အခန်း (၅၈၀-၅၈၂)
Vol. 39 Ch. 580-582
အခန်း (၅၈၀) : ပဟေဠိ
ကျိုးဟောင်သည် မူလကျောက်စာ၏ စွမ်းအားကို အချိန်အတော်ကြာ အသုံးပြုခြင်းမရှိခဲ့ပေ။ အကြောင်းမှာအသုံးမပြုချင်၍မဟုတ်ဘဲ ဤသိုင်းသည် တစ်ခုခုမှားယွင်းနေသောကြောင့်ဖြစ်သည်။ ထို့အပြင် ထိုလူက သူ့အားစောင့်ကြည့်နေပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် ကျိုးဟောင်သည် တစ်ဖက်လူကိုရပ်တန့်ရန် အခြားမည်သည့်နည်းလမ်းမျှမရှိသည်ကိုသိလိုက်ရသည်။
သူ့အနေဖြင့် ဤနည်းလမ်းကိုသာ စွန့်စားရန်သာရှိတော့သည်။
ထို့ကြောင့် ဤအချိန်တွင် ကျိုးဟောင်သည် တုံ့ဆိုင်းမနေဘဲမူလကျောက်စာ၏ စွမ်းအားကို ချက်ချင်းအသုံးပြုလိုက်သည်။
‘ဝုန်း’ ဟူသော အသံနှင့်အတူ အားကောင်းသော လှိုင်းလုံးတစ်ခုချက်ချင်းပျံ့နှံ့သွားခဲ့သည်။ ထို့နောက်အဆုံးမဲ့သောထူးဆန်းသည့်စွမ်းအားများ စုစည်းကာ စကားလုံးတစ်လုံးဖြစ်ပေါ်လာသည်။
၎င်းမှာ 'ချိပ်ပိတ်ခြင်း'ဖြစ်သည်။
ဤစကားလုံးပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျိုးဟောင်၏နောက်တွင် ချိပ်ပိတ်တံဆိပ်များစွာ ပေါ်လာခဲ့သည်။
ထိုလူသည်ဤအရာကိုမြင်သောအခါ သူ၏မျက်နှာအမူအရာမှာရုတ်တရက်ပြောင်းလဲသွားပြီး ချက်ချင်းထိန်းချုပ်ခံလိုက်ရသည်။
ဤလူ၏ကိုယ်ခန္ဓာသည် နက်ရှိုင်းသောချောက်တစ်ခုသဖွယ်ဖြစ်သော အဆုံးမဲ့သောမှောင်မိုက်မှုတို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ သို့သော် ဤအချိန်တွင်ထိုလူသည် မည်သည့်အရာကိုမျှမတတ်နိုင်ဘဲ နေရာတွင်မလှုပ်မယှက်ရပ်တန့်နေခဲ့ရသည်။
သူ၏မျက်နှာတွင် မယုံကြည်နိုင်ခြင်းနှင့်ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ဤသိုင်းကိုအသုံးပြုပြီးနောက် ကျိုးဟောင်သည် သူ၏စိတ်စွမ်းအားမှာချက်ချင်းစုပ်ယူခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ အားနည်းသော ခံစားချက်တစ်ခုသည် သူ၏ကိုယ်ခန္ဓာထဲတွင်ချက်ချင်းပေါ်လာခဲ့သည်။
ကျိုးဟောင်သည် ထိုလူကို ကြည့်ပြီး အလျင်အမြန်ပြောလိုက်သည်။
“အကြီးအကဲ ကျွန်တော်အပြစ်မလုပ်ချင်ပါဘူး ဘာမှလည်းမလုပ်ချင်ပါဘူး မိုရိုမျိုးနွယ်စုကလည်းပျောက်ကွယ်သွားတာကြာခဲ့ပါပြီ ဒီတစ်ခါစိတ်လောကအနေနဲ့ပဲ ပြန်ပေါ်လာတာပါ အကြီးအကဲက စိတ်လောကထဲကပုံရိပ်ယောင်လူတစ်ယောက်လားတော့ မသိဘူးပေမယ့် ကျွန်တော် တကယ်ကို ဆိုးရွားတဲ့ ရည်ရွယ်ချက်မရှိပါဘူး!”
“ကျွန်တော် ဝိညာဉ်ကျောက်ကို ယူပြီးရှေးဟောင်းခန္ဓာသိုင်းကို ရယူချင်ရုံပါပဲ”
ကျိုးဟောင်သည် တစ်ဖက်လူနားလည်မှုလွဲမည်ကိုစိုးရိမ်သဖြင့် အလျင်အမြန်ရှင်းပြလိုက်သည်။ သူတကယ်ဘာမှလုပ်ချင်စိတ်မရှိပေ။ ကံအခွင့်အလမ်းကို ရယူလိုခြင်းသာဖြစ်သည်။
ကျိုးဟောင် ပြောသည်ကို ကြားသောအခါ ထိုလူ၏ မျက်လုံးများမှ ကြမ်းတမ်းမှုများမှာပျောက်ကွယ်သွားသည်။ တစ်ဖက်လူသည် မျက်လုံးများကို မှေးစင်းကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒါက ပုံရိပ်ယောင်ကမ္ဘာဆိုတာ ငါသိပါတယ် မိုရိုမျိုးနွယ်စုကတော့ပျက်စီးသွားပြီ ဒါပေမယ့် ငါကမပျောက်ကွယ်သေးဘူး ဆယ်ထပ်က အဆုံးမရှိတဲ့နေရာပဲ ဒီထဲမှာရှိတဲ့ အရာအားလုံးက ပျောက်ကွယ်သွားမှာမဟုတ်ဘူး”
ဤလူ၏စကားအားကြားပြီးနောက် ကျိုးဟောင်မှာထိတ်လန့်သွားသည်။ ဤလူသည် ဤကမ္ဘာတွင် အမှန်တကယ်အသက်ရှင်နေဆဲဖြစ်သည်။ သို့သော် သူသည် ရှေးဟောင်းအပျက်အစီးများမှ ထွက်ခွာနိုင်စွမ်းမရှိခြင်းပေလော။
သို့မဟုတ် သူသည် ကောင်းကင်ဘုံမျှော်စင်၏ ဆယ်ထပ်မှ ထွက်ခွာနိုင်စွမ်းမရှိခြင်းပေလော။
“ကလေး၊ မင်းမူလကျောက်စာကို သိတယ်ဆိုတော့ကောင်းတာပေါ့ ငါတို့ အပေးအယူလုပ်ကြမယ် ငါ့သံကြိုးတွေကိုဖြုတ်ပေး ငါမင်းကို မသတ်ဘူးဘယ်လိုလဲ”
ထိုလူသည် မျှော်လင့်ချက်အရိပ်အယောင်ဖြင့် ပြောလိုက်သည်။
သို့သော် ကျိုးဟောင်သည် ဤလူသည် လူကောင်းလား၊ လူဆိုးလား မပြောနိုင်ပေ။ ထို့ကြောင့် သူသည် ထိုလူကို အလွယ်တကူ ထွက်ခွာခွင့်မပေးရဲပေ။
“စိတ်မကောင်းပါဘူး အကြီးအကဲ၊ ကျွန်တော် အကြီးအကဲကို လွှတ်ပေးလို့မရပါဘူး”
ကျိုးဟောင်မှတိုက်ရိုက်ပြောလိုက်သည်။
“မင်းဘာကို စိုးရိမ်လဲဆိုတာ ငါသိတယ် ငါကပြီးခဲ့တဲ့ရာစုနှစ်ကလူပဲ ဒါကြောင့် မင်းရဲ့ကိစ္စတွေမှာ ငါဝင်မစွက်ဖက်ဘူး ငါ့မှာ လုပ်စရာရှိတာတွေ ရှိတယ် စိတ်မပူနဲ့ ငါ ဒီကမ္ဘာဂြိုဟ်ပေါ်မှာ မနေဘူး ငါ ဒီနေရာကနေ ထွက်သွားပြီး ငါလုပ်သင့်တာတွေကို လုပ်ချင်ရုံပါ”
ကျိုးဟောင်သည်ထိုလူကို ကြည့်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် ထိုလူ လိမ်ညာနေခြင်းမဟုတ်ဟုသူခံစားရသည်။
သို့သော် ကျိုးဟောင်သည် အနည်းငယ်မသေချာဖြစ်နေသေးသည်။
“ဒါပေမယ့် အကြီးအကဲပြောတာမှန်တယ်ဆိုတာကို ဘယ်လိုသက်သေပြနိုင်မလဲ အကြီးအကဲ ကျွန်တော့်ကို လိမ်နေရင် ဘယ်လိုလုပ်မလဲ”
ကျိုးဟောင်က တိုက်ရိုက်ပြောလိုက်သည်။
ထိုလူက ပြုံးလိုက်သည်။
“ဒီလောက်အများကြီးပြောပြီးတာတောင် မင်းငါ့ကို မယုံသေးဘူးပေါ့ ကလေး မင်းရဲ့ မူလကျောက်စာစွမ်းအားက ငါ့ကို ထိန်းချုပ်နိုင်တယ်လို့ မင်းထင်နေတာလား မင်းမှားနေပြီ ငါ လွတ်မြောက်ချင်ရင် ချက်ချင်းရုန်းလိုက်လို့ရတယ် ငါမလုပ်ချင်တဲ့အကြောင်းအရင်းက မင်းရဲ့မူလကျောက်စာစွမ်းအားတွေ ပျံ့နှံ့သွားပြီး တခြားသူတွေကိုသတိမထားမိစေချင်လို့ပဲ မင်းခေါင်းပေါ်ကို ကြည့်လိုက်”
သူပြောပြီးနောက် ကျိုးဟောင်မှာအလျင်အမြန်မော့ကြည့်လိုက်ပြီး သူ၏မျက်နှာအမူအရာမှာချက်ချင်းပြောင်းလဲသွားသည်။
သူ၏ခေါင်းပေါ်တွင် ထူးဆန်းသော အလင်းတန်းအကာအကွယ်တစ်ခုရှိပြီး ဤအလင်းတန်းအကာအကွယ်သည် ထိုလူ၏ကိုယ်ခန္ဓာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆိုလိုသည်မှာ ဤလူသည် သူ၏မူလကျောက်စာစွမ်းအားကို မည်သူမျှ မသိအောင် လုံးဝဖုံးအုပ်ထားခြင်းပင်ဖြစ်သည်။
ထိုလူက ပြုံးပြီးလက်ကိုဝေ့ယမ်းလိုက်သည်။ သူ့ရှေ့တွင် ဖန်အပိုင်းအစများစွာ ကွဲကြေသွားသည်ဟုထင်ရပေသည်။ ထို့နောက်သူသည်ချိပ်တံဆိပ်ကိုဖွင့်လိုက်ကာ လွတ်မြောက်သွားခဲ့သည်။
“မူလကျောက်စာစွမ်းအားနဲ့ဆိုရင် အဲဒီလူက မင်းကို သတ်မှာသေချာတယ် ငါမကူညီဘူးဆိုရင် မင်း ရှေးဟောင်းအပျက်အစီးတွေထဲမှာ ရှိနေမှန်းသိရင် သူမင်းကိုတိုက်ခိုက်ဖို့ ပိုလွယ်တာပေါ့”
“ကောင်းကင်ဘုံအဆင့်အောက်မှသာ ဒီနေရာကို ဝင်လို့ရတာဆိုပြီးငါ့ကို မပြောနဲ့ အဲဒါဆိုမင်းမှားနေပြီ ကောင်းကင်ဘုံအဆင့်ပညာရှင်ဝင်လို့မရဘူးဆိုတာနဲ့ သူတော်စင်ဘုံအဆင့်ပညာရှင်ဝင်လို့မရဘူးလို့ မဆိုလိုဘူး။ သောင့်ဘုံအဆင့်ပညာရှင်ဝင်လို့မရဘူးလို့လည်းမဆိုလိုဘူး ပြီးတော့မင်းမသိချင်ဘူးလား မင်း ရှေးဟောင်းအပျက်အစီးတွေကို စိတ်ကြိုက်ဝင်လို့ရပေမယ့် ကောင်းကင်ဘုံအဆင့်ပညာရှင်က ဘာလို့ဝင်မရတာလဲ ပြီးတော့ရှေးဟောင်းအပျက်အစီးတွေထဲမှာ မင်းရဲ့လုံခြုံရေးကို ဘယ်သူအာမခံနိုင်မလဲ”
“မင်းတို့အားလုံးက ဂိုဏ်းအသီးသီးက ပြုစုပျိုးထောင်ထားတဲ့ ပါရမီရှင်တွေပဲ သူတို့ သေချာမစစ်ဆေးဘဲ မင်းတို့ကို စေလွှတ်လိုက်လို့ အားလုံးမကောင်းတာတစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ သူတို့အပင်ပန်းခံပြုစုပျိုးထောင်ထားတဲ့ ပါရမီရှင်တွေကို သေတွင်းထဲ ပို့နေတာမဟုတ်ဘူးလား”
ထိုလူ၏မျက်နှာတွင် လှောင်ပြောင်လိုမှုတို့ရှိနေသော်လည်း သူသည် ကျိုးဟောင်ထက် ဤအကြောင်းကို ပိုသိသည်ကိုတွေ့မြင်နိုင်သည်။
ကျိုးဟောင်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ အမှန်ပင် သူလည်း ဒီအကြောင်းကို အရင်ကတွေးခဲ့ဖူးသည်။ သူတို့ဘာလို့ စိတ်ကြိုက်ဝင်ခွင့်ပြုရတာလဲ။
သူတို့ သေချာမစစ်ဆေးဘဲ သူတို့ကို ဝင်ခွင့်ပေးရဲပါ့မလား။
ဒါကြောင့် သူတို့ဟာ ဒီရှေးဟောင်းအပျက်အစီးတွေကို အရင်က စစ်ဆေးပြီးပြီဖြစ်လောက်သည်။ စစ်နတ်ဘုရားအန်းပြောခဲ့သလိုတော့သေချာပေါက်မဟုတ်ပေ။
ကျိုးဟောင်သည် ထိုလူကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့စိတ်ထဲတွင် အတွေးများစွာပေါ်လာခဲ့သည်။
ဤအချိန်တွင် သူသည် တစ်ဖက်လူ၏သက်ညှာမှုအောက်တွင်ရှိနေသည်။ သူပြောသည့်အတိုင်း မလုပ်ပါက တစ်ဖက်လူက သူ့အားသတ်ပစ်မည်မှာသေချာပေသည်။
ထို့အပြင်၏တစ်ဖက်လူက မကောင်းတာ ဘာမှမလုပ်ဘူးဟုကတိပေးထားသောကြောင့် ကျိုးဟောင် သူ့အားယုံကြည်ရန်မှာမဖြစ်နိုင်တာတော့ မဟုတ်ပေ။
ထိုအကြောင်းတွေးပြီးကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။
“အကြီးအကဲ ကတိတည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“စိတ်မပူပါနဲ့ ကလေး ငါကပြောစကားကိုတည်တဲ့လူပါ”
သူသည်ပြောရင်းသူ့ကိုယ်ပေါ်က သံကြိုးများအားဆွဲထုတ်လိုက်ပြီး ကျိုးဟောင်အားကြည့်လိုက်သည်။
“ငါ့အတွက်ဒီကြိုးတွေကိုဖြုတ်ပေးပါ”
ကျိုးဟောင်သည် သံကြိုးများကိုကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် သူလည်း ၎င်းတို့ကို ဖွင့်နိုင်မလားမသိပေ။ သူကြိုးစားကြည့်နိုင်ရုံသာဖြစ်သည်။
သူ မျက်လုံးများကိုမှိတ်လိုက်ပြီး မူလကျောက်စာ၏ စွမ်းအားများကိုပျံ့နှံ့စေကာသံကြိုးများနှင့် ချိတ်ဆက်စေလိုက်သည်။ ချက်ချင်းဆိုသလို သူသည် သံကြိုးများပေါ်ရှိအလွန်အားကောင်းသော ဆန္ဒတစ်ခုကို ခံစားလိုက်ရသည်။
ဤဆန္ဒသည်အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း ၎င်းသည် အလွန်အားကောင်းနေဆဲဖြစ်သည်။
ကျိုးဟောင်သည် အလျင်အမြန် အသုံးမပြုရဲပေ။ အကြောင်းမှာ ဤမူလကျောက်စာ၏စွမ်းအားသည် သူ၏ကိုယ်ပိုင်စွမ်းအားထက် ဆယ်ဆမှအဆနှစ်ဆယ်အထိ ပိုမိုအားကောင်းသောကြောင့်ဖြစ်သည်။
သူ မျက်မှောင်ကြုတ်ပြီး သံကြိုးများကို ဖွင့်ဖို့ရန်မဖြစ်နိုင်လောက်ဟု သူ့ဘာသာသူတွေးလိုက်သည်။
သို့သော်ထိုအချိန်တွင် သူသည် သံကြိုးများ၏ အချို့နေရာများတွင် မူလကျောက်စာစွမ်းအားအားနည်းနေသည်ကိုခံစားမိလိုက်ပြီး ထိုအားနည်းသော နေရာများကို တိုက်ခိုက်နိုင်ကြောင်းကိုသိလိုက်သည်။
မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းများစွာကြာပြီးနောက် ပြဿနာသေးသေးလေးတွေ ရှိသည်မှာသဘာဝပင်ဖြစ်သည်။ထို့ကြောင့် သူအသက်ပြင်းပြင်းရှူပြီးမူလကျောက်စာစွမ်းအားအားလုံးကို စုစည်းကာ ချက်ချင်းတိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလိုတိုးတိတ်သောကွဲအက်သံတစ်ခုထွက်ပေါ်လာပြီး သံကြိုးများမှာတစ်ခဏအတွင်း တုန်ခါသွားခဲ့သည်။
ထိုလူသည် ဤအရာကို မြင်သောအခါ သူ၏မျက်လုံးများမှာလင်းလက်သွားပြီး သူ၏ကိုယ်ခန္ဓာမှ အလွန်အားကောင်းသောစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ ‘ဝုန်း’ ဟူသော အသံနှင့်အတူ သူသည် သံကြိုးများကိုချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
“ဟားဟားဟား! ငါနောက်ဆုံးတော့ လွတ်လပ်ပြီ!”
ထိုလူသည် လွတ်လပ်မှုပြန်လည်ရရှိသည်ကို ခံစားရသောအခါ အလွန်ပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေခဲ့သည်။
တစ်ချိန်တည်းမှာပင် အလွန်ဝေးကွာသောနေရာတစ်ခုရှိ မီတာထောင်ပေါင်းများစွာနက်သောနေရာမှလူတစ်ယောက်သည်လည်း မျက်လုံးများကို ဖွင့်လိုက်သည်။
“ငါ့ရဲ့ မူလကျောက်စာသံကြိုး ဖျက်ဆီးခံလိုက်ရပြီလား”
....................................................................................
အခန်း (၅၈၀) ပြီးပါပြီ။
အခန်း (၅၈၁) : အစောင့်အရှောက်သုံးပါး
ထိုလူမှာ အလွန်တုန်လှုပ်သွားပြီး သူ့မျက်နှာအမူအရာကလည်း အလွန်ပျက်ယွင်းနေခဲ့သည်။
“သူ လွတ်မြောက်သွားလိမ့်မယ်လို့ ငါမထင်ထားဘူး ဟမ့် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ သူ ထွက်လာရင်တောင် သေလူလို ရုန်းကန်နေရုံပဲရှိမှာငါ့ရှေ့တော့ ရောက်လာရဲမှာမဟုတ်ဘူး ထားပါတော့ အဲဒါတွေ ဂရုစိုက်ဖို့ ငါ့မှာ အချိန်မရှိဘူး။”
ထိုလူသည် ဂရုမစိုက်ဟန်ပြပြီး ထိုသို့ပြောပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်လုံမျှော်စင်ထဲ၌ သူသည် တံဆိပ်ကိုဖြေပြီးနောက် ကျိုးဟောင်ကို ကြည့်ကာပြုံးလိုက်သည်။
“ငါ့နာမည် သုန်းဖန်းဟုန် ဒီနာမည်ကို မှတ်ထား။”
“ဝိညာဉ်ကျောက်တုံးက အတွင်းမှာရှိတယ် မင်းလိုချင်တဲ့ ရှေးဟောင်းခန္ဓာသိုင်းကလည်း အထွတ်အထိပ်လျှို့ဝှက်ကျမ်းထဲမှာ မှတ်တမ်းတင်ထားတယ် ဒါပေမယ့် မင်းရနိုင်မရနိုင်ကတော့ မင်းရဲ့ကံပေါ်မှာပဲ မူတည်တယ်”
ပြောနေရင်း ထိုလူက လက်အားဝေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်မှာ ဝေဝါးလာပြီး လွင့်မျောသွားခဲ့သည်။
ဤမြင်ကွင်းသည် မည်သူ့ကိုမျှ သတိမထားမိစေသည်မှာ ကျိုးဟောင်ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။
“ဒီလူက ဘယ်အဆင့်မှာရှိနေတာလဲ ငါ့ မူလကျောက်စာစွမ်းအားကို ဘယ်လိုများ ပျံ့နှံ့မသွားအောင် လုပ်နိုင်တာလဲ။ ပြီးတော့ သူက ဒီစိတ်လောကထဲမှာ ဘယ်သူမှသတိမထားမိစေဘဲ ဘယ်လိုများ ထွက်သွားနိုင်တာလဲ ပြီးတော့ အရေးအကြီးဆုံးက ဘာလို့ဒီမှာ အကျဉ်းချခံထားရတာလဲ။ မိုးပြာရောင်နဂါးဘုရင် နဲ့ သူ့ရဲ့ဆက်ဆံရေးက ဘာလဲ”
“ဒါမှမဟုတ်… ဟွမ် နဲ့ သူ့ရဲ့ဆက်ဆံရေးက ဘာလဲ”
ကျိုးဟောင်သည် သိချင်စိတ်ပြည့်နေသော်လည်း လက်ရှိအချိန်တွင် ဤအရာများကို နားမလည်နိုင်။ သူလည်း ထိုအရာများကို စဉ်းစားနေရန်မလိုအပ်ပေ။ သူသည် အသက်ပြင်းပြင်းရှူကာ အမှောင်ထဲသို့ ချက်ချင်းလျှောက်လှမ်းသွားခဲ့သည်။
ထိုအချိန်တွင် ကျိုးဟောင်သည် ဆယ်ထပ်မြောက်သို့ ရောက်ရှိသွားပြီဖြစ်သော်လည်း အပြင်ဘက်ရှိ လူများမှာရုတ်ရုတ်သဲသဲဖြစ်နေကြပြီဖြစ်သည်။
သူတို့သည် လက်ရှိအချိန်တွင် ထွက်ပေါ်လာကြပြီဖြစ်သော်လည်း ကောင်းကင်ဘုံမျှော်စင်ထဲတွင် တစ်ယောက်တည်းသာကျန်တော့သည်။
ထို့အပြင် အောက်ဘက်ရှိ ကိုးထပ်လုံး မီးလင်းနေပြီး တိမ်တိုက်များအပေါ်ဘက်တွင် သူတို့မမြင်နိုင်သော ဆယ်ထပ်မြောက်သည် တဖြည်းဖြည်း ပေါ်လာနေသည်။
ဆယ်ထပ်မြောက်သည် မျှော်စင်၏ အမြင့်ဆုံးအပိုင်းမဟုတ်ဘဲ အလွန်ကြီးကျယ်ခမ်းနားသော ရုပ်တုကြီးသုံးခုဖြစ်သည်။
ရုပ်တုများမှာ မှုန်ဝါးနေပြီး ရှင်းလင်းစွာ မမြင်ရပေ။
“ဘယ်သူ ဆယ်ထပ်မြောက်ကို ရောက်သွားတာလဲ ကောင်းကင်ဘုံမျှော်စင်ရဲ့ ဆယ်ထပ်မြောက်က ဒဏ္ဍာရီထဲမှာပဲ ရှိတယ်လို့ထင်နေတာ ငါတို့ ဆယ်ထပ်မြောက်ကို နောက်ဆုံးတော့ မြင်ရတော့မှာလား”
“ဒီဆယ်ထပ်မြောက်ကို ဝင်ဖို့ အရမ်းခက်တယ် ဘယ်သူများ ဆယ်ထပ်ကို ဝင်သွားတာလဲ။”
“ဒါ… ဒါ ဝမ်ကျို့ထျန်းပဲ ဝမ်ကျို့ထျန်းပဲ လူအများကြီး ဝင်သွားတာ သူတစ်ယောက်ပဲ ပြန်မထွက်လာသေးတာ ဒါ ဝမ်ကျို့ထျန်း ဖြစ်ရမယ်!”
တစ်ယောက်က ရုတ်တရက်ပြောလိုက်ရာ လူတိုင်းသည်
၁၀ခုမြောက်ဧရိယာမှလူများကို ကြည့်လိုက်ကြသည်။
တကယ်ကိုပင် ၁၀ခုမြောက်ဧရိယာမှလူများထဲတွင်
ဝမ်ကျို့ထျန်း ကို မတွေ့ရပေ။ ထို့အပြင် အခြား၁၀ခုမြောက်ဧရိယာမှလူများလည်း အလွန်အံ့အားသင့်နေကြသည်။
“ဟုတ်တယ် ငါတို့အစ်ကိုကြီးပဲ ငါတို့အစ်ကိုကြီး ဆယ်ထပ်ကို ဝင်သွားပြီ"
သူတို့ပြောပြီးနောက် လူတိုင်းမှာမယုံကြည်ကြပေ။ ကောင်းကင်ဘုံမျှော်စင်ရှိဆယ်ထပ်မြောက်အား ကောင်းကင်ဘုံအဆင့်ကောင်စုတ်လေးတစ်ယောက်က မည်သို့ဝင်နိုင်မည်နည်း။
“ဝမ်ကျို့ထျန်း ဆယ်ထပ်မြောက်ကို ဝင်နိုင်တာ မယုံဘူး သူ… သူ လိမ်တာဖြစ်ရမယ်!”
“ဟုတ်တယ် မှန်တယ် သူ လိမ်တာဖြစ်ရမယ်”
သူတို့သည် မနာလိုဖြစ်သည်ဖြစ်စေ၊ အားကျသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ကျိုးဟောင် ဆယ်ထပ်မြောက်ကို ဝင်သွားသည်ကို မနှစ်သက်ကြပေ။
“ဆူညံလိုက်တာ”
ထိုအချိန်တွင် ၁၀ခုမြောက်ဧရိယာသခင် ကနှာမှုတ်လိုက်သည်။
“သူ လိမ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ကောင်းကင်ဘုံမျှော်စင်က မင်းတို့စိတ်ကူးရှိတိုင်း လိမ်လို့ရတဲ့နေရာလား”
ဝမ်ချန်းသောင့်ပြောပြီးနောက် လူတိုင်း မှာတိတ်ဆိတ်သွားကြသည်။
သူတို့သည် စကားအဖြစ်သာပြောခြင်းဖြစ်သည်။ထို့အပြင် ကျိုးဟောင်မှာ မည်သို့လိမ်နိုင်မည်နည်း။ ဖြစ်နိုင်သည်မှာ တစ်ယောက်ယောက်က သူ့အား ဖြတ်သန်းခွင့်ပေးလိုက်တာဖြစ်နိုင်သည်။
ကောင်းကင်ဘုံမျှော်စင်ထဲတွင် တိုက်ခိုက်ရေးစွမ်းအားကိုသာ အားကိုးနိုင်သည်။
သို့သော် ဝမ်ကျို့ထျန်း၏ဖခင်က သားဖြစ်သူကို အထူးနည်းလမ်းတွေ သူပေးမထားဘူးဟု ပြောလျှင်တောင်သူတို့မယုံကြပေ။
“ငါထင်တယ်… သူလိမ်တာမဟုတ်ပါဘူး ဒီတိုင်း …သူ့မှာအဖေကောင်းရှိတာပါ”
မည်သူက ရေရွတ်လိုက်မှန်း မသိသော် ငြား ဝမ်ချန်းသောင့်မှာ ထိုစကားကိုကြားတော့ မကျေနပ်တာမျိုးမရှိဘဲပို၍ပင်ပျော်ရွှင်သွားခဲ့သည်။
“ဟုတ်တယ် ကျို့ထျန်းမှာ ဖခင်ကောင်းတစ်ယောက်ရှိတယ် မင်းတို့သူ့ကို မနာလိုဖြစ်နေရုံပဲတတ်နိုင်မယ် ဟားဟားဟား”
လီဖန်းချန်မှာခင်ပွန်းဖြစ်သူအားကြည့်ပြီး ခေါင်းယမ်းရင်းသာရယ်နေတော့သည်။
“ဘာလို့လဲ ဘာလို့လဲ”
နင်ယွမ်ဖုန်းမှာ မျက်လုံးများပြူးကာ ဒေါသထွက်နေသည်မှာ မျက်လုံးထဲမှမီးများပင် ထွက်လာတော့မလိုတောင် ဖြစ်နေသည်။
“ငါ့ပါရမီက သူ့ထက်ပိုမြင့်တယ် ငါ့မိသားစုနောက်ခံကလည်း သူ့ထက်ပိုကောင်းတယ် ဘာလို့ သူကငါ့ထက်ကံပိုကောင်းပြီး ငါ့ထက်ပိုသန်မာရတာလဲ”
“ငါ သူ့ကို တိုက်လို့လည်းမနိုင်ဘူး ငါ့ကံတောင် သူ့လောက်မကောင်းဘူး ဘာလို့ သူရှာတွေ့တဲ့ ပေါက်ကရ အထောက်အထားတစ်ခုက ဗဟိုတပည့်တစ်ယောက်ဖြစ်ပြီး ဧရိယာသခင်တစ်ယောက်ရဲ့သား ဖြစ်နေရတာလဲ”
“ဘာလို့လဲ ဘာလို့လဲ ငါ ဒါကို လက်မခံနိုင်ဘူး”
နင်ယွမ်ဖုန်းသည် ဒေါသထွက်နေခဲ့သည်။ ကျိုးဟောင်သာ သူ့မျက်စိရှေ့တွင်ရှိနေပါက သူ့ဒေါသကိုဖြေဖျောက်ရန် ကိုက်ပစ်မည်ဖြစ်သည်။
သို့သော် သူ့စွမ်းအားဖြင့် ကျိုးဟောင်ကို လုံးဝ ထိနိုင်မည်မဟုတ်ပေ။
တစ်ဖက်တွင် စုရှောင်းယွီ နှင့် အခြားသူများက ပြုံးကာ စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။
ထိုအချိန်တွင် ကျိုးဟောင်သည် ဆယ်ထပ်မြောက်သို့ ဖြည်းညှင်းစွာ တက်လာသည်နှင့်အမျှ အမှောင်ထုမှာတဖြည်းဖြည်း လွင့်ပါးသွားခဲ့သည်။ ထို့နောက် သူသည် ရုပ်တုသုံးခုကို မြင်လိုက်ရသည်။ ဤရုပ်တုများသည် အလွန်ကြီးမားသောကြောင့်အဆုံးကို မမြင်နိုင်ပေ။
အလွန်ကြီးမားသည့်အပြင် ဤရုပ်တုများသည် သေခြင်းတရား၏ အငွေ့အသက်ကိုသယ်ဆောင်ထားပြီး မည်သည့်စွမ်းအင်အတက်အကျကိုမျှ ခံစားရခြင်းမရှိပေ။
ကျိုးဟောင် ဤနေရာသို့ရောက်လာသောအခါ ဘာဖြစ်ပျက်နေသည်ကို နားမလည်နိုင်ဘဲ ကြောင်အသွားခဲ့သည်။
ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။
“နောက်ဆုံးတော့ ဒီနေရာကို ရောက်လာနိုင်တဲ့သူ ရှိလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး”
ဤစကားများကို ပြောလိုက်ချိန်တွင် ၎င်းတို့မှာရှေးဟောင်းအတိတ်မှ လာသကဲ့သို့ ရှည်လျားသောမြစ်တစ်စင်းမှာသမိုင်းနှင့်အတူ စီးဆင်းလာပြီး ကျိုးဟောင်၏မျက်စိရှေ့တွင် ပေါ်လာသည်။
ကျိုးဟောင််မှာ အံ့အားသင့်သွားသော်လည်း တုံ့ပြန်ခြင်းမပြုပေ။
သို့သော် ဤအသံပေါ်လာပြီးနောက် စိတ်လောကတစ်ခုလုံး ရပ်တန့်သွားပြီး ပြင်ပကမ္ဘာမှ လာသောသူများသာ ဤအသံကို ကြားနိုင်ပေသည်။
ဖက်တီးကျင်းနှင့် အခြားသူများသည် စိတ်လောကတစ်ခုလုံး ရပ်တန့်သွားသည်ကို မြင်သောအခါ သူတို့၏မျက်လုံးများတွင် တုန်လှုပ်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျိုးဟောင်သည် အမှန်တကယ် အမွေအနှစ်ကိုရရှိနိုင်ကြောင်းကို သူတို့နားလည်လိုက်သောကြောင့်ဖြစ်သည်။
ကျိုးဟောင်မှာ အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုအသံကို ကြားသောအခါ သူဘာမှမပြောပေ။ အဘယ်ကြောင့်ဆိုသော် ထိုအသံမှာ ပြောစရာများစွာ ရှိသေးသည်ကို သူသိသောကြောင့်ဖြစ်သည်။
“ဒီနေရာကို သူတော်စင်လောကသုံးခု လို့ ခေါ်တယ် ဒီအစောင့်အရှောက်သုံးပါးက ငါ စကြဝဠာစွမ်းအားကို စုဆောင်းပြီး နောက်ပိုင်းဖန်တီးခဲ့ ဒီအစောင့်အရှောက်သုံးပါးက ကမ္ဘာမြေကို နှစ်တစ်သောင်းကြာ ကျူးကျော်မခံရအောင် သေချာကာကွယ်နိုင်တယ် ဒါပေမယ့် အခု မင်းရောက်လာတဲ့အချိန်မှာတော့ ခေတ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီ ဒါက ပျက်စီးလုနီးပါး ဖြစ်နေလောက်ပြီ”
“မင်း ဒီနေရာကို ရောက်လာနိုင်တာက မင်းနဲ့ငါရေစက်ရှိတာကို ပြတာပဲ နှစ်ပေါင်းများစွာ ကြာလာတော့ ဒီအစောင့်အရှောက်သုံးပါးက အိပ်ပျော်သွားပြီ မင်း အခုလုပ်ရမှာက သူတို့ကို နှိုးဖို့ပဲ မင်း သူတို့ကို နှိုးနိုင်ရင် ငါ့ရှေ့ကို လာပြီး ငါ့ရဲ့အမွေကို ရယူနိုင်လိမ့်မယ် မင်း စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို သိပြီး မင်းလိုချင်တဲ့ ရှေးဟောင်းခန္ဓာသိုင်းကိုလည်း ရရှိလိမ့်မယ်”
ကျိုးဟောင် အံ့အားသင့်သွားခဲ့သည်။ တစ်ဖက်လူသည် သူဘာကြောင့် ဤနေရာကို လာခဲ့မှန်း သိနေသည်။
သို့သော်…
ဤလူသည် မည်သူပါနည်း။
ကျိုးဟောင်သည် ဤမေးခွန်းကို မမေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်တစ်ဖက်လူက အစောင့်အရှောက်သုံးပါးကို နှိုးပြီးမှသာ မေးခွင့်ရှိသည်ဟု ပြန်ဖြေမည်ကို သူသိသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ကျိုးဟောင်သည် မည်သည့်မေးခွန်းမျှ မမေးဘဲ ခေါင်းကိုမော့ကာ အစောင့်အရှောက်ရုပ်တုသုံးခုကို ကြည့်လိုက်သည်။
အသံမှေးမှိန်သွားသည်နှင့်အမျှ အစောင့်အရှောက်ရုပ်တုသုံးခုမှ ထူးခြားသောအလင်းတစ်ခု ထွက်ပေါ်လာပြီး သူတို့၏ပုံရိပ်များကို ဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့သည်။ ကျိုးဟောင်၏အကြည့်သည်လည်း ထိုရုပ်ထုများထံသို့ ရောက်ရှိသွားခဲ့သည်။
....................................................................................
အခန်း (၅၈၁)ပြီးပါပြီ။
အခန်း (၅၈၂) : နိုးထခြင်း
ပထမဆုံး ရုပ်ထုတစ်ရုပ် ပေါ်လာခဲ့သည်။ ထိုရုပ်ထုမှာ သွေးနီရောင်ဝတ်စုံဝတ်ထားသူတစ်ဦး၏ ရုပ်ထုဖြစ်ပြီး ၎င်း၏ပုံပန်းသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူ့ထံမှ လူသတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်ကိုသာ ခံစားရသည်။ သူက ဓားတစ်ချောင်းနှင့် ဓားမြှောင်တစ်ချောင်းကို တစ်ဖက်တစ်ချက်စီတွင် ကိုင်ထားသည်။ ခေါင်းမှ ခြေအဆုံးအထိ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်လျှံနေပြီး အလွန်ပင် အစွမ်းထက်လှသည်။ ကျိုးဟောင်မှာ ဝေးဝေးမှနေ၍ပင် ၎င်းထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်။
ထို့နောက် ဒုတိယရုပ်ထုလည်း ပေါ်လာခဲ့သည်။ ၎င်းမှာ ထူးခြားသည့် အရှိန်အဝါရှိသော အဖိုးအိုတစ်ဦး၏ ရုပ်ထုဖြစ်သည်။ သူ၏မျက်နှာမှာ မရှင်းလင်းသေးသော်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင် အလွန်ရှေးကျသော စွမ်းအားတစ်ခု ပေါ်လာသည်ကို ခံစားရသည်။
နောက်ဆုံးတွင် တတိယရုပ်ထု ပေါ်လာသည်။ တတိယရုပ်ထုမှာ အသက်မဲ့နေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်ထုဖြစ်သည်။ ကျိုးဟောင်မှာ သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူမထံမှသေခြင်းတရား၏ အငွေ့အသက်များ အလွန်နက်ရှိုင်းနေသည်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် နောက်တစ်ခဏတွင် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှ အဆုံးမဲ့သော အသက်စွမ်းအားများ စတင်ထွက်ပေါ်လာသည်။ ထိုအသက်စွမ်းအားများ ပေါ်လာသည်နှင့်တစ်ပြိုင်နက်ကျိုးဟောင်သည် ဥယျာဉ်တစ်ခုကို မြင်လိုက်ရသလိုပင်။ ပန်းများနှင့် အပင်အားလုံးသည် ပြန်လည်အသက်ဝင်လာကာ ပြင်းထန်သော အသက်စွမ်းအားများကို ထုတ်လွှတ်နေကြသည်။
ကျိုးဟောင်မှာ ရုပ်ထုသုံးခုကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူသည် ရှုပ်ထွေးနေခဲ့သည်။
“ပထမတစ်ခုက သတ်ဖြတ်လိုစိတ်တွေ ပြည့်နေပြီး ပြင်းထန်တယ် ဒုတိယတစ်ခုက သိမ်မွေ့သလိုပဲငါနားမလည်နိုင်ဘူး တတိယတစ်ခုကတော့ ပိုထူးဆန်းတယ် တစ်ခါတစ်လေ အသက်မဲ့နေပြီး တစ်ခါတစ်လေကျ အသက်စွမ်းအားတွေကြွယ်ဝနေတယ် ဒါက… ပိုတောင်ရှုပ်ထွေးသွားပြီ”
သူ၏ အတွေးများမှာဤအဆင့်သို့ ရောက်လာပြီးနောက် ကျိုးဟောင်သည် ရုပ်ထုသုံးခုကို ကြည့်ကာ လေးနက်စွာ ဦးညွှတ်လိုက်သည်။
“အစောင့်အရှောက်သုံးပါး ခင်ဗျားတို့ရဲ့ နာမည်တွေကိုလည်း ကျွန်တော်မသိပါဘူး တကယ့်အစစ်လား အတုလားဆိုတာလည်း မသိပါဘူး ဒါပေမဲ့ ကမ္ဘာဂြိုဟ်က အရှေ့တိုင်းသားတစ်ယောက်အနေနဲ့ ခင်ဗျားတို့ကို အရမ်းလေးစားမိပါတယ် ကျွန်တော့်ရဲ့ဦးညွှတ်မှုကလေးစားကြောင်းပြဖို့သက်သက်ပါပဲ”
ဤသို့ပြောပြီးနောက် ရုပ်ထုသုံးခုမှ အရောင်တစ်ဖျတ်ဖျတ် ထွက်ပေါ်လာသည်။
ပထမရုပ်ထု၏ သတ်ဖြတ်လိုစိတ်မှာ ပိုမိုအားကောင်းလာပြီး ပြောလိုက်သည်။
“မင်းရဲ့ စေတနာကို ငါကျေးဇူးတင်တယ်”
ဒုတိယရုပ်ထု၏ မှုန်ဝါးဝါး အရှိန်အဝါလည်း စုစည်းလာပြီး ဝင်ပြောလာခဲ့သည်။
“ငါလည်း မင်းရဲ့စေတနာကို ကျေးဇူးတင်တယ်”
တတိယရုပ်ထုမှာသေခြင်းတရား၏ အငွေ့အသက်များ ဝန်းရံနေသော်လည်း အမျိုးသမီးက အေးစက်စက် ပြောလိုက်သည်။
“မင်းရဲ့စေတနာကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့… ငါ့ကို ဦးညွှတ်ဖို့ မလိုပါဘူး”
ကျိုးဟောင်သည် အသံသုံးခုကို ကြားရသောအခါ ဝမ်းသာသွားခဲ့သည်။ တတိယရုပ်ထု၏ စကားများမှာ အနည်းငယ် ထူးဆန်းသော်လည်း ကျိုးဟောင်မှာ အလွန်ပျော်ရွှင်နေဆဲဖြစ်ပြီး သူ့ကိုယ်သူ ယုံကြည်မှုလည်း ရှိလာသည်။
“ငါ့အမြင်အရ မင်းမှာ အားကောင်းတဲ့ဓားသိုင်းရှိတယ်ဆိုတော့ မင်းနဲ့ငါကရေစက်တယ်လို့ မှတ်ယူနိုင်တယ် ဘာလို့လဲဆိုတော့ ငါက သတ်ဖြတ်ခြင်းကို အထူးပြုလို့ပဲ ငါက သတ်ဖြတ်သူ အစောင့်အရှောက်ပဲ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် မင်းအတွက်နိုးထပေးဖို့ ငါ့မှာ တာဝန်မရှိဘူး”
ကျိုးဟောင်မှာ ခဏတာထိတ်လန့်သွားခဲ့သည်။ ထို့နောက်ထိုရုပ်ထုက ထပ်မံပြောလိုက်သည်။
“ဒါပေမဲ့ မင်း ငါ့မေးခွန်းကို ဖြေရင် မင်းအတွက် ငါနိုးထပေးမယ်”
“မင်းကို ငါမေးချင်တာက မင်းရဲ့ သတ်ဖြတ်လိုစိတ်က ဘယ်ကလာတာလဲ”
ဤမေးခွန်းက အလွန်ထူးဆန်းသည်။ ကျိုးဟောင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့မှာ အဖြေမရှိပေ။
သို့သော်ကျိုးဟောင် ခဏတာစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ သတ်ဖြတ်လိုစိတ်က… များသောအားဖြင့် ကူကယ်ရာမဲ့မှုကနေ လာတာပါ…”
“ကူကယ်ရာမဲ့မှု..... အဖြေက အတော်လေး ထူးဆန်းတာပဲ ပြောပြပါဦး”
ထိုရုပ်ထုက စပ်စုစွာ ပြောလိုက်သည်။
ကျိုးဟောင်က အသက်ပြင်းပြင်း ရှူပြီးပြောလိုက်သည်။
“ကျွန်တော်က တိုက်ခိုက်သတ်ဖြတ်တာကို ကြိုက်တဲ့သူမဟုတ်ပါဘူး တကယ်တော့ အထက်တန်းကျောင်းတုန်းက အချိန်ဖြုန်းနေတဲ့ ကျောင်းသားဆိုးတစ်ယောက်ပါ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ကာကွယ်ပေးနိုင်တဲ့စွမ်းအားတွေ ရလာပြီးသိုင်းပညာလောကထဲ ဝင်ရောက်ပြီးမှ ဂုဏ်ယူလာခဲ့တာပါ ကျွန်တော်ပြောနေတာကခင်ဗျားမေးတဲ့ မေးခွန်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ ကျွန်တော်က သွေးဆာနေတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာ ပြောချင်လို့ပါ ဒီတိုင်းကူကယ်ရာမဲ့လို့ပါ လူတွေက ကျွန်တော့်ကို သတ်ချင်နေကြတယ် ဒါကိုကျွန်တော်က လက်ပိုက်ကြည့်ပြီး အသတ်ခံရဖို့ စောင့်နေလို့မရဘူး သန္ဓေပြောင်းသားရဲတွေကတိုက်ခိုက်ပြီး ကျွန်တော့်သူငယ်ချင်းနဲ့ မိသားစုကိုထိခိုက်နာကျင်စေတယ် ကျွန်တော် ဘာမှမလုပ်ဘဲရပ်ကြည့်နေလို့ မရဘူး”
“ဒါကြောင့် ကျွန်တော့်ရဲ့ သတ်ဖြတ်လိုစိတ်က ကူကယ်ရာမဲ့မှုကနေ လာတယ်လို့ပဲ ပြောနိုင်ပါတယ် တခြားနည်းလမ်းတွေ ရှိသရွေ့တော့ ကျွန်တော် သတ်ဖြတ်တာကို ရွေးချယ်မှာ မဟုတ်ဘူး”
ကျိုးဟောင်မှာ သူ့အဖြေသည်လက်ခံခံရမလား မသိသော်လည်း ၎င်းသည် သူ၏ရိုးသားသော ခံစားချက်များဖြစ်ကြောင်း သူသိသည်။
သူက စတင်တိုက်ခိုက်သတ်ဖြတ်ခြင်းကို မကြိုက်ပေ။ တစ်ခါတစ်ရံတွင် သူကူကယ်ရာမဲ့နေခြင်းကြောင့်သာ တိုက်ခိုက်ရခြင်းဖြစ်သည်။ သန္ဓေပြောင်းသားရဲများအတွက်လည်း အတူတူပင်။ သူသည်အက်ကွဲကြောင်းနယ်နိမိတ်ကို စောင့်ကြပ်နေခြင်းသာဖြစ်သည်။
သူက ကူရု နှင့် ဘလူးကို သတ်ခဲ့သည်မှာ ၎င်းတို့က သူ့ကိုထိပါးခဲ့သောကြောင့်သာယခုလို လုပ်ရုံကလွဲမတတ်နိုင်ခဲ့ပေ။ ပြန်စဥ်းစားကြည့်လိုက်သောအခါ ကျိုးဟောင်မှာ ကူကယ်ရာမဲ့သည်ဟု ခံစားမိလိုက်သည်။
သို့သော် ထိုသို့ပြောပြီးနောက် ရုပ်ထုက ရယ်မောလိုက်သည်။
“မင်းရဲ့အဖြေက ကလေးတစ်ယောက်ရဲ့အဖြေလိုပဲ ဒါပေမဲ့ ငါပြောရရင်မင်းရဲ့အဖြေကို ငါကြိုက်တယ် မင်းရဲ့ ကူကယ်ရာမဲ့မှုကို ငါကြိုက်တယ်”
“မင်းက ကိုယ်ကျိုးအတွက် မသတ်ဖြတ်ဘူးဆိုရင် မင်းရဲ့စိတ်က သန့်စင်တယ်၊ ကြင်နာတယ်၊ ဖြူစင်တယ်ဆိုတာကို ပြတယ် အဲဒါကမှ တကယ့်သတ်ဖြတ်ခြင်းပဲ ကာကွယ်ဖို့အတွက် တိုက်ခိုက်တာ၊ အသက်ရှင်ဖို့အတွက် တိုက်ခိုက်တာ၊ တာဝန်ယူမှုအတွက် တိုက်ခိုက်တာ”
“ငါလည်း ဘယ်သူ့ကိုမှ သတ်ချင်ခဲ့တာ မဟုတ်ဘူး ဒါပေမဲ့ ကံကြမ္မာက ငါ့ကို ဓားကိုင်၊ ဓားမြှောင်ဆွဲကိုင်ခိုင်းခဲ့တယ်။ မင်းနဲ့ငါက အတော်လေး ဆင်တူတယ်၊ အရမ်းဆင်တူတယ်… ဒါကြောင့် မင်း အောင်တယ်”
ပြောပြီးနောက် ရုပ်ထုက ထူးဆန်းသော စွမ်းအားတစ်ခုကို တဖြည်းဖြည်း ထုတ်လွှတ်လာသည်။ ထို့နောက်ကျိုးဟောင်၏ မျက်လုံးရှေ့တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အဆုံးမဲ့သော ပြာများအဖြစ်သို့ ပြောင်းလဲပြီး လေထဲသို့ ပျံဝဲသွားခဲ့သည်။
ကျိုးဟောင်က တစ်ဖက်လူ နိုးထသွားပြီဆိုတာ သိသော်လည်း သူဘယ်ကို ရောက်သွားမှန်း မသိပေ။
ဒုတိယရုပ်ထုက ထူးခြားသောစွမ်းအားနှင့် ဆန်းကြယ်သောအငွေ့အသက်ရှိသည့် အဖိုးအိုတစ်ဦးဖြစ်သည်။ ကျိုးဟောင်မှာ တစ်ဖက်လူသည် သူ့အတွက် သူစိမ်းကဲ့သို့ပင်ခံစားရသည်။ ၎င်း၏အငွေ့အသက်မှာ သူတစ်ခါမှ မမြင်ဖူးသည့် အငွေ့အသက်ဖြစ်သည်ဟု ခံစားရသည်။
“အရင်က အဖြေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ငါနားထောင်ပြီးတော့ ငါလည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းတာကိုတွေ့လိုက်ရတယ်”
“ငါ့နာမည်က… သောင့်ချန်း ငါကကာကွယ်ရေးအစောင့်အရှောက် ငါ့မေးခွန်းက မင်းတစ်ခါမှ မကြားဖူးတဲ့ မေးခွန်းမျိုး ဖြစ်လိမ့်မယ်လို့ ထင်တယ်”
“တာအိုဆိုတာ ဘာလဲ တာအိုမှာဘာတွေ ပါဝင်လဲ?”
“မင်းမှာအယူအဆ မရှိဘူးဆိုတာ ငါသိတယ် ဒါပေမဲ့ ငါမင်းကိုမေးချင်တုန်းပဲ၊ တာအိုဆိုတာ ဘာလဲ”
“တာအိုကို မင်းရဲ့ အခြေခံမျဉ်းအဖြစ် နားလည်လို့ရတယ် အဲဒါတွေကသေခြင်းတရားကို ရင်ဆိုင်ရရင်တောင် ခိုင်မာနေမယ့် စည်းကမ်းချက်တွေပဲ အဲဒါက တာအို … မင်းနှလုံးသားရဲ့ အလိုဆန္ဒပဲ”
အဖိုးအို၏ အသံမှာသိမ်မွေ့သော်လည်း ထိုစကားအားပြောလာသောအခါ ကျိုးဟောင်မှာအံ့အားသင့်သွားခဲ့သည်။
“ကျွန်တော့်နှလုံးသားဆန္ဒလား”
ကျိုးဟောင်သည် ဤမေးခွန်းကိုတစ်ခါမှ မတွေးဖူးပေရာ ဤမေးခွန်းသည် သူ့ကို တကယ်အံ့အားသင့်စေခဲ့သည်။
“ရတယ် မင်းပြောချင်တာကို ပြောပါ။ ငါနားထောင်မယ်”
အဖိုးအိုက ပြုံးပြီး ပြောလိုက်သည်။
ကျိုးဟောင်က ခေါင်းညိတ်ပြပြီးပြုံးလိုက်သည်။
“ကျွန်တော့်နှလုံးသားဆန္ဒက… တကယ်တော့ ခုနက ကျွန်တော်ပြောခဲ့သလိုပါပဲ။ကျွန်တော်က ကြီးမားတဲ့ ရည်မှန်းချက်တွေရှိတဲ့ လူတစ်ယောက်မဟုတ်ဘူးအထက်တန်းကျောင်းတုန်းက ကျွန်တော်လိုချင်တာက ကောင်းတဲ့ တက္ကသိုလ်တစ်ခုကိုတက်ရဖို့၊ ကောင်းတဲ့ အလုပ်တစ်ခုရဖို့၊ ကျွန်တော်ကြိုက်တဲ့ ကောင်မလေးနဲ့ လက်ထပ်နိုင်ဖို့ပဲ ဒါက ကျွန်တော့်နှလုံးသားဆန္ဒ ဒါက ကျွန်တော်လုပ်ချင်တာပဲ”
“တဖြည်းဖြည်းချင်း ကျွန်တော် ပိုအားကောင်းလာတယ် ကျွန်တော်လုပ်ချင်တာကို လုပ်ခဲ့တယ်၊ ဒါပေမဲ့ စိတ်ထဲမှာတော့ ကျွန်တော် ပိုပြီး အားကောင်းချင်နေတုန်းပဲ ကျွန်တော် ကာကွယ်ချင်တဲ့လူတွေ အများကြီးရှိတယ် ဒါကို ခင်ဗျားက တာအိုလို့ ဆိုလိုတယ်ဆိုရင် ကျွန်တော့်ရဲ့ တာအိုက… ကျွန်တော့်မိသားစုအတွက်၊ ကျွန်တော့်သူငယ်ချင်းတွေအတွက်၊ ကျွန်တော့်ဘဝအတွက် ဖြစ်နိုင်ပါတယ်…”
ကျိုးဟောင်၏ အသံက ကျယ်လောင်ခြင်းမရှိသော်လည်း အဖိုးအိုမှာရယ်မောလိုက်သည်။
“စိတ်ဝင်စားဖို့ ကောင်းတယ် စိတ်ဝင်စားဖို့ ကောင်းတယ် ကလေးတစ်ယောက်အတိုင်းပဲ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ် ဒါပေမဲ့ မင်းရဲ့အရာအားလုံးက သူငယ်ချင်းနဲ့ မိသားစုကို အခြေခံထားတယ်ဆိုတာ ငါပြောနိုင်တယ် မင်းရဲ့နှလုံးသားက အရမ်းကြင်နာတယ် မင်းရဲ့ တာအိုကို ငါသိပြီ ဒါကြောင့်… ငါလည်း မင်းကို အအောင်ပေးတယ်”
....................................................................................
အခန်း (၅၈၂) ပြီးပါပြီ။