ဇီးကွက် ပေါ်လာခြင်း
Vol. 4 Ch. 54
ရဲရှင်းဟွေ့သည် သူ၏ အလုံးစုံမြင်မျက်လုံးကို ဖွင့်လိုက်ပြီး တိရစ္ဆာန်တွေအပေါ်မှာ သုံးလို့ရမလားဆိုတာ စမ်းကြည့်ချင်ခဲ့သည်။
အမည်: မျက်လုံးတစ်ဖက်နဂါး
အသက်: လေးနှစ်
မျိုးစိတ်: ကြောင်
အလုပ်အကိုင်: ကျင်းတုရပ်ကွက်ရှိ ကြောင်လောက၏ ဘော့စ်
စွမ်းရည်: ???
ကြောင်ဘဝအတွေ့အကြုံ: ???
“ဒါ တကယ်ကောင်းတာပဲ... ဒါပေမဲ့ တိရစ္ဆာန်တွေရဲ့ နှစ်သက်မှုကို တိုးမြှင့်ဖို့ကတော့ ခက်လောက်မယ့်ပုံပဲ... ဒီနေ့ ဒီလောက်တောင် ပျော်ပျော်ရွှင်ရွှင် စကားပြောခဲ့ကြတာတောင်မှ ငါ သင်းကွပ်တဲ့အကြောင်းကို စကားတောင် မစခဲ့ရဘူး...”
သူ၏ အလုံးစုံမြင်မျက်လုံးကို တိရစ္ဆာန်များအပေါ်တွင်လည်း အသုံးပြုနိုင်သည်ကို သေချာသွားပြီးနောက် ရဲရှင်းဟွေ့ ထွက်ခွာသွားခဲ့သည်။
…….
ယနေ့ သူဒီကိုလာရခြင်း၏ အဓိကအကြောင်းရင်းမှာ မျက်လုံးတစ်ဖက်နဂါးတို့အဖွဲ့နှင့် ရင်းနှီးမှုရယူပြီး သူတို့ကို သင်းကွပ်ပေးရန် လိုအပ်မှုရှိမရှိ သိချင်သောကြောင့်ဖြစ်သည်။
သို့သော် ယခုအခြေအနေအရ မျက်လုံးတစ်ဖက်နဂါးသည် အလွန်တော်ရုံသာမက အခြေအနေအရပ်ရပ်ကိုပါ ခြုံငုံသုံးသပ်နိုင်စွမ်းရှိပုံရသည်။
….
အခုက အချိန်စောသေးသည်။
ရဲရှင်းဟွေ့သည် ရပ်ကွက်အပြင်ဘက်သို့သွား၍ ကျီးကန်းများကို ရှာဖွေကာ ကျီးကန်းခေါင်းဆောင်နှင့် အဆက်အသွယ်လုပ်ကြည့်ရန် စီစဉ်လိုက်သည်။
မျက်လုံးတစ်ဖက်နဂါး ပြောခဲ့သည့်အတိုင်း ကျီးကန်းများသည် အလွန်စည်းစနစ်ကျပြီး စည်းကမ်းရှိသည်ဆိုလျှင် ရပ်ကွက်ထဲက ကြောင်များကဲ့သို့ပင် သူတို့မှာလည်း ခေါင်းဆောင်တစ်ဦး ရှိရမည်ဖြစ်သည်။
…..
ရဲရှင်းဟွေ့ ရပ်ကွက်အပြင်သို့ လျှောက်ထွက်လာစဉ်မှာပင်
ဝတုတ်တုတ် ကြောင်ကြီးနှစ်ကောင်က ယိမ်းနွဲ့ကာ သူ့ဆီသို့ ရောက်လာကြသည်။
“ဘော့စ်၊ ခင်ဗျား မျက်လုံးတစ်ဖက်နဂါးရဲ့ ဥတွေကို ဖြတ်ပစ်လိုက်ပြီလား”
ရှေ့မှဦးဆောင်လာသော ကြောင်ကျားက ရဲရှင်းဟွေ့၏ ခြေရင်းသို့ရောက်လာပြီး စိတ်မရှည်စွာ မေးလိုက်သည်။
“မဖြတ်ရသေးဘူး...”
ရဲရှင်းဟွေ့ ပြန်ဖြေလိုက်သည်။
“ဘာလို့ သူ့ဥတွေကို မဖြတ်ပစ်ရတာလဲ”
ကြောင်ကျားက ထပ်မေးသည်။
“ငါက ဘာလို့ သူ့ဥတွေကို ဖြတ်ပစ်ရမှာလဲ”
ရဲရှင်းဟွေ့က မေးခွန်းပြန်ထုတ်လိုက်သည်။
ကြောင်ကျား: .....
“ဟမ် ဟုတ်သားပဲ... ဒီလူက ဘာလို့ သူ့ဥတွေကို ဖြတ်ရမှာလဲ”
ကြောင်ကျားလည်း သဘောပေါက်သွားပုံရပြီး သူနားလည်မှုလွဲသွားမှန်း သိလိုက်သည်။ သူ့ရှေ့ကလူသားသည် ဒဏ္ဍာရီထဲက ဥဖြတ်သမားမဟုတ်ပေ။
“ဟေ့၊ မင်းတို့နှစ်ကောင် နောက်ဆို စားချင်တာစားကြ။ နောက်တစ်ခါ မင်းတို့နှစ်ကောင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ ငါကြားရင် မင်းတို့နှစ်ကောင်လုံးကို သင်းကွပ်ပစ်မယ်...”
ဤသို့သတိပေးပြီးနောက် ရဲရှင်းဟွေ့သည် ကျင်းတုရပ်ကွက်မှ ထွက်ခွာသွားတော့သည်။
…….
ရဲရှင်းဟွေ့ ကျင်းတုရပ်ကွက်မှ ထွက်လာသည်နှင့် ဂီတာအိတ်လွယ်ထားသော လူတစ်ယောက်က သူ့ကို တားလိုက်သည်။
ထိုလူ၏မျက်လုံးများက ချွန်ထက်နေပြီး အရပ် ၁.၇၅ မီတာခန့်ရှိကာ ပုံမှန်တွေ့နေကျ ရင့်ကျက်ခန့်ငြားသော အာရှသားရုပ်မျိုးဖြစ်သည်။
“ဟယ်လို...”
ထိုလူက လက်ဆန့်ပေးရင်း ပြောလိုက်သည်။
“ကျွန်တော်က ဇီးကွက်ပါ။ ခင်ဗျား ကျွန်တော့်အကြောင်း ကြားဖူးမှာပါ...”
တစ်ဖက်လူက သူ့ကိုယ်သူ ဇီးကွက်ဟု မိတ်ဆက်လိုက်သည်ကိုကြားတော့ ရဲရှင်းဟွေ့သည် အတည်ပြုရန် အလုံးစုံမြင်မျက်လုံးကို ချက်ချင်းဖွင့်လိုက်သည်။
သူ့ရှေ့ကလူ၏ နှစ်သက်မှုတန်ဖိုးက ၄၅% ရှိနေပြီး သူ၏ အခြေခံအချက်အလက်အားလုံးကို မြင်နေရသည်။
အမည်: ရှုတုန်းပေါ (ဇီးကွက်)
အသက်: ၂၇
အလုပ်အကိုင်: လူမိုက်ကိုယ်ရံတော်ကုမ္ပဏီတစ်ခု၏ အတော်ဆုံးကိုယ်ရံတော်
စွမ်းရည်: ???
ဘဝအတွေ့အကြုံ: ???
……
အလုံးစုံမြင်မျက်လုံးမှတစ်ဆင့် သူ့ရှေ့ကလူသည် ဇီးကွက်အစစ်ဖြစ်ကြောင်း သိလိုက်ရသောအခါ ရဲရှင်းဟွေ့သည် သတိထားနေမှုကို လျှော့ချလိုက်သည်။
“ခင်ဗျားက ဇီးကွက်လား”
ရဲရှင်းဟွေ့က သူ့ရှေ့မှ ခန့်ညားသောလူကြီးကို ကြည့်ရင်းမေးလိုက်သည်။
“ခင်ဗျားက တိတ်တဆိတ် အကာအကွယ်ပေးနေတာ မဟုတ်ဘူးလား”
“ဟားဟား...”
ဇီးကွက်က အနေရခက်စွာ ရယ်မောရင်း
“ဝက်ဝံကန်းဆီက ခင်ဗျား မြန်မာပြည်ကို သွားမယ်လို့ ကြားလိုက်လို့လေ။ ဒါကြောင့် ကြိုပြီးတော့ နှုတ်ဆက်ရင်း မိတ်ဖွဲ့ထားမလို့ပါ။ နောက်မှ ခင်ဗျားက ကျွန်တော့်ကို လူသတ်သမားထင်ပြီး သတ်ပစ်မှာစိုးလို့ပါ...”
ရဲရှင်းဟွေ့: .....
ရဲရှင်းဟွေ့က တကယ်တော့ “ငါက အဲ့လောက် ရက်စက်တဲ့ကောင် မဟုတ်ပါဘူးကွာ” ဟု ပြောချင်နေသည်။
အကယ်၍ ဇီးကွက်သာ ရဲရှင်းဟွေ့၏ အတွေးကို သိနိုင်မည်ဆိုလျှင် သူဤသို့ ပြန်ပြောပေလိမ့်မည်။
“မင်းအစ်ကိုက အရမ်းရက်စက်တာ၊ မင်းရက်စက်လား မရက်စက်လား ငါဘယ်လိုလုပ် အာမခံနိုင်မှာလဲ...”
…..
ယခုတော့ ရဲရှင်းဟွေ့ နားလည်သွားပြီဖြစ်သည်။ သူအိမ်ကထွက်လာကာစက ဝက်ဝံကန်းကို လောလောဆယ် သူ့နောက်လိုက်နေစရာမလိုဘူးဟု ပြောသောအခါ ဘာကြောင့် ငြင်းဆန်သည့်ပုံစံမပြခဲ့သည်ကိုပင်။ အကြောင်းမှာ ဇီးကွက်က အသင့်စောင့်နေခဲ့သောကြောင့်တည်း။
“ခင်ဗျား အဲ့ဒီကြောင်တစ်အုပ်ကြားထဲမှာ ဘာလုပ်နေတာလဲ သူတို့ဝိုင်းသတ်တာ ခံရတော့မယ်လို့ထင်ပြီး ကျွန်တော်တောင် ပြေးထွက်လာတော့မလို့...”
ဇီးကွက်က နောက်နေခြင်းဖြစ်သော်လည်း ကြောင်တစ်အုပ်က ဝိုင်းရံထားခြင်းသည် တကယ်ပင် ထူးဆန်းနေခဲ့သည်။
“ကျွန်တော် ကြောင်တွေနဲ့ စကားပြောရင်း လေပေါနေတာပါ...”
ရဲရှင်းဟွေ့က နောက်သလိုပြောင်သလိုလေသံဖြင့် ပြောလိုက်သည်။
“ဟားဟား... နောက်မနေပါနဲ့ဗျာ၊ ကြောင်နဲ့ စကားပြောတယ်ဟုတ်လား”
ဇီးကွက်ကတော့ ဒါကို သဘာဝကျကျပင် မယုံကြည်ခဲ့ပေ။
ထိုအဖြစ်ကိုမြင်တော့ ရဲရှင်းဟွေ့သည် ပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
ဘယ်သူ့ကိုပဲပြောပြော ဘယ်သူမှ ယုံမည်မဟုတ်သောကြောင့် ရဲရှင်းဟွေ့က ဖုံးကွယ်ထားရန် မကြံတော့ပေ။ အမှန်အတိုင်းသာ ပြောလိုက်ခြင်းဖြစ်သည်။
…..
ရပ်ကွက်အပြင်သို့ ထွက်လာပြီးနောက် ရဲရှင်းဟွေ့သည် ပြည်သူ့ဥယျာဉ်သို့ တက္ကစီငှားသွားရန် စီစဉ်လိုက်သည်။
ကျီးကန်းများ၏ နေထိုင်ရာသည် တောအုပ်ထဲတွင်ဖြစ်သည်။ မြို့ပြဧရိယာထဲတွင် တောအုပ်ရှိသောနေရာမှာ ပြည်သူ့ဥယျာဉ်ပင်။
ပြည်သူ့ဥယျာဉ်ထဲတွင် ကျီးကန်းများ မည်သည့်နေရာ၌ရှိသည်ကို မျက်လုံးတစ်ဖက်နဂါးလည်း မသိသောကြောင့် ရဲရှင်းဟွေ့သည် သူ့ကံကိုသာ စမ်းကြည့်ရတော့မည်။
ဂီတာအိတ်လွယ်ထားသော ဇီးကွက်သည် ရဲရှင်းဟွေ့ တက္ကစီငှားချင်နေသည်ကို မြင်သောအခါ အလျင်အမြန်တားလိုက်ပြီး
“တက္ကစီငှားဖို့မလိုပါဘူး၊ ခင်ဗျား ဘယ်သွားချင်လဲ ကျွန်တော်လိုက်ပို့ပေးမယ်...”
ထိုသို့ပြောရင်း ဇီးကွက်က လမ်းဘေးတွင်ရပ်ထားသော လမ်းကြမ်းမောင်းကားတစ်စီးကို လက်ညှိုးထိုးပြလိုက်သည်။
“ခင်ဗျားမှာ ကားပါတာပဲ... ဘာလို့ စောစောက မပြောတာလဲ”
……
နှစ်ယောက်သား ကားပေါ်ရောက်ပြီးနောက် ဇီးကွက်က မေးသည်။
“ဘယ်သွားကြမလဲ”
“ဥယျာဉ်နားတစ်ဝိုက် လျှောက်ပတ်ကြည့်ရုံပါပဲ။ ကျွန်တော် ကျီးကန်းတချို့ကို ရှာချင်လို့...”
ရဲရှင်းဟွေ့က ပြန်ဖြေလိုက်သည်။
ဇီးကွက်က ရဲရှင်းဟွေ့ ကျီးကန်းနှင့် ဘာလုပ်ချင်သည်ကို မသိသော်လည်း သူဘာမှထပ်မမေးတော့ပေ။ သူကားကိုစက်နှိုးပြီး ဥယျာဉ်ဘက်သို့ မောင်းထွက်သွားခဲ့သည်။
ဇီးကွက်သည် ကူယန်မြို့နှင့် ၎င်း၏ပတ်ဝန်းကျင်မြေအနေအထားတစ်ခုလုံးကို အလွတ်ကျက်မှတ်ထားသည်။
ဥယျာဉ်သည် ကျင်းတုရပ်ကွက်နှင့် သိပ်မဝေးဘဲ ဆယ်မိနစ်ခန့်သာ မောင်းရသည်။
……
ဥယျာဉ်သို့ရောက်သောအခါ ရဲရှင်းဟွေ့သည် ကျီးကန်းများကို ရှာဖွေစရာမလိုကြောင်း သဘောပေါက်သွားသည်။ ဒီကိုရောက်လာရုံဖြင့် အများအပြားကို တွေ့နိုင်သောကြောင့်ဖြစ်သည်။
ကျီးကန်းများစွာသည် ဓာတ်ကြိုးများပေါ်တွင် နားနေကြပြီး အချို့က အော်မြည်နေကာ အချို့က သူတို့၏အနက်ရောင်အမွေးအတောင်များကို သန့်စင်နေကြသည်။
အကွာအဝေးက သိပ်ဝေးသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ ရဲရှင်းဟွေ့သည် ကျီးကန်းများ ဘာပြောနေသည်ကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။
သို့သော် ရဲရှင်းဟွေ့ ရှေ့သို့တိုးရန် ပြင်လိုက်စဉ်မှာပင် ဓာတ်ကြိုးများပေါ်မှ ကျီးကန်းအချို့သည် အောက်ဖက်ရှိ မိန်းကလေးတစ်ဦးထံသို့ ရုတ်တရက် ထိုးဆင်းသွားသည်ကို တွေ့လိုက်ရသည်။
“သူ့ရဲ့ အာရုံကို ဖမ်းစားလိုက်စို့...”
“အိုကေ...”
“စလိုက်တော့…”
“စလိုက်တော့…”
ကျီးကန်းအချို့သည် အော်မြည်ရင်း ကြောင်တောင်တောင်ဖြစ်နေသော မိန်းကလေးထံသို့ ထိုးဆင်းသွားကြသည်။
ဥယျာဉ်ဂိတ်တွင် အစောင့်ကျနေသော အဘိုးကြီးက ထိုမြင်ကွင်းကိုတွေ့သောအခါ သူ့အနားရှိ တံမြက်စည်းအကြီးကြီးကို အမြန်ကောက်ယူပြီး အောက်သို့ပျံဆင်းလာသော ကျီးကန်းများကို ရိုက်လိုက်သည်။
အဘိုးကြီး၏ ကျွမ်းကျင်မှုကို မြင်လိုက်ရုံဖြင့် ရဲရှင်းဟွေ့သည် ဤကျီးကန်းများ လူတိုက်ခိုက်ခြင်းမှာ ဒါပထမဆုံးအကြိမ်မဟုတ်မှန်း သိလိုက်သည်။
တံမြက်စည်းအကြီးကြီးကိုင်ထားသော အဘိုးကြီး၏အကူအညီဖြင့် ကျီးကန်းများသည် လေးဘက်လေးတန်သို့ အလျင်အမြန် ထွက်ပြေးသွားကြသည်။
သို့သော် သူတို့ထွက်ပြေးရာတွင် ထိတ်လန့်နေပုံမရပေ။
“ညီအစ်ကိုတို့၊ ဆုတ်ခွာ...,”
“ငါတို့ရဲ့တာဝန် ပြီးဆုံးပြီ...”
……
အော်မြည်သံများနှင့်အတူ ကျီးကန်းများသည် ဝေဟင်ရှိ ဓာတ်ကြိုးများပေါ်သို့ ပြန်ဆုတ်ခွာသွားကြသည်။
ရဲရှင်းဟွေ့က ကိစ္စပြီးသွားပြီဟု ထင်လိုက်စဉ်မှာပင် အဘိုးကြီးကာကွယ်ပေးထားသော ကောင်မလေးသည် ရုတ်တရက် အော်ဟစ်လိုက်သည်။
“အား..........”
ထိုအချိန်မှာပင် ရဲရှင်းဟွေ့သည် အခြားအသံတစ်ခုကို ကြားလိုက်ရသည်။
“ယူခဲ့... မင်း...”
ရဲရှင်းဟွေ့ လှည့်ကြည့်လိုက်သောအခါ ဖျတ်လတ်သော ကျီးကန်းတစ်ကောင်က ကောင်မလေး၏ ဆံပင်တွင် ပန်ဆင်ထားသော ဆံညှပ်ကို ကိုက်ချီကာ ပျံသန်းထွက်ပြေးသွားသည်ကို တွေ့လိုက်ရသည်။
၎င်းပျံသန်းသွားသော ဦးတည်ရာမှာ ဥယျာဉ်အတွင်းပိုင်းသို့ ဖြစ်သည်။