← Chapters

လုံခြုံစိတ်ချရသည့် ခံစားမှု

Vol. 4 Ch. 50

လုံခြုံစိတ်ချရသည့် ခံစားမှု

Vol. 4 Ch. 50

ရဲရှင်းဟွေ့သည် လူခြောက်ကပ်နေသော နေရာတစ်ခုသို့ ရောက်လာပြီး ကြောင်နှစ်ကောင်က သူ့နောက်သို့ လိုက်လာသည်။

ကြောင်နှစ်ကောင်လုံးသည် တော်တော်လေး ဝဖြိုးနေကြကာ အစားအသောက် ကောင်းကောင်းစားရမှန်း သိသာသည်။

“ဒီအနီးအနားမှာ ကြောင်ရိုင်း ဘယ်နှစ်ကောင်လောက်ရှိလဲ” ရဲရှင်းဟွေ့က ရှေ့မှလျှောက်နေသော ကြောင်ကျားကို မေးလိုက်သည်။

“အစ်ကိုကြီး သူက ကျွန်တော်တို့နဲ့ တကယ်စကားပြောနေတာပဲ သူက လူတွေပြောပြောနေတဲ့ ကြောင်မိစ္ဆာများလား”

ကြောင်ကျား၏နောက်မှ လိမ္မော်ရောင်ကြောင်က မယုံနိုင်စွာ ပြောလိုက်သည်။

“ငါက ကြောင်မိစ္ဆာမဟုတ်ဘူး ဒါပေမဲ့ မင်းတို့ပြောတာကို ငါနားလည်တယ်။ ဒါကြောင့် ငါ့မေးခွန်းကို အရင်ဖြေ။ ဒီအနီးအနားမှာ ကြောင်ရိုင်း ဘယ်နှစ်ကောင်လောက်ရှိလဲ”

ရဲရှင်းဟွေ့က ဤသို့မေးရခြင်းမှာ သူ့တွင် အကြံတစ်ခုရှိသောကြောင့် ဖြစ်သည်။ ထိုအကြံမှာ တိရစ္ဆာန်စစ်တပ်တစ်ခု ဖွဲ့စည်းရန်ဖြစ်သည်။ သူတို့ကို တိုက်ခိုင်းရန် မဆိုထားနှင့် သတင်းအချက်အလက် စုဆောင်းရန်အတွက်သာဆိုလျှင်ပင် ဤကြောင်ရိုင်းများ၊ ငှက်များနှင့် အခြားတိရစ္ဆာန်များသည် အလွန်အသုံးဝင်သည်။

“ကျွန်တော်တို့က ဒီရပ်ကွက်နဲ့ သူ့ပတ်ဝန်းကျင်မှာပဲ လှုပ်ရှားတာ။ ဒီမှာ ကြောင်အကောင် ၃၀ ကျော်လောက်တော့ ရှိလိမ့်မယ်” ရှေ့မှ ခေါင်းဆောင်ဖြစ်သော ကြောင်ကျားက စကားမပြောရသေးခင်မှာပင် လိမ္မော်ရောင်ကြောင်က သူတို့မိသားစု၏ အကြောင်းစုံကို ဖွင့်ချလိုက်သည်။

ထိုအဖြစ်ကြောင့် ကြောင်ကျားက သူ့ကို စိတ်ထဲမှ အသုံးမကျတဲ့ကောင်ဟု ကျိန်ဆဲလိုက်ပြီးနောက် ပြောလိုက်သည်မှာ “ သူက ဘာမှမသိတဲ့ ညီငယ်လေးတစ်ယောက်ပဲ။ ငါ့လက်အောက်မှာ ကြောင်ရိုင်းအကောင် ၄,၀၀၀ ကျော်တောင်ရှိတယ် ဒါကြောင့် ငါတို့ကို လာမစနဲ့။ ငါ့ကို စိတ်တိုအောင်လုပ်ရင် မင်းတို့အိမ်ရှေ့မှာ နေ့တိုင်းလာပြီး အညစ်အကြေးစွန့်ပစ်မယ်”

“အိုး” ရဲရှင်းဟွေ့က ဘာမှမဖြစ်သလို ပြန်ပြောလိုက်သည်။

ဘေးမှ လိမ္မော်ရောင်ကြောင်က သူ့ဘော့စ်ကို အထင်ကြီးလေးစားသော မျက်လုံးများဖြင့် ကြည့်ကာ “ဘော့စ် ဘော့စ်က ဒီလောက်တောင် စွမ်းတယ်ဆိုတာ ကျွန်တော်မထင်ထားဘူး။ အပြင်က ကြောင်ရိုင်းတွေက ဘော့စ်ကို နေ့တိုင်း ဝိုင်းထိုးနေတာတွေက ဟန်ဆောင်နေတာလား”

ကြောင်ကျား: ..........

“ဟားဟားဟားဟား” ရဲရှင်းဟွေ့က အားရပါးရ ရယ်မောလိုက်သည်။ “ဒါဆို မင်းက ကြောင်ဘော့စ်ကြီး ဘာညာမဟုတ်ဘဲ ဒီရပ်ကွက်ထဲမှာ ချစ်စရာကောင်းအောင်နေပြီး အသက်မွေးနေတဲ့ အဆီတုံးကြောင်နှစ်ကောင်ပဲပေါ့”

သူ၏လျှို့ဝှက်ချက်များ ပေါ်သွားသည်ကို မြင်သောအခါ ကြောင်ကျားမှာ မှင်သက်သွားသည်။ ဒီလူသားက ဒီလောက်တောင် ပါးနပ်လိမ့်မည်ဟု သူ မထင်ထားခဲ့‌ေပ။

အကယ်၍ ရဲရှင်းဟွေ့သာ ထိုကြောင်၏ အတွေးကို သိပါက သူ ကျိန်းသေပေါက် ပြန်ပြောမိမည်မှာ “ကျစ်... ဒီနားတစ်ဝိုက်လေး ပြောနေတာကို... ကူယန်မြို့တစ်မြို့လုံးမှာတောင် ကြောင်ရိုင်း အကောင် ၃,၀၀၀ ရှာလို့ရပါ့မလား။ လိမ်တာတောင် ခိုင်ခိုင်မာမာမလိမ်တတ်ဘူး”

ရဲရှင်းဟွေ့က ကြောင်ကျားကို လျစ်လျူရှုကာ လိမ္မော်ရောင်ကြောင်ကို ကြည့်လိုက်သည်။

“ဟေး လိမ္မော်ရောင်ကြောင်ဝတုတ်၊ မင်းကိုငါမေးမယ်၊ မင်းပြောတော့ ဒီနားမှာ ကြောင်ရိုင်း အကောင် ၃၀ ကျော်ရှိတယ်ဆို မင်း သူတို့အားလုံးကို သိလား”

ထိုသို့ကြားသောအခါ လိမ္မော်ရောင်ကြောင်က မဆိုင်းမတွ ပြန်ဖြေသည်မှာ “အားလုံးနီးပါးကို သိပါတယ်။ ပိုတိတိကျကျပြောရရင် သူတို့အားလုံးက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ထိုးဖူးကြတယ်”

ရဲရှင်းဟွေ့: .....

“သူတို့အားလုံးက မျက်တစ်လုံးရဲ့ လက်အောက်က ကြောင်တွေပဲ။ မင်းသာ ဥဖြတ်ချင်တယ်ဆိုရင် သူတို့က အသင့်တော်ဆုံးပဲ”

ကြောင်ကျားက “ဥဖြတ်” ဆိုသည့် အဓိကစကားလုံးကို ကြားသောအခါ သူလည်း စိတ်လှုပ်ရှားလာသည်။ “ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် အဲ့ဒီမျက်တစ်လုံးကောင်က သိပ်ကိုမောက်မာတာ။ သွားပြီး သူ့ဥကို ဖြတ်ပစ်လိုက်စမ်းပါ။ နောက်ဘယ်လောက်တောင် မောက်မာနိုင်သေးလဲ ကြည့်ရတာပေါ့”

“မင်းတို့ကြောင်တွေအတွက် ဥဖြတ်ခံရတာက ရှက်စရာကောင်းလို့လား” ရဲရှင်းဟွေ့က နားမလည်စွာ မေးလိုက်သည်။

ရဲရှင်းဟွေ့က ကြောင်များကို သင်းကွပ်ပေးရမှန်း သိသည်။ အကြောင်းမှာ သင်းကွပ်ခြင်းက ကြောင်များကို ရာသီမလာအောင် တားဆီးပေးပြီး သူတို့၏ သက်တမ်းကိုလည်း ရှည်စေသောကြောင့် ဖြစ်သည်။

“ရှက်စရာကောင်းတာထက်တောင် ပိုသေးတယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အနိမ့်ဆုံးအထိ ကျသွားမှာ။ မျက်တစ်လုံးနဂါးသာ တကယ် ဥဖြတ်ခံလိုက်ရရင် ငါတောင် သူ့ကိုနိုင်ချင်နိုင်မှာ မဟုတ်ဘူး”

ကြောင်ကျား၏ ကြောက်ရွံ့သောစကားကို ကြားပြီးနောက် ရဲရှင်းဟွေ့မှာ စကားမပြောနိုင်တော့။ မျက်တစ်လုံးနဂါး သင်းကွပ်ခံထားရတာတောင် သူနိုင်မှာသေချာတယ်လို့ မပြောဘဲ နိုင်ချင်နိုင်မှာဟုသာ ပြောသည်။ ဒီကြောင်ကတော့ ချစ်စရာကောင်းအောင်နေပြီး အသက်မွေးရုံပဲ တတ်နိုင်မည့်ပုံပင်။

“ကြောင်စာ သုံးပေါင်ပေးမယ်၊ မျက်တစ်လုံးနဂါး ဘယ်မှာရှိလဲ ပြောပြ”

ရဲရှင်းဟွေ့က မျက်တစ်လုံးနဂါး၏ နေရာကို စုံစမ်းနေသည်ကို မြင်သောအခါ ကြောင်ကျားမှာ အလွန်ပျော်သွားသည်။ အကြောင်းမှာ လွန်ခဲ့သောတစ်နှစ်လုံး သူခံခဲ့ရသော အရိုက်အနှက်များအတွက် နောက်ဆုံးတွင် လက်စားချေနိုင်တော့မည် ဖြစ်သောကြောင့်ပင်။

“သုံးကီလို မလိုပါဘူး၊ နှစ်ကီလိုခွဲဆို ရပါပြီ” ကြောင်ကျားက ပြောရင်း ဤကြောင်လောက၏ ဘော့စ်ဖြစ်သူ မျက်တစ်လုံးနဂါး လေ့ရှိသည့်နေရာကို ဖွင့်ချလိုက်သည်။

အနီးအနားမှ ကြောင်ဘော့စ်၏ နေရာကို သိသွားပြီးနောက် ရဲရှင်းဟွေ့သည် ချစ်စရာကောင်းအောင်နေပြီး အသက်မွေးနေသော ကြောင်ဝတုတ်နှစ်ကောင်ကို ဆက်ပြီး အနှောင့်အယှက်မပေးတော့ပေ။

ရဲရှင်းဟွေ့က ယနေ့ကျောင်းဆင်းပြီးနောက် ရပ်ကွက်ထဲရှိ ကြောင်ဘော့စ် မျက်တစ်လုံးနဂါးကို သွားရှာရန် စီစဉ်လိုက်သည်။

မျက်တစ်လုံးနဂါးကိုသာ သူထိန်းချုပ်နိုင်မည်ဆိုလျှင် ရပ်ကွက်အနီးတစ်ဝိုက်မှ အန္တရာယ်များကို သတိပေးစောင့်ကြည့်ရန် အနီးအနားရှိ ကြောင်များကို သူခိုင်းစေနိုင်ပေမည်။

ရဲရှင်းဟွေ့က သူ့အစ်ကိုကို တိတ်တဆိတ်ကာကွယ်ပေးနေသော ဇီးကွက်သည် လက်ဖြောင့်တပ်သားတစ်ဦးဖြစ်ကြောင်း သိသည်။ သို့သော် လူသတ်သမားကကော။ လူသတ်သမားကလည်း လက်ဖြောင့်သမား ဖြစ်နိုင်သည် မဟုတ်လော။

ထို့ကြောင့် မိမိ မကြာခဏ သွားလာလှုပ်ရှားနေသော နေရာများ၏ လုံခြုံရေးကို အာရုံစိုက်ရန်မှာ အရေးကြီးဆုံးဖြစ်သည်။

လက်ရှိတွင် သူအများဆုံး သွားလာလှုပ်ရှားနေသည့် နေရာများမှာ ပထမ၊ ဂျင်းဒူရပ်ကွက်၊ ဒုတိယ၊ ကျောင်း၊ နောက်ဆုံးမှာတော့ ရပ်ကွက်နှင့် ကျောင်းကြား အကွာအဝေးဖြစ်သည်။

ပထမဆုံးအနေဖြင့် ရပ်ကွက်နှင့် ပတ်ဝန်းကျင်၏ လုံခြုံရေးကို သတိပေးစောင့်ကြည့်ရန် ကြောင်တစ်အုပ်ကို ရအောင်လုပ်မည်။ ထို့နောက် ကျောင်းနှင့် ကျောင်းမှ ဂျင်းဒူရပ်ကွက်သို့ သွားရာလမ်းတစ်လျှောက် လုံခြုံရေးပြဿနာများကို သတိပေးစောင့်ကြည့်ရန် ငှက်တစ်အုပ်ကို ရအောင်လုပ်မည်။

မဝေးတော့သောအနာဂတ်တွင် သူ၏ သတင်းအချက်အလက်ကွန်ရက်အဖြစ် တိရစ္ဆာန်စစ်တပ်အများအပြား ရှိလာတော့မည်ဟု တွေးမိသောအခါ ရဲရှင်းဟွေ့သည် အလွန်လုံခြုံသည်ဟု ခံစားလိုက်ရသည်။

……

ပုံမှန်အတိုင်းပင် ရဲရှင်းဟွေ့သည် အပြေးလေ့ကျင့်ပြီး မနက်စာဝယ်ကာ အိမ်ပြန်လာသည်။ ယနေ့တွင် သူသည် မနက်စာတစ်ယောက်စာ ပိုဝယ်လာခဲ့ရာ ထိုတစ်ယောက်စာမှာ သူ့အစ်ကိုအတွက်ပင် ဖြစ်သည်။

အိမ်ပြန်ရောက်၍ မနက်စာစားပြီးနောက် သူတို့သုံးယောက်အတူ ကျောင်းသို့ ထွက်လာခဲ့ကြသည်။

လမ်းတွင် ရဲရှင်းဟွေ့က သူ့အစ်ကိုကို ကြည့်ကာ မေးလိုက်သည် “အစ်ကို ဒီနေ့ ဘာလို့ ကျောင်းမပြေးတာလဲ”

“ဒီနေ့ ဘာမှလုပ်စရာမရှိလို့” ရဲရှင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အမှန်တကယ်တွင် ရဲရှင်းချန်၏ အဓိကရည်ရွယ်ချက်မှာ ရဲရှင်းဟွေ့ကို ကာကွယ်ရန်ဖြစ်သည်။ ရဲရှင်းဟွေ့ဘေးတွင် မျက်ကန်းဝက်ဝံ ဟုခေါ်သော သခင်တစ်ဦးရှိမှန်း သူသိသော်လည်း ရဲရှင်းချန်က အနည်းငယ် စိတ်ပူနေဆဲဖြစ်သည်။ အော်ရိုဘိုရော့စ်အဖွဲ့အစည်းကို မသတ်ခင်အထိ သူသည် ရဲရှင်းဟွေ့ကို သူ့အနားတွင် ယာယီထားရန် ဆုံးဖြတ်ထားသည်။

ရဲရှင်းဟွေ့ မနေ့က တိုက်ခိုက်ခံရကြောင်း သိပြီးနောက် ရဲရှင်းချန်သည် ညတွင်းချင်း အကာအကွယ်ပေးသော ကျောက်စိမ်းအဆောင်တစ်ခုကို အလျင်အမြန် ပြုလုပ်ခဲ့သည်။

“ဒါကိုယူသွား” စကားပြောရင်း ရဲရှင်းချန်က သူ့အိတ်ကပ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။

ကျောက်စိမ်းပြား၏ အရည်အသွေးမှာ သိပ်မကောင်းလှဘဲ အညစ်အကြေးများလည်း အတော်လေးပါဝင်နေသည်။ သို့သော် ရဲရှင်းဟွေ့က ၎င်းကို လက်ထဲတွင် ကိုင်လိုက်သောအခါ ဤကျောက်စိမ်းပြားသည် သာမန်မဟုတ်ကြောင်း ခံစားလိုက်ရသည်။

“မသေမျိုးဧကရာဇ်က ငါ့ကို ကျောက်စိမ်းပြားပေးတယ်လား။ ဒါက နောက်ထပ် ပုံစံခွက်ထဲဝင်နေတဲ့ ဇာတ်လမ်းဇာတ်ကွက်ပဲ ဒါပေမဲ့ မသေမျိုးဧကရာဇ်ပေးတဲ့ ကျောက်စိမ်းပြားက တန်ဖိုးသိပ်ရှိမှာမဟုတ်ပေမဲ့ ငါ့အသက်ကိုတော့ ကယ်နိုင်လောက်တယ်”

ရဲရှင်းဟွေ့က ကျောက်စိမ်းပြားကို ယူရင်း စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

ရဲရှင်းဟွေ့က ကျောက်စိမ်းပြားကို ရရချင်းမှာပင် သူ့ပတ်ပတ်လည်တွင် ကြည်လင်သော အကာအကွယ်တစ်ခု ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။

“ခံစားမိတယ် မဟုတ်လား” ရဲရှင်းဟွေ့၏ အံ့အားသင့်နေသည့် အမူအရာကို မြင်သောအခါ ရဲရှင်းချန်က သူ့ညီသည် ကျောက်စိမ်းပြား၏ လျှို့ဝှက်ချက်ကို သိရှိသွားပြီဖြစ်ကြောင်း သိလိုက်သည်။

သာမန်လူများဆိုလျှင် ကျောက်စိမ်းပြားမှ ထုတ်လွှတ်သော အကာအကွယ်လွှာကို မြင်နိုင်မည်မဟုတ်ပေ။ သို့သော် ရဲရှင်းဟွေ့တွင် သူပေးထားသော ဝိညာဉ်လျှို့ဝှက်နည်းစနစ်ရှိသည်။ ဝိညာဉ်လျှို့ဝှက်နည်းစနစ်က အားကောင်းသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ကျင့်ကြံခြင်း၏ တံခါးဝကို ထိတွေ့ပြီးဖြစ်သောကြောင့် ကျောက်စိမ်းပြား၏ စွမ်းအားကို ခံစားမိခြင်းမှာ အံ့သြစရာမရှိပေ။

“အင်း” ရဲရှင်းဟွေ့က ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒီအကာအကွယ်က ဘယ်လောက်ပြင်းတဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်လဲ”

ရဲရှင်းဟွေ့ ပို၍စိုးရိမ်သည်မှာ ဤအကာအကွယ်က ကျည်ဆန်များ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ခြင်း ရှိ၊ မရှိပင်ဖြစ်သည်။ ဖြစ်နိုင်လျှင် လက်ဖြောင့်သေနတ်ကျည်ဆန်များကို ကာကွယ်နိုင်လျှင် ပိုကောင်းသည်။

ရဲရှင်းချန်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ “ငါ့ရဲ့ အင်အား ၈၀ ရာခိုင်နှုန်းလောက်နဲ့ တိုက်ခိုက်တာကိုတော့ ကာကွယ်နိုင်မှာ သေချာတယ် ပြီးတော့ သုံးကြိမ်သုံးလို့ရတယ်”

သူ့အစ်ကို၏ စကားကို ကြားပြီးနောက် ရဲရှင်းဟွေ့မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ အကြောင်းမှာ သူ့အစ်ကို မည်မျှလောက်အားကြီးသည်ကို သူ လုံးဝမသိသောကြောင့်ပင်။

ထိုအဖြစ်ကို မြင်သောအခါ ရဲရှင်းချန်က ရဲရှင်းဟွေ့ ဘာစဉ်းစားနေသည်ကို သိသွားပုံရသည်။ ထို့နောက် သူက သူ၏လက်ညှိုးကို ထောင်ပြကာ ပြောလိုက်သည်။ “ဒီလောက်လောက်တော့ အားကြီးတယ်”

စကားပြောရင်း ရဲရှင်းချန်က ရှေ့သို့ လက်ညှိုးထိုးလိုက်ရာ စွန်ပလွံစေ့အရွယ် အလင်းစက်လေးတစ်ခု ပျံထွက်သွားသည်။

အလင်းစက်က လေထဲတွင် လမ်းကြောင်းပြောင်းကာ ရဲရှင်းဟွေ့၏ ဘေးရှိ နံရံကို ထိမှန်သွားသည်။

နံရံသည် အလွန်ခိုင်မာသော ကွန်ကရစ်နံရံဖြစ်ပြီး အကျယ်မှာ မီတာဝက်ခန့် ရှိသည်။

ရဲရှင်းဟွေ့က အလင်းစက်သည် နံရံကို ဖောက်ထွင်းကာ အဝေးသို့ ပျံထွက်သွားသည်ကို ကြောင်ပြီး ကြည့်နေမိသည်။

သို့သော် အလင်းစက်က မီတာအနည်းငယ်မျှ မပျံသန်းရသေးခင်မှာပင် ရဲရှင်းချန်က လက်ဝေ့ယမ်းကာ ၎င်းကို ပြန်ရုပ်သိမ်းလိုက်သည်။

အလင်းစက်ကို ရုပ်သိမ်းပြီးနောက် ရဲရှင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဒါက ငါ့အင်အားရဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိသေးတယ်”

ထိုစကားကို ကြားသောအခါ ရဲရှင်းဟွေ့လည်း တုန်လှုပ်သွားသည်။

ရဲရှင်းဟွေ့က မီတာဝက်ထူသော ကွန်ကရစ်နံရံကို ဘားရက်ရိုင်ဖယ် ကဲ့သို့သော သေနတ်မျိုးမှသာ ဖောက်ထွင်းနိုင်မည်ဖြစ်ပြီး ထိုထက်ငယ်သော လက်ဖြောင့်သေနတ်များဖြင့် ဖောက်ထွင်းရန် ခက်ခဲလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

သို့သော် သူ့အစ်ကို၏ အင်အား လေးပုံတစ်ပုံကပင် လွယ်လွယ်ကူကူ ဖောက်ထွင်းသွားနိုင်လျှင် ရှစ်ပုံတစ်ပုံဆိုလျှင်ကော။

ရုတ်တရက်ရလိုက်သည့် လုံခြုံစိတ်ချမှုကြောင့် ရဲရှင်းဟွေ့မှာ ပိုက်ဆံပြန်သုံးဖို့ အရင်းအနှီးရှိသွားပြီဟု ခံစားလိုက်ရတော့သည်။

All Chapters