← Chapters

ကြောင်ဘော့စ် မျက်လုံးတစ်ဖက်နဂါး

Vol. 4 Ch. 53

ကြောင်ဘော့စ် မျက်လုံးတစ်ဖက်နဂါး

Vol. 4 Ch. 53

ကြောင်ဖိုးဝနှစ်ကောင် ပြောပြချက်အရ ဒီနယ်မြေမှ ကြောင်ဘော့စ် မျက်လုံးတစ်ဖက်နဂါးသည် ကျင်းတုရပ်ကွက်အစွန်နားက သစ်ပင်ကြီးအချို့အနီးမှာ လှုပ်ရှားသွားလာတတ်သည်။

သစ်ပင်ကြီးများ၏ထိပ်ပိုင်းသည် ရပ်ကွက်ခြံစည်းရိုးအပြင်ဘက်သို့ ရောက်နေပြီး ဒီကြောင်ရိုင်းများသည် သစ်ပင်ထိပ်များမှတစ်ဆင့် ခြံစည်းရိုးကို အချိန်မရွေးခုန်ကျော်ကာ ကျင်းတုရပ်ကွက်အပြင်ဘက်မှာ အစာရှာထွက်နိုင်သည်။

ရဲရှင်းဟွေ့ ထိုနေရာသို့ရောက်သောအခါ ကြောင်အချို့ သစ်ပင်ထိပ်များပေါ်မှာရပ်ပြီး သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဟမ့် ဒီနေရာကို လူတစ်ယောက် ဘာလို့ရောက်နေတာလဲ။”

“သူ ဆီးလာသွားပြန်ပြီထင်တယ်ကွာ။”

“ငါထင်တာတော့ ဝမ်းလာသွားတာနေမှာ။”

ကြောင်အချို့၏ဆွေးနွေးသံကိုကြားပြီးနောက် ရဲရှင်းဟွေ့မှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

ရဲရှင်းဟွေ့ တစ်ခုခုပြောမည်ကြံရုံရှိသေး၊ ကြောင်တစ်ကောင်က သူ့ကို “မြောင်” ဟု အော်လိုက်သည်ကို ကြားလိုက်ရသည်။

ရဲရှင်းဟွေ့သာ ကြောင်စကားနားမလည်ခဲ့လျှင် ထိုအသံကို မိတ်လိုက်ချင်နေသော ကြောင်တစ်ကောင်၏အော်သံဟု ထင်မှတ်မှားမိလိမ့်မည်။

သို့သော် ရဲရှင်းဟွေ့က နားလည်သည်။

ထိုကြောင်က ရဲရှင်းဟွေ့ကို

“ခင်ဗျား ဒီကို ဝမ်းလာသွားတာ လား” ဟု မေးနေခြင်းဖြစ်သည်။

ထိုကြောင်မေးပြီးနောက် သူ့ဘေးမှာရပ်နေသောကြောင်က သူ့ကိုလက်သည်းဖြင့်တစ်ချက်ကုတ်လိုက်ပြီး

“နင် တုံးလိုက်တာ။ လူတွေက ငါတို့စကားကို ဘယ်လိုလုပ်နားလည်မှာလဲ။” ဟု ပြောလိုက်သည်။

ထိုကြောင်စကားဆုံးသည်နှင့် ရဲရှင်းဟွေ့က “ငါက ဆီးလာသွားတာလည်းမဟုတ်ဘူး၊ ဝမ်းလာသွားတာလည်းမဟုတ်ဘူး။ ပိုတိတိကျကျပြောရရင် ငါက ဘယ်နေရာမှာမှ ဆီးရောဝမ်းရောမသွားဘူး။” ဟု ပြောလိုက်သည်။

ကြောင်များ:

“ဒီလူက ငါတို့ကို စကားပြောနေတာလား။”

“ငါတော့ ဒီလိုပဲထင်တယ်။”

“ဟေး လူသား မင်း ငါတို့ပြောတာကို နားလည်လား။”

ဒီစကားကိုကြားပြီးနောက် ရဲရှင်းဟွေ့မှာ စကားမပြောနိုင်ဖြစ်သွားသည်။ ဒီကြောင်တွေဟာ မနက်က ကြောင်ဖိုးဝနှစ်ကောင်လောက် ဉာဏ်မကောင်းဟု သူခံစားလိုက်ရသည်။

တကယ်တော့ စဉ်းစားကြည့်လျှင် ဒါက ပုံမှန်ပင်။ အကယ်၍ ထိုကြောင်ဖိုးဝနှစ်ကောင်သာ အရမ်းတုံးအလွန်းလျှင် ချစ်စရာကောင်းအောင်လုပ်ပြပြီး ဒီလောက်ဝအောင် အစာမတောင်းနိုင်ခဲ့လောက်ပေ။

“မင်းတို့ပြောတာကို ငါနားလည်တယ်။ မင်းတို့ရဲ့ဘော့စ် မျက်လုံးတစ်ဖက်နဂါးကို ခေါ်လိုက်။”

ဒီစကားကိုကြားသောအခါ သစ်ပင်ထိပ်ပေါ်မှ ကြောင်အချို့သည် တစ်ယောက်ကိုတစ်ယောက် အထူးအဆန်းကြည့်လိုက်ကြကာ ထို့နောက် သစ်ပင်ထိပ်ဆုံးသို့ တစ်ချိန်တည်း အော်ပြောလိုက်ကြသည်။

“ဘော့စ် တစ်ယောက်ယောက်က ဘော့စ်နဲ့ တွေ့ချင်လို့တဲ့။”

ရဲရှင်းဟွေ့က ကြောင်များကြည့်ရာသို့ လိုက်ကြည့်လိုက်ရာ ခြေလေးဖက်ကလွဲပြီး တစ်ကိုယ်လုံးမည်းနက်နေသော ကြောင်တစ်ကောင် သစ်ပင်ထိပ်ဖျားတွင် အိပ်နေသည်ကို တွေ့လိုက်ရသည်။

“တိမ်မည်းထဲက နှင်းဖြူ အမျိုးအစားပဲ။”

မျက်လုံးတစ်ဖက်နဂါးသည် အောက်မှကြောင်များအော်သံကိုကြားပြီး ပျင်းရိစွာ လှည့်ကြည့်လိုက်သည်။

မျက်လုံးတစ်ဖက်နဂါး လှည့်ကြည့်လိုက်သောအခါ ရဲရှင်းဟွေ့သည် မျက်လုံးတစ်ဖက်နဂါးဆိုသည့်အဓိပ္ပာယ်ကို နောက်ဆုံးတော့ နားလည်သွားသည်။

ဒီကြောင်မှာ မျက်လုံးတစ်လုံးတည်းရှိနေခြင်းမဟုတ်ဘဲ သူ့မျက်လုံးတစ်ဖက်က မျက်လုံးပေါက်ပတ်လည်မှာ အဖြူရောင်အမွေးတွေ စက်ဝိုင်းပုံပေါက်နေပြီး မျက်လုံးပတ်တီးတပ်ထားသလိုမျိုး ဖြစ်နေလို့ပဲ။

“လူသားလား”

မျက်လုံးတစ်ဖက်နဂါးက ရဲရှင်းဟွေ့ကိုကြည့်ကာ

“မင်းက ငါတို့ပြောတဲ့စကားကို တကယ်နားလည်တာပဲ၊ မင်းက ကြောင်သရဲလား။” ဟု မေးလိုက်သည်။

“မဟုတ်ဘူး။” ရဲရှင်းဟွေ့က ပြန်ဖြေလိုက်ရင်း စိတ်ထဲမှ “ဒီကြောင်တွေက ကြောင်သရဲပဲ သိကြတာလား။ ကြောင်နတ်ဘုရားလို့ရော မဖြစ်နိုင်ဘူးလား။” ဟု တွေးလိုက်သည်။

ဒီလူသားက သူပြောတာကို တကယ်နားလည်မှန်းသိသောအခါ မျက်လုံးတစ်ဖက်နဂါးသည် စိတ်ဝင်တစားဖြင့် မတ်တပ်ရပ်လိုက်ပြီး သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည်။

“မင်း ငါနဲ့ပြောစရာတစ်ခုခုရှိလို့လား။” မျက်လုံးတစ်ဖက်နဂါးက ဆင်းလာပြီးနောက် တည့်တည့်မေးလိုက်သည်။

“မင်းအကြောင်းကို စူပါမားကတ်အဝင်ဝက ကြောင်ဖိုးဝနှစ်ကောင်ဆီက ကြားခဲ့တာ။ သူတို့က မင်းက ဒီနယ်မြေက ကြောင်တွေရဲ့ဘော့စ်လို့ ပြောတယ်။”

ဒီစကားကိုကြားတော့ မျက်လုံးတစ်ဖက်နဂါးက နှုတ်ခမ်းမဲ့လိုက်ပြီး

“ဟမ့် တကယ့်ကြောင်ဘော့စ်ကြီးတော့ မဟုတ်ပါဘူးကွာ။ ဒီနားတစ်ဝိုက်က ကြောင်ရိုင်း ဒါဇင်အနည်းငယ်ကို ဦးဆောင်ပြီး ဝမ်းရေးအတွက် လှုပ်ရှားနေတာပါပဲ။” ဟု ပြောလိုက်သည်။

ဒီလိုပြောပြီးနောက် မျက်လုံးတစ်ဖက်နဂါးသည် ရုတ်တရက် စူးရှသောကြောင်အော်သံတစ်ချက် ထုတ်လွှတ်လိုက်သည်။

ရဲရှင်းဟွေ့သည် သူဘာလုပ်နေမှန်းမသိ၍ အနည်းငယ်ကြောင်သွားသည်။

သို့သော် မကြာမီမှာပင် သူဘာကြောင့်ထိုသို့အော်ရသည်ကို ရဲရှင်းဟွေ့သိလိုက်ရသည်။ အကြောင်းမှာ ထိုအချိန်တွင် ရဲရှင်းဟွေ့ကို ကြောင်ရိုင်းအကောင်နှစ်ဆယ် သုံးဆယ်ခန့်က ဝိုင်းရံထားသောကြောင့်ဖြစ်သည်။

ရဲရှင်းဟွေ့သည် သူ့ပတ်ပတ်လည်ရှိ အရွယ်အစား၊ အရောင်အမျိုးမျိုးရှိသောကြောင်များကိုကြည့်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။

မျက်လုံးတစ်ဖက်နဂါးမှာ ဒီလောက်ဩဇာအာဏာရှိလိမ့်မည်ဟု သူမထင်ထားခဲ့။ တစ်မိနစ်၊ နှစ်မိနစ်အတွင်း ကြောင်အကောင် ၂၀ ကျော်ကို စုစည်းနိုင်ခဲ့သည်။

“ကဲ ပြော မင်းက ငါ့ကို ဒါမှမဟုတ် ငါ့ညီအစ်ကိုတွေကို အကူအညီတောင်းဖို့ ရှာနေတာပဲမလား။ မင်း ငါတို့ကို ဘာအကျိုးကျေးဇူးတွေ ပေးနိုင်မလဲ၊ ပြီးတော့ ဘယ်လိုအကူအညီမျိုး လိုချင်လဲဆိုတာ ပြော။”

ရဲရှင်းဟွေ့: ...

“ဒါဘယ်လိုဖြစ်တာလဲ။ ဒီကြောင်ရဲ့ IQ က တော်တော်ကောင်းတာပဲ။ လူတစ်ယောက်ထက်တောင် မနိမ့်ဘူး။”

ရဲရှင်းဟွေ့အံ့အားသင့်နေစဉ်မှာပင် မျက်လုံးတစ်ဖက်နဂါးက ထပ်ပြောသည်ကို ကြားလိုက်ရသည်။ “ဟဲဟဲဟဲ။ ငါတို့ကြောင်တွေပြောတဲ့စကားကို နားလည်တဲ့လူသားတစ်ယောက်ကို ငါ ဒါပထမဆုံးမြင်ဖူးတာပဲ။”

“မင်း ငါတို့ဆီ ဘာကိစ္စနဲ့ပဲလာလာ အသက်အန္တရာယ်မရှိသရွေ့တော့ ငါနဲ့ငါ့ကြောင်တွေက မင်းကိုကူညီနိုင်တယ်။ ဒါပေမဲ့... မင်းက ငါတို့ကို အစားအသောက်အလုံအလောက် ပေးရလိမ့်မယ်။”

တကယ်တော့ မျက်လုံးတစ်ဖက်နဂါး၏အတွေးက အလွန်ရိုးရှင်းသည်။ အရောင်းအဝယ်လုပ်ရန်ဖြစ်သည်။ ထို့အပြင် ရဲရှင်းဟွေ့သည် သူတို့လိုကြောင်များနှင့် အရောင်းအဝယ်လုပ်နိုင်သော တစ်ဦးတည်းသောလူသားဖြစ်သည်။ သူသည် အခွင့်အရေးကို လက်လွတ်မခံဘဲ အကျိုးအမြတ်ရအောင် ကြိုးစားမည်မှာ သေချာသည်။

ရဲရှင်းဟွေ့သည် သူ့ရှေ့မှ ခြေဖြူကိုယ်မည်း မျက်လုံးတစ်ဖက်နဂါးသည် သာမန်မဟုတ်ဟု ခံစားလိုက်ရသည်။

သူ့မှာ IQ မြင့်ရုံသာမက အခြေအနေကိုလည်း ကောင်းကောင်းအကဲဖြတ်နိုင်သည်။ လေ့ကျင့်ပေးထိုက်သော လက်အောက်ငယ်သားတစ်ယောက်ဖြစ်သည်မှာ သေချာသည်။

“ကောင်းပြီလေ။ ငါမင်းတို့ကို လုပ်စေချင်တာက ရိုးရိုးလေးပဲ။ ဒီကျင်းတုရပ်ကွက်ထဲမှာနဲ့ ရပ်ကွက်ပတ်ဝန်းကျင်မှာ လေ့ကျင့်ရေးဆင်းပေး။ အန္တရာယ်ရှိတဲ့လူတစ်ယောက်ယောက်ကို တွေ့ရင် ငါ့ကိုချက်ချင်းပြော။”

“ဆုလာဘ်အတွက်ကတော့ ကြောင်စာပဲ။ မင်းဈေးပြော၊ ငါဈေးမဆစ်ဘူး။”

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် မျက်လုံးတစ်ဖက်နဂါးကို တိတ်တဆိတ်ကြည့်နေလိုက်သည်။

ရဲရှင်းဟွေ့က ကြောင်စာကျွေးမည်ဟုပြောသောအခါ ပတ်လည်မှကြောင်များမှာ ဆူပူအော်ဟစ်လာကြသည်။

မျက်လုံးတစ်ဖက်နဂါးတစ်ကောင်သာ အလေးအနက်စဉ်းစားနေသည်။

မျက်လုံးတစ်ဖက်နဂါးက ကျင်းတုရပ်ကွက်တစ်ခုလုံးကို စောင့်ကြည့်ရန် ကြောင်ဘယ်နှစ်ကောင်လိုအပ်မလဲဆိုတာကို စဉ်းစားနေခြင်းဖြစ်သည်။

မျက်လုံးတစ်ဖက်နဂါး၏လက်အောက်တွင် ကြောင်အကောင်သုံးဆယ်ကျော်သာရှိသောကြောင့် ရပ်ကွက်တစ်ခုလုံးကို စောင့်ကြည့်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

ခဏစဉ်းစားပြီးနောက် မျက်လုံးတစ်ဖက်နဂါးက “ငါ့မှာ ကြောင်အင်အားမလုံလောက်ဘူး။ ဒါပေမဲ့ မင်းသာ ကြောင်စာအလုံအလောက်ပေးမယ်ဆိုရင် ငါထပ်ပြီး စုဆောင်းလို့ရတယ်။” ဟု ပြောလိုက်သည်။

ရဲရှင်းဟွေ့သည် မျက်လုံးတစ်ဖက်နဂါးက ကြောင်စာဘယ်လောက်ရမလဲဆိုတာကို မစဉ်းစားဘဲ ကျင်းတုရပ်ကွက်တစ်ခုလုံးကို စောင့်ကြည့်ရန် ကြောင်ဘယ်နှစ်ကောင်လိုမလဲဆိုတာကို စဉ်းစားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။

“သေစမ်း။ ဒီကြောင်သာ လူမဟုတ်တာ တကယ်နှမြောဖို့ကောင်းတယ်။”

ထိုသို့တွေးပြီး ရဲရှင်းဟွေ့က မျက်လုံးတစ်ဖက်နဂါးကို ထပ်ပြောလိုက်သည်။ “ကြောင်စာကို အကန့်အသတ်မရှိ ပေးမယ်။ မင်းကြိုက်သလောက်လုပ်နိုင်တယ်။ ငါဂရုစိုက်တာက လုံခြုံရေးပဲ။”

“အင်း။” မျက်လုံးတစ်ဖက်နဂါးက ခေါင်းညိတ်ပြီး “စိတ်မပူပါနဲ့၊ ငါတို့က အန္တရာယ်ရှိတယ်လို့ထင်ရတဲ့လူ ဒါမှမဟုတ် လူစိမ်းတွေကိုတွေ့ရင် အနီးကပ်စောင့်ကြည့်ပေးပါ့မယ်။” ဟု ပြောသည်။

…….

ရဲရှင်းဟွေ့သည် မျက်လုံးတစ်ဖက်နဂါးနှင့် ကာကွယ်ထိန်းချုပ်ရေးအစီအမံများ မည်သို့ချထားရမည်ကို ဆွေးနွေးပြီးနောက် ထွက်သွားရန် ပြင်ဆင်လိုက်သည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရဲရှင်းဟွေ့သည် သူ့တွင် လေကြောင်းတပ်ဖွဲ့တစ်ခုလိုသေးသည်ကို ရုတ်တရက်သတိရသွားပြီး နောက်ပြန်လှည့်ကာ ထပ်မေးလိုက်သည်။ “မျက်လုံးတစ်ဖက်နဂါး၊ ဒီနားတစ်ဝိုက်မှာ ငှက်တွေ ဘယ်နေရာမှာစုတတ်လဲဆိုတာ မင်းသိလား။”

“ငှက်လား မင်းက ငှက်တွေကိုပါ ကူညီစေချင်လို့လား။”

“အင်း။” ရဲရှင်းဟွေ့က ခေါင်းညိတ်ပြီး “ငါ ဒီနားမှာ စာကလေးတွေအများကြီးတွေ့တယ်။ ဒါပေမဲ့ သူတို့က အစားအသောက်အကြောင်းပြောနေရုံတင်မကဘဲ အစာလုပြီးလည်း ရန်ဖြစ်နေကြပုံပဲ။” ဟု ပြောသည်။

“စာကလေးတွေက အသုံးမဝင်ဘူး။ စာကလေးတွေက IQ မကောင်းဘူး။ တကယ်လို့ မင်းရှာချင်တယ်ဆိုရင်တော့ ကျီးကန်းတွေကို ရှာဖို့ ငါအကြံပေးတယ်။ ကျီးကန်းတွေက နေ့ခင်းဘက်မှာ ရှားပေမယ့် ညဘက်ကျရင် အစာရှာထွက်ကြတယ်။”

“ကျီးကန်းတွေက ငါတို့နဲ့ မကြာခဏရန်ဖြစ်ကြတယ် ပြီးတော့ သူတို့က ငါတို့ထက် ပိုပြီးစည်းစနစ်ကျတယ် စည်းကမ်းလည်းရှိတယ်။”

မျက်လုံးတစ်ဖက်နဂါးက ရဲရှင်းဟွေ့ကို အလွန်သင့်လျော်သောအကြံဉာဏ်အချို့ ပေးခဲ့သည်။

ရဲရှင်းဟွေ့က ခေါင်းညိတ်ပြီး ကျီးကန်းများလှုပ်ရှားသွားလာသည့်နေရာကိုမေးမြန်းကာ ထွက်သွားရန်ပြင်ဆင်လိုက်သည်။

သို့သော် မထွက်ခွာမီ ရဲရှင်းဟွေ့သည် အလုံးစုံမြင်နိုင်သောမျက်လုံး ကို ဖွင့်လိုက်သည်။

သူသည် တိရစ္ဆာန်များကို သူ၏အလုံးစုံမြင်နိုင်သောမျက်လုံးဖြင့် ကြည့်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

ရဲရှင်းဟွေ့သည် လှည့်ထွက်သွားသော မျက်လုံးတစ်ဖက်နဂါးကို ကြည့်လိုက်သည်။

မျက်လုံးတစ်ဖက်နဂါး၏ခေါင်းပေါ်မှာ အချက်အလက်ပြဇယား တစ်ခုပေါ်နေသည်။ ထို အချက်အလက်ပြဇယား က အပြာရောင်ဖြစ်ပြီး မျက်လုံးတစ်ဖက်နဂါးက သူ့အပေါ်မှာ သဘောကျမှု အတိုင်းအတာတစ်ခုအထိ ရှိနေကြောင်းပြနေသည်။ သို့သော် ထိုသဘောကျမှုက ၃၀% ကျော်ကျော်လေးသာ ရှိသေးသည်။

All Chapters