← Chapters

ငါးမျှားချင်ခြင်း

Vol. 1 Ch. 3

ငါးမျှားချင်ခြင်း

Vol. 1 Ch. 3

"အစ်ကို၊ ဒါ ဘာလဲ"

ရှောင်ယန်သည် လုချင်း အလုပ်များနေသည်ကို စိတ်ရှည်စွာ ထိုင်ကြည့်နေသည်။ နောက်ဆုံးတွင် သူ ငါးမျှားတံလုပ်ပြီးသောအခါ၌ သူမ၏သိချင်စိတ်က အနိုင်ယူသွားလေ၏။

"ဒါကို ငါးမျှားတံလို့ ခေါ်တယ်၊ ငါးမျှားဖို့ သုံးတာလေ။ ဒီနေ့ ငါတို့ စားရမလားဆိုတာ ဒီအပေါ်မှာပဲ မူတည်တယ်" လုချင်းသည် ဝါးတံကို ဝှေ့ယမ်းရင်းနှင့် ၎င်း၏ခံစားမှုကို စမ်းသပ်ကြည့်လိုက်သည်။ သူ ကျေနပ်ပုံရသည်။

သူ၏အရင်ဘဝတွင် သူသည် ငါးမျှားဝါသနာပါသူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ငါးမျှားတံလေးများ ပြုလုပ်ရသည်ကို နှစ်သက်ခဲ့သည်။ ဤစွမ်းရည်က ဒီနေရာတွင် အသုံးဝင်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ရှောင်ယန်၏မျက်လုံးများ ချက်ချင်းပင် တောက်ပလာသည်။ "အစ်ကို ငါးဖမ်းလို့ရတာလား"

"ဖမ်းလို့ရမလားဆိုတာတော့ ဆက်စောင့်ကြည့်ကြတာပေါ့။ ခုတော့ အရင် စမ်းကြည့်ရအောင်။ ငါးဖမ်းလို့ရရင် ငါးဟင်းချိုသောက်လို့ရပြီ"

"ငါးဟင်းချို..." ရှောင်ယန်သည် စိတ်ကူးယဉ်ထဲတွင် ပျောက်ဆုံးသွားပြီး သူမ၏ပါးစပ်ထောင့်မှ တံတွေးများပင် ကျဆင်းလာသည်။

"အစ်ကို၊ မြန်မြန်သွားပြီး ငါးမျှားရအောင်!"

မိန်းကလေးသည် အနည်းငယ်ပင် စိတ်မရှည်တော့ပေ။

သူမ နောက်ဆုံး ငါးစားခဲ့ရတာက လွန်ခဲ့သည့် အချိန်အကြာကြီးက နှစ်သစ်ကူးအချိန်မှာ သူမတို့အဖေ ဈေးကနေ ငါးအကြီးကြီးတစ်ကောင် ဝယ်လာခဲ့တုန်းက ဖြစ်သည်။ သူမ၏မှတ်ဉာဏ်ထဲတွင် ငါးများသည် မယုံနိုင်လောက်အောင် အရသာရှိလှသည်ပင်။

"စိတ်မစောနဲ့ဦး။ ငါတို့ ငါးစားအတွက် ပြင်ဆင်ဖို့ လိုသေးတယ်"

ငါးစာရှာဖွေခြင်းက မခက်ခဲပေ။ လုချင်းသည် ခြံဝင်း၏ထောင့်တစ်နေရာ၌ အေးမြပြီး အာဟာရပြည့်ဝသော မြေဆီလွှာထဲသို့ တူးဆွလိုက်ရာ သူလိုအပ်သည့်အရာကို ချက်ချင်းပင် တွေ့ရှိလိုက်သည်။

【ပိုးနီ - မြေဆီလွှာကို ပွစေရန် အလွန်ကောင်းမွန်သည်၊ ဆေးဖက်ဝင်ဂုဏ်သတ္တိများလည်း ရှိပုံရသည်】

ပိုးကောင်များအကြောင်း ပေါ်လာသော အချက်အလက်ကို လျစ်လျူရှုလိုက်ပြီး လုချင်းသည် ၎င်းတို့ကို ဝါးပြွန်တစ်ခုထဲသို့ ထည့်လိုက်သည်။ သူသည် ဆေးပညာကို နားမလည်သောကြောင့် ၎င်းတို့ကို ဆေးအဖြစ် အသုံးပြုရန် စိတ်မဝင်စားပေ။

ထို့နောက်၌ ဝါးပြွန်ကို လေဝင်လေထွက်ပေါက်လေးတစ်ခုသာ ချန်ပြီး ပိတ်လိုက်သည်။ ပြီးနောက်တွင်တော့ လုချင်းသည် ငါးမျှားတံကို ပခုံးပေါ်တင်ကာ သစ်သားပုံးအိုကြီးတစ်ခုကို ဆွဲယူလိုက်ပြီး မောင်နှမနှစ်ဦးလုံး တက်ကြွစွာဖြင့် ထွက်ခွာခဲ့ကြသည်။

သူတို့သည် သူတို့၏ခြံဝင်းမှ အဝေးကြီး မလျှောက်ရသေးခင်တွင် အမျိုးသမီးတစ်ဦးက သူတို့ကို လှမ်းခေါ်လိုက်သည်။

"လုချင်း၊ သက်သာသွားပြီလား? လမ်းတောင်လျှောက်နိုင်နေပြီလား"

အမျိုးသမီးသည် အဝတ်ခြင်းတစ်ခုကို ကိုင်ထားပြီး အဝတ်လျှော်ရာမှ ပြန်လာပုံရသည်။ သူမ၏လေသံမှာ အံ့အားသင့်မှုအပြည့်နှင့် ပြည့်နေသည်။

လုမိသားစုက ကောင်လေးက အရမ်းအဖျားကြီးနေတာကြောင့် အသက်ရှင်ဖို့ကိုတောင် မနည်းရုန်းကန်နေရတာမဟုတ်ဘူးလား။ သမားတော်ချင်ကတောင် ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်လို့ ပြောခဲ့တာ မဟုတ်လား။

ဘယ်လိုလုပ် တစ်ရက်တည်းနဲ့ ပြန်နလန်ထူပြီး တက်တက်ကြွကြွနဲ့ အပြင်ထွက်လာနိုင်ရတာလဲ။

မနေ့ညကပဲ ရွာသားတွေဟာ သူ့ကို သင်္ဂြိုဟ်ဖို့ ဘယ်တော့ ပြင်ဆင်ရမလဲဆိုတာ ဆွေးနွေးနေခဲ့ကြတာပင်။

"ဟုတ်ကဲ့၊ ဒေါ်လေးဝမ်။ နှစ်ရက်လောက် အိပ်ပြီးတော့ ကျွန်တော့်အခြေအနေက တဖြည်းဖြည်း သက်သာလာလို့ ဒီမနက်ကျ အိပ်ယာကတောင် ထနိုင်သွားလို့လေ။" လုချင်းသည် မူလပိုင်ရှင်၏ လေသံကို အတုယူပြီး ပြန်ဖြေလိုက်သည်။

ကံကောင်းစွာပင် မူလပိုင်ရှင်သည် အနည်းငယ် တည်ငြိမ်ပြီး ခပ်အေးအေးနေတတ်သဖြင့် အတုယူရန် မခက်ခဲပေ။

"အစ်ကိုက အဘိုးချင်ရဲ့ဆေးကို သောက်လိုက်ပြီး ရုတ်တရက် သက်သာသွားတာလေ။" ရှောင်ယန်က ဖြတ်ပြောလိုက်သည်။

ဒေါ်လေးဝမ်သည်လည်း လုချင်း၏ အမူအရာပြောင်းလဲမှုကို သိပ်အာရုံမစိုက်မိဘဲ သူ တကယ်သက်သာလာသည်ကို မြင်သောအခါ ပြုံးလိုက်သည်။

"ဒါဆို ကောင်းတာပေါ့၊ ကောင်းတာပေါ့" သူမသည် စိတ်သက်သာရာရစွာ အကြိမ်ကြိမ် ပြောလိုက်သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း သက်ကြီးရွာသားအချို့သည် လုချင်းကို လာရောက်ကြည့်ရှုခဲ့ကြပြီး သူသည် ဤဒုက္ခမှ ရှင်သန်နိုင်မည်မဟုတ်ဟု ကောက်ချက်ချခဲ့ကြသည်။ သူတို့မှာ လုချင်း သေဆုံးသွားလျှင် ရှောင်ယန်ကို မည်သူက စောင့်ရှောက်မည်ကိုပင် ဆွေးနွေးခဲ့ကြပြီးပြီပင်။ သဘောတူညီချက်မှာ ရွာမှ မိသားစုတစ်စုက ရှောင်ယန်ကို မွေးစားမည်ဖြစ်ပြီး ကျန်သူများက သူမ၏ စားစရိတ်အတွက် အလှူငွေအချို့ ထည့်ဝင်ကြမည်ဖြစ်သည်။

ထိုအချိန်၌ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ဒေါ်လေးဝမ်၏ခင်ပွန်းသည် ပြန်လာခဲ့သည်ဖြစ်ရာ သူသည် ရှောင်ယန်၏ ကွယ်လွန်သွားပြီဖြစ်သော ဖခင်အား အငတ်ဘေးကို တူတူကျော်ဖြတ်ရစဥ်က အကြွေးတင်ခဲ့သည်ဟုဆိုကာ ရှောင်ယန်ကို မွေးစားလိုသည်ဟု ပြောဆိုခဲ့သည်။

ဒေါ်လေးဝမ်သည် အပိုပါးစပ်တစ်ပေါက်ကို ထပ်၍ ကျွေးမွေးရမည်ကို သဘာဝအတိုင်း စိတ်မသက်မသာဖြစ်သော်လည်း သူမ၏ခင်ပွန်းကို ပွင့်ပွင့်လင်းလင်း မဆန့်ကျင်ရဲပေ။ ထို့ကြောင့် သူမသည် လုချင်း သက်သာလာရန်သာ မျှော်လင့်နိုင်ခဲ့သည်။

အခု လုချင်း တကယ်သက်သာလာသည်ကို မြင်လိုက်ရသောအခါ၌ သူမ အမှန်တကယ် ပျော်ရွှင်မိသည်။

"လုချင်း၊ မင်း အခုကစပြီး ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်။ ရှောင်ယန်မှာ မင်းတစ်ယောက်တည်းပဲ ရှိတာ။ မင်း တစ်ခုခုဖြစ်သွားရင် သူ ဘယ်လိုလုပ်မလဲ" ဟု ဒေါ်လေးဝမ်သည် စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

လုချင်း အနည်းငယ် အံ့အားသင့်သွားသည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များတွင် ဒေါ်လေးဝမ်သည် ဒီလောက် စိတ်ကောင်းနှလုံးကောင်းရှိပုံမရချေ။ သို့သော် သူသည် ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။ "ကျွန်တော် နားလည်ပါတယ်။ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါ်လေးဝမ်။ ကျွန်တော် ရှောင်ယန်ကို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်"

"ကောင်းတယ် ကောင်လေး" ဒေါ်လေးဝမ်က ကျေနပ်စွာ ပြောလိုက်သည်။ လုချင်း အသက်ရှင်နေသရွေ့ သူမ၏ခင်ပွန်းသည်လည်း ရှောင်ယန်ကို မွေးစားရန် အတင်းအကျပ် ပြောလောက်တော့မည်မဟုတ်တာကြောင့် သူမ၏ဝန်ထုပ်ဝန်ပိုးကိုလည်း သက်သာစေမည်ဖြစ်သည်။

ပိုမိုကောင်းမွန်သော စိတ်အခြေအနေဖြင့် ဒေါ်လေးဝမ်သည် မောင်နှမနှစ်ဦး၏လက်ထဲရှိ ပစ္စည်းများကို သတိပြုမိလိုက်၏။

"အဲ့ဒီသစ်သားပုံးနဲ့ ဝါးတံက ဘာလဲ။ အဲ့ဒါနဲ့ မင်းတို့ ဘာလုပ်ကြမလို့လဲ" သူမ မေးလိုက်သည်။

"အစ်ကိုနဲ့ သမီးက ငါးမျှားဖို့ သွားနေတာလေ!" ရှောင်ယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ငါးမျှားတာ?" ဒေါ်လေးဝမ် စိတ်ရှုပ်ထွေးသွားသည်။

ဒဝါးတံနဲ့ သစ်သားပုံးအိုကြီးနဲ့ဆို ဘာကို ဖမ်းလို့ရမှာလဲ။

လုမိသားစု၏ လက်ရှိအခြေအနေကို သတိရလိုက်သောအခါ သူမ ချက်ချင်း နားလည်သွားသည်။ မောင်နှမနှစ်ဦးသည် အစာအတွက် ငါးမျှားရန် လိုအပ်နေပုံရသည်။

"မင်းတို့ ဗိုက်ဆာနေမှာပဲ။ ငါ့အိမ်ကို လာခဲ့ကြလေ။ ငါ့မှာ အစားအသောက် ရှိတယ်။ လုချင်း၊ မင်း အခုမှ သက်သာလာတာ။ မြစ်ဘေးကိုသွားပြီး နောက်တစ်ခါ ထပ်ဖျားအောင် မလုပ်နဲ့လေ" ဒေါ်လေးဝမ်သည် လျင်မြန်စွာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ဒေါ်လေးဝမ်။ ကျွန်တော်တို့ မြစ်ထဲကို မဆင်းပါဘူး။ ကမ်းနားကနေပဲ ငါးမျှားမှာပါ" လုချင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမကို ပြောလိုက်၏။

အလကားစားရခြင်းသည် ကောင်းသော်လည်း မောင်နှမနှစ်ဦးသည် ရွာ၏ကူညီမှုကို အမြဲတမ်း အားကိုးလို့မရပေ။ နောက်ဆုံးတွင် အကြင်နာဆုံးလူများပင် ပေးကမ်းရသည်ကို ငြီးငွေ့လာလိမ့်မည်။

"ငါးမျှားတာ? လုချင်း၊ မင်း ငါးမျှားတတ်တာလား" ဒေါ်လေးဝမ်က အံ့အားသင့်စွာဖြငိ့ မေးလာ၏။

သူမသည် ငါးမျှားခြင်းဆိုတာ ဘာလဲဆိုသည်ကို သိသော်လည်း ရွာထဲတွင် ငါးမျှားရာတွင် ကျွမ်းကျင်သူ တစ်ယောက်မှ မရှိသည်ကိုတော့ မှတ်မိပါသည်။

လုချင်း တကယ်ကော လုပ်တတ်ပါ့မလား။

"နည်းနည်းပါးပါးပါ။ ကျွန်တော့်အဖေ ပြောပြဖူးတော့ စမ်းကြည့်ချင်လို့ပါ" လုချင်းလည်း ပြန်ဖြေလိုက်သည်။

ထိုအခါ ဒေါ်လေးဝမ်သည် လုချင်း၏ဖခင်မှာ စာတတ်သူတစ်ဦးဖြစ်ပြီး မကြာခဏ ခရီးသွားတတ်သူဖြစ်သောကြောင့် ရွာသားများထက် ပိုသိနိုင်မည်ကို သတိရလိုက်သည်။

သို့သော် သူမသည် စိတ်ပူနေဆဲဖြစ်သည်။ "အရေးမကြီးပါဘူး။ မင်း အခုမှ သက်သာလာတာဆိုတော့ ပိုနားသင့်တယ်။ ငါးမျှားတာ မလွယ်ဘူး။ မြစ်ဘေးမှာ အချိန်ကြာကြာနေရင် မင်း ပြန်ဖျားနိုင်တယ်နော်။"

လုချင်း ထပ်မံဖျားနာပါက သူ့ခန္ဓာကိုယ်မှာလည်း အသက်ရှင်နိုင်မည်မဟုတ်ပေ။

သူမ၏စိုးရိမ်ပူပန်မှုကြောင့် လုချင်းသည် သူမကို စိတ်အေးအောင် ပြောလိုက်၏။ "စိတ်မပူပါနဲ့ ဒေါ်လေးဝမ်။ ကျွန်တော် သတိထားပါ့မယ်။ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်မလုပ်ပါဘူး"

နောက်ထပ် အနည်းငယ် ပြောပြီးနောက်၌ ဒေါ်လေးဝမ်သည် သူတို့ကို မကျေမချမ်းနှင့် ထွက်သွားခွင့်ပြုလိုက်ပြီး မြစ်ထဲသို့ မဆင်းရန် ထပ်မံသတိပေးလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ မြစ်ထဲကို မဆင်းပါဘူး။ ဒေါ်လေးဝမ်၊ ကျွန်တော်တို့ သွားတော့မယ်နော်"

ဒေါ်လေးဝမ်သည် မောင်နှမနှစ်ဦး ရွာအစွန်ဘက်သို့ ဦးတည်သွားသည်ကို ကြည့်နေရင်း ရုတ်တရက် တစ်ခုခုကို သတိရသွား၏။

"ငါ့အိမ်က ခေါင်းမာတဲ့လူကို လုချင်း သက်သာသွားပြီလို့ သွားပြောရဉီးမယ်။ ပြီးတော့ ရှောင်ယန်ကို မွေးစားဖို့ စဉ်းစားနေတာကို ရပ်လိုက်တော့လို့ ပြောရမယ်"

အလျင်အမြန် အိမ်သို့ ပြန်သွားရင်း ဒေါ်လေးဝမ်သည် လုချင်းနှင့် ရှောင်ယန်တို့ကို သူတို့၏ခရီးကို ဆက်လက်သွားစေသည်။ မောင်နှမနှစ်ယောက်မှာ လမ်းတစ်လျှောက်တွင် ရွာသားအချို့နှင့် တွေ့ဆုံကြသည်။

လူတိုင်းသည် လုချင်း နလန်ထူလာသည်ကို မြင်သောအခါ၌ အံ့အားသင့်သွားကြပြီး သူ ဘယ်လိုသက်သာလာသလဲဟု မေးကြသည်။

အကြိမ်တိုင်းတွင် ရှောင်ယန်သည် အဘိုးချင်၏ဆေးက သူမ၏အစ်ကိုကို သက်သာစေသည်ဟု ပျော်ရွှင်စွာ ရှင်းပြခဲ့ရာ သမားတော်အိုကြီး၏ ထူးခြားသောစွမ်းရည်များအတွက် ပိုမိုလေးစားခြင်းကို ရရှိစေခဲ့သည်။

ပထမဆုံးအံ့ဩမှုပြီးနောက် ရွာသားများသည် လုမိသားစု၏မျိုးဆက် ဆက်ရှင်သန်နိုင်သည်ကို သိရှိရသဖြင့် ဝမ်းသာပျော်ရွှင်ကြသည်။

လုချင်း ငါးမျှားရန် သွားနေသည်ကို ကြားသောအခါ၌ သူတို့အားလုံးသည် သူ့အား အခုမှ သက်သာလာတာကို ရေအေးထဲသို့ မဝင်သင့်ကြောင်း အကြံပေးကြသည်။

လုချင်းသည်လည်း သူ မြစ်ထဲသို့ မဆင်းပါဘူး ဟု ထပ်ခါတလဲလဲ အာမခံပြီးမှသာ ရွာသားများမှာလည်း သူတို့မောင်နှမနှစ်ယောက်အား မကျေမချမ်းနှင့် ထွက်သွားခွင့်ပြုကြသည်။

ငါးမျှားခြင်းအကြောင်း ပြောသည်ကို သူတို့ သိပ်စိတ်မဝင်စားပေ။ လူများစွာသည် ကိုယ်တိုင်စမ်းကြည့်ဖူးသော်လည်း အလွန်ခက်ခဲသည်ကို တွေ့ရှိခဲ့ကြလေသည်။ နာရီပေါင်းများစွာ အချိန်ကုန်ခဲ့တာတောင်မှ ငါးသေးသေးလေးအချို့သာ ရခဲ့ပါ၏။

တစ်ခါတစ်ရံ ငါးကြီးတစ်ကောင် ဖမ်းမိသည်ဖြစ်စေ လယ်ယာလုပ်ချိန်အား ဆုံးရှုံးလိုက်ရခြင်းကြောင့် မတန်ပေ။

လုချင်းကဲ့သို့ လယ်ကွက်မရှိ၊ အစားအသောက်လည်း မရှိသူအတွက် ငါးမျှားခြင်းသည် အရေးပေါ်အခြေအနေတစ်ရပ်ပင် ဖြစ်သည်။

သူ၏အခြေအနေကို သိရှိသောကြောင့် သူတို့သည် သတိပေးစကားအချို့ ပြောပြီးနောက် မောင်နှမနှစ်ယောက်အား ထွက်ခွာခွင့်ပြုလိုက်ကြ၏။

သို့သော် ကလေးငယ်အနည်းငယ်ကတော့ လုချင်း၏အစီအစဉ်ကို စိတ်ဝင်စားကာ သူ ငါးဘယ်လိုမျှားမလဲဆိုတာကို သိချင်စိတ်ပြင်းပြစွာဖြင့် မောင်နှမနှစ်ဦးနောက်သို့ လိုက်လာကြသည်။

All Chapters