အခန်း (၆၁၃-၆၁၅)
Vol. 41 Ch. 613-615
အခန်း (၆၁၃) : စွမ်းအားကြီးသောကျိယောင်ယွဲ့
ရေခဲအငွေ့များ တိုးဝင်လာသည်ကို မြင်သောအခါကျိယောင်ယွဲ့၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း အေးစက်လာပြီး သူမ၏ မျက်လုံးများတွင် ဒေါသအမျက်များ ပြည့်နှက်လာခဲ့သည်။ သူမ၏လက်ရှိ မီးလျှံလှံသည် အစွမ်းထက်သော လေနီကြမ်းတစ်ခုဖြင့် ပေါက်ကွဲထွက်လာပြီး ပူပြင်းသော မီးလျှံများသည် လေနှင့်အတူ အလွန်ပြင်းထန်စွာ ပျံ့နှံ့သွားသည်။
ချက်ချင်းပင် ကင်းမွန်ရေခဲဘုရင်ကမှမှုတ်ထုတ်လိုက်သော ရေခဲအငွေ့များမှာ လောင်ကျွမ်းကာ အငွေ့ပျံသွားပြီး မြေပြင်ပေါ်တွင် ရေကွက်များ ပေါ်လာခဲ့သည်။
ဤအရာကို မြင်သောအခါ ကင်းမွန်ရေခဲဘုရင်၏လက်တံများသည် ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။
ကျိယောင်ယွဲ့ထံမှ အကြိမ်ကြိမ် အနိုင်ယူခံခဲ့ရသော နာကျင်ဖွယ် အတွေ့အကြုံများကို ပြန်အမှတ်ရသောအခါ ကင်းမွန်ရေခဲဘုရင်သည် ချက်ချင်းပင် ကြောက်ရွံ့လာပြီး ၎င်း၏လက်တံများကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူမတို့နှစ်ဦးကို နောက်ဆုတ်သွားစေပြီးနောက် လျင်မြန်စွာ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
"ထွက်ပြေးချင်တာလား"
ကျိယောင်ယွဲ့သည် ကင်းမွန်ရေခဲဘုရင်၏ စိတ်ထဲတွင် ဘာရှိသည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိလိုက်သည်။ ထို့ကြောင့် သူမသည် ချောက်၏အစွန်းတစ်ဖက်သို့ ချက်ချင်းခုန်ချလိုက်သည်။
ကျိယောင်ယွဲ့၏ လက်ရှိလှံအားရုတ်တရက်ဝှေ့ယမ်းလိုက်ပြီး မီးလျှံများ တဖျတ်ဖျတ်လင်းနေသော လေစီးကြောင်းတစ်ခုကို ချက်ချင်းဖန်တီးလိုက်ကာ ချောက်၏အစွန်းတစ်လျှောက်ပိတ်ဆို့ကာ ကင်းမွန်ရေခဲဘုရင်၏ ထွက်ပြေးလမ်းကို ချက်ချင်းပိတ်ဆို့လိုက်သည်။
ထိုမျှသာမက အစွန်းကိုတက်နေသောကင်းမွန်ရေခဲဘုရင်၏လက်တံများသည်လည်း ပူပြင်းသော မီးလျှံလှံဖြင့်အတင်းအကျပ်ဖြတ်တောက်ခံလိုက်ရသည်။ ဖြတ်တောက်ခံရသော လက်တံများစွာသည် ချောက်ကြီးထဲသို့ ကျသွားပြီး ကျယ်လောင်သောအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
"ဝူး အားးး အားးးး"
"မကောင်းတော့ဘူး"
၎င်းသည် နာကျင်မှုအားအံကြိတ်ခံရင်း နာကျင်စွာ အော်ဟစ်လိုက်သည်။ ၎င်း၏ မျက်နှာအမူအရာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ ထွက်ပြေးလမ်း ပိတ်ဆို့ခံရပြီး လွတ်လမ်းမရှိတော့သည်ကို မြင်သောအခါ ကြီးမားသော မီးလျှံများ၏မျက်နှာပြင်ကို ထိုးဖောက်ရန်သာ ကြိုးစားနိုင်တော့သည်။
ရှဲ... ရှဲ...
သို့သော် ကင်းမွန်ရေခဲဘုရင်၏ လက်တံသည် ကြီးမားသော မီးလျှံမျက်နှာပြင်နားသို့ ချဉ်းကပ်လိုက်သည်နှင့် ပူပြင်းသောအပူလှိုင်းဖြင့် လောင်ကျွမ်းသွားပြီး ကျယ်လောင်သောမြည်သံများပင် စတင်ထွက်ပေါ်လာခဲ့သည်။
အဖြူရောင် မီးခိုးငွေ့များစွာသည် လေထဲတွင် တက်လာခဲ့သည်။ ကျိုးဟောင်သည် မျက်လုံးများကိုမှေးစင်းကာ သေချာအနံ့ခံကြည့်လိုက်သည်။ ထို့နောက်သူသည် မရယ်ဘဲမနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
"ဒီကင်ထားတဲ့ ပြည်ကြီးငါးနံ့က တကယ်ကို မွှေးတာပဲ"
"မင်း… မင်းလူယုတ်မာ ငါမင်းကို သတ်မယ်"
ကင်းမွန်ရေခဲဘုရင်သည် မီးဖြင့်အကင်ခံရသည့်နာကျင်မှုကို ခံစားရင်း ၎င်း၏လက်တံများကို ရုတ်တရက် ရုပ်သိမ်းလိုက်သည်။ ထို့နောက်ကျန်ရှိနေသော ဒဏ်ရာမရှိသည့် လက်တံပေါင်းများစွာကို ဝှေ့ယမ်းပြီးကျိုးဟောင်ဆီသို့ ပြေးဝင်လာခဲ့သည်။
"မကောင်းတော့ဘူး"
ကျိုးဟောင်သည် တုန်လှုပ်သွားခဲ့သည်။ ဤ ကင်းမွန်ရေခဲဘုရင်၏ ခွန်အားသည် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပထမမြောက်ကောင်းကင်ဘုံအဆင့် ပညာရှင်ဖြစ်ပြီး ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းအားရှိသူတစ်ဦးအနေဖြင့် ကျိုးဟောင်၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကင်းမွန်ရေခဲဘုရင်ထက်နိမ့်ကျနေခဲ့သည်။
ဒေါသထွက်နေသောကင်းမွန်ရေခဲဘုရင်သည် ၎င်း၏ ဧရာမလက်တံများကို ဝှေ့ယမ်းပြီး ကျိုးဟောင်ကို တိုက်ခိုက်လိုက်သည်။ ၎င်း၏ပါးစပ်မှ အေးစက်သောလေများစွာထွက်လာပြီး ချွန်ထက်သော ဓားများကဲ့သို့ ချက်ချင်း ပင် ကျိုးဟောင်ဆီသို့ ပြေးဝင်လာခဲ့သည်။
"ဘေးဖယ်လိုက်"
ကျိယောင်ယွဲ့၏ အကြည့်များမှာအေးစက်သွားခဲ့သည်။ ထို့နောက်မျက်စိတစ်မှိတ်အတွင်း သူမသည်ကျိုးဟောင်ရှေ့သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။
ထို့နောက် သူမ၏လက်ထဲရှိမီးလျှံလှံကို အသုံးပြု၍လေထဲတွင်စက်ဝိုင်းတစ်ခုဆွဲလိုက်ပြီး ပတ်ဝန်းကျင်ကိုမီးလျှံများစွာဖြင့် ပြည့်စေကာသူမတို့နှစ်ဦးကိုကာကွယ်ပေးထားသော ကြီးမားသည့်အကာအကွယ်အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။
ရေခဲအငွေ့သည် မီးလျှံအတားအဆီးကို ထိုးဖောက်ဝင်ရောက်သွားသည်။ အတားအဆီးကို ထိုးဖောက်သည့်ခဏတွင် ရေများစွာသည် မြေပြင်ပေါ်သို့ ချက်ချင်းပျော်ကျလာခဲ့သည်။ ကင်းမွန်ရေခဲဘုရင်သည် လုံးဝ တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။
မီးသည် ရေခဲကို တွန်းလှန်နိုင်စွမ်းသည်။ ကင်းမွန်ရေခဲဘုရင်သည် ကျိယောင်ယွဲ့၏ ခုခံကာကွယ်မှုနှင့်ရင်ဆိုင်ရသောအခါ ကြေကွဲဖွယ်ရှုံးနိမ့်မှုဖြင့်ရင်ဆိုင်ရရန်ကံကြမ္မာစီမံပြီးသားဖြစ်သည်။
"သေစမ်း..."
ကင်းမွန်ရေခဲဘုရင် သည် ဤအရာကို မြင်ပြီးနောက် ချက်ချင်းပင်နေရာတွင် မှင်တက်သွားခဲ့သည်။
၎င်း၏ ကြီးမားပြီးထူထဲသော လက်တံအချို့ မှာပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။ ကင်းမွန်ရေခဲဘုရင်သည် ၎င်း၏ နှလုံးသားထဲရှိတုန်လှုပ်မှုကိုထိန်းချုပ်ရန်မတတ်သာခဲ့ပေ။
၎င်း၏ ဝိုင်းစက်နက်မှောင်သော မျက်လုံးများက အလွန်အမင်းတုန်လှုပ်မှုကိုဖော်ပြနေသည်။ ၎င်းသည် သတိမထားဘဲ အနောက်သို့ အနည်းငယ် ဆုတ်လိုက်သော်လည်း ရှောင်တိမ်းရန် သို့မဟုတ် ဆုတ်ခွာရန် လမ်းမရှိသေးပေ။
မီးလျှံအတားအဆီးဖြင့် ဝိုင်းရံထားခံရသောကျိုးဟောင်သည် ပတ်ဝန်းကျင်မှမီးလျှံများမှာ သူ့အားလောင်ကျွမ်းနေသည်ကို ခံစားလိုက်ရသည်။ ချွေးစက်များစွာသည် သူ၏နဖူးနှင့် ကျောပြင်မှ စီးကျလာပြီးမွန်းကျပ်ကာ အသက်ရှူရန် ခက်ခဲလာခဲ့သည်။
"စိနီယာ ကျိ ဒီအကာအကွယ်အတားအဆီးကို ဖယ်လိုက်လို့ရမလား ကျွန်တော် ကင်ထားတဲ့ ပြည်ကြီးငါးဖြစ်တော့မယ်လို့ ခံစားရတယ်"
ကျိုးဟောင်သည် ရင်ဘတ်ကို ဖိကိုင်ပြီးဟောဟဲလိုက်ကာ ချွေးများကမိုးရွာသကဲ့သို့ ကျနေပြီး စိုးရိမ်ပူနေသောအမူအရာဖြင့် ရှိနေခဲ့သည်။
ကျိယောင်ယွဲ့သည် ကျိုးဟောင်အားဂရုမစိုက်ဟန်ဖြင့်ကြည့်ကာညင်သာစွာပြောလာခဲ့သည်။
"ခဏလောက်သည်းခံလိုက် မဟုတ်ရင် မင်းကို ကာကွယ်ပေးနေရရင် ငါစိတ်လွင့်သွားလိမ့်မယ်"
"မီးက ရေခဲကို တွန်းလှန်တယ် ဒီလိုဆိုရင်ကင်းမွန်ရေခဲဘုရင်ရဲ့ ရေခဲအငွေ့နဲ့တိုက်ခိုက်မှုတွေက စီနီယာအပေါ်အသုံးမဝင်တော့ဘူး"
"အား..."
ကျိုးဟောင်၏ အမူအရာသည်အနေရခက်သလိုဖြစ်သွားခဲ့သည်။ ကူရာမဲ့စွာ သူသည် ကာကွယ်ရေးအတားအဆီးအတွင်းတွင်သာ ပုန်းအောင်းနေနိုင်သည်။
တစ်ဖက်တွင် အကြိမ်ကြိမ်ကျရှုံးခဲ့သော ကင်းမွန်ရေခဲဘုရင်သည် ချက်ချင်းပင်လမ်းလွဲမှသွားရန် ပြင်ဆင်လိုက်ပြီး ကျိယောင်ယွဲ့၏ပိတ်ဆို့မှုမှ ရှောင်ရှားရန် ကြိုးစားလိုက်သည်။
သို့သော် ကျိယောင်ယွဲ့သည် ကင်းမွန်ရေခဲဘုရင်ကို ထွက်ပြေးခွင့်မပေးပေ။ သူမဘက်မှစတင်ကာလက်ဦးမှုယူကာတိုက်ခိုက်လိုက်သည်။ အေးစက်သော မီးလျှံများမှ ပေါင်းစည်းထားသော မီးတိုင်လုံးများစွာသည် ကင်းမွန်ရေခဲဘုရင်ဆီသို့ ပြေးဝင်လာသည်။
ကင်းမွန်ရေခဲဘုရင်၏ မျက်နှာအမူအရာမှာ တုန်လှုပ်နေပြီး ချက်ချင်းပင် လက်တံများစွာကိုဆန့်ထုတ်ကာ လေထဲတွင် အဆက်မပြတ် လှည့်ပတ်နေသည်။
၎င်းနောက်ကွယ်ရှိ ချောက်ကြီး၏ လေဟာနယ်ထဲတွင် ကြီးမားကြည်လင်သောရေစက်များ ပျံ့နှံ့သွားပြီး ဖြည်းညှင်းစွာမြင့်တက်လာသည်။ ချက်ချင်းပင် ၎င်းတို့သည် ကင်းမွန်ရေခဲဘုရင်၏ ရှေ့တွင် ထူထဲသော ရေခဲနံရံအဖြစ် ပေါင်းစည်းသွားခ့ဲသည်။
တစ်ချိန်တည်းမှာပင် ကင်းမွန်ရေခဲဘုရင်သည် ၎င်း၏ လက်တံနှစ်ခုကို မြှောက်ကာ ၎င်း၏ ခန္ဓာကိုယ်ရှိ အေးစက်သော ခွန်အားကို၎င်း၏လက်တံများထဲသို့ ပေါင်းစည်းလိုက်သည်။
ခဏအကြာတွင် လက်တံအားရိုက်ချလိုက်သည်။
ရွှီးးးး....
ကျိုးဟောင်၏ နားထဲတွင် ဆူညံသံများ ပေါက်ကွဲထွက်လာခဲ့သည်။ ကျိုးဟောင်သည် ချက်ချင်းပင် ကင်းမွန်ရေခဲဘုရင်က သူ့ကို ပစ်မှတ်ထားပြီးကျိယောင်ယွဲ့ကို နှောင့်နှေးစေရန်နှင့် တိုက်ခိုက်ရန်အခွင့်အရေးရှာနေကြောင်း သဘောပေါက်သွားခဲ့သည်။
ရေခဲအငွေ့များသည် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများကို လျင်မြန်စွာ ပြည့်နှက်သွားပြီး လက်မောင်းအရွယ်ရေခဲအငွေ့များမှာတဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။ ၎င်းသည်ကျိုးဟောင်ဆီသို့ တစ်လက်မချင်းစီ တိုးဝင်လာခဲ့သည်။
ဤရေခဲအငွေ့နှင့် ထိတွေ့မိသော အပင်များနှင့် သတ္တဝါအားလုံးသည် ချက်ချင်း အေးခဲသွားပြီး အသက်မရှိတော့ပေ။
မီတာငါးရာ၊ မီတာသုံးရာ၊ မီတာတစ်ရာ၊ မီတာငါးဆယ်!
အကွာအဝေးပိုမိုနီးကပ်လာသည်ကို မြင်နေရပြီး တစ်မိနစ်ပင် မကြာမီမှာပင် ကျိုးဟောင်၏ ရှေ့တွင် ရှည်လျားပြီး ကျယ်ဝန်းသောရေခဲဥမင်လိုဏ်ခေါင်းတစ်ခု ပေါ်လာခဲ့သည်။
မြေပြင်ပေါ်ရှိ ပေါင်းပင်များနှင့် ကျောက်တုံးများပင် ရေခဲရုပ်တုများအဖြစ် အေးခဲသွားခဲ့သည်။
ကင်းမွန်ရေခဲဘုရင်သည် ကျိယောင်ယွဲ့၏ တိုက်ခိုက်မှုကို ခုခံနေရင်း ဤအခွင့်အရေးကို အသုံးပြု၍ ကျိုးဟောင်ကို ချုံခိုတိုက်ခိုက်ရန်ကြိုးစားနေခဲ့သည်။ ဤအချိန်တွင် ကျိယောင်ယွဲ့မှာဘာမှမလုပ်နိုင်ပေ။
"စိနီယာကျိ ကျွန်တော့်ကိုကယ်ပါ ကျွန်တော့်ကိုကယ်ပါ!"
ကျိုးဟောင်မှာခေါင်းပင်ကျိန်းသွားခဲ့သည်။ သူသည် လေထဲတွင်လွင့်စဉ်လာသည့် များစွာသောရေခဲတိုင်များကို ကြည့်ကာ အလွန်ကြောက်လန့်ပြီးနောက်သို့မရပ်မနားဆုတ်နေခဲ့သည်။ သို့သော်သူထပ်မဆုတ်နိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပူလောင်နေသောမီးလျှံများကြောင့်တုန်ယင်သွားပြီး ချက်ချင်းပင်ရှေ့သို့ပြန်ခုန်ထွက်လာခဲ့သည်။
"စိနီယာကျိ ကျွန်တော့်ကို ကာကွယ်နေတာလား ဒါမှမဟုတ် ကျွန်တော့်ကိုထောင်ချောက်ဆင်နေတာလား..."
ကျိုးဟောင်သည် တုန်လှုပ်သွားပြီး ကူရာမဲ့စွာနှင့် စိုးရိမ်တကြီး တီးတိုးရေရွတ်လိုက်သည်။
"မင်းသေလမ်းရှာနေတာလား"
ကျိယောင်ယွဲ့သည် ကင်းမွန်ရေခဲဘုရင်၏ စိတ်ထဲတွင် ဘာရှိသည်ကို သဘောပေါက်သွားပြီးနောက် သူမ၏ မျက်နှာအမူအရာမှာရက်စက်သည့်ပုံသို့ပြောင်းလဲသွားခဲ့သည်။ ထို့နောက်သူမသည် ချက်ချင်း ခုန်လိုက်ပြီး မီးလျှံအတားအဆီးကိုဖြတ်ကျော်ကာ ကျိုးဟောင်ရှေ့သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။
ကျိယောင်ယွဲ့သည် လက်ဖျောက်တီးလိုက်ရာ မီးလျှံအတားအဆီးသည် အပေါ်ဘက်မှနေကာချက်ချင်း အက်ကွဲသွားခဲ့ပြီး ဘယ်ညာနှစ်ဖက်မှ လျင်မြန်စွာပြိုကျလာပြီး မြေပြင်ပေါ်သို့ ပုံကျသွားကာမီးပွားများစွာ ထွက်ပေါ်လာခဲ့သည်။
....................................................................................
အခန်း (၆၁၃) ပြီးပါပြီ။
အခန်း (၆၁၄) : သနားခံခြင်း
တစ်ခဏအကြာတွင် ကျိုးဟောင်သည် သူ၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။ ထို့နောက် ကျိယောင်ယွဲ့က သူ့အားဆွဲခေါ်သွားသဖြင့် သူ၏ကိုယ်သည် လေထဲသို့ မြောက်တက်သွားခဲ့သည်။
သို့သော် မြေပြင်ပေါ်ရှိ ရေခဲတိုင်များသည် ကျိုးဟောင်နောက်သို့ပြင်းပြင်းထန်ထန် လိုက်နေဆဲဖြစ်သည်။ ၎င်းတို့သည် မြေပြင်ပေါ်တွင် ဆက်လက်ပုံလာပြီး ကောင်းကင်သို့ တစ်ရှိန်ထိုးထိုးတက်လာသည်။
“အခွင့်အရေးကောင်းပဲ”
ကင်းမွန်ရေခဲဘုရင်၏ ပဲစေ့အရွယ် မျက်လုံးစိမ်းများမှာရုတ်တရက် လင်းလက်သွားသည်။ ထို့နောက် ၎င်း၏ ထူထဲရှည်လျားသော လက်တံများစွာကို အသုံးပြုကာကျိုးဟောင်တို့နှစ်ဦးကို လျင်မြန်စွာ ဝန်းရံလိုက်သည်။
ကျိယောင်ယွဲ့သည် ကျိုးဟောင်၏ လက်မောင်းကို တစ်ဖက်တည်းဖြင့်ကိုင်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။ သူမ၏ ကျန်လက်တစ်ဖက်က မီးလျှံလှံကို ကိုင်ပြီး လေထဲတွင် ဝှေ့ယမ်းလိုက်ရာ အေးစက်သော မီးလျှံများစွာသည် ဝုန်းခနဲမြည်ကာပေါက်ကွဲထွက်လာခဲ့သည်။
မီးလျှံများက ကင်းမွန်ရေခဲဘုရင်၏ လက်တံများကို ထိမိသောအခါ အများစုမှာ ချက်ချင်း ပြတ်တောက်သွားတော့သည်။
“ဝူး”
ကင်းမွန်ရေခဲဘုရင်သည် တစ်ဖက်လူက ရုတ်တရက်ယခုလိုညစ်ပတ်သောနည်းလမ်းအားသုံးကာတိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ၎င်း၏မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားပြီး အသက်ရှူသံသည်လည်း မြန်ဆန်လာသည်။
သို့သော် ဤအချိန်တွင် ၎င်းသည် ၎င်း၏လက်တံများ ပြတ်တောက်သွားသည်ကိုသာကူကယ်ရာမဲ့စွာ ကြည့်နေနိုင်ခဲ့သည်။
ပြင်းထန်သော နာကျင်မှုကြောင့် ကင်းမွန်ရေခဲဘုရင်၏ လက်တံများသည်ပြန်လည်ဆုတ်သွားသော်လည်း ၎င်းတို့၏ အများစုမှာ ပြတ်တောက်နေဆဲဖြစ်ကာ မြင်ရသည်မှာအလွန်ဆိုးဝါးလှသည်။
သို့သော် အံ့အားသင့်စရာကောင်းအောင်ပင် ကင်းမွန်ရေခဲဘုရင်၏ လက်တံများမှာ ပြန်လည်ထွက်ပေါ်လာကာကြီးထွားနိုင်စွမ်းရှိနေပေသည်။
ယခင်က ဖြတ်တောက်ခံခဲ့ရသော လက်တံအချို့သည် လက်ချောင်းအရွယ် လက်တံငယ်များဖြင့် တဖြည်းဖြည်း ပြန်လည်ထွက်ပေါ်လာပြီး ကြီးထွားလာသည့်အမြန်နှုန်းသည်လည်းသိသာလှပေသည်။
ကျိယောင်ယွဲ့၏ မျက်နှာအမူအရာသည် အေးစက်သွားပြီး သူမသည်လှံကို ချက်ချင်းဝှေ့ယမ်းကာ မီးလျှံတိုင်များစွာကိုကင်းမွန်ရေခဲဘုရင်ဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။
ကင်းမွန်ရေခဲဘုရင်သည် လှိမ့်ကာ ဘေးဖက်သို့ ရှောင်တိမ်းသော်လည်း ကျိယောင်ယွဲ့၏ အမြန်နှုန်းကို မယှဉ်နိုင်ပေ။ ချက်ချင်းပင် ၎င်း၏ လက်တံအချို့သည် မီးတိုင်များဖြင့် ဖြတ်တောက်ခံလိုက်ရသည်။
ကင်းမွန်ရေခဲဘုရင်သည် နာကျင်စွာ အော်ဟစ်နိုင်ခြင်းပင် မရှိမီ ဖြတ်တောက်ခံထားရသော ၎င်း၏ လက်တံများမှ ထူထဲသော အဖြူရောင် မီးခိုးများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းမှာတကယ်ကိုဆိုးရွားလှပေသည်။
“ချီးပဲ”
၎င်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာထိန်းမရဘဲ တုန်ယင်နေခဲ့သည်။
၎င်းသည်ရုတ်တရက်အော်ဟစ်လိုက်ရာ ထူးဆန်းသောအသံတစ်သံမှာကောင်းကင်၌ ပဲ့တင်ထပ်သွားသည်။ ကင်းမွန်ရေခဲဘုရင်သည် ရုတ်တရက် ပါးစပ်ကို ဖွင့်ကာ အနက်ရောင်အလုံးတစ်ခုကိုထွေးထုတ်လိုက်သည်။
“သေစမ်း ဒါ ကင်းမွန်အဆိပ်ပဲ တိုက်စားနိုင်စွမ်းအရမ်းပြင်းတယ် ရှောင်”
ကျိယောင်ယွဲ့သည် အော်ဟစ်ကာ ကျိုးဟောင်ကို ဖမ်းဆွဲပြီး ရှေ့သို့ ပစ်လိုက်သည်။
ကျိုးဟောင်၏ မျက်လုံးများမှာပြူးကျယ်သွားပြီး သူ၏ခန္ဓာကိုယ်သည်အထိန်းအချုပ်မဲ့စွာအဝေးသို့ ပစ်လွှင့်ခံရသည်ကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ကင်းမွန်ရေခဲဘုရင်၏ လက်တံတစ်ဖက်သည် စိတ်မရှည်စွာတိုက်ခိုက်လာခဲ့ပြီး ကျိုးဟောင်အားရိုက်ချရန်အနီးဆုံးသို့ရောက်နေပြီဖြစ်သည်။
ဤတိုက်ခိုက်မှုသာ သူ့အပေါ် ကျရောက်လာပါက ကျိုးဟောင်မှာသေချာပေါက်အသားပြားဖြစ်သွားမည်ဖြစ်သည်။
ကျိုးဟောင်သည် ထိတ်လန့်သွားပြီး သတိမထားမိဘဲ လက်ဖြင့် မျက်နှာကိုကာလိုက်သည်။ သို့သော်ခဏအကြာတွင် သူ၏ လက်မောင်းအားအတင်းအကျပ် ဆွဲကိုင်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချက်ချင်းပင်ဆွဲတင်ခံလိုက်ရသည်။
ကျိုးဟောင်သည် မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ရာ သူခုလေးတင်ဖြတ်ကျော်လာခဲ့သော ဧရာမသစ်ပင်သည်ကင်းမွန်၏ အဆိပ်နှင့် ထိမှန်သွားသည်ကို တွေ့လိုက်ရသည်။ သစ်ပင်သည်ချက်ချင်းပင်အရည်ပျော်ကျသွားပြီး အစအနပင် မကျန်တော့ပေ။
“ချီးပဲ ၊ ဒီ ကင်းမွန်ရေခဲဘုရင်က တကယ်ပဲ နောက်ထပ်အစီအစဉ်ရှိတာပဲ သူကတကယ်ပဲ ဒီလောက်တောင်အစွမ်းထက်တာလား”
ကျိုးဟောင်သည် တုန်လှုပ်သွားပြီး တစ်ချိန်တည်းမှာပင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ သူအစောပိုင်းက ကင်းမွန်ရေခဲဘုရင်၏ ကင်းမွန်အဆိပ်နှင့် ထိမှန်ခဲ့ပါက သူ့ခန္ဓာကိုယ်သည် သွေးအလိမ်းလိမ်း ဖုံးလွှမ်းသွားမည်မှာ သေချာပေါက်ပင်။
သို့သော် မကြာမီ ကင်းမွန်ရေခဲဘုရင်သည် လျင်မြန်စွာ ထပ်မံတိုက်ခိုက်လာပြန်သည်။
ကင်းမွန်ရေခဲဘုရင်သည် လျှပ်စီးလက်သကဲ့သို့ပင်။ ၎င်းသည် ကျန်ရှိနေသော လက်တံဆယ်ချောင်းခန့်ကို လျင်မြန်စွာအသုံးပြုကာ ၎င်း၏ ခန္ဓာကိုယ်ကိုအားယူလိုက်သည်။ ထို့နောက် ၎င်းသည် မြေပြင်မှ တိုက်ရိုက်ခုန်တက်လာကာ ကျိုးဟောင်ရှိရာသို့ တစ်ရှိန်ထိုးပြေးဝင်လာခဲ့သည်။
ဤအချိန်တွင် ကင်းမွန်ရေခဲဘုရင်၏အခြေအနေသည် ဆိုးရွားနေပြီဖြစ်သည်။
၎င်းသည် မူလက ကြမ်းတမ်းသော သားရဲတစ်ကောင်ဖြစ်ပေရာ ယခုလိုအရှက်ခွဲခံရသောအခါ ၎င်းသည် သည်းမခံနိုင်တော့ဘဲ ခုခံရန် ကြိုးစားသည်မှာသဘာဝပင်ဖြစ်သည်။
ဘန်း...
ကင်းမွန်ရေခဲဘုရင်သည် ပါးစပ်ကိုထပ်မံဖွင့်ကာ အဆိပ်ရည်များကို ကျိုးဟောင်နှင့် ကျိယောင်ယွဲ့တို့ဆီသို့ လျင်မြန်စွာ ပစ်ထုတ်လိုက်သည်။
ကျိယောင်ယွဲ့သည် အလွန်လျင်မြန်စွာ ကျိုးဟောင်ကို ဖမ်းပြီး ကောင်းကင်ထက်သို့ လျင်မြန်စွာပျံတက်သွားခဲ့သည်။ ကင်းမွန်အဆိပ်၏ အကွာအဝေးမှာ ကန့်သတ်ချက်ရှိပြီး မီတာတစ်ရာသာ ရှိသည်။ ထို့ကြောင့် ကင်းမွန်ရေခဲဘုရင်သည် ကျိုးဟောင်နှင့် ကျိယောင်ယွဲ့ကို သတ်ရန်အဆိပ်ကိုအသုံးပြုရန်အတွက် ၎င်းသည်ရှေ့ဆက်လိုက်နေရခြင်းဖြစ်သည်။
အကွာအဝေးလုံလောက်မှုမရှိသောကြောင့် အဆိပ်များစွာသည် ကင်းမွန်ရေခဲဘုရင်၏ မျက်နှာပေါ်သို့ ပြန်လည်ကျသွားသော်ငြား ၎င်းသည် ထိုအရာကို စိတ်မဝင်စားပုံမရဘဲ လက်တံများဖြင့် အဆိပ်ကို လျင်မြန်စွာ သုတ်လိုက်ပြီး နောက်မှဆက်လိုက်နေခဲ့သည်။
“ဟေးဟေး ငါမင်းကို အကြိမ်နည်းနည်းလောက်အလျှော့ပေးလိုက်တာနဲ့ မင်းကိုယ်မင်း အထင်ကြီးပြန်ပြီလား”
အေးစက်သော အပြုံးတစ်ခုသည် ကျိယောင်ယွဲ့၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ သူမသည် သူမ၏လက်ရှိ မီးလျှံလှံကိုခိုင်မြဲစွာ ဆုပ်ကိုင်ပြီး ခြေထောက်အောက်တွင်စက်ဝိုင်းခြမ်းပုံသဏ္ဍာန်တစ်ခုကို ဆွဲလိုက်သည်။
ဘန်း....
လေထဲတွင်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုချက်ချင်းထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကျိယောင်ယွဲ့၏ ခြေထောက်အောက်ရှိလေထဲတွင် အပေါက်တစ်ခုချက်ချင်းပေါ်လာခဲ့သည်။
မီးလျှံများစွာသည် ကျယ်လောင်သော အသံများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ ထိုစွမ်းအားမှာ ဗုံး၏စနက်တံများအားဆွဲဖြုတ်လိုက်သကဲ့သို့ ပေါက်ကွဲကာ ကင်းမွန်ရေခဲဘုရင်ကို ပြင်းထန်စွာတိုက်ခိုက်လိုက်သည်။
“ဝူး အားးး"
ကင်းမွန်ရေခဲဘုရင်၏ ကိုယ်လုံးသည် ပေါက်ကွဲနေသော မီးလျှံများစွာနှင့် ထိမှန်ပြီး ချက်ချင်းပင် ၎င်း၏ အရေပြားများ သွေးများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
အစိမ်းရောင်သွေးများစီးကျလာကာ မြေပြင်တစ်ခုလုံးပေါ်သို့မိုးရွာသလိုကျလာခဲ့ကာ ကင်းမွန်ရေခဲဘုရင်၏ သွေးနှင့် ထိတွေ့မိသော အပင်အားလုံးသည် ခြောက်သွေ့ကာ ပြာဖြစ်သွားခဲ့သည်။
ကင်းမွန်ရေခဲဘုရင်၏ မျက်လုံးများတွင် မယုံကြည်နိုင်သောအမူအရာတစ်ခုပေါ်လာခဲ့သည်။
ကျိယောင်ယွဲ့သည် သူမ၏ အစွမ်းအားအပြည့်အဝ အသုံးပြုခြင်းမရှိဘဲ ၎င်း၏ လှုပ်ရှားမှုကို ချက်ချင်းဖြေရှင်းနိုင်လိမ့်မည်ဟု ၎င်းသည် မမျှော်လင့်ခဲ့ပေ။ တကယ်ကို မယုံနိုင်စရာပင်။
ကင်းမွန်ရေခဲဘုရင်သည် ချက်ချင်းပင်ကြောက်လန့်သွားပြီး မြေပြင်တွင်မလှုပ်မယှက်ရပ်နေကာ ကျိယောင်ယွဲ့နှင့် ကျိုးဟောင်ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
မီးလျှံများစွာ ၎င်းဆီသို့ ပြေးဝင်လာသည်ကိုမြင်သောအခါ ကင်းမွန်ရေခဲဘုရင်သည် ရုတ်တရက် သတိပြန်ဝင်လာပြီး လျင်မြန်စွာ ထွက်ပြေးလိုက်ရန်ပြင်လိုက်သည်။
၎င်းသည် သတိမထားမိခင်မှာပင်ဤနေရာမှ ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ နောက်ဆုံးတွင် အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။
ကျိယောင်ယွဲ့၏ မီးလျှံလှံသည် ကောင်းကင်မှ ဆင်းသက်လာပြီး ၎င်း၏ ဦးခေါင်းကို လျင်မြန်စွာ ထိုးဖောက်ကာ ၎င်း၏ အရေပြားအများစုကို ဖြတ်တောက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မီးလျှံလှံသည် ၎င်း၏ခန္ဓာကိုယ်အစိတ်အပိုင်းအများစုကို ထိုးဖောက်ကာ ကင်းမွန်ရေခဲဘုရင်ကို မြေပြင်ပေါ်သို့ပြုတ်ကျသွားစေခဲ့သည်။
“သူမသေသေးဘူးလား”
ကျိုးဟောင်၏ မျက်လုံးများမှာ အံ့အားသင့်စွာပြူးကျယ်နေပြီး မြေပြင်ပေါ်တွင် ပြင်းထန်စွာ ရုန်းကန်နေသော ကင်းမွန်ရေခဲဘုရင်အား ကြည့်နေခဲ့သည်။
“သူ့နှလုံးသားကို ထုတ်မှ သူလုံးဝသေဆုံးမှာ မဟုတ်ရင်သူ့ခေါင်းဒါမှမဟုတ် လက်တံတွေက အမြန်ပြန်ထွက်လာလိမ့်မယ်”
ကျိယောင်ယွဲ့သည် ကျိုးဟောင်၏ လက်မောင်းကို ကိုင်ကာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ သူမသည် သူမ၏ရှေ့ရှိ ကင်းမွန်ရေခဲဘုရင်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ ထိုသတ္တဝါအနီးသို့တစ်လှမ်းချင်းစီ လျှောက်လှမ်းသွားခဲ့သည်။
ကင်းမွန်ရေခဲဘုရင်သည် အော်ဟစ်နေပြီး ကျိယောင်ယွဲ့အားထိတ်လန့်တုန်လှုပ်စွာနှင့် ကူကယ်ရာမဲ့စွာ ကြည့်ကာ ကြောက်ရွံ့တကြီးဖြင့်ခွင့်လွှတ်ရန် တောင်းပန်နေလေသည်။
....................................................................................
အခန်း (၆၁၄) ပြီးပါပြီ။
အခန်း (၆၁၅) : သတိပေးချက်
ကျိယောင်ယွဲ့တစ်လှမ်းချင်းစီ လျှောက်လှမ်းလာသည်ကို မြင်သောအခါ ကင်းမွန်ရေခဲဘုရင်၏ အသက်ရှူနှုန်းသည် မြန်ဆန်လာခဲ့သည်။
၎င်းသည် သတိမထားမိဘဲ ဒယီးဒယိုင်ဖြင့်အနောက်သို့ အနည်းငယ်ဆုတ်ခွာလိုက်ပြီး ကျိယောင်ယွဲ့ကိုအလွန်ကြောက်ရွံ့နေဟန်ဖြင့် ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်သည်။
“ကျွန်...ကျွန်တော် တောင်းပန်ပါတယ် တောင်းပန်ပါတယ်"
“ကျွန်တော့်ကို အခွင့်အရေးပေးပါ ကျွန်တော့်ကို မသတ်ပါနဲ့ ကျွန်တော်ကခင်ဗျားအတွက် အသုံးဝင်နေနိုင်ပါသေးတယ်”
ဤတိုတောင်းသော စကားကြောင့် ကျိယောင်ယွဲ့၏မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုပေါ်လာခဲ့သည်။
သူမသည် မျက်လုံးများကို မှေးစင်းကာ သူမရှေ့ရှိ ကင်းမွန်ရေခဲဘုရင်ကို အန္တရာယ်ရှိသောအမူအရာဖြင့် ကြည့်ရင်း လှောင်ပြောင်ကာ ပြောလိုက်သည်။
“ငါ့အတွက် အသုံးဝင်လား ဟားဟား မင်းနောက်နေတာ ဖြစ်ရမယ် မင်းက ဘယ်လို အသုံးဝင်တယ်ဆိုတာ ငါဘာလို့ မသိရတာလဲ”
ကျိယောင်ယွဲ့သည်ကင်းမွန်ရေခဲဘုရင်၏ လှည့်စားမှုများကို လုံးဝဂရုမစိုက်ပေ။ သူမသည် သူမရှေ့ရှိ ကင်းမွန်ရေခဲဘုရင်ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်ကာ ချက်ချင်းပင် အေးစက်စွာ ပြောလိုက်သည်။
“ငါမင်းကို အကြိမ်များစွာ လွတ်မြောက်ခွင့်ပေးခဲ့ပြီးပြီ ဒီတစ်ခါတော့ မင်းကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး!”
သူမ ဤစကားကို ပြောလိုက်သည်နှင့် ကင်းမွန်ရေခဲဘုရင်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်ကြောက်လန့်သွားကာ မတည်မငြိမ် ဖြစ်သွားခဲ့သည်။
၎င်း၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး သူမရှေ့ရှိ ကျိယောင်ယွဲ့အားထိတ်လန့်တကြား ကူကယ်ရာမဲ့စွာကြည့်ရင်း မျက်လုံးများမှာဂနာမငြိမ်ဖြစ်နေခဲ့သည်။
ကျိယောင်ယွဲ့ သူ့ဆီသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာသည်ကို မြင်သောအခါ ကင်းမွန်ရေခဲဘုရင်မှာချွေးအေးများ စီးကျတော့မလိုပင်ခံစားနေရသည်။
၎င်းသည် နှလုံးသားထဲရှိ ကြောက်ရွံ့မှုနှင့် မတည်မငြိမ်မှုကိုချိုးနှိမ်ကာ သူ့ရှေ့ရှိ ကျိယောင်ယွဲ့ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ ထို့နောက် တဟဲဟဲ ရယ်မောကာ ပြောလိုက်သည်။
“ပြိုင်ဘက်ကင်းလျှို့ဝှက်ရတနာတစ်ခုရှိတဲ့နေရာကို ကျွန်တော်သိတယ်"
“ပြိုင်ဘက်ကင်းလျှို့ဝှက်ရတနာ မင်းဘာကို ဆိုလိုတာလဲ”
ကင်းမွန်ရေခဲဘုရင်၏ စကားကို ကြားသောအခါ ကျိယောင်ယွဲ့၏ မျက်နှာတွင် ပဟေဠိဖြစ်နေသောအမူအရာမျိုးပေါ်လာခဲ့သည်။ သူမသည် မျက်မှောင်ကြုတ်ကာ ကင်းမွန်ရေခဲဘုရင်ကို ကြည့်ရင်း မေးခွန်းကို တစ်လုံးချင်းစီ မေးလိုက်သည်။
“တစ်ခါတုန်းက ကောင်းကင်ပေါ် ကနေကျွန်တော်ရှိနေတဲ့ကျွန်းပေါ်ကို လျှို့ဝှက်ရတနာတစ်ခု ရုတ်တရက်ကျလာခဲ့တယ် အဲဒီရတနာကငန်းဥလောက်ရှိပြီး အလင်းရောင်တွေနဲ့တဖျတ်ဖျတ် လင်းနေတာ ကျွန်တော် အဲဒီနားကိုကပ်သွားတိုင်း အဆုံးမဲ့ စွမ်းအားတစ်ခုက ကျွန်တော့်ဆီကို တဝေါဝေါရောက်လာတာကို ခံစားရတယ်”
ကင်းမွန်ရေခဲဘုရင်မှာအလျင်အမြန် ပြန်စဥ်းစားရင်း မျက်လုံးများက အဆက်မပြတ်လှုပ်ရှားနေခဲ့သည်။
ကျိယောင်ယွဲ့က ၎င်း၏ အဓိပ္ပါယ်မရှိသော စကားများကို နားထောင်ရန် တကယ်ပင် ဆန္ဒရှိနေသည်ကို မြင်သောအခါ ကင်းမွန်ရေခဲဘုရင်၏ မျက်နှာတွင် စိုးရိမ်သော အပြုံးတစ်ခု ချက်ချင်းပေါ်လာသည်။
ထို့နောက်၎င်းမှာခဏတာ တုံ့ဆိုင်းပြီးနောက် စိုးရိမ်တကြီး ပြောလိုက်သည်။
“အကယ်၍... အကယ်၍ ခင်ဗျား ကျွန်တော့်ကို ခွင့်လွှတ်ပေးမယ်ဆိုရင် အဲဒီ ပြိုင်ဘက်ကင်းလျှို့ဝှက်ရတနာကိုရှာဖို့ အခုပဲ ခင်ဗျားတို့ကို ခေါ်သွားပေးပါ့မယ်"
ဤစကားကို ကြားသောအခါ ကျိုးဟောင်နှင့် ကျိယောင်ယွဲ့တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ကျိယောင်ယွဲ့၏ မျက်နှာအမူအရာသည် မှောင်မိုက်သွားပြီး သူမသည်အေးစက်စွာပြောလိုက်သည်။
“မင်းငါ့ကို လိမ်ချင်တာလား ငါကအဲဒီလောက်လိမ်လို့လွယ်တဲ့လူမဟုတ်ဘူး”
ကျိယောင်ယွဲ့၏ မျက်နှာအမူအရာသည် တည်ကြည်နေပြီး သူမသည် မျက်လုံးများကို မှေးစင်းကာ သူမရှေ့ရှိကင်းမွန်ရေခဲဘုရင်ကို သေချာကြည့်လိုက်သည်။ ၎င်းသည် အလွန်ကောက်ကျစ်ပြီး သူမတို့ကို လိမ်နေနိုင်ကြောင်းကို သူမသိပေသည်။
ကင်းမွန်ရေခဲဘုရင်သည် ယခင်ကဉာဏ်များ၍လိမ်လည်ကာ အကြိမ်များစွာလွတ်မြောက်ခဲ့ပြီးပြီဖြစ်သည်။ ဒီတစ်ခါတော့ သူမသည် ၎င်းကို ထပ်မံလွတ်မြောက်ခွင့် ပေး၍မရတော့ပေ။
ကျိယောင်ယွဲ့က တိုက်ခိုက်တော့မည့်အချိန်တွင် ကင်းမွန်ရေခဲဘုရင်၏ မျက်နှာအမူအရာသည် ရုတ်တရက် တုန်ယင်သွားသည်။ ၎င်းသည် ချက်ချင်းပင်ကြောက်ရွံ့စွာဖြင့်မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထို့နောက် တုန်ယင်နေသောခန္ဓာကိုယ်ဖြင့် သူ့ရှေ့ရှိ ကျိယောင်ယွဲ့ကို ကြည့်ရင်း ပြောလိုက်သည်။
“ကျွန်... ကျွန်တော် ခင်ဗျားကို မနိုင်ပါဘူး ကျွန်တော် ခင်ဗျားရဲ့ပြိုင်ဘက်လုံးဝမဟုတ်ပါဘူး"
“ခင်ဗျားလက်ထဲက မီးလျှံလှံရဲ့လက်ကနေကျွန်တော်ပြေးမလွတ်ပါဘူး ကျွန်တော် ထွက်ပြေးပြီးလှည့်စားဖို့ ကြိုးစားရင် ခင်ဗျားက ကျွန်တော့်ကို တစ်ချက်တည်းနဲ့ သတ်လိုက်လို့ရတာပဲမလား”
“ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးပေးပါ ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ စဉ်းစားကြည့်ပါဦး ခင်ဗျား ကျွန်တော့်ကို သတ်လိုက်ရင်တောင် ရနိုင်တဲ့အကျိုးကျေးဇူးကနည်းနည်းလေးပဲ ရှိတယ် ဒီရတနာကို သာရလိုက်ရင် ခင်ဗျားရဲ့ ကျင့်ကြံမှုကို အများကြီးတိုးတက်လာအောင်ကူညီပေးနိုင်တယ်”
ကင်းမွန်ရေခဲဘုရင် ၏ မျက်လုံးများတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေပြီး တုန်ယင်စွာပြောဆိုလိုက်သည်။
ကျိယောင်ယွဲ့၏ မျက်လုံးများမှာမှောင်မိုက်သွားခဲ့သည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူမသည်ဤသတ္တဝါ၏နောက်သို့ အရင်လိုက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
ရတနာတကယ်ရှိပါက ၎င်းကို ရပြီးနောက်မှ ဤသတ္တဝါကိုသတ်လျှင်လည်းသူမအတွက်မခက်ခဲပေ။
ဤသို့ စဉ်းစားမိသောအခါ ကျိယောင်ယွဲ့သည် ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ မင်းကို အခွင့်အရေးပေးမယ်”
“မင်းငါတို့ကို လိမ်ဖို့ ကြိုးစားရင် မင်းကို ငါ့လက်နဲ့ကိုယ်တိုင်သတ်ပစ်ပြီး မင်း ဘယ်တော့မှ ပြန်မမွေးဖွားနိုင်အောင် လုပ်ပစ်မယ်"
ကင်းမွန်ရေခဲဘုရင်၏ မျက်နှာအမူအရာမှာ ဝမ်းသာနေပြီး ၎င်းသည်အခွင့်အရေးကောင်းဟု တွေးလိုက်သည်။
ထို့ကြောင့် ၎င်းသည် ကျိယောင်ယွဲ့ကို ချက်ချင်း စိုးရိမ်တကြီးခေါင်းညိတ်ပြပြီး လျင်မြန်စွာ ပြောလိုက်သည်။
“ကျွန်... ကျွန်တော် နားလည်ပါပြီ စိတ်မပူပါနဲ့ ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ”
“ချက်ချင်း လမ်းပြ”
ကျိယောင်ယွဲ့သည် ကျိုးဟောင်ကို မြေပြင်မှ ဆွဲထူလိုက်ပြီး လေးနက်သော အမူအရာဖြင့်၎င်းကို ဆူပူကြိမ်းမောင်းလိုက်သည်။
“ဟဲဟဲဟဲ ကောင်းပြီ ကောင်းပြီ ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ကင်းမွန်ရေခဲဘုရင်သည် မြေပြင်မှ ဖြည်းညှင်းစွာ ထလာခဲ့ကာ ၎င်း၏ ပဲစေ့အရွယ် မျက်လုံးများတွင် ကောက်ကျစ်သောအမူအရာတစ်ခုဖျက်ခနဲပေါ်လာခဲ့သည်။ ထို့နောက် ၎င်းသည် ဆိုးယုတ်သော အပြုံးဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီရတနာဆီကို မကြာခင် ရောက်တော့မှာပါ။”
မကြာမီ ကင်းမွန်ရေခဲဘုရင်သည် ကျိုးဟောင်တို့နှစ်ဦးကို ချောက်၏ အစွန်းသို့ ခေါ်လာခဲ့သည်။
ကင်းမွန်ရေခဲဘုရင်၏ မျက်လုံးများတွင် ကောက်ကျစ်သော အပြုံးတစ်ခု လင်းလက်သွားသည်။ ထို့နောက် ၎င်းသည် တဟဲဟဲ ရယ်မောကာ ပြောလိုက်သည်။
“ဒီမှာ ဒါက ရတနာရှိတဲ့နယ်မြေကို သွားတဲ့ တစ်ခုတည်းသော လမ်းပဲ"
ကင်းမွန်ရေခဲဘုရင်သည် ၎င်း၏ လက်တံများဖြင့် ချောက်၏အောက်ခြေကို ညွှန်ပြကာ တဟဲဟဲ ရယ်မောလိုက်သည်။
“ချောက်အောက်ခြေမှာလား ချုံခိုနေတဲ့ရက်စက်တဲ့သားရဲတစ်ကောင်များ ရှိနေမလား”
ကျိုးဟောင်သည် ကင်းမွန်ရေခဲဘုရင်ကို လေးနက်စွာစိုက်ကြည့်ကာ မေးလိုက်သည်။
“အား... ဟဲဟဲ ဆရာ နောက်နေတာလား ဒီချောက်ကြီးထဲမှာ ကျွန်တော် တစ်ကောင်တည်းရှိတာ တခြားသန္ဓေပြောင်းသားရဲတွေ ရှိခဲ့ရင် ကျွန်တော့်ကိုအစောကြီးကတည်းကစားပစ်လိုက်ကြမှာပေါ့ သူတို့ ကျွန်တော့်ကို အခုထိ ဘယ်လိုလုပ်ဒီအတိုင်း ထားမှာလဲ...”
ကင်းမွန်ရေခဲဘုရင်သည် တဟဲဟဲ ရယ်မောကာပြောလိုက်သည်။ ၎င်းပြောသောစကားမှာလည်း ဆီလျော်ပေသည်။
“ဒါဆို ချောက်အောက်ခြေကို ဘယ်လိုဆင်းမလဲ ဒီချောက်ကဘယ်လောက်နက်လဲဆိုတာဘယ်သူသိမှာလဲ အန္တရာယ်တစ်ခုခုရှိရင်ရော ဘယ်လိုလုပ်မှာလဲ”
ကျိုးဟောင်က မေးလိုက်သည်။
“ခင်ဗျားတို့ ကျွန်တော့်ပေါ် ထိုင်လိုက်လို့ရတယ် ကျွန်တော်ကအရမ်းမြန်မြန်တက်နိုင်တယ်ဆိုတော့ ရောက်ဖို့ကအရမ်းမြန်လိမ့်မယ်”
ကင်းမွန်ရေခဲဘုရင်၏ မျက်လုံးများတွင် မျက်နှာချိုသွေးသော အပြုံးများ ပြည့်နှက်နေသည်။ ၎င်းသည်ယခုမှပြန်ထွက်လာသော လက်တံများကို သူတို့နှစ်ဦးရှေ့တွင် ဆန့်ထုတ်ပြကာ တဟဲဟဲ ရယ်မောရင်းပြောလိုက်သည်။
“ကောင်းပြီလေ”
ကျိယောင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ကြိုးတစ်ချောင်းကိုထုတ်ကာ ကင်းမွန်ရေခဲဘုရင်၏ လက်တံအချို့တွင်ပတ်ကာ တစ်ဖက်မှ သူမတို့အား ပစ်ချခြင်းမပြုနိုင်ရန် တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သည်။
ကင်းမွန်ရေခဲဘုရင်သည် နာကျင်မှုကိုသည်းခံနေရင်း ၎င်း၏ မျက်လုံးများတွင်ရက်စက်သော အမူအရာတစ်ခုဖျက်ခနဲပေါ်လာခဲ့သည်။
သို့သော် ဤအမူအရာသည် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့ကာ ယင်းအစား ၎င်းသည် တဟဲဟဲ ရယ်မောကာကျိုးဟောင်တို့နှစ်ဦးအား ကြည့်ကာပြောလိုက်သည်။
“အဆင်သင့်ဖြစ်ပြီလား သွားကြတော့မလား”
“သွားကြရအောင်”
ကျိယောင်ယွဲ့သည် ကြိုးကို သူမနှင့် ကျိုးဟောင်၏ ခါးတို့တွင်ချည်နှောင်လိုက်ပြီး ကျိုးဟောင်ကိုသူမ၏လက်နှင့် ကြိုးအားတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရန် ညွှန်ကြားလိုက်သည်။
ကျိုးဟောင် သည်လည်းခေါင်းညိတ်ပြလိုက်သည်။ သို့သော်ဘာကြောင့်မှန်းမသိ ကျိုးဟောင်၏စိတ်ထဲတွင်ဘဝင်မကျ ဖြစ်နေပြီးတစ်ခုခုဖြစ်လာနိုင်သည်ဟု ခံစားနေရပေသည်။
....................................................................................
အခန်း (၆၁၅) ပြီးပါပြီ။