← Chapters

ရေခဲမြွေပွေး မင်း ဘာလိုချင်တာလဲ။

Vol. 4 Ch. 52

ရေခဲမြွေပွေး မင်း ဘာလိုချင်တာလဲ။

Vol. 4 Ch. 52

ကူယန်အလယ်တန်းကျောင်း၏ စားသောက်ဆိုင်အပြင်ဘက်၌။

ရဲရှင်းဟွေ့သည် ဝက်ဝံမျက်ကန်းနှင့်အတူ ထွက်လာစဉ် လက်ကိုင်ဖုန်းများ ကိုင်ဆောင်ထားသော ကျောင်းသားကျောင်းသူများက သူတို့နောက်သို့လိုက်ကာ ဓာတ်ပုံရိုက်ကြသည်။

လမ်းတစ်လျှောက်တွင် ကျောင်းသူအများအပြားက သူ့ ဘေးပတ်လည်တွင် ဝိုင်းအုံလာကြ၏။

ရဲရှင်းဟွေ့ သတိမထားမိသည်က ရုပ်ရည်ချောမောသော်လည်း မျက်ဝန်းထဲတွင် အေးစက်သော အကြည့်များရှိသည့် ကျောင်းသူတစ်ယောက်က လူအုပ်နှင့်အတူ ရောပါလာကာ ရဲရှင်းဟွေ့ဆီသို့ လျှောက်လှမ်းလာနေခြင်းပင်။

အကယ်၍ ရဲရှင်းဟွေ့သာ ထိုသူကို မြင်လိုက်ပါက သူ သေချာပေါက် မှတ်မိပေလိမ့်မည်။ ထိုသူမှာ မနေ့က သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့သော ရေခဲမြွေပွေး (Ice Viper) ပင် ဖြစ်သည်။

ယခုအချိန်တွင် ရေခဲမြွေပွေးသည် ဆယ်ကျော်သက်အရွယ် ကျောင်းသူတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည်။ သူမ၏ အေးစက်သောဟန်ပန်ကြောင့် ပတ်ဝန်းကျင်မှ ကျောင်းသားကျောင်းသူများက သူမအတွက် အလိုလိုပင် လမ်းဖယ်ပေးကြ၏။

ယခင် ခြေနှိပ်ခန်းထဲတွင် ရေခဲမြွေပွေး၏ ရဲရှင်းဟွေ့ကို လုပ်ကြံမှုသည် ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ခြင်းဖြစ်သော်လည်း ယခုတစ်ကြိမ်မှာတော့ တိုးတိုးတိတ်တိတ် သန့်သန့်ရှင်းရှင်း လုပ်ကြံသတ်ဖြတ်မှာဖြစ်၏။

သူမသည် ပုံဖျက်ထားရုံသာမက သတ်ဖြတ်လိုသည့်အငွေ့အသက်ကိုပါ ဖုံးကွယ်ထားပြီး သူမသုံးသည့် အပ်ထောင်ချီပေါ်တွင်‌ သွေးနှင့်ထိရုံဖြင့် ချက်ချင်းအသက်ပျောက်စေနိုင်သော သေစေနိုင်သည့်အဆိပ်ကို သုတ်လိမ်းလာခဲ့သည်။

ရေခဲမြွေပွေးသည် သူမသုံးနေကျ ဆန်ဘုန်အသံတိတ်သတ်ဖြတ်ခြင်းနည်းစနစ်တွင် အဆိပ်ကို ဘယ်တုန်းကမှ မသုံးခဲ့ဖူးပေ။ အကြောင်းမှာ သူမ၏ အပ်ထောင်ချီသည် အဆိပ်မပါလျှင်ပင် နှလုံး သို့မဟုတ် လည်ချောင်းကဲ့သို့ အသက်နေရာများကို တိုက်ရိုက်ပစ်မှတ်ထားပြီး တစ်ချက်တည်းနှင့် သေစေနိုင်သည်ဟု ယုံကြည်၍ ဖြစ်သည်။

သို့သော် ယခင်တစ်ကြိမ် လုပ်ကြံမှု မအောင်မြင်ပြီးနောက်တွင် ရဲရှင်းဟွေ့၏ နောက်ကြောင်းကို ရေခဲမြွေပွေး သိသွားခဲ့သည်။ သူသည် အချက်အလက်များထဲကလို သာမန်အထက်တန်းကျောင်းသား တစ်ယောက်မဟုတ်ဘဲ လျင်မြန်ဖျတ်လတ်သော သိုင်းပညာရှင်တစ်ယောက်ဖြစ်နေသည်။

အကယ်၍ ယခင်တစ်ကြိမ်ကသာ သူမသည် အပ်ထောင်ချီပေါ်တွင် အဆိပ်သုတ်လိမ်းခဲ့ပါက ရဲရှင်းဟွေ့သည် အေးစက်ပြီး ခရမ်းရောင်သန်းနေသော အလောင်းတစ်လောင်း ဖြစ်နေလောက်ပြီ။

……

ဒီတစ်ကြိမ်တွင် ရေခဲမြွေပွေးသည် သူမ၏အငွေ့အသက်ကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားသောကြောင့် အန္တရာယ်နီးကပ်လာနေသည်ကို ရဲရှင်းဟွေ့ရော ဝက်ဝံမျက်ကန်းပါ သတိမထားမိကြပေ။

ရေခဲမြွေပွေး ရဲရှင်းဟွေ့နှင့် တစ်မီတာအကွာသို့ ရောက်နေစဉ်မှာပင် ဖြူဖွေးသော လက်တစ်ဖက်က သူမ၏ ပခုံးပေါ်သို့ ရောက်လာ၏။

တစ်ချိန်တည်းမှာပင် မည်သည့်ခံစားချက်မှမပါသော အသံတစ်ခုက သူမ၏နားထဲသို့ ရောက်လာသည်။

“လူပုံလယ်မှာ မသေချင်ဘူး မဟုတ်လား”

ဤစကားကိုကြားသောအခါ ရေခဲမြွေပွေး၏ မျက်လုံးများကျဉ်းမြောင်းသွားပြီးနောက် ရုတ်တရက် လှည့်ကာ သူမ၏ချွန်ထက်သော လက်သည်းများဖြင့် နောက်မှလူ၏ လည်ပင်းကို ကုတ်ချလိုက်သည်။

“ဟမ့်...” နောက်မှလူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ရေခဲမြွေပွေး၏ လက်ကောက်ဝတ်ကို လက်ညှိုးတစ်ချောင်းဖြင့် ထောက်လိုက်သည်။

“ဂျွတ်” ဟူသော အသံကျယ်တစ်ခု ထွက်ပေါ်လာပြီး ရေခဲမြွေပွေး၏ လက်မောင်းမှ အရိုးများ ကြေမွသွား၏။

အရိုးကျိုးသည့်နာကျင်မှုကြောင့် ရေခဲမြွေပွေးမှာ အလိုလိုညည်းညူမိသွားကာ တစ်ချိန်တည်းမှာပင် သူမရှေ့မှလူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရလေသည်။

သူ၏မျက်နှာမှာ ပစ်မှတ်ဖြစ်သူ ရဲရှင်းဟွေ့နှင့် ဆင်တူပြီး တည်ငြိမ်သော အမူအရာရှိသည်။

မှန်၏၊ ရေခဲမြွေပွေးကို တားလိုက်သူမှာ ရဲရှင်းချန်ပင် ဖြစ်လေသည်။

ရေခဲမြွေပွေးသည် သူမ၏သတ်ဖြတ်မည့်ဟန်များကို ကောင်းစွာဖုံးကွယ်ထားသော်လည်း သူမ၏အကြည့်များမှာ ရဲရှင်းဟွေ့နှင့် ဝက်ဝံမျက်ကန်းတို့အပေါ်၌သာ အမြဲရှိနေခဲ့ပြီး ထိုနှစ်ယောက်၏ အသက်နေရာများကိုသာ စူးစိုက်ကြည့်နေခဲ့သည်ပင်။

၎င်းကို သတိပြုမိ၍ ရဲရှင်းချန်က ရေခဲမြွေပွေးကို နောက်မှ အမြဲလိုက်ကြည့်နေခဲ့ပြီး သူမ တိုက်ခိုက်တော့မည့်ပုံနှင့် သတ်ဖြတ်လိုစိတ် အရိပ်အယောင်ပြလာမှလျှင် ဝင်တားခဲ့ခြင်းဖြစ်လေသည်။

…….

“မသေချင်ရင် ငါ့နောက်လိုက်ခဲ့...”

ရဲရှင်းချန်က ဤသို့ ပေါ့ပေါ့ပါးပါးပြော၍ လူအုပ်ထဲမှ ထွက်ခွာသွားသည်။

ရေခဲမြွေပွေးမှာ မကျေမနပ်ဖြစ်သော်လည်း နှုတ်ခမ်းကိုတင်းတင်းစေ့ကာ နောက်မှလိုက်သွားသည်။

ယခင်နေ့က ရေခဲမြွေပွေး၏ လုပ်ကြံမှု မအောင်မြင်ခဲ့ကာ ထို့နောက်တွင် သူသည် စွဲမက်မြွေပွေး (Charm Viper) နှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။

စွဲမက်မြွေပွေးကလည်း ရဲရှင်းချန်သည် မည်မျှစွမ်းအားကြီးမားသူဖြစ်ကြောင်း ပြောပြခဲ့၏။

သူ၏ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဖြစ်ပေါ်လာသော လေပြင်းက စွဲမက်မြွေပွေးကို ဒဏ်ရာရစေခဲ့သည်။ ရဲရှင်းချန် မည်မျှကြောက်စရာကောင်းသည်အား စိတ်ကူး၍သာ ကြည့်ကြည့်ပါလေ။

မူလက စွဲမက်မြွေပွေးသည် ဤတာဝန်ကို စွန့်လွှတ်ပြီး ထွက်ခွာသွားရန် စီစဉ်ထားခဲ့သည်။

သို့သော် ရေခဲမြွေပွေးကတော့ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်နိုင်သေးသည်ဟု ခံစားမိခဲ့၏။ တစ်ခါလောက် ကြိုးစားကြည့်ရုံဖြင့် ဘာမှမဖြစ်ဟု သူထင်ခဲ့သော်လည်း ယခုတော့ ရဲရှင်းချန်၏ လက်ထဲသို့ တိုက်ရိုက်ကျရောက်သွားခဲ့ရှာပြီ။

……

သူတို့နှစ်ယောက် ကျောင်းအပြင်ဘက်သို့ ရောက်လာကြသည်။ ရဲရှင်းချန်သည် လူသူမရှိ၊ စီစီတီဗီကင်မရာလည်းမရှိသော လမ်းကြားတစ်ခုကို ရှာပြီး ဝင်သွားသည်။ ရေခဲမြွေပွေးကလည်း သူ့နောက်မှ အလိုက်သင့်လိုက်ပါသွားလိုက်၏။

လမ်းကြားထဲရောက်သောအခါ ရေခဲမြွေပွေးက အေးစက်စွာ မေး၏။

“မင်း ဘာလိုချင်လဲ”

“ထွေထွေထူးထူးတော့ မဟုတ်ပါဘူး” ရဲရှင်းချန်က ပြန်ဖြေလိုက်ပြီးနောက် ရေခဲမြွေပွေး၏ ရင်ဘတ်ကို လက်ညှိုးတစ်ချောင်းတည်းဖြင့် တိုက်ရိုက်ထိုးဖောက်လိုက်သည်။

သူမ၏ရင်ဘတ်မှ သွေးများပန်းထွက်လာသည်ကို ကြည့်ရင်း ရေခဲမြွေပွေး အနည်းငယ်ကြောင်သွား၏။

“ငါ မသေချင်လို့ မင်းနောက်လိုက်လာတာပါလို့ ပြောခဲ့တယ်လေ”

အဝေးရှိ အမိုးပေါ်မှ ဇီးကွက်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တံတွေးကို အလိုလိုမျိုချလိုက်မိသည်။

“ငနာလိုပဲ၊ ဒီကောင်က ဘာစကားမှမပြောဘဲ တန်းတိုက်ခိုက်တာပဲလား။ စကားပြောခွင့်တောင် မပေးဘူးလား”

ရဲရှင်းချန်က သူ့ကို စကားပြောခွင့်မပေးခဲ့ဘူးလား၊ တကယ်တော့ ပေးခဲ့ပါသည်။ အနည်းဆုံးတော့ ရေခဲမြွေပွေးက မသေခင် “မင်း ဘာလိုချင်လဲ” ဟု ပြောခွင့်ရခဲ့သည်လေ။

ရေခဲမြွေပွေး၏ ရင်ဘတ်ကို ထိုးဖောက်လိုက်ပြီးနောက် ရဲရှင်းချန်သည် သူမ၏ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်ဘတ်ကို တစ်ချက်ကြည့်ပြီး လမ်းကြားထဲမှ ထွက်သွားသည်။

သူသည် ရေခဲမြွေပွေးကို မသတ်ခဲ့ပေ။ ဤတိုက်ခိုက်မှုက သူမကို အလွန်ဆုံး ပြင်းထန်စွာ ဒဏ်ရာရစေပြီး သူမ၏ခန္ဓာကိုယ်ထဲတွင် အချက်ပြသင်္ကေတတစ်ခု ချန်ထားခဲ့ခြင်းသာဖြစ်၏။

ဤသို့ပြုလုပ်ရခြင်းအကြောင်းမှာ ရဲရှင်းချန်သည် အူရိုဘိုးရို့စ် (Ouroboros) အဖွဲ့အစည်း၏ ခြေကုပ်စခန်းကို ရှာဖွေလိုသောကြောင့်ဖြစ်သည်။

ကြက်ဥအားလုံးကို တောင်းတစ်လုံးထဲ မထည့်သင့်။ သူ ဝက်ဝံမျက်ကန်းကို အူရိုဘိုးရို့စ်အကြောင်း စုံစမ်းခိုင်းထားသော်လည်း သူကိုယ်တိုင်လည်း သူ၏နည်းလမ်းဖြင့် အူရိုဘိုးရို့စ်ကို ရှာဖွေရမည်ဖြစ်သည်။

…….

ရဲရှင်းချန် ထွက်သွားပြီး မိနစ်အနည်းငယ်အကြာတွင် စွဲမက်မြွေပွေးသည် လမ်းထိပ်သို့ တိတ်တဆိတ်ရောက်လာသည်။

ရင်ဘတ်မှ သွေးများ တစိမ့်စိမ့်စီးကျနေလျက် ဒယိမ်းဒယိုင်ဖြင့် မတ်တပ်ထရပ်ရန် ကြိုးစားနေသော ရေခဲမြွေပွေးကို မြင်လိုက်ရသောအခါ သူမလည်း တုန်လှုပ်သွားသည်။

“ညီမလေး၊ နင် ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ”

ရေခဲမြွေပွေးသည် စွဲမက်မြွေပွေးကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“နင်ပြောတာမှန်တယ်၊ ငါတို့ ရဲရှင်းချန်ကို သွားမရှုပ်သင့်ဘူး...”

ဤစကားကို ပြောပြီးနောက် ရေခဲမြွေပွေး သတိလစ်သွားသည်။

မျက်နှာချင်းဆိုင် အဆောက်အဦ၏ အမိုးပေါ်မှ ဇီးကွက်သည် ရေခဲမြွေပွေး မသေသေးသည်ကို မြင်သော်လည်း သူမကို အသေသတ်ရန် ပစ်ခတ်ခြင်းမပြုခဲ့ပေ။

အကြောင်းမှာ ရဲရှင်းချန်၏ စွမ်းအားဖြင့် သူ၏ပြိုင်ဘက်ကို အနိုင်ယူနိုင်ခြင်းရှိမရှိ သိနိုင်မည်ဟု ဇီးကွက်က သိသောကြောင့်ဖြစ်သည်။ ရဲရှင်းချန်က ရေခဲမြွေပွေးကို လွှတ်ပေးလိုက်သည်မှာ သူ့အကြောင်းပြချက်နှင့်သူ ရှိရမည်ဟု ဇီးကွက်က ယူဆလိုက်လေ၏။

……

ရဲရှင်းချန် ကျောင်းဂိတ်သို့ ပြန်ရောက်သောအခါ ရဲရှင်းဟွေ့နှင့် ဝက်ဝံမျက်ကန်းတို့သည် လူအုပ်ကြီးကို တိုးဝှေ့ဖြတ်ကျော်ကာ နောက်ဆုံးတွင် ကျောင်းဂိတ်မှ ထွက်လာနိုင်ခဲ့ကြသည်။

ကျောင်းဂိတ်မှထွက်ပြီး လူအုပ်ထဲမှ လွတ်မြောက်သွားသောအခါ ရဲရှင်းဟွေ့က သီချင်းတစ်ပုဒ်ကို တိုးတိုးလေးညည်းလိုက်၏။

“ငါဟာ တောင်တွေ မြစ်တွေ ပင်လယ်တွေကို ဖြတ်ကျော်ခဲ့ပြီး၊ လူအုပ်တွေကြားထဲ လျှောက်လှမ်းခဲ့ဖူးတယ်။ ငါပိုင်ဆိုင်ခဲ့ဖူးသမျှအရာအားလုံးဟာ မျက်စိတစ်မှိတ်အတွင်း မီးခိုးတွေလို ပျောက်ကွယ်သွားခဲ့တယ်...”

ရဲရှင်းဟွေ့သည် သီချင်းလေးတစ်ပုဒ်ကို ညည်းရင်း ရဲရှင်းချန်နောက်မှ အိမ်သို့လိုက်လာသည်။

ခွင့်တိုင်တာလား… ငါက ဘယ်တော့မှ ခွင့်မတိုင်ဘူး၊ ကိုယ်တိုင်ကျောင်းပြေးတာကို ဘာလို့ ခွင့်တိုင်ရမှာလဲ

လမ်းကြားအဝင်ဝကို ဖြတ်သွားစဉ် ဝက်ဝံမျက်ကန်း၏ နှာခေါင်းက အနည်းငယ် ရှုံ့တွသွားပြီး တွေးလိုက်မိသည်။

‘ဘာလို့ သွေးနံ့ရနေတာလဲ။ လူသွေးနံ့ပါလား’

ဝက်ဝံမျက်ကန်း၏ မျက်စိသည် နေ့ဘက်တွင် သိပ်မကောင်းသော်လည်း သူ၏နှာခေါင်းကတော့ အလွန်အနံ့ခံကောင်းသည်ပင်။

ဝက်ဝံမျက်ကန်း အတွေးပွားနေစဉ်မှာပင် သူ၏နားထဲတွင် တပ်ထားသော မမြင်ရသည့် ဘလူးတုသ်နားကြပ်မှ ဇီးကွက်၏အသံ ထွက်ပေါ်လာသည်။

ဇီးကွက်က ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြခဲ့သည်။

ဖြစ်ပျက်ခဲ့သည်များကို သိလိုက်ရပြီးနောက် ဝက်ဝံမျက်ကန်းလည်း လမ်းကြားထဲဝင်စစ်ဆေးမည့် အတွေးကို လက်လျှော့လိုက်တော့လေ၏။

……

သူတို့သုံးယောက် အိမ်ပြန်ရောက်ပြီးနောက် ရဲရှင်းဟွေ့ တန်းထွက်သွားလိုက်သည်။

သူ့တွင် သိပ်ထုပ်ပိုးစရာမရှိ၊ အပိုအဝတ်အစားအချို့သာဖြစ်သည်။

ရဲရှင်းဟွေ့ အပြင်ထွက်သွားခြင်းမှာ အခြားအကြောင်းကြောင့်မဟုတ်ဘဲ ဤနယ်မြေ၏ ကြောင်ဘော့စ်ဖြစ်သူ နဂါးမျက်တစ်လုံး (One-Eyed Dragon) ကို ရှာဖွေရန်.....။

All Chapters