အခန်း (၆၃၁-၆၃၃)
Vol. 43 Ch. 631-633
အခန်း (၆၃၁) : အလောင်းအစား
ကျိုးဟောင်မှာ ပြောပြီးနောက် ထိုလူများအား ထူးဆန်း သောအမူအရာဖြင့် ကြည့်လိုက်၏။
သူတို့အားလုံးသည် ကောင်းကင်ဘုံအဆင့်ပညာရှင်များ ဖြစ်ကြ၏။ ကမ္ဘာဂြိုဟ်တစ်ခုလုံးတွင် ထိုအဆင့်ရှိသောပညာရှင်အရေအတွက်မှာ ၃၀၀ ကျော်သာ ရှိပြီး စစ်နတ်ဘုရားတပ်ရင်းတွင်မူအယောက် ၅၀ သာ ရှိ၏။
လက်ရှိအချိန်တွင် အဆင့်မြင့်လေ့ကျင့်ရေးစခန်း၌ ကောင်းကင်ဘုံအဆင့်ပညာရှင်အနည်းငယ်သာ ရှိပြီး အများစုမှာ မူလအဆင့်ပညာရှင်များ ဖြစ်၏။
ထို့ကြောင့်သူတို့သည်မာနကြီးကာ ပထမမြောက်ကောင်းကင်ဘုံအဆင့်သာရှိသောကျိုးဟောင်ကို ဂရုမစိုက်ကြသည်မှာသဘာဝကျပေသည်။
ကျိုးဟောင်သည် အနီးအနားကို လှည့်ပတ်ကြည့်လိုက်ရာ အင်အားအကောင်းဆုံးသူသည် တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်ပြီး ကျန်နှစ်ယောက်မှာမူ ဒုတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်များဖြစ်၍ မဆိုးလှပေ။
ကျိုးဟောင်စကားဆုံးသည့်နောက် အခန်းထဲရှိ လူတိုင်း ခဏတာ ဆွံ့အသွားကြ၏။ ဒုတိယကောင်းကင်ဘုံအဆင့်ရှိသောလူနှစ်ယောက်ထဲမှ ခန္ဓာကိုယ်တောင့်တောင့်နှင့်တစ်ယောက်သည် ချက်ချင်းပြုံးလိုက်၏။
“မင်းက ကျိုးဟောင် ဖြစ်ရမယ် ဟဲဟဲ စိတ်ဝင်စားစရာပဲ စီနီယာကျိက မင်းကို မီးနတ်ဘုရားအဖွဲ့ထဲ ဘာလို့ဝင်ခွင့်ပေးတာလဲဆိုတာ ငါတကယ်နားမလည်ဘူး”
“မင်းလို ပထမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်က အဖွဲ့ကို ဦးဆောင်ချင်တယ်ပေါ့ အရှက်မရှိလိုက်တာ ကျိုးဟောင် မင်းမှာ ငါတို့ကို အမိန့်ပေးနိုင်တဲ့ ဘာစွမ်းရည်ရှိလို့လဲ”
ထိုသူသည် ကျိုးဟောင်ကို အလွန်အထင်သေးသည့်ပုံစံဖြင့် လှောင်ပြောင်လိုက်သည်။
ကျိုးဟောင်သည် ထိုသူကို လှမ်းကြည့်ပြီး အချိန်မဖြုန်းလိုသောကြောင့် ချက်ချင်းပြောလိုက်လေသည်။
“မင်းတို့ လက်မခံဘူးဆိုတာ ငါသိတယ် ကောင်းပြီလေ သိုင်းပညာရှင်လောကက အဲဒီလောက်မရှုပ်ထွေးဘူး မင်းတို့ မကျေနပ်ရင် ငါ့ကို စိန်ခေါ်လို့ရတယ် ငါ မင်းတို့ကို အရှုံးကိုဝန်ခံလာအောင်လုပ်ပေးမယ်”
သူတို့သည် မာနကြီးကြ၏။ တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်က သူ့ကို အဘယ်ကြောင့်မယုံကြည်ရသလဲဆိုသည်ကို ကျိုးဟောင်နားလည်လေသည်။
ဤသို့သောလူမျိုးကို လက်သီးသုံး၍သာ လက်ခံလာအောင်လုပ်နိုင်မည်ဖြစ်သည်။
“ကောင်းပြီ မင်းကတိအတိုင်းပဲ”
ထိုသူသည် ချက်ချင်းလှောင်ပြောင်ပြီး တိုက်ခိုက်ရန်ပြင်လိုက်၏။ သို့သော် အပြာနုရောင်ချပ်ဝတ်ဝတ်ထားသော နောက်ထပ် ဒုတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်သည် ဝင်ပြောလိုက်လာခဲ့သည်။
“ဗက်ထရန် မလောနဲ့ ကျိုးဟောင်မီးနတ်ဘုရားအဖွဲ့ထဲ ဝင်နိုင်တာက ပြဿနာရှိတယ်ဆိုတာ ပြတယ်”
“ဘာပြဿနာလဲ”
အစောပိုင်းကခန္ဓာကိုယ်တောင့်တောင့်နှင့်လူမှမေးလိုက်သည်။
“ဘာပြဿနာလဲဟုတ်လား ဗက်ထရန် မင်းက အခုထိအတွေးတွေရိုးနေတုန်းပဲ စဉ်းစားကြည့် စီနီယာကျိ က ဘယ်လိုလူမျိုးလဲ ဒီနှစ်တွေအတွင်းမှာစီနီယာကျိက အထူးအခွင့်အရေးပေးတယ်ဆိုတာ ငါတို့ကြားဖူးလို့လား ကျိုးဟောင်မှာ စွမ်းရည်နဲ့ ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်မရှိရင် စီနီယာကျိက ဘာအကြောင်းပြချက်နဲ့ ကန့်ကွက်မှုတွေကို ဆန့်ကျင်ပြီး သူ့ကို မီးနတ်ဘုရားအဖွဲ့ထဲ ခေါ်မှာလဲ”
အပြာနုရောင် ချပ်ဝတ်ဝတ်ထားသောသူ၏ တည်ငြိမ်စွာပြောနေသည့်စကားကို ကြားပြီး ကျိုးဟောင်မှာပြုံးလိုက်သည်။
ဤသူသည် အတော်ပင် ဉာဏ်ကောင်းပြီး သူ၏ ခွဲခြမ်းစိတ်ဖြာချက်မှာလည်း အလွန်တိကျသည်။ ကျိုးဟောင်သည်သူ့ကို အလွန်အထင်ကြီးသွားမိသည်။
တကယ်တော့ ဤသို့ပင် ဖြစ်ပေသည်။
ကျိုးဟောင်တွင် နက်နဲသောလေ့ကျင့်မှုနှင့် ထူးခြားသောတိုက်ခိုက်ရေးစွမ်းရည်မရှိပါက စီနီယာကျိသည် သူ့အားအဖွဲ့ထဲခေါ်မည်မဟုတ်ပေ။ သို့သော် လူအများစုသည် ဤအချက်ကို မမြင်နိုင်ကြပေ။
ဥပမာအားဖြင့် ဗက်ထရန် ဟုခေါ်သောခန္ဓာကိုယ်တောင့်တောင့်နှင့်လူကဲ့သို့သောလူများပင်ဖြစ်သည်။
“စကော်လာ မင်း တကယ်ပြောနေတာလား ငါ မင်းကို ဘာလို့မယုံရမှာလဲ သူက ပထမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ပဲ သူ့မှာ ဘယ်လိုလုပ် ၆ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းရည်ရှိမှာလဲ”
ဗက်ထရန်သည် တကယ်ကိုမယုံကြည်နိုင်ပေ ။ ဤကိစ္စသည် သူမျှော်လင့်ထားသည်ထက်များစွာကျော်လွန်နေသည်။
“တကယ်တော့ ငါလည်း မယုံပါဘူး ဒါပေမဲ့ ငါ စီနီယာကျိ ရဲ့ ဆုံးဖြတ်ချက်ကို ပိုယုံချင်တာ”
“ဒါကြောင့် ဒီတိုင်းအမိန့်ကိုပဲ နာခံကြရအောင်”
စကော်လာမှ ပြောလိုက်သည်။
သို့သော် ကျိုးဟောင်သည် အားမရသေးပေ။
“စကော်လာရဲ့စကားက အဓိပ္ပာယ်ရှိတယ် မင်းတို့ ငါ့ကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ စီနီယာကျိကိုတော့ ယုံကြည်ရမယ် ဒါကြောင့် စီနီယာကျိက ငါ့ကို ဒီနေရာကို စေလွှတ်တာက ငါ့မှာ မင်းတို့ကို ဦးဆောင်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ဆိုလိုတာပဲ”
“ငါကလည်း သေချာပေါက် အရည်အချင်းမပြည့်မီတဲ့သူ မဟုတ်ဘူး ငါ့ရဲ့ခွန်အားနဲ့ပဲ စကားပြောမယ် ဗက်ထရန်မင်းလက်မခံနိုင်ဘူးဆိုတာ ငါသိတယ် ကိစ္စမရှိဘူး မင်းတို့အားလုံး ငါ့ကိုစိန်ခေါ်လို့ရတယ် မဟုတ်ဘူး မင်းတို့သုံးယောက်လုံးငါ့ကို အတူတူစိန်ခေါ်လို့ရတယ် ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ မင်းတို့ကို ဦးဆောင်ဖို့ ငါ့မှာအရည်အချင်းရှိမရှိဆိုတာကို ပြပေးမယ်”
ကျိုးဟောင်သည် ဤသို့လုပ်ရသည့်အကြောင်းအရင်းမှာ ဤနေရာရှိ ပဋိပက္ခအားလုံးကို ဖြေရှင်းရန်ဖြစ်သည်။
သူ သွားမည့်နေရာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။ တိုက်ပွဲအတွင်းတွင် သူတို့က သူ၏အမိန့်များကို နားမထောင်ပါက အားလုံးပြီးဆုံးသွားမည်ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင်ပင် သူတို့ကို အနိုင်ယူလိုက်ခြင်းက ပိုကောင်းသည်။
သို့သော် ကျိုးဟောင် ပြောပြီးနောက် သူတို့အချင်းချင်းကြားရှိ ဆက်ဆံရေးသည် ပြောင်းလဲသွားခဲ့သည်။
မူလအဆင့်ပညာရှင်များအတွက်လည်း အတူတူပင်။
အင်အားအကောင်းဆုံး တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်၏ မျက်လုံးများတွင်ပင် အေးစက်သောအရိပ်အယောင်များ ဖျက်ခနဲပေါ်လာခဲ့သည်။
ကျိုးဟောင်၏စကားများသည် သူတို့ကို စော်ကားလိုက်ခြင်းပင်ဖြစ်လေသည်။ သေချာသည်မှာ အမှန်တကယ်အင်အားကြီးသူများအတွက်မူ ထိုသို့သောစကားများ သည် စော်ကားခြင်းမဟုတ်ပေ။
သို့သော် ကျိုးဟောင်၏ကျင့်ကြံမှုအဆင့်သည် သူတို့ထက် သိသိသာသာအားနည်းနေပါလျက် သူက ဤမျှယုံကြည်မှုရှိရှိ ပြောနေခြင်းမှာ သူတို့အား စော်ကားနေသလိုခံစားရစေပေသည်။
“ဟ မင်းက တကယ်ကို သေတွင်းတူးနေတာပဲ ငါ့ကို ဘယ်သူမှကူညီဖို့မလိုဘူး ငါတစ်ယောက်တည်းနဲ့ မင်းကို တစ်စစီဖြစ်အောင်လုပ်လို့ရတယ်”
ဗက်ထရန်သည် ဒေါသထွက်ပြီး ကြိမ်းဝါးလိုက်သည်။
ကျိုးဟောင်သည် ပြုံးပြီး ဂရုစိုက်မနေဘဲ ဘီလီယံ ၂၀ ပါသော ကတ်တစ်ကတ်ကို ချက်ချင်းထုတ်လိုက်သည်။
“ငါ မင်းတို့နဲ့ အချိန်မဖြုန်းတော့ဘူး လောင်းကြေးတစ်ခု ထားလိုက်ကြရအောင် မင်းတို့ သုံးယောက်လုံး အတူတူတိုက်ခိုက်လို့ရတယ် ငါရှုံးရင် ဒီဘီလီယံ ၂၀ ကို မင်းတို့ကို ပေးမယ် မင်းတို့ကို ထမင်းကျွေးတယ်လို့ သဘောထားလိုက်ပေါ့ ပြီးတော့ ငါ ချက်ချင်းပြန်လှည့်ပြီး ထွက်သွားမယ် ဒီအဆင့်မြင့်လေ့ကျင့်ရေးစခန်းကို လုံးဝပြန်မလာတော့ဘူး”
“ဒါပေမဲ့ မင်းတို့ရှုံးရင် အချိန်မဖြုန်းဘဲ ငါ့အမိန့်တွေကို နာခံရမယ် ငါကျိုးဟောင်က ဘယ်သူ့ကိုမှ စိတ်ကျေနပ်အောင်လုပ်ပေးဖို့ ရည်ရွယ်ချက်မရှိဘူး မင်းတို့ ငါ့အမိန့်တွေကို နားမထောင်ချင်ရင် ငါနဲ့အတူ တာဝန်ထမ်းဆောင်ဖို့မလိုက်ကြနဲ့ လိုက်မယ်ဆိုရင်တော့ ငါ့အမိန့်တွေကို နာခံရမယ် ငါ့အမိန့်ကိုမနာခံတဲ့ ဘယ်သူမဆို ဖျက်ဆီးခံရမယ်”
ထိူအချိန်တွင် ကျိုးဟောင်၏အငွေ့အသက်သည် ချက်ချင်းပြောင်းလဲသွားသည်။ လက်ရှိအချိန်တွင် သူသည် အန္တရာယ်ရှိသောအငွေ့အသက်များဖြင့် ပြည့်နေပြီး သူတို့သုံးယောက်၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေလေသည်။
ကျိုးဟောင်သည် ကတ်ကို မြေပေါ်ပစ်ချပြီး သူတို့သုံးယောက်ကို ကြည့်လိုက်သည်။
“ဘာလဲ ငါ ဒီလောက်အများကြီးပြောပြီးပြီကို ဘာလို့ မတိုက်ခိုက်သေးတာလဲ အဆင့်မြင့်လေ့ကျင့်ရေးစခန်းလူတွေက အရူးတွေလား”
ကျိုးဟောင်သည် လှောင်ပြောင်လိုက်ပေရာ သူတို့သုံးယောက်ကို ဆွံ့အသွားစေခဲ့သည်။
“ကောင်းပြီလေ ဒါဆိုရင် မင်းရဲ့ အံ့မခန်းလှုပ်ရှားမှုတွေကိုစမ်းကြည့်ရတာပေါ့”
စကားမပြောရသေးသော တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်သည်လည်း ကြုံးဝါးလိုက်သည်။ သူသည် ချက်ချင်းအနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ သူ၏ တတိယမြောက်ကောင်းကင်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းအားသည် ချက်ချင်းထွက်ပေါ်လာခဲ့သည်။
ဗက်ထရန် နှင့် စကော်လာ မှာလည်း အတူတူပင်။ သူတို့သည် ကျိုးဟောင်၏ ထပ်ခါတလဲလဲ စော်ကားမှုများကို သည်းမခံနိုင်တော့ပေရာ သူတို့သည်လည်း တိုက်ခိုက်လိုက်ကြသည်။
ကျိုးဟောင်သည် ပြုံးပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
“ဟုတ်တယ် ဒါပေမဲ့ မင်းတို့သုံးယောက်လုံးက ငါ့ရဲ့ပြိုင်ဘက်မဟုတ်သေးဘူး ငါတို့က လုံးဝအဆင့်မတူဘူး”
ဤလူများသည် မာနကြီးပြီး သွေးဆာနေကြပေသည်။ သူတို့သည် သိမ်းငှက်များကဲ့သို့ပင်။ သူတို့ကို ယဉ်ပါးအောင်လုပ်ရန် ခွန်အားပမာဏတစ်ခု လိုအပ်ပေသည်။
ထို့ကြောင့် ဤအချိန်တွင် ကျိုးဟောင်သည် သူ့ကိုယ်သူအလွန်မာနကြီးနေသည်ဟု မခံစားရဘဲ ယခုလိုလုပ်ခြင်းသည်သာ အကောင်းဆုံးရလဒ်ဖြစ်သည်ကို သူနားလည်ပေသည်။
သူသည်လည်း အင်အားကို မထိန်းချုပ်ထားပေ။ သူ၏ ရှေးဟောင်းခန္ဓာသိုင်းသည် ထွက်ပေါ်လာပြီး နတ်ဘုရားဖျက်ဆီးသိုင်း နှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းတို့ ကို ချက်ချင်းအသုံးပြုလိုက်သည်။
ချက်ချင်းဆိုသလို သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ ၆ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဤမြင်ကွင်းသည် သူတို့သုံးယောက်၏ မျက်နှာအမူအရာကို ရုတ်တရက်သိသိသာသာပြောင်းလဲသွားစေခဲ့သည်။ ကျိုးဟောင်၏အငွေ့အသက်သည် မယုံနိုင်လောက်အောင် အစွမ်းထက်နေပေသည်။
သို့သော် နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။ သူတို့သည် လေးတင်ထားသောမြှားတစ်စင်းကဲ့သို့ ပစ်မှရတော့မည်ဖြစ်သည်။
ထို့ကြောင့် ကျိုးဟောင်မှာ မယှဉ်နိုင်အောင် အစွမ်းထက်သည်ကို သူတို့သိသော်လည်း တိုက်ခိုက်ရန်သာ ရွေးချယ်လိုက်ကြသည်။
ကျိုးဟောင်သည် သူ၏စိတ်စွမ်းအားကို မသုံးပေ။ သူ၏စိတ်စွမ်းအားသည် အလုံးစုံပြန်မကောင်းသေးသော်လည်း သူတို့ကို စိတ်စွမ်းအားဖြင့် တိုက်ခိုက်ရန်မှာ အလွန်လွယ်ကူနေသေးပေသည်။
သို့သော် ကျိုးဟောင်သည် သူတို့ကို အကြမ်းတမ်းဆုံးခွန်အားဖြင့်သာ အနိုင်ယူလိုပေသည်။
ဤနည်းဖြင့်သာ သူသည် ဤတစ်ကြိမ်တွင် အဖွဲ့ကို ဦးဆောင်ရန်လွယ်ကူမည်ဖြစ်သည်။
“အချိန်ကိုက်ပဲ”
ကျိုးဟောင်သည် အော်ဟစ်ရယ်မောလိုက်ကာ သူ၏ကိုယ်ခန္ဓာသည် ချက်ချင်းရွေ့လျားသွားခဲ့သည်။ သူသည် ငှက်မွေးတစ်ထောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်း ထိတ်လန့်စရာကောင်းသော သွေးအနှစ်သာရစွမ်းအားကို ထုတ်လွှတ်နေသည်။
“ငါ့ရဲ့ သံမဏိလက်သီးကို မင်းကို မြည်းစမ်းခိုင်းလိုက်မယ်”
ဤအချိန်တွင် ဗက်ထရန်သည် ကျိုးဟောင်နှင့် အနီးဆုံးဖြစ်ပြီးကျိုးဟောင်၏ရှေ့သို့ ရောက်နေပြီဖြစ်သည်။ သူ၏ အစွမ်းထက်သောလက်သီးသည် ကျိုးဟောင်အားဦးတည်ကာထိုးချလိုက်သည်။
သို့သော် ဤလက်သီးနှင့်ရင်ဆိုင်ရချိန်တွင် ကျိုးဟောင်သည် လက်ချောင်းနှစ်ချောင်းကိုသာ ဆန့်ထုတ်လိုက်သည်။
....................................................................................
အခန်း (၆၃၁) ပြီးပါပြီ။
အခန်း (၆၃၂) : စွမ်းအားကြီးတဲ့ကျိုးဟောင်
ကျိုးဟောင်သည် လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ လူတိုင်းသည် ကျိုးဟောင်မှာအလွန်မာနကြီးသည်ဟု တွေးမိကာ မှင်တက်သွားခဲ့ကြသည်။
“လက်ချောင်းနှစ်ချောင်းနဲ့ ငါ့ကိုတားချင်တယ်ပေါ့ ဘဝင်မြင့်လိုက်တာ ကျိုးဟောင် မင်း ဒီလိုလုပ်တာကို နောင်တရစေရမယ်”
ဗက်ထရန်အော်ဟစ်လိုက်သည် နှင့် သူ၏အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားမှာထွက်ပေါ်လာခဲ့သည်။ သူ၏လက်သီးတွင် ခြင်္သေ့တစ်ကောင်ပုံပေါ်လာပြီး ကြိမ်ဖန်များစွာအော်ဟစ်နေပေသည်။
“ရူးသွပ်ခြင်္သေ့လက်သီး”
ဤလက်သီးထိုးချက်သည် အလွန်အမင်း အရှိန်အဝါကြီးပြီး မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်၏။
ဤမြင်ကွင်းသည် ကြည့်ရှုနေသော မူလအဆင့်ပညာရှင်များကို အသက်ရှူမှားစေပေသည်။
“ခေါင်းဆောင်ဗက်ထရန်က ရူးသွပ်ခြင်္သေ့လက်သီးသိုင်းကို သုံးလိုက်တယ် ဒါကအဲဒီတုန်းက သူ့ကို နာမည်ကြီးစေခဲ့တဲ့ဟာပဲ"
“ဟုတ်တယ် အဲဒီတုန်းကခေါင်းဆောင်ဗက်ထရန်က ဒီလက်သီးထိုးချက်နဲ့ ဒုတိယမြောက်ကောင်းကင်ဘုံအဆင့်ရှိတဲ့သားရဲတစ်ကောင်ကို သတ်ခဲ့တာ လက်သီးတစ်ချက်တည်းနဲ့ သူ့ရဲ့နှလုံးကို တစ်စစီလုပ်ပစ်လိုက်တာလေ"
သူတို့သည် ထိတ်လန့်တုန်လှုပ်သောအသံဖြင့် ချက်ချင်းပြောလိုက်ကြသည်။
သို့သော် ကျိုးဟောင်သည် ဤလက်သီးထိုးချက်ကို လက်ချောင်းနှစ်ချောင်းသာ အသုံးပြုကာတားနေဦးမည်ဟု မမျှော်လင့်ထားကြပေ။
ဗက်ထရန်၏တိုက်ခိုက်မှုသည် ကျိုးဟောင်၏ လက်ချောင်းများအားချိုးပစ်ကာ ကျိုးဟောင်အားပြင်းထန်စွာဒဏ်ရာရစေလိမ့်မည်ဟု အားလုံးမှာကြိုတင်ခန့်မှန်းလိုက်ကြသည်။
သို့သော် နောက်ဆက်တွဲအဖြစ်အပျက်သည် လူတိုင်းကို အသက်ရှူမှားသွားစေခဲ့သည်။
စွမ်းအားအပြည့်ပါသည့် လက်သီးသည်ကျိုးဟောင်၏ လက်ချောင်းနှစ်ချောင်းပေါ်တွင် ချက်ချင်းရပ်တန့်သွားခဲ့သည်။
အဆုံးမဲ့သော ခွန်အားသည် မယိမ်းယိုင်နိုင်သောကြီးမားသည့်တောင်တစ်လုံးကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေပေသည်။
ဟင်...
လူတိုင်းသည် အသက်ရှူမှားသွားခဲ့ကြသည်။ စကော်လာ နှင့် အနက်ရောင်ချပ်ဝတ်ဝတ်ထားသော တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်ပင် ထိုနည်းတူပင်။
“သူက တကယ်တားလိုက်တာပဲ ဒီလူက ဘယ်လောက်တောင်… အစွမ်းထက်တာလဲ”
“ငါတောင်မှ ဗက်ထရန်ရဲ့လက်သီးကို ဒီလောက်ပေါ့ပေါ့ဆဆမလုပ်ရဲဘူး မီးနတ်ဘုရားအဖွဲ့ဝင်ဆိုတာနဲ့ ထိုက်တန်ပါတယ် ဒီလူက တကယ်ကို အစွမ်းထက်တာပဲ”
ထိုနှစ်ယောက်သည် အချင်းချင်းကြည့်ပြီး သူတို့၏စိတ်ထဲတွင်လည်းထိတ်လန့်သွားခဲ့ကြသည်။
ဗက်ထရန် ၏မျက်လုံးများသည် မယုံကြည်နိုင်စရာတစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်သွားခဲ့သည်။
“မင်းရဲ့ခွန်အားက အရမ်းကြီးတယ် မင်းရဲ့လက်သီးသိုင်းကလည်း အရမ်းကောင်းတယ် ဒါပေမဲ့ မင်းရဲ့ခွန်အားကစူးစိုက်မှုမလုံလောက်ဘဲ အများစုက ပြန့်ကျဲနေတယ် ဒီလက်သီးချက်မှာမင်းရဲ့ခွန်အား ၁၂ ကနေ ၁၃ ရာခိုင်နှုန်းပဲ အသုံးပြုနိုင်ခဲ့တာ ခွန်အား ၁၀၀ ရာခိုင်နှုန်းကို တစ်နေရာတည်းမှာ စုစည်းပြီးသုံးနိုင်မယ်ဆိုရင် ငါတောင် ဒီလိုတားရဲမှာ မဟုတ်ဘူး"
ဤအချိန်တွင် ကျိုးဟောင်သည် တည်ငြိမ်စွာပြောပြီး သူ့ကိုကြည့်လိုက်၏။
“ငါ့ရဲ့ဒီလက်သီးချက်ကို စမ်းကြည့်လိုက် ငါ့ခွန်အားရဲ့ ၃၀% ကိုပဲ အသုံးပြုမယ်"
ကျိုးဟောင်မှာပြောရင်း လက်သီးဖြင့်ထိုးလိုက်သည်။ လက်သီးသည် တည်ငြိမ်ပြီး အသွင်အပြင်မရှိပေ။ သို့သော် အစွမ်းထက်သော သွေးအနှစ်သာရစွမ်းအားဖြင့် ဤလက်သီးသည် အသံတစ်ခုဖြင့်ထွက်ပေါ်လာသည်။
ချက်ချင်းပင် မုန်တိုင်းတစ်ခုပေါ်လာကာ ယခင်လက်သီးထိုးချက်ထက် အဆများစွာပိုမိုအားကောင်းသော ခွန်အားတစ်ခုသည် ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
ဗက်ထရန် ၏မျက်နှာအမူအရာသည်သိသိသာသာပြောင်းလဲသွားခဲ့သည်။ သူသည် မျက်နှာပျက်မည်ကိုဂရုမစိုက်တော့ပေ။ ထို့နော်က ဘာမှမပြောဘဲ သူ၏ ကျောပိုးအိတ်မှ ဒိုင်းတစ်ခုကို ထုတ်ပြီး သူ့ရှေ့တွင် ကာလိုက်သည်။
ဝုန်း.....
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုသည်ဗက်ထရန်ကို နောက်သို့မီတာရာပေါင်းများစွာ အတင်းအကျပ်တွန်းပို့လိုက်ကာ သူ၏လက်မနှင့် လက်ညှိုးကြားရှိ အရေပြားသည် စုတ်ပြဲသွားပြီး သူ၏ဒိုင်းမှာလည်းချိုင့်သွားခဲ့သည်။
ဤဒိုင်းသည် ပင်လယ်နက်သံမဏိဖြင့် ပြုလုပ်ထားပြီး မယှဉ်နိုင်လောက်အောင် အစွမ်းထက်သည်ဟုဆိုနိုင်ပေသည်။ ၎င်းသည် စတုတ္ထမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်၏ ခွန်အားအပြည့်ဖြင့်တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည်။
သို့သော် ကျိုးဟောင်၏ လက်သီးကို ခုခံနိုင်ခြင်းမရှိပေ။
ဗက်ထရန် ၏မျက်လုံးထဲရှိအထင်သေးမှုသည် ချက်ချင်းပင် ထိတ်လန့်မှုနှင့် လေးစားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤအချိန်တွင် စကော်လာလည်း ရောက်ရှိလာခဲ့သည်။
“ကျိုးဟောင် မင်းရဲ့ခန္ဓာကိုယ်က အရမ်းသန်မာတယ် ငါ့ရဲ့ဓားသိုင်းကို စမ်းကြည့်”
စကော်လာသည် ဓားတစ်ချောင်းကို ကိုင်ထားပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင်ဓားအငွေ့အသက်များပျံ့နှံ့သွားခဲ့ကာ ထိုဓားအငွေ့အသက်မှာ ထက်ရှသောဓားပုံရိပ်များစွာအဖြစ်ပြောင်းလဲသွားခဲ့သည်။
ကျိုးဟောင်သည် ထိုမြင်ကွင်းအားကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ဤစကော်လာ၏ ဓားသိုင်းသည် တကယ်ပင် ကောင်းမွန်ပေသည်။
“မင်းရဲ့ဓားသိုင်းက မဆိုးပါဘူး ဒါပေမဲ့ မလုံလောက်သေးဘူး ငါ ဓားကို ဘယ်လိုသုံးရမလဲဆိုတာ မသိပေမဲ့ ဓားရှည်ကိုတော့ သုံးတတ်တယ် ဓားနဲ့ ဓားရှည်က အနှစ်သာရတူတယ် ငါ မင်းရဲ့သိုင်းကို ဘယ်လိုပြန်ခုခံမလဲဆိုတာ သေချာကြည့်ထား"
ကျိုးဟောင်မှာ ပြောပြီးသည်နှင့် သူ၏ဓားရှည်ကို ထုတ်ပြီး အရိပ်ဓားခုနစ်ချောင်းသိုင်းကို ချက်ချင်းအသုံးပြုလိုက်သည်။
ကျိုးဟောင်သည် ဓားများစွာမဖွဲ့စည်းဘဲ တစ်ချောင်းတည်းသာ စုစည်းလိုက်သည်။
တစ်ဖက်လူ၏ ဓားပုံရိပ်များစွာနှင့် နှိုင်းယှဉ်ပါက ၎င်းသည် အလွန်သေးနုပ်လှပေသည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား ဤဓားအငွေ့အသက်သည် ဓားရိပ်အားလုံးကိုဖျက်ဆီးလိုက်ပြီး စကော်လာအား မြေကြီးပေါ်သို့ ရက်ရက်စက်စက်ကျသွားစေပြီး အောက်တွင် နက်ရှိုင်းသောတွင်းတစ်ခုပေါ်လာစေခဲ့သည်။
“မင်းရဲ့ဓားသိုင်းက ကောင်းပေမဲ့ မင်းကဒါကိုမကျွမ်းကျင်သေးဘူး အဆုံးကျ မင်းဓားဘယ်လောက်ဖော်နိုင်လဲဆိုတာကအရေးမကြီးဘူး ပုံရိပ်တွေအားလုံးက ဘာမှအဓိပ္ပာယ်မရှိဘူးဆိုတာကို မင်းနားလည်ဖို့ ငါမျှော်လင့်တယ်"
ကျိုးဟောင်သည် တည်ငြိမ်စွာပြောလိုက်ရာ သူ၏ စကားများသည်စကော်လာကို ရုတ်တရက်သင်နားလည်သွားစေခဲ့သည်။
သို့သော် ဤအချိန်တွင် နောက်ဆုံး တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်သည်လည်း ရောက်လာခဲ့သည်။ သူ၏လက်ကို လှုပ်လိုက်သည်နှင့် အစွမ်းထက်သောစွမ်းအားတစ်ခု ထွက်ပေါ်လာကာ စွမ်းအားကြီးသောစွမ်းအင်အတက်အကျတစ်ခုမှာပျံ့နှံ့လာခဲ့သည်။၎င်းသည် စိတ်စွမ်းအားပင်ဖြစ်သည်။
“ငါ့ရဲ့သိုင်းကို ခံစားကြည့်စမ်း..."
အနက်ရောင်ချပ်ဝတ်ဝတ်ထားသောသူသည် အတိုင်းအဆမရှိ ကြီးမားသော စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီးကျိုးဟောင်ဆီသို့ ပြင်းထန်စွာ ပြေးဝင်လာခဲ့သည်။
“စိတ်စွမ်းအားလား ဟဲဟဲ ဒါဆိုရင် မင်း စိတ်ပျက်ရတော့မှာပဲ ငါ မင်းရဲ့စိတ်စွမ်းအားကို ဘယ်လိုပြန်တိုက်မလဲဆိုတာ ကြည့်လိုက်"
ကျိုးဟောင်သည် ပြုံးပြီး သူ၏လက်ကို ဖြည်းညှင်းစွာဆန့်ထုတ်လိုက်သည်။ သူ၏လက်ချောင်းအား လေထဲသို့တောက်လိုက်ပြီး မူလကျောက်စာ၏စွမ်းအားကို ချက်ချင်းထုတ်လိုက်သည်။
သူသည် မူလကျောက်စာ၏စွမ်းအားကို အနည်းငယ်သာ အသုံးပြုလိုက်သည်။ ၎င်းသည် အလွန်အစွမ်းထက်ခြင်းမရှိသော်လည်း တစ်ဖက်သူ၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို တားဆီးလိုက်နိုင်သည်။
ထိုအချိန်တွင် ကျိုးဟောင်၏မျက်လုံးများမှာ ထူးဆန်းသောအရောင်ဖြင့် ဖျက်ခနဲလက်သွားခဲ့သည်။ ထိုလူသည် ဤအရာကို မြင်သောအခါ သူ၏မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကျိုးဟောင်၏ မျက်လုံးများကို ကြည့်လိုက်သောအခါ ပုံရိပ်ယောင်ထဲသို့ ကျရောက်သွားသည်ကို သတိပြုမိသွားသောကြောင့်ပင်။ သူသည် ပုံရိပ်ယောင်လောကထဲသို့ ဝင်ရောက်သွားပြီး စဥ့်တီတုံးပေါ်တင်ခံထားရသောဝက်တစ်ကောင်ပမာ သံကြိုးများစွာဖြင့် ချည်နှောင်ခံထားရသည်။
“မင်းရဲ့စိတ်စွမ်းအားက အရမ်းအစွမ်းထက်ပြီး မင်းရဲ့သိုင်းကလည်း ထူးခြားတယ် နှမြောစရာကောင်းတာက မင်းငါနဲ့တွေ့တာပဲ”
ကျိုးဟောင်သည် အားမလိုအားမရ ပြုံးလိုက်၏။ ဤ အဆုံးမဲ့လှောင်ချိုင့်ထဲတွင်ကျိုးဟောင်သည် သခင်ဖြစ်ပြီး အတိုင်းအဆမရှိ အစွမ်းထက်ပေသည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သော နာကျင်မှုတို့ သည် ထိုလူကို လှုံ့ဆော်လိုက်ကာ လျှပ်စီးများလက်ပြီး မိုးချုန်းလာခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်းတွင် ထိုလူသည် လဲကျလုနီးပါး ဖြစ်နေခဲ့သည်။
ကျိုးဟောင်သည် သူ၏လက်ကို ဝှေ့ယမ်းပြီးအဆုံးမဲ့လှောင်ချိုင့်ကို ရုပ်သိမ်းလိုက်သည်။ ထိုသူသည်ချွေးအေးများကျကာ မြေပြင်တွင်မလှုပ်မယှက်ရပ်နေပြီး မောဟိုက်ကာ အားမရှိတော့ပေ။
သူတို့သုံးယောက်သည် ကျိုးဟောင်ကို သူတို့၏စွမ်းအားကုန်သုံးကာတိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ကျိုးဟောင်သည် သူတို့အားအနိုင်ယူလိုက်သည်။
ဤအချိန်တွင် လူတိုင်းသည် အံ့အားသင့်သွားကြပြီး သူတို့မြင်နေရသည်ကို မယုံကြည်ရဲကြပေ။
သူတို့၏စိတ်ထဲတွင် စကားလုံးတစ်လုံးသာ ရှိပေသည်။၎င်းမှာ "စွမ်းအားကြီးသည်" ဟူသောစကားပင်ဖြစ်သည်။
သူသည် အလွန်စွမ်းအားကြီးပေသည်။
သူသည် မယုံနိုင်လောက်အောင် စွမ်းအားကြီးပေသည်။
ဗက်ထရန် နှင့် ကျန်နှစ်ယောက်ပင်လျှင် လက်ခံလိုက်ရသည်။
အထူးသဖြင့် ဗက်ထရန်ပင်။ သူသည် ရိုးသားသောစရိုက်ရှိသူဖြစ်ပေရာ တစ်ဖက်လူအားမနိုင်သည့်အခြေအနေတွင် လက်ခံလိုက်ရုံသာရှိပေသည်။
“ဒါက တကယ်ကိုပုံမှန်မဟုတ်ဘူး ဒါက တကယ်ပဲ ပထမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားလား”
စကော်လာသည်လည်းလက်ခံသွားခဲ့သည်။
“ဒီလူက ဓားပညာကို နက်နက်နဲနဲ နားလည်ထားတယ် သူပြောတာမှန်တယ် ငါ့မှာဓားပုံရိပ်နည်းနည်းလောက်ပိုများတာနဲ့ တစ်ဖက်ကိုမနိုင်နိုင်ဘူး နောက်ဆုံးတော့ သွေးအနှစ်သာရပေါ်မှာပဲ မူတည်တာ”
ကျိုးဟောင်၏ဓားရှည်သည် သူ၏ဓားအငွေ့အသက်ထောင်ပေါင်းများစွာအား ဖျက်ဆီးပစ်ခဲ့သည်ကို သူ မမေ့သေးပေ။
အနက်ရောင်ချပ်ဝတ်ဝတ်ထားသောသူမှာမူ ပို၍ပင် အံ့အားသင့်နေခဲ့သည်။
“အစွမ်းထက်လိုက်တဲ့ စိတ်စွမ်းအားလဲ ပုံရိပ်ယောင်ကလည်း တကယ်ကိုအစစ်အမှန်လိုပဲ ပြီးတော့ဒါကရိုးရှင်းတဲ့ ပုံရိပ်ယောင်သက်သက်မဟုတ်ဘူး စိတ်စွမ်းအားပါတဲ့ ပုံရိပ်ယောင် သူ့အတွေးတစ်ချက်နဲ့ ငါ့ကို အလွယ်လေးသတ်လို့ရလောက်တယ်"
သူသည် အသက်ပြင်းပြင်းရှူလိုက်၏။ ဤအချိန်တွင် ကျိုးဟောင် မည်မျှအစွမ်းထက်သည်ကို သူ လုံးဝနားလည်သွားပြီဖြစ်သည်။
ကျိုးဟောင်သည် လက်နောက်ပစ်ကာရပ်နေပြီး သူတို့သုံးယောက်ကို ကြည့်လိုက်သည်။ ထို့နောက်သူသည် ပြုံးပြီး ဘဏ်ကတ်ကို ကောက်ယူလိုက်သည်။
“မင်းတို့သုံးယောက် ရှုံးသွားပြီထင်တာပဲ ဒါဆိုရင် ငါ ဒီကတ်ကို ပြန်ယူလိုက်မယ်နော်”
ကျိုးဟောင်သည်ကတ်ကို သူ၏ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီး သူတို့သုံးယောက်ကို လက်နှစ်ဖက်ယှက်ကာ လေးနက်စွာ ဦးညွှတ်လိုက်သည်။
ဤမြင်ကွင်းမှာ ထိုသုံးယောက်ကို ပို၍ပင်ပဟေဠိဖြစ်သွားစေခဲ့သည်။
....................................................................................
အခန်း (၆၃၂) ပြီးပါပြီ။
အခန်း (၆၃၃) : ရှေးဟောင်းသတ္တဝါ
ဤမြင်ကွင်းကြောင့် သူတို့သုံးယောက်လုံး ကြက်သေသေသွားပြီး ကျိုးဟောင်ဘာကိုဆိုလိုမှန်း နားမလည်နိုင်ဖြစ်နေကြသည်။
"ကောင်လေး မင်းနိုင်ခဲ့တာလေ ဘာလို့ငါတို့ကို ဦးညွှတ်တာလဲ မင်းဘာပြောချင်တာလဲ"
ဗက်ထရန်က ချက်ချင်းဆိုသလို ပြောလိုက်သည်။
ကျိုးဟောင်မှာပြုံးလိုက်ပြီး မော့ကြည်လိုက်သည်။
"ကျွန်တော် တောင်းပန်ချင်လို့ပါ"
"တောင်းပန်မယ် ဘာကိုလဲ မင်းကဘာများမှားလို့လဲ"
ဗက်ထရန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"တကယ်တော့ ကျွန်တော့်ရဲ့ မူလရည်ရွယ်ချက်က အားလုံးနဲ့အတူ ဒီတာဝန်ကို အတူတူလုပ်ဆောင်ဖို့ပါ ဒါပေမဲ့ ဒီတာဝန်က အရမ်းခက်ခဲပါတယ် ဒါကြောင့် တာဝန်ကို ပိုကောင်းကောင်း လုပ်ဆောင်နိုင်ဖို့အတွက် ခင်ဗျားတို့သုံးယောက်ကို ကျွန်တော် စိန်ခေါ်ရုံပဲရှိပါတယ်"
"သိုင်းပညာရှင်လောကမှာ ခွန်အားကသာ အရာရာဖြစ်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ် ခင်ဗျားတို့ ယုံကြည်လာစေဖို့အတွက် ဒီနည်းလမ်းကိုပဲသုံးရုံကလွဲမရှိလို့ပါ ဒါပေမဲ့ ခင်ဗျားတို့ကို စော်ကားလိုစိတ်တော့ လုံးဝမရှိပါဘူး အားလုံးခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်"
ကျိုးဟောင်ရဲ့ စကားတွေက အားလုံးကို အံ့အားသင့်စေနိုင်လောက်အောင် ကောင်းမွန်လွန်းသည်။
ဤသည်မှာစကားချိုချိုဖြင့်အချိုသတ်နေခြင်းပေလော။
မှန်ပေသည်။ သူတို့သည်လည်း သူတို့မှားယွင်းကြောင်း သိကြပေသည်။
သူတို့သည် စီနီယာကျိ၏ အမိန့်ကို နာခံသင့်သည်။ ကျိုးဟောင်မှာအလွန်အစွမ်းထက်သူမဟုတ်ဘဲ သာမန်လူတစ်ယောက်ဖြစ်နေလျှင်ပင် သူတို့သည်အထက်မှစီစဥ်မှုကိုလိုက်နာရမည်ဖြစ်သည်။
ဤသည်မှာ အမိန့်တစ်ခုဖြစ်ပြီး ရယ်စရာတစ်ခု မဟုတ်ပေ။
"ဟားဟားဟား ကျိုးဟောင်ရဲ့ စကားကိုကြားပြီး ငါတောင်းပန်ရမယ် ငါ ခုနက တုံးအခဲ့တာပါ တောင်းပန်ပါတယ် ဒီတစ်ခေါက် မင်းအဖွဲ့ထဲ ငါပါမယ် ပြီးတော့ မင်းရဲ့အမိန့်ကို လုံးဝနာခံမယ်"
ဗက်ထရန်က ရယ်မောလိုက်သည်။ ကျိုးဟောင်၏စကားများမှာ နားထောင်လို့ ကောင်းပေရာ သူသည်သဘောကျနေခဲ့သည်။
စကော်လာကလည်း ပြုံးလိုက်သည်။
"ကျိုးဟောင် မင်းအားနာလွန်းနေပြီ ဒီတာဝန်က စီနီယာကျိ မင်းကို တာဝန်ပေးထားတာဆိုတော့ မင်းမှာ ငါတို့ကိုတာဝန်မှာ ပူးပေါင်းပါဝင်လာအောင် လုပ်ပိုင်ခွင့်ရှိပြီးသား ဒီတိုက်ပွဲမရှိတောင်မှ ငါတို့က မင်းနဲ့ပူးပေါင်းပြီး မင်းရဲ့အမိန့်ကို နားထောင်သင့်တာပဲ ဘာလို့လဲဆိုတော့ ငါတို့က စစ်နတ်ဘုရားတပ်ရင်းကဖြစ်လို့လေ"
စကော်လာသည်လည်း ကျိုးဟောင် ကို အလွန်လေးစားနေပေသည်။ သူသည် ပညာရှင်တစ်ယောက်၏ဟန်ပန်မျိုးရှိသလို သဘောလည်းကောင်းပေသည်။
"ကျိုးဟောင် မင်းရဲ့စွမ်းရည်ကို ငါရွှယ်စန်း ဒီနေ့မြင်ခဲ့ရပြီ တော်တယ် ငါမင်းကို ယုံကြည်တယ် မင်း ခုနက နည်းနည်းမာနကြီးခဲ့တာတော့ အမှန်ပဲ... ဒါပေမဲ့ ဒါကိုမှတ်ထားပါ မင်းမာနကြီးပိုင်ခွင့်ရှိတယ် ငါသာ မင်းလိုစွမ်းရည်ရှိရင် မင်းထက်တောင် ပိုမာနကြီးဦးမှာ ဟားဟားဟား"
အနက်ရောင်ချပ်ဝတ်ဝတ်ထားသောအမျိုးသားက ချက်ချင်းဆိုသလို ပြောလိုက်သည်။ သူသည်လည်း အလွန်သဘောကျနေခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
ကျိုးဟောင်မှာပြုံးလိုက်ပြီး မူလအဆင့်ပညာရှင်များကို ကြည့်လိုက်သည်။
"ကျွန်တော် ကောင်းကင်ဘုံအဆင့်ပညာရှင်သုံးယောက်လောက် ထပ်လိုတယ် တခြားဘယ်သူများ ကျွန်တော့်အဖွဲ့ထဲ ပါဝင်ချင်လဲမသိဘူး"
အစောပိုင်းကအဖြစ်အပျက်ကို မြင်တွေ့ပြီးနောက် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာ ချက်ချင်းဆိုသလိုအားတက်သရောပါဝင်လာကြသည်။
နောက်ဆုံးတွင် ကျိုးဟောင်မှာ သုံးယောက်ကို ရွေးချယ်ပြီးနောက် ဗက်ထရန်၊ စကော်လာနှင့် ရွှယ်စန်းတို့ကို အာကာသယာဉ်ဆီဦးဆောင်ခေါ်သွားပြီး စီနီယာကျိပေးသော တည်နေရာဆီ ဦးတည်ထွက်ခွာခဲ့ကြသည်။
သူတို့သည် လမ်းတစ်လျှောက်လုံးတွင် တိတ်ဆိတ်နေကြသော်ငြား ကျိုးဟောင်အားကြည့်ချိန်တွင် အားလုံးရဲ့မျက်လုံးများမှာ လေးစားမှုတွေ အပြည့်ပါနေပေသည်။
"တတိယအစ်ကိုရွှယ် ဒီနေရာက အခုမှ ပေါ်လာတာ ပြီးတော့ထူးခြားတဲ့ သံလိုက်စက်ကွင်းတစ်ခု ရှိတယ် ဒါကြောင့် နောက်ပိုင်းမှာ သတိထားရမယ်"
ကျိုးဟောင်က အောက်ကို ကြည့်လိုက်သည်။ ထိုနေရာမှာမြူခိုးများဖြင့်ဖုံးလွှမ်းနေပြီး အောက်ခြေကို ဘာမှမမြင်ရပေ။
သို့သော် စူးစမ်းရှာဖွေရေးကိရိယာ၏အချက်အလက်အရ ဤနေရာသည် တကယ်ကို ထူးဆန်းနေသည်။
"အင်း ဒီနေရာအကြောင်း ငါတို့လည်း သတိထားမိတယ် အစက ဒီနေရာက မြစ်ကြီးတစ်စင်းပဲဖြစ်ပေမဲ့ တစ်ညတည်းနဲ့ ကုန်းမြေဖြစ်လာတာ တကယ်ကို ရှုပ်ထွေးစရာပဲ"
"အရေးအကြီးဆုံးကတော့ ဒီသံလိုက်စက်ကွင်းကလည်း ထူးဆန်းနေတယ် ငါတို့ တစ်ခါမှ မမြင်ဖူးတဲ့ သံလိုက်စက်ကွင်းပဲ"
ရွှယ်စန်းမှာ ဤနေရာအကြောင်း နားလည်ထားတာကြောင့် မနေနိုင်ဘဲ ပြောလိုက်သည်။
"ဒါဆိုရင် နောက်ပိုင်း အောက်ကိုဆင်းတဲ့အခါ သတိထားရမယ်နော် နားလည်လား"
ကျိုးဟောင်မှာအားလုံးကိုကြည့်ပြီး ချက်ချင်းပြောလိုက်သည်။
"စိတ်မပူပါနဲ့။ တိုက်ခိုက်ရေးစွမ်းရည်မှာတော့ ငါတို့ကမင်းကို မယှဉ်နိုင်ပေမဲ့ အတွေ့အကြုံမှာတော့ မင်းငါတို့ကိုမမှီလောက်သေးဘူး"
ရွှယ်စန်း က ပြုံးလိုက်သည်။
ဒါကလည်း အမှန်တရားဖြစ်သည်။ကျိုးဟောင်မှာ သေရေးရှင်ရေးအခြေအနေ အနည်းငယ်ကိုသာ ကြုံဖူးသေးသည်။ သူတို့လို ကောင်းကင်ဘုံအဆင့်ပညာရှင်တွေအနေဖြင့် အားလုံးသည် အတွေ့အကြုံရှိသော စစ်သည်များဖြစ်ကြသည်မှာ အမှန်ပင်ဖြစ်သည်။
သူတို့ဟာ ထောင်သောင်းချီတဲ့ တိုက်ပွဲတွေကိုတောင် တိုက်ခိုက်ဖူးကြသူတွေဖြစ်သည်။
မကြာမီကျိုးဟောင်တို့အဖွဲ့မှာ ကျွန်းရဲ့ အပေါ်ဘက်သို့ ရောက်ရှိလာကြသည်။ ထို့နောက် ယာဉ်တံခါးကို ဖွင့်လိုက်ပြီး ခုနစ်ယောက်စလုံး ချပ်ဝတ်တွေဝတ်ကာ အောက်ကိုဆင်းလာကြသည်။
ကျိုးဟောင်မှာ စစ်နတ်ဘုရားတပ်ရင်းတွင်တာဝန်မထမ်းဆောင်ခဲ့ဖူးပေသည်။ ဤတာဝန်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် သူတို့မှာအတွေ့အကြုံရှိ စစ်သည်များဖြစ်ကြပေရာသူတို့သည် လက်နက်အပြည့်အစုံသာမကဘဲ စူးစမ်းရှာဖွေရေးကိရိယာ အများအပြားကိုလည်း ယူဆောင်လာခဲ့ကြသည်။
ကုန်းမြေပေါ်ကို ရောက်သည်နှင့် အားလုံးမှာမြူခိုးများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ အမြင်အာရုံမှာလည်း အလွန်ကို မှုန်ဝါးနေသည်။
ထိုအချိန်တွင် စကော်လာမှာ ကိရိယာတစ်ခုကို ထုတ်လိုက်ပြီးပြောလိုက်သည်။
"ဒီမြူခိုးထဲမှာ သက်ရှိတစ်ကောင်ရဲ့ အငွေ့အသက်တစ်ခုရှိနေတယ် အားလုံး သတိထားပါ ဒါကသာမန်မြူခိုးတစ်ခုမဟုတ်ဘဲ... သန္ဓေပြောင်းသတ္တဝါတွေ ဖြစ်နိုင်တယ်"
ဒီစကားအားကြားပြီးနောက် အားလုံးမှာ အံ့အားသင့်သွားကြသည်။ ကံကောင်းထောက်မစွာ သူတို့အားလုံးတွင် ချပ်ဝတ်နှင့် အပြင်ဘက်လောကရှိလေအား ပိတ်ဆို့ပေးထားသော အသက်ရှူစနစ်များ ပါရှိပေသည်။
"သန္ဓေပြောင်းသတ္တဝါတွေလား"
ကျိုးဟောင်မှာ အံ့ဩစွာ ပြောလိုက်သည်။
စကော်လာက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ဒါတွေဟာ ရှေးခေတ် မှိုအမျိုးအစားတွေ အင်းဆက်တွေဖြစ်မယ် ဒါတွေက အရမ်းသေးလွန်းလို့ သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး"
"ကျိုးဟောင် ဒီကိုကြည့်"
ပြောရင်းကိရိယာကို ကိုင်ပြီး ရုပ်ပုံကို ချဲ့ပြလိုက်သည်။
ချက်ချင်းဆိုသလို မျက်နှာပြင်အား ဆယ်ဆကျော်ချဲ့လိုက်ပြီးနောက် ကျိုးဟောင်မှာဤ ပိုးကောင်၏ ပုံပန်းသဏ္ဌာန်ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။
၎င်းမှာ ခြေထောက်ခုနစ်ချောင်းမှ ရှစ်ချောင်းအထိရှိသော ပိုးကောင်များဖြစ်ပြီး ကင်းခြေများများဖြင့်ဆင်တူကြပြီး အလွန်သေးငယ်ကြသည်။
"ဒီပိုးကောင်တွေက အဆိပ်ရှိတယ် သူတို့က လူတွေရဲ့ အာရုံခံစနစ်ကို ဖျက်ဆီးတာ ငါတို့ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့ ကိုယ်ထဲက သွေးအနှစ်သာရကိုသုံးပြီးမျိုးပွားကြတယ် ပြီးရင်ငါတို့ရဲ့ ဆဲလ်တွေကို တိုက်ခိုက်ပြီး ချက်ချင်းဆိုသလိုပဲ ခန္ဓာကိုယ်ကိုပျက်စီးစေလိမ့်မယ်"
စကော်လာ၏စကားဆုံးသွားချိန်တွင် ကျိုးဟောင်မှာအလွန်အံ့သြသွားခဲ့သည် ။ ယခုလိုသေးငယ်သောပိုးကောင်တစ်ကောင်မှာ ဤမျှလောက်အစွမ်းထက်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။
"ငါ နမူနာကို စုဆောင်းပြီးပြီ ဒီပိုးကောင်ကို အခုရှင်းပစ်လိုက်လို့ရပြီး ဒါပေမဲ့... ဒီရှေးဟောင်းသက်ရှိတွေက ဘာလို့ ဒီနေရာမှာရုတ်တရက် ပေါ်လာရတာလဲ"
"ပင်လယ်အောက်ခြေမှာနစ်မြုပ်နေတဲ့ သတ္တဝါတွေ ပြန်နိုးလာတာများလား ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး"
စကော်လာ၏အသံတွင် စိုးရိမ်မှုတွေ ပါနေသည်။ကျိုးဟောင်သည်လည်း သက်ပြင်းချလိုက်သည်။ ဒီလိုကိစ္စမျိုးက ရှောင်လွှဲလို့မရနိုင်ပေ။
ဤပိုးကောင်များမှာ ဖြေရှင်းရလွယ်ကူပေသည်။ သူတို့သည် အနှစ်သာရစွမ်းအင်ကိုသုံးကာမီးတောက်များဖန်တီးပြီး ထိုသတ္တဝါများအားမီးရှို့ပစ်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ဤပိုးကောင်များမှာပျောက်ကွယ်သွားကြပြီး ကျိုးဟောင်တို့အဖွဲ့သည်လည်း ရှေ့က လမ်းကို မြင်လိုက်ရသည်။
ဤနေရာမှာအရမ်းကို ထူးဆန်းနေသည်။ဤနေရာတွင် ထူးခြားသောအပင်များစွာပေါက်နေပြီး ထိုအရာများအား သူတို့၏အချက်အလက်များထဲတွင် မှတ်တမ်းတင်ထားခြင်းမရှိပေ။
"ပုံစံကြည့်ရတာတော့... သူတို့ကတကယ်ကို ပင်လယ်အောက်ခြေကနေလာကြတာဖြစ်မယ် ဒီသက်ရှိတွေရှိနေတာဘယ်လောက်ကြာပြီလဲဆိုတာတော့မသိဘူး ဒါပေမဲ့ ငါတို့လူသားတွေရဲ့သက်တမ်းထက်တော့ပိုကြာမှာသေချာတယ် ဒါကြောင့်... အားလုံး သတိထားကြပါ"
စကော်လာ၏ပုံစံမှာစိုးရိမ်နေခဲ့ပြီး နမူနာအချို့ကို ထပ်စုဆောင်းပြီးနောက် ရှေ့သို့ဆက်သွားခဲ့သည်။
ကျိုးဟောင်သည်လည်းစိုးရိမ်မိပေသည်။ဤနေရာတွင် မည်သည့်အရာတွေပုန်းအောင်းနေတယ်ဆိုတာ သူမသိပေ။ သူတို့အဖွဲ့မှာ မပျံသန်းကြပေ။ အကြောင်းမှာ မပျံသန်းနိုင်လို့မဟုတ်ဘဲ မသိသာချင်လို့သာဖြစ်သည်။ ယခုလိုမရင်းနှီးတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဖြည်းဖြည်းချင်း ရှေ့ဆက်သွားခြင်းကသာ အကောင်းဆုံးဖြစ်သည်။ မဟုတ်ပါက အမည်မသိသောတည်ရှိမှုများအားသတိပေးလိုက်သလိုဖြစ်သွားနိုင်ပေသည်။ ထိုအချိန်မှ နောင်တရပါက နောက်ကျသွားပေလိမ့်မည်။
ကျိုးဟောင်တို့အဖွဲ့မှာ တစ်စတစ်စဖြင့်ရှေ့သို့ဝင်လာခဲ့ကြပြီး ဤနေရာရဲ့ သံလိုက်စက်ကွင်းမှာလည်း ပိုပြီး ပြင်းထန်လာသည်။
"သံလိုက်စက်ကွင်းက အရမ်းကိုအားကောင်းလို့ ငါတို့ရဲ့ အချက်ပြစနစ်ကိုနှောင့်ယှက်နေပြီ ကျိုးဟောင်ငါတို့ ရှေ့ဆက်သွားသင့်လား ဒါမှမဟုတ်... ပြန်ထွက်သင့်လား"
....................................................................................