← Chapters

သဘာဝလွန်စွမ်းရည်

Vol. 1 Ch. 2

သဘာဝလွန်စွမ်းရည်

Vol. 1 Ch. 2

"အာ၊ မပြေးနဲ့!"

ရိုးရှင်းသော သစ်သားခြံစည်းရိုးဖြင့် ဝိုင်းရံထားသည့် ခြံဝင်းငယ်လေးထဲတွင် ရှောင်ယန်သည် လိပ်ပြာတစ်ကောင်နောက်သို့ ခြေတိုလေးများဖြင့် ပြေးလိုက်နေသည်။

လုချင်းသည် ကျောက်တုံးပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် အနီရောင်ပန်းပွင့်လေးများပါသော အပင်တစ်ပင်ကို ကိုင်ထားသည်။

ဤအချိန်တွင် အနီရောင်ပန်းပွင့်လေးများပါသော ထိုအပင်သည် မှိန်သောအလင်းဖြူကို ထုတ်လွှတ်နေပြီး စာသားနှစ်ကြောင်းမှာ သူ့အမြင်အာရုံ၌ ပေါ်လာသည်။

【နွားအရိုးမြက် - အရည်အသွေး ပျမ်းမျှ၊ ဆေးဖက်ဝင်အဖြစ် အသုံးပြုနိုင်သည်】

【အရိုးဒဏ်ရာများအတွက် အတော်လေးထိရောက်ပုံရပြီး ဒဏ်ရာရသောအခါ အသုံးဝင်နိုင်သည်】

အချိန်အနည်းငယ်ကြာပြီးနောက် လုချင်းသည် သူ့ရှေ့မှ စာသားများ၏ အဓိပ္ပာယ်ကို နားလည်သွားသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် သူသည် ကူးပြောင်းလာသောကြောင့် သဘာဝလွန်စွမ်းရည်တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

လက်ရှိတွင် ဤစွမ်းရည်၏ အဓိကဖော်ပြချက်မှာ သူသည် အရာဝတ္ထုတစ်ခုကို အချိန်အတိုင်းအတာတစ်ခုအထိ စိုက်ကြည့်နေသရွေ့ ထိုအရာဝတ္ထုသည် အလင်းထွက်ပေါ်လာပြီး ရိုးရှင်းသော စာသားဖော်ပြချက်ကို ပြသပေးသည်ပင်။

ထို့အပြင် သူ စိုက်ကြည့်နေသည့်အချိန် ပိုကြာလေလေ၊ သူရရှိမည့်အချက်အလက် ပိုများလေလေဖြစ်သည်။ သို့သော် ဤအချက်အလက်သည် အကန့်အသတ်ရှိသည့်ပုံပင် ၊ စံနှုန်းတစ်ခုအတိုင်း လိုက်နာပုံရသည်။

ဤစံနှုန်းသည် အရာဝတ္ထုပေါ်ရှိ အလင်းရောင်နှင့် ဆက်စပ်နေသည်ဟု လုချင်း ယာယီခန့်မှန်းလိုက်သည်။

မီးခိုးရောင်အလင်းရှိသော အရာဝတ္ထုများသည် သူ မည်မျှကြာကြာကြည့်သည်ဖြစ်စေ ဖော်ပြချက်တစ်ကြောင်းသာ ရှိသည်။

အလင်းဖြူရှိသော အရာဝတ္ထုများကတော့ ဖော်ပြချက်နှစ်ကြောင်းထက် ပိုသည်။

သူကိုင်ထားသည့် နွားအရိုးမြက်သည် ခြံဝင်းပတ်ဝန်းကျင်တွင် အလင်းဖြူ ထုတ်လွှတ်နေသည့် တစ်ခုတည်းသော အပင် ဖြစ်သည်။

ဒါက ဘာလဲ၊ ဂိမ်းအင်တာဖေ့စ်တစ်ခုလား။

လုချင်းသည် သူ့ဘဝတွင် ရံဖန်ရံခါ ကစားဖူးသော မြေပုံနှင့်တကွ စူးစမ်းလေ့လာရေးလုပ်ရသည့် ဂိမ်းအချို့ကို သတိရလိုက်သည်။

ထိုအကြောင်းကို စဉ်းစားရင်း သူသည် လက်ယပ်ခေါ်လိုက်သည်။ "ရှောင်ယန်၊ ဒီကို လာခဲ့ဦး"

"အစ်ကို၊ ဘာဖြစ်လို့လဲ"

မိန်းကလေးသည် စိတ်အားထက်သန်စွာ ပြေးလာသည်။

"အစ်ကိုက မင်းကို ကြည့်ချင်လို့"

လုချင်းသည် သူမ၏ခေါင်းပေါ်ရှိ ကပ်နေသော မြက်ခြောက်များကို ဖယ်ရှားပေးပြီးနောက် သူမ၏မျက်နှာကို အာရုံစိုက်ကာ စိုက်ကြည့်လိုက်သည်။

ခဏအကြာတွင် ရှောင်ယန်၏ကိုယ်ခန္ဓာမှ မှိန်ဖျော့သောအလင်းဖြူ ထွက်ပေါ်လာပြီး သူမ၏အပေါ်တွင် စာသားတစ်ကြောင်း ပေါ်လာသည်။

【လုရှောင်ယန် - လူသားကလေးတစ်ဦး၊ အမျိုးသမီး】

ဘယ်လိုဖော်ပြချက်ကြီးလဲ!

လုချင်းတစ်ယောက် အလိုမကျမှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

သို့သော် သူ ဆက်ကြည့်နေခဲ့သည်။

ခဏအကြာတွင်တော့ နောက်ထပ် စာသားတစ်ကြောင်း ပေါ်လာသည်။

【သနားစရာကောင်းသော လူသားကလေး၊ သူမသည် အာဟာရချို့တဲ့ပုံရသည်】

လုချင်း ခဏရပ်သွားပြီး မိန်းကလေး၏ ဝါကျင့်ကျင့်ဆံပင်များကို ဝမ်းနည်းမှုအနည်းငယ်ဖြင့် ကြည့်လိုက်သည်။

"အစ်ကို၊ ကြည့်လို့ ပြီးပြီလား"

ရှောင်ယန်သည် အပြစ်ကင်းစင်စွာ မော့ကြည့်လာသည်။

"အင်း ၊ ပြီးပြီ။ ရှောင်ယန်လေးက ကြီးလာရင် လှပတဲ့မိန်းမပျိုလေးတစ်ယောက် ဖြစ်လာလိမ့်မယ်"

ထိုသို့ပြောပြီးနောက် လုချင်းသည် မိန်းကလေး၏ခေါင်းကို ချစ်ခင်စွာ ပုတ်လိုက်၏။

ရှောင်ယန်လေးမှာလည်း ခေါင်းစောင်းလိုက်သည်။ "လှပတဲ့မိန်းမပျိုလေးဆိုတာ ဘာလဲဟင်"

"ဟားဟား၊ မင်း ကြီးလာရင် သိလိမ့်မယ်"

မိန်းကလေး၏ အပြစ်ကင်းစင်သော စကားများကို ကြားလိုက်ရသည့်အခါ လုချင်း၏ စိတ်အခြေအနေသည် သိသိသာသာပင် ကောင်းမွန်လာခဲ့သည်။

အနာဂတ်က ဘယ်လိုပဲရှိနေပါစေ၊ အခု အရေးကြီးဆုံးက သူ့အပေါ် မှီခိုနေတဲ့ ဒီမိန်းကလေးကို ကောင်းကောင်းဂရုစိုက်ဖို့ပဲပင်။

ဒါကလည်း မူလပိုင်ရှင် မသေဆုံးခင်မှာ ချန်ထားခဲ့တဲ့ အကြီးမားဆုံး ဆန္ဒဖြစ်ပါ၏။

ဤမရင်းနှီးတဲ့ကမ္ဘာမှာ ကောင်းကောင်းရှင်သန်နိုင်ဖို့ သူသည် ဒီအကြောင်းပြချက်မရှိတဲ့ သဘာဝလွန်စွမ်းရည်ကို အားကိုးရလိမ့်မည်ပင်။

ထိုအကြောင်းကိုစဉ်းစားရင်း လုချင်းသည် နွားအရိုးမြက်ကို ကောက်ယူပြီး ရှောင်ယန်၏ရှေ့တွင် ထားလိုက်သည်။

"ရှောင်ယန်၊ ဒီအပင်က ဘာလဲ၊ ဘာအတွက် အသုံးပြုလဲဆိုတာ မင်းသိလား"

ရှောင်ယန်သည် အပြာရောင်ပန်းပွင့်လေးများပါသော အပင်ကို ကြည့်လိုက်ပြီး ခဏမျှ နက်နက်နဲနဲ တွေးတောရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ခေါင်းခါလိုက်သည်။

"မသိဘူး၊ ဒါပေမယ့် အဘိုးကျန်းရဲ့ နွားကြီးကတော့ ဒီမြက်ကို စားရတာ ကြိုက်တဲ့ပုံပဲ"

ရှောင်ယန် မသိသည်ကို မြင်သောအခါ လုချင်း ရယ်လိုက်သည်။

သူက အရူးပဲ။

မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်မှာတောင် နွားအရိုးမြက်အကြောင်း အချက်အလက်မရှိတဲ့ကိစ္စ ၊ ဒီလိုကလေးလေးတစ်ယောက်က ဘယ်လိုလုပ်သိမှာလဲ။

သို့သော် ရှောင်ယန်၏ နောက်ဆက်တွဲစကားများက သူ့ကို အံ့အားသင့်စေသည်။

"အစ်ကို၊ ဒီမြက်က ဘာလဲဆိုတာ သိချင်ရင် အဘိုးချင်ကို မေးလို့ရတယ်။ အဘိုးချင်က ဒီပန်းတွေနဲ့ အပင်တွေကို အရမ်းချစ်တယ်တဲ့။ သူက ဒါတွေနဲ့ ဆေးခါးခါးတွေလုပ်ပြီး ညီမလေးတို့ကို သောက်ခိုင်းရတာလည်း ကြိုက်တယ်လေ။"

ထိုအခိုက်၌ ရှောင်ယန်၏မျက်နှာမှာ မနှစ်မြို့ဖွယ်ရာ တစ်ခုခုကို မှတ်မိသွားသလိုမျိုး တွန့်လိမ်သွားသည်။

အဘိုးချင်လား?

လုချင်းသည် ရွာသားများက လေးစားရသော ကြင်နာတတ်သည့် ပိန်သွယ်သော အဘိုးအိုတစ်ဦးကို သတိရလိုက်သည်။

အော်၊ သူက ရွာသားတွေ လေးစားရတဲ့ သမားတော်အိုကြီးပဲ။

ဟမ် သမားတော်လား?

လုချင်း၏စိတ်နှလုံးအစုံမှာ လှုပ်ရှားသွားသည်။

ဖော်ပြချက်အရ နွားအရိုးမြက်သည် ဆေးဖက်ဝင်အပင်တစ်ခုဖြစ်သည်မှာ သေချာသည်ပင်။ သမားတော်အိုကြီးက ၎င်းကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သိလား ၊ မသိဘူးဆိုတာ သူ သိချင်မိသွားသည်။

"ရှောင်ယန်၊ အစ်ကို ဖျားတုန်းကကော အဘိုးချင် လာခဲ့သေးလား"

"ဟုတ် လာခဲ့တယ်။ အစ်ကိုက အမြဲတမ်း အိပ်နေတာလေ။ ဘယ်လိုပဲခေါ်ခေါ် နိုးမလာဘူး။ ညီမလေးလည်း ကြောက်လို့ အမြဲငိုနေတာ။ နောက်တော့ အဘိုးချင် လာပြီး အစ်ကို့ကို ကြည့်သွားတယ်။ အဘိုးက ပြောတယ် ၊ အစ်ကိုက အအေးမိတာကြောင့် ဖျားနေတာတဲ့။ အဲ့တာနဲ့ ဆေးခါးခါးတွေတောင် လုပ်ပေးသွားတယ်။ အဲဒါ သောက်ပြီး နောက်နေ့မှာ အစ်ကို နိုးလာတာပဲ"

ရှောင်ယန်၏မျက်လုံးများက လေးစားမှုဖြင့် တောက်ပနေသည်။ "အဘိုးချင်က အံ့ဩဖို့ကောင်းတယ်။ အစ်ကိုက ဆေးခါးတစ်ခွက်သောက်ပြီးနောက်မှာပဲ သက်သာလာတယ်လေ"

လုချင်းတစ်ယောက် ငြိမ်သက်သွား၏။

အဘိုးချင် ပေးခဲ့သည့် ဆေးက ကောင်လေးရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့ဘူးဆိုတာကို သူတစ်ယောက်တည်းသာ သိသည်။

ဒါပေမယ့် အခု သူသတိရနေတာက သူ သတိလစ်နေသည့်ကာလအတွင်း တစ်ယောက်ယောက်က သူ့ပါးစပ်ထဲကို တစ်ခုခု လောင်းထည့်နေတာကို သူ မှုန်ဝါးဝါး ခံစားမိခဲ့ပါသည်။ ဒါက သူ့ရဲ့အေးစက်နေသည့် ခန္ဓာကိုယ်ကို နွေးထွေးမှုအနည်းငယ်ပေးခဲ့ပြီး သူ့နှလုံးကို ကာကွယ်ပေးခဲ့သည့်အပြင် အသိစိတ်ပေါင်းစည်းတဲ့ ခက်ခဲသည့်ကာလကို ကျော်လွှားနိုင်စေဖို့ကိုပါ ကူညီပေးခဲ့ပါ၏။

မဟုတ်ရင် သူ့ရဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်နဲ့ဆို သူ အလွယ်တကူ နိုးလာမှာတောင် မဟုတ်ဘူးလေ။

ဒါဆို ဒီသမားတော်အိုကြီးမှာ တကယ်ပဲ အစွမ်းအစရှိပြီး သူ့ကို ကူညီနိုင်ခဲ့တာပေါ့။

လုချင်း စဉ်းစားနေရင်း သူ့အပေါ် စိုက်ကြည့်နေသော အကြည့်တစ်ခုကို ခံစားမိလိုက်သည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ၌ ရှောင်ယန်က သူ့ကို စိုက်ကြည့်နေသည်ကို သူ တွေ့လိုက်ရ၏။

"ဘာဖြစ်လို့လဲ ရှောင်ယန်"

"အစ်ကို၊ ဗိုက်ဆာတယ်"

လုချင်းလည်း ဗိုက်ဆာလာသည်။

သူ အလုံအလောက် မစားခဲ့ရသေးပါချေ။ အစောပိုင်းက စားခဲ့သည့် မုန့်ပေါင်းတစ်ခြမ်းကလည်း စားပြီးတာ ကြာပြီဖြစ်သဖြင့် အစာပင်ကြေသွားခဲ့ပြီဖြစ်သည်။

ဒါပေမယ့် အစောပိုင်းက သူစစ်ဆေးကြည့်ခဲ့ပြီးနောက်၌ သိလိုက်ရတာကတော့ အိမ်ထဲမှာ အစားအသောက် ဘာမှမကျန်တော့ပါချေ။

ဆန်အိုးဆိုလျှင် ကြွက်တောင် လာလည်မှာ မဟုတ်လောက်အောင်ထိ သန့်ရှင်းနေသည်။ အဘိုးကျန်း၏ အကူအညီသာ မရှိခဲ့လျဖျင် ရှောင်ယန်ဟာ သူ သတိလစ်နေတဲ့ နှစ်ရက်အတွင်း အငတ်ဘေးနှင့် သေဆုံးသွားမှာ သေချာပါသည်။

ထိုအကြောင်းကို စဉ်းစားရင်း လုချင်းသည် အဘိုးကျန်းနှင့် အဘိုးချင်ကို ကျေးဇူးတင်ရန် လိုအပ်ကြောင်း သဘောပေါက်လိုက်သည်။ သူတို့ရဲ့ဂရုစိုက်မှုသာ မရှိခဲ့ရင် သူတို့မောင်နှမနှစ်ယောက်လာ့း ရှင်သန်နိုင်မှာ မဟုတ်တော့။

ဒါပေမယ့် အခု မိသားစုက အရမ်းဆင်းရဲနေပြီး ကျေးဇူးဆပ်ဖို့တောင် ဘာမှမရှိသေးပါချေ။

ပထမဆုံးအနေနဲ့ အစားအသောက်ရှာဖို့ လိုအပ်တယ်။ ကျေးဇူးတင်တာကို နောက်မှ လုပ်လို့ရတယ်။

ဒါပေမယ့် အစားအသောက်ကို ဘယ်မှာရှာရမလဲ။

မိဘများကို သင်္ဂြိုဟ်ဖို့အတွက် မိသားစုပိုင် လယ်ကွက်အများစုကို မူလပိုင်ရှင်က ရောင်းလိုက်ပြီပင်။

ကျန်ရှိနေသည့် လယ်ကွက်အချို့ကလည်း လျစ်လျူရှုခံထားရခြင်းကြောင့် ဘာအသီးအနှံကိုမှ မရနိုင်ပေ။

ထို့ကြောင့် လယ်ကွက်တွေကို အားကိုးပြီး စားသောက်ဖို့ဆိုတာ မဖြစ်နိုင်တော့။

ခဏစဉ်းစားပြီးနောက် လုချင်းသည် မူလပိုင်ရှင်၏မိဘများ နေထိုင်ခဲ့သည့် အခန်းထဲသို့ ဝင်ကာ ခဏလောက် ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် သံအပ်တစ်ချောင်းနှင့် လျှော်ပင်မျှင်အချို့ကို သေတ္တာငယ်လေးတစ်ခုထဲတွင် တွေ့လိုက်သည်။

ထိုသံအပ်သည် သူ့ဘဝတွင် မြင်ဖူးသည့် ပန်းထိုးအပ်များထက် ပိုထူပြီး အတော်လေး ခိုင်ခံ့သည်။

လုချင်းသည် အပ်ကိုယူကာ တူတစ်စုံဖြင့် ချိတ်ပုံစံကွေးလိုက်၏။ ထို့နောက် လျှော်ပင်မျှင်များစွာကို အတူတူရစ်ပတ်ပြီး အနည်းငယ်ပိုထူပြီး ခိုင်ခံ့သော ကြိုးတစ်ခု ပြုလုပ်လိုက်ကာ ချိတ်တွင် တင်းတင်းကြပ်ကြပ် ချည်လိုက်သည်။

ပြီးနောက်တွင်တော့ အိမ်နောက်ဘက်ရှိ ဝါးရုံတောမှ ပျော့ပြောင်းသော ဝါးတစ်လုံးကို ဖြတ်ပြီး ကြိုး၏အခြားတစ်ဖက်ကို ၎င်းတွင် ချည်လိုက်သည်။

နောက်ဆုံးတွင် ချိတ်အထက်ရှိ ကြိုး၌ သစ်သားခြောက်တစ်ခုကို ချည်လိုက်သည်။

ထိုသို့ဖြင့် ရိုးရှင်းသော ငါးမျှားတံတစ်ခုကို လုချင်းတစ်ယောက် ပြုလုပ်ပြီးစီးခဲ့လေ၏။

All Chapters