်ကြခြင်းပေ။
“ ဝက်ဝံကန်း… မြွေပွေးက ငါ့ပစ်မှတ်ဆီကို ချဉ်းကပ်နေပြီ”
ဇီးကွက်၏စကားကို ကြားသောအခါ ဝက်ဝံကန်းလည်း အံ့အားသင့်သွားသည်။
“ဟမ်… ဒီအမျိုးသမီးက မြွေပွေးမဟုတ်ဘူးလား။ ဒါဆို... သူက တကယ်ကြီး ရဲရှင်းဟွေ့နဲ့ ကလေးယူချင်နေတာလား”
……
ဝက်ဝံကန်း ရှုပ်ထွေးနေစဉ်မှာပင် ဝမ်ရှောင်လီက သူမ၏ဇာတ်လမ်းကို ပြောပြလာသည်။
သူမ၏ဇာတ်လမ်းက အလွန်ရိုးရှင်းပါ၏။ သူမသည် ယခင်က မော်ဒယ်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် သူဌေးတစ်ဦးက သူမကို သဘောကျခဲ့သည်။ ထိုသူဌေးကလည်း သူမအပေါ် အလွန်ကောင်းမွန်သောကြောင့် နှစ်ဦးသား လက်ထပ်ခဲ့ကြသည်။
လက်ထပ်ပြီးနောက် သူမကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ... သူမ၏ခင်ပွန်းသည် အလွန်ရုပ်ဆိုးသောကြောင့် ကိုယ့်သားသမီးများ ရုပ်ဆိုးသွားမည်ကို စိုးရိမ်ပြီး သူနှင့် ကလေးမယူချင်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့် သူမက အခြားတစ်ယောက်နှင့် ကလေးယူရန် စဉ်းစားခဲ့သည်။ ထိုသူသည် ရုပ်ချော၊ ဉာဏ်ကောင်းပြီး ကျန်းမာရေးကောင်းသူဖြစ်ရမည်။ ထိုသို့ဆိုလျှင် မွေးလာမည့်ကလေးသည်လည်း သေချာပေါက် ရုပ်ချော၊ ဉာဏ်ကောင်းပြီး ကျန်းမာရေးကောင်းမွန်လိမ့်မည်။
ရဲရှင်းဟွေ့မှာ အထက်ပါအချက်များထဲမှ အနည်းဆုံး နှစ်ချက်နှင့် ကိုက်ညီနေသည်: သူက ရုပ်ချောပြီး ကျန်းမာရေးကလည်း ကောင်း၏။
…….
ဝမ်ရှောင်လီ၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ရဲရှင်းဟွေ့၏ အထင်ကြီးမှုများ လုံးဝပျက်စီးသွားခဲ့တော့သည်။
“ဒါ ဘယ်လိုဟာကြီးလဲ။ လောကကြီးမှာ ဒီလိုလူမျိုး မရှိသင့်ဘူး မဟုတ်လား။”
ထိုသို့တွေးမိရင်း ရဲရှင်းဟွေ့သည် တစ်ခုခုတော့ မှားနေပြီဟု ခံစားလာရသည်။
“ပထမတော့ သူက လဲကျချင်ယောင်ဆောင်ပြီး လူတွေကို လိမ်လည်ဖို့ကြိုးစားတယ်။ အဲ့ဒါမအောင်မြင်တော့... ထောင်ချောက်ဆင်ဖို့ ကြံစည်တာလား”
ရဲရှင်းဟွေ့ စဉ်းစားလေလေ၊ ၎င်းကဖြစ်နိုင်ခြေများလေလေဟု ထင်လာသည်။
တကယ်လို့ ငါသာ ဝမ်ရှောင်လီကို တကယ်သဘောတူလိုက်မယ်ဆိုရင်... ငါတို့နှစ်ယောက် အခန်းတစ်ခု သွားယူရမှာ သေချာတယ်။ အခန်းယူလိုက်တာနဲ့ သူမက လူတစ်စုကိုခေါ်ပြီး အခန်းထဲမှာ ငါ့ကိုဝိုင်းဖမ်းပြီး ငွေညှစ်မှာပဲ။
ရဲရှင်းဟွေ့သည် သူ၏ယခင်ဘဝက သတင်းများတွင် ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို အကြိမ်များစွာ မြင်ဖူးခဲ့သည်။
သို့သော် ရဲရှင်းဟွေ့၏ လက်ရှိအစွမ်းဖြင့်ဆိုလျှင် ထိုကဲ့သို့ မိန်းမလှလေးနှင့် မြူဆွယ်ပြီး ထောင်ချောက်ဆင်သည့် လူအချို့ကို ဖြေရှင်းရန်မှာ မခက်ခဲပေ။
ရဲရှင်းဟွေ့ တိတ်ဆိတ်နေသည်ကိုမြင်သော် ဝမ်ရှောင်လီက ပြုံး၍ပြောသည်။
“စိတ်မပူပါနဲ့ ကောင်လေး။ ငါ ကိုယ်ဝန်ရသွားတာနဲ့ နောင်တစ်ချိန်မှာ ငါတို့နှစ်ယောက် ဘာမှပတ်သက်စရာမရှိတော့ဘူး...”