အခန်း (၅၆၂-၅၆၄)
Vol. 38 Ch. 562-564
အခန်း (၅၆၂) : အဖွဲ့
ကျိုးဟောင်မှာအထဲသို့ဝင်သွားပြီးနောက်မှ သက်ပြင်းချနိုင်တော့သည်။ ထိုအမျိုးသမီးအများစုမှာချစ်ပ်ပြားများမရှိကြပေရာ အထဲသို့ဝင်လို့မရပေ။ သို့သော်နင်ယွမ်ဖုန်းမှာချစ်ပ်ပြားရှိပေရာ သူသည်ချက်ချင်းပင်အထဲသို့ရောက်လာပြီး ကြုံးဝါးကာကျိုးဟောင်အားတိုက်ခိုက်တော့သည်။
"ကျိုးဟောင် ငါဒီနေ့မင်းကိုသေချာပေါက်သတ်ပစ်မယ်"
ကျိုးဟောင်မှာမျက်မှောင်ကြုတ်ကာ နင်ယွမ်ဖုန်း၏တိုက်ခိုက်မှုအားအလွန်မကျေနပ်သောအမူအရာမျိုးဖြင့်ကြည့်နေပြီးနောက် သူ၏သွေးအနှစ်သာရမှာရုတ်တရက်မြင့်တက်လာပြီး လက်သီးဖြင့်တစ်ချက်ထိုးလိုက်သည်။
ထိုလက်သီးချက်မှာချက်ချင်းပင်လေထုထဲတွင် ကျယ်လောင်သောအသံတစ်ခုအားထွက်ပေါ်လာစေခဲ့သည်။ နင်ယွမ်ဖုန်း၏မျက်နှာမှာပျက်ယွင်းသွားခဲ့သည်။ ဤလက်သီးချက်သည်သူ့အတွက်ခုခံရန်မလွယ်ပေ။ သူ၏ခန္ဓာကိုယ်မှာလှုပ်ရှားသွားပြီး တိုက်ခိုက်ဖို့အားလက်လျှော့လိုက်ကာ ချက်ချင်းပင်ရှောင်လိုက်သည်။
တစ်ချိန်တည်းမှာပင်ကျန်လူများသည်လည်းစိတ်လောကအကာအကွယ်ထဲသို့ဝင်လာခဲ့ကြပြီး တိုက်ခိုက်မှုအားပထမဆုံးကြုံလိုက်ရသူမှာဝတုတ်ကျင်းပင်ဖြစ်သည်။
"ချီးပဲနင်ယွမ်ဖုန်း မင်းကသေချင်နေတာလား သူကဒီတိုင်းမိန်းမတစ်ယောက်ပဲမဟုတ်ဘူးလား တကယ်လို့မင်းငါ့ညီအစ်ကိုကိုတိုက်ခိုက်ရဲရင် ငါမင်းကိုသတ်ပစ်မယ်ဆိုတာမင်းယုံထားလိုက်"
ဝတုတ်ကျင်းမှာသတ္တိရှိပုံပေါ်သော်ငြား အသေးစိတ်ကျပေသည်။ သူသည်နင်ယွမ်ဖုန်းထံတွင်ရည်ရွယ်ချက်ကောင်းမရှိသည်ကိုတွေ့လိုက်ရပြီးနောက် အခွင့်အရေးရှာကာနင်ယွမ်ဖုန်းအားရှင်းပစ်ချင်နေပေသည်။ သူသည်နင်ယွမ်ဖုန်း၏အခြေအနေအားအသုံးချကာ သူ့အသက်ကိုယူလိုခြင်းဖြစ်သည်။
ကံကောင်းသည်မှာ နင်မိသားစု၏အဖွဲ့ဝင်များမှာရှုပ်လို့ကောင်းသောလူများမဟုတ်ကြပေ။ သူတို့သည်အလျင်အမြန်ပင်ပျံသန်းလာကြပြီး နင်ယွမ်ဖုန်း၏ရှေ့တွင်ပိတ်ရပ်ကာ ဝတုတ်ကျင်းအားတားဆီးလိုက်ကြသည်။
"ဝတုတ်ကျင်း ငါထပ်ပြောမယ် ဒီကိစ္စမင်းနဲ့ဘာမှမဆိုင်ဘူး မြန်မြန်ထွက်သွား"
နင်ယွမ်ဖုန်းမှာအော်ပြောလိုက်သည်။ သူသည်တကယ်ကိုသည်းမခံနိုင်တော့ပေ။
"ချီးပဲ မင်းကိုယ်မင်းဘယ်သူထင်နေလဲ တကယ်လို့မင်းငါ့ကိုထွက်သွားစေချင်ရင် မင်းမျက်လုံးကိုဖွင့်ပြီးမှန်ထဲမှာကြည့်ကြည့်ပါလား ငါမင်းကိုပြောလိုက်မယ် ငါ့ညီနောင်နဲ့ပိုင်ရန်ရွှယ်ကချစ်နေကြတာ တကယ်လို့မင်းငါ့ညီနောင်နဲ့မိန်းကလေးပိုင်တို့ကြားကဆက်ဆံရေးကိုနှောင့်ယှက်ချင်ရင် ငါဒီတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူး"
"နင်ယွမ်ဖုန်းမင်းတို့နှစ်ယောက်ကစေ့စပ်ထားတယ်ဆိုပေမဲ့ လက်ထပ်ရသေးတာမဟုတ်ဘူး မိန်းကလေးပိုင်မှာတခြားလူတစ်ယောက်ကိုရွေးချယ်ပိုင်ခွင့်ရှိတယ် ပြီးတော့ ငါမင်းကိုအခုပြောလိုက်မယ် ငါ့ညီနောင်ကမင်းရဲ့မိန်းကလေးကိုလိုချင်တယ် တကယ်လို့မင်းဒီနေ့ငါ့ကိုတိုက်ခိုက်ရဲရင် ငါမင်းကိုသတ်ပစ်မယ်"
ဝတုတ်ကျင်းမှာအလွန်အထက်စီးဆန်လှပေသည်။ မည်သို့ပင်ဖြစ်စေနင်ယွမ်ဖုန်း၏လက်ရှိတိုက်ခိုက်ရေးစွမ်းအားမှာမကောင်းသလို ဒဏ်ရာလည်းရထားပေသည်။ အကယ်၍ယခုအချိန်တွင် သူသာအထက်စီးမှမပြုမူပါက ဘယ်တော့မှအခွင့်အရေးရနိုင်မလဲမသိပေ။
ထိုအချိန်တွင် အိုးယန်ထင်းရွှယ်မှာသူတို့ရှိရာဆီလျှောက်လာပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
"ဒီကလူကြီးမင်းတို့ဒီကိစ္စကကျွန်မတို့အထူးအဖွဲ့အစည်းနဲ့ဘာမှမဆိုင်ဘူးကျေးဇူးပြုပြီး ဒီအရှုပ်ထုပ်ထဲကျွန်မတို့ကိုဆွဲမထည့်ပါနဲ့"
အိုးယန်ထင်းရွှယ်၏စကားများမှာအလွန်ပေါ့ပါးသော်ငြား မည်သူမျှထိုစကားအားလျစ်လျူမရှုရဲပေ။ တစ်ဖက်လူသည် အထူးအဖွဲ့အစည်းမှတကယ့်ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူမ၏အဆင့်အတန်းမှာနင်ယွမ်ဖုန်းထက်မြင့်ပေသည်။
သူ၏စကားများမှာ အထူးအဖွဲ့အစည်းအားအနည်းငယ်အပြစ်ပြုမိသလိုဖြစ်ကြောင်းကို ဝတုတ်ကျင်းလည်းသိပေသည်။ ထိုကြောင့်ချောင်းတစ်ချက်ဟန့်ကာပြုံးရင်းပြောလိုက်သည်။
"အစ်မကြီးအိုးယန် ကျွန်တော်သိပါတယ် ကျွန်တော်သိပါတယ် ကျွန်တော်နင်ယွမ်ဖုန်းလိုကိုယ့်သိက္ခာကိုယ်မချပါဘူး ပြီးတော့ အစ်မကြီးလည်းသိတာပဲ ကျွန်တော်တို့ကျင်းမိသားစုကအထူးအဖွဲ့အစည်းကိုအရမ်းလေးစားတယ်ဆိုတာ ပြီးတော့ကျွန်တော့်ညီနောင်နဲ့မိန်းကလေးပိုင်ကြားကဆက်ဆံရေးကိုပါထည့်တွက်လိုက်ရင်.....အဟမ်း အဟမ်း ကျွန်တော်တို့ကမိသားစုတွေပဲမလား"
ဝတုတ်ကျင်းမှာပိုင်ရန်ရွှယ်သည်ကျိုးဟောင်၏ မိန်းကလေးဖြစ်သလိုအပိုင်ပုံစံမျိုးဖြင့်ပြောနေပေသည်။ ကျိုးဟောင်မှာမတတ်နိုင်ဘဲဝင်ပြောရတော့သည်။
"မိန်းကလေးအိုးယန် သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကိုနားမထောင်ပါနဲ့ မိန်းကလေးပိုင်....."
"စိတ်ပူပေးတာကျေးဇူးတင်ပါတယ် ကျွန်မညီမအရမ်းကိုအဆင်ပြေပါတယ် အရင်ကထက်တောင်ပိုအဆင်ပြေသေးတယ်"
အိုးယန်ထင်းရွှယ်မှာပြုံးကာပြောလိုက်သည်။ သူမ၏မျက်နှာအားပဝါဖြင့်ကာထားပေရာ မည်သူမျှသူမ၏မျက်နှာအားမမြင်ရပေ။
သို့သော်အိုးယန်ထင်းရွှယ်၏စကားအားကြားပြီးနောက်ကျိုးဟောင်မှာ ဝေ့ကြည့်လိုက်သော်လည်းပိုင်ရန်ရွှယ်အားမတွေ့ရပေရာစိတ်ထဲမှသာ သက်ပြင်းချလိုက်မိသည်။
သူမသည်ဤနေရာကိုပင်လာရောက်ခြင်းမရှိသည်ကိုတစ်ဖက်လူသည်ဘာကြောင့်အဆင်ပြေသည်ဟုပြောနေရပါသနည်း။ ထိုအချိန်မှာပင်စုမိသားစုမှလေလံပစ်သူ စုညီအစ်မလေးယောက်လည်းရောက်လာခဲ့သည်။ စုရှောင်းယွီ၏အမူအရာမှာအတော်လေးပုံမှန်မဟုတ်သော်ငြား သူမသည်သူမ၏ညီမများနောက်မှပါလာခဲ့သည်။
"ကျိုးဟောင်ကျွန်မတို့ဆုံကြပြန်ပြီ ပြီးခဲ့တဲ့တစ်ခေါက်ကိစ္စအတွက်ကျွန်မရှင့်ကိုလူကိုယ်တိုင်ကျေးဇူးမတင်ရသေးဘူး"
စုရှောင်းယွီမှာချက်ချင်းပင်ပြောလိုက်ပေရာ နင်ယွမ်ဖုန်း၏အမူအရာမှာနေရာတွင်ပင်ပြောင်းလဲသွားခဲ့သည်။ ထိုမျှသာမကစွန်းယွဲ့နှင့်ဖုန်းပိုင်ချွမ်းတို့သည်လည်းသူမတို့နောက်မှပါလာခဲ့သည်။
"အမယ်လေး ကျွန်မရှင့်ကိုရှာနေတာကြာပြီ ရှာလို့မတွေ့ဘူးဖြစ်နေတာ အဲဒီတုန်းကရှင်ကဒီလောက်အပူအပင်ကင်းမယ်ဆိုတာ ကျွန်မမသိခဲ့ဘူး ပြီးခဲ့တဲ့တစ်ခေါက်ကဖုန်းပိုင်ချွမ်းရဲ့ကိစ္စနဲ့ပတ်သက်ပြီးတောင်းပန်ပါတယ် ရှင်သူ့ကိုထိခဲ့တဲ့အတွက်လည်း အဖေ့ကိုယ်စားကျွန်မရှင့်ကိုကျေးဇူးတင်ပါတယ်"
စွန်းယွဲ့စကားဆုံးချိန်တွင် နင်ယွမ်ဖုန်း၏အမူအရာမှာထပ်မံပြောင်းလဲသွားခဲ့ပြန်သည်။ စွန်းမိသားစုမှာစစ်နတ်ဘုရားတပ်ရင်း၏မိသားစုကြီးတစ်ခုဖြစ်ကာ သူ့အဖေသည် ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူတို့အဖေနှင့်စစ်နတ်ဘုရားနှစ်ယောက်တို့၏ရင်းနှီးသောဆက်ဆံရေးအရ မည်သူမျှစွန်းမိသားစုအားမဆန့်ကျင်ရဲကြပေ။ လက်ရှိအချိန်တွင် စွန်းယွဲ့သည်ကျိုးဟောင်အားကာကွယ်ရန်ကြိုးစားနေကြောင်းမှာသိသာပေသည်။
နင်ယွမ်ဖုန်း၏အမူအရာမှာ အလွန်ပျက်ယွင်းသွားခဲ့သည်။ သူသည်ကျိုးဟောင်အားကြည့်ကာယနေ့တွင်မည်သို့ပင်ဖြစ်စေသူသည်ကျိုးဟောင်အား သတ်လို့မရမှန်းသိလိုက်သည်။ သူ့ဘေးတွင်လူအများအပြားရှိသော်ငြား ကျိုးဟောင်ဘေးတွင်ရှိနေသောလူများမှာပိုများပေသည်။
ကျင်းမိသားစုအပြင် လေလံအိမ်တော်နှင့် စွင်းမိသားစုလည်းရှိနေပေရာ ဤမိသားစုသုံးခုမှာအားနည်းသူများမဟုတ်ကြပေ။ ထို့အပြင်စစ်နတ်ဘုရားတပ်ရင်းမှအဘိုးကြီးများလည်းရှိသေးပေသည်။
"ကျိုးဟောင် တစ်နေ့မင်းကိုငါကိုယ်တိုင်သတ်မယ်"
နင်ယွမ်ဖုန်းမှာကြမ်းကြုတ်စွာပြောလိုက်သည်။
ဝတုတ်ကျင်းမှာထိုစကားအားကြားသောအခါချက်ချင်းပင်ပြုံးလိုက်သည်။
"လာ လာ လာ ငါ့အစ်ကိုကြီးကိုခုပဲလာသတ်လိုက် စိတ်ချငါတို့မတိုက်ဘူး မင်းငါ့အစ်ကိုကြီးကိုချဖို့ဘယ်လိုစီစဥ်မလဲဆိုတာကြည့်ရသေးတာပေါ့"
"မင်းတို့လေးယောက်ပေါင်းတောင် ငါ့အစ်ကိုကြီးကိုမနိုင်တာ အခုမင်းကဒဏ်ရာအပြင်းအထန်ရထားတာကို ငါ့အစ်ကိုကြီးကိုသတ်မယ်လို့ပြောရဲသေးတယ် မင်းကတကယ်ကိုကိုယ့်သေတွင်းကိုယ်တူးနေတာပဲ နင်ယွမ်ဖုန်းမင်းဘယ်တုန်းကစပြီး ဒီလိုကြောင်သူတော်ဖြစ်သွားရတာလဲ"
ဝတုတ်ကျင်းမှာလုံးဝဂရုမစိုက်ဘဲချက်ချင်းပင်ရန်စကားဆိုလိုက်သည်။
"ဝတုတ်ကျင်း...မင်း...မင်း..."
နင်ယွမ်ဖုန်းမှာဒေါသဖြစ်လွန်း၍သွေးပင်အန်တော့မလိုခံစားနေရပေသည်။ ဤဝတုတ်ကျင်း၏ပါးစပ်သည်တကယ်ပင်ဤမျှလောက်ရွံစရာကောင်းကြောင်းသူဘာကြောင့်စောစောကတည်းကမသိခဲ့မှန်း အံ့သြမိပေသည်။
"ဘာလဲ မင်းလက်မခံချင်လို့လား မှန်ထဲသွားကြည့်လိုက်ဦး အခုလိလိမ္မာမ္မာနဲ့ကိုယ့်ရဲ့အခွင့်အလမ်းကောင်းလေးကိုသာသွားရှာလိုက် ငါတို့ကိုရန်လာမစနဲ့ မဟုတ်လို့ကတော့ နင်ယွမ်ဖုန်း ငါတို့ကမင်းကိုအားနာနေမှာမဟုတ်ဘူး"
ဝတုတ်ကျင်းမှာသရော်ပြုံးပြုံးကာပြောလိုက်ပြီး သူ၏လေသံထဲတွင်လည်းအထင်သေးသောအသံမျိုးပါနေသည်မှာသိသာလှပေသည်။
နင်ယွမ်ဖုန်းမှာဒေါသအလွန်ဖြစ်နေသော်ငြားအသုံးမဝင်ပေ။ လက်ရှိအချိန်တွင်သူဘာမှမလုပ်နိုင်ပေ။
အနည်းဆုံးဤမျှလောက်လူအများကြီးအားသူမခုခံနိုင်ပေ။ ကျိုးဟောင်တစ်ယောက်တည်းပင် သူ့အတွက်ကိုင်တွယ်ရန်အလွန်များနေပြီဖြစ်သည်။
ထို့ကြောင့်နင်ယွမ်ဖုန်းမှာချက်ချင်းပင်နောက်လှည့်ကာထွက်သွားခဲ့သည်။ သို့သော်အခွင့်အရေးရသည်နှင့်ကျိုးဟောင်အားသတ်ပစ်ရန်စိတ်ထဲမှတေးထားလိုက်သည်။
ကျိုးဟောင်မှာဘေးရှိလူများအားကြည့်ကာပြုံးလိုက်သည်။ သူသည်လက်နှစ်ဖက်အားဆုပ်ကာ စုရှောင်းယွီနှင့်စွန်းယွဲ့အားပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူမတို့ယခုလိုရပ်ပြီးစကားပြောရသည့်အကြောင်းအရင်းသည် နင်မိသားစုအားသတိပေးချင်၍ဖြစ်သည်။ ကျိုးဟောင်သည်ဤကူညီပေးမှုအားသိပေသည်။
"ကျေးဇူးတင်စရာလိုလို့လား ပြီးခဲ့တဲ့အခေါက်အတွက်တောင်ကျွန်မရှင့်ကိုကောင်းကောင်းကျေးဇူးမတင်ရသေးဘူး တကယ်လို့ကျွန်မတို့ကြောင့်သာမဟုတ်ရင် ရှင်လည်းနင်မိသားစုနဲ့အီတာယွီမိသားစုကိုရန်စမိမှာမဟုတ်ဘူး"
စုရှောင်းပင်းမှာယောက်ျားများအားသဘောမကျသော်ငြား သူမသည်ကျိုးဟောင်ကိုတော့အနည်းငယ်လေးစားပေသည်။ မည်သို့ပင်ဖြစ်စေကျိုးဟောင်၏ခွန်အားမှာဤနေရာတွင်အမြင့်ဆုံးဖြစ်သည်။ စုရှောင်းယွီမှာကျိုးဟောင်အားအလေးအနက်ကြည့်နေပြီး သူမ၏မျက်လုံးထဲတွင်ခါးသီးသောအမူအရာများအားမြင်နေရပေသည်။ ကျိုးဟောင်အမြင်မှားသလားမသိသော်ငြား သူမ၏ထိုကဲ့သို့သောအကြည့်မှာကျိုးဟောင်အားတုန်လှုပ်စေပေသည်။
"ကျိုးဟောင်ရှင်ကတကယ်ကိုစွမ်းအားကြီးတာပဲ ကျွန်မအဖေကရှင့်ကိုကျွန်မကိုကာကွယ်ဖို့အခွင့်အရေးပေးတာမဆန်းတော့ဘူး အခုလိုကျင့်ကြံဆင့်နဲ့ရှင်ကမိုရိုမျိုးနွယ်စုရဲ့နေရာမှာ ပြိုင်ဘက်ကင်းတဲ့တည်ရှိမှုမျိုးဖြစ်နေပြီ တကယ်လို့ဒီမှာပြဿနာရှိရင် ကျွန်မရှင့်နာမည်ပြောလိုက်လို့ရတယ်"
စွန်းယွဲ့မှာကျိုးဟောင်အားစနောက်နေသော်လည်း သူမနောက်ရှိဖုန်းပိုင်ချွမ်း၏မျက်နှာမှာပျက်ယွင်းနေခဲ့ပေသည်။
....................................................................................
အခန်း (၅၆၂) ပြီးပါပြီ။
အခန်း (၅၆၃) : တောင်အားဖွင့်လှစ်ခြင်း
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ချက်ချင်းပင်ပြုံးသွားခဲ့သည်။ သူသည်စွန်းယွဲ့သည်သူ့အားစနေမှန်းသိပေရာ သိပ်ပြီးဂရုမစိုက်ပေ။
ထိုစကားအားပြောပြီးနောက်စွန်းယွဲ့မှာဖုန်းပိုင်ချွမ်းအားကြည့်ကာပြောလိုက်သည်။
"ဘာစောင့်နေတာလဲ မြန်မြန်တောင်းပန်လိုက်လေ ဟမ့် ငါနင့်ကိုနင်ယွမ်ဖုန်းနဲ့အပြင်အတူထွက်သွားတာကိုတောင်အပြစ်မပေးရသေးဘူး ပြန်ရောက်ရင်အဖေနဲ့တိုင်ပြောမယ်"
ဖုန်းပိုင်ချွမ်းမှာထိုစကားအားကြားသောအခါသူ၏အမူအရာမှာချက်ချင်းပင်မဲမှောင်သွားခဲ့ပြီး အလျင်အမြန်ပင်ပြောလိုက်သည်။
"အစ်ကိုကျိုးတောင်းပန်ပါတယ် ကျွန်တော်စွန်းယွဲ့နဲ့အစ်ကို့ကြားကဆက်ဆံရေးကိုမသိခဲ့လို့ပါ အဲဒါကြောင့်စိတ်ထဲမထားပါနဲ့ အဲဒီနေ့ကကျွန်တော့်ကိုသက်ညှာပေးခဲ့လို့ကျေးဇူးတင်ပါတယ်"
ကျိုးဟောင်မှာလက်ခါပြရင်းဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
ထို့အပြင်ဖုန်းပိုင်ချွမ်းမှာသူ့အားမည်သည့်ဆုံးရှုံးမှုမှမဖြစ်စေခဲ့ပေ။ သူတို့စကားပြောနေသည့်အချိန်မှာပင်အီတာယွီမိသားစုရောက်လာခဲ့သည်။ ဘလူးမှာကျိုးဟောင်အားပျက်ယွင်းနေသောအမူအရာမျိုးဖြင့်ကြည့်နေပြီးသူ၏ပုံစံမှာအနည်းငယ်စိုးရိမ်နေပုံပင်ပေါ်ပေသည်။ မည်သို့ပင်ဖြစ်စေ သူကျိုးဟောင်အားလှည့်စားခဲ့မှန်းမည်သူမျှမသိသော်ငြား ကျိုးဟောင်မှာသိပေသည်။ ဤလူသည်သူ့အားအန္တရာယ်ပေးပြီးသည်အထိတောင်သေချာပေါက်အလွတ်မပေးခဲ့ပေ။
"စိတ်လောကအဆုံးသတ်တာနဲ့ချက်ချင်းထွက်သွားရမယ် ကျိုးဟောင်နဲ့တိုက်လို့မဖြစ်ဘူး ဒီလူက....အရမ်းစွမ်းအားကြီးလွန်းတယ် ပြန်ရောက်မှကျန်တာကိုစီစဥ်ရမယ်"
ဘလူးမှာထိုသို့တွေးနေသလိုကျိုးဟောင်လည်းတွေးနေပေသည်။ လက်ရှိအချိန်တွင်သူသည်ဘလူးအားကြည့်ကာ စိတ်ထဲတွင်အေးစက်စွာနှာခေါင်းရှုံ့နေပေသည်။
"ဒီလူကို....တတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းရမယ် ငါသူ့ကိုအသက်ရှင်ခွင့်ပေးလို့မရဘူး ပြီးခဲ့တဲ့တစ်ခေါက်တုန်းကငါအရမ်းစိတ်ပျော့ပြီး သူ့ကိုလွှတ်ပေးခဲ့မိတယ် အဲဒါကြောင့်ပဲသူငါ့ကိုသတ်လို့ရခါနီးအခြေအနေအထိဖြစ်ခဲ့တယ် တကယ်လို့ငါသူ့ကိုဆက်ပြီးလွှတ်ထားပေးနေဦးမယ်ဆိုရင် နောက်တစ်ခါကျဒီလောက်ကံမကောင်းလောက်တော့ဘူး"
ကျိုးဟောင်မှာတစ်ဖက်လူအားတကယ်ပင်သတ်ချင်နေပေသည်။ ဘလူးအားအသက်ရှင်ခွင့်မပေးနိုင်ပေ။
"စိတ်လောကပွင့်ပြီးရင် ငါတို့နှစ်နာရီအတွင်းဝိဥာဥ်ခန္ဓာကိုယ်တွေရှာရမယ် မှတ်တမ်းတွေအရဆို ငါတို့စွန်းမိသားစုမှာ သယ်ဆောင်ပေးမဲ့လူလေးယောက်ပဲရှိတယ် တောင်းပန်ပါတယ်ကျိုးဟောင် ရှင့်သယ်ဆောင်သူကိုရှင့်ဘာသာရှာမှပဲရတော့မယ်"
ပြောရင်းစွန်းယွဲ့မှာဖုန်းပိုင်ချွမ်းနှင့်ထွက်သွားတော့သည်။
အားလုံးသည်ဝိဉာဥ်ခန္ဓာကိုယ်များအားရှာရန်အကောင်းဆုံးကြိုးစားနေကြကြောင်းကိုကျိုးဟောင်မြင်ပေရာ သူသည်လည်းရှာရန်ထွက်ခွာလာခဲ့သည်။ ဤစိတ်လောကထဲတွင်စိတ်စွမ်းအင်အတက်အကျများစွာပေါ်လာနေပြီး ထိုစိတ်စွမ်းအင်များနှင့်ပေါင်းစပ်နိုင်ပါက စိတ်လောကတွင်းသို့ဝင်ရောက်နိုင်မည်ဖြစ်သည်။
ထိုအချိန်တွင်ဖားနှင့်ဂျယ်လီဖြူမှာကျောပိုးအိတ်ထဲမှတွားသွားထွက်လာခဲ့ပြီး ကျိုးဟောင်၏ပခုံးပေါ်တွင်မတ်တပ်ရပ်လိုက်ကြသည်။
"ငါတို့ရဲ့ဝိဉာဥ်ခန္ဓာကိုယ်ကစွမ်းအားကြီးပြီးအဆင့်အတန်းမြင့်ရမယ် မဟုတ်ရင်အဲဒီဝိဉာဥ်ကျောက်တုံးကိုရဖို့ဆိုတာမဖြစ်နိုင်ဘူး"
ဖားမှပြောလိုက်သည်။
ကျိုးဟောင်မှာဘာမှမတတ်နိုင်သလိုခံစားလိုက်ရသည်။ ထိုကဲ့သို့သောအဆင့်အတန်းမျိုးနှင့်ဝိဉာဥ်ခန္ဓာကိုယ်အားသူဘယ်နေရာတွင်သွားရှာရမည်နည်း။ မူလဝိဉာဥ်ခန္ဓာကိုယ်များအတွက်ပင်ယှဥ်ပြိုင်တိုက်ခိုက်နေကြသူအများအပြားရှိပေရာ အဆင့်အတန်းမြင့်သောဝိဉာဥ်ခန္ဓာကိုယ်ရှာရန်ဆိုပါက ပိုခက်ခဲမည်မဟုတ်ပေလော။
ကျိုးဟောင်သည်ဝိဉာဥ်ခန္ဓာများစွာအားတွေ့ခဲ့သော်ငြား ဖားနှင့်ဂျယ်လီဖြူမှာသဘောမကျပေ။ ကျိုးဟောင်မှာထိုသို့ရှာဖွေနေရင်းအချိန်တဖြည်းဖြည်းချင်းကုန်ဆုံးလာသည်ကိုကြည့်ပြီး ပို၍စိုးရိမ်လာခဲ့ပေရာ မနေနိုင်တော့ဘဲမေးရန်ပြင်လိုက်သည်။ ထိုအချိန်တွင်ဖားမှာရုတ်တရက်မျက်မှောင်ကြုတ်ကာမေးလာခဲ့သည်။
"ဒါနဲ့ ငါတို့လိုက်သတ်ခံရတုန်းက မင်းတောင်အတွင်းပိုင်းကိုပြေးရင်း အဲဒီမှာနေတဲ့အမျိုးသားတစ်ယောက်နဲ့တွေ့ခဲ့တယ်မလား"
ကျိုးဟောင်မှာခေတ္တမျှကြက်သေသေသွားပြီးနောက် ခေါင်းညိတ်ပြလာခဲ့သည်။
"အင်း တွေ့ခဲ့တယ်လေ သူကကျွန်တော့်ကိုကယ်ခဲ့တဲ့လူပဲ ဘာဖြစ်လို့လဲ"
ဖားမှာထိုစကားအားကြားသောအခါ အမူအရာပြောင်းလဲသွားခဲ့ပြီးနောက်အလျင်အမြန်ပင်ပြောလာခဲ့သည်။
"သူမင်းကိုအဲဒီနေရာကထွက်သွားဖို့ပြောပြီး ဘယ်တော့မှပြန်မလာဖို့ပြောခဲ့တယ်မလား သူ့မှာထူးခြားတဲ့အငွေ့အသက်ရှိတယ်မလား သူ့မျက်နှာပေါ်မှာလည်းစိုးရိမ်နေတဲ့အမူအရာမျိုးတွေ့ရတယ်မလား"
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။ ထိုလူသည်တကယ်ကိုထိုပုံအတိုင်းပင်ဖြစ်သည်။ သူသည်အလွန်ချောမောသော်ငြား မျက်လုံးထဲတွင် အမြဲတမ်းဝမ်းနည်းနေသောအမူအရာမျိုးပေါ်ပေသည်။
"သိပ်ကောင်းတာပဲ မင်းသူ့ကိုတွေ့ခဲ့တယ်ဆိုမှတော့ ငါတို့သူ့ကိုသွားရှာကြစို့"
"မင်းတို့နှစ်ယောက်ကရေစက်ပါတယ် သူမင်းကိုကူညီလိမ့်မယ် သူသေချာပေါက်မင်းကိုကူညီပေးလိမ့်မယ်"
ဖားမှာပြောရင်းချက်ချင်းပင်အလောတကြီးထွက်သွားခဲ့သည်။
"၁၀ ခုမြောက်ဧရိယာဖြစ်တဲ့တောင်အတွင်းပိုင်းဆီသွားကြစို့"
ကျိုးဟောင်မှာနားမလည်သော်ငြားဖား၏စကားအားနားထောင်ပြီးအလျင်အမြန်ပင်ထွက်ခွာလာခဲ့သည်။ တောင်အတွင်းပိုင်းအားကြည့်ပြီးနောက်ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားခဲ့သည်။ ဤနေရာသည်များစွာသောအလင်းတန်းများဖြင့်လွှမ်းခြုံခံထားရပြီးလုံးဝဝင်လို့မရပေ။
"သူကျွန်တော့်ကိုမဝင်စေချင်တာများလား"
ကျိုးဟောင်မှမေးလိုက်သည်။
"ဟမ့် တကယ်လို့သူမင်းကိုမဝင်စေချင်ဘူးဆိုရင်တောင် မင်းမဖြစ်မနေဝင်ရဦးမှာပဲ"
ဖားမှာအလွန်စိတ်ပူနေပြီး ထို့နောက်၎င်းမှာခုန်ထွက်သွားပြီးချက်ချင်းပင်တောင်ပေါ်၌ အော်ဟစ်လိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်ကရေစက်ပါတယ် သူကခင်ဗျားကိုမြင်ရပြီး ခင်ဗျားကသူ့ကိုကယ်ခဲ့တယ်ဆိုမှတော့ အဓိပ္ပာယ်ကရှင်းနေတာပဲ ဒါကခင်ဗျားဆန္ဒပြည့်ဝအောင် ကူညီပေးနိုင်မဲ့လူက သူတစ်ယောက်ပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဆိုလည်းဟုတ်တယ် ခင်ဗျားဒီလောက်နှစ်တွေအများကြီးအသက်ရှင်သန်နေဖို့ဆိုရင် ခင်ဗျားနှလုံးသားထဲမှာတဝဲလည်လည်ဖြစ်နေတဲ့အတွေးတွေရှိမှရမှာ ဒီနေရာကိုဖွင့်ပြီး ကျုပ်တို့ကိုဝင်ခွင့်ပေးလိုက်ရင် ခင်ဗျားလည်းခင်ဗျားရဲ့ဆန္ဒတွေကိုဖြည့်ဆည်းနိုင်လိမ့်မယ်"
ဖားမှာထိုစကားအားအကြိမ်ပေါင်းများစွာအော်နေခဲ့ပေရာ ကျိုးဟောင်မှာပဟေဠိဖြစ်နေခဲ့ပြီး ဘာကိုဆိုလိုမှန်းနားမလည်ပေ။
သို့သော်အလင်းတန်းများမှာအားနည်းသွားမည့်လက္ခဏာမျိုးလုံးဝမပြဘဲ ယခင်အတိုင်းအားကောင်းဆဲပင်။
"ဟမ့် ခင်ဗျားကျုပ်စကားကိုတောင်နားမထောင်တော့ဘူးပေါ့ ကျုပ်ပြောပြီးသားသူတစ်ယောက်ပဲခင်ဗျားစိတ်ထဲကဆန္ဒကိုဖြည့်ဆည်းနိုင်မှာလို့ ခင်ဗျားအတိတ်ကိုရင်မဆိုင်ရဲတာလား ဒါမှမဟုတ် မမှတ်မိရဲတာလား"
"စိတ်လောကမှာအားလုံးက သက်ဆိုင်ရာအနှစ်သာရအဖြစ်ကိုပြန်ပြောင်းတာပဲအတိတ်တုန်းကမြင်ကွင်းတွေကလည်းသူ့ဘာသာပြန်ပေါ်လာတာ အဲဒီတုန်းကခင်ဗျားထိခိုက်စေခဲ့တဲ့လူကိုခင်ဗျားပြန်မတွေ့ချင်တော့ဘူးလား"
ဖား၏အသံမှာစိတ်ပူမှုတိုဖြင့်ပြည့်နေသော်ငြား ထိုတောင်ကြီးမှာတုတ်တုတ်မျှလှုပ်ရှားမှုမရှိပေ။
ကျိုးဟောင်မှာသက်ပြင်းချပြီးသာမေးလိုက်တော့သည်။
"ဝင်မရဘူးဆိုမှတော့ ထားလိုက်ပါတော့"
ကျိုးဟောင်မှာကိစ္စအများစုတွင်ဖိအားပေးတတ်သူမဟုတ်ပေ။ အချို့ကိစ္စများမှာသဘာဝအတိုင်းထားလိုက်တာကောင်းပေသည်။
သိုသော်ဖားမှာထိုစကားအားကြားသောအခါ အလွန်မကျေမနပ်ဖြစ်လာခဲ့သည်။
"သူရဲဘောကြောင်တဲ့လူ ခင်ဗျားကအတိတ်ကိုတောင်ရင်မဆိုင်ရဲဘူးလား အဲဒီတုန်းကခင်ဗျားရဲ့သတ္တိတွေဘယ်မှာလဲ ခင်ဗျားရဲ့စွမ်းရည်တွေဘယ်မှာလဲ အခုဒီမှာပုန်းနေတော့ ဘာအသုံးဝင်လို့လဲ"
ထိုအသံမှာအလွန်ကျယ်ပြီး ဖား၏မကျေနပ်မှုနှင့်ဒေါသကိုလည်းပေါ်လွင်စေပေသည်။
ကျိုးဟောင်မှာခေါင်းသာယမ်းကာလှည့်ထွက်သွားလိုက်သည်။
သို့သော်ထိုအချိန်မှာပင် ကောင်းကင်တွင်ပြည့်နေခဲ့သောအလင်းတန်းများမှာရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ တောင်အတွင်းပိုင်းနေရာတွင် အလင်းတန်းတစ်ခုမှာရုတ်တရက်ပွင့်လာခဲ့သည်။ ထိုနေရာတွင်အဖြူဝတ်အမျိုးသားတစ်ဦးမတ်တပ်ရပ်နေပြီးကျိုးဟောင်၊ ဖားနှင့် ဂျယ်လီဖြူတို့အားရှုပ်ထွေးနေသောအမူအရာဖြင့်ကြည့်နေပြီးနောက် သက်ပြင်းချလာခဲ့သည်။
"ပွင့်သွားပြီ"
ဖားမှာချက်ချင်းပင်ပျော်ရွှင်နေဟန်ဖြင့်ပြောလာခဲ့သည်။
အဖြူဝတ်အမျိုးသားမှာလက်အားဝေ့ယမ်းလိုက်ပေရာ ဖောက်ထွင်းမြင်နေရသောဝိဉာဥ်ခန္ဓာကိုယ်တစ်ခုမှာ သူ၏မျက်ခုံးကြားတွင်ပေါ်လာခဲ့ပြီးနောက် သူသည်ကျိုးဟောင်ရှေ့တွင်ဆင်းသက်လိုက်သည်။ ထို့နောက်ဘာမှမပြောဘဲလှည့်ထွက်သွားကာ တောင်ထိပ်တစ်ခုပေါ်တွင်ဆင်းလိုက်ပြီး တင်ပလ္လင်ချိတ်ထိုင်လိုက်သည်။ သူသည်ရှေ့ရှိမြင်ကွင်းအားလုံးအား အောက်မေ့နေသောဗလာမျက်လုံးများဖြင့်ကြည့်နေခဲ့သည်။
"ဘာစောင့်နေတာလဲ မြန်မြန်ဒီဝိဉာဥ်ခန္ဓာနဲ့ပေါင်းစပ်လိုက် ဒါမှမင်းအဲဒီလောကထဲဝင်လို့ရမှာ တကယ်လို့မင်းမပေါင်းစပ်ဘူးဆိုရင်မောင်းထုတ်ခံရလိမ့်မယ်"
ကျိုးဟောင်မှာသက်ပြင်းတစ်ချက်ချကာ ချစ်ပ်ပြားအားကိုင်ထားလိုက်ပြီး ဝိဉာဥ်ခန္ဓာကိုယ်နှင့်သူ၏စိတ်စွမ်းအားအားပေါင်းစပ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ကျိုးဟောင်မှာအလွန်ထူးဆန်းသောစွမ်းအားတစ်ခုအားခံစားလိုက်ရသည်။ သူသည်တင်ပလ္လင်ချိတ်ထိုင်ကာ ဖြည်းဖြည်းချင်းမျက်လုံးမှိတ်လိုက်သည်။
ဘုန်း
ခမ်းနားသောစိတ်စွမ်းအားအတက်အကျတစ်ခုမှာ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး လောကတစ်ခုလုံးမှာပြောင်းလဲသွားခဲ့သည်။ စိတ်လောကအတွင်းရှိဖြစ်စေ ၊ ပြင်ပရှိလူဖြစ်စေ စွမ်းအားကြီးသောစိတ်စွမ်းအားတစ်ခုပေါ်လာသည်ကိုသူတို့အားလုံးခံစားလိုက်ရပေသည်။ ထို့နောက်ကောင်းကင်ပေါ်တွင် လေဟာနယ်အကာအကွယ်တစ်ခုဖြစ်ပေါ်လာပြီး ပြင်ပရှိမည်သူမဆိုထိုအကာအကွယ်အားဖြတ်မသွားနိုင်ပေ။
အားလုံးမှာမျက်လုံးများအားမှိတ်ထားကြပြီး သူတို့၏ဝိဉာဥ်များအား တစ်ဖက်လောကနှင့်ချိတ်ဆက်လိုက်ကြသည်။ ကျိုးဟောင်သည်လည်းအတူတူပင်ဖြစ်သည်။ လက်ရှိအချိန်တွင် သူ၏ခန္ဓာကိုယ်မှာတဖြည်းဖြည်းချင်းပေါ့ပါးလာသည်ကိုသူခံစားမိပေသည်။ ချက်ချင်းဆိုသလိုပင် စွမ်းအားကြီးသောအလင်းတန်းတစ်ခုမှာ ကျိုးဟောင်၏ခေါင်းပေါ်တွင်တောက်ပလာခဲ့သည်။
ဤအလင်းတန်းမှာအလွန်စွမ်းအားကြီးပြီး အားလုံးကိုဖုံးလွှမ်းထားပေသည်။ ၎င်း၏စွမ်းအားမှာပြင်းထန်လွန်း၍ ရှိနေသောလူများအားလုံးမှာအိပ်ချင်လာသောစိတ်အားခုခံနိုင်စွမ်းမရှိကြပေ။ ကျိုးဟောင်တစ်ယောက်သာတည်ငြိမ်နေခြင်းဖြစ်သည်။ နောက်တစ်စက္ကန့်အကြာတွင် ကျိုးဟောင်သည်သူ၏မျက်လုံးများအားဖြည်းညှင်းစွာဖွင့်လိုက်သည်။
....................................................................................
အခန်း (၅၆၃) ပြီးပါပြီ။
အခန်း (၅၆၄) : ဝမ်ကျို့ထျန်း
သူ့ရှေ့ရှိအရာအားလုံးမှာပြောင်းလဲသွားခဲ့သည်။ သူသည်တူညီသောလောကထဲတွင်ရှိနေခြင်းမဟုတ်တော့ပေ။ သို့သော်အားလုံးမှာအတူတူဖြစ်နေဆဲပင်ဖြစ်ပြီး သက်ဝင်လှုပ်ရှားနေသူများပိုများနေရုံသာရှိသည်။
ကျိုးဟောင်မှာမျက်လုံးအားဖွင့်ကြည့်လိုက်ချိန်တွင် မျက်စိရှေ့ရှိမြင်ကွင်းအားကြည့်ပြီး ကြက်သေသေသွားခဲ့သည်။ ကောင်းကင်မှာပြာလွင်နေဆဲပင်ဖြစ်ကာ ထူးဆန်းသောအဆောက်အဦးပေါင်းများစွာရှိနေပေသည်။ တိုက်သင်္ဘောများမှာကောင်းကင်ပေါ်တွင်သာမက မြေပြင်ပေါ်တွင်လည်းအများအပြားရှိနေသည်။
ကျိုးဟောင်အားအထူးတလည်အံ့သြစေသည့်အရာမှာ ကောင်းကင်ပေါ်တွင်လွင့်မျောနေသော ချပ်ဝတ်အပိုင်းအစ ၁၀ခုပင်ဖြစ်သည်။ ဤချပ်ဝတ်အပိုင်းအစ ၁၀ ခုမှထုတ်လွှတ်နေသောဖိအားမှာလူအများအားကြောက်ရွံ့စေပေသည်။ ထိုစွမ်းအင်မှာတောင်များနှင့်ပင်လယ်များကိုပင်တစ်ချက်တည်းဖြင့်အပိုင်းပိုင်းအစစဖြစ်သွားစေနိုင်သလိုထင်ရပေသည်။ ထိုအချိန်တွင် အသံတိုးတိုးတစ်ခုပျံ့လွင့်လာခဲ့သည်။
"စိတ်စွမ်းအားကအရမ်းထူးဆန်းတယ် ငါတို့အားလုံးမှာစိတ်စွမ်းအားရှိကြတယ် စိတ်စွမ်းအားအားကောင်းတဲ့လူတွေဟာ စိတ်ပိုင်းဆိုင်ရာအားဖြင့်သန်မာကြတယ်ဆိုတာကို သာမန်လူတွေသိကြတယ် ငါတို့သိိုင်းပညာရှင်တွေ အထူးသဖြင့်မိုရိုမျိုးနွယ်စုသိုင်းပညာရှင်တွေဟာ စိတ်စွမ်းအားကိုကျင့်ကြံကြပြီး အားလုံးကိုကျွန်ပြုကြတယ် ဒါကငါတို့ရဲ့စွမ်းအားပဲ ဒါပေမဲ့ဒီစိတ်စွမ်းအားဘယ်ကလာလဲဆိုတာမင်းတို့သိကြလား"
"စိတ်ဝိဉာဥ်ကနေလာတာ"
"ငါဒီစကားပြောလို့မဖြစ်နိုင်တာတွေပြောတယ်လို့မင်းတို့ထင်ကောင်းထင်လိမ့်မယ် ရှေးခေတ်ကတည်းက ဒဏ္ဍာရီတွေနေရာတိုင်းမှာပျံ့နှံ့နေခဲ့ပေမဲ့ ဘယ်သူမှဒါကိုမျက်မြင်ကိုယ်တွေ့မကြုံတွေ့ဖူးကြသေးဘူး ဒါပေမဲ့......ငါတို့မိုရိုမျိုးနွယ်ရဲ့သုတေသနကဒီလောကကြီးမှာ စိတ်ဝိဉာဥ်တွေတကယ်ပဲရှိတယ်ဆိုတာကိုပြနေတယ် အားလုံးမှာစိတ်ဝိဉာဥ်ရှိတယ် ပြီးတော့ဒီစိတ်ဝိဉာဥ်ကငါတို့သုံးတဲ့စိတ်စွမ်းအားရဲ့အရင်းအမြစ်ပဲ"
အဝေးရှိ ဆရာဝတ်စုံနှင့်အဘိုးကြီးတစ်ယောက်မှာစာသင်ကြားနေပြီး သူ၏စကားများမှာဘေးရှိလူများအားစိတ်ဝင်တစားနားထောင်နေအောင်လုပ်နိုင်ပေသည်။
ကျိုးဟောင်မှာခေတ္တမျှမှင်တက်နေခဲ့ပြီး သူပြန်သတိမဝင်သေးခင်မှာပင် သူ့ရှေ့ရှိစက်မှဒေါသဖြစ်နေသောသံတစ်သံထွက်လာခဲ့သည်။
"ကောင်စုတ်လေးမြန်မြန်သင်နေတာကို ကောင်းကောင်းလိုက်နားထောင်စမ်း မဟုတ်ရင်ငါမင်းကိုသတ်တော့မှာ"
အသံမှာအလွန်ကြောက်စရာကောင်းပုံပေါ်သည်။ ကျိုးဟောင်မှာဘာကိုမှရှင်းရှင်းလင်းလင်းမခံစားနိုင်သော်ငြား သူ၏ခန္ဓာကိုယ်မှာတကယ်ပင် အလိုလိုတုန်ယင်နေပေသည်။
ချက်ချင်းဆိုသလိုပင် သူ၏စိတ်ဝိဉာဥ်မှာဤလောကကြီးနှင့်ပေါင်းစပ်သွားခဲ့ကာ အချက်အလက်များစွာလွှဲပြောင်းခံလိုက်ရသည်။ ကျိုးဟောင်မှာခေတ္တမျှမှင်တက်နေခဲ့ပြီးနောက် သူ၏စိတ်ထဲတွင်မှတ်ဉာဏ်ပေါင်းများစွာပေါ်လာခဲ့သည်။
ဤမှတ်ဉာဏ်များမှာသူ၏မှတ်ဉာဏ်များမဟုတ်ဘဲလက်ခံသူ၏မှတ်ဉာဏ်များသာဖြစ်သည်။
"၁၀ ခုမြောက်ဧရိယာသခင် ဝမ်ချန်းသောင့်ရဲ့သား ဝမ်ကျို့ထျန်း"
ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။
"၁၀ ခုမြောက်ဧရိယာသခင်ရဲ့သားကမိုရိုမျိုးနွယ်စုရဲ့ပါရမီအရှိဆုံးလူငယ် ၁၀ ယောက်ထဲကတစ်ယောက် သူကမိုရိုမျိုးနွယ်စုရဲ့ ဗဟိုတပည့် ၁၀ ယောက်ထဲကတစ်ယောက်လို့လည်းပြောလို့ရတယ်"
ကျိုးဟောင်မှာထိုအချက်အားယုံပင်မယုံရဲပေ။
"ဒီလူက....ဒီလူကတကယ်ကိုမိုရိုမျိုးနွယ်စုရဲ့ဗဟိုတပည့်လား ဒီ....ဒီအထောက်အထားက.....သောက်ရမ်းအာဏာကြီးလွန်းတယ်"
ကျိုးဟောင်ထိုသို့တွေးနေသည့်အချိန်မှာပင် ကျိုးဟောင်၏နားထဲတွင်အမျိုးသမီးတစ်ယောက်၏အသံအားကြားလိုက်ရသည်။
"ကောင်စုတ်လေး ဘာတွေကြောင်နေသေးတာလဲ တကယ်လို့မင်းအတန်းထဲမှာသေချာနားမထောင်ရင် ငါမင်းပြန်လာရင်ဒီလအသုံးစရိတ်ကိုဖြတ်ပစ်မယ် အဲဒါမှမင်းအဲဒီမိန်းကလေးတွေကိုပိုးပန်းလို့မရအောင်"
အမျိုးသမီးမှာနှာခေါင်းရှုံ့ကာချက်ချင်းပင်ပြောလိုက်သည်။ ကျိုးဟောင်မှာအလျင်အမြန်ပင်အတွေးအားတုံ့ပြန်ကာ စာသင်နေသည်ကိုနားထောင်နေဟန်ဆောင်လိုက်သည်။
သို့သော်စိတ်ထဲတွင်တော့ထိတ်လန့်နေဆဲပင်ဖြစ်သည်။
"ဒီအသံကဝမ်ကျို့ထျန်းရဲ့အမေ ၁၀ခုမြောက်ဧရိယာသခင်ရဲ့ဇနီးရဲ့အသံဖြစ်ရမယ် သူ့ရဲ့အဆင့်အတန်းကလည်းမြင့်တယ် မိုရိုမျိုးနွယ်စုမှာဧရိယာသခင်နေရာ စုစုပေါင်း ၁၀ခုရှိတယ် ကောင်းကင်ပေါ်ကချပ်ဝတ်တွေက သူတို့အထောက်အထားတွေရဲ့သက်သေပဲ ဒီအထောက်အထားနဲ့ဆို ငါကြောက်ရတာအဲဒီဝိဉာဥ်ကျောက်တုံးကိုရဖို့အခွင့်အရေးအရမ်းများမှာကိုပဲ"
ကျိုးဟောင်မှာပြုံးကာ ဘဝင်မြင့်နေပေသည်။ သူသည်ယခုလိုအထောက်အထားကောင်းတစ်ခုအားရွေးချယ်ခဲ့မိသည့်အပေါ် တိတ်တဆိတ်အံ့သြနေပေသည်။ သို့သော် ကျိုးဟောင်မှာအလျင်အမြန်ပင်သံသယဝင်လာခဲ့သည်။
"ငါတောင်အတွင်းပိုင်းမှာမြင်ခဲ့တဲ့လူကဝမ်ကျို့ထျန်းဖြစ်မယ် ဒါပေမဲ့သူကဘာလို့အသက်ရှင်နေသေးတာလဲ ဒီမိုရိုမျိုးနွယ်စုပျောက်ကွယ်သွားတာနှစ်ပေါင်းမနည်းတော့လို့ ရှေးဟောင်းအပျက်အစီးတစ်ခုတောင်ဖြစ်လာပြီကို ဒါပေမဲ့ သူက....လူလား ဒါမှမဟုတ် ဝိဉာဥ်တစ်ခုလား"
ကျိုးဟောင်မှာအလွန်ပဟေဠိဖြစ်နေပြီး ဘာဖြစ်နေမှန်းနားမလည်နိုင်ပေ။ ကျိုးဟောင်အားခေါင်းခဲစေသည့်နောက်ကိစ္စတစ်ခုမှာ ဖားနှင့်ဂျယ်လီဖြူတို့ဤနေရာသို့လိုက်မလာခဲ့ခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရသော် သူထိုနှစ်ယောက်နှင့်ဆက်သွယ်လို့မရပေ။
"ချီးပဲ တကယ်လို့သူတို့ဝင်မလာရင် ငါကဘယ်လိုလုပ်ပြီး ငါ့ဘာသာကျောက်တုံးကိုယူရမှာလဲ သူတို့သာရှိနေရင်ကိစ္စတွေက သေချာပေါက်အများကြီးပိုလွယ်မှာပဲ"
ကျိုးဟောင်မှာသက်ပြင်းချလိုက်မိသည်။ အကယ်၍သူသာကြိုသိခဲ့ပါက သူတို့နှစ်ယောက်အတွက်လည်းအထောက်အထားများပြင်ဆင်ပေးခဲ့မည်ဖြစ်သည်။
ကျိုးဟောင်မှာနားထောင်ချင်ယောင်ဆောင်နေသော်ငြား ဝမ်ကျို့ထျန်း၏မှတ်ဉာဏ်များမှာသူ၏စိတ်ထဲပဲ့တင်ထပ်နေပေသည်။ ထို့နောက်ကျိုးဟောင်သည်ချက်ချင်းပင်ပြုံးလိုက်သည်။
"ဒီဝမ်ကျို့ထျန်းကတကယ်ကိုအသုံးအဖြုန်းကြီးသောသားတစ်ယောက်ဖြစ်သည်။ သူနှင့်အသင့်တော်ဆုံးစကားစုတစ်ခုလည်းရှိပေသည်။ သူသည်ချမ်းသာသောမိသားစု၏သားတစ်ယောက်ဖြစ်သည်။ သူ့အဖေသည် ၁၀ ခုမြောက်ဧရိယာသခင်ဖြစ်ပြီး သူကိုယ်တိုင်သည်လည်း သာမန်ထက်ထူးခြားသောကျင့်ကြံရေးရှိပြီး ကျော်ကြားသည့်မိသားစုနောက်ခံရှိသည့်ပါရမီရှင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့်သူသည် မူလကတည်းကချမ်းသာသောဒုတိယမျိုးဆက်အမွေဆက်ခံသူတစ်ယောက်ဖြစ်ကာ မိန်းကလေးများနှင့်ပရောပရီလုပ်ရသည်နှင့် အဓိပ္ပာယ်မရှိသောအရာများအားလုပ်ခြင်းတို့ကိုသဘောကျပေသည်။
"ဒါပေမဲ့ဒီလူကအတော်လေးသစ္စာရှိတယ် သူကလူကောင်းတစ်ယောက်လို့ပြောလို့ရတယ်"
ကျိုးဟောင်မှာပြုံးကာသင်နေသည်များကိုနားထောင်နေသည်။ မမျှော်လင့်ထားဘဲထိုအချိန်တွင် ကောင်လေးတစ်ယောက်မှာသူ့ဘေးနားရောက်လာပြီး သူ့အားအလျင်အမြန်ပြောလာခဲ့သည်။
"မကောင်းတော့ဘူး မကောင်းတော့ဘူး အစ်ကိုကြီး အစ်ကိုကြီးအဲဒီစွမ်းအင်ကျောက်တုံးကိုခိုးခဲ့တယ်ဆိုတာသိသွားကြပြီ ဒီသတင်းကအထက်ကလူကြီးတွေနားထဲအမြန်ရောက်သွားမှာ ကျွန်တော့်အထင်....ကျွန်တော့်အထင်.....မျိုးနွယ်စုခေါင်းဆောင်သေချာပေါက်စိတ်ဆိုးလိမ့်မယ်ထင်တယ် အဲဒီစွမ်းအင်ကျောက်တုံးကနှစ် ဆယ်စုနှစ်ချီကြာမှတစ်ခါပေါ်လာတာ ဒါပေမဲ့....ဒါပေမဲ့...."
ဤတစ်ယောက်သည်သူ၏အဖော်ဖြစ်သလို အခြွေအရံလည်းဖြစ်သည်။ ကျိုးဟောင်မှာထိုစကားအားကြားပြီးနောက် ယခင်ကသူတစ်ခုခုခိုးခဲ့ဖူးကြောင်းကိုသတိရသွားသည်။ ထိုပစ္စည်းမှာအလွန်အဖိုးတန်ပြီး ထိုပစ္စည်းအားသူသည်ဆွဲဆောင်မှုရှိသောမိန်းမလှလေးနှင့်တစ်ညတာဖြတ်သန်းနိုင်ရန် သူမအားလက်ဆောင်အနေနှင့်ပေးခဲ့ပေသည်။
သူဖြေရှင်းနိုင်မည့်နည်းလမ်းအားစဥ်းစားနေဆဲမှာပင်ကြီးမားသောစက်ရုပ်လက်ကြီးမှာရုတ်တရက်ကောင်းကင်ပေါ်တွင်ပေါ်လာခဲ့သည်။ ဤကြီးမားသောလက်ကြီးမှာရုတ်တရက်များစွာသောအမျှင်များအားပစ်လွှတ်လာခဲ့ပြီး ကျိုးဟောင်အားချက်ချင်းပင်ရစ်ပတ်စေလိုက်ပေရာ ကျိုးဟောင်၏မျက်နှာအမူအရာမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။
"ဒါက....မိုရိုမျိုးနွယ်ရဲ့စက်ရုပ်လက်ပဲ အရမ်းစွမ်းအားကြီးပြီးမိုရိုမျိုးနွယ်စုရဲ့အပြစ်သားတွေအတွက် အထူးအနေနဲ့သုံးတယ် သေစမ်း ငါခုနကမှနိုးလာတာကို အဖမ်းခံနေရပြီ"
ကျိုးဟောင်မှာချက်ချင်းပင်စိတ်ထဲမှအော်ဟစ်မိလိုက်သည်။ ထိုအရာမှာအလွန်စွမ်းအားကြီးလှသည်။ သူမည်မျှကြိုးစားနေပါစေ တုပ်နှောင်ထားသောအမျှင်များမှမလွတ်မြောက်နိုင်ဘဲ အလျင်အမြန်ပင်လေထဲတွင်ဖမ်းခံလိုက်ရသည်။
"ဟမ့် အဲဒီမိန်းမနဲ့တစ်ညတာဖြတ်သန်းဖို့အတွက် မင်းစွမ်းအင်ကျောက်တုံးကိုခိုးခဲ့တယ် ဝမ်ကျို့ထျန်း မင်းအဓိပ္ပာယ်မရှိတာတွေလုပ်တယ် ကိုယ့်အမှားကိုယ်သိလား"
ကောင်းကင်ပေါ်တွင် စွမ်းအားကြီးသောစိတ်စွမ်းအားတစ်ခုပေါ်လာပြီး ကျိုးဟောင်အားအေးစက်စွာစိုက်ကြည့်နေသည့်မျက်နှာတစ်ခုပေါ်လာခဲ့သည်။
ထိုစွမ်းအားမှာအလွန်စွမ်းအားကြီးပေရာ ကျိုးဟောင်မှာချက်ချင်းပင်သွေးအန်လိုက်ရသည်။
"အစ်ကိုကြီး မြန်မြန်အမှားကိုဝန်ခံလိုက် မဟုတ်ရင်...မဟုတ်ရင်....မျိုးနွယ်စုခေါင်းဆောင်ကအလွတ်ပေးမှာမဟုတ်ဘူး"
ကျိုးဟောင်၏လက်ပါးစေကောင်လေးမှာစိုးရိမ်တကြီးအော်ပြောလိုက်သည်။
"ဟုတ်တယ် အစ်ကိုကြီးအသက်ရှင်နေသရွေ့မျှော်လင့်ချက်ရှိတယ် မြန်မြန်အမှားကိုဝန်ခံလိုက် မဟုတ်ရင်မျိုးနွယ်စုခေါင်းဆောင်က သေအောင်ရိုက်သတ်လိမ့်မယ်"
၁၀ ခုမြောက်ဧရိယာရှိလူများမှာ သူတို့၏သခင်လေးအဖမ်းခံထားရသည်ကိုမြင်သောအခါ ချက်ချင်းပင်စိုးရိမ်လာကြသည်။
ဝမ်ကျို့ထျန်းမှာမည်သည့်နေရာတွင်မှမတော်သောငြား သူသည်အမြဲတမ်းသူ့လူများအားညီအစ်ကိုများသဖွယ်ဆက်ဆံပေသည်။ တစ်နည်းဆိုသော် သူ့ထံတွင်မိတ်ဆွေအများအပြားရှိသလို ရန်သူလည်းအများအပြားရှိပေသည်။
၁၀ ခုမြောက်ဧရိယာရှိလူများမှလွဲ အခြားလူများမှာကောင်းကင်ပေါ်ရှိကျိုးဟောင်အားမြင်သောအခါ အားလုံးမှာသရော်ပြုံးပြုံးနေကြပေသည်။
"ဒီလူကဗဟိုတပည့်ဖြစ်လာဖို့တောင်တန်လို့လား ရယ်စရာပဲ ငါတို့မိုရိုမျိုးနွယ်စုမှာတကယ်ပဲသူ့ထက်ထိုက်တန်တဲ့လူမရှိတော့ဘူးလား"
....................................................................................
အခန်း (၅၆၄) ပြီးပါပြီ။