← Chapters

လိမ်လည်မှုလား ဝိုင်နဲ့လိမ်တာလား ဒါမှမဟုတ် အလှနဲ့ထောင်ချောက်ဆင်တာလား….။

Vol. 4 Ch. 45

လိမ်လည်မှုလား ဝိုင်နဲ့လိမ်တာလား ဒါမှမဟုတ် အလှနဲ့ထောင်ချောက်ဆင်တာလား….။

Vol. 4 Ch. 45

စားသောက်ဆိုင်ထဲ၌။

ဝက်ဝံကန်းဟာတော့ အငမ်းမရ စားသောက်နေသော်လည်း ရဲရှင်းဟွေ့မှာတော့ စားချင်စိတ်လုံးဝမရှိပေ။ အစားအသောက်တွေက အရသာမရှိ၍တော့ မဟုတ် သူ့ရှေ့မှာရှိနေသည့် အမျိုးသမီးကြောင့်သာ...။

“ဟေး အစ်မကြီး ကျွန်တော်က ၁၇ နှစ်ပဲ ရှိသေးတယ်နော်။ အရွယ်မရောက်သေးဘူး။ ဒီလိုလုပ်တာ တကယ်အဆင်ပြေလို့လား။”

တကယ်တော့ ရဲရှင်းဟွေ့ ဆိုလိုချင်သည့်အဓိပ္ပာယ်မှာ သူသည် အသက် ၁၇ နှစ်အရွယ်တွင် ပိုက်ဆံအနည်းငယ်သာ ရှိသောကြောင့် သူ့ကို အလှနဲ့ထောင်ချောက်ဆင်ရန် ပစ်မှတ်အဖြစ် ရွေးချယ်စရာ မလိုကြောင်း ပြောလိုခြင်းဖြစ်သည်။

“မောင်လေးရယ်။ အရေးမကြီးပါဘူး၊ မင်းမှာ အဲ့ဒီလုပ်ဆောင်နိုင်စွမ်း ရှိနေသရွေ့ပေါ့။”

ဝမ်ရှောင်လီက ပြုံးကာပြောလိုက်သည်။

ရဲရှင်းဟွေ့: .....

“တော်ပါပြီ အစ်မကြီး။ အစ်မတခြားတစ်ယောက်ကိုပဲ ရှာလိုက်ပါတော့။”

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် ဝက်ဝံကန်းကို ဆွဲခေါ်ကာ ထွက်သွားချင်နေသည်။

“ဒီတစ်နပ်က ဈေးမပေါဘူးနော် မောင်လေး။”

ထိုအချိန်တွင် ဝမ်ရှောင်လီက နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြီး ယခုတစ်ကြိမ်တွင်တော့ သူမ၏လေသံမှာ ခြိမ်းခြောက်မှု အနည်းငယ် ပါဝင်နေသည်။

ရဲရှင်းဟွေ့ ရပ်တန့်သွားသည်ကို မြင်သည့်အခါ ဝမ်ရှောင်လီသည် အော်ဒါလာယူသော စားပွဲထိုးကိုခေါ်ကာ မေးလိုက်သည်။ 

“ဒီအစားအသောက် ဘယ်လောက်ကျလဲ”

ထိုသို့ကြားသောအခါ စားပွဲထိုးဟာ အလျင်အမြန် တွက်ချက်ပြီးနောက် “စုစုပေါင်း ၇၈၅၁၀ ယွမ်ပါ။ အဖျားကိုတော့ လျှော့ပေးလိုက်ပါ့မယ်။ ၇၈၀၀၀ ယွမ်ပဲ ပေးပါခင်ဗျာ။”

ဒီတစ်နပ်စာအတွက် ယွမ် ၇၈၀၀၀ ကုန်ကျသည်ဟု ကြားလိုက်ရသည့်အခါ ရဲရှင်းဟွေ့သည် ဒေါသဖြင့် ခုန်ထလိုက်မိသည်။

“ဘာ ...$#@ လဲ ကျွန်တော် မီနူးကို ကြည့်ပြီးပြီ။ မှန်းပြီးမှာရင်တောင် ယွမ် ၂၀,၀၀၀ အောက်ပဲ ကျမှာလေဗျာ။”

ရဲရှင်းဟွေ့၏ မေးခွန်းကို စားပွဲထိုးက ပြုံးလျက်ပင် ပြန်ဖြေသည် 

“ဆရာခင်ဗျာ ဆရာတို့ ယွမ် ၆၀,၀၀၀ တန်တဲ့ ဝိုင်နီတစ်ပုလင်းလည်း မှာထားပါသေးတယ်။”

“ဝိုင်နီ” ရဲရှင်းဟွေ့ အနည်းငယ် ကြောင်သွားသည်။ ထို့နောက် စားပွဲပေါ်ရှိ ဝက်ဝံကန်း သောက်၍ တစ်ဝက်ကျိုးနေပြီဖြစ်သော ဝိုင်ပုလင်းကို ကြည့်ကာ မေးလိုက်သည်။

 “မင်း ဘာကိုပြောနေတာလဲ။”

“ဟုတ်ကဲ့။” စားပွဲထိုးက ခေါင်းညိတ်ပြပြီး “ဒီဝိုင်နီပုလင်းကို မတွက်ဘူးဆိုရင်တော့ ယွမ် ၂၀,၀၀၀ အောက်ပဲ ကျမှာပါခင်ဗျာ။”

“ဒါပေမဲ့ ငါတို့ ဝိုင်မှမမှာထားတာ”

ရဲရှင်းဟွေ့ စကားဆုံးသည်နှင့် ဝမ်ရှောင်လီက “ဒီဝိုင်နီကို ငါမှာထားတာ။ ဒါပေမဲ့ ငါတစ်ငုံတောင် မသောက်ရသေးဘူး။” ဟု ပြောလိုက်သည်။

သူမစကားဆုံးသောအခါ ဝမ်ရှောင်လီက ဝက်ဝံကန်းကို လက်ညှိုးထိုးပြလိုက်သည်။ ဆိုလိုရင်းမှာ ဤဝိုင်အားလုံးကို သင်သောက်ခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။

…….

ရဲရှင်းဟွေ့မှာ လုံးဝ စကားမပြောနိုင်တော့ပေ။ သူက သူ့ရှေ့မှ ဝမ်ရှောင်လီသည် လိမ်လည်သူတစ်ယောက် ဖြစ်နိုင်သည်ဟု ထင်ခဲ့သော်လည်း သူမသည် ဝိုင်ရောင်းပြီး လိမ်လည်သည့်လူဖြစ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

ရဲရှင်းဟွေ့ဟာ ဤအခြေအနေမှ မည်သို့လွတ်မြောက်ရမည်ကို စဉ်းစားနေစဉ်မှာပင် ဝမ်ရှောင်လီက ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။ “မောင်လေး မင်းသာငါနဲ့ တစ်ဖက်လမ်းက ဟိုတယ်ကို လိုက်ခဲ့မယ်ဆိုရင် ဒီဘေလ်ကို ငါရှင်းပေးလိုက်မယ်။”

ရဲရှင်းဟွေ့သည် ခဏစဉ်းစားပြီးနောက် သဘောတူလိုက်သည်။

သူ့ရှေ့မှ ဝမ်ရှောင်လီသည် အလှနဲ့ထောင်ချောက်ဆင်နေသည်ဖြစ်စေ တကယ်ပဲ သူနှင့်လိင်ဆက်ဆံရန်ဖြစ်စေ အရေးမကြီးတော့‌ချေ။ အခုအရေးကြီးဆုံးအရာမှာ သူမက ဒီအစားအသောက်ဖိုးကို ပေးရမည်ဖြစ်သည်။

နောက်ဆက်တွဲ ဘာဖြစ်လာမည်လဲ။ ရဲရှင်းဟွေ့ တကယ်ဂရုမစိုက်ပေ။ သူ့မှာ အထူးစွမ်းအင်တွေရှိသလို ဘရုစ်လီလိုမျိုး တိုက်ခိုက်ရေးစွမ်းရည်တွေလည်း ရှိနေတာ‌ေပ။ သူက မည်သည်ကိုကြောက်နေရမှာလဲ။

အချို့ကတော့ သူတို့ကို သူရဲဘောကြောင်သည်ဟု ပြောကြလိမ့်မည်။ ထိုသို့သောအရာနှင့် ကြုံတွေ့ရပါက ဘာကြောင့်ထွက်မပြေးသနည်းဟု မေးကြလိမ့်မည်။

တကယ်လို့သာ သူထွက်ပြေးခဲ့လျှင် ဥပဒေကို ချိုးဖောက်ရာကျနိုင်သည်။ ရဲရှင်းဟွေ့တွင် ဥပဒေကို ချိုးဖောက်နိုင်စွမ်းရှိသော်လည်း ဥပဒေချိုးဖောက်ရန် ဆန္ဒမရှိပေ။

ထို့အပြင် သူ့မှာ နိုင်ငံတော်ယန္တရားကြီးတစ်ခုလုံးကို ရင်ဆိုင်တိုက်ခိုက်နိုင်လောက်တဲ့ အင်အား မရှိသေး‌ချေ။

တစ်နည်းအားဖြင့် ပြောရလျှင် ရဲရှင်းဟွေ့တွင် တရုတ်နိုင်ငံတစ်နိုင်ငံလုံးကို တိုက်ခိုက်နိုင်သည့် အင်အားရှိနေလျှင်ပင် သူထိုသို့လုပ်မည်မဟုတ်ပေ။

ရဲရှင်းဟွေ့တွင် အခြားအတွေးတစ်ခုလည်း ရှိသေးသည်။ ထိုအတွေးမှာ သူ့အစ်ကိုကိုခေါ်ပြီး တာဝန်ခံခိုင်းရန်ဖြစ်သည်။

သူ့အစ်ကိုက အခုဆိုလျှင် တန်ခိုးကြီးပြီး ချမ်းသာတဲ့ အဘိုးကြီးတစ်ယောက်နဲ့ တွေ့ထားပြီဖြစ်သောကြောင့် ဘေလ်ရှင်းခိုင်းဖို့က လုံးဝပြဿနာမရှိပေ။ ဝမ်ရှောင်လီက ကလေးမွေးပေးဖို့ လူတစ်ယောက်ရှာချင်နေတာဆိုတော့ သူ့အစ်ကို၏ ပုံစံက... မိန်းမငယ်လေးတွေအတွက်တော့ သေလောက်အောင် ဆွဲဆောင်မှုရှိမှာ အသေအချာပင်။

ဘယ်မိန်းမငယ်လေးက သူ့ကိုမြင်ရင် ခြေထောက်ကို စေ့ထားနိုင်မှာလဲ။ အာ... မဟုတ်ဘူး ပါးစပ်တောင် မစေ့နိုင်အောင် ရယ်နေမှာလဲပင်။

သို့သော် ရဲရှင်းဟွေ့ ထိုသို့မလုပ်ခဲ့ပေ။ အဓိကအကြောင်းအရင်းမှာ... သူအခု သူ့အစ်ကိုကို ဆက်သွယ်၍ မရသောကြောင့်ဖြစ်သည်။

ရဲရှင်းဟွေ့သည် ရဲရှင်းချန်ထံသို့ ဖုန်းခေါ်ကြည့်ခဲ့သော်လည်း ဖုန်းမှာ ဝန်ဆောင်မှုဧရိယာပြင်ပတွင် ရောက်နေခဲ့သည်။

……

နောက်ဆုံးတွင် ဝမ်ရှောင်လီသည် ခရက်ဒစ်ကတ်ဖြင့် ဘေလ်ကို အောင်မြင်စွာ ရှင်းပေးလိုက်ပြီး ရဲရှင်းဟွေ့လည်း သူမနောက်မှ ဟိုတယ်သို့ လိုက်သွားခဲ့သည်။

ဟိုတယ်ဧည့်ကြိုကောင်တာသို့ ရောက်သောအခါ ဝမ်ရှောင်လီသည် အခန်းတစ်ခန်းဘွတ်ကင်လုပ်ပြီး ရဲရှင်းဟွေ့ကို ဧည့်သည်အခန်းထဲသို့ ခေါ်ဆောင်သွားသည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် ရဲရှင်းဟွေ့သည် သူ၏ အထူးစွမ်းအင်ဖြစ်သော ပုံရိပ်ယောင်စွမ်းအင်ကို အသုံးပြုလိုက်သည်။

ပုံရိပ်ယောင်အောက် ရောက်သွားသော ဝမ်ရှောင်လီသည် ကုတင်ပေါ်သို့ တိုက်ရိုက်လှဲချကာ သူမ၏အဝတ်အစားများကို စတင်ချွတ်နေတော့သည်။

ရဲရှင်းဟွေ့က ပုံရိပ်ယောင်ကို အသုံးပြုခဲ့သော်လည်း ဝမ်ရှောင်လီက ပုံရိပ်ယောင်ထဲတွင် ဘာကိုမြင်နေရသည်ကိုတော့ သူ မသိပေ။

သို့သော် ဝမ်ရှောင်လီ၏ အဝတ်အစားများချွတ်ရန် စိတ်အားထက်သန်နေပုံကို ကြည့်ခြင်းအားဖြင့် သူမသည် ပုံရိပ်ယောင်ထဲတွင် သူ့လိုလူတစ်ယောက်ယောက်ကို မြင်ယောင်နေရမည်မှာ သေချာသည်။

“တောက်ခ် အရင်ဆုံး ဆုတ်ခွာတာပဲ ကောင်းပါတယ်ကွာ။”

ထိုသို့ပြောပြီးနောက် သူသည် ဝက်ဝံကန်းကို ဟိုတယ်အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

ရဲရှင်းဟွေ့သည် ရည်းစားတစ်ယောက် တကယ်လိုချင်နေသော်လည်း မိန်းမငယ်တစ်ယောက်ကိုတော့ ရှာ၍မဖြစ်... တစ်ခါသုံး မိန်းမငယ်တစ်ယောက်ဆိုလျှင်တော့ ပို၍ပင်မဖြစ်နိုင်ပေ။

ထို့အပြင် အကယ်၍သာ သူမ၏ခင်ပွန်းက ဖမ်းမိပြီး သူ့ကိုရိုက်နှက်ခဲ့လျှင် ဝမ်ရှောင်လီ၏ခင်ပွန်းမှာ အလွန်နစ်နာပေလိမ့်မည်။

……

ဟိုတယ်မှ ထွက်လာပြီးနောက် ရဲရှင်းဟွေ့သည် ဝက်ဝံကန်းကို သူတို့၏ ယခင်စားသောက်ဆိုင်သို့ ပြန်ခေါ်သွားခဲ့သည်။

ဝမ်ရှောင်လီ ဘေလ်ရှင်းပြီးနောက် ရဲရှင်းဟွေ့သည် စားပွဲမထိုးရသေးသော ဟင်းပွဲများကို သိမ်းထားပေးရန် စားသောက်ဆိုင်ဝန်ထမ်းများအား မှာကြားခဲ့ပြီး နောက်မှပြန်လာစားမည်ဟု ပြောခဲ့သည်။

သို့သော် အခုကြည့်ရသည်မှာ နောက်မှဆိုသည်မှာ မဖြစ်နိုင်တော့သဖြင့် ယနေ့ပင် အပြီးရှင်းပစ်လိုက်တော့မည်။

…….

တစ်ဖက်တွင်။

ခွမ်းယန်မြို့ပြင်ရှိ ရေကန်တစ်ခုဘေးတွင် ရဲရှင်းချန်သည် ကျောက်တုံးကြီးတစ်ခုပေါ်၌ တင်ပျဉ်ခွေထိုင်နေသည်။ သူ့ရှေ့တွင် အပြာ-ခရမ်းရောင်အလင်းတန်းများ ထုတ်လွှတ်နေသော ကျောက်စိမ်းပြားတစ်ခုက ပျံဝဲနေသည်။

ပြီးခဲ့သောညက ချယာကျဲက သူ့ကိုလာကြိုပြီး ချမိသားစုရဲတိုက်သို့ ခေါ်ဆောင်သွားပြီးနောက် ရဲရှင်းချန်သည် သူ၏ကိုယ်ပိုင်နည်းလမ်းများနှင့် ချယာမိသားစုက စုဆောင်းထားသော ဆေးဖက်ဝင်အပင်များကို အသုံးပြုကာ အဘိုးကြီး၏ နာတာရှည်ရောဂါကို ကုသပေးခဲ့သည်။

ရောဂါပျောက်ကင်းသွားသော သခင်ကြီးချယာသည် သူ့ကိုကယ်တင်ခဲ့သည့် ရဲရှင်းချန်ကို ဆိုးဆိုးရွားရွား ဆက်ဆံမည်မဟုတ်ပေ။ ထို့အပြင် ရဲရှင်းချန်သည် သာမန်လူတစ်ယောက်မဟုတ်ဘဲ ခွမ်းယန်မြို့ငယ်လေးတွင် ခိုအောင်းနေသော နဂါးတစ်ကောင်ဖြစ်ကြောင်း သူသိမြင်နိုင်သည်။

သူသည် တစ်နေ့မဟုတ်တစ်နေ့ ကောင်းကင်ပေါ်သို့ ပျံတက်သွားမယ့် အစွမ်းအစရှိတဲ့ နဂါးတစ်ကောင်ပေါ့။

ရဲရှင်းချန်နှင့် ရင်းနှီးခင်မင်မှုရရှိရန် သခင်ကြီးချသည် သူ့အား ယွမ် သန်း ၂၀ ပါသည့် ဘဏ်ကတ်တစ်ကတ်အပြင် ဇိမ်ခံကားနှင့် အိမ်ကြီးတစ်လုံးကိုပါ တိုက်ရိုက်ပေးအပ်ခဲ့သည်။

ရဲရှင်းချန်ကတော့ ပိုက်ဆံကို လုံးဝစိတ်မဝင်စားပေ။ သူအလေးထားဆုံးအရာမှာ သခင်ကြီးချယာ ယခင်က လက်ထဲတွင် ကိုင်ဆော့ကစားနေသည့် ကျောက်စိမ်းပြားသာဖြစ်သည်။

သခင်ကြီးချသည် ရဲရှင်းချန်က သူ့ကိုကုသပေးခြင်းမှာ ထိုကျောက်စိမ်းပြားအတွက်သာဖြစ်ကြောင်း သိပြီးဖြစ်သောကြောင့် သူ့အား တိုက်ရိုက်ပေးအပ်လိုက်သည်။ ဇိမ်ခံကားများ၊ အိမ်ကြီးများနှင့် ဘဏ်ကတ်များကိုလည်း ပြန်ယူရန် ရည်ရွယ်ချက်မရှိပေ။

ကျောက်စိမ်းပြားကို ရရှိပြီးနောက် ရဲရှင်းချန်သည် သူယခင်က လေ့ကျင့်ခဲ့ဖူးသော ရေကန်သို့ တန်းတန်းမတ်မတ် သွားခဲ့ပြီး ထိုနေရာတွင် တစ်နေ့တစ်ညလုံး ကျင့်ကြံအားထုတ်နေခဲ့သည်။

ရဲရှင်းချန်၏ ကိုယ်ရံတော် ဇီးကွက်သည်လည်း ရဲရှင်းချန်နှင့်အတူ တစ်နေ့တစ်ညလုံး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ဇီးကွက်က ရဲရှင်းချန် သေသွားပြီလောဟု စိုးရိမ်နေချိန်မှာပင် မြွေစိမ်း ပေါ်လာခဲ့သည်။

မြွေစိမ်းသည် ယခင်က ရဲရှင်းချန်ကို ပစ်မှတ်ထားရန် ကြံစည်ခဲ့သည်။

ယခုတစ်ကြိမ် သူလာရသည့်အကြောင်းမှာ ရဲရှင်းချန်နှင့် သူ့နောက်ကွယ်မှ ကိုယ်ရံတော်များ၏ အကြောင်းစုံကို စုံစမ်းရန်ဖြစ်သည်။

မြွေစိမ်းက ရဲရှင်းဟွေ့တွင် ကိုယ်ရံတော်များရှိသကဲ့သို့ ရဲရှင်းချန်တွင်လည်း ကိုယ်ရံတော်များ ရှိရမည်ဟု ယုံကြည်ထားသည်။

မြွေစိမ်း ထိုနေရာသို့ ရောက်လာပြီးနောက် ရဲရှင်းချန်သည် ကျောက်စိမ်းပြားထဲမှ ကြယ်စွမ်းအင်အားလုံးကို စုပ်ယူပြီးသွားခဲ့သည်။

ကျောက်စိမ်းပြားသည် ၎င်း၏ ဝိညာဉ်စွမ်းအင်များ ဆုံးရှုံးသွားပြီးနောက် မီးခိုးရောင်-အဖြူရောင် ကျောက်တုံးတစ်တုံးအဖြစ်သို့ ပြောင်းလဲကာ မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။

ထိုအချိန်တွင် ဇီးကွက်သည်လည်း ဝက်ဝံကန်းကို ဆက်သွယ်ပြီး မြွေစိမ်းသည် သူကာကွယ်ပေးနေရသော ပစ်မှတ်ဖြစ်သူ ရဲရှင်းချန်အနီးသို့ ချဉ်းကပ်လာနေကြောင်း ပြောပြလိုက်သည်။

သို့သော် ဝက်ဝံကန်းကတော့ ရဲရှင်းချန်၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုမရှိပေ။

ပထမအချက်မှာ ရဲရှင်းချန်သည် သာမန်လူတစ်ယောက်မဟုတ်ပေ။ ဝက်ဝံကန်းနှင့် ဇီးကွက်နှစ်ယောက်လုံး ဤအချက်ကို ကောင်းကောင်းသိကြသည်။

ပြီးတော့ ဇီးကွက်မှာ အခိုင်မာဆုံး သက်သေရှိသည်။ အကြောင်းမှာ သူသည် ရဲရှင်းချန်၏ အံ့ဖွယ်ကောင်းသော ကျင့်ကြံမှုဖြစ်စဉ်ကို နှစ်ကြိမ်တိုင်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသောကြောင့်ဖြစ်သည်။

All Chapters