အခန်း (၅၈၃-၅၈၅)
Vol. 39 Ch. 583-585
အခန်း (၅၈၃) : ဟွမ်လား
ထိုစကားများနှင့်အတူ ပထမဆုံးရုပ်တုကဲ့သို့ပင် လူအိုရုပ်တုသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။
ကျိုးဟောင်ရှေ့တွင် နောက်ဆုံးရုပ်တုတစ်ခုသာ ကျန်တော့သည်။ ထိုရုပ်တုမှာ ရှင်သန်ခြင်းနှင့်သေခြင်းတရားတို့ဖြင့် ပြည့်နေသည့် အမျိုးသမီးရုပ်ထုပင်။
"မင်းနှစ်ခါအောင်မြင်ခဲ့ပြီဆိုတော့ ငါလည်း မင်းကိုမေးခွန်းတစ်ခုမေးမယ်"
"ငါက သေခြင်းနဲ့ရှင်ခြင်းကို ထိန်းချုပ်တဲ့အစောင့်အရှောက်ပဲ လူအများရဲ့သေခြင်းနဲ့ရှင်ခြင်းကို ငါထိန်းချုပ်တယ် အတိတ်က ငါကြုံခဲ့ရတဲ့ စိတ်ဝင်စားစရာအတွေ့အကြုံတစ်ခုကို ပြောပြမယ်"
"အဘိုးအိုတစ်ယောက်က အပြင်းအထန်ဖျားနာနေတယ် သူ့သားသမီးမြေးမြစ်တွေက သူ့အမွေကို လုနေကြတာမလို့ သူက စကားနှစ်ခွန်းပြောခဲ့တယ် ပထမစကားက 'ငါသေချင်နေပြီ ငါသေသွားရင်... ဘာမှတွေးစရာမလိုတော့ဘူး ငါ့ကိုစိတ်နာကျင်စေတဲ့ ဒီအရာတွေကို မြင်စရာမလိုတော့ဘူး'
"သူပြောတဲ့ဒုတိယစကားက 'ငါမသေချင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ငါသေသွားရင်... ဘာမှမကျန်တော့ဘူး မိသားစုအချစ်ကို ဂရုမစိုက်တဲ့ ဒီသားသမီးမြေးမြစ်တွေကို ငါဆုံးရှုံးရလိမ့်မယ် ငါ့မိသားစုပိုင်ဆိုင်မှုတွေလည်း ပျောက်ကွယ်သွားလိမ့်မယ် ဒီလောကမှာ ငါ့ရဲ့ခြေရာဆိုတာလည်း ဘာမှမရှိတော့ဘူး'
"ဒါတွေက အဘိုးအိုပြောတာတွေပဲ ငါမင်းကိုမေးမယ် သူဘာလို့ ဒီလိုဆန့်ကျင်ဘက်စကားနှစ်ခွန်းကို ပြောခဲ့တာလဲ"
ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားသည်။
ဤမေးခွန်းက နက်ရှိုင်းလွန်းလှသည်!
ရှင်သန်ခြင်းနှင့်သေခြင်းတရားနှင့်ပတ်သက်သောမေးခွန်းမှာ ဖြေဖို့ခက်ခဲသည်။ လူအများစုအတွက် ဒုက္ခပေးနေသော ပြဿနာလည်းဖြစ်သည်။
ယခုတော့ တစ်ဖက်လူမှာ အဘိုးအို၏စကားများရဲ့အဓိပ္ပာယ်ကို မေးနေပေသည်။ ကျိုးဟောင်လည်း အဖြေကို သိချင်နေပေသည်။
"ဖြည်းဖြည်းစဉ်းစားပါ ဒါပေမဲ့ ငါးမိနစ်အတွင်း မဖြေနိုင်ရင်မင်းကျရှုံးလိမ့်မယ်"
ကျိုးဟောင်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ခဏတာစဉ်းစားပြီးမှ ပြောလိုက်သည်။
"အဘိုးအိုဘာလို့ဒီလိုပြောလဲဆိုတာ ကျွန်တော်မသိပါဘူး ဖြစ်နိုင်တာက သူပြောတဲ့အချိန်မှာ သေချင်စိတ်ရှိလို့နေမှာ ဘာလို့လဲဆိုတော့ သူက ဒီလောကကြီးကို မမြင်ချင်တော့ဘူး သူ့ကို မပျော်ရွှင်စေတဲ့အရာတွေကို မမြင်ချင်တော့ဘူး"
"ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူက မသေချင်သေးဘူး တကယ်လို့ သူသေသွားရင် ဘာကိုမှ မြင်နိုင်တော့မှာမဟုတ်ဘူး။ ပျော်စရာကောင်းတဲ့အရာတွေရော မပျော်စရာကောင်းတဲ့အရာတွေပါ သူ့နဲ့မဆိုင်တော့ဘူး"
ထို့နောက် ထိုအမျိုးသမီးက မေးသည်။
"မင်း ရှင်သန်ခြင်းနဲ့သေခြင်းတရားကို နားလည်လား"
ကျိုးဟောင်မှာ မျက်မှောင်ကြုတ်မိသွားသည်။ သူ ရှင်သန်ခြင်းနှင့်သေခြင်းတရားအကြောင်း တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
သို့သော်လည်း ခဏတာတွေဝေနေပြီးနောက်ပြောလိုက်သည်။
"ကျွန်တော် ရှင်သန်ခြင်းနဲ့သေခြင်းတရားအကြောင်း တစ်ခါမှ မစဉ်းစားဖူးဘူး ကျွန်တော့်မှာလုပ်စရာတွေရှိတယ်ဒါပေမဲ့ ကျွန်တော် လုပ်ချင်တာတွေ မပြီးခင်မှာလည်း သေသွားနိုင်တယ်တစ်နေ့ကျရင် ကျွန်တော် ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက် သတ်တာကိုခံလိုက်ရနိုင်တာပဲ"
"သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို ကျွန်တော် ကြုံတွေ့နိုင်တယ် ဒါပေမဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော် အသက်ရှင်နေချိန်မှာ လုပ်ချင်တဲ့အရာတွေကိုလုပ်မယ် တစ်နေ့ကျရင် သေသွားခဲ့ရင်လည်း ကျွန်တော် အရမ်းနောင်တရနေမှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ သေသွားတဲ့အခါ ဒီကမ္ဘာကြီးက မင်းနဲ့ ဘာမှမဆိုင်တော့ဘူးဆိုတဲ့သဘောပဲ နောင်တရစရာ ဘာမှမရှိဘူး"
"ကျွန်တော်ပြောနိုင်တာကတော့ အသက်ရှင်နေတုန်းမှာ ကျွန်တော်လုပ်နိုင်တာကို လုပ်မယ်၊ အဓိပ္ပာယ်ရှိရှိ နေထိုင်မယ် သေတဲ့အခါမှာလည်း တန်တဲ့သေခြင်းမျိုးနဲ့သေမယ် ကျွန်တော့်ကိုယ်ကျင့်သိက္ခာကို ကျွန်တော် သစ္စာမဖောက်ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း သစ္စာမဖောက်ဘူး ဒါပဲ"
"ဒါကြောင့် ရှင်သန်ခြင်းနဲ့သေခြင်းတရားက ကျွန်တော့်အတွက် အဓိပ္ပာယ်မရှိဘူး ကျွန်တော်ပြောနိုင်တာကတော့ သူတို့ဟာ ဒီတိုင်းကျွန်တော့်ဘဝရဲ့ ရှုခင်းတွေသက်သက်ပဲ"
ကျိုးဟောင်၏ စကားများက အမျိုးသမီးကို အံ့အားသင့်စွာစိုက်ကြည့်သွားစေမိသည်။
"သူတို့က မင်းကို ကလေးတစ်ယောက်လိုပြောကြတယ် ကလေးတစ်ယောက်ပြောတဲ့စကားတွေပဲ ပြောတယ်တဲ့ ဒါပေမဲ့ ငါထင်တာတော့ မင်းအရမ်းရင့်ကျက်တယ် မင်းရဲ့ ရှင်သန်ခြင်းနဲ့သေခြင်းတရားအပေါ် နားလည်မှုက တိကျတယ် ရှင်သန်ခြင်းနဲ့သေခြင်းတရားက မင်းဆန္ဒအတိုင်းကိုဝေဝါးသွားအောင်မလုပ်နိုင်ဘူး မင်းလုပ်ရမှာက အသက်ရှင်နေတုန်း လုပ်ချင်တာမှန်သမျှကို လုပ်ဖို့ပဲ သေတဲ့အခါ မျက်စိမှိတ်ပြီး နောက်ဆုံးလမ်းကို လျှောက်မယ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အားလုံးက မင်းရဲ့ရွေးချယ်မှုအပေါ်ပဲ မူတည်တယ်"
"မင်းရဲ့အဖြေကို ငါအရမ်းကျေနပ်တယ် ဒါကြောင့် ငါမင်းအတွက် နိုးထပေးမယ်"
ထိုစကားနှင့်အတူ ရုပ်တုသည် ဖြည်းညှင်းစွာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ လေဟာနယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ယခုအချိန်တွင် ရုပ်တုသုံးခုစလုံးသည် သူတို့ဘာသာ ပြန်လည်အသက်ဝင်လာခဲ့ပြီဖြစ်ပြီး အသက်ဝင်နေသော အသံက ညွှန်ကြားသည့်အတိုင်း သူလုပ်ဆောင်ခဲ့ပြီးပြီဖြစ်သည်။
"ရုပ်တုသုံးခုလုံး အသက်ပြန်ဝင်လာပြီအရမ်းကောင်းတယ် မင်းအောင်မြင်ပြီ နောက်ဆုံးမေးခွန်းတစ်ခုရှိတယ် အဲဒါကို ဖြေမှ မင်းလိုချင်တာမှန်သမျှကို ရယူပိုင်ခွင့်ရှိမယ်"
ထို့နောက် ထိုအသံမှဖြည်းဖြည်းချင်း မေးလိုက်သည်။
"ငါမင်းကို မေးချင်တာက ကံကြမ္မာဆိုတာဘာလဲ"
ဒီမေးခွန်းကြောင့် ကျိုးဟောင်မှာ မျက်မှောင်ကြုတ်သွားခဲ့သည် ကံကြမ္မာဆိုတာ ဘာလဲ ဤမေးခွန်းမှာ ကျယ်ပြန့်လွန်းလို့ သူကိုယ်တိုင်ပင်ဘယ်လိုဖြေရမှန်းမသိပေ။
"ကံကြမ္မာ... ကံကြမ္မာဆိုတာဘာလဲ"
ကျိုးဟောင်မှာ အသက်ပြင်းပြင်းရှူလိုက်သည်။ ဤမေးခွန်းက ရှင်သန်ခြင်းနှင့်သေခြင်းတရားမေးခွန်းထက်တောင် ဖြေဖို့ပိုခက်ပေသည်။
ဘာကြောင့်လဲဆိုတော့ ကံကြမ္မာမှာ ရှင်သန်ခြင်းနှင့်သေခြင်းတရားအပြင် အခြားအရာအားလုံးပါ ပါဝင်နေသောကြောင့်ပင်။ ဘဝလိုပင် ကြုံတွေ့ခဲ့သမျှအရာအားလုံးက ကံကြမ္မာ၏တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
ကျိုးဟောင်သည် ခဏတာစဉ်းစားပြီးမှ ပြောလိုက်သည်။
"ကျွန်တော်က အသက်ငယ်သေးတော့ အတွေ့အကြုံသိပ်မရှိပါဘူး သိုင်းပညာလောကထဲကို ဝင်လာတာလည်း မကြာသေးပါဘူး ဘဝအတွေ့အကြုံလည်း သိပ်မရှိဘူး အဲဒါကို နက်နက်ရှိုင်းရှိုင်း နားမလည်သေးပါဘူး"
"ဒါပေမဲ့ ဖြေစေချင်တယ်ဆိုရင်တော့ ကံကြမ္မာက တရားမျှတသလို မတရားဘူးလို့ ပြောပါရစေ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့အရာအားလုံးဟာ လူ့လောကရဲ့ ခရီးတစ်ခု၊ လုပ်ငန်းစဉ်တစ်ခုပါပဲ"
"ဒီထဲမှာ ကောင်းတဲ့အရာတွေလည်းရှိတယ် ဆိုးတဲ့အရာတွေလည်းရှိတယ် ပျော်ရွှင်စရာတွေလည်းရှိတယ် ဝမ်းနည်းစရာတွေလည်းရှိတယ် ဒါပေမဲ့ ဒီအရာအားလုံးက ကျွန်တော်တို့ကံကြမ္မာရဲ့တစ်စိတ်တစ်ပိုင်းပဲ ကံကြမ္မာက မတရားဘူးလို့ ကောင်းကင်ဘုံကို အပြစ်မတင်ပါနဲ့ ဘာလို့လဲဆိုတော့ တခြားသူတွေရဲ့ ဒုက္ခကိုကိုယ်မသိနိုင်လို့ပဲ"
"နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဥတုကို ဥပမာပေးရရင် နွေဦးရဲ့ ပန်းပွင့်လေးတွေက နွေရာသီကိုပဲ ဖြတ်သန်းနိုင်တယ် ဆောင်းဦးရောက်ရင် သူတို့ဟာ ညှိုးနွမ်းသွားလိမ့်မယ် ဆောင်းရာသီရောက်ရင် သူတို့ ကြွေသွားကြလိမ့်မယ် အဲဒါက သူတို့ရဲ့ ကံကြမ္မာပဲ"
"ကောင်းကင်မှာ စုဝေးပြီး မြေပြင်ပေါ်ကျလာတဲ့ နှင်းပွင့်လေးတွေအတွက်လည်း အတူတူပဲ ခဏတာပဲဖြစ်ပေမယ့် အဲဒါက နှင်းပွင့်လေးတစ်ပွင့်ရဲ့ဘဝပဲ"
"ပိုးဖလံတွေအတွက်လည်း အတူတူပဲ နွေရာသီရောက်ရင် အတောင်ပံဖြန့်ပြီး လိပ်ပြာဖြစ်လာတယ်။ဆောင်းဦးရောက်ရင် နောက်မျိုးဆက်အတွက် အာဟာရဖြစ်သွားတယ်။း အဲဒါက ပိုးဖလံတစ်ကောင်ရဲ့ ဘဝပဲ"
"ဒါကြောင့် ကံကြမ္မာဆိုတာ ကျွန်တော်တို့အတွက် လမ်းမကြီးတစ်ခုလိုပဲလို့ ခံစားရတယ် လမ်းတစ်လျှောက်မှာ ကောင်းတဲ့ရှုခင်းတွေ ဆိုးရွားတဲ့ရှုခင်းတွေ ပြီးတော့လှပတဲ့ရှုခင်းတွေလည်းရှိတယ် ခင်ဗျားကသူတို့ကို အရမ်းသဘောကျပေမဲ့ တစ်ချိန်လုံးရပ်ကြည့်နေနိုင်မှာလား"
"ဆိုးရွားတဲ့ရှုခင်းကို ခင်ဗျားမုန်းလိမ့်မယ် ဒါပေမဲ့ ဒီလမ်းထဲမှာ ဆိုးရွားတဲ့ရှုခင်းတွေပါလို့ ခင်ဗျားက ဒီလမ်းကို မုန်းမှာလား"
"ဒီလိုတွေးတာ မှားတယ်လို့ ကျွန်တော်ထင်တယ် ကံကြမ္မာက မတရားဘူးလို့ မထင်ပါနဲ့ အရာအားလုံးက အကောင်းဆုံးတွေဖြစ်လာဖို့ပါပဲ"
ကျိုးဟောင်၏စကားများမှာ ကောင်းကင်ယံမှ ပဲ့တင်ထပ်လာသော အသံပိုင်ရှင်ကို ဆွံ့အသွားစေခဲ့သည်။ ထိုအသံပိုင်ရှင်သည် တအံ့တဩဖြစ်သွားခဲ့သည်။
"အရာအားလုံး... အကောင်းဆုံးဖြစ်လာဖို့ပဲ..."
ထိူလူမှာ သူ့ဘာသာရေရွတ်လိုက်ပြီးမှ ရယ်မောလိုက်သည်။
"မင်းက တကယ်ကလေးပဲ စကားတတ်တဲ့ကလေး စကားတတ်တဲ့ကလေး..."
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးတို့မှာပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး အဆုံးမဲ့သော စိတ်စွမ်းအားကိုထုတ်လွှတ်လိုက်သည်။
"ကံကြမ္မာက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အဲဒါက လုပ်ငန်းစဉ်တစ်ခုပဲ မင်းအများကြီးပြောခဲ့တယ် ကံကြမ္မာကိုလမ်းတစ်လျှောက်က ရှုခင်းတစ်ခုလို သဘောထားနိုင်တဲ့ ပထမဆုံးလူကို ငါတွေ့ခဲ့ဖူးပြီ မင်း ဆက်ပြီး ဒီလောက် သဘောထားကြီးနိုင်ပါစေလို့ မျှော်လင့်ပါတယ်"
"မင်းလိုချင်တဲ့ ရှေးဟောင်းခန္ဓာသိုင်း ကို မင်းရဲ့ စိတ်စွမ်းအားထဲမှာ မှတ်တမ်းတင်ထားပြီးပြီ မင်း အချိန်မရွေး စစ်ဆေးလို့ရတယ် 'ဝိညာဉ်ကျောက်' လည်း မင်းအပိုင်ဖြစ်သွားပြီ"
"မင်း ငါ့ကို မေးချင်တာတွေ အများကြီးရှိတယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ ငါပြောပြနိုင်တာ အတိုင်းအတာတစ်ခုအထိပဲရှိတယ်"
ထိုအသံက အားမနာတမ်း ရယ်လိုက်သည်။
"ဪ ဟုတ်ပြီ ငါ့နာမည်ကိုမပြောရသေးဘူးပဲ ငါ့နာမည်က... ဟွမ်"
ကျိုးဟောင်မှာ မျက်လုံးအပြူးသားဖြစ်သွားခဲ့သည်။
....................................................................................
အခန်း (၅၈၃) ပြီးပါပြီ။
အခန်း (၅၈၄) : လက်တွေ့လား ပုံရိပ်ယောင်လား
ဟွမ်......
အင်အားအကြီးဆုံးသောသူပေလော။
တစ်ချိန်က သိုင်းလောကတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သော ဟွမ်.....
ကျိုးဟောင်တစ်ယောက် လုံးဝကို ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူ ကောင်းကင်ဘုံမျှော်စင်ထဲမှာ ဤလူကို တွေ့ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
"မင်းမှာ မူလကျောက်စယတွေရဲ့ စွမ်းအားရှိတယ်ဆိုတော့ ငါ့ရဲ့ ဒဏ္ဍာရီတွေကို ကြားဖူးမှာပဲ မင်းကို ငါ ရှင်းရှင်းလင်းလင်း ရှင်းပြလို့မရတဲ့ ကိစ္စတွေ အများကြီးရှိတယ် မင်းရဲ့ လက်ရှိအင်အားနဲ့ ဒီလောက်သိထားလည်း အသုံးမဝင်ဘူး"
"ဝိညာဉ်ကျောက်တုံးအကြောင်း ပြောရအောင်"
ထိုစကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထူးဆန်းသော စွမ်းအားတစ်ခု ပျံ့နှံ့သွားခဲ့သည်။ ကျိုးဟောင်သည်လည်း သူ့ဘေးရှိပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ သူ့ရှေ့တွင် တောင်များ၊ မြစ်များ၊ သစ်တောများဖြင့် လှပသောနေရာတစ်ခုရှိနေခဲ့ပြီး လူတစ်ယောက်မှာ ရေကန်ဘေးတွင် ထိုင်လျက် လက်ဖက်ရည်သောက်ရင်း အလွန်ပျော်ရွှင်နေပုံရသည်။
"ထိုင်ပါ"
ဟွမ်ကကျိုးဟောင်ကို ကြည့်ကာ ပြုံးရင်းပြောသည်။
ကျိုးဟောင် အနည်းငယ် စိတ်ပူနေမိသည်။ သုန်းဖန်းဟုန် ပြောခဲ့ပုံအရ ဤနေရာသည်ပုံရိပ်ယောင်လောကမဟုတ်ပေ။ ထိုသို့ဆိုပါက ဟွမ်က အသက်ရှင်နေတုန်းပေလော။
ကျိုးဟောင်လည်း နားမလည်စွာ ထိုင်ချလိုက်ပြီး ထိုလူကို စိတ်လေးလံစွာ ကြည့်လိုက်သည်။ တကယ်တော့သူ့ထံတွင် မေးစရာ မေးခွန်းများစွာ ရှိနေခဲ့သည်။
"ဝိညာဉ်ကျောက်တုံးကို ငါ စကြာဝဠာရဲ့ အစွန်းပိုင်းကနေ ရခဲ့တာ ဒီလိုအရာမျိုး ငါးခုရှိတယ် ကျောက်တုံးငါးခုက မတူညီတဲ့ စွမ်းအင်ငါးမျိုးကို ထိန်းချုပ်တယ် အဲ့ဒီငါးခုလုံးကို စုစည်းလိုက်ရင် ရှေးဟောင်းမျိုးနွယ်ကို ဆင့်ခေါ်နိုင်ပြီး ငါးခုလုံးရှိရင်အဆုံးမဲ့စွမ်းအားကို ရနိုင်သလို အရာအားလုံးကိုတောင် အုပ်စိုးနိုင်လိမ့်မယ်"
"ဝိညာဉ်ကျောက်တုံးမှာ မူလကျောက်စာတွေရဲ့စွမ်းအားကို စုစည်းနိုင်တဲ့ ပြင်းထန်တဲ့စိတ်စွမ်းအား ပါဝင်တယ် တစ်နည်းအားဖြင့် မူလကျောက်စာတွေရဲ့စွမ်းအားက ဝိညာဉ်ကျောက်တုံးကနေ ဆင်းသက်လာတာပဲ"
"ကျန်တဲ့ ကျောက်တွေမှာလည်း ထူးခြားတဲ့ စွမ်းအားတွေရှိတယ် ဝိညာဉ်ကျောက်တုံးက ကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာ ဘယ်သူမှမသိဘူး ဒါပေမဲ့… သူတို့ ဒီနေရာကို ရှာတွေ့ဖို့ မကြာတော့ဘူး ဒါကြောင့် အနာဂတ်က အရမ်းအန္တရာယ်များလာမှာကိုငါ စိုးရိမ်မိတယ်"
ဟွမ်က ကျိုးဟောင်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် ပြုံးလိုက်သည်။
"မင်းငါ့ရှေ့ကိုရောက်လာနိုင်တာက ငါတို့နှစ်ယောက် ကံပါလာတယ်ဆိုတာကို သက်သေပြတာပဲ ဝိညာဉ်ကျောက်တုံးက သခင်အဖြစ် လူအနည်းငယ်ကိုပဲ အသိအမှတ်ပြုမှာ ဒါပေမဲ့ မင်းက အရည်အချင်းပြည့်မီတယ်လို့တော့ ငါထင်တယ်"
ထို့နောက် ဟွမ်က သူ့လက်ကိုဝေ့ယမ်းလိုက်သည် အဝေးမှ နေမင်းက ထူးဆန်းသော စွမ်းအားတစ်ခုကိုထုတ်လွှတ်လိုက်ပြီး ဖြည်းဖြည်းချင်း သူ့လက်ထဲသို့ ကျရောက်လာကာ အဖြူရောင်ကျောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ဒါက ဝိညာဉ်ကျောက်တုံးပဲ မင်း သူ့ရဲ့ အသိအမှတ်ပြုမှုကို ရမရဆိုတာ မင်းရဲ့ ကံပဲ"
ဤသို့ပြောပြီးသည်နှင့်ဝိညာဉ်ကျောက်တုံးက အဆုံးမဲ့အလင်းများ တောက်ပလာသည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အဖြူရောင်အလင်းက ဝါးမျိုသွားသည်။ သူ့ရှေ့တွင် အဖြူရောင်အလင်းတန်းသာ ကျန်ရှိတော့သည်။
ကျိုးဟောင်တစ်ယောက် မျက်စိများ စူးပြီး မျက်လုံးပင် ဖွင့်မရတော့အောင် ဖြစ်သွားခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ အစွမ်းကုန် မျက်လုံးများအား ဖွင့်ကြည့်လိုက်သည်။
သူ မျက်လုံးဖွင့်လိုက်သည်နှင့် တအံ့တဩ ဖြစ်သွားခဲ့သည်။
"ဘာ… ဘာ… နေရာကြီးလဲ"
ကျိုးဟောင်က အံ့သြစွာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ မြင်လိုက်ရသည်မှာ ခန်းမကြီးတစ်ခုဖြစ်ပြီး သူက ထူးဆန်းသောဝတ်စုံများကိုဝတ်ဆင်ထားသည်။
"ကျိုးဟောင် ဘာတွေတွေးနေတာလဲ ဒီနေ့ကရှင် နတ်ဘုရားမျိုးနွယ်ရဲ့ ခန်းမဆောင်ကို လွှဲပြောင်းယူမယ့်နေ့ပဲ ငါတို့ဝင်သွားပြီးတာနဲ့ တရားဝင် လက်ထပ်ကြတော့မှာ ရှင် ကျွန်မကို လက်ထပ်ချင်နေတာ မဟုတ်လား ဘာလို့ အခုလိုအချိန်မှာ ငိုင်နေသေးတာလဲ"
သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်ခုက ထိုအချိန်တွင် ထွက်ပေါ်လာသည်။ ရင်းနှီးသော ရနံ့နှင့် ရင်းနှီးသော အသံက ကျိုးဟောင်ကို ရုတ်တရက်လှည့်ကြည့်သွားမိစေသည်။
"ရှုလင် မင်းဘာလို့ဒီမှာရှိနေတာလဲ"
ရှုလင်ကလည်း သူ့လိုပင် ထူးဆန်းသော ဝတ်စုံများ ဝတ်ထားကာ အလွန်ကို ခမ်းနားပြီး သူမ၏မျက်နှာတွင် နူးညံ့သော အနီရောင်ဖျော့ဖျော့လေးရှိနေသည်။ သူမက အလွန်လှပပြီး နတ်သမီးတစ်ပါးလိုပင် ကျိုးဟောင်သည်သူမထံမှအကြည့်မခွာနိုင်ပေ။
ကျိုးဟောင်မှာ အံ့အားသင့်ပြီးမျက်နှာမှာရှုပ်ထွေးနေခဲ့သည်။ ရှုလင်မှာလည်း သူ့စကားကြားတော့ မှင်တက်သွားခဲ့သည်။
"ကျိုးဟောင် ရှင်ဘာဖြစ်နေတာလဲ အဲဒီကနေ ပြန်လာပြီးတော့လည်း လက်တွေ့ကမ္ဘာနဲ့ပုံရိပ်ယောင်ကမ္ဘာကို မခွဲခြားနိုင်သေးဘူးလား"
ရှုလင်က ပြုံးပြီးကျိုးဟောင်၏ မျက်နှာကို နူးညံ့စွာထိလိုက်သည်။
"လိမ္မာတယ် အဲဒါပုံရိပ်ယောင်ကမ္ဘာသက်သက်ပဲ ရှင်က အဲဒီကလူမဟုတ်ဘူး နတ်ဘုရားမျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ပလ္လင်ကို ဆက်ခံမယ့်သူ အဲဒီကမ္ဘာက အရာအားလုံးက ရှင့်ရဲ့ လေ့ကျင့်ရေးသက်သက်ပဲ နောက်ဆုံးမှာတော့ရှင်က လက်တွေ့ကမ္ဘာကိုပြန်လာရဦးမှာပဲ"
ရှုလင်ကပြုံးပြီး ကျိုးဟောင်ကို ကြည့်လိုက်သည်။ သူမက သူ့လက်ကိုဆွဲပြီး ပလ္လင်တစ်ခုဆီသို့ ခေါ်သွားသည်။
"ရှင် အဲဒီပေါ်မှာ ထိုင်လိုက်တာနဲ့ ရှင်က နတ်ဘုရားမျိုးနွယ်ရဲ့ ဘုရင်ဖြစ်လာပြီး ကျွန်မရဲ့… ခင်ပွန်းလည်း ဖြစ်လာလိမ့်မယ်"
ရှုလင်၏ အသံက ဆွဲဆောင်မှုအပြည့်နှင့်ဖြစ်ပြီး ကျိုးဟောင်ကိုပို၍ပင် စိတ်ဝင်စားစေခဲ့သည်။
သူ နောက်လှည့်ကြည့်လိုက်ချိန်တွင် ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသည်။
ယွင်ယန်၊ ကျန်းယိ၊ လော့လီ၊ စွန်းဖျင်၊ နင်ယွမ်ဖုန်း၊ စုရှောင်းယွီနှင့် ဖက်တီးကျင်းအားလုံးရှိနေကြသည်။
သူတို့အားလုံးက အလွန်ပျော်ရွှင်နေကြပြီး အောက်ဘက်တွင် အားပေးသံများ ဖြင့်ဆူညံနေသည်။
"ကျိုးဟောင် ငါတို့ရဲ့ဘုရင် မင်းအတွက် ငါတို့ ဂုဏ်ယူတယ်"
သူတို့က စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသော်လည်း ကျိုးဟောင်မှာမူရှုပ်ထွေးနေခဲ့သည်။
ထိုအချိန်တွင် သူ့ဖခင် လျှောက်လာခဲ့သည်။ သူသည်လည်း ခမ်းနားသော ဝတ်စုံများ ဝတ်ဆင်ထားပြီး ကျိုးဟောင်ကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ကြည့်နေခဲ့သည်။
"သား အဖေ့ရဲ့ ရာထူးကို ဆက်ခံရမယ့်အချိန် ရောက်ပြီ မင်းက ခေါင်းဆောင်ဖြစ်လာပြီး ငါတို့နတ်ဘုရားမျိုးနွယ်မှာ အမြင့်ဆုံး ရာထူးကို ရလိမ့်မယ်"
သူ့ဖခင်ကျိုးရွှယ်ကောတွင် အလွန်အားကောင်းသော အရှိန်အဝါရှိနေသည်။
ကျိုးဟောင်သည် အလွန်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူ့ဖခင်သည်သိုင်းပညာရှင် လုံးဝမဟုတ်ပေ။ ဘာကြောင့် သိုင်းပညာရှိနေရပါသနည်း။ ထို့အပြင် ဤနတ်ဘုရားမျိုးနွယ်ဆိုသည်မှာရော ဘာပါနည်း။ သူသည် နတ်ဘုရားမျိုးနွယ်ရဲ့ ခေါင်းဆောင်အသစ် မည်သို့ဖြစ်သွားရပါသနည်း။
"အဖေ… အဖေ…"
ကျိုးဟောင်မှာပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။
"ကောင်လေး မင်း အိပ်ရာကနေ အပြည့်အဝ မနိုးသေးဘူးလား အဲဒီကမ္ဘာက မင်းအတွက် လေ့ကျင့်ရေးသက်သက်ပဲ မင်း အဲ့ဒီမှာမြင်ခဲ့ရတဲ့ အရာအားလုံးက ပုံရိပ်သက်သက်ပဲ ဒါပေမဲ့ အခုတော့အရာအားလုံးကအစစ်အမှန်ပဲ ကဲကဲ လူတွေအများကြီး ကြည့်နေတယ် အချိန်မဖြုန်းနဲ့ မနက်ဖြန် မင်းနဲ့ ရှုလင်တို့အတွက် မင်္ဂလာပွဲ ကျင်းပပေးမယ်"
ကျိုးရွှယ်ကောမှာပြုံးပြီး ကျိုးဟောင်ကို ကြည့်လိုက်သည်။ သူကအလွန်နူးညံ့စွာဖြင့် ကျိုးဟောင်ကို သူ့နေရာဆီသို့ ဆွဲခေါ်သွားခဲ့သည်။
ကျိုးဟောင်မှာပလ္လင်ကို ကြည့်လိုက်သည်နှင့် သူ့ရင်ထဲတွင် ထူးဆန်းသောအသံတစ်ခု ပေါ်လာသလိုခံစားလိုက်ရသည်။
"ထိုင်လိုက် မင်း အဲ့ဒီပေါ်မှာ ထိုင်လိုက်တာနဲ့ မင်းက ဒီကမ္ဘာရဲ့ ဘုရင်ဖြစ်လာမယ် မင်း အရာအားလုံးကို ပိုင်ဆိုင်လိမ့် မယ်…"
သို့သော် ကျိုးဟောင်၏ စိတ်ထဲတွင် အသံခပ်သဲ့သဲ့တစ်ခု ထွက်ပေါ်လာသည်။
"မထိုင်နဲ့ မင်း အဲဒီပေါ်မှာ ထိုင်လိုက်ရင် မင်းက အစစ်အမှန်မဟုတ်တော့ဘူး။ မင်း ဒီကမ္ဘာထဲမှာ နစ်မြောသွားလိမ့်မယ် ဒီနေရာက ပုံရိပ်ယောင်ပဲ…"
ကျိုးဟောင်မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး တအံ့တဩဖြစ်သွားခဲ့သည်။ သူ ဘာဖြစ်နေမှန်းမသိသလို ထိုင်သင့်သလား၊မထိုင်သင့်သလားလည်း မသိပေ။
"သား"
ကျိုးရွှယ်ကောက မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာမှာလည်းအနည်းငယ် ဒေါသထွက်နေပုံရသည်။
"ဘာလို့ မထိုင်သေးတာလဲ ဒီနေ့က လွှဲပြောင်းပွဲ အခမ်းအနားပဲ ဒီအချိန်မှာ နတ်ဘုရားမျိုးနွယ်ကို အရှက်ရစေလို့မဖြစ်ဘူး နားလည်လား မင်း အဲဒီကမ္ဘာကနေ အပြည့်အဝ မထွက်နိုင်သေးဘူးဆိုတာ ငါသိပါတယ် ဒါပေမဲ့ မင်းအဖေရဲ့ သက်တမ်းက ကုန်တော့မယ် ဒီနေ့ကနေ့ကောင်းနေ့မြတ်ပဲ မင်းရဲ့ နန်းတက်ပွဲအတွက် ကောင်းတဲ့နေ့ပဲ အရမ်းမတွေးနဲ့ဟုတ်ပြီလား"
ကျိုးရွှယ်ကောမှာ အလွန်ဒေါသထွက်နေသော်လည်း နောက်ဆုံးတွင်နူးညံ့စွာ ပြောလိုက်သည်။
ကျိုးဟောင်က သူ့နေရာကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့မျက်လုံးထဲတွင် ရုန်းကန်နေရသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
သူ့စိတ်ထဲတွင်ဤနေရာနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ မရှိနေပေ။ ဤနေရာက… မည်သည့်နေရာလဲ။
သူ အစောက ဟွမ်၏ရှေ့တွင်ရှိနေခဲ့သည် မဟုတ်ပေလော။ သူ ဝိညာဉ်ကျောက်တုံးကမ္ဘာထဲကို အစောပိုင်းကမှဝင်ရောက်လာခဲ့ခြင်း မဟုတ်ပေလော။ မည်သည့်အတွက်ကြောင့် ရုတ်တရက် ဒီလိုဖြစ်သွားရပါသနည်း။
ဤနေရာက ဖန်တီးထားခြင်းပေလော။
"မဟုတ်ဘူး ငါ မဖြစ်နိုင်ဘူး"
ကျိုးဟောင်က ခေါင်းခါလိုက်သည်။ သူက သူ့အတွေးများတွင်နစ်မြောနေဆဲပင်။ ဤနေရာသည် အလွန်ထူးဆန်းပေသည်။ သူ့ဖခင်သည်ဤမျိုးနွယ်၏ ဘုရင်ဟောင်းဖြစ်ပြီး သိုင်းပညာရှင် တစ်ယောက်ဖြစ်လာသည်။
ရှုလင်မှာ သူ့အားဒီလိုစကားမျိုး ဘယ်တော့မှ ပြောမည်မဟုတ်ပေ။ သူမသည် နူးညံ့ရင်တောင် သူ့အားစနောက်နေဦးမည်သာဖြစ်သည်။
ဤပလ္လင်ပေါ်မှာ ထိုင်ချင်နေသောသူတွေလည်း ရှိပေသည်။ ဒီပလ္လင်မှာ မှော်အစွမ်းများ ရှိပုံပင်။
ကျိုးဟောင်မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် နောက်ဆုတ်ကာ ခန်းမထဲမှ ပျံထွက်သွားတော့သည်။
....................................................................................
အခန်း (၅၈၄) ပြီးပါပြီ။
အခန်း (၅၈၅) : ဒါက တကယ့်အစစ်လား
ကျိုးဟောင် အပြင်ဘက်သို့ပျံထွက်သွားသည့်အချိန်တွင် လူတိုင်းမှာအံ့အားသင့်ခဲ့ကြသည်။
ကျိုးရွှယ်ကောမှာ ဒေါသတကြီး၊ စိတ်ပျက်လက်ပျက်ဖြစ်နေသောပုံစံနဲ့ ကျိုးဟောင်အား ကြည့်နေခဲ့သည်။
ရှုလင်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး ကျိုးဟောင် ထွက်သွားသည်ကို ငေးကြည့်နေခဲ့သည်။
သို့သော် ကျိုးဟောင်သည် ခန်းမထဲမှ ပျံထွက်ကာ လောကကြီးအပေါ်သို့ ရောက်ရှိလာသည်။ အောက်ကို ငုံ့ကြည့်လိုက်သောအခါ သူပို၍ပင် တုန်လှုပ်မိသွားသည်။
ဤလောကကြီးသည် မျက်စိတစ်ဆုံး ကျယ်ပြောလှသည်။ အဆုံးသတ်က ဘယ်မှာလဲ မသိသော်လည်း ဤကမ္ဘာကြီးသည်ဖွံ့ဖြိုးပြီး အင်မတန် အစွမ်းထက်သည်ကို သူ ခံစားမိသည်။
သူ့နောက်ဘက်မှ လေတိုးသံတရွှီးရွှီးအား ကြားလိုက်ရသောကြောင့် မှင်တက်နေမိသည်။ ကျိုးဟောင်ရှေ့သို့ပထမဆုံးရောက်လာသူမှာ ဝတုတ်ကျင်းမှာမနေနိုင်ဘဲ မေးလိုက်သည်။
“အစ်ကိုကြီး ဘာဖြစ်တာလဲ။အခုထိ ပြန်မကောင်းသေးဘူးလား ဒါက တတိယအကြိမ်ရှိပြီ အစ်ကိုကြီးပလ္လင်ကိုငြင်းပယ်ခဲ့တာ သုံးကြိမ်တောင်ရှိပြီ အဲဒီကမ္ဘာကို မေ့မရသေးဘူးလား”
ဝတုတ်ကျင်းက ကျိုးဟောင်ကို စိုးရိမ်တကြီး ကြည့်ကာမေးလိုက်သည်။
ကျိုးဟောင်က ဝတုတ်ကျင်းကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
"မင်းက အဲဒီကမ္ဘာက အတုလို့ ထင်တာလား ငါတို့သွားခဲ့တဲ့ စိတ်လောကကလည်း အတုလား”
ဝတုတ်ကျင်းက ခေါင်းညိတ်ပြသည်။
“ဟုတ်တာပေါ့၊ အတုပဲ အဲဒီနေရာက ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးနယ်မြေထဲက တစ်ခုပဲ အစ်ကိုကြီးက နတ်ဘုရားမျိုးနွယ်ရဲ့ ဂုဏ်ယူစရာလူ ဒီလိုအထောက်အထားမျိုးနဲ့ အစ်ကိုကြီးက အဲဒီကမ္ဘာက အားနည်းနေတဲ့ အစ်ကိုကြီးကို ဘာလို့ လွမ်းဆွတ်နေသေးတာလဲ”
ဝတုတ်ကျင်းကမနေနိုင်ဘဲ ရယ်ကာပြောလိုက်သည်။ သူ့ပုံပန်းသဏ္ဍာန်က ကျိုးဟောင် သိသောဝတုတ်ကျင်းနှင့် အနည်းငယ် ဆင်တူသည်။
“အစ်ကိုကြီး အစ်ကိုကြီး အခုထိ ပြန်မကောင်းသေးဘူးဆိုတာ ကျွန်တော်သိပါတယ်။ တကယ်တော့ ကျွန်တော်လည်း အစကတော့ ဒီအတိုင်းပဲ ကျွန်တော်လည်း ပြန်မကောင်းသေးလို့… နတ်ဘုရားရေကို သောက်ခဲ့တာ အဲဒါက ပုံရိပ်ယောင်တွေ ကျိန်စာတွေ အားလုံးကို ဖျက်ဆီးနိုင်တယ် အစ်ကိုကြီးလည်း တစ်ငုံလောက် သောက်ကြည့်ပါလား။ သောက်လိုက်တာနဲ့ အစ်ကိုကြီး အတုနဲ့ အစစ်ကို ဘယ်လိုခွဲခြားရမလဲဆိုတာ နားလည်သွားလိမ့်မယ်”
ဝတုတ်ကျင်း၏ စကားများတွင် လှည့်စားမှုများ ပြည့်နှက်နေသည်။ ကျိုးဟောင်က ခဏတာမှင်တက်သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။
“မင်းပြောတာက အဲဒါကိုသောက်ပြီးရင် ငါ အစစ်အမှန်နဲ့ အတွေကို ခွဲခြားနိုင်မယ်ပေါ့”
“ဟုတ်တာပေါ့ ကျွန်တော်တို့ထဲက အတော်များများသောက်ခဲ့ကြတာ တကယ်တော့ ကျွန်တော်တို့ပုံရိပ်ယောင်ကမ္ဘာထဲမှာ ဆယ်နှစ်ကျော်နေခဲ့ကြတာ။ ဒါကြောင့်လည်း သက်ရောက်မှုက အရမ်းနက်ရှိုင်းတယ် ဒါကြောင့် လူအတော်များများ မနိုးထလာခဲ့ကြဘူး နတ်ဘုရားရေကို သောက်ပြီးမှပဲ နိုးထလာခဲ့ကြတာ ဒါပေမဲ့ အစ်ကိုကြီးက အမြဲတမ်း မသောက်ချင်ခဲ့ဘူး ဘာလို့လဲဆိုတော့ အစ်ကိုကြီးကမြင့်မြတ်တဲ့အဆင့်အတန်း ရှိတယ်လေ ဦးလေးကျိုးက အစ်ကိုကြီးကို အတင်းအကျပ်မလုပ်နိုင်ဘူးလေ”
ဝတုတ်ကျင်းက ပြုံးပြီးမနေနိုင်ဘဲ နောက်ပြောင်လိုက်သည်။
ကျိုးဟောင်က ခေါင်းညိတ်ပြသည်။ ထိုအချိန်တွင် ရှုလင်က ပျံသန်းလာပြီး သူ့လက်ကိုညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
“ဝန်ထုပ်ဝန်ပိုး မဖြစ်ပါနဲ့ ရှင်ပြန်ကောင်းလာဖို့ ကျွန်မ စောင့်နေပါမယ် ရှင့်ကိုအဖော်ပြုပြီး ဖြည်းဖြည်းချင်းပြန်ကောင်းလာတာကို စောင့်နေမယ်”
ရှုလင်မှာ အလွန်ညင်သာနေခဲ့ကာ အရင်ကထက်ပင် ပို၍ညင်သာနေခဲ့သည်။
ကျိုးဟောင်က ခေါင်းညိတ်ပြလိုက်သည်။ သူ့ရင်ထဲတွင် မေးခွန်းများ ပြည့်နှက်နေသော်လည်း ရှုလင်ကို နာကျင်အောင်မလုပ်ရက်ပေ။
သူ့နေအိမ်သို့ ပြန်ရောက်သောအခါ ကျိုးဟောင်သည် အလွန်ပင်ပန်းနေပြီဖြစ်ပေရာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီးနောက် စကားပြောသံကြောင့် နိုးလာခဲ့သည်။
“အာ ကျိုးဟောင် အခုထိ ပြန်မကောင်းသေးဘူ ဒီကောင်လေးကသူ့အိပ်မက်တွေထဲမှာအရမ်းနက်နက်ရှိုင်းရှိုင်းနစ်ဝင်နေတာပဲ ဘာလုပ်ရမလဲ ငါတို့ တကယ်ပဲ သူ့ကိုနတ်ဘုရားရေ အတင်းအကျပ် တိုက်ရတော့မှာလား”
ဒါက ကျိုးရွှယ်ကော၏ အသံဖြစ်သည်။ ကျိုးဟောင်မှာရှင်းရှင်းလင်းလင်း ကြားနေရသည်။
“ကျွန်မတော့ အဲဒီလို မထင်ဘူး ကျွန်မတို့သားကအရွယ်ရောက်လာပါပြီ ပြီးတော့ဒါကအချိန်ပဲလိုတာ သူ အနှေးနဲ့အမြန် ကောင်းလာမှာပါ”
ဝမ်ရှုယွင်မှ ပြောလိုက်သည်။
“ရှုလင်ကိုပဲ ဒုက္ခပေးရတော့မယ် သူသာ ကျိုးဟောင်ဘေးမှာ မရှိခဲ့ရင် ဒီကောင်လေး အဓိပ္ပာယ်မရှိတဲ့အရာတွေ ဘယ်လောက်တောင် လုပ်မိမလဲမသိဘူး”
ဝမ်ရှုယွင်က ရှုလင်၏ လက်ကိုဆုပ်ကိုင်ရင်း ပြုံးကာပြောလိုက်သည်။
“အမေ ဘာတွေပြောနေတာလဲ ကျိုးဟောင်နဲ့ ကျွန်မက လင်မယားတွေပဲကျွန်မတို့က တစ်သားတည်းပါပဲ သူနဲ့ပတ်သက်ရင်ကျွန်မလည်းနာကျင်ရတယ်”
ရှုလင်၏ ညင်သာသောအသံမှာ ထွက်ပေါ်လာပြီး ကျိုးဟောင်၏နှလုံးသားကို နွေးထွေးသွားစေခဲ့သည်။
“ငါ တကယ် အထင်လွဲခဲ့တာလား ဒါက ငါ့ကမ္ဘာလား ကမ္ဘာမြေပေါ်မှာ ဖြစ်ခဲ့တာတွေ အားလုံးက အတုလား”
ကျိုးဟောင်သည် အလွန်ရှုပ်ထွေးနေခဲ့သည်။ ထိုအချိန်တွင် သူထလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့ရာ သူ့မိဘများနှင့် ရှုလင်တို့အပြင်မှာ ရပ်ကာစကားပြောနေကြတာကို တွေ့လိုက်ရသည်။
“အာ သားနိုးလာပြီ”
ရှုလင်က အလွန်ပျော်ရွှင်ပြီး ကျိုးဟောင်၏ လက်ကိုဆွဲလိုက်သည်။
“ကျွန်တော်… ကျွန်တော် ကမ္ဘာမြေကို သွားလည်ချင်တယ်”
ကျိုးဟောင်က ထိုသို့ပြောလိုက်သည်နှင့် ရှုလင်၊ ကျိုးရွှယ်ကောနှင့် ဝမ်ရှုယွင်တို့၏ မျက်နှာများ ပြောင်းလဲသွားသော်လည်း သက်ပြင်းချလိုက်ကြသည်။
“ရှင်သွားချင်ရင် ကျွန်မ လိုက်ခဲ့ပေးမယ်”
ရှုလင်က ပြုံးပြီးကျိုးဟောင်၏ လက်ကို ဆွဲကာထွက်သွားကြသည်။
သူတို့နှစ်ယောက်သည် ထူးဆန်းသော ယဇ်ပလ္လင်တစ်ခုသို့ ရောက်ရှိလာကြသည်။ အလင်းရောင် ထိုးကျလာသည်နှင့် သူတို့၏ပုံရိပ်များမှာ ပျောက်ကွယ်သွားခဲ့သည်။ ပြန်ပေါ်လာသောအခါ သူတို့သည်ကြယ်စုံသောလေဟာနယ်ထဲတွင် ရောက်နေပြီဖြစ်သည်။ အဝေးတွင် သက်မဲ့ဂြိုဟ်တစ်လုံး ပျံဝဲနေပြီး ထူးဆန်းသောစွမ်းအင်အတက်အကျတစ်ခု ထွက်ပေါ်နေခဲ့သည်။
ကမ္ဘာမြေပြင်ပတွင် လူအများကြီး စောင့်ကြပ်နေကြသည်။
“ဘာတွေဖြစ်နေတာလဲ”
ကျိုးဟောင်မှာ တုန်လှုပ်သွားခဲ့သည်။
“ကမ္ဘာမြေက မူလက ငရဲကမ္ဘာပဲ ဒီမှာ မကောင်းဆိုးဝါးစွမ်းအားတစ်ခုရှိလို့ စကြဝဠာထဲက သက်ရှိတွေ အများကြီးက အဲဒါကိုချိပ်ပိတ်ခဲ့တာ ဘယ်သူမှ ဝင်လို့မရဘူး အဲဒီတုန်းက ကျွန်မတို့ လျှို့ဝှက်ချက်အစစ်အမှန်ကို ရှာဖို့အတွက်ပဲဝင်ခဲ့တာ ဒါပေမဲ့ လျှို့ဝှက်ချက်ကိုမတွေ့ခဲ့ဘူး ကျွန်မတို့ရဲ့မျိုးဆက်တစ်ဆက်တောင် ပြိုလဲတော့မလိုဖြစ်ခဲ့တာ”
“နတ်ဘုရားမျိုးနွယ်ကသာ အတင်းအကျပ် ပြန်မခေါ်ခဲ့ရင် ကျွန်မတို့ အဲဒီထဲမှာ သေသွားလောက်တယ်… ဒီဂြိုဟ်လိုမျိုးပဲပေါ့”
ရှုလင်မှ ညင်သာစွာပြောလာချိန်တွင် ကျိုးဟောင်မှာပို၍ပင် ရှုပ်ထွေးသွားသည်။
သို့သော် ဤဂြိုဟ်သည် ကမ္ဘာမြေဖြစ်ကြောင်း သူသိသည်။ ထိုခံစားမှုမှာမမှားနိုင်ပေ။
“ဒီကိုဝင်လို့မရဘူး ဘယ်သူမှဝင်လို့မရတာ ပြီးတော့ ဒီနေရာကအန္တရာယ်တွေ ပြည့်နေတာ ပြန်ဝင်လိုက်တာနဲ့ အပြီးအပိုင်ပြိုလဲသွားပြီး ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး ဒါက ကျိန်စာသင့်နေတဲ့ ဂြိုဟ်ပဲ”
ရှုလင်၏ အသံမှာအလွန်လေးလံနေတာကြောင့် ကျိုးဟောင်က ပို၍ပင် အံ့အားသင့်သွားခဲ့သည်။
“ကောင်းပြီ ပြန်ကြရအောင်”
ရှုလင်က ပြုံးပြီး ပြောလိုက်သည်။
“ရှင်စကားနားထောင်ပြီး ဒီနေရာကိုမေ့လိုက်တော့ ဒီမှာရှိတဲ့အရာအားလုံးက ပုံရိပ်ယောင်ပဲ ကျွန်မကရှင့်ရဲ့ဇနီးအဖြစ်ရှိနေတုန်းပဲ ရှင့်အဖေလည်း ဒီမှာရှိနေတုန်းပဲ ဒါကကံကောင်းခြင်းပဲ”
သူမက ကျိုးဟောင်ရဲ့လက်ကို ညင်သာစွာဆုပ်ကိုင်ရင်းပြောလိုက်သည်။
ကျိုးဟောင်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးထဲမှရှုပ်ထွေးမှုက ပိုနက်ရှိုင်းလာခဲ့သည်။ ရှူလင်ကလည်း ပိုပြီးပျော်ရွှင်စွာ ပြုံးလာခဲ့သည်။
“ဪ ဟုတ်သားပဲ ကျွန်မ နတ်ဘုရားရေ နည်းနည်း ယူလာတယ် ရှင် သောက်ချင်လား”
ရှူလင်ကပြောရင်းမိုးပြာရောင် ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုထဲတွင် နတ်ဘုရားရေပါဝင်ပြီး ထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခု ထွက်ပေါ်နေခဲ့သည်။
“သောက်လိုက်တာနဲ့ ရှင်ဒီလောက်မနာကျင်ရတော့ဘူး”
ရှုလင်မှ ညင်သာစွာပြောလိုက်သည်။
ကျိုးဟောင်မှာ အသက်ပြင်းပြင်းရှူလိုက်ကာ လေအေးတစ်ချက်မှုတ်ထုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကိုယ်မင်းကိုစိတ်ပူအောင် လုပ်မိသွားပြီ”
ပြောရင်းနတ်ဘုရားရေကို ယူပြီး သောက်ရန်ပြင်လိုက်သည်။
ဖြစ်နိုင်ပေသည် ယခင်က အရာအားလုံးသည်ပုံရိပ်ယောင်တစ်ခုပဲဖြစ်ပြီး သူ့ရှေ့မှမြင်ကွင်းကသာ တကယ့်အစစ်အမှန်ဖြစ်နိုင်သည်။
ရှုလင် ပြောတာမှန်ပေသည်။ သူ့ဖခင်လည်းဒီမှာရှိသည် ရှုလင်လည်းသူ့ဘေးမှာရှိသည်။ သူ့သူငယ်ချင်းတွေလည်း သူ့ဘေးမှာရှိသည်။ ဤအချက်သည် ကံကောင်းခြင်းပင်။ ဤအရာသည် သူ လိုအပ်နေသော အရာအားလုံးပင်။ သူ ဘာများ ပိုပြီးတောင်းဆိုစရာရှိဦးမည်လဲ။
ဒီကမ္ဘာကြီးက တကယ့်အစစ်အမှန်လားဆိုတာကတော့ ဘာပဲဖြစ်ဖြစ်ပေါ့။
ဤနေရာမှာ အစစ်အမှန်မဟုတ်ပါကလည်း ဘာဖြစ်သနည်း။ ဤသည်မှာ သူ လိုချင်သောအရာ မဟုတ်ပေဘူးလော။
အားကြီးသောစွမ်းအား၊ ရင်းနှီးသောချစ်ရသူများ နှင့် ကျန်းမာသောမိဘများ။ သူ ဘာများ ပိုပြီးလိုချင်ရဦးမည်လဲ။
ကျိုးဟောင်၏အကြည့်များမှယ ပိုပြီးမှုန်ဝါးလာကာ ရှုပ်ထွေးလာခဲ့သည်။ ရှုလင်ကလည်း ပိုပြီးပျော်ရွှင်စွာပြုံးလာခဲ့သည်။
ကျိုးဟောင်က နတ်ဘုရားရေကိုကိုင်လိုက်ပြီး ပါးစပ်အနီးသို့တေ့လိုက်သည်။
သို့သော်ထိုအချိန်မှာ စိုးရိမ်တကြီးအသံတစ်ခုကို ကြားလိုက်ရသည်။
“ကျိုးဟောင် အဲဒါကို မသောက်နဲ့”
....................................................................................
အခန်း (၅၈၅) ပြီးပါပြီ။